- By CNI
- Category: စီးပွားရေး
- Hits: 1106
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂၀
မိုခါမုန်တိုင်း ဝင်ရောက်ပြီးနောက် လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများ သည် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း စစ်တွေမြို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
မေလ ၁၈ ရက်နေ့မှ စတင်၍ စစ်တွေမှ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းအားလုံး ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပြီး စစ်တွေ - ရန်ကုန်နှင့် စစ်တွေ - မန္တလေးသို့ ပြေးဆွဲနေပြီဖြစ်သည်ဟု စစ်တွေမြို့ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီမှ ဥက္ကဋ္ဌ ဦးချမ်းအေးက CNI သတင်းဌာနသို့ ပြောသည်။
“ခရီးသည်တင်ယာဉ်လိုင်းတွေ အကုန်လုံး ပြေးဆွဲနေပါပြီ ၂ ရက် ရှိပါပြီ။ အကုန်လုံးပြေးဆွဲနေပါပြီ မန္တလေးရော၊ ရန်ကုန်ရော။ ခရီးသည်တွေအားလုံး အကုန်လုံး များတာပေါ့နော်။ ပိတ်နေတဲ့သူတွေ အိတ်တွေနဲ့ အကုန်လုံး ပြန်ကြတာပေါ့။ ရန်ကုန်ကနေ စစ်တွေကို လာတာလည်း ရှိတယ်” ဟု ပြောသည်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ပြေးဆွဲနေသည့် ခရီးသည်တင် အမြန်ရေယာဉ်များသည်လည်း ပြန်လည်ပြေးဆွဲရန်အတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲသည့် အမြန်ရေယာဉ်
လက်ရှိတွင် ဆိပ်ကမ်းများနှင့် ဂိုဒေါင်များကို ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း၊ မေလ ၂၂ ရက်နေ့ တနင်္လာနေ့တွင် ရေယာဉ်အစီးရေ ၉ စီးခန့်ဖြင့် ပြန်လည်ပြေးဆွဲမည်ဖြစ်သည်ဟု ရွှေပြည်တန် ရေယာဉ်မှ မန်နေဂျာ ဦးစံမော်သိန်းက CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့မှာကျတော့ လူဝင်လမ်း၊ ထွက်လမ်းတွေမှာ အပင်တွေ လဲနေတာတွေ ကျနော်တို့ သန့်ရှင်းရေး လုပ်နေတယ်။ ပြီးရင် ကျနော်တို့က ဂိုဒေါင်တွေ ပြိုထားတာ ရှိတယ်။ ပြီးရင် ဆိပ်ကမ်းမှာလည်း အမိုးတွေ ပါသွားတာရှိတယ်။ အဲဒါတွေကို လုပ်နေပါတယ်။ တနင်္လာနေ့ စဆွဲမယ်လို့ လုပ်ထားပါတယ်။ ရေယာဉ်အစီးရေ ကတော့ ကျနော်တို့ ၈ စီး၊ ၉ စီးလောက် ဆွဲပါမယ်။ ကျနော်တို့က ဒီဘက်မှာ စစ်တွေကနေ ရသေ့တောင် - ဘူးသီးတောင် ရှိတယ်။ စစ်တွေကနေ မြောက်ဦးရှိတယ်။ စစ်တွေကနေ ပေါက်တော - မင်းပြားရှိတယ်။ ပြီးရင် စစ်တွေကနေ ကျောက်ဖြူ - ရမ်းဗြဲ - ကျောက်တော် - တောင်ကုတ်။ ပြီးရင် တောင်ကုတ်ကနေဆိုရင် တောင်ကုတ် - မာန်အောင် - တောင်ကုတ်ပေါ့” ဟု ပြောသည်။
အဝေးပြေးယာဉ်လိုင်းများနှင့် အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်သော်လည်း ယာဉ်စီးခနှုန်းထား များ ကောက်ခံရာတွင် ဈေးနှုန်းတိုးမြှင့်ကောက်ခံခြင်းမရှိဘဲ မုန်တိုင်းဝင်ရောက်မှု မတိုင်ခင်ကာလ၏ နှုန်းထား အတိုင်းသာ ကောက်ခံနေကြောင်း သိရသည်။
လတ်တလောတွင် စစ်တွေမြို့၌ စက်သုံးဆီအရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်သော်လည်း စက်သုံးဆီအမျိုးအစား စုံလင်စွာ မရသေးကြောင်း၊ ဒီဇယ်ဆီအမျိုးအစားများလည်း မရရှိသေးကြောင်း၊ သို့သော်လည်း ခရီးသည်တင် အမြန်ရေယာဉ်လိုင်းများသည် မုန်တိုင်းကာလမတိုင်ခင်တွင် ဝယ်ယူထားသည့် စက်သုံးဆီများ ရှိသေးသည့်အတွက် ယင်းစက်သုံးဆီများဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 842
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၉
ဆန်စပါးဈေးနှုန်း ကစားမည့်သူများကို ထိန်းချုပ်သည့် အနေဖြင့် ဆန်အိတ်ရေ ၁၀၀၀၊ တန်ချိန်အနေဖြင့် တန် ၅၀ နှင့် စပါးတင်းရေ ၅၀၀၀ နှင့်အထက် သိုလှောင်မည်ဆိုပါက မှတ်ပုံတင်ကြရမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းသည် ကောင်းမွန်သော်လည်း ပုံမှန်ဝယ်ရောင်း လုပ်ဆောင်နေ ကြသည့် ကုန်သည်များနှင့် ပွဲရုံများအတွက် လုပ်ငန်းများ နှောင့်နှေးသွားစေနိုင်ကြောင်း ဆန်ကုန်သည်များက ပြောသည်။
ဆန်ရောင်းဝယ်ရေး လုပ်ဆောင်နေကြသည့် ဆန်ဆိုင်ကြီးများနှင့် ပွဲရုံများ၏ ဆန်သိုလှောင်မှုနှင့် ရောင်းချနေမှုများ သည် ဆန်အိတ်ရေ ၁၀၀၀ မက ရှိသည့်အတွက် ယခုကဲ့သို့ သိုလှောင်ပမာဏ ကန့်သတ်လိုက်ခြင်းကြောင့် အခက် အခဲ ဖြစ်ပေါ်စေနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “လှောင်ပြီး ကစားတဲ့ သူတွေအတွက်ကိုတော့ လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် ပုံမှန်လုပ်နေတဲ့ သူ တွေ အတွက်တော့ နည်းနည်း အလုပ်ရှုပ်တာပေါ့။ အခက်အခဲလေး နည်းနည်း ရှိတာပေါ့။ အခက်အခဲ မရှိအောင် တော့ သူတို့ကတော့ အလွယ်ဆုံးနည်းတွေနဲ့ လုပ်ပေးဖို့တော့ စီစဉ်နေတယ် ပြောပါတယ်။ အွန်လိုင်းကနေ စာရင်း ပို့တာတို့ ဘာတို့ပေါ့။ တချို့တွေက ဈေးပေါမှ ဝယ်ပြီး ဈေးကြီးမှ ပြန်ရောင်းတဲ့သူတွေအတွက် လုပ်တာတော့ ကောင်းပါတယ်။ ကျနော်တို့ အမြဲဝယ်ရောင်း လုပ်နေတဲ့ ပွဲရုံတွေ၊ ဆိုင်ကြီးတွေကတော့ အိတ် ၁၀၀၀ မကဘူး ထားထားတယ်။ အဲဒီလူတွေကတော့ စာရင်းတင် ဘာတင်နဲ့တော့ နည်းနည်း အလုပ်လေးတွေ ပိုလာတာပေါ့။ ဈေးကွက်မှာတော့ ထိရောက်မှု ရှိနိုင်ပါတယ်။ လက်ထဲမှာ အများကြီး အမြတ်ကြီး ချရောင်းမယ်ဆိုရင်တော့ နည်း နည်းလေး လျှော့ရောင်းပေါ့။ အဲဒါတွေလည်း နည်းနည်းတော့ လှောင်တဲ့သူတွေအပေါ်တော့ အကျိုးရှိနိုင်ပါတယ်။ ကျနော်တို့ ပုံမှန်လုပ်တဲ့သူတွေကျတော့ နည်းနည်းလေး အလုပ်များသွားတယ် အဲဒီသဘောပါပဲ” ဟု ပြောသည်။

ဆန်အိတ်များ သိုလှောင်ထားစဉ်
