- By CNI
- Category: စီးပွားရေး
- Hits: 1409
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃
ထိုင်းနိုင်ငံရှိ ဘတ်ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မည်သူမည်ဝါ သက်သေခံလက်မှတ် CI စာအုပ် ထုတ်ပေးနေခြင်းသည် ပွဲစားများအတွက်သာ ဖြစ်နေကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
CI စာအုပ်အား ဇန်နဝါရီ ၁၇ ရက်နေ့မှ စတင်ကာ ထုတ်ပေးနေခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ နောက်ဆုံးထား ပြုလုပ်ရမည်ဟု သတ်မှတ်ထားသော်လည်း ထိုင်းအစိုးရမှ နောက်ဆုံးထား ပြုလုပ်ရမည့် ရက်အား မေလ ၁၅ ရက်အထိ သက်တမ်းတိုးကြောင်း ကြေညာထားသည်။
ဘတ်ပန်းရောင်ကတ် မရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် CI စာအုပ် ပြုလုပ်၍ မရကြောင်း၊ ထို့ပြင် ဘတ်ပန်းရောင်ကတ် အထောက်အထား တစ်ခုတည်းရှိရုံဖြင့်လည်း CI စာအုပ် လုပ်၍ မရကြောင်း၊ လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များမှာ ရှုပ်ထွေးသောကြောင့် ကိုယ်တိုင်ပြုလုပ်ရန်မှာ မလွယ်ကူသဖြင့် ပွဲစားများ အတွက် လုပ်ငန်းခွင်ဖြစ်နေကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
CI စာအုပ်ရရှိထားသူကိုတွေ့ရစဉ်
၎င်းက “ကိုယ့်ဘာသာ ကိုယ်တိုင် သွားလုပ်မယ်ဆိုရင် အလုပ်ရှင်က ကိုယ်တိုင် လိုက်လုပ်ပေးရင်တောင်မှပဲ အဲဒါ အခက်အခဲ ဖြစ်တယ်။ ဘယ်စာရွက်လိုတယ်၊ ဘာလိုတယ်ဆိုပြီး သူတို့ဘက်ကနေ တောင်းဆိုတဲ့ အလုပ်တွေ လုပ် တယ်။ အလုပ်ရှင်က ၂ ခါ ၃ ခါ သူ လိုက်မလုပ်နိုင်ဘူး။ အချိန်မပေးနိုင်ဘူးလေ။ အဲဒီအခါကျတော့ သွား ပွဲစားနဲ့ပဲ လုပ် ဆိုပြီးတော့ အကုန်လုံးက။ အဲဒီ ပွဲစားနဲ့ လုပ်မှလည်း အဆင်ပြေတာ။ ပွဲစားကြတော့ သူတို့က မမေးတော့ ဘူး။ သူတို့မှာက အချိတ်အဆက်ရှိပြီးသား။ ဘယ်လောက်ဆို ဘယ်လောက် Percentage နဲ့ပေါ့ အဲဒါမျိုးတွေက ရှိထားပြီးသားဆိုတော့ အဆင်ပြေတယ် ပွဲစားနဲ့။ အခုတောင်မှ ပန်းရောင်ဘတ် ရှိရုံတစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ နောက်ပိုင်းမှာ သူတို့က Electronic စနစ်နဲ့ သူတို့ လုပ်တယ်ပေါ့။ သူတို့ခေါ်တာကတော့ E-Workpermit လို့ ခေါ် တယ်။ အဲဒါက စာရွက် အဖြူမှာ QR Code နဲ့ပေါ့နော် E-Workpermit အဲဒီဟာနဲ့မှ CI ကို သွားလျှောက်လို့ ရတယ်။ ဒီပန်းရောင်ဘတ် ရပြီးတာနဲ့တောင် သွားလျှောက်လို့ မရသေးဘူး။ work permit မှာမှ နောက်တစ်မျိုး ရှိသေး တယ်။ နောက်တစ်မျိုးဆိုတာက အပြာရောင် စာအုပ်လေ။ အဲဒီစာအုပ်ရှိတဲ့ သူဆိုရင်လည်း ရတယ်။ နောက်ဆုံး အသုတ် အုပ်စုတွေကကြတော့ အဲဒီ အပြာရောင် စာအုပ်က မထွက်သေးဘူး။ တချို့က ကြတော့ slip တွေပဲ ရှိတာကို။ အဲဒီအခါကျတော့ ခုနကပြောတဲ့ E-Workpermit ဆိုတဲ့ အထောက်အထား စာရွက်ပေါ့။ အဲဒါနဲ့ လုပ်ကြ တာပေါ့။ အဲဒါနဲ့ဆိုရင် 7/11 မှာ ငွေသွင်းလို့ရတယ်။ ပန်းရောင်ဘတ် တစ်ခုတည်း ရှိရုံနဲ့ သွင်းလို့မရဘူး။ အဲဒီလို ရှုပ်လေ၊ အထောက်အထားကိစ္စတွေ များလေ အလုပ်သမားတွေက ဘယ်လိုမှ နားမလည်နိုင်ဘူး” ဟု ပြောသည်။
တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရမှ အလုပ်လုပ်ခွင့် လက်မှတ် ဘတ် ပန်းရောင်ကတ်အား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၌ ထုတ်ပေးခဲ့ပြီး ထိုထဲတွင် မြန်မာနိုင်ငံသား ၆ သိန်းခန့် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းများကိုတွေ့ရစဉ်
CI စာအုပ်သည် ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိနေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ဖြစ်ပြီး ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအတွင်း၌သာ တရားဝင်ကြောင်း၊ ထိုစာအုပ်မရှိဘဲ ဘတ်ပန်းရောင်ကတ်နှင့် Work Permit တို့ရှိပါက ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် ရှိသော်လည်း နယ်မြေကျော် သွားလာ ၍ မရကြောင်း သိရသည်။
သို့သော် CI စာအုပ်ရှိပါက မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံအတွင်း စိတ်ကြိုက် သွားလာ နိုင်ပြီး မြန်မာနိုင်ငံသို့လည်း တရားဝင်လမ်းကြောင်းမှ ပြန်ခွင့်ရှိကြောင်း သိရသည်။
ထို CI စာအုပ် ထုတ်ပေးခြင်းသည် ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ နှစ်နိုင်ငံ အကျိုးအမြတ်အတွက် မြန်မာရွှေ့ ပြောင်း အလုပ်သမားများထံမှ အခကြေးငွေ ကောက်ယူနေခြင်း ဖြစ်သည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “CI လုပ်ရင် ထိုင်းအစိုးရက သူကလည်း အကျိုးရှိတယ်။ မြန်မာအလုပ်သမားဝန်ကြီးဌာနကလည်း အကျိုး ရှိတယ်ဆိုတော့ ဒီ CI ကို လုပ်ဖို့ သူတို့ ဖိအားပေးတယ်ပေါ့။ တကယ်တမ်းကြတော့ ၁၀၀ မှာ ၉၉ ရာခိုင်နှုန်း လောက်က CI ကို ဘယ်သူမှ လက်မခံချင်ကြဘူး။ မဖြစ်မနေမို့လို့သာ လုပ်နေကြတာ။ အဲဒီတော့ ဘတ်ပန်းရောင် ကတ် တစ်ခုတည်းနဲ့ နေလို့ရတဲ့ အခွင့်အရေးကို ထိုင်းက လုပ်ပေးရမှာ။ ဒါပေမယ့် အားလုံးကတော့ မြန်မာ အလုပ် သမားတွေရဲ့ အပေါ်မှာ အကျိုးအမြတ်ကို မျှော်ကိုးပြီးတော့မှ အမိန့် ဩဇာအာဏာ သုံးကြတာပဲ။ အခက်အခဲက ငွေကြေး ကုန်ကျမှုတွေ များတာရယ်။ သက်တမ်းတစ်ခု မကုန်သေးပဲနဲ့ နောက် တစ်ခု လုပ်ရတယ်ပေါ့။ အရင်တုန်း က ၃၁၀(ဘတ်ငွေ) သတ်မှတ်တယ် 7/11 မှ ငွေသွင်းတယ်ပေါ့။ ဒါကို ထိုင်း အလုပ်သမား ဝန်ကြီးဌာနနဲ့ မြန်မာ အလုပ်သမားဝန်ကြီးဌာနနဲ့ နောက် ဒီ CI စခန်းကို တင်ဒါယူတဲ့ အေဂျင်စီ နဲ့ ခွဲတမ်းကျ ယူကြတယ်ပေါ့။ အဲဒီ နောက်ပိုင်းမှာ ၇၁၀(ဘတ်ငွေ) ဖြစ်လာတယ်။ အခုတော့ ဒီ ၂၀၂၃ မှာ 7/11 ကို ၁၀၁၀ (ဘတ်ငွေ) သွင်းရမှာပေါ့။ ဘတ်ငွေ ၁၀၁၀ ဆိုလည်း မြန်မာငွေ ၁ သိန်းနီးပါးလေ။ ဒါပေမယ့် ဒီလောက်နဲ့ပဲ ပြီးသွားလားဆိုတော့ မဟုတ်ဘူး။ လူတစ်ယောက်ကို ဘတ် ၇၀၀၀ နဲ့ ၈၀၀၀ ကုန်တယ် ဒီ CI လုပ်တာ” ဟု ပြောသည်။
ပွဲစားများဖြင့် CI စာအုပ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းများ လုပ်ဆောင်ရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်ဦးလျှင် ဘတ်ငွေ သောင်းကဏန်းအထိ ပေးရကြောင်းနှင့် ပွဲစားများဖြင့် CI စာအုပ်ပြုလုပ်ရန် စာရင်းပေး သွင်းရာတွင်လည်း စာရွက်အတုများ ရှိကြောင်းလည်း သိရသည်။
CI စာအုပ်တစ်အုပ်၏ သက်တမ်းမှာ ၄ နှစ်ရှိပြီး စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ချွန်ဘူရီ၊ ရနောင်း အစရှိသည့် ခရိုင် များ၌ စခန်းများ ဖွင့်လှစ်၍ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကိုယ်တိုင် ပြုလုပ်၍ ရနိုင်သည့် လွယ်ကူသော လုပ်ငန်းစဉ်များအား ပြောင်းလဲလုပ်ဆောင်ရန် ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုသည်။
- By CNI
- Category: စီးပွားရေး
- Hits: 828
ကန်ပိုက်တီကုန်သွယ်ရေးတွင် ငှက်ပျောတင် ကွန်တိန်နာကားများ တန်ဆာခလျှော့ခံရ
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁
ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခု ဖြစ်သည့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးတွင် တစ်သျှူးငှက်ပျော တင်ပို့နေသည့် ကွန်တိန်နာ တွဲကားများသည် တန်ဆာခများ ယခင်နှစ်ကထက် လျှော့ယူနေရသည်ဟု ကန်ပိုက်တီ ကုန်ကားမောင်းနှင်သူများထံမှ သိရသည်။
ထိုသို့ တန်ဆာခ ဈေးနှုန်းများ ရရှိမှု လျော့ကျသွားသည့်အတွက် ကုန်ကားသမားများနှင့် ကားပိုင်ရှင်များအတွက် အကျိုးအမြတ်ရရှိမှုမှာ နည်းပါးသွားကြောင်း၊ ကားပြင်ဆင်ရမည်ဆိုပါက ဆုံးရှုံးမှု ရှိနိုင်ကြောင်း ကုန်ကားပိုင်ရှင် တစ်ဦးဖြစ်သည့် ကိုရှမ်းကြီးက CNI သတင်းဌာနသို့ ပြောသည်။
ကုန်ကားများကိုတွေ့ရစဉ်
၎င်းက “ဘယ်လောက် ဖြစ်သွားလဲဆိုရင် ၇၀၀၀(ယွမ်)တို့၊ ၇၃၀၀ တို့ အဲလောက် ဖြစ်သွားတယ်။ ခြင်းတွဲကတော့ ၈၀၀၀ ပါပဲ။ အရင်တုန်းကတော့ ၈၀၀၀၊ ၈၅၀၀၊ ၉၀၀၀ အဲလိုရတယ်၊ ၁ သောင်း သူ့နေရာနဲ့ သူလေ။ ၁၃၀၀၀ အခု နှစ်ကတော့ နည်းတယ်။ ဈေးကတော့ အရင်နှစ်ကထက်စာရင် တော်တော်လေးကို ပြုတ်ကျတယ်။ ရှုံးတာတော့ မရှုံးဘူး အကျန်နည်းသွားတာပေါ့နော်။ အရင်တုန်းက ၁၂ သိန်း(ကျပ်)၊ ၁၃ သိန်း အဲလိုကျန်မယ်ဆို အခုကတော့ ၈ သိန်း၊ ၈ သိန်းခွဲ အဲလိုပေါ့။ ကားဘာမှမဖြစ်ဘူးဆိုရင်တော့ ကောင်းတာပေါ့။ ကားတစ်ခုခုဖြစ်ပြီး လုပ်လိုက်ရတယ် ဆိုရင်တော့ အရှုူံးပေါ်သွားပြီလေ” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြည်နယ်အစိုးရအဖွဲ့များနှင့် တစ်သျှူးငှက်ပျောကုမ္ပဏီများ၊ သီးနှံစိုက်ပျိုး ထုတ်လုပ် သူများအသင်းတို့ ညှိနှိုင်းအစည်းအဝေး၌ ကုန်စည်ပို့ဆောင်ရေး တန်ဆာခများကို လျှော့ချ သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ကုန်ကားသမားများက ပြောသည်။
