
- By CNI
- Category: စီးပွားရေး
- Hits: 3794
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉
မလေးရှားတွင် နိုင်ငံခြားသား အလုပ်သမားအသစ် ခေါ်ယူရန်ရှိသည့်အတွက် တရားမဝင် အထောက်အထားမဲ့ များအား ရှင်းထုတ်နေခြင်း ဖြစ်နိုင်သည်ဟု မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြော သည်။
ပြီးခဲ့သည့်ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲတွင် မလေးရှားပြည်ထဲရေးဝန်ကြီးသည် နိုင်ငံ ၁၅ နိုင်ငံမှ နိုင်ငံခြား သား အလုပ်သမား ၆ သိန်းခန့် ခေါ်ယူမည်ဟု ပြောဆိုပြီးနောက် တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးမှု ပိုမိုများပြားလာသည့်အတွက် ယခုကဲ့သို့ သုံးသပ်ကြခြင်းဖြစ်ကြောင်း မလေးရှား၌ မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သတင်းထောက်တစ်ယောက်က ထမေးတာ မလေးရှားမှာရှိတဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမား တွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ သူပြောလိုက်တဲ့ တစ်ခွန်းတော့ရှိတယ်။ အဲဒီထဲမှာ သူဘာပြောလဲ ဆိုတော့ အခုငါတို့ရဲ့ သတင်းစာရှင်းလင်းပွဲက တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေအတွက် လုံးဝ မပါဘူး ပေါ့နော်။ ဆိုလိုတဲ့ သဘောကတော့ လောလောဆယ် လက်ရှိ တရားမဝင် အလုပ်သမားတွေအတွက် ဘာမှ စဉ်းစားထားတာ မရှိသေးဘူး။ အဲဒီအတွက် ဘာမှ ထုတ်ပြန် ကြေညာထားခြင်းလည်း မရှိဘူး။ ဥပမာ ပါမစ်ချပေး ဖို့၊ တရားမဝင်တွေကို တရားဝင် လုပ်ပေးဖို့ဆိုတာ သူတို့မှာ ဘာမှ Plan မရှိသေးဘူး။ အဲဒီတော့ ကျနော့်အမြင်မှာ ပြောရမယ် ဆိုရင်တော့ လူသစ်တွေပဲ သူတို့ ထပ်ခေါ်မယ်ဆိုရင် လက်ရှိ မလေးရှားနိုင်ငံ အတွင်းမှာရှိတဲ့ တရား မဝင် နိုင်ငံခြားသား အလုပ်သမားတွေကို သူတို့ ရှင်းထုတ်ဖို့ပဲ ရှိတယ်။ အဲဒီအတွက်ကို အခုသူတို့ ပိုမိုပြီးတော့ ဖမ်းဆီးနေတာကို တွေ့မြင်ရတာပေါ့နော်။ အရင်က ထက်တောင်မှ ပိုဆိုးနေတယ်။ အဲဒါကြောင့်မို့လို့ လူသစ်တွေ ထပ်ခေါ်ဖို့အတွက် လူဟောင်းတွေကို ရှင်းထုတ်လိုက်တဲ့ အနေအထားမျိုးလို့ပဲ ကျနော် ထင်တာပေါ့လေ” ဟု ပြော သည်။
မလေးရှားအာဏာပိုင်များက တရားမဝင် အလုပ်သမားများကို စိစစ်နေစဉ်
ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့ တစ်ရက်တည်းတွင် မလေးရှား၌ မြန်မာအပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား တစ်ထောင်ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုင်ငံခြားသား အလုပ်သမားအသစ် ခေါ်ယူရန်အတွက် ယခုကဲ့သို့ မြန်မာ အပါအဝင် တရားမဝင် အထောက် အထားမဲ့ နိုင်ငံခြားသားများအား ဖမ်းဆီး၍ ရှင်းထုတ်ခြင်းမှာ မှန်ကန်ပါက အဖမ်းအဆီးများ ယခုထက် ပိုမို များပြား လာဦးမည်ဖြစ်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက သုံးသပ်သည်။
မလေးရှားနိုင်ငံတွင် ယခုရက်ပိုင်း အဖမ်းအဆီးများသည် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်များတွင် သာမက နိုင်ငံခြားသား အများစုနေထိုင်ကြသည့် ဒေသမှ နေအိမ်များတွင်ပါ လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ထိုသို့ ဖမ်းဆီးရာတွင်လည်း နေရာတစ်ခုအား တစ်ရက်တည်း၌ တစ်ခါထက်မနည်း ဝင်ရောက် စစ်ဆေးဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တရားမဝင် အထောက်အထားမဲ့များနှင့် ဒုက္ခသည် တိုင်းရင်းသားများအနေဖြင့် အထူးသတိထားကြရန် ရခိုင်ဒုက္ခသည်များဗဟို (Center for Arakan Refugees) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာ နသို့ ပြောသည်။
မလေးရှားအာဏာပိုင်များက တရားမဝင် အလုပ်သမားများကို ဖမ်းဆီးဖို့ ရှာဖွေနေစဉ်
၎င်းက “စားသတိ၊ သွားသတိ၊ လာသတိ၊ နေသတိပေါ့နော်။ နောက်တစ်ခါ မူးယစ်ပြီးတို့ ခိုက်ရန်ဖြစ်ပွားတာတို့၊ ကိုယ်က တရားဝင်နေထိုင်တာ မဟုတ်တော့ ဒါတွေကို ဆင်ခြင်ဖို့လိုတယ်။ နှိမ့်ချပြီးတော့ အသံမထွက်အောင် နေဖို့ လိုတာပေါ့နော်။ နောက် အတတ်နိုင်ဆုံးကတော့ ဒေသခံတွေကို ရိုးသားဖို့လိုတယ်။ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လေးစား အသိအမှတ်ပြုဖို့လိုတယ်။ အချင်းချင်း ဆက်ဆံပြောဆိုပြီးတော့ သတိပေး ထိန်းကွပ် ဖို့တော့ လိုတယ်။ ဘာလို့ဆို သိန်းနဲ့ချီ ရှိနေတဲ့ဟာကြတော့။ အထူးသဖြင့် ဒေသခံတွေရဲ့ စိတ်ထဲမှာ ငြိုငြင်လာရင် တော့ အာဏာပိုင်တွေ မလွှဲမရှောင်သာ လုပ်ဆောင်ရတဲ့ အပိုင်းတွေရှိတာပေါ့။ အဲဒါလေးကို ၄၊ ၅၊ ၆ လပေါ့နော်။ ဘယ်လို အခြေအနေ ဖြစ်လာမယ် မသိခင် ဆက်ကြားမှာ အကုန်လုံးက အလုံးစုံပိုင်းပေါ့။ ဆိတ်ဆိတ် ငြိမ်ငြိမ်လေး နဲ့ နှိမ့်ချပြီးတော့ နေတာ အကောင်းဆုံးပဲ” ဟု ပြောသည်။
မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးသည် နိုင်ငံ ၁၅ နိုင်ငံမှ နိုင်ငံခြားသား အလုပ်သမားများကို ခေါ်ယူမည် ဆိုသော်လည်း မည်သည့်နိုင်ငံမှ ခေါ်ယူမည်ဆိုသည်ကိုတော့ အတိအကျ မပြောကြားခဲ့သဖြင့် မလေးရှားသို့ လာရောက် အလုပ်လုပ်ကိုင်ချင်သည့် မြန်မာများအနေဖြင့် လူအလိမ် မခံရစေရန် သတိပြုသင့်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက ပြောသည်။
မလေးရှားသို့ လာရောက် အလုပ်လုပ်ကိုင်မည့် သူများနှင့် မလေးရှားရှိ မြန်မာများအနေဖြင့် ၎င်းတို့နိုင်ငံမှ သတင်းများအား အမြဲမပြတ် ဖတ်ရှုလေ့လာပြီး ဂရုတစိုက်ရှိသင့်ကြောင်းလည်း ၎င်းတို့က အကြံပြုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1248
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉
မြန်မာ့ကြက်သွန်နီများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရန်အတွက် ဝယ်ယူမှုများ ယခုရက်ပိုင်းအတွင်း ပိုမို များပြားလာနေကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။
ယခုကဲ့သို့ ဝယ်ယူမှု များပြားလာခြင်းသည် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ်ရှိ နယ်စပ် ကုန် သွယ်ရေးဂိတ်များကို ဖွင့်လှစ်ခြင်း အပြင် ထိုင်းနိုင်ငံနှင့် အဓိကကုန်သွယ်နေသည့် မြဝတီ - ကော့ကရိတ် လမ်းကြောင်းတွင် ကုန်ကားများ ပြန်လည်သွားလာနိုင်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ပခုက္ကူမြို့ကုန်သည်ပွဲစားများ အသင်းမှ ကြက်သွန်ကုန်သည် ဦးလှသောင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကြက်သွန်က တရုတ်လိုင်း ဖွင့်တယ်။ မြဝတီကလည်း ဖွင့်တော့မှာလို့ ပြောတော့ ကြိုစုနေကြတာပေါ့။ ဟိုက မှာတဲ့အချိန် ကိုယ်က အဆင်သင့်ဖြစ်အောင်လို့ ဆိုပြီးတော့။ တရုတ်ကလည်း လိုချင်ပုံရတယ် တရုတ်လိုင်း ကလည်း ဖွင့်တော့လေ။ တရုတ်သမားတွေပါ နည်းနည်းလေး ဟိုဟာ (အဝယ်လိုက်) ဖြစ်လာတယ်။ တရုတ်လိုင်း က ဖွင့်လိုက်တော့ အဲဒါအတွက်ပါ မျှော်ကိုးပြီး ဝယ်ကြသလား မသိပါဘူး” ဟု ပြောသည်။
ကြက်သွန်နီများ အိတ်ထဲထည့်နေကြစဉ်
လက်ရှိ ကြက်သွန်ဈေးကွက်တွင် ရောင်းလိုအားထက် ဝယ်လိုအား များပြားနေခြင်းကြောင့် ကြက်သွန်များသည် လက်ရှိ ဈေးနှုန်းတွင်သာ တည်ငြိမ်နေနိုင်ကြောင်း ကြက်သွန်ပွဲရုံများထံမှ သိရသည်။
ထို့အပြင် ပြည်ပဈေးကွက်ကို မျှော်ကိုးနေမှုများ ရှိသည့်အတွက် ကြက်သွန်ဈေးနှုန်းသည် တစ်ပိဿာ ၂၀၀၀ ကျပ် တွင် ဆက်လက် ရှိနေနိုင်ကြောင်း ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
၎င်းက “၂၀၀၀ နား ပတ်ချာလည်တော့ နေလင့်အုံးမယ်နဲ့ တူတယ်။ ဒီကနေ့ ပြတ်တာတွေတောင်မှ ဦးဆီကို ၂၂၀၀။ ၂၁၀၀၊ ၂၁၅၀ ဦးပွဲရုံ ပြတ်တာတွေဆိုရင် အဲလိုတွေ။ ၂၀၀၀ နား ပတ်ချာလည်တော့ နေအုံးမယ်နဲ့ တူတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ကြက်သွန်နီ ပွဲရုံတစ်ခုကိုတွေ့ရစဉ်
ထို့နောက် ပြီးခဲ့သည့်နှစ် ကြက်သွန်စိုက် ရာသီတွင် ကြက်သွန်စိုက် တောင်သူများအနေဖြင့် ဓာတ်မြေဩဇာ သယ်ယူခွင့် မရရှိခဲ့သည့်အတွက် အထွက်နှုန်းများ ကျဆင်းခဲ့ကြသည်။