လက်ရှိတွင် ပြည်တွင်း ဆန်စျေးနှုန်းသည် တစ်အိတ်လျှင် အနိမ့်ဆုံး ၆၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၃၀၀၀၀ ကျပ် အထိ ရှိနေကြောင်း၊ စပါးတင်း ၁၀၀ လျှင် ၁၃ သိန်းကျပ်မှ သိန်း ၂၀ ကျော်အထိ ရှိနေကြောင်း သိရသည်။
ဆန်နှင့်စပါး သိုလှောင်မှုအတွက် မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်မှု ရှိ/မရှိကို စစ်ဆေးကြပ်မတ်နိုင်ရန် ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ - ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ဆန်စက်များတွင် စပါးမည်မျှရှိကြောင်းနှင့် ဆန်ကုန်သည်များထံတွင် ဆန် ပမာဏ မည်မျှ လှောင်ထားကြောင်း သိရှိနိုင်ရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ဆန်ကုန်သည်များက ပြောသည်။
သို့သော်လည်း ဆန်စပါး ဈေးကွက်ကို အပြည့်အဝ ထိန်းနိုင်သည့် အခြေအနေ မဟုတ်ဘဲ ၃၀ ရာခိုင်နှုန်းခန့်သာ ထိန်းနိုင်မည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဆန်အိတ်များ သယ်နေစဉ်
ဦးသိန်းအောင်က “၃၀ ရာခိုင်နှုန်းလောက်ပဲ ထိန်းလို့ရမယ်။ ၇၀ ရာခိုင်နှုန်းကတော့ ဖောက်ထွက်သွားမှာပဲ။ ဥပမာ ဆိုပါတော့ တန်ချိန် ၅၀ ထက်ပိုရင် မှတ်ပုံတင် ရမယ်ဆိုရင် ဥပမာဆိုပါတော့ ရင်းနှီးတဲ့ မိတ်ဆွေ ၁၀ ယောက်ရဲ့ နာမည်နဲ့ ခွဲလိုက်ရင် တန်ချိန် ၅၀၀ တောင် ထားလို့ရမယ်လေ။ သူတို့ အဲဒီလို ခွဲမှာပဲလေ။ အဲဒီ ထိန်းချုပ်မှုက ပြောမယ်ဆိုရင် ဆန်စပါးဈေးကွက်ကို ၃၀ ရာခိုင်နှုန်းလောက်ပဲ အခု ဒီလို ကမောက်ကမ ဖြစ်မှုကို ၃၀ ရာခိုင်နှုန်း လောက်ပဲ ၃၀ ရာခိုင်နှုန်းထက် မပိုဘူးလို့ ထိန်းချုပ်နိုင်စွမ်းက။ ဒါပေမယ့် နိုင်ငံရေးအရတော့ တစ်ဖက်ကနေပြီး တော့ ထိန်းချုပ်လို့တော့ ရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အထိန်းလေးတစ်ခုတော့ ရပါတယ်။ ဒါကလည်း ပြောမယ်ဆိုရင် တာဝန်ယူထားတဲ့ အစိုးရအနေနဲ့ မဖြစ်မနေ လုပ်ရမှာပဲ” ဟု ပြောသည်။
ဆန်စပါး သိုလှောင်မှုအတွက် မှတ်ပုံတင်ရာတွင် ကုန်သည်များ၊ ပွဲရုံများ၊ ဆန်စက်များနှင့် ဂိုဒေါင်အငှား လုပ် ဆောင်သည့်သူများ ပါဝင်ကြောင်း၊ မှတ်ပုံမတင်ပါက ဥပဒေနှင့်အညီ အရေးယူ ခံရမည်ဖြစ်ကြောင်း၊ ယခင်က ဆန်နှင့် စပါးကို သိုလှောင်မှုအတွက် မည်သည့်ဌာနကိုမှ စာရင်းတင်ပြရခြင်းနှင့် မှတ်ပုံတင် လျှောက်ထားရခြင်း မရှိခဲ့ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1386
CNI News
၂၀၁၃ ခုနှစ်၊ မေလ ၁၉
တိုက်ခန်း အရောင်းအဝယ်များတွင် အမည်ပြောင်းခနှင့် လခ ပေးဆောင်နေရခြင်းများအတွက် မြေရှင် လက်မှတ် ထိုးခ တောင်းခံနေခြင်းမှာ ဥပဒေအရ ပေးဆောင်ရန် မလိုအပ်ကြောင်းနှင့် တောင်းခံခွင့်မရှိကြောင်း တရား လွှတ်တော်ရှေ့နေ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဦးအောင်ကျော်က “အဓိကကတော့ တိုက်တစ်ခုခု ဖြစ်သွားတဲ့ အချိန်ကျ မြေရှင် အသိအမှတ်ပြု ပါတယ်ဆိုတဲ့ သဘောတရားနဲ့ မြေရှင်ကို ကန်တော့တဲ့ သဘောနဲ့ ပေးကြတာ။ ဥပဒေကြောင်းအရတော့ သတ်မှတ်ထားတာ မရှိဘူး။ မြေရှင်က အသိအမှတ် မပြုဘူးဆိုလည်းရတယ်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မြေရှင် အတွက်ဆိုပြီး သွားပေးကြလည်း ရတယ်။ သူ့ရဲ့ တာဝန်အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်အဖြစ်လည်း ဆောင်ရွက် လို့ရတယ်။ အဲတာကလည်း ကိုယ့်ရဲ့ သဒ္ဓါကြေးပဲပေါ့။ အဓိကကတော့ ဘယ်ရွေ့ဘယ်မျှ ဆိုတာ မရှိဘူး”ဟု ပြော သည်။
အချို့ မြေရှင်များအနေဖြင့် အမည်ပြောင်းခြင်းမျိုးကြုံလျှင် မြေရှင်နှင့် သဘောတူညီချက် ပမာဏ စာချုပ်တွင် ပါသည့် တန်ဖိုးအတိုင်းပေးသည်ကို လက်မခံတော့ဘဲ လက်မှတ်ထိုးခကို မတန်တဆစျေး တောင်းဆိုခြင်းများ ရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ရန်ကုန်မြို့ပြကိုတွေ့ရစဉ်
တိုက်ခန်း အရောင်းအဝယ်တစ်ခု အောင်မြင်ရေးအတွက် မြေရှင် လက်မှတ်ထိုးခနှုန်းကို သုံးရာခိုင်နှုန်း အထိ တောင်းဆိုခြင်းများရှိလာရာ ကျပ်တစ်သိန်းအတွက် သုံးထောင်ကျပ်၊ သိန်းတစ်ရာအတွက် သုံးသိန်းပေးရမည် ဖြစ်နေသည်။
အိမ်ခြံမြေ အရောင်းအဝယ်လုပ်သူ ဦးဇေယျာက “မြေရှင် လက်မှတ်ထိုးတာက တချို့တိုက်တွေဆို 1 percent တချို့ဆိုရင် 2 percent တောင်းကြတယ်။ တချို့ ကြတော့လည်း နှစ်ပေါင်းများစွာ ကြာပြီးတော့ တိုက်တန်ဖိုးတွေ အရမ်းတက်သွားတဲ့ အခါဆိုလို့ရှိရင် 3 percent လောက် တောင်းကြတယ်။ လောဘကြီးတဲ့ မြေရှင်တွေရှိသလို သဘောကောင်းတဲ့ မြေရှင်တွေ ရှိတာပေါ့။ ဘာကြောင့် ပေးရမယ်ဆိုတဲ့ ဥပဒေက မရှိဘူး ။ ဒါပေမယ့် လူတွေက စာချုပ်အတိုင်းပဲ ပြောတာ၊ စာချုပ်ဆိုတာကလည်း ပဋိညာဉ်ပဲလေ တောင်းဆိုချက် တစ်ခုအနေနဲ့သာ တောင်းနေ ကြတာ။ အချို့ရှေ့နေတွေကြတော့လည်း မပေးဖို့ ပြောတယ်။ အချို့ကျတော့လည်း ပေးဖို့ ပြောတယ်။ ဒါပေမယ့် ပထမစာချုပ်မှာ ပေးမယ်လို့ စာချုပ်ချုပ်ဆို ဝယ်ထားတဲ့အတွက်ကြောင့် အဲတာ ပေးရမယ်ဆိုတဲ့ အစဥ်အလာလို ဖြစ်သွားတာ “ ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် မြေရှင်မှ လက်မှတ် မထိုးပေးခြင်း၊ ငွေထပ်မံ တောင်းခြင်းများ မဖြစ်ပေါ်စေရန် တိုက်ခန်း အရောင်း အဝယ် စာချုပ်ချုပ်ဆိုစဥ်ကတည်းက မြေရှင် လက်မှတ်ထိုးခနှုန်းထားကိုပါ တစ်ခါတည်း ထည့်သွင်းချုပ်ဆိုသင့် ကြောင်း ဥပဒေရေးရာ ပညာရှင်များနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ရန်ကုန်မြို့တွင်း တစ်နေရာကိုတွေ့ရစဉ်