အဆိုပါ တန်ဆာခဈေးနှုန်းများ လျော့ကျသွားခြင်းသည် လက်ရှိတွင် ငှက်ပျောထွက်ရှိမှု နည်းပါးနေသည့်အတွက် ကုန်ကားလိုအပ်ချက် နည်းပါးနေခြင်းကြောင့်လည်း ပါဝင်နိုင်ကြောင်း၊ တရုတ် နှစ်သစ်ကူးအလွန် ကာလတွင် ငှက်ပျောများ လှိုင်လှိုင်ပေါ်မည် ဖြစ်သည့်အတွက် တန်ဆာခများ ဈေးနှုန်း တိုးလာနိုင်ကြောင်း ကုန်ကားသမား တစ်ဦးဖြစ်သည့် ကိုသော်တာအောင်က CNI သတင်းဌာနသို့ ပြောသည်။
ကုန်ကားများကိုတွေ့ရစဉ်
၎င်းက “မနှစ်တုန်းက သူတို့က ကျနော်တို့ ကားလိုအားများတော့ ဈေးခေါ်တာပေါ့ဗျာ။ အခု ဒီနှစ်က ငှက်ပျောက လည်း ထွက်တာ သိပ်မများသေးဘူးဆိုတော့ ကျနော်တို့ဘက်က လိုအား ဖြစ်သွားတာပေါ့။ ခြံရှင်ဘက်က လိုအား မဟုတ်တော့ဘဲ ကျနော်တို့ဘက်က လိုအားဖြစ်သွားတော့ သူတို့ပေးတဲ့ဈေးနဲ့ လိုက်တင်ရသလို ဖြစ်သွားတာ ပေါ့ဗျာ။ မနှစ်တုန်းက ကျနော်တို့ ကုန်ကားသမားတွေဘက်က နည်းနည်း သူတို့လိုအားများတော့ နည်းနည်း မာလို့ ရတာပေါ့။ အဲအခါကျတော့ အဲလိုရတာပေါ့။ ဒီနှစ်သစ်ကူး ပြီးရင်တော့ အများကြီး ထွက်လာမယ် အဲလိုမျိုး ဆိုရင် တော့ ကားတွေလည်း အခေါက်ရေတွေ ရလာမှာပေါ့။ အဲဒီအခါကျ သူတို့လိုအား များလာရင် ကားခတွေ တိုးပေး လာနိုင်ခြေတော့ ရှိတာပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိတွင် ငှက်ပျောထွက်ရှိမှု နည်းပါးနေသည့်အတွက် ကုန်ကားသမားများ အနေဖြင့် တစ်လလျှင် ၂ ခေါက်သာ ပြေးဆွဲနေရကြောင်း၊ ကိုဗစ် ကန့်သတ်ချက်များ မရှိတော့သည့်အတွက် ငှက်ပျောလှိုင်လှိုင် ပေါ်ချိန်တွင် အခေါက် ရေများ တိုးလာနိုင်ပြီး ဝင်ငွေများလည်း ကောင်းမွန်လာမည်ဖြစ်သည်ဟု ကုန်ကားသမားများက ပြောသည်။
ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးတွင် ကွန်တိန်နာ တွဲကားများဖြင့် ကုန်သွယ်နေပြီး ကုန်ကားအားလုံး၏ ၆၀ ရာခိုင်နှုန်းသည့် ကွန်တိန်နာဖြင့် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 884
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သည့်အတွက် ပြည်တွင်း ဓာတ်မြေဩဇာကို လုံလောက်စွာ ထုတ်လုပ်ရန် လိုအပ်နေကြောင်း တောင်သူလယ်သမားများက ပြောသည်။
ပြည်တွင်းတွင် ဓာတ်မြေဩဇာများကို လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အတွက် ပြည်ပမှတဆင့် ဈေးနှုန်းကြီး ပေးဝယ်နေရခြင်းကြောင့် တောင်သူများမှာ သွင်းအားစုစရိတ် မြင့်တက်မှု ဖြစ်ပေါ်နေကြောင်း၊ ပြည်တွင်းတွင် လုံလောက်စွာ ထုတ်လုပ်နိုင်ပါက သွင်းအားစုစရိတ် များစွာသက်သာသွားမည် ဖြစ်ကြောင်း တောင်သူလယ်သမား ဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လုံလောက်အောင် ထုတ်နိုင်ရင် အခု ပြည်တွင်းမှာ ထုတ်တာက ၄ သောင်း မကျော်ဘူး။ နိုင်ငံခြား တင်သွင်းတဲ့ ဥစ္စာက ၁ သိန်းလောက် ရှိတယ်။ ပြည်တွင်းထုတ်က မလုံလောက်လို့ပေါ့။ တကယ်လို့သာ ပြည်တွင်းမှာ လုံလုံလောက်လောက် ထုတ်နိုင်ရင် တောင်သူတွေအတွက် သွင်းအားစုစရိတ် လျှော့ချနိုင်တာပေါ့။ ကျွေးတဲ့ အာနိသင်ရဲ့ အလွန်မကွာဘူး။ အလွန်မကွာတဲ့အတွက် နိုင်ငံခြားက တင်သွင်းရတဲ့ မြေဩဇာ ဥပမာ အာမို၊ ကောမတ်စ် စသဖြင့် မိုးပုလဲ ဘယ်မြေဩဇာပဲဖြစ်ဖြစ် အဲဒါ ၁ အိတ် ဝယ်မယ့်အစား ဒီမှာဆိုရင် ၂ အိတ်ခွဲ လောက် ရတယ်လေ။ အဲဒါဆိုရင် cost တွေ အများကြီး လျော့ကျသွားမှာပေါ့။ ပြည်တွင်းထုတ်က ၃ သောင်းခွဲနဲ့ ၄ သောင်းပေါ့ အားလုံးပေါင်း သယ်ယူမှု ဝေးလံတဲ့အပေါ် မူတည်ပြီးတော့ ဈေးက ၃ သောင်းခွဲနဲ့ ၄ သောင်းကြားပေါ့။ အခု နိုင်ငံခြားကကောင်ကျတော့ ၁ သိန်းဝန်းကျင်ပေါ့။ တချို့ကောင်တွေက ၁ သိန်း ၁ သောင်းခွဲလောက်ရှိတယ်။ တစ်ချို့ကောင်တွေကျတော့ ၁ သိန်းနီးပါးလောက် ရှိတယ်” ဟု ပြောသည်။
တောင်သူများ စိုက်ပျိုးရေးလုပ်နေစဉ်
လက်ရှိတွင် မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အများဆုံး တင်သွင်းနေရကြောင်း၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံကနေလည်း မှောင်ခိုလမ်းကြောင်းများမှ ဝင်ရောက်နေကြောင်း သိရသည်။
မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းလက်အောက်တွင် ဓာတ်မြေဩဇာစက်ရုံ(၅) ရုံ ရှိသော်လည်း အမှတ်(၄) ဓာတ်မြေ ဩဇာ စက်ရုံ(မြောင်းတကာ) နှင့် အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်) တို့တွင် MPE နာမည်ဖြင့် ထုတ်လုပ်လျက်ရှိသည်။
စက်ရုံ(၂)ရုံ၏ စုစုပေါင်း ထုတ်လုပ်မှုမှာ တစ်ရက်လျှင် တန် ၇၀၀ ခန့်ရှိကြောင်း၊ ကျန်စက်ရုံ (၃) ရုံမှာ သဘာဝ ဓာတ်ငွေ့ မရရှိခြင်းတို့ကြောင့် ရပ်ဆိုင်းထားကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်းတွင် ထုတ်လုပ်သည့် ဓာတ်မြေဩဇာများသည် ယခင်က ထုတ်ပိုးမှုပုံစံကြောင့် အစိုဓာတ်ပြန်၍ ကြာရှည် အထားမခံသော်လည်း လက်ရှိမှာတော့ ထုတ်ပိုးမှုပုံစံ ကောင်းမွန်လာပြီဖြစ်သည်ဟု တောင်သူများက ပြောသည်။
သို့သော် ဓာတ်မြေဩဇာ အရောင်းဆိုင်များတွင် ပြည်တွင်း ဓာတ်မြေဩဇာများ မရှိသည့်အတွက် ပြည်ပမှ ဝင် ရောက်သည့် ဓာတ်မြေဩဇာများကိုသာ သုံးစွဲနေရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ တောင်သူ ဦးအောင်ကျော်မြက ပြောသည်။
ဓာတ်မြေဩဇာစက်ရုံကိုတွေ့ရစဉ်
၎င်းက “ပြည်တွင်းကထွက်တဲ့ ဓာတ်မြေဩဇာက ကျနော်တို့ ဘာပဲပြောပြော ယူရီယား ၄၆ ရာခိုင်နှုန်း ပါရင်တော့ သုံးကြမှာပါဗျ။ အခု မြန်မာကထွက်တဲ့ ဓာတ်မြေဩဇာက သိပ်များများစားစား အပြင်လောကမှာ ရောင်းလို့ မရှိ ဘူးဗျ။ ဌာနဆိုင်ရာလောက်ပဲ ရှိမယ်နဲ့တူတယ်။ ကျနော်တို့ ဓာတ်မြေဩဇာတွေကို ရောင်းကြတဲ့ ဓာတ်မြေဩဇာ အရောင်းဆိုင်တွေမှာက မြန်မာကထွက်တဲ့ ဓာတ်မြေဩဇာ သိပ်မတွေ့ဘူးလေ။ မတွေ့တဲ့အခါမှာ ကျနော်တို့က ရှိတာကို ဝယ်သုံးတာပေါ့နော် အဲလိုသဘောပေါ့။ မြန်မာကထွက်တဲ့ ဓာတ်မြေဩဇာလည်း ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာက များများစားစား ဆိုင်တွေမှာလည်း မတွေ့ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ စပါးသီးနှံစိုက်ပျိုးမှုတွင် မိုးစပါးဧက ၁၅ သန်း၊ နွေစပါး ဧက ၃ သန်း စုစုပေါင်း စပါးစိုက်ဧက ၁၈ သန်းအတွက် တစ်ဧက အထွက်နှုန်း တင်း ၁၀ဝ ထွက်ရှိဖို့ဆိုပါက စပါးတစ်ဧကလျှင် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် သို့မဟုတ် ကွန်ပေါင်း ဓာတ်မြေဩဇာ ၃ အိတ်နှုန်း သုံးစွဲရန် လိုအပ်ပါသည်။
စပါးသီးနှံ တစ်ခုတည်း အတွက်ပင်လျှင် ဓာတ်မြေဩဇာ တန်ချိန် ၂ ဒသမ ၇ သန်းခန့် နှစ်စဉ်လိုအပ်မည်ဖြစ်ပြီး ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ အပါအဝင် သီးနှံအားလုံးအတွက် နှစ်စဉ်ဓာတ်မြေဩဇာတန်ချိန် သုံးသန်းကျော် လိုအပ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ လေ့လာချက်များအရ သိရှိရပါသည်။
လေ့လာ တွေ့ရှိချက်များအရ ယူရီးယား ဓာတ်မြေဩဇာ မက်ထရစ် တစ်တန်အတွက် ကွင်းအရောက် ဈေးနှုန်းမှာ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄၄၅ ဒေါ်လာရှိပြီး ကမ္ဘောဒီးယားတွင် အမေရိကန်ဒေါ်လာ ၄၁၀၊ ထိုင်းနိုင်ငံ တွင် အမေရိကန်ဒေါ်လာ ၄၀ဝ နှင့် ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃၈၀ ရှိသဖြင့် မြန်မာနိုင်ငံ၏ ဓာတ်မြေဩဇာ ဈေးနှုန်းမှာ ဒေသအတွင်း အခြားနိုင်ငံများထက် ကြီးမြင့်လျက်ရှိပါသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2627
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉
မလေးရှားနိုင်ငံရှိ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ရီကာလီဘရာစီပါမစ်(RTK) လျှောက်ရန်အတွက် အမည်စာရင်းပေးသွင်းခြင်းအား ဇန်နဝါရီ ၂၇ ရက်မှ စတင်ကာ ပေးသွင်းနိုင်ပြီဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ ဇန်နဝါရီ ၁၈ ရက်နေ့တွင် တရားဝင်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