သို့သော်လည်း လက်ရှိ ကြက်သွန်စိုက် ရာသီ၌ ဓာတ်မြေဩဇာများကို သယ်ယူခွင့် ရရှိခဲ့ပြီဖြစ်သည့်အတွက် စိုက်ပျိုးမှုနှုန်းနှင့် စိုက်ဧကများ တိုးမြှင့်လာနိုင်ကြောင်း ကြက်သွန်ကုန်သည်များက သုံးသပ်နေကြသည်။
ဓာတ်မြေဩဇာများ သယ်ယူခွင့်ရလာသော်လည်း လက်ရှိ ဓာတ်မြေဩဇာ ဈေးနှုန်းများသည် ယခင်နှစ်ထက် ငွေကျပ် ၃၀၀၀၀ မြင့်တက်နေပြီး တစ်အိတ် လျှင် ၁၈၀၀၀၀ ကျပ်အထိ ဝယ်ယူနေရသည်ဟု ပခုက္ကူမြို့နယ်မှ ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 881
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၇
ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့ CNG အသုံးပြု ပြေးဆွဲနေသည့် YBS ယာဉ်များ၊ အငှားယာဉ်များနှင့် တခြား မော်တော်ယာဉ်များ ဂတ်စ်ဖြည့်ရန် တန်းစီစောင့်ဆိုင်းနေမှု များပြားလာခြင်းကြောင့် အခက်အခဲ မရှိစေရန် CNG ဆိုင်များကို ညဘက်အချိန် တိုးမြှင့်ဖွင့်လှစ် ရောင်းချပေးနေကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ် သဘာဝဓာတ်ငွေ့ဌာနမှ သိရသည်။
ယခင်က CNG အရောင်းဆိုင်များအနေဖြင့် နေ့စဉ် မနက် ၅ နာရီမှ ည ၉ နာရီအထိသာ ဖွင့်လှစ်ရောင်းချလျက် ရှိသော်လည်း လက်ရှိတွင် ည ၁၀ နာရီအထိ အချိန်တိုးမြှင့်၍ ရောင်းချပေးနေသည်ဟု မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပုံမှန် ကျနော်တို့ မနက် ၅ နာရီကနေပြီးတော့ ည ၉ နာရီအထိ ရောင်းနေတာကနေပြီးတော့ ညကို နောက် ၁ နာရီ ထပ်ဆုတ်ပြီးတော့ ၁၀ နာရီအထိ တိုးမြှင့်ရောင်းချပေးတာကို ပြောတာပါ။ ဘယ်လိုကြောင့်လဲဆိုတော့ ထွက်လာတဲ့ ကားလေးတွေ များလာပြီးတော့ တန်းစီးတဲ့ ယာဉ်တွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဆိုင်ပိတ်ချိန်ကို နောက်ကို ဆုတ်ခိုင်းလိုက်တာပါ” ဟု ပြောသည်။
ဂတ်စ်ထည့်ရန် စောင့်နေသည့် ကားများကိုတွေ့ရစဉ်
CNG ဂတ်စ် ရောင်းချသည့်အချိန်ကို တိုးမြှင့်ပေးလိုက်သော်လည်း တချို့သော ဂတ်စ်ဆိုင်များတွင် ဂတ်စ်တန်းစီ သည့် ကားတန်းများဖြင့် ပြည့်နေသေးကြောင်း YBS ယာဉ်မောင်းများက ပြောသည်။
ထို့နောက် CNG အရောင်းဆိုင်များတွင် ငွေကြေးပေးဆောင်၍ နေရာယူမှုများနှင့် ဂတ်စ်ဖြည့်ရန် တန်းစီနေသည့် ကားများကို ကျော်၍ ဖြတ်ထည့်သည့် ကားများကိုလည်း CNG အရောင်းဆိုင်များက ကြပ်မတ်ပေးရန် လိုအပ်သည် ဟု YBS ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုဝဏ္ဏ (အမည်လွှဲ) က ပြောသည်။
၎င်းက “လောလောဆယ်တော့ ဂတ်စ်ဆိုင်တွေမှာတော့ ကားတွေက ပိတ်ကြပ်ညှပ်ပြီးတော့ ပန်းခြံကဆိုင်နဲ့ ဟို ဘက် အမှိုက်ပုံဆိုင်ကတော့ ကားတွေ ၂ စီး ထပ်ကုန်ပြီ။ ၁၀ နာရီအထိ တိုးပေးလည်း အလွန်ဆုံး ကားတွေ ဂတ်စ် ထည့်ရတာ ၃ စီး၊ ၄ စီးထက် မပိုပါဘူးခင်ဗျ။ ၁ နာရီလောက် ပိုပေးလည်း အလွန်ဆုံးက ၆ စီးပေါ့။ နောက်တစ်ခုက အခု ဂတ်စ်ဆိုင်တွေမှာကတော့ လုပ်စားနေတဲ့ သူတွေရှိတယ်။ နေရာရောင်းစားတဲ့ သူတွေရှိတယ်။ ဘော်ဒါ ဘောကျက်တွေနဲ့ လုပ်စားနေတဲ့ သူတွေရှိတော့ ကားက စောင့်သာစောင့်နေရတယ် ကားက မရွေ့ဘူး။ အဲလိုပေါ့ တစ်စီး ၅၀၀၀၊ ၁၀၀၀၀ ပေးပြီးတော့ ဟိုကားရှေ့ကဖြတ်ဝင်၊ ဒီကားရှေ့က ဖြတ်ဝင် အဲလိုလုပ်စားတဲ့ သူတွေလည်း ရှိတာပေါ့။ အဲဒါတွေလည်း ခဏခဏ ပြဿနာတက်တယ်။ အဲဒါတွေလည်း ဆိုင်က ကြပ်မတ်ပေးဖို့ လိုတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဂတ်စ်အရောင်းဆိုင်မှာ ဂတ်စ်ထည့်နေကြသည့်ကားများကိုတွေ့ရစဉ်
ထို့အပြင် မော်တော်ယာဉ်များ ကြာရှည်မောင်းနိုင်ရန်အတွက် ဂတ်စ်များကို ပေါင်ချိန်ပြည့်မှီရန်နှင့် အရည်အသွေး ကောင်းမွန်သည့် ဂတ်စ်များ ထည့်ပေးရန် လိုအပ်ကြောင်း၊ ထိုသို့ လုပ်မှသာလျှင် ဂတ်စ်ဖြည့်ရန် တန်းစီနေကြရ သည့် ကားတန်းရှည်များ လျော့နည်းသွားမည်ဖြစ်ကြောင်း ယာဉ်မောင်းများက ပြောသည်။
လက်ရှိတွင် ဂတ်စ်ဖြည့်ရာ၌ ပေါင်ချိန်ပြည့်မှီခြင်း မရှိသည့်အတွက် တစ်နေ့လျင် ဂတ်စ်ကို ၂ ချိန် တန်းစီ၍ ဖြည့်တင်းနေရခြင်းကြောင့် ကားတန်းများ ပို၍ ရှည်လာပြီး ဂတ်စ်ဆိုင်များမှာ စုပုံလာခြင်းဖြစ်ကြောင်း သိရသည်။
ဂတ်စ်များ အရည်အသွေးနှင့် ပေါင်ချိန် မပြည့်မှီခြင်းနှင့် ပတ်သက်ပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က ပုံမှန် ကုန်းတွင်း သဘာဝဓာတ်ငွေ့ပဲ ပေးနေရတယ်၊ သူ့ရဲ့ အနေအထားက တစ်မျိုး။ ကမ်းလွန်သဘာဝဓာတ်ငွေ့တွေ ရောလာပြီဆိုရင် သဘာဝဓာတ်ငွေ့ အရောလေးတွေ ရှိလာပြီဆိုရင် အသုံးခံတဲ့ အနေအထားလေးတွေက တစ်မျိုး။ ကမ်းလွန်သဘာဝဓာတ်ငွေ့မှာ ဆိုရင်တောင်မှ ကျနော်တို့က လောပိတကို သုံးတာနဲ့ ရတနာကို သုံးတာ မတူသေးဘူးလေ။ အခုလည်း ဒီရက်ပိုင်းလေးမှာ ကျနော်တို့က ကုန်းတွင်း သဘာဝဓာတ်ငွေ့ကို သုံးပေးတာ များတဲ့အတွက်ကြောင့် ကားတွေ အမောင်းခံတဲ့ အနေအထားလေး ရတယ်လို့ သုံးသပ်လို့ရပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်တွင် CNG အရောင်းဆိုင် ၄၁ ဆိုင်ရှိပြီး လက်ရှိ၌ ဆိုင် ၄၀ ကို ဖွင့်လှစ်ထားကြောင်း၊ တစ်ရက်လျှင် CNG ကုဗပေ ၁၈ သန်းကျော် ရောင်းချပေးလျက်ရှိကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ် သဘာဝဓာတ်ငွေ့ဌာနမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1241
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆
ထိုင်းနိုင်ငံသို့ အဓိက ကုန်စည်ပို့ဆောင်ပေးနေသည့် လမ်းကြောင်းတစ်ခု ဖြစ်သည့် မြဝတီ - ကော့ကရိတ် လမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် မကြာခဏ ပိတ်ထားရာကနေ ယခု ပြန်ဖွင့်လိုက်ပြီဖြစ်သော်လည်း မီးဖိုချောင်သုံး ကုန်စိမ်းသီးနှံများ ပို့ဆောင်ရာတွင် အခက်အခဲ ရှိနေသေးသည်ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
တိုက်ပွဲများကြောင့် မိုင်းခွဲခံထားရသည့် ကော့ကရိတ်မြို့နယ်ရှိ တောနော်ရေတံခွန်အနီးရှိ တံတားကို ပြုပြင်ပြီးနောက် ပိတ်ထားသည့် မြဝတီ - ကော့ကရိတ် လမ်းပိုင်းတွင် ကုန်တင်ယာဉ်များ ဖြတ်သန်း၍ ရပြီဆိုသော်လည်း မကြာခဏ အဖွင့်အပိတ် ဖြစ်နေခြင်းကြောင့် ကုန်စည်ပို့ဆောင်ရာတွင် အခက်အခဲ ရှိနေခြင်း ဖြစ်သည်ဟု အဝေး ပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “လမ်းတွေကတော့ ဖွင့်လိုက် ပိတ်လိုက်ပဲ။ ကျနော်တို့ရဲ့ သွားလာတာက ကိုယ့်ကားကျမှ ဖြစ်သွားရင်တော့ မတတ်နိုင်ဘူး။ ကျနော်တို့ ယာဉ်ပိုင်ရှင်တွေရော၊ ယာဉ်မောင်းတွေပါ စားဝတ်နေရေး အခက်အခဲ ရှိတယ်။ ရှိတော့ နောက်ပြီးတော့ လမ်းမှာ ပိတ်နေတယ်ပေါ့နော်။ နောက်ပြီးတော့ တစ်ခါ မြဝတီကို ကျနော်တို့ ကုန်စိမ်းတွေပေါ့ နော် မီးဖိုချောင်သုံး ကုန်စိမ်းတွေ ဂေါ်ဖီတို့ ပို့ရတာပေါ့နော်။ ပန်းဂေါ်ဖီတို့၊ ဂေါ်ဖီထုပ်၊ အာလူးတို့ ဘာတို့ ညာတို့ပေါ့ နော်။ မီးဖိုချောင်သုံး ပစ္စည်းတွေကလည်း ဟိုကို သွားရတာ အခက်အခဲ ရှိတယ်ပေါ့နော်။ အဲတော့ ပြန်ဖွင့်တော့ အကုန်လုံး အဆင်ပြေတာပေါ့။ ဒါပေမယ့် အခုကလည်း ဖွင့်လိုက်ပိတ်လိုက်ပါပဲ” ဟု ပြောသည်။
မြဝတီ-ကော့ကရိတ်လမ်း ဖြတ်သန်းမှု ပိတ်ထားစဉ်
ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်အနီးရှိ တံတား မိုင်းခွဲခံရပြီးနောက် တံတားပေါ်သို့ ကားများကို တစ်စီးပြီး မှ တစ်စီးပုံစံဖြင့် ဖြတ်သန်းနေရခြင်းကြောင့် ကားလမ်းများ ပိတ်ဆို့မှု ဖြစ်ပေါပြီး ကုန်တင်ယာဉ်များနှင့် အိမ်စီး မော်တော်ယာဉ် အမြောက်အများ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် လက်ရှိ အချိန်ကာလသည် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအတွက် လုပ်ငန်းလည်ပတ်မှုကောင်းမွန်သည့် အချိန်ကာလ ဖြစ်သော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင်သာ ကောင်းမွန်နေသည်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုန်စည်ပို့ဆောင်ရေးကတော့ သူ့ဟာနဲ့သူတွေ တခြားနယ်တွေကိုပေါ့နော် ပုံမှန်လေးပဲ သွားနေပါတယ်။ ဒီရက်တွေက ကုန်စည်စီးဆင်းမှု အားကောင်းတဲ့ အချိန်ပဲ ဖြစ်တယ်။ ဒါပေမယ့် ပုံမှန်လေးပေါ့နော် သူ့ဟာနဲ့သူ ဒါပေမယ့် အရင်လို အင်နဲ့ အားနဲ့ မသွားနိုင်ဘူးပေါ့နော် ပုံမှန်လေးတော့ သွားနေပါတယ်။ ရှမ်းတောင်နဲ့ ရန်ကုန်၊ မန္တလေး ဒီတကြောကတော့ ကောင်းနေပါတယ်။ ကျန်တဲ့နယ်တွေကတော့ သူ့ဟာနဲ့သူ ပုံမှန်လေးတော့ စီးနေ တာပေါ့နော်။ နယ်စပ်ကုန်သွယ်ရေးကျတော့ နည်းနည်းလေးတော့ အခက်အခဲ ရှိတာပေါ့နော်” ဟု ပြောသည်။