အလားတူ သက်ဆိုင်ရာအာဏာပိုင်များကလည်း တိုက်ခန်း အရောင်းအဝယ် လုပ်ရာမှာ မြေရှင်က အသိအမှတ်ပြု လက်မှတ်ထိုးခ တောင်းခံနေခြင်းကို ထိထိရောက်ရောက် အရေးယူသင့်ကြောင်း၊ ဥပဒေတွင် မြေရှင် လက်မှတ်ထိုး ခ ပေးရမည်ဟု ပြဋ္ဌာန်းခြင်းမရှိကြောင်း ရှေ့နေများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
မြန်မာနိုင်ငံတွင် တိုက်ခန်း/အိမ်ရာဥပဒေနှင့် ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရလက်ထက် မတိုင်ခင်ကတည်းက ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း ယခုချိန်အထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပေ။
အဆိုပါ တိုက်ခန်း/အိမ်ရာဥပဒေ ပေါ်ပေါက်မှသာ တိုက်ခန်း အရောင်းအဝယ်အတွက် ခိုင်မာမှုရှိလာမည် ဖြစ်သလို ရောင်းသူဝယ်သူ နစ်နာမှု နည်းပါးလာနိုင်မည်ဖြစ်ကြောင်း၊ မြေရှင် လက်မှတ်ထိုးခလည်း ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း အိမ်ခြံမြေ အရောင်းအဝယ်လုပ်သူ ဦးဇေယျာက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1430
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၈
မြန်မာ့သရက်သီးကို တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်အောင် လုပ်ဆောင်နေပြီး ဈေးကောင်းရအောင် ကြိုးပမ်း နေသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သစ်သီးဝလံ ဟင်းသီးဟင်းရွက် ပန်းမန်တွေ အကုန်လုံးက စျေးကွက်မရှိရင် တောင်သူဘယ်လိုမှ မရပ် တည်နိုင်ဘူး။ သွင်းအားစုတွေ စျေးမြှင့် နေရင်တောင်မှ မြင့်မားတဲ့ စျေးကွက်မျိုးကို ရတယ်ဆိုရင် တောင်သူက ခံသာသေးတယ်။ အဲဒီအတွက်ကြောင့် ဦးတို့ကတော့ စိုက်ပျိုးထုတ်လုပ်တဲ့သူတွေ အကျိုးကို ကြည့်ပြီးတော့ စျေးကွက် ရရှိဖို့အတွက်ကို အစဥ်တစိုက် လုပ်တယ်။ နောက်တစ်ခုက ခူးပြီးတော့မှ ပျက်စီးမှုတွေ နည်းအောင် လည်း ဒီအသီးတွေကို finish product ပေါ့ နောက်ပိုင်း အဆင့်မြှင့်တဲ့ ဟာမျိုးတွေ လုပ်တာမျိုးတွေလည်း ရှိတယ်။ ဥပမာ- သရက်တို့ သရက်သီးခြောက်တို့၊ သရက်ဖျော်ရည်တို့ ဒါမျိုးထုတ်တာမျိုးတွေ ရှိပါတယ်။ အဲဒီ နည်းပညာ တွေ ပြန့်ပွားအောင် အတွက်လည်း ဦးတို့အများကြီး လုပ်တာပေါ့ “ ဟု ပြောသည်။

သရက်သီးခြောက် ထုပ်ကိုတွေ့ရစဉ်
မြန်မာ့သရက်သီး တင်ပို့မှုနှင့် ထုတ်လုပ်မှု နည်းပညာများကို နိုင်ငံတကာမှ အကူအညီမှုများရှိနေပြီး စျေးကွက် ဝယ်လိုအားပါ ရှိလာနိုင်ကြောင်း သရက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူ အသိုင်းအဝိုင်းမှ သိရသည်။
သဇင်နွယ် သရက်ခြံပိုင်ရှင် ဦးဌေးအောင်က “သရက်ပြင် လုပ်တယ်။ သရက်သီး အခြောက်လုပ်တယ်။ သရက်သီး အချိုခြောက်တို့၊ အငန်ခြောက်တို့ လုပ်တယ်။ အဲဒါကလည်း သရက်သီး export လုပ်လိုက်တော့ ကျန်တဲ့ သရက် သီးတွေကို ပယ်စျေး ဝယ်ရတာပေါ့။ ပယ်သီးတွေကို ဦးတို့က value added လုပ်တာ အဲဒီပယ်သီး ရှိသလောက်ပဲ လုပ်တာပေါ့။ တစ်ပိုင်တနိုင် အများကြီးတော့ မလုပ်ပါဘူး။ အဓိကကတော့ frozen mango လုပ်တယ်။ သူက တော့ ခပ်များများ လုပ်တာပေါ့။ တစ်နေ့ကို ၇ တန်၊ ၈ တန်လောက်ထိ လုပ်တယ်” CNI သတင်းဌာနသို့ ပြော သည်။

မြန်မာ့သရက်သီးကိုတွေ့ရစဉ်
မြန်မာ့သရက်သီးကို နယ်စပ်ဒေသမှတဆင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း၊ စင်္ကာပူ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1300
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၇
မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်အတွင်းမှာ အိမ်ဆောက်ပစ္စည်းနှင့် အခြေခံ စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းများ အဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချမှုများကြောင့် ဈေးနှုန်းများမြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။
မုန်တိုင်းကာလကို အခွင့်ကောင်းယူပြီး စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ပုံမှန်ထက် ၂ ဆ၊ ၃ ဆ ဈေးနှုန်းမြှင့်တင်၍ ရောင်းချမှုများရှိနေကြောင်း မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းမှ တာဝန်ခံ ဦးညီပုက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုဆိုရင် ဆန်တွေကို သိန်းကျော်နေပြီ ဆန်တစ်အိတ်ကို။ ကုန်ပစ္စည်းတွေကလည်း ပုံမှန်ထက် ရောင်း နေတဲ့ ဈေးထက် ၂ ဆလောက် တက်သွားတဲ့ အချိန်ကျတော့ လူတွေက တော်တော်လေး အခက်အခဲ ဖြစ်ရတယ်။ ကျနော်တို့ စစ်ရှောင်တွေစားတဲ့ ရိုးရိုးဆန်ဆိုရင်တော့ ၁ သိန်းဝန်းကျင်နားကို ကပ်နေပြီ။ အရင်ကဆိုရင် ကျနော် တို့ ဒီဘက်တွေမှာက ၆ သောင်း၊ ၆ သောင်းခွဲ အဲဒီလောက်ပဲ ရှိတယ်။ ကြက်ဥကျတော့ ၁၀၀၀ အထိ မတက်သေး ဘူး၊ ၇၀၀၊ ၈၀၀ ထိ တက်နေပြီ ဈေးက” ဟု ပြောသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အနှံ့အပြား၌ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းသင့် ရခိုင်ပြည်နယ် အခြေအနေကို တွေ့ရစဉ်
လက်ရှိအချိန်တွင် ရခိုင်ဒေသရှိ ပြည်သူများသည် အမိုးအကာ၊ သန့်ရှင်းသည့် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။