၎င်း၏ သတ်မှတ်ကာလမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့မှ စတင်ကာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ဖြစ်ပြီး ပါမစ်လျှောက်ထားနိုင်သည့် လုပ်ငန်းအမျိုးအစား (၈) မျိုးရှိကြောင်း၊ အလုပ်ရှင်သူဌေးနှင့် ပတ်စပို့စ် စာအုပ် ရှိသည့် မြန်မာအလုပ်သမားများအနေဖြင့် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားတွင် နေထိုင်သူ မွှားမိုက်ကယ်က “သူက ဒီ register ကာလကို တစ်နှစ်သတ်မှတ် ပေးထားတယ် အခု လောလောဆယ်ကတော့။ Register လုပ်တဲ့ ကာလက တစ်လသော်လည်းကောင်း၊ နှစ်လသော် လည်းကောင်း လ.ဝ.က က အကြောင်းကြားတဲ့အခါ လက်ဗွေနှိပ်လို့ ရပြီဆိုပြီး လက်ဗွေ သွားနှိပ်ရတယ်။ လက်ဗွေနှိပ်တဲ့ ကာလ မှာ အရင်တုန်းက ဘယ်စက်ရုံမှာ လုပ်ခဲ့တယ်၊ စက်ရုံတွေကနေ ပြေးထားတဲ့လူတွေ ဆိုရင်တော့ သူက cancel ထိ တာပေါ့နော်။ ဘယ်နှရက်အတွင်း မြန်မာပြည် ပြန်ဆိုပြီးတော့။ သူတို့က စာရွက် စာတမ်းနဲ့ ဒဏ်ကြေးဆောင်ပြီး ပြန်ရတယ်။ သူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လက်ဗွေတွေ ဘာတွေ လွတ်တဲ့ လူလောက်ပဲ ပါမစ်ကို သူတို့ ထုတ်ပေးတာ။ စိုက်ပျိုးရေးဆို စိုက်ပျိုးရေး ဈေးနှုန်းရှိမယ်၊ ဆောက်လုပ်ရေးဆို ဆောက်လုပ်ရေး၊ စက်ရုံဆို စက်ရုံ၊ စားသောက်ဆိုင်ဆို စားသောက်ဆိုင် သူ့ရဲ့ Levy ကြေးနဲ့ အခွန်နဲ့ ၊ ပြီးသွားရင် အာမခံကြေးတွေ ပေါ် မူတည်ပြီးတော့မှ ဒါတွေက ဈေးနှုန်းက ကွဲပြားတယ်ပေါ့။ မြန်မာတွေ အနေနဲ့ကတော့ လက်ရှိ လက်ဝယ်မှာ ပတ်စပို့စ်စာအုပ် ရှိထားရမယ်။ မြန်မာသံရုံးက ထုတ်ပေးတဲ့ ပတ်စပို့စ်စာအုပ် ရှိရမယ်။ အလည်ဗီဇာနဲ့ လာတဲ့ စာအုပ်လည်း ရတယ်။ အဲဒီစာအုပ်တွေရှိပြီးတော့ သူဌေးလိုတယ်။ ကိုယ့်ကို အာမခံပေးမယ့် သူဌေးပေါ့နော်၊ ကိုယ် လုပ်နေတဲ့ သူဌေး။ အဲဒီသူဌေးရဲ့ လိုင်စင်တွေ သူ့ရဲ့ စာရွက်စာတမ်းပေါ့။ သူတို့နိုင်ငံက သတ်မှတ်ထားတဲ့ စာရွက် စာတမ်း အပြည့်အစုံပါမှသာလျှင် သူ့ရဲ့ အလုပ်သမားဖြစ်တဲ့ မြန်မာနိုင်ငံသားတွေအတွက် ပါမစ်ကပ်လို့ရတာ” ဟု ပြောသည်။
မြန်မာပတ်စပို့စ်ကိုင်ထားသူ တစ်ဦးကိုတွေ့ရစဉ်
ပါမစ်လျှောက်ရန်အတွက် စာရင်းပေးသွင်းရာတွင် မလေးရှား ရင်းဂစ်ငွေ ၁၅၀၀( မြန်မာငွေ ၇ သိန်းကျော်) ဝန်း ကျင်ခန့်သာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ထိုရီကာလီဘရာစီပါမစ်(RTK)အား လျှောက်ထားနိုင်သည့် လုပ်ငန်းအမျိုးအစား ၈ မျိုးနှင့် လျှောက်ထားခွင့် မရှိ သည့် လုပ်ငန်းအမျိုးအစား ၅ မျိုးဟူ၍ သတ်မှတ်ထားသည်။
ပါမစ် လျှောက်ထားနိုင်သည့် လုပ်ငန်း ၈ မျိုးမှာ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ သတ္တုတွင်းနှင့် ကျောက်မိုင်း များ၊ လုံခြုံရေးအစောင့်၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ စိုက်ခင်း၊ နိုင်ငံခြား အိမ်အကူတို့ဖြစ်ပြီး ထို နိုင်ငံ ခြား အိမ်အကူအား ယခုနှစ်၌ ကဏ္ဍအသစ် ထည့်သွင်းထားခြင်း ဖြစ်ကြောင်း မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
လျှောက်ထားခွင့် မရှိသည့် လုပ်ငန်း ၅ မျိုးမှာ အထည်အလိပ် လုပ်ငန်း၊ ပန်းထိမ်၊ ဆံပင်ညှပ်၊ လူမှုဖူလုံရေး၊ စွန့်ပစ် ပစ္စည်း ပြန်လည် အသုံးပြုထုတ်လုပ်ရေး လုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။
ယခု ပြန်ဖွင့်ပေးသည့် ရီကာလီဘရာစီပါမစ်(RTK) အား မိမိ၏ အလုပ်ရှင်သူဌေးဖြင့် လျှောက်ပါက အစိုးရ ကုန်ကျ စရိတ်ခန့်သာ ကျသင့်မည်ဖြစ်ပြီး ပွဲစားများ၊ အေးဂျင့်များဖြင့် ပြုလုပ်မည်ဆိုပါက အများအပြား ငွေကုန်ကြေးကျ များသည့်အပြင် လူလိမ်ခံရခြင်းများလည်း ကြုံတွေ့ရကြောင်း သိရသည်။
မလေးရှာ လူ၀င်မှုကြီးကြပ်ရေးဌာနကိုတွေ့ရစဉ်
Maharajar Travel and Tour မှ တာဝန်ရှိသူတစ်ဦးက “system တစ်ခုမှာ ဒီ လ.ဝ.က ရဲ့ system တစ်ခုမှာ ပါမစ် လုပ်ကြတယ်။ သူဌေးနဲ့ပဲ တိုက်ရိုက်လုပ်လုပ်၊ အေဂျင်စီနဲ့ပဲ လုပ်လုပ် လုပ်ပြီးသွားတဲ့သူတွေက တရားဝင် နေထိုင် ခွင့် ရပြီဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ပေးထားတာ။ အရင်တုန်းကကြတော့ ပါမစ်လုပ်တဲ့လူတွေ အကုန်လုံးက လုံးဝဖမ်းချင် ရင် ဖမ်းမှာပဲ၊ စစ်ချင်ရင် စစ်တာပဲ အဲဒီလိုမျိုးပေါ့။ ဒါမျိုးအစီအစဉ်နဲ့ လုပ်ထားတဲ့ လူတွေကြတော့ ရဲအော်ပရာစီကြ လွတ်တယ်ပေါ့ အဲဒီလိုပုံစံမျိုး” ဟု ပြောသည်။
ယခင်နှစ်က ပါမစ်ပြုလုပ်ရာတွင် ပွဲစား၊ အေးဂျင့်တို့ဖြင့် မဟုတ်ဘဲ မိမိ၏ အလုပ်ရှင်သူဌေးမှ ပြုလုပ်ပေးပါက အစိုးရ ကုန်ကျစရိတ်အဖြစ် မလေးရှားရင်းဂစ်ငွေ ၅၀၀၀ (မြန်မာငွေ ၂၄ သိန်းကျော်) ကုန်ကျသည့်အပြင် Overstay သမားဖြစ်ပါက နှစ်အလိုက် ဒဏ်ကြေးငွေ သတ်မှတ်ထားကြောင်းလည်း သိရသည်။
သို့သော် ပွဲစား၊ အေးဂျင့်များဖြင့် ပြုလုပ်သည့်အခါတွင် မလေးရှားရင်းဂစ်ငွေ အနည်းဆုံး ၈၀၀၀ (မြန်မာငွေ ၃၈ သိန်းကျော်) မှ ၁၅၀၀၀ (မြန်မာငွေ ၇၂ သိန်းကျော်) အထိ ပေးခဲ့ရကြောင်းလည်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ အဖမ်းအဆီးမှာ အင်မတန် များပြားလာခြင်းကြောင့် Overstay ဖြစ်နေသည့် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း ယခုပါမစ်အား လျှောက်ထားသင့်ကြောင်း မလေးရှားရှိ မြန်မာများက အကြံပြုသည်။
ယခုပြန်ဖွင့်ပေးမည့် ရီကာလီဘရာစီ ပါမစ်သည် မလေးရှားအစိုးရမှ ရေးဆွဲထားသည့် လုပ်သားစိစစ်ရေး ပရိုဂရမ် (RTK Program) ဖြစ်ပြီး တရားဝင်နေထိုင် အလုပ်လုပ်ခွင့် ရရှိသည့် ပါမစ်ဖြစ်ပြီး တစ်နှစ်တစ်ခါ သက်တမ်း တိုးရခြင်း ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 648
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉
ကုလားတန်မြစ် စီမံကိန်း၏ သယ်ယူပို့ဆောင်ရေး အစိတ်အပိုင်း တစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်ကို ဖွင့်ပွဲ မလုပ်ရသေးသော်လည်း ကုန်သွယ်မှု စတင်နေပြီဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။
စစ်တွေဆိပ်ကမ်းသစ်ကနေ ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းက ဘင်္ဂလားဒေ့ရှ်သို့ စတင်၍ ဆန်တင်ပို့မှုများ ပြု လုပ်ခြင်းဖြစ် ကုန်သွယ်ရေးဆောင်ရွက်နေပြီဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖွင့်တာတော့ ဖွင့်ပွဲတော့ မလုပ်သေးဗျ။ ဒါပေမယ့် အလုပ်တော့ စလုပ်နေပါပြီဗျ။ လက်ရှိကတော့ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့တဲ့ ဆန်တင်ပို့တဲ့ သင်္ဘောတစ်စီးကတော့ အဲဒီဆိပ်ကမ်းကပဲ အသုံးပြုပြီးတော့ စပြီးတော့ ပထမဆုံးပေါ့လေ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ထွက်သွားပါပြီဗျ” ဟု ပြောသည်။
စစ်တွေဆိပ်ကမ်းကိုတွေ့ရစဉ်
စစ်တွေ ဆိပ်ကမ်းသစ်ကို နိုင်ငံတကာသင်္ဘောများ ဆိုက်ကပ်ခွင့်နှင့် ပြည်ပသို့ ပို့ကုန်တင်ပို့မှုများကိုသာ အသုံးပြု ခွင့် ပြုထားကြောင်း၊ ပြည်တွင်း သင်္ဘောများနှင့် တခြားသော ကုန်စည်ပို့ဆောင်ရေး သင်္ဘောများ ဆိုက်ကပ်ခွင့်နှင့် ပတ်သက်ပြီး ခွင့်ပြုချက် မရထားသေးကြောင်း သိရသည်။
လက်ရှိတွင် ဆိပ်ကမ်း ဖွင့်သော်လည်း ကုန်သွယ်မှုများ ပြုလုပ်ရန်အတွက် သင်္ဘောလိုင်းများ မရှိသေးကြောင်း၊ အချိန်မှန် ပြေးဆွဲမည့် သင်္ဘောနှင့် ကမ်းရိုးတန်း သင်္ဘောလိုင်းများ ရှိမှသာ ကုန်သွယ်မှုများ မြင့်တက်လာမည် ဖြစ်သည်ဟု ဦးတင်အောင်ဦးက ပြောသည်။
၎င်းက “သင်္ဘောဆိပ်ကမ်းတစ်ခု ဖွင့်တာနဲ့ မပြီးသေးဘူးလေ။ သင်္ဘောလိုင်းတွေက international ဆိုလည်း ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ စစ်တွေနဲ့လည်း တိုက်ရိုက် ကုန်သွယ်မှုပေါ့လေ။ အဲဒါတွေလည်း Schedule သင်္ဘောတွေ၊ နောက်တစ်ခုက coastal သင်္ဘောတွေ သူတို့အတွက် သင်္ဘောလိုင်းတွေက အချိန်မှန်ဆွဲတဲ့ သင်္ဘော လိုင်းတွေ ဖြစ်လာဖို့လည်း အရေးကြီးပါတယ်။ ပြီးတော့ အိန္ဒိယနဲ့ဆိုလည်း စီစဉ်နေကြတာတော့ ကာလက္ကတားနဲ့ စစ်တွေပေါ့။ ကာလက္ကတားနဲ့ စစ်တွေကိုလည်း ခုနကပြောတဲ့ အချိန်မှန် Schedule သင်္ဘောတွေ၊ coastal သင်္ဘောတွေ အဲဒါတွေလည်း သူတို့ ဆွဲနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါတွေ ဖြစ်လာပြီးမှ ကျနော်တို့ ကုန်သွယ်မှု တွေက တဖြည်းဖြည်း တက်လာမှာပေါ့လေ။ အခုက ဆိပ်ကမ်းတော့ ဖွင့်တယ်။ ဒါပေမယ့် ကုန်တင်ဖို့အတွက် သင်္ဘောလိုင်းတွေက အချိန်မှန် ပြေးဆွဲနိုင်တဲ့ အနေအထားမှာ မရှိသေးဘူးဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လမ်းဆုံတစ်ခုကိုတွေ့ရစဉ်
ကုလားတန်မြစ်ကြောင်း ဘတ်စုံသုံး သယ်ယူပို့ဆောင်ရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် စစ်တွေ ဆိပ်ကမ်းသစ် သည် အိန္ဒိယနိုင်ငံ၊ ကာလက္ကတားဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းတို့ တိုက်ရိုက်ကုန်သွယ်သည့် လမ်းကြောင်း တစ်ခုဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းနှင့်လည်း ကုန်သွယ်မှု ပြုလုပ်နိုင်ကြောင်း သိရသည်။