မြဝတီ-ကော့ကရိတ်လမ်းပေါ်မှာ ဖြတ်သန်းနေတဲ့ ကုန်ကားများကိုတွေ့ရစဉ်
မြဝတီနှင့် ကော့ကရိတ် လမ်းကြောင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ PDF ပူးပေါင်း တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး ကုန်စည်ပို့ဆောင်ရေး ကုန်တင် ယာဉ်များလည်း မကြာခဏ ပိတ်ဆို့မှု ဖြစ်ပေါ်လျက် ရှိသည်။
ထို့အပြင် ကုန်စည်ပို့ဆောင်ရာတွင် လမ်းကြောင်းတလျှောက် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ကုန်စည် ပို့ဆောင်ရာတွင် တန်ဆာခများကို ပုံမှန်ထက်တိုး၍ ကောက်ခံမှုများ ရှိခြင်းကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများ လည်း ဖြစ်ပေါ်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
မြဝတီ - ကော့ကရိတ် လမ်းပိုင်းမှတဆင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းဖြစ်သည့် အခြေခံ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နှင့် ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းများကို အဓိကထား တင်သွင်းနေရခြင်း ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 872
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅
မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့် ယခု ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးရေးအတွက် အသုံးပြုရသည့် သွင်းအားစုနှင့် စက်သုံးဆီတို့ကို လက်ရှိနှုန်းထားထက် ဈေးမတက်စေရန် မျှော်လင့်သည်ဟု CNI သတင်းဌာနသို့ ပြောသည်။
သွင်းအားစုနှင့် စက်သုံးဆီတို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းကပင် အဆမတန် ဈေးမြင့်တက်လာခြင်းဖြစ် သဖြင့် ဈေးကျရန်မှာ မဖြစ်နိုင်သောကြောင့် ယခုကဲ့သို့ ဈေးထပ်မံ၍ မမြင့်တက်သွားစေရန် မျှော်လင့်ခြင်း ဖြစ် ကြောင်းလည်း စိုက်ပျိုးရေးလုပ်နေသည့် တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ကြက်သွန်စိုက်တောင်သူ ဦးကိုကိုလေးက “အဲဒါဆိုရင်တော့ လက်ရှိ စိုက်နေတဲ့ ဈေးနှုန်းနဲ့ နောင်ခါထွက်လာမယ့် ကုန်အပေါ် မူတည်ပြီးတော့ အရှုံးမများအောင် ကိုယ်က ချိန်စလို့ ရတာပေါ့။ ဒီအတိုင်းစိုက်နေတဲ့ အချိန်ကနေ ကျနော်တို့က ကြက်သွန်ရော တခြားကိုင်းပင်တွေရော စိုက်ပြီးပြီ။ ပြီးတဲ့အချိန်မှာမှ ကျနော်တို့ အခြေခံ တွက်တာ က လက်ရှိ ဒီဇယ်ဈေးနဲ့ ဓာတ်မြေဩဇာဈေးကို အခြေခံတွက်ပြီးတော့ စိုက်ကြတာကို။ တစ်ပိဿာကို ဘယ်နှုန်း လောက်ရရင် ကိုယ့်အတွက် အဆင်ပြေမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ကြိုးစားပြီး စိုက်နေကြတာပေါ့။ ဒီ အနေ အထားတစ်ခုမှာ ဓာတ်မြေဩဇာဈေးနဲ့ ဒီဇယ်ဈေးက ဆက်တက်မယ်၊ ရာသီဥတုကလည်း ဖောက်ပြန်မယ်ဆို ရင်တော့ ဒီနှစ်လည်း တောင်သူက အရှုံးပေါ်ဦးမှာပဲ။ ဈေးနှုန်းကလည်း နင်လား ငါလား ကျမသွားဘူးလေ။ ၂၀၂၂ က အနေ အထားလောက်နဲ့ပဲ ဈေးနှုန်းက ရပ်သွားတာကို။ အခုအချိန်ထိ ဓာတ်မြေဩဇာဈေးတွေက မကျသေးဘူး လေ။ အဲဒါ ဒီနှစ် ကျနော်တို့ တောင်သူတွေအနေနဲ့ကတော့ ထုတ်ကုန်အနေနဲ့ နည်းနည်းလေး လျှော့ကြတာပေါ့။ ဒီဇယ်ဈေးကို အများကြီးမျှော်လင့်မထားဘူး။ ဒီ အနေအထားလောက်ပဲ မှန်းတယ်။ ဓာတ်မြေဩဇာပိုင်းလည်း အများကြီး မမျှော်လင့်ထားဘူး ကျဖို့ကိုလေ။ ကျဖို့လည်း သိပ်မမြင်ဘူးလေ။ အဲဒီအနေအထားကြောင့်ပဲ စိုက်တဲ့ သီးနှံအတွက်ကို နည်းနည်း လျှော့ထားတာပေါ့” ဟု ပြောသည်။
တောင်သူတစ်ဦးကိုတွေ့ရစဉ်
သွင်းအားစုနှင့် စက်သုံးဆီ ဈေးနှုန်းများ ယခုထက် ပို၍ ကျဆင်းပါက တောင်သူများအတွက် ကောင်းမွန်မည် ဖြစ် သော်လည်း လက်ရှိ အနေအထားအရ ဈေးကျဖို့ မဖြစ်နိုင်ကြောင်း စိုက်ပျိုးရေးလုပ်ကိုင်နေသည့် တောင်သူများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် သွင်းအားစုနှင့် စက်သုံးဆီ ဈေးနှုန်းများ ဈေးအဆမတန် မြင့်တက်မှုကြောင့် စိုက်ဧက လျှော့၍ စိုက်ပျိုးခဲ့ကြကြောင်း၊ ထို့နောက် စိုက်ပျိုးရာမှာလည်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် မိုးရွာသွန်းရမည့် အချိန်တွင် မရွာသွန်းခြင်းတို့ကြောင့် ပျက်ဆီးသွားသည့် စိုက်ပျိုးခင်းများ ရှိကြောင်း၊ ထိုသို့ ပျက်ဆီးသွားမှုတွင် ကြက်သွန်နှင့် စပါးတို့လည်း ပါဝင်ပြီး အထွက်နှုန်း ဆိုးရွားခဲ့ကြောင်း သိရသည်။
နိုင်ငံရေး အခြေအနေ မတည်ငြိမ်ပါက သွင်းအားစုနှင့် စက်သုံးဆီ ဈေးနှုန်းတို့မှာ ဆက်လက် မြင့်တက် နေဦးမည် ဖြစ်သဖြင့် ယခုနှစ်တွင် နိုင်ငံရေး အခြေအနေ တည်ငြိမ်စေချင်ပြီး ရာသီဥတုလည်း ကောင်းစေချင်ကြောင်း စပါး စိုက်တောင်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စိုက်ပျိုးရေး ချေးငွေတွေကို တစ်ဧကကို ကျနော်တို့ တစ်သိန်း ပေးတယ်ဆိုရင် ဒီနှစ်မှာတော့ အနည်းဆုံး တစ်ဧကကို ငွေနှစ်သိန်းလောက် ထုတ်ချေးမှပဲ။ အမှန်ကတော့ ကျနော်တို့ လယ်တစ်ဧက စိုက်ရင် ဘယ်လောက် ကုန်တယ်ဆိုတာကို သူတို့လည်း တွက်ချက်တတ်ပါတယ်။ ကျနော်တို့ တောင်သူထက် သူတို့ ပိုပြီးတော့မှ သိပါ တယ်။ ကျနော်တို့ ထွန်ယက်တာက ဘယ်လောက်ကုန်တယ်၊ ရိတ်သိမ်းတာက ဘယ်လောက်ကုန်တယ်၊ မျိုးခက ဘယ်လောက်ကုန်တယ်၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာသုံးတာက ဘယ်လောက်ကုန်တယ်ဆိုတာ တကယ့် လယ် တစ်ဧကမှာ ဝင်သွားတာလောက်တော့ ဘာပဲပြောပြော နိုင်ငံတော်အစိုးရက ကျနော်တို့ တောင်သူတွေကို ထုတ် ချေးပေးပါလို့ အဲဒါတော့ ပြောချင်တယ်။ လယ်တစ်ဧကမှာဆိုရင် ထွန်ယက်ခက ရှစ်သောင်းလောက် ကုန်တယ်။ ရိတ်သိမ်းခကတော့ ၁ သိန်း ၂ သောင်းလောက်ရှိတယ်။ အဲဒီမှာ ထွန်ခနဲ့ ရိတ်သိမ်းခက ၂ သိန်းလောက် ဖြစ်သွား ပြီ။ ကျနော်တို့ ဒီမှာ ဓာတ်မြေဩဇာခကလည်း ယူရီးယားက တစ်အိတ်သုံးရတယ် တစ်ဧကမှာ။ ပီဆူပါက အိတ်ဝက်ဆိုတော့ အဲဒါမှာ ကျနော်တို့ ၂ သိန်း ၂ သောင်းလောက် ဖြစ်သွားပြီ။ ၄ သိန်း ၄ သောင်းလောက် ကုန် သွားပြီ။ နောက်ပြီးတော့ စိုက်စရိတ်တို့ နောက်ပြီးတော့မှ မျိုးစပါးတို့ဆိုရင် အနည်းဆုံး ၅ သိန်းလောက်တော့ အနည်းဆုံးသွားတယ် တစ်ဧကကို” ဟု ပြောသည်။
တောင်သူများကိုတွေ့ရစဉ်
တောင်သူများအား ထုတ်ပေးသည် ချေးငွေးနှင့် အမှန်တကယ် ကုန်ကျစရိတ်တို့မှာ မကိုက်သည့်အပြင် ရာသီဥတု နှင့် သွင်းအားစုတို့ လုံလောက်စွာ အပြည့်အဝ အသုံးမပြုနိုင်သောကြောင့် အထွက်နှုန်းလျော့ပြီး တောင်သူများမှာ အရှုံးပေါ်ရကြောင်း တောင်သူများက ပြောသည်။
ထို့အပြင် တောင်သူများအား ဓာတ်မြေဩဇာ လိုက်လံရောင်းချပေးရာတွင် စိုက်ဧကအားလုံးအတွက် အပြည့်အဝ ရောင်းချပေးစေချင်ကြောင်းနှင့် ထိုသို့ မလုပ်ဆောင်ပေးနိုင်ပါက ၎င်းအစီအစဉ်အား ဖျက်သိမ်းသင့်ကြောင်း တောင်သူများက ပြောသည်။
ထို့ကြောင့် သွင်းအားစုများအား ဈေးနှုန်း အသင့်အတင့်ဖြင့် မရောင်းချပေးနိုင်ပါက သဘာဝဇီဝဓာတ်မြေဩဇာ ထုတ်လုပ်နိုင်ရန် ပညာရှင်များအား ခေါ်ယူ၍ သင်တန်းများ ပေးသင့်ကြောင်းလည်း တောင်သူများက အကြံပြုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1747
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅
နှစ်သစ်ကူး ရုံးပိတ်ရက်တွင် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု များပြားခဲ့ပြီး ဟိုတယ်များတွင် တည်းခိုသူ အပြည့် ဖြစ်ခဲ့သော်လည်း လျှပ်စစ်မီးမမှန်၍ ဟိုတယ်လုပ်ငန်းများ အရှုံးပေါ်ခဲ့ကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။