အိမ်မိုးသွပ်ပြားများ ဝယ်ယူရန် မတတ်နိုင်သည့် ပြည်သူများအနေဖြင့် တာပေါ်လိပ်စ (ခေါ်) ပလက်စတစ် အမိုး အကာ တစ်မျိုးကို အသုံးပြုကြကြောင်း စစ်တွေမြို့နယ်မှ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလောလောဆယ် လူတွေက အရေးတကြီး ရှာနေကြတာတော့ အိမ်မိုးသွပ်ပြား၊ မတတ်နိုင်တဲ့ သူတွေ ကျတော့ တာပေါ်လိပ်စ ရှာကြတယ်။ တချို့ကျတော့ မူရင်းဈေးနဲ့ ရောင်းတယ်။ အဲဒီလူကတော့ မြန်မြန်ကုန်တာ ပေါ့။ တချို့ကျတော့လည်း ဈေးကို ၃၊ ၄ ဆ တင်ပြီး ရောင်းတာရှိတယ်။ စက်သုံးဆီကတော့ ၁ လီတာကို ၅၀၀၀ လို့ ကြားတယ်။ အခုကတော့ ဘာစီးပွားရေးမှ မရှိဘူး။ အိမ်ဆောက်ပစ္စည်း ရောင်းတဲ့ဆိုင်တွေကျတော့ အရေးပေါ် ရောင်းနေရလို့ နည်းနည်း အလုပ်ဖြစ်တယ်” ဟု ပြောသည်။
ထို့နောက် အိမ်ဆောက်ရာတွင် အသုံးပြုသည့် အိမ်မိုးသွပ်များ၊ သံများကို တချို့သော ဆိုင်များသည် မူရင်းဈေး ထက် အဆမတန် မြှင့်တင်၍ ရောင်းချမှုများ ရှိနေကြောင်း၊ တတ်နိုင်သည့် သူများသည် မရရသည့် ဈေးနှုန်းဖြင့် ဝယ်ယူကြသော်လည်း ငွေကြေးမတတ်နိုင်သော ဒေသခံများကတော့ အကူအညီမဲ့နေကြောင်း သိရသည်။
ထိုသို့ ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် အိမ်ဆောက် ပစ္စည်းများကို ရန်ကုန်မှတဆင့် လက်ရှိတွင် မှာယူ ထားပြီးပြီ ဖြစ်ကြောင်း၊ ပြည်သူများကို သက်သာသည့် ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဟု ကျောက်တော်မြို့နယ်မှ လေးဝတီ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျမတို့အိမ်က အခု ကျမ ချထားတဲ့ သွပ်ပြားတွေကို ကျမတို့က ပြောတယ် အဲဒီ (ရန်ကုန်) ကနေ ၁၂၀၀၊ ၁၂၅၀ လောက် ရတယ် တစ်ပေကို။ ဒါပေမယ့် ကားခက ဘယ်လောက်ရှိမလဲ မသိဘူးဆိုတော့ အရင်ကတော့ တစ်ပိဿာ ၃၀၀၊ အခုကတော့ တစ်ပိဿာ ၄၀၀ တက်မလား၊ ၅၀၀ တက်မလား မသိဘူး။ ဒါပေမယ့် ကျမ ကတော့ တစ်ပေကို ၁၅၀၀၊ ၁၆၀၀၊ ၁၆၀၀ ဆိုတော့ ပေ ၁၀၀ ပေါ့။ အဲဒီလောက်နဲ့ ကျမ ဝယ်ထားတဲ့ သွပ်ချပ် ၁၅၀၀ ကိုတော့ အဲဒီလို ရောင်းပေးမယ်လို့ ပြောထားတယ်။ ၁ ပေက ၁၀၀ လောက်ရရင် ရပြီ။ သိပ်အများကြီး လည်း မလိုဘူး။ သွပ်ဈေးတွေကတော့ တချို့တလေတော့ နည်းနည်း ဈေးကို ၁ ပေမှ ၁၀၀၊ ၂၀၀ လောက်ပဲ တင်ပြီး ရောင်းကြတယ်။ တချို့တလေကျတော့ ၁၀၀၀၊ ၂၀၀၀ တင်ပြီး ရောင်းကြတယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းပေါင်း ၇ သောင်း ထောက်ပံ့ပေးအပ်စဉ်
ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စသည့် မြို့နယ်များသည် မိုခါမုန်တိုင်းကြောင့် နေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အအုံများ ပျက်စီး သွားခဲ့သည်။
လက်ရှိတွင် အခြေခံ စားသောက်ကုန်များ အပါအဝင်၊ အိမ်ဆောက်ပစ္စည်းများ၊ စက်သုံးဆီစသည့် ဈေးနှုန်းများမှာ အဆမတန် မြင့်တက်နေသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန်အတွက် ဒေသခံများက လိုလားနေကြသည်။
အဆိုပါ ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အခြေခံစားသုံးကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဈေးဆိုင်များကို သွားရောက်၍ ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်း မရှိစေရေး ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1161
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၆
ရေချိုငါးခြောက်စျေးကွက်တွင် ငါးရံ့ခြောက်များကို ပြည်ပစျေးကွက် အ၀ယ်လိုက်လာသောကြောင့် ငါးခြောက် ပွဲရုံပိုင်ရှင် အချို့မှာ ပြည်တွင်း စျေးကွက်အတွင်း ဟန်ပြလောက်သာ ထုတ်ရောင်းနေကြကြောင်း သီရိမင်္ဂလာ စျေးမှ ရေချိုကုန်ရောင်းသူ ဦးသက်နိုင်၀င်းက CNI သတင်းဌာနသို့ ပြောပြသည်။
၎င်းက “ငါးခြောက် ရောင်းအားတွေကတော့ အခုဆိုလို့ရှိရင် တချို့ပွဲရုံပိုင်ရှင်တွေ ဆိုလို့ရှိရင် ဒီငါးရံ့ခြောက်ကို အမြင်လှပြီး ကောင်းတဲ့ဥစ္စာတွေဆို သူတို့တွေ အအေးခန်းတွေထဲမှာ သိုလှောင်ထားတယ်။
သိုလှောင်ထားပြီး တော့ ဒီစျေးကွက်ထဲကို ဟန်ပြလောက်ပဲ ထုတ်ရောင်းတာ ရှိတယ်။ အစ်ကိုတို့တွေဆို ဒီငါးခြောက်ကောင်းရင် ကောင်းသလောက်ပေါ့ စျေးကောင်းပေးပြီး ၀ယ်ယူနေရတယ်။ ဒီပြည်ပစျေးကွက်ကိုပဲ သူတို့တွေကလေ အဓိက တင်ပို့နေတယ်။ အစ်ကိုတို့ ဒီပြည်တွင်းမှာ ဘယ်လိုဖြစ်လဲဆိုတော့ ဒီ ငါးခြောက်၀ယ်ရတာ စျေးမြင့်ပြီး ၀ယ်နေရ တော့ လုံး၀ အဆင်မပြေဘူး။ တော်တော်လေးလည်း ခက်ခဲလာတယ်ပေါ့နော်။ အစ်ကိုတို့ ဒီငါးရံ့ခြောက်တွေ ၀ယ်ရတာ အရမ်းကို ရှားပါးလာတာ တွေ့ရတယ်ပေါ့။ ဒီငါးရံ့ခြောက်ကို စားချင်တဲ့ ၀ယ်လက်တွေက ရှိတယ်။ ဒါပေမယ့် ကိုယ်တို့မှာ ရောင်းဖို့အတွက် ငါးရံ့ခြောက် ကုန်ခြောက်ကို မနည်းလိုက်၀ယ် နေရတယ်ပေါ့ “ ဟု ပြော သည်။
ငါးမဖမ်းရ ကာလရောက်လာပါက နယ်သို့ ပို့ဆောင်သည့် ဈေးကွက်ရပ်တန့်သွားနိုင်ပြီး အအေးခန်းဖြင့် သိုလှောင်ထားသည့် ငါးခြောက်များသာ ရောင်း၀ယ်တော့မည်ဖြစ်ကြောင်း၊ ထို့နောက် ငါးခြောက်ဈေး မြင့်တက် လာနိုင်သည်ဟု သီရိမင်္ဂလာ လက်ကားဈေးအတွင်းမှ သိရသည်။

သီရိမင်္ဂလာစျေးကို တွေ့ရစဉ်
ဦးသက်နိုင်၀င်းက “ခုချိန်ဆိုရင် ပြောရလို့ရှိရင် ဒီအအေးခန်းထဲမှာ သိုလှောင်ပြီး ထားတဲ့ ငါးခြောက်တွေကို သူတို့ ရောင်းနေရတာ မဟုတ်သေးဘူးပေါ့။ နောက်ပိုင်းဆိုရင် ကျနော်တို့ ဒီ ငါးဖမ်း ကာလပိတ်ချိန် ရောင်းမယ်ဆိုလို့ ရှိရင် နယ်က အ၀င် မရှိတော့ဘူးပေါ့ဗျာ။ အဲတော့ ခုလက်ရှိ စျေးကွက် ပေါက်စျေးထက် မြင့်လာမယ်လို့တော့ ကျနော်တို့ကတော့ ယူဆတယ်။ ဒီမှာတော့ အခုကျနော့်ဆိုင် ဆိုလို့ရှိရင် တစ်ရက်ကို ပုံမှန်ပေါ့ ပိဿာ ၂၅၀၀၊ ၃၀၀၀ လောက်ထိပေါ့ ရောင်းအားရှိတယ် “ ဟု ပြောသည်။