စစ်တွေဆိပ်ကမ်းသစ်သည် တန်ချိန် ၅၀၀၀ နှင့် ၆၀၀၀ ဆံ့သည့် သင်္ဘောများ ပြေးဆွဲနိုင်သည့်အတွက် ကုန်သွယ် ရေး လုပ်ရာတွင် ပိုမိုကုန်သွယ်နိုင်ပြီး ကုန်သွယ်မှု လျင်မြန်လာမည်ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
လက်ရှိတွင် ကုန်သည်များအနေဖြင့် ကုန်သွယ်မှုနှင့် ပတ်သက်ပြီး မည်သို့ ခွင့်ပြုပေးထားသည်ကို မသိရသေး ကြောင်း ကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆိပ်ကမ်းသစ်က အဓိက အိန္ဒိယနဲ့ အလုပ်လုပ်လို့ ရသွားမှာပေါ့။ အိန္ဒိယနဲ့ ဖွင့်ပြီးလား၊ ဘယ်လိုပုံစံနဲ့ ကုန်သွယ်လို့ ရပြီလဲဆိုတာ အစ်ကိုတို့လည်း မသိရသေးဘူး။ ဖွင့်ပါပြီ ဘယ်လိုပုံစံနဲ့ လည်ပတ်လို့ရပြီဆိုတာ သိသွားရင် သူ့ဟာနဲ့သူ ဖြစ်သွားမှာ။ သူတို့ ဘယ်လိုပုံစံနဲ့ လည်ပတ်မှာလဲဆိုတာ အရေးကြီးတာလေ။ ဘယ်လိုပုံစံ လုပ်လို့ရလဲ၊ ဘာကို ဘယ်လိုပုံစံ လုပ်လို့ရလဲ၊ လွတ်လွတ်လပ်လပ် ကုန်သွယ်လို့ ရနေပြီလား အစ်ကိုတို့က အိန္ဒိယ ကို မျှော်လင့်တာကိုး။ ဘာမှလည်း မသိရသေးတော့ ပြောဖို့ခက်တယ် ဒီကိစ္စက အိန္ဒိယကို ပို့လို့ရပြီလား အိန္ဒိယ ကို ပဲတွေ၊ နှမ်းတွေ၊ ပြောင်းတွေကအစ အဲဒီဆိပ်ကမ်းကနေ ပို့လို့ရလား၊ အိန္ဒိယကနေ အိမ်ဆောက်ပစ္စည်းတို့၊ လိုအပ်တဲ့ဟာတွေကို၊ မြန်မာနိုင်ငံမှာ လိုအပ်တဲ့အရာတွေကို သွင်းလို့ရပြီလား အဲဒါတွေ သိရရင်တော့ အဆင်ပြေ တယ်လေ” ဟု ပြောသည်။
လက်ရှိတွင် ဆိပ်ကမ်း ဖွင့်လှစ်ပြီးနောက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရာ၌ သင်္ဘောလိုင်းတစ်ခု ထားရှိရန် အပါအဝင် အပတ်စဉ် သို့မဟုတ် လစဉ် သင်္ဘောပြေးဆွဲနိုင်ရန် ကုန်သည်များ၊ လုပ်ငန်းရှင်များနှင့် အိန္ဒိယနိုင်ငံ တာဝန်ရှိသူများအကြား ဆွေးနွေးနေကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်းသင်္ဘောလိုင်းများ ဆိုက်ကပ်နိုင်ရန်အတွက်လည်း ဆောင်ရွက်နေကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 757
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈
ကိုဗစ်ကြောင့် ပိတ်ထားသည့် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ပြန်လည် ဖွင့်လှစ်လိုက် ခြင်းသည် မြန်မာများထက် ထိုင်းနိုင်ငံအတွက်သာ အကျိုးအမြတ်ပို၍ ရရှိခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် လိုက်သော်လည်း လက်ရှိတွင် နေ့ချင်းပြန်သွားလာသည့် မြန်မာနိုင်ငံသား အနည်းငယ်သာရှိသေးပြီး ထိုင်းဘက်မှ နေရပ်ပြန်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့မှာလည်း နည်းပါးသေးကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “မြန်မာဘက်က အဲဒီလောက် မရဘူး။ ထိုင်းဘက်ကပိုရတယ်။ ဘာကြောင့် ထိုင်းဘက်ပိုရလဲဆိုတော့ ထိုင်းထဲကို ဝင်လာတဲ့ အခု နယ်ခြား ဖြတ်သန်းခွင့်လက်မှတ်ကိုတောင်မှ အရင်တုန်းက ဘတ်ငွေ ၂၀ ပေးရတာကို အခုက ဘတ် ၆၀ ပေးရတယ်။ နောက်တစ်ခုက ဒုတိယတစ်ခုက မြန်မာနိုင်ငံထဲက ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ပြန်ရင် ထိုင်းအစိုးရ ရဲ့ဝင်ငွေက ဗီဇာ section အရ တုံးကြီးထုရတာပေါ့။ တုံးထုပြီးတော့ပြန် အဲဒီတံဆိပ်တုံး ထုလို့ရှိရင် ဘတ် ၁၀၀၀(မြန်မာငွေ ၈သောင်းကျော်) ပေးရတယ်။ ၁၀ ယောက်ပြန်ရင် ဘတ် ၁၀၀၀၀ (မြန်မာငွေ ၈ သိန်းကျော်) ပေးရတယ်။ ဒါဟာ ထိုင်းအစိုးရရဲ့ အခွန်ဝင်ငွေပဲ။ ဒီနေရာမှာ လ.ဝ.က လူဝင်မှုကြီးကြပ်ရေးကနေ ပြီးတော့ တံတားပေါ်မှာတောင်းတာတွေက တရားမဝင်ဘူးဆိုပေမယ့် အထွက်တုံး တစ်တုံးထုရင် ဘတ် ၁၀၀ တောင်းတာ တွေ၊ ၂၀၀ တောင်းတာတွေ ရှိတယ်ပေါ့နော် အဝင်၊ အထွက်ဆိုရင်။ မြန်မာနိုင်ငံသားဟာ ထိုင်းနိုင်ငံထဲမှာ တရားဝင်ဗီဇာ ကိုင်ထားတဲ့သူက ၅ သန်းကျော်ရှိတယ်လေ။ အဲဒီတော့ ဒီတံတား (၁) ရုတ်တရက် ပြန်ဖွင့်ခြင်းဟာ အခြေခံလူတန်းစားတွေအတွက် ကောင်းသလားမေးရင် အရမ်းကောင်းတယ်။ နှစ်နိုင်ငံအကျိုးစီးပွားနဲ့ လတ် တလော အမြင်မှာလည်းကောင်းတယ်ဆိုပေမယ့် လက်ရှိ အကျိုးအမြတ် ပိုမိုရရှိစေတာကတော့ ထိုင်းအစိုးရပဲ ဖြစ်တယ်” ဟု ပြောသည်။
မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမြင်ကွင်း
ယခုကဲ့သို့ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် တရားဝင် နေရပ်ပြန်ချင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အဆင်ပြေသကဲ့သို့ နေ့စား အလုပ်လာရောက် လုပ်ကိုင်ချင်သူများအတွက်လည်း အဆင်ပြေကြောင်းသိရသည်။
ထိုင်းနိုင်ငံထဲ၌ တရားဝင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ယခင် တံတားမပိတ်ခင် ကာလက နေရပ်ပြန်သည့်အခါတွင် လူရာနှင့်ချီ၍ ပြန်ကြခြင်းဖြစ်သော်လည်း လက်ရှိတွင် လုံခြုံရေး စိုးရိမ်မှု ကြောင့် နေရပ်ပြန်သူဦးရေ ဆယ်ကဏန်းခန့်သာ ရှိကြောင်းလည်း သိရသည်။
MWRN မှ အကြံပေး ဦးအောင်ကျော်က “ဒီတံတားဖွင့်တယ်ဆိုတာက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အဓိကTarget ထားပြီး ဖွင့်တာ မဟုတ်ပါဘူး။ ဒါက နိုင်ငံတစ်နိုင်ငံမှာ သူ့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေကသာလျှင် တိုင်းပြည်အတွက် အကျိုးအမြတ် အများကြီး ရတဲ့အတွက်ကြောင့် သူတို့ ဒီ ၃ နှစ်လောက် ရပ်တန့်ထားရတဲ့အတွက်ကြောင့် သူ့နိုင်ငံရဲ့ စီးပွားထုတ်ကုန်တွေ အားလုံးကို အင်နဲ့အားနဲ့ သန်းနဲ့ချီပြီး ရောင်းချနိုင်စွမ်းမရှိလို့ ဖြစ်သွားတဲ့အနေအထားမှာ အခုလိုတံတားကြီးကို ဖွင့်ပြီးမှ လက်ရှိအနေအထားမှာ သူတို့ စီးပွားရေးကို အရှိန်အဟုန်နဲ့ မြှင့်တင်ချင်လို့သာဖြစ်လို့ နှစ်ဘက် ကြိုးစား ပြီးဖွင့်လိုက်ကြတာ။ တချို့တချို့သော အလုပ်သမားတွေလည်း တရားဝင်လမ်းကြောင်းကနေ မြန်မာပြည်ကို ပြန်ချင်နေတဲ့ လုပ်သားလေးတွေလည်း ရှိတယ်။ အဲဒါကတော့ သူတို့ မိဘ၊ ဆွေမျိုးနဲ့ တွေ့ချင်ကြတာတွေ။ သို့သော် အဲဒီလိုတံတားကို တရားဝင်မဖွင့်တဲ့အခါမှာတော့ ပြန်ခွင့်မရဘူးပေါ့။ အဓိကကတော့ တံတားကို တရားဝင်ဖွင့်လိုက်ပြီဆိုတော့ သွားလာလို့ရတဲ့ အနေအထားတော့ ဖြစ်ပါပြီ။ အဲဒီအတွက်တော့ အလုပ်သမား တွေက ကျေနပ်အားရ ဖြစ်ပါတယ်။ သို့သော် အလုပ်သမားတွေက တံတားဖွင့်လိုက်လို့ ကျေနပ်တယ်ဆိုပေမယ့် သူတို့စိတ်ထဲမှာ သံသယစိတ်နဲ့ စိုးရိမ်နေတာက နေ့စဉ်ရက်ဆက် အဲဒီအနားမှာလည်း တိုက်ပွဲဖြစ်ပေါ်မှုတွေရှိတော့ သူတို့အတွက် လုံခြုံမှုရှိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလေးတွေတော့ရှိနေဆဲပါ။လမ်းကြီးဖွင့်လို့ သူတို့ပျော်နေ ပေမယ့် ဟိုဘက်မှာ ဝုန်းဒိုင်းဆိုတဲ့ အသံတွေ ကြားနေတော့ သူတို့ စိုးရိမ်စိတ်ရှိနေပါသေးတယ်” ဟု ပြောသည်။
လုံခြုံရေးနှင့်ပတ်သက်၍ ကြည့်ပါက မဲဆောက်ဘက်အခြမ်းတွင် ထိုင်းနိုင်ငံမှ လုံခြုံရေးအား သေချာစွာ ချမှတ် ထားခြင်းဖြစ်ပြီး မြန်မာဘက်တွင်လည်း လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ သေချာလုပ်ဆောင်သင့်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုသည်။
လက်ရှိတွင် တံတားပြန်ဖွင့်သည်မှာ ရက်ပိုင်းသာရှိသေးသည့်အပြင် ယာဉ်ငယ်နှင့် ခရီးသွားမည့်သူများကိုသာ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်ပြီး ကုန်တင်ယာဉ်များအား ခွင့်ပြုခြင်းမရှိသေးကြောင်း သိရသည်။
ထို့ကြောင့် အချိန်ကာလ အနည်းငယ်ကြာမြင့်ပါက ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ပါ ကောင်းမွန်ကြောင်းနှင့် တံတားပြန်ဖွင့်လိုက်သည့် အကျိုးဆက်အနေဖြင့် ထိုင်းဘတ်ငွေဈေးများလည်း တက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။
မြဝတီ-မဲဆောက် အမှတ်(၁)တံတားမှ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် တံတားမပိတ်မီ ၂၀၁၉ ခုနှစ်အထိ တစ်လလျှင် ထိုင်းဘတ်ငွေ သန်းပေါင်း ၁ သိန်းအထိ ရှိခဲ့ကြောင်း စီးပွားကူးသန်း၏စာရင်းများအရ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 552
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမှုသည် ယခင်နှစ်ထက် စိုက်ပျိုးဧက တိုးလာကြောင်း ရခိုင်ပြည်နယ်ရှိ နွေစပါးစိုက်တောင်သူများထံမှ သိရသည်။