နှစ်သစ်ကူး ရုံးပိတ်ရက်တွင် ပုဂံရှိ ဟိုတယ်များတွင် တည်းခိုသူများ ပြည့်သည့်အချိန်တွင် လျှပ်စစ်မီးသည် ယခင် အချိန်များထက် ပို၍ ပြတ်တောက်ခြင်းကြောင့် ဟိုတယ်လုပ်ငန်းများ အရှုံးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်ဟု ပုဂံ ဟိုတယ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနှစ်ကတော့ ဟိုတယ်အပြည့်ဆိုတော့ များတော့များတယ်။ ဧည့်သည် လာတာကလည်း ဒီလိုရက်မျိုးပဲ ၂ ရက် ၃ ရက်လောက် လာတယ်။ နောက်ပြီးတော့လည်း ဧည့်သည် မရှိဘူး။ နောက်တစ်ခါ လာတဲ့ရက်ကျတော့ လည်း လျှပ်စစ်မီးက မလာဘူး။ ဘယ်လိုလုပ် အကောင်းဖြစ်မှာလဲ။ ဘယ်သူမှ မမြတ်ဘူး အရှုံးချည်းပဲ။ ဒီဇယ်ဈေး ကလည်း သိတဲ့အတိုင်းပဲ တက်နေတာ ဆီဈေးကလည်း တက်နေတာ။ ဒီလုပ်ငန်းက အခုလာမယ့်နှစ် ဘယ်လို လာအုံးမလဲ မသိဘူး။ ဒီလုပ်ငန်းကတော့ အခု ၃ နှစ်လောက် ဒီလုပ်ငန်းလုပ်တဲ့ လုပ်ငန်းရှင်တွေအားလုံးက အကုန် လုံး ရှုံးနေကြတာပဲ။ ဒါ့ကြောင့် ရောင်းမယ့်လူတွေ ဘာတွေ များနေတာပေါ့” ဟု ပြောသည်။
ပုဂံဘုရားဖူးများကိုတွေ့ရစဉ်
ပုဂံဒေသတွင် လျှပ်စစ်မီး ရရှိမှုသည် အချိန် အကန့်အသတ်ဖြင့် မဟုတ်ဘဲ လျှပ်စစ်မီး ရရှိချိန်နှင့် ပြတ်တောက်ချိန် မှာ မှန်ကန်မှု မရှိကြောင်း၊ တစ်နေ့လျှင် ၅ နာရီမှ ၈ နာရီအထိ ပြတ်တောက်လေ့ရှိကြောင်း ဟိုတယ် လုပ်ငန်းရှင် များထံမှ သိရသည်။
လက်ရှိတွင် ဟိုတယ်လုပ်ငန်းများ ရပ်တည်နိုင်ရေး အခက်အခဲများစွာ ကြုံတွေ့နေရပြီး ဟိုတယ်လုပ်ငန်းရှင် အများစုသည် ၎င်းတို့၏ ဟိုတယ်များကို ရောင်းချရန် ပြင်ဆင်နေမှုများရှိသည်ဟု ဦးဇော်ဝိတ်က ပြောသည်။
ထို့နောက် အထွေထွေ ကုန်ဈေးနှုန်းများ ကြီးမြင့်သော်လည်း ဟိုတယ်လုပ်ငန်းများတွင် ဈေးနှုန်းတိုးကောက်ရန် အဆင်မပြေနိုင်ကြောင်း၊ ပွဲတော်ရက်များတွင်သာ ဧည့်သည် ဝင်ရောက်မှု များပြားပြီး ကျန်ရက်များတွင် ဧည့်သည် နည်းပါးကြောင်း၊ လက်ရှိတွင် ဟိုတယ်လုပ်ငန်းများသည် လုပ်ကိုင်ရန် မသင့်သည့် လုပ်ငန်းတစ်ခု ဖြစ်လာနေ ကြောင်း ၎င်းက ပြောသည်။
ဦးဇော်ဝိတ်က “အန်ကယ်တို့လုပ်ငန်းက ဒီပြင် လုပ်ငန်းတွေနဲ့ မတူဘူး။ ဒီပြင် လုပ်ငန်းတွေက အကုန်လုံး ကား ဈေးတွေရော၊ အစားအသောက် ဈေးတွေရော အကုန်လုံး တက်သွားတယ်။ ၁၀၀ တန်က ၂၀၀ တန်ဖြစ်တယ်။ ၂၀၀ တန်က ၃၀၀ ဖြစ်တယ်။ ၄၀၀၀ တန်က ၈၀၀၀ ဖြစ်တယ်။ အန်ကယ်တို့ ဟိုတယ်ခရီးကတော့ ၅၀၀၀၀ က ၃၀၀၀၀ ဖြစ်တယ်။ ၃၀၀၀၀ က ၂၀၀၀၀ ဖြစ်တယ် ၁၀၀၀၀ ဖြစ်တယ် ချယူရတယ်။ ဟိုတယ်ထဲ ထည့်တဲ့ ပစ္စည်းတွေကျ တော့ သစ်သျှူးကအစ အကုန်လုံး ဈေးတွေက တက်နေတယ်။ အဲတော့ ရောင်းရတဲ့ ဈေးကျတော့လည်း လျှော့ ရောင်း ရတယ်။ ဝယ်ရတဲ့ ပစ္စည်းကျတော့လည်း ပိုပြီးတော့ ဝယ်ရတယ်။ အခန်းကလည်း မပြည့်ဘူး။ မီးစက်က လည်း သုံးရတယ်ဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် လုံးဝမလုပ်သင့်တဲ့ လုပ်ငန်းတစ်ခု ဖြစ်သွားပြီ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပုဂံဒေသက ရွှေစည်းခုံစေတီပေါ်မှာ ဘုရားဖူးများကိုတွေ့ရစဉ်
နှစ်သစ်ကူး ရုံးပိတ်ရက် ကာလတွင် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုသည် လက်ရှိ ဖွင့်လှစ်ထားသည့် ပုဂံဟိုတယ် ၇၀ ကျော်တွင် တည်းခိုသူ ပြည့်ခဲ့သည်။ အလားတူ ခရီးသွား ဝင်ရောက်မှုအနေဖြင့် ၁ သိန်းခွဲရှိခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားဝန်ကြီးဌာန (ပုဂံရုံးခွဲ) မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘုရားတွေ အကုန်လုံး ပေါင်းလိုက်ရင်တော့ အဲလောက်တော့ ရှိပါတယ် ၁ သိန်း၊ ၁ သိန်းခွဲ ဝန်းကျင် လောက် ရှိတယ်။ ၃၁ ရက်နေ့မှာ ဘုရားတွေမှာ ဆိုရင်တော့ အထင်ကရဘုရားတွေ ရွှေစည်းခုံမှာ ဆိုရင်တော့ ၁၅၀၀၀ ဝန်းကျင်လောက် ဝင်ပါတယ်ခင်ဗျ။ ကျနော်တို့ဆီမှာတော့ ဘုရား အဝင်စာရင်းတွေပဲ ရှိပါတယ်။ ဘုရား စာရင်းတွေပဲ ကောက်တာ ရှိပါတယ်ခင်ဗျ။ ဧည့်သည် လာရောက်မှုစာရင်းနဲ့ တည်းခိုမှု စာရင်းကတော့ မတူဘူး။ ဟိုတယ် တည်းခိုမှု စာရင်းကတော့ ပိုနည်းတာပေါ့။ လာရောက်မှုဆိုရင် ပိုများတာပေါ့” ဟု ပြောသည်။
လက်ရှိ ပုဂံဒေသတွင် ခရီးသွားဝင်ရောက်မှု နည်းပါးခြင်းနှင့် လျှပ်စစ်မီး ရရှိသည့်အချိန် နည်းပါးခြင်းတို့ကြောင့် ပုဂံဒေသရှိ ဟိုတယ် ၁၀၀ ကျော်အနက် ၇၀ ကျော်သာ ဖွင့်လှစ်ထားနိုင်သေးကြောင်း၊ ဖွင့်လှစ်ထားသည့် ဟိုတယ် များသည်လည်း ဆက်လက် ရပ်တည်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1599
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃
ထိုင်းနိုင်ငံ၏ အခြေခံအလုပ်အကိုင် အများစုသည် အတန်းပညာ မလိုအပ်သည့်အပြင် အခြားနိုင်ငံများထက် သွားရောက်ရ လွယ်ကူသည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်တာကြောင့် မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်သင့် သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းရှိ အခြေခံအလုပ်အကိုင်အများစု၏ လုပ်ခလစာသည် မြန်မာနိုင်ငံကထက် ပိုမိုရရှိသောကြောင့် မြန်မာ နိုင်ငံသားများ လာရောက် လုပ်ကိုင်သင့်သည့် နိုင်ငံတစ်ခု ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံသားတွေအတွက်ကတော့ ထိုင်းဟာ အလုပ်လုပ်ဖို့ အရမ်းကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာ ပေါ့။ လက်ရှိ ထိုင်းမှာ အလုပ်လုပ်မယ်ဆိုရင် လက်ရှိ ငွေဈေးနဲ့ပြန်ပြီး တွက်မယ်ဆို ကျနော်တို့နိုင်ငံမှာ အခြေခံ လူတန်းစား အလုပ်သမားတစ်ယောက်က မြန်မာငွေ ကျပ် သုံးသိန်းတောင် မရတဲ့အချိန်မှာ ထိုင်းနိုင်ငံထဲမှာဆိုရင် အခုလက်ရှိ ငွေဈေးနဲ့ဆို မြန်မာငွေ ၇ သိန်းလောက်အထိ ရတယ်။ လူတစ်ယောက်ကို ဘတ် ကိုးထောင်ကျော် အထိ သတ်မှတ်ထားပြီးပြီဖြစ်တဲ့အတွက် ငွေဈေးက ၁၂၅၀ လောက်ကို မြန်မာငွေ ကျပ် တစ်သိန်း ရတာဖြစ်တဲ့ အတွက် သူသတ်မှတ်တဲ့ ငွေနဲ့ဆိုရင် ကျနော်တို့က လုပ်ခလစာချည်းပဲ ၇ သိန်း အထက်မှာရှိတာ ဖြစ်တဲ့အတွက် ဒါဟာ အတန်းပညာမလိုဘဲနဲ့ အခြေခံ လူတန်းစားတစ်ယောက်အနေနဲ့ မိမိတို့ရဲ့ခွန်အားနဲ့ စက်ရုံတစ်ရုံရုံမှာ ဝင်ရောက်ပြီးတော့ အလုပ်လုပ်နိုင်တဲ့ လုပ်အားခ ဖြစ်တဲ့အတွက် ထိုင်းဟာ ကျနော်တို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံသားတွေအတွက် အလုပ်လုပ်ရန် အင်မတန်ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံလို့ ပြောလို့ရတယ်” ဟု ပြော သည်။
ရေထွက်ကုန်လုပ်ငန်းခွင်တစ်ခု
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများတွင် အများစုသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းသို့ တရားဝင်သာမက တရားမဝင်ဖြင့်ပါ သွားရောက် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ဆက်လက် သွားရောက်နေကြဆဲဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားအများအပြား သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းမှာ အခြားနိုင်ငံများထက် သွားလာရ လွယ်ကူခြင်း၊ အတန်းပညာနှင့် ဘာသာစကားမလိုအပ်ခြင်း၊ မြန်မာနိုင်ငံထက် လုပ်ခလစာပို၍ ရရှိခြင်းတို့ကြောင့် သန်းနှင့်ချီ ရှိနေခြင်းဖြစ်ကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ထိုင်းနိုင်ငံသည် လုပ်ခလစာရရှိမှုအပိုင်းက ကြည့်ပါက လာရောက်လုပ်ကိုင်သင့်သည့် နိုင်ငံတစ်ခုဟု ဆိုရသော် လည်း အကောင်းဆုံး နိုင်ငံတစ်ခုမဟုတ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN)မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