အအေးခန်းများ၌ ငါးခြောက် သိုလှောင်ရာတွင် အလေးချိန် တစ်ကီလိုဂရမ်လျှင် ၁. ၈၀ ကျပ်နှုန်း ပေးရသည့် အတွက် သိုလှောင်ထားချိန် တစ်လကြာသွားသည့် အခါတိုင်း ငါးခြောက် တစ်ပိဿာ၌ ကျပ် ၁၀၀၀ ကျော်ခန့် အရင်းအနှီးစရိတ် တက်လာကြောင်း သိရသည်။
ငါးရံ့ ခြောက်ကို မလေးရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံများသို့ အဓိက တင်ပို့ရောင်းချနေရခြင်း ဖြစ် သည်။

သီရိမင်္ဂလာစျေးကို တွေ့ရစဉ်
လက်ရှိ ငါးခြောက် လက်ကားစျေးများအနက် ငါးရံ့ခြောက် ( အလုံး ) တစ်ပိဿာ ၄၅၀၀၀ ကျပ်၊ ငါးရံ့ခြောက် ( ပြားသေး) တစ်ပိဿာ ၅၂၀၀၀ ကျပ်၊ ငါးရံ့ခြောက် ( ပြားကြီး ) တစ်ပိဿာ ၇၈၀၀၀ ကျပ် စသဖြင့် အသီးသီး ရှိသည်။
ထိုစျေးနှုန်းများသည် ပြီးခဲ့သည့် ဧပြီလ ပေါက်စျေးထက် တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ စျေးတက်လာ ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 939
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၅
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်း၌ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် မြန်မာနယ်စပ် တမူးမြို့မှဒေသခံများကို သွားလာခွင့် ပိတ်ထားရာမှ ယခုအခါတွင် အချိန်ပိုင်းဖြင့် မိုရေး(အိန္ဒိယ)ဘက်သို့ ဈေးရောင်းချခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ မိုရေးမြို့ဘက်သို့ ဝင်ရောက်ခွင့် ပိတ်ထားရာမှ လက်ရှိတွင် တမူးမြို့မှ ဒေသခံ ဈေးသည်များကို မနက် ၆ နာရီမှ နေ့လယ် ၁၀ နာရီအထိ သွားရောက် ဈေးရောင်းချခွင့်ပေးခဲ့ကြောင်း တမူးဒေသခံများထံမှ သိရသည်။
တမူးဒေသရသေး ကြောင်း တမူးဒေသခံ မသက်က CNI သတင်းဌာနသို့ ပြောသည်။
“သူက အချိန်ပိုင်းလောက်ပဲ ဖွင့်သေးတာ။ မနက်ပိုင်းဆိုရင် မနက်ကတော့ ဘယ်အချိန်လဲတော့ မသိဘူး။ သူတို့သွားနေကြတာကတော့ ၆ နာရီ၊ ၇ နာရီလောက်ကနေ သွားကြတာ မနက်။ ပြီးတော့ ၁၀ နာရီ၊ ၁၁ နာရီ လောက်ခံ ဈေးသည်များ မိုရေးမြို့သို့ သွားရောက်ရောင်းချ၍ ရပြီဆိုသော်လည်း ဆိုင်ခန်းဖြင့် ရောင်းချသူများ၊ ဆောက်လုပ်ရေးအလုပ်သမားများနှင့် တခြားသော အလုပ်အကိုင် လုပ်ကိုင်သူများမှာ ဝင်ရောက်၍ မဆို ပြန်လာကြပြီ နေ့လည်ပိုင်း။ မိုရေးဘက်တော့ အဆင်ပြေသွားမှာပေါ့။ မိုရေးက အခုက ကုန်စိမ်းတွေ တော်တော်များများက ဒီကနေပဲ ပို့ရတာ များတဲ့အခါကျတော့လေ။ ဒီဘက်က ဝင်မရတဲ့အခါကျတော့ မိုရေးလည်း တော်တော်လေး ပြတ်လပ်သွားတာပေါ့။ ဒါပေမယ့် အခု ပြန်ဝင်ရပြီဆိုတော့ မိုရေးဘက်ကတော့ ပိုအဆင်ပြေ သွားမှာပေါ့။ တမူးဘက်ကျတော့ ဈေးသည်တွေအတွက်က အဆင်ပြေသွားမှာပေါ့။ ဆိုင်ခန်းသမားတွေကျတော့ သွားမဖွင့်ရတော့ဘူး။ အလုပ်သွားလုပ်တဲ့သူတွေ၊ ဆိုက်တွေကျတော့ မရလောက်သေးဘူး။ ဆောက်လုပ်ရေး အပိုင်းတွေ ဘာတွေကတော့ မရလောက်သေးဘူး” ဟု ပြောသည်။
ယခင်က မိုရေးဘက်သို့ ဈေးသွားရောက် ရောင်းချရာတွင် တစ်နေကုန် ရောင်းချ၍ ရသော်လည်း လက်ရှိတွင် အိန္ဒိယနယ်စပ်တွင် ဖြစ်ပေါ်နေသည့် လူမျိုးရေးအဓိကရုဏ်းကြောင့် အချိန်ပိုင်းဖြင့်သာ ရောင်းချခွင့်ရှိသည်ဟု သိရသည်။

တမူးမြို့ရှိ နန်းဖာလုံဈေး(ဓါတ်ပုံ-CNI)
မိုရေးဘက်သို့ တမူးမြို့မှ ထွက်ရှိသည့် ရေထွက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို သွားရောက် ရောင်းချ ကြကြောင်းနှင့် မိုရေးဘက်မှ မုန့်များနှင့် အဝတ်အထည်များကို တမူးဘက်သို့ ပြန်လည်ဝယ်ယူကြကြောင်း သိရသည်။
ထို့နောက် အိန္ဒိယနိုင်ငံအတွင်း အခြေအနေများကြောင့် ကုန်သွယ်ရေးလုပ်ငန်းများလည်း ရပ်တန့်သွားခဲ့ရပြီး လက်ရှိအချိန်ထိ ကုန်သွယ်မှု ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း တမူးကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အိန္ဒိယနဲ့ ကုန်သွယ်ရေးအခြေအနေကတော့ အကုန်လုံး ပိတ်ထားပါတယ်။ လူဝင်လူထွက်လည်း မရ၊ ပစ္စည်း လည်း သွားလို့မရ။ သူတို့ဘက်က ၁၄၄ ထုတ်ထားပါတယ်။ သူတို့ မနက်ခင်း ဟင်းချက်စရာ ဝယ်ရုံလောက် ခဏ တဖြုတ်လောက်ပဲ ဖွင့်ပေးပါတယ်။ သိပ်မသွားရဲကြပါဘူး၊ မသွားကြပါဘူး။ အခုတိုင်းဆို သူတို့ ကြာအုံးမယ် ပြောပါတယ်။ ရပ်နေပါတယ် အခုက အကုန်လုံး ဘာမှလူအဝင်အထွက် သွားလို့ လာလို့ မရဘူးဆိုတော့ သူတို့ ဘက်တောင် ၁၄၄ ထုတ်ထားတယ်။ သူတို့ဘက်တောင်မှ မနက် ၇ နာရီကနေ ၉ နာရီ၊ ၁၀ နာရီလောက်ပဲ အပြင် ထွက်လို့ ရတယ်။ ကျန်တဲ့အချိန် သူတို့ ဘယ်မှထွက်လို့မရပါ” ဟု ပြောသည်။
မြန်မာ - အိန္ဒိယ ကုန်သွယ်ရေးတွင် လက်ရှိ၌ တရားဝင်ကုန်သွယ်ရေးများ ရပ်တန့်နေသည့်အပြင် အိန္ဒိယနိုင်ငံ ဘက်တွင် နယ်မြေတည်ငြိမ်မှုမရှိသည့်အတွက် တရားမဝင်လမ်းကြောင်းမှလည်း ကုန်သွယ်မှု ပြုလုပ်ခြင်း မရှိ သေးကြောင်း သိရသည်။
မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုရေးမြို့အပါအဝင် ခရိုင် ၅ ခုတွင် မေလ ၄ ရက်နေ့မှစတင်၍ လူမျိုးရေပဋိပက္ခအဓိကရုဏ်း ဖြစ်ပွားနေသည်မှာ လက်ရှိအချိန်ထိ တည်ငြိမ်မှုမရှိသေးကြောင်း တမူးဒေသခံ များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 972
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၃
တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့နှင့် ရွှေလီမြို့ရှိ ဂိုဒေါင်များတွင် သိုလှောင်ထားသည့် မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သော ပဲတီစိမ်း တန်ချိန် ၁ သိန်း(အိတ်ရေအားဖြင့် အိတ်ရေ သိန်း ၂၀)ကို တရုတ်အစိုးရက ဧပြီလ ၂၅ ရက်နေ့မှ စတင်၍ ယနေ့အထိ ချိတ်ပိတ် သိမ်းဆည်းထားကြောင်း မူဆယ်နယ်စပ်မှ ပဲကုန်သည်များထံမှ သိရသည်။