လက်ရှိတွင် စပါးဈေးနှုန်း ကောင်းမွန်နေခြင်းနှင့် ဆည်ရေများမှတဆင့် ရေရရှိမှုသည် ယခင်နှစ်ထက် ကောင်းမွန် လာခြင်းတို့ကြောင့် နွေစပါးကို တိုး၍ စိုက်ပျိုးခြင်းဖြစ်သည်ဟု ကျောက်တော်မြို့နယ်မှ စပါးစိုက်တောင်သူ ဦးမောင်ထီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုန်ခဲ့တဲ့နှစ်က ဧက ၆၀၊ ၇၀ လောက်စိုက်တယ်။ ဒီနှစ်က ဧက ၂၀၀ လောက် စိုက်တယ်။ တိုးစိုက်ဖြစ် တာက ရေမြောင်းကို ဒီနှစ်က ဆည်မြောင်းက တစ်ဖက်တစ်လမ်းက လုပ်ပေးတယ်။ ပြီးတော့ စပါးဈေးက ဒီနှစ်က တွက်ခြေကိုက်တယ် အဲဒါလည်း ပါတာပေါ့” ဟု ပြောသည်။
ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ရခိုင်ပြည်နယ်၏ နွေစပါးစိုက်ပျိုးမှုသည် ယခင်နှစ်က ဧက ၈၀၀ ကျော်ရှိပြီး ယခုနှစ်တွင် ဧက ၁၅၀၀ ကျော်ရှိသည့်အတွက် ယခင်နှစ်ထက် စိုက်ပျိုးဧက ၇၀၀ ခန့် တိုးလာ ကြောင်း သိရသည်။
စပါးများစိုက်ပျိုးနေကြသော တောင်သူများကိုတွေ့ရစဉ်
ရခိုင်ပြည်နယ်တွင် နွေစပါးကို ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်တို့တွင် စိုက်ပျိုးလျက် ရှိကြောင်း၊ ကျောက်တော်မြို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ ရေအတွက် ရေအရင်းအမြစ် ဦးစီးဌာနက ကူညီပေးကြောင်း၊ မျိုးစပါးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ကူညီပေးကြောင်း သိရသည်။
သို့သော် နွေစပါးစိုက်ပျိုးရာတွင် ဆည်ရေမှ ရေနှင့် မြစ်ရေမှတဆင့် တင်သည့်ရေဆိုပြီး နှစ်မျိုးရှိကြောင်း၊ သို့သော်လည်း တချို့သော နေရာများတွင် လယ်ကွင်းနှင့် မြစ်ရေ အလှမ်းဝေးသည့်အတွက် စိုက်ပျိုးရန် အခက်အခဲ ရှိနေကြောင်း တောင်သူ ဦးသန်းဝင်းဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထမတော့ စိုက်ဖို့အတွက် ကြိုတင်ပြီး လုပ်ပါတယ်။ ဒါပေမယ့် ရေခိုမြောင်းထဲကို ရေမဝင်လို့ စိုက်ဖို့ ရာက နည်းနည်း အခက်အခဲ ရှိတယ်။ ဘယ်လို အခက်အခဲလဲဆိုတော့ အဲဒီ ရေခိုမြောင်းဆိုတာက ရေပေး ခံထား ရတဲ့ နေရာနဲ့ မြစ်နဲ့က ပေး ၃၀၀၊ ၄၀၀ လောက် ဝေးတယ်။ အဲဒီရေကိုမှပဲ မြောင်းနဲ့ ကွင်းကို ရောက်အောင် မြေကို တူးရတယ်။ ရေ pump ကလေ ကွင်းထဲမှာ မဟုတ်ဘူး။ ရေကလေ ဝေးသွားတယ် pump နဲ့လေ ဝေးတာပေါ့။ ပေ ၃၀၀ လောက် ရှိတယ်ထင်တယ်။ အခုတော့ သူတို့က တာဝန်ယူတယ်လို့တော့ ပြောတယ် ရေအရင်းအမြစ်က မြောင်း တာဝန်ခံကလေ။ အဲဒီအတွက် စိုက်ဖို့ကို စဉ်းစားနေတယ်။ ဧကတော့ အများကြီး မဟုတ်ပါဘူး။ အစတုန်း ကတော့ ဧက ၇၀၊ ၁၀၀ လောက် လုပ်ဖို့ စဉ်းစားထားတာ။ ရေက စိတ်မချရလို့၊ ရေအဆင်မပြေလို့လေ အခု ဧက ၂၀၊ ၃၀ လောက် လုပ်ဖို့ စဉ်းစားနေတာ” ဟု ပြောသည်။
စပါးများစိုက်ပျိုးနေကြသော တောင်သူ အမျိုးသမီး ၂ ဦးကိုတွေ့ရစဉ်
တောင်သူလယ်သူများ အဆင်ပြေစေရန်နှင့် ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် ရခိုင်ပြည်နယ်တွင် စပါးကို နှစ်သီးစား အနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ ထိုသို့ စိုက်ပျိုးနိုင်ရန်အတွက် ဆည်ရေသောက် စီမံကိန်းနှင့် မြစ်ရေတင် စီမံကိန်း များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း တောင်သူများက ပြောသည်။
ရခိုင်ပြည်နယ်တွင် ရေလှောင်တမံ ၁၀ ခုကျော် ရှိသော်လည်း ရေပေးဝေနိုင်မှု နည်းပါးခြင်းကြောင့် ဆည်ရေသွင်း စနစ်ဖြင့် နွေစပါးများ စိုက်ပျိုးမှု နည်းပါးကြောင်း၊ စပါးစိုက်ဧက ၁၀ သိန်းကျော် ရှိသည့်အနက် နွေစပါးစိုက်သည့် ပမာဏသည် ၃ ပုံ ၁ ပုံခန့်သာ ရှိသေးကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1468
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇
မလေးရှားတွင် ပါမစ်ပြန်လည်ဖွင့်ပေးမည်ဟု ဆိုထားသော်လည်း စတင်ထုတ်ပေးမည့် ရက်အတိအကျအား မထုတ်ပြန်သေးသည့်အတွက် ပါမစ်ပြုလုပ်မည့် မြန်မာများအနေဖြင့် ပွဲစားနှင့် အေးဂျင့်များထံ ငွေကြေးများအား ကြိုတင်၍ မလွှဲသင့်သေးကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှား ပြည်ထဲရေးဝန်ကြီးမှ နိုင်ငံခြားသားများအား တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပါမစ်အား ပြန်ဖွင့် ပေးမည်ဟု ကြေညာပြီးနောက် လက်ရှိတွင် ပွဲစားနှင့် အေးဂျင့်များက ပါမစ်လုပ်ရန်အတွက် စရံငွေအဖြစ် ကြိုတင် ငွေကြေး တောင်းခံမှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ သတိပေးခြင်း ဖြစ်ကြောင်း မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလောလောဆယ် အနေအထားမှာတော့ စောသေးတယ်လို့ ကျနော်ထင်တယ်။ တရုတ်နှစ်ကူးပြီးတဲ့ အထိ သို့မဟုတ် ဒီလကုန်တဲ့အထိ ဖေဖော်ဝါရီလလောက်မှ အခြေအနေလေးကို ကျနော့်အနေနဲ့တော့ စောင့်ကြည့် စေချင်ကြတယ်။
ဖမ်းဆီးခံထားရသော ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
အဓိကကတော့ လုပ်ချင်တဲ့ လူတွေကသာလျှင် အဓိက ခွဲခြားဝေဖန်ပြီးတော့ အပ်သင့်တာပေါ့ နော်။ ဒီလူကို ယုံကြည်ရမလား၊ ပေးဆောင်ရမယ့် ငွေကြေးပမာဏက နည်းနည်းနောနော ငွေဆိုတာလည်း မဟုတ်ဘူး။ ရှာရတာလည်း လွယ်တာမဟုတ်ဘူး။ အဲဒီအတွက် စေ့စေ့စပ်စပ်နဲ့ အဘက်ဘက်ကို စုံစမ်း မေးမြန်း ပြီးမှ လုပ်စေချင်တယ်ပေါ့။ ဘယ်သူတွေ ဘာပြောပြော ဘယ်နှလအတွင်းရမယ်၊ ပါမစ် ဘယ်နှလအတွင်း ချမယ် ဆိုပြီးတော့ ကတိကဝတ်တွေခံလည်း မယုံကြပါနဲ့ဦးပေါ့နော်။ ဘာမှန်းမသိရသေးတဲ့ အနေအထားမျိုး မှာပေါ့နော်။ ကျနော်ကတော့ သူတို့ အလိမ်ခံရမှာပဲ စိုးရိမ်တာ။ ဘာလို့လဲဆိုတော့ ခေတ်အဆက်ဆက်မှာ ဒီကိစ္စနဲ့ သူတို့ အလိမ်ခံရတာတွေလည်း မနည်းတော့ဘူးလေ။ အတုတွေလည်းရှိပါတယ်။ လ.ဝ.က ကနေ တရားဝင် ချပေးတဲ့ စတစ်ကာပါမစ် မဟုတ်ဘဲနဲ့ ဘယ်ကနေ ဘယ်လိုထွက်လာတဲ့ ပါမစ်တွေလဲမသိဘူး ကပ်ပေးလိုက်တယ်။ တကယ် တမ်း သွားစစ်ကြည့်တော့ အတုတွေ ဖြစ်နေတာတွေလည်း အများကြီး ရှိတာပေါ့နော်။ အဲဒါကြောင့်မို့လို့ လောလောဆယ် အခြေအနေမှာတော့ စောင့်ကြည့်ကြပါဦးလို့ ကျနော်ပြောချင်ပါတယ်”ဟု ပြောသည်။
ထို့အပြင် ၂၀၂၂ ခုနှစ်က ပါမစ် ထုတ်ပေးခဲ့ချိန်တွင် ပွဲစား၊ အေးဂျင့်များဖြင့် လုပ်ကြသည့် မြန်မာအလုပ်သမားများ ၌ ယနေ့အထိ ပါမစ် မရရှိသည့်အပြင် ငွေကြေးလည်း ဆုံးရှုံးလိုက်ရသူများရှိကြောင်း သိရသည်။
ပါမစ်ပြုလုပ်ရာတွင် ပွဲစား၊ အေးဂျင့်တို့ဖြင့် မဟုတ်ဘဲ မိမိ၏ အလုပ်ရှင်သူဌေးမှ ပြုလုပ်ပေးပါက အစိုးရ ကုန်ကျ စရိတ်အဖြစ် မလေးရှားရင်းဂစ်ငွေ ၅၀၀၀ (မြန်မာငွေ ၂၄ သိန်းကျော်) ကုန်ကျသည့်အပြင် Overstay သမားဖြစ် ပါက နှစ်အလိုက် ဒဏ်ကြေးငွေ သတ်မှတ်ထားကြောင်းလည်း သိရသည်။
သို့သော် ပွဲစား၊ အေးဂျင့်များဖြင့် ပြုလုပ်သည့်အခါတွင် မလေးရှားရင်းဂစ်ငွေ အနည်းဆုံး ၈၀၀၀ (မြန်မာငွေ ၃၈ သိန်းကျော်) မှ ၁၅၀၀၀ (မြန်မာငွေ ၇၂ သိန်းကျော်) အထိ ပေးခဲ့ရကြောင်း သိရသည်။
မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့ကိုတွေ့ရစဉ်
မလေးရှားနိုင်ငံတွင် အလုပ်သမားတစ်ယောက်၏ တစ်လအတွက် အနည်းဆုံး အခြေခံလုပ်ခလစာမှာ မလေးရှား ရင်းဂစ်ငွေ ၁၅၀၀ (မြန်မာငွေ ၇ သိန်းကျော်) သာ ရှိသည့်အတွက် ပါမစ်အတွက် ကုန်ကျစရိတ်မှာ အင်မတန် များပြားသောကြောင့် ပြီးခဲ့သည့် နှစ်များက ပါမစ် မပြုလုပ်သည့် မြန်မာ အများအပြားလည်း ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပွဲစားနှင့် အေးဂျင့်များအနေဖြင့် ကိုယ့်လူမျိုး အချင်းချင်း ထိုကဲ့သို့ ငွေကြေးပမာဏ အများအပြား မယူသင့်ကြောင်း ရခိုင်ဒုက္ခသည်များဗဟို(CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အလုပ်သမားတစ်ယောက်က တစ်လမှ ၁၅၀၀ ပဲရတယ်။ ၁၅၀၀ ဆို တစ်နှစ်လုံးမှ ၁၅၀၀၀၊ ၁၈၀၀၀ ပေါ့။ ဆိုတော့ တစ်သောင်းရှစ်ထောင်မှာ သူ့အနေနဲ့ တစ်သောင်းပေးလိုက်ရင် ဒီ ၈၀၀၀ နဲ့ သူဘယ်လို ထမင်းစား မလဲ။ အိမ်ငှားခတွေ ဘယ်လိုပေးမလဲ။ ခရီးစရိတ်တွေ ဘယ်လိုပေးမလဲ။ ကျန်းမာရေးတွေ ဘယ်လိုလုပ်မလဲ။ ဒါတွေက အဓိပ္ပါယ်မရှိတဲ့ဟာတွေလေ။ တကယ်က မလေးရှားအစိုးရကလည်း သိသင့်သလောက် သိပါတယ်။ အရင်က ၂၈၀၀၊ ၃၅၀၀ အထိ ပေးရတာတောင်မှ လုပ်ငန်းရှင်တွေက တအားများတယ်။ ဒီအလုပ်သမားတွေမှာမှ တစ်လမှ ၁၅၀၀ ရတာ သူတို့ဘယ်လိုစားသောက်နေထိုင်မလဲ။ လုံးဝမကျန်ဘူးဆိုပြီးတော့ အစိုးရကို တင်ပြခဲ့ကြတာတွေ ရှိပါတယ်” ဟု ပြောသည်။
ယခုပြန်ဖွင့်ပေးမည့် ရီကာလီဘရာစီ ပါမစ်သည် မလေးရှားအစိုးရမှ ရေးဆွဲထားသည့် လုပ်သားစိစစ်ရေး ပရိုဂရမ် (RTK Program) ဖြစ်ပြီး တရားဝင်နေထိုင် အလုပ်လုပ်ခွင့် ရရှိသည့် ပါမစ်ဖြစ်ကြောင်း၊ ထိုပါမစ်ကို တစ်နှစ် တစ်ခါ ထုတ်ပေးကြောင်း၊ ထုတ်ပေးသည့် အခါများတွင် နှစ်စဉ် ဖြေလျှော့မှုများလည်း ရှိကြောင်း သိရသည်။