“ကျနော့်အနေနဲ့ အကောင်းဆုံးနေရာလို့တော့ သုံးသပ်ပေးလို့မရဘူး။ ဘာလို့ဆို ဒီထက်ပိုမိုပြီးမှ ဝင်ငွေအရရော၊ ဂုဏ်သိက္ခာအရရော၊ နောက်လုပ်သားတွေအပေါ်မှာ အလေးထားမှုပိုင်းဆိုင်ရာရော ဒီထက်ကောင်းတဲ့ နိုင်ငံတွေ လည်း အများကြီးရှိပါတယ်။ အဲဒါကြောင့် ဘာကြောင့် ဒီနိုင်ငံထဲကို မြန်မာနိုင်ငံသားတွေက သန်းနဲ့ချီပြီး နှစ်ပေါင်း ၃၀ ကျော်ကတည်းက ရောက်နေတာလဲဆိုတော့ သွားလို့ လာလို့ လွယ်ကူတာတစ်ပိုင်း၊ နောက် ကုန်ကျစရိတ် ကလည်း နည်းနေတာတစ်ပိုင်း၊ သာမန်အလုပ်သမားတွေနဲ့ ခွန်အားနဲ့အသုံးပြုတဲ့ အလုပ်သမားတွေပဲ လာလုပ် နေတာဖြစ်တဲ့အတွက်ကြောင့် ဥပမာ နှိုင်းယှဉ်ပြမယ်ဆိုရင် စင်ကာပူတို့၊ မလေးတို့၊ တောင်ကိုရီးယားတို့၊ ဂျပန်တို့ အစရှိတဲ့ နိုင်ငံတွေကိုသွားတာနဲ့ ဒီနိုင်ငံကိုလာတဲ့ အလုပ်သမားနဲ့က မတူဘူး။ အဲဒီတော့ သာမန်အလုပ်သမားတွေ အခက်အခဲအရ ဖြေရှင်းဖို့အတွက် ကိုယ့်နိုင်ငံမှာ ဘယ်လိုမှ ရပ်တည်လို့မရလို့သာ ထိုင်းနိုင်ငံကို အားကိုးတာ ဖြစ်ပါတယ်။ ထိုင်းသည် အကောင်းဆုံးနိုင်ငံတစ်ခုလို့ ကျနော် မသုံးသပ်ပါဘူး” ဟု ၎င်းက ပြောသည်။
ပလပ်စတစ်စက်ရုံတစ်ခုမှ အလုပ်သမားများ
ထိုင်းနိုင်ငံသည် အလုပ်သမားများအတွက် လူမှုဖူလုံရေးနှင့်ပတ်သက်၍ ကောင်းမွန်သကဲ့သို့ ပြဋ္ဌာန်း ထားသည့် အလုပ်သမားဥပဒေမှာလည်း ကောင်းမွန်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
ဒါ့အပြင် ထိုင်းနိုင်ငံတွင်လည်း ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ အဆိုးများလည်းရှိကြောင်းနှင့် အာဏာပိုင်များ သည် မြန်မာနိုင်ငံသားများအား တရားဝင်အထောက်အထားထုတ်ပေးရာတွင် ငွေကြေးပိုမို သတ်မှတ်ပြီးမှသာ ထုတ်ပေးလေ့ရှိကြောင်း ကိုသားကြီးက ပြောသည်။
၎င်းက“ဘယ်လို အထောက်အထားပဲ နေနေပေါ့။ ထိုင်းနိုင်ငံထဲမှာ တရားဝင်အထောက်အထား ကိုင်ဆောင်ထားပြီ ဆိုရင်တော့ အကောင်းဆုံး အလုံခြုံဆုံး အလုပ်သမားတစ်ယောက်ဖြစ်တာပေါ့။ ကိုယ့်နိုင်ငံထက်စာရင် အများကြီး သာတာပေါ့။ ခိုးဝင်လာတယ်လို့ဆိုပေမယ့် ခိုးဝင်လာတဲ့မြန်မာတွေကို ထိုင်းအစိုးရက ပိုက်ဆံရှာတတ်တယ်လေ။ ကျနော်တို့ နိုင်ငံသားတွေကို အခု လူတစ်ယောက်ကို ဘတ်ငွေ တစ်သောင်းခွဲကနေ နှစ်သောင်းလောက်အထိ အကုန်အကျခံပြီးတော့ လွန်ခဲ့တဲ့လလောက်ကတည်းက လက်မှတ်တွေ ထုတ်ပေးတာတွေရှိတယ်။ ထိုင်းနိုင်ငံ ထဲမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာန ကိုယ်တိုင်က အိမ်နီးချင်းနိုင်ငံ ကျနော်တို့ နိုင်ငံအပေါ်မှာ အပြည့်အဝ အိမ်နီးချင်းနိုင်ငံကောင်း မပီသဘူးလို့ ပြောလို့ရတယ်။ ခိုးဝင်လာတဲ့ မြန်မာတွေ အားလုံးကို အလုပ်သမား လက်မှတ် ထုတ်ပေးတယ်ဆိုတဲ့နေရာမှာ သူ့အစိုးရက ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ ငွေကြေးတွေကို ပိုမိုသတ်မှတ် ပြီးတော့မှ ထုတ်ပေးတယ်။ အများနားလည်အောင်ပြောရင် ဘတ်ပန်းရောင်ကတ်လို့ပြောကြတဲ့ ယာယီ အလုပ်သမားလက်မှတ် တစ်ခုရဖို့အတွက်ဆိုရင် ကျနော်တို့ နိုင်ငံသားတွေဟာ ဘတ်ငွေတစ်သောင်းခွဲကနေ နှစ်သောင်းလောက်အထိ အကုန်အကျခံပြီးတော့ လုပ်ရတယ်။ သက်တမ်းကလည်း တစ်နှစ်အပြည့်မရဘူးပေါ့” ဟု ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများသည် နှစ်နိုင်ငံသဘောတူစာချုပ် MOU ဖြင့် သွားရောက်အလုပ်လုပ် ကိုင်နေသူများ ရှိသကဲ့သို့ တရားမဝင်လမ်းကြောင်းမှ ခိုးဝင်ကာ သွားရောက်နေကြသူများလည်း ရှိသည်။
ထိုသို့ သွားရောက်ကြရာတွင်လည်း အေဂျင်စီနှင့်ပွဲစားတို့ကြောင့် စာချုပ်ပါအတိုင်း အလုပ်မရရှိခြင်းအပြင် အခြား သော ပြဿနာများနှင့်လည်း ကြုံတွေ့နေကြရကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရ သည်။

- By CNI
- Category: စီးပွားရေး
- Hits: 1110
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃
သုံးနှစ်နီးပါးကြာ ပိတ်ထားခဲ့သည့် မူဆယ်မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ဇန်နဝါရီ ၈ ရက်နေ့မှ စတင်၍ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက တရားဝင် စာထုတ် လာကြောင်း မူဆယ်နယ်စပ်ကုန်သည်များထံမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလဆန်းပိုင်းတွင် မူဆယ်ရှိ နယ်စပ် ကုန်သွယ်ရေးဂိတ်များကို တရုတ်နိုင်ငံဘက်က စတင်၍ ပိတ်ထားခဲ့ရာမှ လာမည့် ဇန်နဝါရီ ၈ ရက်နေ့ တွင် ပြန်လည် ဖွင့်ပေးတော့မည် ဖြစ်သည်ဟု မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်-မြန်မာနယ်စပ်ဂိတ်ကိုတွေ့ရစဉ်
၎င်းက “တရုတ်နိုင်ငံက တရားဝင် စာထွက်လာပြီ မနေ့က Date နဲ့။ ဇန်နဝါရီ ၂ ရက် Date နဲ့ ဇန်နဝါရီ ၈ ရက်နေ့ကစပြီးတော့ တရုတ် - မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ် - ဂျယ်ဂေါင် နယ်စပ်ဂိတ်ဖြစ်တဲ့ မန့်ဝိန်း၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ် ဒီဂိတ်တွေကို ဇန်နဝါရီ ၈ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ကနေပြီးတော့ စတင်ဖွင့်လှစ်လိုက်ပါပြီတဲ့။ နေ့စဉ် ဒေသစံတော်ချိန် နံနက် ၈ နာရီ ကနေပြီးတော့ ည ၁၁ နာရီခွဲအထိ ဂိတ်ကို ဖွင့်လှစ်ပေးပါမယ်ဆိုပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေထံကို သူတို့ကနေ ပြီး တော့ တရားဝင် စာထွက်ပေးလိုက်တယ်။ တရုတ်စာနဲ့ ရုံးတံဆိပ် နှိပ်ပြီးတော့။ ဒါ့ကြောင့် ဘာပဲပြော ပြော ဇန်နဝါရီ ၈ ရက်နေ့ဆိုရင်တော့ စောစောကပြောတဲ့ ဂိတ်တွေ ဖွင့်လှစ်လိုက်ပါပြီ” ဟု ပြောသည်။
နယ်စပ်ဂိတ်ဖွင့်ပြီး တရားဝင် ကုန်သွယ်ခွင့်နှင့် လူဝင်လူထွက်ခွင့်ကို ခွင့်ပြုပေးခဲ့သော်လည်း ကိုဗစ် စည်းကမ်းချက်များနှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်ရမည်ကို ပြောဆိုထားခြင်း မရှိကြောင်း သိရသည်။
တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လိုက်ပြီ ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်မှ ကိုဗစ်စည်းကမ်းချက်များ ဖြေလျှော့ပေးမည်ဆိုပါက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ကိုဗစ် မဖြစ်ခင် အခြေအနေသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိနိုင်ကြောင်း ဦးမင်းသိန်းက ပြောသည်။
တရုတ်-မြန်မာနယ်စပ်ဂိတ်ကိုတွေ့ရစဉ်
၎င်းက “တဖြည်းဖြည်းတော့ ကိုဗစ်မဖြစ်ခင် အချိန်ကို ပြန်ရောက်သွားမယ်။ ကန့်သတ်မှုတွေ ဘာတွေ လျှော့လိုက်မယ်ဆိုရင်တော့။ ရုတ်တရက်ကြီးတော့ ပြန်မရောက်သေးဘူး။ ၄/၅/၆ လ အတွင်းဆိုရင် တော့ တရုတ်ကလည်း တင်းကြပ်တဲ့ စည်းကမ်းချက်တွေ မချမှတ်ဘူး၊ ယခင်လိုပဲ လူဝင်လူထွက်လည်း ရမယ်၊ ကုန်ကား အဝင်အထွက်လည်း ရမယ်၊ ဆိုင်ကယ် အဝင်အထွက်လည်း ရမယ်၊ ထော်လာဂျီကအစ အဝင်အထွက်ရမယ်ဆိုရင် အရင်ကိုဗစ်မဖြစ်ခင် ၂၀၂၀ အစောပိုင်းပုံစံမျိုး ပြန်ရောက်သွားနိုင်တယ်။ ရုတ်တရက်ကြီးတော့ မဖြစ်နိုင်သေးဘူး အနည်းဆုံး ၄/၅/၆ လလောက် အချိန်ယူရမယ်” ဟု CNI သတင်း ဌာနသို့ ပြောသည်။
လက်ရှိ ပြန်လည် ဖွင့်လှစ်ပေးလိုက်သည့် ဂိတ်တွင် တရုတ် - မြန်မာ နယ်စပ်ဂိတ်၌ ကုန်သွယ်မှု အများ ဆုံးနှင့် နေ့စဉ်ကုန်တင်ကား အစီးရေ ၅၀၀ ဝင်ထွက်နေသည့် မန့်ဝိန်းဂိတ် ပါဝင်နေသည့်အတွက် ကုန် သွယ်ရေး ပိုမိုကောင်းမွန်လာနိုင်သလို ဒေသခံများလည်း အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည် ရရှိလာမည် ဖြစ်သည်။
ထို့နောက် လက်ရှိတွင် တရုတ်နှစ်သစ်ကူး ကာလ နီးကပ်လာပြီ ဖြစ်သည့်အတွက် ဈေးကွက်ပျက်လု နီးပါး ဖြစ်နေသည့် ဖရဲဈေးကွက်လည်း အရောင်းအဝယ်များ ပြန်လည်ဖြစ်နေသည်ဟု သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1326
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂
မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာဖို့အတွက်ဆိုလျှင် အစိုးရမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တိကျသေချာသည့် ကတိကဝတ်များ ပေးအပ်ရန်လိုသည်ဟု မြန်မာ့စီးပွားရေး လေ့လာသူများနှင့် လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် ပေါ်လစီများ တိကျခိုင်မာမှု အားနည်းခြင်းနှင့် ဥပဒေပိုင်းဆိုင်ရာများ အားနည်းခြင်းတို့ကြောင့် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံကို အုပ်ချုပ်နေသည့် ခေါင်းဆောင်၏ လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံလေ့ ရှိကြသည့်အတွက် ဦးဆောင်သူနှင့် များစွာ သက်ဆိုင်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခိုင်မာတိကျတဲ့ အစိုးရဘက်ကနေမှ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်မှုရှိတဲ့ ကတိကဝတ်တွေ ပေးဖို့ နေရာမှာ အားနည်းချက် ရှိတယ်လို့ အစ်ကိုတို့က သုံးသပ်လို့ ရတယ်။ အဲဒါက ဘယ်လိုဟာမျိုး ဖြစ်သလဲဆိုတော့ အစိုးရက ရင်းနှီးမြှုပ်နှံသူတွေကို သေချာတယ်၊ ငါတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို့ရှိရင် မင်းတို့ မရှုံးနိုင်ဘူး ဘယ်လို အကျိုးအမြတ်တွေ ရှိမယ်။ မင်းတို့အတွက် ငါတို့က ဘယ်လိုမျိုး အကာအကွယ် ပေးထားနိုင်တယ်၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ငါတို့က ဘယ်လောက်ထိ တိကျတယ်ဆိုတာကို ပိုပြီးနားလည် ရှင်း လင်းအောင် ချပြဖို့လိုတယ်။ အခုလည်း သူက ချပြနေတာ ရှိတယ်။ သို့သော်လည်း အဲဒီချပြတာထက် ပိုပြီး လွယ် ကူ ရှင်းလင်းအောင် ချပြဖို့ လိုတယ်။ နောက်ပြီး အဓိက အစိတ်အပိုင်းကတော့ ခေါင်းဆောင်တဲ့ အစိုးရအပေါ်မှာ အများကြီး မူတည်တယ်။ ရင်းနှီးမြှုပ်နှံမယ့် သူတစ်ယောက်က နိုင်ငံတနိုင်ငံကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အဲဒီနိုင်ငံမှာ ရှိတဲ့ ခေါင်းဆောင်က ဘယ်လိုမျိုး သွားနေတဲ့ ခေါင်းဆောင်လဲ၊ စီးပွားရေးအတွက် သွားတဲ့ခေါင်းဆောင်လား၊ ဘာသာရေးအတွက် သွားတဲ့ခေါင်းဆောင်လား၊ စစ်အင်အားအတွက် သွားနေတဲ့ ခေါင်းဆောင်လားဆိုတဲ့ ဒီခေါင်းဆောင်မှာ ကြည့်ပြီးသွားတော့မှ ရင်းနှီးမြှုပ်နှံကြတာ ဖြစ်တယ်”ဟု ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကိုတွေ့ရစဉ်
ထို့နောက် တရုတ်နိုင်ငံမှာဆိုလျှင် ကွန်မြူနစ်နိုင်ငံဖြစ်သည့်တိုင်အောင် စီးပွားရေးကို ဦးစားပေးသွားသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ များပြားကြောင်း ဦးအောင်ပြည့်စုံက နှိုင်းယှဉ်ပြသည်။
၎င်းက “တရုတ်နိုင်ငံမျိုးဆိုရင် ကွန်မြူနစ်နိုင်ငံ။ သို့သော်လည်း ကွန်မြူနစ်နိုင်ငံသည် စီးပွားရေးကို သွားတာဖြစ်တဲ့ အတွက်ကြောင့် တရုတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်တယ်။ စင်္ကာပူဆိုရင် စီးပွားရေး ဘက်သွားတယ်။ ဒီအတွက် ကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ သူတို့ ဝင်လာတယ်။ ထိုင်းဆိုလို့ရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို နည်းမျိုးစုံနဲ့ သူတို့ က နိုင်ငံခြားမှာ ကွန်ဒိုတိုက်ခန်း ဝယ်မယ်ဆိုလို့ရှိရင် ဘယ်လိုအခွင့်အရေးတွေ ပေးမယ် အစရှိသဖြင့်ကို ဆွဲဆောင် မှုရှိတဲ့ ကြေငြာချက်တွေ ထုတ်ပြန်ချက်တွေနဲ့ သူတို့က ဆွဲဆောင်ကြတယ်။ အစ်ကို့နိုင်ငံမှာ နိုင်ငံတနိုင်ငံ ရင်းနှီး မြှုပ်နှံဖို့ မပြောနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံတဲ့ သူတွေတောင်မှပဲ လုပ်ငန်းတစ်ခု ထပ်ချဲ့ဖို့အတွက် တွေဝေတွန့်ဆုတ် နေမယ်ဆိုရင် ဘာသာစကားအရရော၊ လူမျိုးအရရော၊ အသွင်သဏ္ဍာန်အရရော မတူကြတဲ့ နိုင်ငံခြားသားတွေ ရင်းနှီးမြှုပ်နှံမှုအတွက်က အခက်အခဲတွေ အများကြီး ရှိတာပေါ့။ အဲတော့ ခေါင်းဆောင်တွေနဲ့ပဲ အဓိက သက်ဆိုင် တယ်လို့ အစ်ကိုကတော့ သုံးသပ်လို့ရတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာဖို့ဆိုလျှင် နီးစပ်ရာ လူပုဂ္ဂိုလ်များကိုသာ လုပ်ပိုင်ခွင့်များ ပေးဆောင်နေခြင်းနှင့် အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
တခြားသော မြေယာနှင့် အလုပ်သမား အရင်းအမြစ်များစွာမှာ ပူပန်စရာမလိုဘဲ အဆင်သင့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
ထို့နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမည့် သူများသည် နိုင်ငံရေး အကျပ်အတည်းများကြောင့်လည်း ဝင်ရောက်ရန် ချင့်ချိန်နေကြကြောင်း၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး ရွေးကောက်ခံ အစိုးရ တက်လာမှသာ ရင်းနှီးမြှုပ်နှံမှု အမြောက်အများ ဝင်ရောက်လာနိုင်ကြောင်း စီးပွားရေးနှင့် ဘဏ်ရေးရာပညာရှင် ဦးသက်ဇော်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “နိုင်ငံရေး အခင်းအကျင်းကြောင့် နိုင်ငံတကာ FDI ဝင်ဖို့က သူ့ရဲ့ Department တွေက တွန့်ဆုတ်နေတဲ့ သဘော ရှိတယ်။ ဒါ့ကြောင့်မို့လည်း ရွေးကောက်ပွဲကို သူတို့ အမြန် ကျင်းပဖို့ လုပ်နေကြတာပေါ့နော်။ ရွေးကောက်ခံ အစိုးရ ဖြစ်သွားရင်တော့ ဥပမာအားဖြင့် ဦးက ကျွမ်းကျင်တာကတော့ ဂျပန်နဲ့ တရုတ်ကို ပိုကျွမ်း ကျင်တယ်။ သူတို့ရဲ့ Government တွေ ဝင်ဖို့က အဲဒီ sector ကြီးကို စောင့်နေတာ။ အဲဒါပြီးသွားရင်တော့ ဝင်ချ လာမှာပေါ့နော်” ဟု ပြောသည်။
ထို့နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ၅ နှစ် အခွန်ကင်းလွတ်ခွင့် ပေးထားသည့် သီလဝါ အထူးစီးပွားရေးဇုန် နည်းတူ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့တွင်လည်း ရင်းနှီးမြှုပ်နှံမည့် သူများကို ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် အခွန်ကင်းလွတ်ခွင့်ပေးသင့်သည်။
အဆိုပါ အခွန်ကင်းလွတ်ခွင့် မူဝါဒများချမှတ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။
ထို့အပြင် မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းများ အမြောက်အများ ဖန်တီးပေးနိုင်သည့် အထည်ချုပ် နှင့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို ဦးစားပေး ခွင့်ပြုစေ လို ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1126
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁
မိမိ နေထိုင်သော ရပ်ကွက်နှင့် အဆောက်အဦးအတွင်း ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူများကို တရားမဝင် ပို့ဆောင်နေသည့် အလုပ်သမား အေဂျင်စီများရှိလျှင် သက်ဆိုင်ရာနယ်မြေရှိ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနရုံးများသို့ သတင်းပို့ တိုင်ကြားနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနက CNI သတင်းဌာနသို့ ပြောသည်။
တရားမဝင်အေဂျင်စီများသည် လူနေအဆောက်အအုံ၊ တိုက်ခန်းများ၌ လုပ်ငန်းလည်ပတ်နေသဖြင့် လူအများ အပြား ရှုပ်ထွေးနေတတ်သောကြောင့် လက်ရှိခေတ်ကာလအရ တိုက်နေ ပြည်သူလူထုနှင့် အနီး ပတ်ဝန်းကျင် တွင် နေထိုင်သူများအတွက် လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်မှုများလည်း ဖြစ်ပေါ်နေကြသည်။
ထိုကိစ္စနှင့်ပတ်သက်၍ တရားမဝင် အေဂျင်စီများအား လမ်းနေ (သို့မဟုတ်) အဆောက်အအုံ တစ်ခုတည်းတွင် နေထိုင်ကြသည့် ပြည်သူလူထုမှ မည်သို့တိုင်ကြားနိုင်သနည်းနှင့် မည်သို့ အရေးယူ ဆောင်ရွက်ပေးမည်နည်း ဆိုသည်အား CNI သတင်းဌာနမှ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
နစက သတင်းမှန် ပြန်ကြားရေးအဖွဲ့က “အလုပ်သမားဝန်ကြီးဌာနသည် သတင်းအချက်အလက် အတိအကျ ရရှိမှသာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဝင်ရောက်စစ်ဆေးခွင့်ပြုလုပ်နိုင်ပါသည်။ တိုင်ကြားလိုပါက သက်ဆိုင်ရာနယ်မြေရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးများသို့ သတင်းပို့တိုင်ကြားနိုင်ပါသည်” ဟု ပြန်လည်ဖြေကြားသည်။
ရန်ကုန်တိုက်ခန်းတစ်ခုနဲ့ ထိုင်းမှာ တရားမဝင် မြန်မာများ ဖမ်းဆီးခံထားရမှုကိုတွေ့ရစဉ်