တရုတ်နိုင်ငံသို့ တင်ပို့ရန် သိုလှောင်ထားသည့် ဝမ်တိန်နှင့် ရွှေလီမြို့က ဂိုဒေါင်များရှိ ပဲတီစိမ်းများကို တရုတ် အစိုးရမှ ချိတ်ပိတ်ထားသလို မြန်မာနိုင်ငံသား အရောင်းကိုယ်စားလှယ် ၃ ဦးကိုလည်း ဖမ်းဆီးချုပ်နှောင်ထား ကြောင်း၊ မည်သူနှင့်မျှ တွေ့ခွင့်မပြုထားကြောင်း မူဆယ်ပဲကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပဲတီစိမ်းကို တွေ့ရစဉ်
၎င်းက “ဧပြီ ၂၅ ရက်နေ့မှာ တရုတ်နိုင်ငံ ဝမ်တိန်မြို့မှာရှိတဲ့ ဂိုဒေါင် ၄ လုံးနဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာရှိတဲ့ ဂိုဒေါင် ၂ ခုထဲမှာ မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သည့် ပဲတီစိမ်း တန်ချိန် ၁ သိန်း၊ အိတ်ရေအားဖြင့် ကီလို ၅၀ အိတ်ရေ သိန်း ၂၀ ကို တရုတ်နိုင်ငံ အစိုးရကနေပြီးတော့ ဂိုဒေါင်အတွင်းမှာ ထားထားတဲ့ ပဲတွေကို ချိတ်ပိတ်ထားပါတယ်။ ဒီပဲ တွေကို သယ်ဆောင်လို့လည်း မရပါဘူး။ ယူခွင့်လည်း မပြုပါဘူး။ ဒီပဲအားလုံးက ကျနော်တို့ မြန်မာနိုင်ငံမှ မြန်မာ ကုန်သည်တွေ ပိုင်တဲ့ ပဲအိတ်ရေတွေ ဖြစ်ပါတယ်။ ဒါကိုလည်း ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကပြီးတော့ ချိတ်ပိတ်ထား ပြီး ဘာမှလည်း ဖြေရှင်းမပေးတဲ့အပြင် ကျနော်တို့ ကုမ္ပဏီ အရောင်းကိုယ်စားလှယ် မြန်မာနိုင်ငံသား ၃ ဦးကို လည်း တရုတ်နိုင်ငံထဲမှာ ဖမ်းဆီးချုပ်နှောင်ထားတာကို လူတောင်မှ တွေ့ခွင့် မပေးပါဘူး။ မြန်မာနိုင်ငံအစိုးရ အနေနဲ့ ဒီကိစ္စကို အတတ်နိုင်ဆုံး ဖြေရှင်းပေးပါတယ်။ ဒါပေသည့် တရုတ်အစိုးရက မည်သို့မျှ မတုံ့ပြန်ဘဲနဲ့ ဒီကနေ့အထိ ပဲတီစိမ်း တန်ချိန် ၁ သိန်းကို ချိတ်ပိတ်ထားပြီး မြန်မာနိုင်ငံသား ၃ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။ ဒါကြောင့် ဒီကိစ္စကို တရုတ်နိုင်ငံအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးပါရန် ကျနော်တို့ မြန်မာနိုင်ငံမှ ပဲကုန်သည် တစ်ဦးအနေဖြင့် တင်ပြလိုက်ရပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံသို့ အခွန်ဆောင်ရာတွင် အကောက်ခွန် ဝန်ထမ်းများနှင့် ပူးပေါင်း၍ မရိုးသားသည့်နည်းဖြင့် အကောက်ခွန်များကို တိမ်းရှောင်သည်ဟု စွပ်စွဲချက်ဖြင့် အဆိုပါ ပဲတီစိမ်း တန်ချိန် ၁ သိန်းကို ချိတ်ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်းများ သိုလှောင်ထားစဉ်
ထိုသို့ ချိတ်ပိတ်ခြင်းနှင့် လူကို ဖမ်းဆီးထားခြင်းကြောင့် မြန်မာနိုင်ငံသား ပဲကုန်သည်များ အနေဖြင့် နစ်နာဆုံးရှုံး ကြရသည်ဟု ပဲကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီပဲတွေက ကျနော်တို့ မြန်မာနိုင်ငံ ကနေပြီးတော့ ကျင်စန်းကျော့ဂိတ် ကနေပြီးတော့ တရုတ်နိုင်ငံမှာရှိတဲ့ ဝမ်တိန်မြို့ကို ကျနော်တို့ တရားဝင် အကောက်ခွန်ဆောင်ပြီးတော့မှ ကျနော်တို့ သွားတာ။ ကျနော်တို့ တရုတ် အကောက်ခွန်ဌာနကို ကျနော်တို့ ပဲကားတွေက ဖြတ်သန်းရတယ်။ အဲဒီမှာ တန်ချိန်ကိုလည်း ကျနော်တို့ ချိန်တွယ် ရတယ်။ တန်ချိန်ကို ချိန်တွယ်ပြီးတော့မှ တန်ချိန်ပေါ် မူတည်ပြီးတော့ တရုတ်နိုင်ငံအစိုးရကို ဝင်ငွေနဲ့ ကျနော်တို့ တရားဝင် အခွန်ဆောင် ရပါတယ်။ ဒီလိုတရားဝင် အကောက်ခွန် ဆောင်ထားပေမယ့်လည်း သူတို့က ကျနော်တို့ အကောက်ခွန် ဆောင်တဲ့နေရာမှာ မရိုးသားတဲ့နည်းတွေ ရှိတယ်ဆိုပြီးတော့ အဲဒီစွပ်စွဲချက်နဲ့ အခုလို ချိတ်ပိတ် လိုက်တာ ဖြစ်ပါတယ်။ ရွှေလီနဲ့ ဝမ်တိန်မှာရှိတဲ့ ပဲတွေအားလုံးက ကျနော်တို့ မြန်မာနိုင်ငံသားတွေပိုင်တဲ့ ပဲတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံသား ပဲကုန်သည်တွေ အနေနဲ့ အများကြီး နစ်နာတာ တွေ့ရှိရပါ တယ်” ဟု ပြောသည်။
တရုတ်နိုင်ငံအစိုးရမှ ချိတ်ပိတ် သိမ်းဆည်းထားသည့် ပဲတီစိမ်း တန်ချိန် ၁ သိန်းနှင့် မြန်မာနိုင်ငံသား အရောင်း ကိုယ်စားလှယ် ၃ ဦးကို ဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအစိုးရမှ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာခြင်း မရှိသေးကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1205
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၂
ရန်ကုန်မြို့သစ် စီမံကိန်းအတွင်းရှိ မြေကွက်အချို့ကို ယခင်ပေါက်စျေးထက် လျော့သော စျေးနှုန်းဖြင့် ရောင်း ၀ယ်နေကြကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းတွင် ပါ၀င်ခဲ့သူလည်းဖြစ် လက်ရှိတွင်လည်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဦးမင်းဦးက “ ငွေအင်အားကြီးတဲ့ သူတွေကတော့ ပြန်မရောင်းပါဘူး။ အချို့ ကျတော့ တနိုင်တပိုင်ပေါ့၊ ကိုယ့် လက်ထဲမှာရှိတဲ့ အပိုငွေလေးနဲ့ တစ်ကွက်စာ ဝယ်တယ်၊ နှစ်ကွက်စာ ဝယ်တယ် အဲတာမျိုး ဝယ်တဲ့သူတွေ ရှိတယ် လေ။ သူက ဘယ်လိုလဲဆို ရင်းနှီးမြှုပ်နှံထားတာ။ သို့ပေမယ့် ခုချိန်မှာ သူတို့မှာ ငွေရေးကြေးရေး အခက်အခဲသော် လည်းကောင်း အခြားစီးပွားရေး ရင်းနှီးမြှုပ်နှံမှု ရှိလာတဲ့အခါကျတော့ ငွေရေးကြေးရေး လိုလာတဲ့အတွက် သူတို့ က ပြန်ပြီး ထုတ်ရောင်းတဲ့ သဘောမျိုးပါ။ ဒါကြောင့်မို့ သူတို့က စျေးကိုလည်း လျှော့ရောင်းတာပါ။ ဒီစီမံကိန်း သည် မခိုင်မာလို့ ၊ မသေချာလို့ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး”ဟု ပြောသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက် နေပြည်တော်တွင် ကျင်းပခဲ့သော Invest Myanmar Summit တွင် NYDC ၏ ပြခန်းသို့ ဦးဖြိုးမင်းသိန်းနှင့်အတူ လာကြည့်သော ဒေါ်အောင်ဆန်းစုကြည်(NYDC)