ပါမစ် လျှောက်ချင်သူများအနေဖြင့် တရားဝင် အထောက်အထားအဖြစ် ပတ်စပို့စ် စာအုပ်ရှိပြီး အလုပ်ရှင် သူဌေးရှိ ပါက လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 542
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် တစ်ခုဖြစ်သည့် မူဆယ်-ကျင်စန်းကျော့ဂိတ်၌ ကျင့်သုံးနေသည့် အစား ထိုးယာဉ်မောင်းစနစ်(ရှန်တိန်) ၃ ဆင့်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များထံမှ သိရ သည်။
ထိုသို့ အစားထိုးယာဉ်မောင်းစနစ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ကုန်သည်များအနေဖြင့် အစားထိုးယာဉ်မောင်း ငှားရမ်းခစရိတ် ၁ သိန်းခွဲခန့် သက်သာသွားကြောင်း၊ ထို့နောက် ကုန်သွယ်ရေးလည်း ရေရှည်တွင် မြန်ဆန်လာမည် ဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစားထိုးယာဉ်မောင်းက အရင်တုန်းက အဆင့် ၃ ဆင့်လောက် ရှိတယ်။ ၁၀၅ မိုင်ကနေ ရွှေလွယ်အင်ကို တစ်ကြောင်း၊ ၁၀၅ မိုင်ကနေပြီးတော့ ရွှေလီရေးဗားကို တစ်ခု၊ ရွှေလီရေးဗားကနေ အခွန်လွတ်ကွင်းကို တစ်ခု၊ ရွှေလွယ်အင်ကို သွားတဲ့အထိက ဖွင့်လိုက်ပြီ။ ရွှေလွယ်အင်မှာ တစ်ခုပဲ ကျန်တော့တယ်။ ၁၀၅ မိုင်ကနေ ရွှေလွယ်အင်ကိုသွားတဲ့ အစားထိုးယာဉ်မောင်း၊ ၁၀၅ မိုင်ကနေပြီးတော့ ရွှေလီရေးဗားကို သွားတဲ့ အစားထိုး ယာဉ် မောင်းက ဖျက်သိမ်းလိုက်ပြီ။ အဆင့် တစ်ခုပဲ ကျန်တော့တယ်။ ဒီအတွက် ကားသမားတွေ အနေနဲ့ကတော့ စရိတ် ၁ သိန်းခွဲလောက် သက်သာသွားတာကို တွေ့ရတယ်။ လောလောဆယ် နံပါတ် ၁ က စရိတ် သက်သာသွားတယ်။ နံပါတ် ၂ က အဆင့်ဆင့် ပြောင်းစရာမလို၊ အဆင့်ဆင့် စောင့်ဆိုင်းစရာ မလိုတဲ့အတွက် အရင်လို ကြန့်ကြာမှုတွေ မရှိတော့ဘူး။ ဒါပေမယ့် အစားထိုးယာဉ်မောင်းက တစ်ခု ကျန်သေးတယ်နော်။ တရုတ်ပြည်ကိုဝင်တဲ့ နောက်ဆုံး ဂိတ်က ကျန်သေးတယ်။ အဲဂိတ်က မဖျက်သေးဘူး။ အဲဒီဂိတ်ကိုပါ ဖျက်သိမ်းလိုက်လို့ရှိရင် အစားထိုးယာဉ်မောင်း စရိတ်က ၂ သိန်းလောက် သက်သာသွားမယ်” ဟု ပြောသည်။
တရုတ်သို့ သွားမည့် ကုန်ကားများကိုတွေ့ရစဉ်
လက်ရှိ အစားထိုးယာဉ်မောင်းစနစ်သည် တရုတ်နိုင်ငံနှင့် ကပ်လျက်ဖြစ်သည့် ရွှေလွယ်အင်မှ တစ်ဆင့်သာ ကျန်ရှိတော့မည် ဖြစ်သည်။
အစားထိုးယာဉ်မောင်းစနစ်သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှု များပြားခဲ့သည့် အချိန်တွင် စတင် ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစနစ်ကြောင့် ကုန်သည်များ ကုန်ကျစရိတ် မြင့်တက်ခဲ့ကြောင်း၊ အစားထိုး ယာဉ်မောင်းသူများသည် တရုတ်နိုင်ငံမှ ယာဉ်မောင်းများ ဖြစ်သည့်အတွက် မြန်မာကုန်ကားသမားများအတွက် ဝင်ငွေများလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရှန်တိန်ကွင်းများတွင် ကုန်ကားများ ညအိပ်ရခြင်းကြောင့် ကုန်သွယ်ရေးတွင် ကြန့်ကြာမှုများနှင့် ကုန်ကား ရှားပါးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ဖရဲသခွားစိုက်တောင်သူ ကိုသစ္စာက “ကြိုဆိုပါတယ် အခုလက်ရှိ အဆင့်တွေ ဖျက်သွားတာကို ကြိုဆိုပါတယ်။ နည်းနည်းလေး မြန်ဆန်မှု ရှိလာတာ မှန်ပါတယ်။ ဒါပေမယ့်လို့ မြန်ဆန်မှု ဘာကြောင့် ဒီလိုဖြစ်လာတာလဲဆိုတော့ ဒီနှစ်သည် နိုင်ငံရေး အခြေအနေကြောင့်၊ နယ်မြေမအေးချမ်းမှု အခြေအနေကြောင့် ဖရဲသခွား စိုက်တဲ့အားသည် ၆၀ ရာခိုင်နှုန်းလောက် ကျတယ်လို့ ပြောခဲ့ဖူးတယ်နော်။ အဲကျတော့ ကားဝင်တာလည်း တစ်နေ့ကို အစီး ၅၀၊ ၁၀၀ ထက် ပိုမဝင်ဘူး။ ခါတိုင်းသည် တစ်ရက်ကို အစီး ၃၀၀၊ ၄၀၀၊ ၅၀၀၊ ၆၀၀ ဝင်နေရင် ဒီအခင်းအကျင်းသည် နောက်ထပ် Traffic ဖြစ်မယ့် အနေအထားပါ။ အခုဟာကတော့ သူ့အိုးနဲ့ သူ့ဆန်နဲ့မို့လို့ ဒါလေးသည် အဆင်ပြေနေ တယ်လို့ ပြောလို့ရပါတယ်။ တကယ်တမ်း စိုက်လာကြပြီ၊ လုပ်လာကြပြီဆိုရင် တစ်ရက်ကို အစီး ၃၀၀၊ ၄၀၀၊ ၅၀၀ ဝင်လာကြပြီဆိုရင် ရှေ့မှာဝင်သွားတဲ့ကားသည် တရုတ်ပြည်ကို ဝင်သွားတဲ့ကားသည် အစီး ၁၀၀၊ အစီး ၁၅၀ ဖြစ်ရင်လည်း ဖြစ်မယ်။ နောက်မှာ တက်လာတဲ့ကားသည် တစ်ရက်ကို အစီး ၃၅၀၊ ၄၀၀ တက်လာရင် ဒီယာဉ် ကြော ပိတ်ဆို့မှုသည် အချိန်ကြန့်ကြာမှုသည် ၅ ရက်၊ ၁ ပိတ်လည်း မပြေပါဘူး။ လက်ရှိ အနေအထားသည် ပြေလည်တယ်လို့ ပြောလို့ရပေမယ့် ရေရှည်အတွက်သည် ပြေလည်တယ်လို့တော့ ပြောလို့မရပါဘူး” ဟု ပြော သည်။
ဖရဲကားများကိုတွေ့ရစဉ်
ကိုဗစ် - ၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်သည့် အနေဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် အစားထိုး ယာဉ်မောင်း ရှန်တိန်စနစ်ကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံဘက်ခြမ်းတွင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖြေလျှော့ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကျင်စန်းကျော့ - ဝမ်တိန် လမ်းကြောင်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်ပြီး ရှန်တိန် အဆင့် ၃ ခုကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
လက်ရှိ ကျန်ရှိနေသည့် ရှန်တိန် အဆင့်တစ်ခုသည် တရုတ်နိုင်ငံကို ဝင်ရောက်သည့် နေရာတွင်သာ ရှိနေပြီး တရုတ်နိုင်ငံ၏ ကိုဗစ်ကူးစက်မှု အခြေအနေပေါ် မူတည်ပြီး ထိုတစ်ခုကိုလည်း ဖျက်သိမ်းလာမည်ဟု ကုန်သည် များ၊ ကုန်ကားပိုင်ရှင်များနှင့် ကုန်ကားသမားများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 567
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် အရည်အသွေးမြင့် ဆားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားမည်ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
လက်ရှိတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ဆားတင်ပို့ရန်အတွက် နှစ်ဖက် ကုန်သည်များ ဆောင်ရွက်ထားပြီး ဖြစ်သော် လည်း ဘင်္ဂလားဒေ့ရှ်အစိုးရမှ ဘင်္ဂလားဒေ့ရှ်ကုန်သည်များကို လိုင်စင်ထုတ်ပေးရာ၌ ကြန့်ကြာမှုများ ရှိနေကြောင်း၊ ထိုသို့ ကြန့်ကြာနေခြင်းကြောင့် နှစ်နိုင်ငံသဘောတူညီမှုဖြင့် G to G တင်ပို့နိုင်ရန်အတွက် တင်ပြထားကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ တင်ပို့ဖို့အတွက် ဟိုဘက်နိုင်ငံက ကုန်သည်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်လို့ ပြီးပါပြီ။ ကျနော် တို့မှာ နည်းနည်းလောက် အခက်အခဲတစ်ခုက ဟိုဘက်နိုင်ငံက ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပေးတဲ့ လိုင်စင် တွေကပေါ့နော် တအားကြန့်ကြာတဲ့အတွက် နှစ်နိုင်ငံ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ဆွေးနွေးတဲ့အခါ ကျနော်တို့ ဆားကိစ္စကိုပါ ဆွေးနွေးဖို့အတွက် ကုန်သွယ်ရေးဝန်ကြီးဌာနကို ကျနော်တို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရဆီကနေ ဆန်တန်ချိန် ၂ သန်းကို ဝယ်ထား ပါတယ် ၅ နှစ်အတွင်းမှာလေ။ အဲဒါ ၁ သိန်းစီ၊ ၂ သိန်းစီ ပို့နေတာပေါ့လေ မြန်မာအစိုးရက။ အဲဒီအထဲမှာ ဆားကို လည်း G to G အစိုးရနဲ့ Government to Government စနစ်နဲ့ ဆွေးနွေးလို့ ရအောင်ဆိုပြီးတော့ ကျနော်တို့ အချက်အလက်တွေကို ပေးထားပါတယ်ခင်ဗျာ။ G to G အနေနဲ့ သွားနိုင်ဖို့လည်း တင်ပြထားပါတယ်ခင်ဗျ။ ကုန် သည် အချင်းချင်း လုပ်နိုင်ဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ် ကုန်သည်တွေကို ပါမစ်ချပေးတဲ့ အခါ ကြန့်ကြာမှု ရှိတဲ့အတွက် ဆွေးနွေးမှုတွေမှာ ဒါတွေကို ဆွေးနွေးပေးဖို့အတွက် ကျနော်တို့က တင်ပြထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆားများ နေလှန်းထားသည်ကိုတွေ့ရစဉ်(GETTY IMAGES)