အလုပ်သမား အေဂျင်စီများသည် လူနေတိုက်ခန်း အဆောက်အအုံများတွင် အလုပ်သမားဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားသော ကုမ္ပဏီနာမည်ဆိုင်းဘုတ်များ မချိတ်ထားဘဲ တရားဝင် လုပ်ငန်းသဖွယ် လုပ်ငန်းများ လည်ပတ် နေကြောင်း၊ ထိုအေဂျင်စီများထံ လာရောက်သူများကို ညအိပ်ညနေထား၍ ထိုင်းနိုင်ငံသို့ ရန်ကုန်ကနေ ကားများ ဖြင့် ပို့ဆောင်နေကြောင်း၊ လူဝင်လူထွက် များခြင်းကြောင် စိတ်အနှောင့်အယှက်ဖြစ်သလို ခိုးဆိုးလုနှိုက်ပေါများ နေချိန်မှာ မျက်နှာစိမ်းများ အဝင်အထွက်ကြောင့် လုံခြုံရေးကို စိတ်ပူမိကြောင်း တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်တွင် အလုပ်သမား အေဂျင်စီ လုပ်နေသော တိုက်ခန်း အဆောက်အအုံမှာက တိုက်ခန်းတစ်ခုမှာ နေထိုင်သူ တစ်ဦးက ပြောသည်။
၎င်းက "ကျနော် နေတဲ့ တိုက်ခန်း အဆောက်အအုံမှာဆို အလုပ်သမား အေဂျင်စီ တစ်ခုလာဖွင့်ထားတယ်။ အဲမှာ တရားဝင် ဆိုင်းဘုတ် မတင်ထားဘူး။ ဒါက တရားဝင်လား မဝင်လား ပွင့်လင်းမြင်သာမှု မရှိတာ တစ်ခု၊ နောက် တစ်ခုက အဲဒီ အေဂျင်စီက သူတို့ ထိုင်းတို့၊ မလေးရှားတို့ကို ပို့မယ့်လူတွေကို ညအိပ်ညနေ နေခိုင်းထားတယ်။ တချို့လူတွေကိုဆိုရင် တစ်ပတ်လောက်ထိတောင် အဲမှာ ထားထားတာ။ ဒီလူတွေက ဘယ်သူတွေလဲ ကျနော်တို့ မသိဘူး၊ ရန်ကုန်မှာ ခိုးဆိုးလုနှိုက် ဒီလောက်ပေါများနေတာ၊ အဲဒီလူတွေက လုံခြုံရေးအရ အောက်မှာ မိန်းဝင် ပေါက်ကို သော့ခတ်ထားတာကို သူတို့လူအဝင်အထွက်များလို့ သော့ကို မခတ်ဘဲ ဒီအတိုင်း ဖွင့်ပါထားတော့ သူ့လူလိုလို ကိုယ်လူလိုလိုနဲ့ ဝင်ခိုအောင်းပြီး လူတွေ လစ်တဲ့အချိန်မှ တိုက်ခန်းတွေ ဖောက်နေရင် ဘယ်လို လုပ်မလဲ၊ ဘယ်သူတာဝန်ယူမှာလဲ အဲဒီအချိန်ကြရင်၊ မြေရှင်လား၊ အဲဒီ အေဂျင်စီလား၊ နောက်ဆုံး ပြောချင်တာ ကတော့ သူတို့ မြန်မာနိုင်ငံသားတွေကို တရားမဝင် ပို့နေတာဆိုရင် ဒါသည် လူကုန်ကူးမှု မြောက်နေတယ်။ ဒါတွေကို သက်ဆိုင်ရာက စိစစ်အရေးယူပေးရမယ်။ သက်ဆိုင်ရာက သိဖို့အတွက်လည်း လမ်းနေ လူထုနဲ့ တိုင်ခန်းနေလူထုက တိုင်ကြား အသိပေးရမယ်။ ကျနော်လည်း အခု တိုင်ဖို့ လုပ်နေတယ်"ဟု ပြောသည်။
MOU ဖြင့် ထိုင်းသို့ သွားရောက်မည့်မြန်မာများကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပြည်ပထွက်၍ အလုပ်လုပ်ကိုင်ချင်သူ များပြားလာသည့် အတွက်ကြောင့် တရားဝင် အေဂျင်စီ သာမက တရားမဝင် အေဂျင်စီနှင့် ပွဲစားတို့မှာလည်း ပိုမိုများပြား လာလျက်ရှိသည်။
ထို့အပြင် ယခုနောက်ပိုင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများသည် ၎င်းတို့၏ အမည်ဖြင့် ဆိုင်းဘုတ်ချိတ်ဆွဲ ထားခြင်း၊ တပ်ဆင်ထားခြင်းမျိုး မရှိသည့်အတွက် လမ်းနေ၊ တိုက်ခန်း အဆောက်အအုံနေ ပြည်သူလူထု အနေဖြင့် ထိုအေဂျင်စီမှာ တရားဝင် ဟုတ်၊ မဟုတ် သိနိုင်ရန် ခက်ခဲလှသည်။
လက်ရှိ၌ ပြည်ပသို့ တရားဝင် အေဂျင်စီများဖြင့် သော်လည်းကောင်း၊ တရားမဝင် အေဂျင်စီများဖြင့် သော်လည်း ကောင်း သွားရောက် အလုပ်လုပ်ကိုင်နေကြပြီး အများစုသည် ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ ဒူဘိုင်း တို့သို့ သွားရောက်ကြကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် တရားဝင် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် အေဂျင်စီစာရင်းသည် ပြီးခဲ့သည့် မတ်လအထိ ၃၂၄ ခု ရှိကြောင်း သိရသည်။
အလုပ်သမားရေးရာဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့်လိုင်စင် မရရှိဘဲ ကြားပွဲစားသဖွယ် လုပ်ကိုင်ပေးနေသူများမှာ လူကုန်ကူး တားဆီးကာကွယ်ရေးဥပဒေနှင့် အရေးယူ ခံရနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်က ပြောသည်။
“လူကုန်ကူးမှု” ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ “ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦး တစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းပြုရန် အလို့ဌာ အောက်ပါပြုလုပ်မှု တစ်ရပ် ရပ်ကို ပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူ ခြင်း၊ ဌားရမ်းခြင်း၊ ဌားယူခြင်း၊ ခိုလှုံ့ခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကိုဆိုလိုသည် ဟုဖွင့်ဆိုထားလေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1394
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ထိုင်းနိုင်ငံတွင် MOU ဖြင့် ရောက်ရှိနေသော်လည်း အလုပ်မရရှိသေးသော မြန်မာများအတွက် ၎င်းတို့ကို စေလွှတ် ခဲ့သည့် အေဂျင်စီများအား ဌာနဆိုင်ရာမှ တာဝန်ရှိသူများအနေဖြင့် အရေးယူ ဆောင်ရွက်သင့်ကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ကိုဗစ် မတိုင်ခင် ကာလက MOU ဖြင့် စေလွှတ်သည့်အခါ ထိုင်းသို့ ရောက်ရှိပါက အလုပ်မရရှိသည့် အလုပ်သမား အရေးမှာ အနည်းငယ်သာရှိခဲ့ကြောင်း၊ ကိုဗစ်ကာလအလွန် MOU ဖြင့် စတင်စေလွှတ်ချိန်မှ လက်ရှိအချိန်အထိ အလုပ်မရရှိသည့် MOU အလုပ်သမားအရေးကိစ္စမှာ အများအပြားရှိလာကြောင်း ၎င်းတို့က ပြောသည်။
ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “မြန်မာနိုင်ငံက အလုပ်သမားအရေး တည်ဆဲဥပဒေအရက MOU စနစ်နဲ့ ပြည်ပကို အလုပ်သမား ပို့တော့မယ်ဆိုရင် ထိုင်းပဲဖြစ်ဖြစ်၊ မလေးရှားပဲဖြစ်ဖြစ်၊ စင်ကာပူပဲဖြစ်ဖြစ် စာချုပ်ပါအတိုင်း အလုပ်လွဲပြီဆိုရင် နံပါတ်တစ် အဲဒီ အေဂျင်စီကို ထိ ရောက်စွာ အရေးယူရမှာ အ.လ.ည(အလုပ်သမားညွှန်ကြားမှုဦးစီးဌာန) ရဲ့ တာဝန်။ နံပါတ်နှစ် အလုပ်သမား တစ်ယောက်ရဲ့ ကုန်တဲ့ ကုန်ကျစရိတ်တွေကို စာချုပ်ပါအတိုင်း အလုပ်မပေးနိုင်ဘူးဆိုရင် လိုင်စင် ကိုင်ထားပြီး တော့မှ ဒါ လူရောင်းစားတာလို့ ခေါ်တယ်။ အဲဒီတော့ ဒီဟာကို ဥပဒေအရ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ အ.လ.ည ဟာ ဒီအေဂျင်စီကို ထိရောက်စွာ အရေးယူရမယ်။ ပြီးတော့ ဒီကလေးတွေ ကုန်သွားတဲ့ ကုန်ကျစရိတ်ကို တစ်ကျပ် မကျန် ပြန်ပေးရမယ်။ ပြီးရင် သူတို့ရဲ့ ပေးဆပ်လိုက်ရတဲ့ အချိန်တွေ၊ နယ်မှာ သူတို့တွေ ငွေတိုးတွေနဲ့ ချေးပြီးတော့ လာတယ်။ ဒီအပေါ်မှာ ထိုက်သင့်တဲ့ နစ်နာကြေးတစ်ခု အချိန်ကုန်ခတွေ သူတို့ကို ပြန်လည် ပေးဆပ် ရမယ်။ အ.လ.ညက ဒီလိုပုံစံ အလုပ်လုပ်လာတဲ့ အခါကျရင် ဒီအေဂျင်စီတွေဟာ အလုပ်သမားတွေ အပေါ်မှာ မသမာတဲ့ နည်းလမ်းတွေနဲ့ စာချုပ်ပါအတိုင်း အလုပ်မပေးနိုင်တာကို တရားဝင် ထွက်စာခ ဆိုပြီးကို လူ တစ် ယောက်ကို ဘတ် ၃၊ ၄၊ ၅ ပြန်တောင်းတဲ့ ပြဿနာတွေ ပျောက်သွားမယ်။ ပြီးတော့ စာချုပ်ပါအတိုင်း သူတို့ အလုပ်ပေးလာမယ်” ဟု ပြောသည်။
ထိုင်းရှိ မြန်မာသံရုံးရှေ့မှာ MOU သမားများ အလုပ်မရ၍ ဆန္ဒပြနေကြစဉ်
MOU ဖြင့် ရောက်ရှိပြီး အလုပ် မရသေးသည့် မြန်မာအလုပ်သမားများထဲကမှ ၈၀ ခန့်သည် အလုပ်မရသည်မှာ ၄ လခန့် ရှိပြီဖြစ်သည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် အလုပ်ရရှိရေး ဆန္ဒပြ တောင်းဆိုခဲ့ကြသေးသည်။
ထိုသို့ ဆန္ဒပြ တောင်းဆိုမှုကြောင့် သံအရာရှိမှ စာထုတ်၍ သံရုံးတာဝန်ရှိသူများက အေဂျင်စီဘက်ကို ခေါ်ယူ ဖြေရှင်းစေခဲ့သည်။
ထို့နောက် အေဂျင်စီဘက်မှ လာရောက်ခဲ့ပြီး အလုပ်မရသေးခင် ကြားကာလ၌ ထိုင်းနိုင်ငံက သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်းကို အလုပ်သမားများအား လစဉ်ပေးရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
MOU အလုပ်သမားများ ထိုင်းကို စေလွှတ်ခံရသော်လည်း အလုပ်မရရှိသည့် ကိစ္စနှင့်ပတ်သက်၍ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ယခုကဲ့သို့ ကိစ္စမျိုး မဖြစ်ပွားစေရန်အတွက် အလုပ်သမားများအား MOU ဖြင့် တစ်ဖက်နိုင်ငံသို့ မစေလွှတ်မီ အေဂျင်စီဘက်မှ အလုပ်ခေါ်စာများအား အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် သေချာစွာ စိစစ်ပြီးမှသာ အလုပ်သမားများကို စာချုပ်ချုပ်ဆို ခိုင်းသင့်ကြောင်းလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများက ပြောသည်။
ထိုင်းကို အလုပ်သွားမယ့် MOU အလုပ်သမားများကိုတွေ့ရစဉ်
FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “အဲဒီအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီပေါ့နော်။ တရားဝင် ထိုင်းနိုင်ငံ ကို အလုပ်သမား ပို့လို့ရတဲ့ အေဂျင်စီကို စနစ်တကျ ကြီးကြပ်သင့်တယ်။ ကျနော်တို့ အမြဲတမ်း ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ MOU နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အရဆိုရင် MOU နဲ့ လာတဲ့ အလုပ်သမားတွေက ထိုင်းကို ရောက်တာနဲ့ကို အလုပ်က အဆင်သင့်ဖြစ်ရမှာ။ အလုပ်အဆင်သင့် ဖြစ်လို့ပဲ သူတို့ကို လက်မှတ်ထိုးပြီး ဗမာပြည်ကနေ လာခေါ်သွားတာ။ အခုက ထိုင်းနိုင်ငံမှာ အလုပ်လည်း သေချာမရှိပဲနဲ့ အေဂျင်စီတွေက သူတို့ရဲ့ အေဂျင်စီ အကျိုးအမြတ် ရလိုမှုနဲ့ အလုပ်သမားတွေကို ထိုင်းထဲကို ခေါ်ခေါ်လာတယ်။ ခေါ်ပြီးတော့ ဒီမှာလည်း အလုပ် မပေးနိုင်ဘူး။ အစိုးရတွေ အနေနဲ့ကတော့ ဒီအေဂျင်စီတွေကို စနစ်တကျ ကိုင်တွယ်ရမယ်။ သူတို့ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေနဲ့ မညီလို့ရှိရင် ထိထိရောက်ရောက် အရေးယူရမယ်။ နောက် တစ်ချိန်တည်းမှာပဲ အစိုးရတွေက ခန့်ထားတဲ့ အလုပ်သမား သံအရာရှိတွေကလည်း အဲဒီအေဂျင်စီတွေရဲ့ လုပ်ငန်းတွေကို စောင့်ကြည့်ပြီးတော့မှ အလုပ်သမားတွေအတွက် အကူအညီပေးရမယ်။ အခုကျတော့ တစ်ချို့ အလုပ်သမား သံအရာရှိတွေနဲ့ အေဂျင်စီ တွေနဲ့ ပေါင်းပြီးတော့ အကျိုးအမြတ်ယူပြီး လုပ်နေကြတော့ အလုပ်သမားတွေ အတွက်က အများကြီး ထိခိုက် တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းကို MOU ဖြင့် စေလွှတ်ခြင်းအား ကိုဗစ်ကြောင့် ရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိ ကိုဗစ်ကာလ အလွန်၌ ပြန်လည် စေလွှတ်ရာတွင် စာချုပ်ပါအတိုင်း အလုပ်မရရှိသည့် MOU မြန်မာ အလုပ်သမား ဦးရေမှာလည်း အများအပြား ရှိနေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2546
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈
မလေးရှားတွင် လက်ရှိ ငွေကြေးဖောင်းပွမှု ဖြစ်ပွားနေသဖြင့် ငွေတန်ဖိုးကျဆင်းနေသောကြောင့် ၎င်းနိုင်ငံတွင် အလုပ်လုပ်ကိုင် လျက်ရှိသည့် မြန်မာများအနေဖြင့် လက်ရှိကာလတွင် လုပ်ငန်းခွင် အပြောင်းအလဲများ မပြုလုပ် သင့်သေးကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
ငွေတန်ဖိုး ကျဆင်းနေမှုအား လက်ရှိအစိုးရသစ်မှ ကိုင်တွယ် မဖြေရှင်းနိုင်ပါက ရေရှည်တွင် လုပ်သား ရှားပါးမှုများ ကြုံတွေ့ရနိုင်သောကြောင့် ယခုကဲ့သို့ လုပ်ငန်းခွင် အပြောင်းအလဲများ မပြုလုပ်ကြရန်အတွက် အကြံပြုခြင်း ဖြစ် ကြောင်း မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက“ဝန်ကြီးချုပ်အသစ် တက်လာတုန်းကဆို မလေးငွေက နည်းနည်းလေး တက်သွားတယ် အမေရိကန် ဒေါ်လာ ထက်။ သို့ပေမယ့်လည်း သူ့ရဲ့အစိုးရအဖွဲ့ကို ကြေညာပြီးတဲ့ အချိန်မှာပဲ ငွေဈေးက သိသိသာသာ ထိုးကျသွား တယ်။ အဲဒါလေးတွေလည်း ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်လာရင် ဒီနိုင်ငံ ခေါင်းဆောင်တွေမှာလည်း ပုဂ္ဂိုလ်ရေးအရ ဒါတွေလည်း ပါမှာပေါ့နော်။ ဒီလူတွေကို မကြိုက်လို့ ငွေကြေး ကစားတာတွေလည်း ရှိရင် ရှိမှာပေါ့လေ။ ဒီအတိုင်း ဆိုရင်တော့ ရေရှည်မှာတော့ အဆင်မပြေ လောက်ဘူးလို့တော့ ထင်တာပဲလေ။ လက်ရှိ ကိုယ်ရှိနေတဲ့ အလုပ်မှာ ဥပမာ တချို့ဆိုရင် calling နဲ့ လာတဲ့လူကတော့ ဒီစက်ရုံမှာပဲ လုပ်ချင်လည်းလုပ်၊ မလုပ်ချင်လည်း လုပ်ပေါ့နော်။ တချို့ တရားမဝင် အလုပ်သမားတွေကတော့ ဟိုမှာလစာကောင်းတယ်။ ဒီမှာ လစာကောင်းတယ်ဆိုပြီးတော့ ဟို ပြေးလိုက် ဒီပြေးလိုက်၊ ဟိုပြေးလုပ် ဒီပြေးလုပ်နဲ့ မမြဲကြတာတွေလည်း ရှိတယ်။ အခုလက်ရှိ အလုပ်မှာပဲ အစဉ်တ စိုက်လေးပေါ့နော်။ လောလောဆယ် ကုတ်ကပ်ပြီးတော့ လုပ်စေချင် တယ်။ ဟိုပြောင်းလုပ်၊ ဒီပြောင်းလုပ် မလုပ် စေချင်သေးဘူး။ ဘာလို့လဲဆိုတော့ အခြေအနေတွေက ဘာမှန်း မသိဘူး။ နောက်ပြီးတော့လည်း အဖမ်းအဆီး က လည်း ရှိနေဆဲပဲ။ အဲဒီတော့ ကိုယ့်လက်ရှိ အလုပ်မှာပဲ အေးအေး ဆေးဆေးလေး ကိုယ်ရသလောက်လေးနဲ့ လောလောဆယ် ခြိုးခြံ ချွေတာပြီး လုပ်စေချင်တယ်” ဟု ပြောသည်။
မလေးရှားရှိ သစ်စက်ရုံမှာ လုပ်နေတဲ့ မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
ရေရှည်တွင် မလေးရှားငွေကြေးတန်ဖိုး ယခုအတိုင်း ဆက်လက် ကျဆင်းနေမည်ဆိုပါက လုပ်ငန်းခွင် အချို့သည် အလုပ်ရပ်နား လိုက်ခြင်းများလည်း ဖြစ်လာနိုင်သည့်အပြင် ယခင်အလုပ်သမား ဟောင်းများအား အလုပ်ထုတ်၍ အလုပ်သမားအသစ်များအား ပြောင်းလဲခေါ်ယူခြင်းတို့ ဖြစ်လာနိုင်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက ပြောသည်။
လက်ရှိတွင် မလေးရှားအစိုးရသစ်သည် မဲဆွယ်ကာလများ၌ ကတိပေးထားခဲ့ခြင်းများကို အကောင်အထည် မဖော်နိုင်မှုကို တွေ့ရှိရကြောင်း၊ ထိုသို့ အကောင်အထည် မဖော်နိုင်ရခြင်းမှာ ၎င်းတို့ အစိုးရသစ် သက်တမ်းသည် တစ်လ ဝန်းကျင်ခန့်သာ ရှိသေးသည့်အတွက် ဖြစ်နိုင်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက သုံးသပ်ကြသည်။
မလေးရှားမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီမှု အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက တော့ အစိုးရအပြောင်းအလဲမှာ လပိုင်းသာရှိသေးသည့်အတွက် သတိထားစောင့်ကြည့်ရဦးမည်ဟု CNI သတင်း ဌာနသို့ ပြောသည်။
မလေးရှားရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် တွေ့ရသော မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
၎င်းက “အစိုးရအပြောင်းအလဲ ကာလဖြစ်တယ်။ ဘာပဲပြောပြော အစိုးရအပြောင်းအလဲ ကာလဆိုတာတော့ အနိမ့်ဆုံး ကတော့ ၆ လတန်သည် တစ်နှစ် တန်သည်ကတော့ အစိုးရ အသစ်၊ အဟောင်း ပြောင်းလဲခြင်း ကာလ မှာ သူတို့ လုပ်စရာရှိတာတော့ လုပ်ကြရမှာပဲလေ။ ဒါပေမယ့် ဒီအစိုးရအသစ်ထဲမှာ ဒုတိယတန်း လိုက်တဲ့ ပုဂ္ဂိုလ် ကတော့ အရင်တုန်းက ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီးလုပ်ခဲ့တဲ့သူဆိုတော့ အတွေ့အကြုံတော့ ရှိတဲ့လူတွေ ပါပဲ။ အတွေ့အကြုံကတော့ရှိကြတယ် သူတို့တွေလေ။ ဆိုတော့ ဘာပဲဖြစ်ဖြစ် stable ဖြစ်အောင်တော့ သူတို့တွေ ထိန်းနိုင်ကြမှာပါ။ ကိုယ့်မြန်မာနိုင်ငံသားတွေ အနေအထားနဲ့ကတော့ ပြောချင်တာ တစ်ခုရှိတာက ကိုယ်လုပ်တဲ့ အလုပ်မှာ သေသေချာချာလေး လုပ်ကိုင်ပြီးတော့ လက်ရှိ အနေအထားကလည်း အဖမ်းအဆီး ကာလတွေက လည်း သူက order ထွက်ထားတာ ရှိတယ်။ ဒီအဖမ်းအဆီး ကာလပြီးတဲ့ အခါကျရင် မလေးရှားမှာ အစိုးရပြောင်း လဲတဲ့ အပြောင်းအလဲအတိုင်း လုပ်တဲ့ အနေအထားတွေက ရှိတယ်လေ။ နိုင်ငံခြားသား အလုပ်သမားတွေကို အသစ်ခေါ်ယူခွင့်တွေ၊ နောက်ပြီးတော့ နိုင်ငံထဲမှာရှိနေတဲ့ တရားမဝင် အလုပ်သမားတွေကို တရားဝင်နေထိုင်ခွင့် ပါမစ်တွေ ထုတ်ပေးတာတွေ အဲဒါတွေကလည်း ရှိလာဦးမှာ” ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် လက်ရှိ ငွေတန်ဖိုး ကျဆင်းမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ် ရှိသော်လည်း လက်ရှိ မလေးရှား အစိုးရသစ်၏ အနေအထားတွင် ကုန်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာသည်မျိုး မရှိ သေးကြောင်း သိရသည်။
သို့သော် လက်ရှိ မလေးရှားတွင် တရားဝင်ဖြင့် သော်လည်းကောင်း၊ တရားမဝင်ဖြင့် သော်လည်းကောင်း အလုပ် လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားများ အနေဖြင့် လုပ်ငန်းခွင် အပြောင်းအလဲများ မပြုလုပ်ကြဘဲ မိမိ၏ လုပ်ခလစာများအား သေချာစုဆောင်းထားသင့်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက အကြံပြုသည်။
ထို့အပြင် အဖမ်းအဆီးများနေသော ကာလဖြစ်သောကြောင့် အထူးသဖြင့် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများအနေဖြင့် အသွားအလာများ သတိထား ဆင်ခြင်ကြရန်လည်း ၎င်းတို့က တိုက်တွန်း ကြသည်။