ရန်ကုန်မြို့သစ် စီမံကိန်းတွင် အရောင်းအဝယ် ပြုလုပ်သည့် မြေကွက် အမျိုးအစား ၅ မျိုးရှိပြီး ယခင်အစိုးရ လက် ထက်က ပေ ၄၀/၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၃၅၀ မှ သိန်း ၄၀၀ အထိ ပေါက်စျေးရှိခဲ့သည်။
လက်ရှိ အချိန်မှာတော့ ပေ ၄၀/၆၀ အမျိုးအစား တစ်ကွက်လျှင် ကျပ်သိန်း ၂၅၀ မှ သိန်း ၃၀၀ ဝန်းကျင်ဖြင့် စျေးပေါက်နေခြင်း ဖြစ်သည်။
အခြားမြေကွက် စျေးနှုန်းများ အနေဖြင့်လည်း ပေ ၆၀ ပတ်လည်ဆိုလျှင် ကျပ်သိန်း ၇၀၀၊ ပေ ၈၀ ပတ်လည် သိန်း ၉၀၀ မှ ၉၅၀၊ ပေ ၁၀၀ ပတ်လည် သိန်း ၁၅၀၀ အထိ ပေါက်စျေးရှိခဲ့ရာမှ ယခုအခါ ပေ ၆၀ ပတ်လည် ကျပ်သိန်း ၃၅၀၊ ပေ ၈၀ ပတ်လည် ကျပ်သိန်း ၄၅၀ မှ ၅၀၀၊ ပေ ၁၀၀ ပတ်လည် ကျပ်သိန်း ၈၀၀ မှ ၉၀၀ အထိဖြင့်သာ အရောင်းအဝယ် ဖြစ်ထွန်းနေသည်။

ဦးသိန်းဝေက ရန်ကုန်မြို့သစ်စီမံကိန်း ပြခန်းကို ဦးဖြိုးမင်းသိန်းကို ရှင်းပြနေစဉ် (NYDC)
ရန်ကုန်မြို့သစ် စီမံကိန်းကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က စီမံကိန်း အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ယခင်အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်မှ လုပ်ငန်းစတင်ခဲ့သည်။
ထို့နောက် လက်ရှိ ၂၀၂၂ ခုနှစ်တွင် ဆက်လက် အကောင်အထည် ဖော်သော်လည်း မတည်မငြိမ် ဖြစ်နေသည့် နိုင်ငံရေး အခြေအနေများကြောင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အားပျော့လာကာ မြေကွက် ဝယ်လိုအား လည်း နည်းပါးလာခြင်း ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 941
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၂
ရခိုင်ပြည်နယ်တွင် ပေါ်ဆန်းမွှေးစပါး တင်း ၁၀၀ လျှင် ကျပ်သိန်း ၃၀ အထိ မြင့်တက်လာနေကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။
ယခင်နှစ်များတွင် စပါးဈေးအကောင်းဆုံးအချိန်တွင် အမြင့်ဆုံးဈေးသည် စပါးတင်း ၁၀၀ လျှင် ၁၅ သိန်း ဝန်းကျင် ထိသာရှိခဲ့သည်ကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ်သို့ မုန်တိုင်းတိုက်ခတ်မည်ဟု ပြောဆိုသံများ ရှိနေသည့်အတွက် စိုးရိမ်စိတ်ဖြင့် စုဆောင်းဝယ်ယူမှုများကြောင့် ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်သည်ဟု ဓညဝတီ တောင်သူလယ်သမားများအဖွဲ့ချုပ်အသင်းမှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ဒေသမှာဆိုရင် ဒီနေ့ပေါက်ဈေးက ၂၇ သိန်းလောက်ရှိတယ် တင်း ၁၀၀ ကိုလေ။ တချို့နေရာမှာဆို သိန်း ၃၀ အထိလည်း ကြားတယ်။ မနေ့က ပေါ်ဆန်းဆန်တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ဒီနေ့မှာ ၁၄၀၀၀၀ လို့ ကြားတယ်။ ပြောမယ်ဆိုရင် ဒီဈေးက ပုံမှန်ဈေး မဟုတ်တော့ဘူး။ တစ်ဖက်မှာ မုန်တိုင်း တိုက်မယ်လို့ ဖြစ်တဲ့ အချိန်မှာ တချို့ မုန်တိုင်းတိုက်ခတ်လို့ ပြီးလို့ရှိရင် စပါးတွေရှာလို့ရမှာမဟုတ်ဘူး။ မုန်တိုင်းကလည်း ဒီဘက်ကို တည့်တည့်လာမယ်ဆိုပြီးတော့ ရခိုင်ပြည်နယ်ကို တိုက်ခတ်မယ်ဆိုပြီးတော့ ကြေညာတဲ့အခါမှာ စိုးရိမ်စိတ်တွေ မြင့်တက်လာကြတယ်။ အဲဒီမြင့်တက်လာတဲ့အခြေအနေမှာ မိသားစုစားဝတ်နေရေးအတွက်ကို တစ်ပတ်စာ၊ ၁၀ ရက်စာဆိုသလို လိုက်ပြီးတော့ ဝယ်နေကြတယ်။ ဝယ်နေတဲ့အခါမှာ မရှိမဖြစ် ဝယ်နေရတဲ့ဟာကို ဈေးက ဈေးတင်တောင်းပြီးတော့ ဈေးကိုမဆစ်တော့ဘဲ ဆန်ရဖို့အတွက် အရေးကြီးတဲ့အခါမှာ ဝယ်ပြီးတော့ အဲဒီလောက် ဈေးတက်နေတာ ရှိပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်လတွင် ရခိုင်ပြည်နယ်၏ စပါးဈေးနှုန်းသည် စပါးတင်း ၁၀၀ လျှင် ၁၅ သိန်းမှ ၁၇ သိန်းဝန်းကျင်သာ ရှိခဲ့ပြီး ယခုမေလ ဒုတိယပတ်တွင် တင်း ၁၀၀ လျှင် သိန်း ၃၀ ကျပ်အထိမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် ယခုနှစ်တွင် ရခိုင်ပြည်နယ်၏ စပါးထွက်ရှိမှုနှုန်းသည် ထက်ဝက်ခန့်လျော့ကျကြောင်း၊ လက်ရှိ စပါးဈေး ကောင်းမွန်နေခြင်းကြောင့် စပါးလက်ကျန် ကျန်ရှိသေးသည့် တောင်သူများအတွက် အကျိုးအမြတ်များစွာရှိကြောင်း၊ ဈေးနှုန်းမြင့်တက်နေမှုကြောင့် လာမည့် စပါးစိုက်ရာသီတွင် တောင်သူများ ပို၍ စိုက်ပျိုးမှုလုပ်လာနိုင်သည်ဟု ကျောက်တော်မြို့နယ်မှ စပါးစိုက်တောင်သူ ဦးမောင်ထွီးက CNI သတင်းဌာနသို့ ပြောသည်။
“အထွက်နှုန်းက တစ်ဝက်လောက် လျော့သွားတယ်။ တင်း ၁၀၀ ထွက်တဲ့သူက တင်း ၃၀ တို့၊ ၄၀ လောက်ပဲ ထွက်တယ်လေ။ အထွက်နှုန်းလျော့တယ်။ အထွက်နှုန်းလျော့တော့ ဝမ်းစာဖူလုံမှု နည်းနည်းကြပ်သွားတာပေါ့။ တောင်သူတွေကတော့ နည်းနည်းကျန်တဲ့သူက များများရတာပေါ့လေ။ ဈေးကောင်းတော့ နည်းနည်းတော့ စပါး ရှိတယ်။ ဒါပေမယ့် များများဈေးရတယ်။ နောက်နှစ်အတွက်တော့ အားရှိတာပေါ့ ဒီနှစ် စပါးဈေးကောင်းတော့ နောက်နှစ်ဆိုရင် လယ်စိုက်မယ့်သူတွေက များလာကြမယ်။ သွင်းအားစုတွေ များများထည့်မယ်။ စပါးများများ ရအောင် စိုက်ကြမယ်။ လယ်ယာစိုက်ဖို့ စိတ်အားထက်သန်ကြတာပေါ့လေ အခုဈေးကောင်းတော့လေ” ဟု ပြောသည်။

စပါး ခြွေလှေ့နေစဉ်
လက်ရှိ စပါးဈေးအဆမတန်ကောင်းမွန်လာသော်လည်း လယ်သမားအားလုံးနီးပါးတွင် စပါးလက်ဝယ်မရှိကြောင်း၊ ၉၀ ရာခိုင်နှုန်းသော တောင်သူများသည် စပါးများကို သင်္ကြန်ကာလ မတိုင်ခင်ကတည်းကပင် ရောင်းချထားပြီးပြီဖြစ်ကြောင်းနှင့် စပါးကုန်သည်များထံတွင် စပါးရှိကြောင်း တောင်သူများက ပြောသည်။