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြေကြီးပေါ်တွင် လှန်းပြီး ပြန်လည်သန့်စင်သည့် ဆားနှင့် ပလက်စတစ်ပေါ်၌ လှန်းသော နေလှန်းဆားကို တင်ပို့သွားမည်ဖြစ်ကြောင်း၊ တန်ချိန် ၁ သိန်း တင်ပို့မည်ဆိုပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ဆားများကို ထက်ဝက်စီ တင်ပို့မည်ဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်မှ ဆားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှု ရပ်ဆိုင်းနေသည်မှာ ၂၀၀၄ ခုနှစ် ကတည်းကပင်ဖြစ်ပြီး ၁၀ စု နှစ် တစ်ခုကြာပြီးမှသာ လက်ရှိ ပြန်လည် တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ဆားများကို အရည်အသွေးမြင့် ထုတ်လုပ်နိုင်ရန်အတွက် ဆားတောင်သူများသည် နည်းပညာနှင့် အရင်းအနှီး လိုအပ်ချက် ရှိနေသည့်အတွက် နိုင်ငံတော်မှ ဆားထုတ်လုပ်ရာတွင် အသုံးပြုသည့် ပလက်စတစ် များနှင့် မြေကြီးတွင် လှန်းသော နေလှန်းဆားများကို ဆေးကြောသည့် စက်များကိုလည်း အကြွေးစနစ်ဖြင့် ပံ့ပိုး ပေးရန် လိုအပ်သည်ဟု ဆားတောင်သူတစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့ ဆားမှာ ဆားထုတ်လုပ်တဲ့ တောင်သူတွေမှာ မြေယာတွေ ဧက ၅၀၊ ၁၀၀ ရှိပြီးတော့ သူတို့မှာ အရင်းအနှီး မတည်ငွေတွေက နည်းပါတယ်ခင်ဗျ။ ကျနော်တို့ ၁၀ ဧကမှာ ၁ ဧက ပလက်စတစ် ခင်းရတာပေါ့နော်။ ပလက်စတစ်ခင်းရင် မြန်မာငွေ သိန်း ၄၀၊ ၅၀ လောက် ကုန်ပါတယ်။ ဆားထွက်တာတော့ ၂ ဆလောက် ထွက်ပါ တယ်။ ဒါပေမယ့် အဲဒါကို ရင်းဖို့အတွက် သူတို့မှာ အခက်အခဲ ရှိပါတယ်။ အဲတော့ အဲဒီပလက်စတစ်ကို ကျနော်တို့ စက်မှုဝန်ကြီးဌာနက ထုတ်ပေးတာဖြစ်ဖြစ်၊ နိုင်ငံတော်က နိုင်ငံခြားကနေ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပေးတာ ဖြစ် ဖြစ်၊ ကျနော်တို့ကို အသုံးပြုစနစ်နဲ့ ပံ့ပိုးပေးဖို့ လိုပါတယ်။ နံပါတ် ၂ အချက်က ကျနော်တို့ ဒီဇယ်နဲ့ ကျနော်တို့ ဧက ၁၀၀ လောက်ဆိုရင် ကျနော်တို့ ဒီဇယ်နဲ့ အလုံး ၁၅ ပီပါလောက် ကုန်တာ ဖြစ်ပါတယ် တစ်ရာသီဆိုရင်လေ။ အဲ တော့ ဒီဇယ်နဲ့ သုံးမယ့်အစား ကျနော်တို့ ဆိုလာ pump နဲ့ သုံးတဲ့ နည်းပညာ လိုပါတယ်။ အဲဒီ ဆိုလာ pump နဲ့ တင်လိုက်မယ်ဆိုရင် ကျနော်တို့ ဆားတောင်သူတွေမှာ လုပ်ရတဲ့ ဒီဇယ်တွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မြေကြီးမှာ လှန်းတယ်ဆိုလည်း မြေကြီးမှာ လှန်းတဲ့ဆားတွေကို pump နဲ့ ဆေးဖို့အတွက် pump တွေကိုလည်း ကျနော်တို့ အသုံးပြုစနစ်နဲ့ အကြွေးစနစ်တွေနဲ့ ကျနော်တို့ကို ၁ နှစ်၊ ၂ နှစ် အဲလို ပံ့ပိုးပေးဖို့ လိုပါ တယ် ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဆားများ နေလှန်းထားသည်ကိုတွေ့ရစဉ်(GETTY IMAGES)
ရခိုင်ပြည်နယ်မှ ထုတ်လုပ်သည့် ဆားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်တင်ပို့မည်ဆိုပါက ဆားတောင်သူများ အဆင်ပြေလာနိုင်ပြီး ဆားလုပ်ကွက်ဧကများလည်း တိုးလာနိုင်ကြောင်း၊ ထို့နောက် ဆားလုပ်ငန်း လုပ်ကိုင်မည့်သူ များပြားလာနိုင်ပြီး ဒေသခံများလည်း အလုပ်အကိုင်များ ရရှိလာမည်ဖြစ်သည်ဟု ဆားတောင်သူများက ပြောသည်။
ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ မြေပုံ၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် ဆားကို အဓိက လုပ်ကိုင် ကြပြီး ဆားလုပ်ကွက် ဧကပေါင်း ၃ ထောင်ကျော်ရှိပြီး ဆားတန်ချိန် ၂ သိန်းခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆားတင်ပို့မည့် အချိန်တွင် ဒေသတွင်း ဆားဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး တစ်ပိဿာ ၂၅၀ ကျပ်အထိ ရရှိနိုင်ကြောင်း၊ လက်ရှိတွင် ဆားတစ်ပိဿာ ဈေးနှုန်းသည် တစ်ပိဿာ ၁၅၀ ကျပ်ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 767
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆
လက်ရှိတွင် ထိုင်းသို့ နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ (MOU) ဖြင့် မြန်မာအလုပ်သမားများအား စေလွှတ်သည့် အထဲတွင် အများစုသည် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်၌ အလုပ်မရရှိခြင်း၊ အလုပ်ရသော်လည်း စာချုပ်ပါ အတိုင်း မဟုတ်ခြင်းနှင့် လမ်းဘေးမှာ စွန့်ပစ်ခဲ့ခြင်းများ ကြုံတွေ့နေကြရသည်။
အလုပ်သမားစေလွှတ်ရာတွင် MOU ဖြင့် စေလွှတ်ခြင်းသည် အင်မတန် ကောင်းမွန်သည့် စနစ်အပြင် စာချုပ်ချုပ် ဆိုရာတွင်လည်း အတိအကျ ချုပ်ဆိုရခြင်းဖြစ်ပြီး တစ်ဖက်နိုင်ငံသို့ ရောက်ရှိချိန်တွင် စာချုပ်ပါအတိုင်း အလုပ် ချက်ချင်း ရရှိရမည်ဖြစ်သည်။
ယခုကဲ့သို့ MOU အလုပ်သမားများ စာချုပ်ပါအတိုင်း အလုပ်မရရှိခြင်းသည် နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ ပေါ့လျော့မှုကြောင့် ဖြစ်ကြောင်း၊ စေလွှတ်လိုက်သော ပြည်ပအလုပ်အကိုင် အေဂျင်စီများ၏ တာဝန်ယူမှု၊ တာဝန် ခံမှု မရှိခြင်းတို့အား သေချာစွာ ကိုင်တွယ် မဖြေရှင်းပေးကြောင်း၊ ထိုသို့ ကိုင်တွယ် ဖြေရှင်း မပေးနိုင်ပါက ရေရှည် တွင် MoU စနစ်မှာ ပျက်စီးသွားနိုင်ကြောင်း MWRN မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာအလုပ်သမားများ ထိုင်းကို MOU ဖြင့်သွားရန် စောင့်နေကြစဉ်
၎င်း “ဘာကြောင့်လဲဆိုတော့ MOU စနစ်ကို စာချုပ် ချုပ်တဲ့အခါမှာ ၃ ဘာသာနဲ့ ချုပ်ရပါတယ်။ ထိုင်းနိုင်ငံကို လာမယ်ဆိုရင် ထိုင်း၊ မြန်မာ၊ အင်္ဂလိပ် ၃ ဘာသာနဲ့။ အဲဒီမှာ လက်မှတ် ရေးထိုးရမယ့် ပုဂ္ဂိုလ်တွေသည် ကာယကံ ရှင် အလုပ်သမားက ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေပါ အချက်အလက်တွေကို အဲဒီလို ခံစားရပါမယ်ဆိုတာ ထည့်ရေး ထားတယ်။ အင်မတန် တိကျ ခိုင်မာတဲ့ဟာတွေကို လက်မှတ် ရေးထိုးရမယ်။ ပြီးရင် အလုပ်ရှင်ကလည်း ဒီအတိုင်း အလုပ်သမားတွေကို ပေးဆောင်ပါမယ်ဆိုတာ ထိုးထားတယ်။ ပြီးရင် အေဂျင်စီကလည်း ထိုးတယ်။ ပြီးရင် မြန်မာ အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ကိုယ်တိုင် ထိုးထားပါတယ်။ မြန်မာ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေကို ထိန်းချုပ်ထားရတယ်၊ မှတ်ပုံတင်တာလည်း သူ့ဆီမှာပဲ တင်ထား ရတယ်။ အဲဒီတော့ သေချာ စိစစ် တာဝန်ယူပေးဖို့ လိုအပ်တယ်။ သူ့ဥပဒေကိုက MOU လုပ်သားက အလုပ် လက်မဲ့ဖြစ်စရာ အကြောင်းမရှိဘူး။ ဆိုက်ရောက်ရာဒေသမှာ ခြံနံပါတ်နဲ့ အိမ်နံပါတ်နဲ့ ကုမ္ပဏီနာမည်နဲ့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်း အမျိုးအစားနဲ့ အတိ အကျ ပါထားတဲ့အတွက်ကြောင့် အဲဒီအတိုင်းကို နှစ်နိုင်ငံအစိုးရ တာဝန်ရှိသော အလုပ်သမားဝန်ကြီးဌာနများမှ ဥပဒေပါ အချက်အလက်များအတိုင်း တိတိကျကျ ဆောင်ရွက်မယ်ဆိုရင် MOU စနစ်က လုံးဝ ပျက်စီးသွားစရာ အကြောင်းမရှိပါဘူး” ဟု ပြောသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် မူဝါဒများ စနစ်တကျချမှတ်၍ ခိုင်မာသည့် ဥပဒေအား ကျင့်သုံးသင့်ကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက ယခုကဲ့သို့ MOU ဖြင့် စေလွှတ်ခံရသည့် အလုပ်သမားများ၏ ပြဿနာများ ရှိလာမည် မဟုတ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
ယခုအခါတွင် MOU ဖြင့် စေလွှတ်ခံရသည့် အလုပ်သမားအများစု ကြုံတွေ့နေရသည်မှာ စာချုပ်ပါ အတိုင်း အလုပ် မပေးနိုင်သည့်အပြင် အလုပ်မရရှိခြင်းတို့ ဖြစ်သည့်အတွက် လူကုန်ကူးနေခြင်း ဖြစ်နေသည်ဟု မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာအလုပ်သမားများ ဖမ်းဆီးခံထားရစဉ်
၎င်းက “နိုင်ငံရဲ့ နိုင်ငံ့အရေးမှာရော ဒီအလုပ်သမားအရေး တည်ဆဲဥပဒေမှာရော တရားဥပဒေ စိုးမိုးမှုမရှိလို့ MOU ဆိုတဲ့ ခေါင်းစဉ်သုံးထားပြီးတော့မှ မြန်မာပြည်သူတွေကို၊ ရွှေ့ပြောင်း အလုပ်သမားတွေကို ပေါ်ပေါ်ထင်ထင် လူကုန်ကူးတယ်လို့ ကျနော့်အနေနဲ့ ဒီလိုသုံးသပ်တယ်။ ဒါကိုလည်း သက်ဆိုင်ရာ အေဂျင်စီကို ဌာနတစ်ခုခုက အရေးယူခြင်း၊ တရားစွဲခြင်း လုံးဝမရှိခဲ့ဘူး။ အဲဒီတော့ ရှင်းရှင်းလေးပဲ ဥပဒေ စိုးမိုးမှု မရှိတဲ့အတွက် လိုင်စင်ကျပြီး တော့ လူကုန်ကူးတယ်လို့ ကျနော့်အနေနဲ့ မှတ်ချက်ပေးလိုတယ်။ ကိုဗစ်မတိုင်ခင် တုန်းကတော့ MOU စနစ် စေလွှတ်တဲ့ နေရာမှာ အခု ဒီ ကိုဗစ်နောက်ပိုင်း စေလွှတ်တာထက်တော့ အများကြီး ပိုကောင်းပါတယ်။ အဓိက အလုပ်သမားဝန်ကြီးဌာနမှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေက မိမိတို့ တာဝန်ယူထားတယ်ဆိုတာဟာ တာဝန် ရှိတယ်ဆိုတဲ့ အသိတစ်ခုနဲ့အတူ ဒီလိုမျိုး လက်လွတ်စပယ် လိုင်စင်ကိုင်ပြီးတော့ လူကုန်ကူးနေတဲ့ အေဂျင်စီတွေ ကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ကျနော်အနေနဲ့ ပြောလိုတယ်”ဟု ပြောသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုအေဂျင်စီများ အားလုံးအား သေချာစိစစ် မကိုင်တွယ်နိုင်ပါက အေဂျင်စီ တစ်ခုအား စံနမူနာအနေဖြင့် ထိရောက်သည့် အရေးယူစစ်ဆေးမှုမျိုး လုပ်ဆောင်သင့်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
လက်ရှိတွင် MOU စနစ်ဖြင့် အလုပ်သမား အများအပြား စေလွှတ်နေသော်လည်း ငွေကြေးကုန်ကျမှုများသည့် အတွက် ပွဲစားများဖြင့် တရားမဝင် လမ်းကြောင်းမှ ခိုးဝင်သူလည်း အများအပြား ရှိနေသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ မြန်မာများကိုတွေ့ရစဉ်
MWRN မှ အကြံပေး ဦးအောင်ကျော်က “မူလကတည်းက MOU ဆိုတာကြီးကို သူတို့ သိပ်စိတ်မဝင်စားတဲ့ ကြား ထဲက ပြောရမှာတော့ အားနာတယ်။ ကျနော်တို့ မြန်မာနိုင်ငံသား အများစုကို လေ့လာသုံးသပ်တဲ့ အခါမှာ လေ့လာ မှုအား အင်မတန်နည်းတယ်။ MOU နဲ့ သွားရင်လည်း ပိုက်ဆံကုန်တာချင်း အတူတူ ဟိုရောက်ရင်လည်း အလုပ် လည်းမရ၊ ဒုက္ခတွေဖြစ်၊ သောကတွေ ဖြစ်လို့ဆိုတာမျိုး သိသွားရင် MOU သည်လည်း မကောင်းတဲ့ အလုပ်ကြီး တစ်ခုလို မြင်သွားရင် နောက်ပိုင်းမှာ ကုန်သည် ပွဲစားတွေနဲ့ပဲ လိမ်လည်လှည့်ဖျားပြီးတော့မှ အသွားခံရမှာ ဖြစ်ပါ တယ်။ ဒီ MOU စနစ်က တစ်ကမ္ဘာလုံးမှာ အင်မတန်ကို ကောင်းမွန်သော အစိုးရအချင်းချင်း ချိတ်ဆက်ပြီး ခိုင်မာ သော အလုပ်တစ်ခုဆိုတာကို သိအောင် မြန်မာလူထုကြားမှာ ထိုးဖောက်နေတဲ့ အချိန်မှာ အခုလိုမျိုး မလိုလားအပ် တဲ့ ပြဿနာတွေ ကြိမ်ဖန်များစွာ ဖြစ်လာရင် ခုနကပြောတဲ့ ဗဟုသုတ အသိဉာဏ် နည်းပါးသော မြန်မာနိုင်ငံ ကျေးလက် တောရွာက လူတွေအားလုံးက MOU သည်လည်း ဘာမှအသုံးကျတဲ့ အလုပ်မဟုတ်ဘူး။ အဲဒါကြောင့် ငါတို့နည်း ငါတို့ဟန်နဲ့ ကုန်သည်၊ ပွဲစားတွေ လိမ်လည်လှည့်ဖျားတဲ့ နောက်ကိုပဲ လိုက်သွားရင်တောင်မှ အဆင်ပြေတယ်ဆိုတာမျိုး အတွေးမှားသွားရင် ကြလာရင်တော့ ဆိုးသွားနိုင်တယ်ပေါ့” ဟု ပြောသည်။
ထိုင်းနိုင်ငံသို့ MOU ဖြင့် မြန်မာ အလုပ်သမားများ စေလွှတ်ခြင်းအား ကိုဗစ်ကြောင့် ၃ နှစ်ခန့် ယာယီ ရပ်နားထားခဲ့ ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မေလ မှ စတင်ကာ ပြန်လည် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြန်လည် စေလွှတ်ချိန်တွင် စာချုပ်ပါအတိုင်း အလုပ်မရရှိခြင်း ပြဿနာများ နည်းပါးခဲ့ပြီး ယခုနောက်ပိုင်း တွင် ပြန်လည်၍ ပြဿနာများဖြစ်လာသလို ပိုမို များပြားလာကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 647
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄
မြန်မာနိုင်ငံတွင် ကုန်ချောထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများနှင့် မြေနေရာများစွာ ရှိသော်လည်း ကုန်ချောထုတ်လုပ်နိုင်မှု မရှိသလောက် ဖြစ်နေသည်မှာ တိကျသေချာ ခိုင်မာသည့် မူဝါဒရှိရန်လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကုန်ပစ္စည်းများကို ကုန်ချော ထုတ်လုပ်နိုင်ရန်အတွက် စီးပွားရေးနှင့် ပတ်သက်သည့် မူဝါဒများ မကြာခဏ အပြောင်းအလဲ မလုပ်ဘဲ ခိုင်မာနေမှသာ ကုန်ချော ထုတ်လုပ်နိုင်မည်ဖြစ်သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများသည်လည်း ဝင်ရောက်လာမည် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်း ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက ကျနော်တို့နိုင်ငံက ကုန်ကြမ်းကနေ ကုန်ချောမသွားနိုင်တဲ့ အဓိကအချက်က ပညာရှင် မရှိတာ လည်း မဟုတ်ဘူး၊ ကျနော်တို့ အရင်းအနှီး မရှိတာလည်း မဟုတ်ဘူး။ စက်ပစ္စည်း ကိရိယာ မရှိတာလည်း မဟုတ် ဘူး။ အဓိက ကျနော်တို့ဆီမှာ လိုအပ်နေတာက တစ်ခုပဲ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ မူဝါဒ ပဲ။ ဥပမာ ကျနော်တို့နိုင်ငံမှာ ခိုင်မာတဲ့ မူဝါဒရှိရင် ခုနကပြောတဲ့ ကမ္ဘာအရပ်ရပ်က ပညာရှင်တွေ ကျနော်တို့ နိုင်ငံ ကို လာလို့ရတယ်။ ရင်းနှီးမြှုပ်နှံမှု ဆိုတာကလည်း လာလို့ရတယ်။ သူတို့တွေ လာပြီဆိုတာနဲ့ စက်ပစ္စည်းတွေ အလိုအလျောက် ပါလာတာ။ ဒီ ၃ ခုစလုံးက သူ့ဟာသူ ချိတ်ဆက်နေတာ။ ကျနော်တို့ ခိုင်မာသေချာတဲ့ မူဝါဒ အမြဲတမ်း ပြောတယ်။ ဥပမာ ထားပါတော့ ကျနော်တို့ အစိုးရတစ်ဆက် တက်လာတယ် ဥပဒေတစ်ခု ချထားတယ် မူဝါဒပေါ့။ နည်းဥပဒေတစ်ခု ချထားတယ် ဥပဒေတော့ အမြဲတမ်း ရှိပြီးသား။ နောက်အစိုးရ တက်လာတယ် ရှေ့က နည်းဥပဒေကို ပယ်ဖျက်တယ်။ နောက်ထပ် ဥပဒေတစ်ခု ကျင့်သုံးတယ် အစားထိုးတယ်။ အဲလိုမျိုးတွေ ဖြစ်နေ သ၍ကတော့ ပညာရှင်လည်း လာမှာ မဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံမှုလည်း လာမှာမဟုတ်ဘူး။ အဲတော့ ကျနော်တို့က အနှစ် ၃၀ သို့မဟုတ် အနှစ် ၅၀ ခိုင်မာသေချာတဲ့ ဘယ်လိုအစိုးရပဲ ပြောင်းပြောင်း ကျနော်တို့က စီးပွားရေးနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ မူဝါဒတွေ တသမတ်တည်း ချမှတ်ထားပြီးသား ရှိတယ်ဆိုရင် ခုနကပြောတဲ့ အချက် အလက်တွေ ကုန်ချောတွေ ထုတ်လုပ်နိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။
ကားထုတ်လုပ်မှု လုပ်ငန်းခွင်ကိုတွေ့ရစဉ် (GETTY IMAGES)
အစိုးရ၏ မူဝါဒ အပြောင်းအလဲကြောင့် လက်ရှိတွင် မော်တော်ကား ထုတ်လုပ်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအများစုသည် ရပ်နားထားရကြောင်း၊ ကုန်ထုတ်လုပ်မည့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက်လည်း အဟန့်အတားတစ်ခု ဖြစ်နေကြောင်း ဦးအောင်ပြည့်စုံက ဆက်လက်ပြောသည်။
ကုန်ချောများ ထုတ်လုပ်နိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင်များကို လုပ်ပိုင်ခွင့်များပေးရန် လိုအပ်ကြောင်း၊ ထို့နောက် အဖွဲ့အစည်းများ ဖွဲ့စည်း၍ အစိုးရ၏ မူဝါဒများကို ထောက်ပြ အကြံပြုပေးနိုင်သည့် ပညာရှင်များကို မွေးထုတ်ပေးရန်နှင့် ပညာတော်သင်များ စေလွှတ်ပေးရန် လိုအပ်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပညာရှင်များ ရှိသော်လည်း လုပ်ပိုင်ခွင့်များ နည်းပါးခြင်းကြောင့် ကုန်ချောထုတ်လုပ်ရန် အဆင်မပြေ ဖြစ်နေခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
တစ်ရှူးများထုတ်လုပ်နေသည်ကို တွေ့ရစဉ် (GETTY IMAGES)
၎င်းက “ဒီမှာက organize လုပ်ပေးတာ မရှိဘူးလေ။ အဲဒါကြောင့် အစိုးရ ပေါ်လစီဆိုလည်း အခု သတိထားမိလား မသိဘူး။ Myanmar Development institute (MDI) ဆိုပြီးတော့လေ ဦးသိန်းစိန် လက်ထက်ကတည်းက အဲဒီ MDI ကို အစပျိုးခဲ့တယ်။ ဒီကနေ စပြီးတော့ မာစတာတွေ လွှတ်တယ်။ သူတို့နဲ့ စနေပြီ။ Myanmar Development institute က သူတို့က အဓိက ပေါ်လစီနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေ ပေးတာ။ ဒါပေမယ့် အခုဟာက ပျက်သ လောက် ဖြစ်သွားတာပေါ့။ အများကြီး ကိုရီးယားမှာဆိုရင် KDI (Korea Development institute) နောက် ဂျပန် မှာဆိုရင် Trade & Economic ဆိုပြီးတော့ အဲလိုမျိုး အစိုးရကို စီးပွားရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေကို အကြံပြု ပေးတာ။ အကြံပြုပေးတာဆိုတာ ရိုးရိုး အပေါ်ယံ အကြံပြုပေးတာမျိုး မဟုတ်ရဘူး။ search နဲ့ သေချာ လုပ်ပြီး တော့ အကြံပြုရတဲ့ အဖွဲ့အစည်းမျိုး ရှိတယ်။ အဲလိုမျိုး ထောင်နိုင်မှ ရမှာ။ သူတို့ကို ဘယ်သူကမှ ဒီပေါ်လစီက ငါတို့ ဝန်ကြီးဌာနကို ထိခိုက်စေတယ် ဘာညာ သူတို့ကို သွားပြောလို့ မရဘူး။ သူတို့မှာ မကောင်းရင် မကောင်း ကြောင်း ချန်နယ်တွေကို အကုန်လုံး ထောက်ပြခွင့် ရှိတယ်။ ဒီမှာက အဲလိုမျိုးဟာ မရှိဘူး။ ထောက်ပြတော့မယ် ဆိုရင် ဟိုလူ့မျက်နှာကြည့်ရ၊ ဒီလူ့မျက်နှာကြည့်ရ နောက် ကိုယ်အပြောခံရမလား၊ အထုတ်ခံရမလား အဲဒါတွေ ကြည့်နေရတော့ ဘယ်လိုလုပ် အဆင်ပြေတော့မှာလဲ။ လုပ်ပိုင်ခွင့် မရှိဘူး။ လုပ်ပိုင်ခွင့် ရှိအောင်လည်း ဖန်တီး မပေးဘူးပေါ့လေ။ တစ်ယောက်တည်း ကနေပြီးတော့ ဘက်စုံ ထောက်ပြနိုင်တဲ့သူက မရှိဘူးပေါ့လေ။ ပညာရှင် တွေကို စုစည်းပေးရမှာ MDI လိုဟာမျိုး” ဟု ပြောသည်။
ကုန်ချော ထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်တချို့ ကြိုးစားမှုများ ရှိသော်လည်း ဈေး ကွက် မရှိခြင်း၊ နည်းပညာ အကူအညီ လိုအပ်နေခြင်းနှင့် လုပ်ပိုင်ခွင့်များ နည်းပါးခြင်းကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သော်လည်း စိုက်ပျိုးရေး ထွက်ကုန်များကို ကုန်ကြမ်းအဖြစ်နှင့်သာ တင်ပို့ နေရကြောင်း၊ လက်ရှိအချိန်ထိ ကုန်ချော ထုတ်လုပ်နိုင်မှု မရှိသေးကြောင်း၊ ကုန်ချောများ ထုတ်လုပ်နိုင်ပါက ဈေးကွက်များ ပိုမိုကျယ်ပြန့် လာမည်ဖြစ်ပြီး စိုက်ပျိုးသည့် တောင်သူများအတွက်လည်း ကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ကုန်ချောထုတ်လုပ်ရန်အတွက် အဓိက လိုအပ်ချက် တစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေးသည်လည်း အရေးပါသည့် အပိုင်းတွင် ပါဝင်နေကြောင်း ထောက်ပြကြသည်။