ရခိုင်ပြည်နယ်၏ စပါးဈေးနှုန်း တင်း ၁၀၀ လျှင် ကျပ် သိန်း ၃၀ ဖြစ်ပေါ်ခြင်းသည် ဆိုးရွားသည့်အခြေအနေတစ်ရပ်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် အကျပ်အတည်း ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအနေဖြင့် ထိန်းညှိရန် လိုအပ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးပဲ ကောင်းပါတယ်။ မဖြစ်သင့် မဖြစ်ထိုက်တာတွေဖြစ်ရင် စားသုံးသူပြည်သူအနေနဲ့ ဒုက္ခရောက်တယ်။ နောက်တစ်ခါကျတော့ အကျပ်အတည်းတွေ တွေ့ပြီးတော့ အခက်အခဲတွေ ဖြစ်ရင် မကောင်း ပါဘူး။ အဲဒါကြောင့်မို့လို့ ထိုက်သင့်တဲ့အတိုင်းအတာတစ်ခု ဥပမာဆိုပါတော့ ပြည်မမှာ ၁၈ သိန်းပေါက်လို့ ရခိုင်မှာ သိန်း ၂၀ ပေါက်တယ်ဆိုတာ ဒါက ဖြည့်တွက်လို့ ရပါတယ်။ အခုလို လက်ရှိ သိန်း ၃၀ လောက် ပေါက်ပြီးတော့ အခြေအနေတစ်ရပ် ဆိုးဝါးနေခြင်းဟာ အဲဒီဒေသမှာနေတဲ့ တိုင်းရင်းသားပြည်သူတွေအတွက်တော့ အင်မတန် ဆိုးရွားတဲ့အခြေအနေ ပြောမယ်ဆိုရင် မဖြစ်စေလိုဘူး။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ ဥပမာ ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းအစိုးရအဖွဲ့တွေရော၊ သက်ဆိုင်ရာ ဗဟိုအစိုးရအနေနဲ့ရော အဲဒါကို ထိန်းချုပ်ဖို့ လိုအပ်မယ်လို့” ဟု ပြော သည်။
လက်ရှိတွင် စပါးဈေးနှုန်း မြင့်တက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆန်ဈေးနှုန်းများသည်လည်း မြင့်တက်လာနေပြီး ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ယခင် ၁၂၀၀၀၀ ကျပ်မှ ၁၄၀၀၀၀ သို့ ရောက်ရှိလာနေကြောင်း၊ ထို့နောက် စပါးစိုက်ပျိုးမှုနှင့် ထွက်ရှိမှုနည်းပါးသည့် ရခိုင်ပြည်နယ်၏ မြို့နယ်များဖြစ်သည့် ကျောက်တော်မြို့နယ် အထက်ပိုင်းနှင့် မင်းပြာမြို့နယ်၊ အမ်းမြို့နယ်ကဲ့သို့ မြို့နယ်များ၏ ဆန်ဈေးနှုန်းများသည် ပို၍ ဈေးနှုန်းမြင့်မားနေမည်ဖြစ်သည်ဟု တောင်သူများက ပြောသည်။
စပါးဈေးမြင့်တက်လာသည်နှင့်အမျှ တစ်ဖက်တွင် ဆန်ဈေးနှုန်းသည်လည်း တစ်ဟုန်ထိုးမြင့်တက်လာသည့်အတွက် အခြေခံလက်လုပ်လက်စားများအနေဖြင့် စိုးရိမ်နေကြကြောင်း၊ သက်ဆိုင်ရာအစိုးရနှင့် ဆန်ကုန်သည်များ၊ စပါးကုန်သည်များက သင့်တင့်မျှတသည့် ဈေးနှုန်းသို့ ရောက်ရှိရန်အတွက် ရခိုင်ပြည်နယ်မှ ဒေသခံပြည်သူများက လိုလားနေကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1082
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ စိန်တလုံး သရက်သီးများ တင်ပို့ရာတွင် တရုတ်နိုင်ငံ အကောက်ခွန်ဌာန ၏ စစ်ဆေးမှု ကြန့်ကြာနေခြင်းကြောင့် ဈေးနှုန်း ကျဆင်းမှုများ ဖြစ်ပေါ်နေကြောင်း မူဆယ်သစ်သီးကုန်သည်များထံမှ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် Border trade စနစ်မှ Normal trade စနစ်သို့ ပြောင်းလဲ ကျင့်သုံးနေခြင်းကြောင့် ကုန်တင် ကားများ တရုတ်နိုင်ငံသို့ ဝင်ရောက်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ မပြည့်စုံမှု ဖြစ်သွားကြောင်း၊ ထို့ကြောင့် အချိန်ကြန့်ကြာမှုများ ဖြစ်သွားကြကြောင်း သိရသည်။
အချိန်ကြန့်ကြာမှုနှင့် ကြုံတွေ့လိုက်ရသည့် သရက်သီးတင် ကားများအနေဖြင့် ရောင်းကွင်း ရောက်သည့်အချိန် သရက်သီး အရည်အသွေး မကောင်းဘဲ ကျဆင်းသွားကြောင်း၊ နယ်စပ်နှင့် အလွန်ဝေးသည့် တရုတ်နိုင်ငံ အနှံ့သို့ မရောက်တော့ဘဲ နီးစပ်ရာတွင် ရသည့်ဈေးနှုန်းဖြင့် ရောင်းချကြရသည်ဟု ဖရဲနှင့် သရက်သီး တင်ပို့သည့် ကုန်သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။

သရက်သီးများ တင်ပို့ရန် ပြင်ဆင်နေစဉ်
၎င်းက “ထိခိုက်တယ်၊ အပြောင်းအလဲတော့ ရှိတယ်။ ဈေးနှုန်းကျတော့ ကုန်စိမ်းမှာက လတ်ဆက်မှုကို ဦးစားပေး တာဆိုတော့ အခု ဖြစ်သွားတဲ့ ကားအစီး ၄၀,၅၀,၆၀ ကတော့ ရတဲ့ဈေးနဲ့ ရောင်းရတာပေါ့နော်။ မှည့်ဆိုက်တွေ ရောက်သွားပြီ။ နောက်ထပ် ထပ်ပြီးတော့ အဝေးကို သွားလို့မရဘူး။ အဝေးကို သွားလို့မရတော့ အနီးအနား ရတဲ့ ဈေးနဲ့ ရောင်းပြီး ကျနော်တို့ ၁ ခြင်းကို ပုံမှန်က ယွမ် ၈၀၊ ၉၀၊ ၁၀၀ လောက်။ ပုံမှန်က အဲဒါက ကျဈေးဖြစ်ရမှာ လေ။ အဲလိုတော့ ရောင်းလိုက်ရတယ်” ဟု ပြောသည်။
ဖရဲသီးနှင့် သရက်သီး တင်ပို့ရာတွင် မူဝါဒ အပြောင်းအလဲများကြောင့် ဈေးနှုန်းကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဖရဲသီး စီးပြတ်ကို ယွမ် ၄၀၀၀၀ မှ ၆၀၀၀၀၊ စိန်တလုံးတစ်ခြင်းလျှင် ယွမ် ၁၀၀ မှ ၁၃၀ အထိ ရရှိသော်လည်း ယွမ် ၆၀ မှ ၁၀၀ ကြားသာ ရရှိကြောင်း သိရသည်။
လက်ရှိတွင် သရက်သီးစိုက် တောင်သူများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကြောင့် သရက်သီးများ ပျက်စီးမည်ကို စိုးရိမ်နေကြသည်။
ထိုသို့ စိုးရိမ်မှုကြောင့် သရက်သီးများကို ခူးဆွတ်ကြရာ ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့သော်လည်း ခဏတာ ဖြစ်ပြီး ရက်ပိုင်းအတွင်း ဈေးနှုန်း ပြန်လည် ကောင်းမွန်လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က CNI သတင်းဌာနသို့ ပြောသည်။

သရက်သီးများ ခူးဆွတ်ထားစဉ်
၎င်းက “ဒီအချိန်မှာ သရက်သီးခူးတဲ့ အချိန်ဖြစ်တယ်။ နောက်တစ်ခုက မုန်တိုင်း ကြေညာချက်ကလည်း ရှိတဲ့အခါ ကျတော့ တောင်သူ အများစု ကနေပြီးတော့ အသီးကို ခူးပြီးတော့ မုန်တိုင်း မိသွားမှာလည်း စိုးတဲ့အခါကျတော့ ခူးကြတာတွေ အများကြီးရှိတယ်။
အောက်ပြည်ကိုလည်း ဆင်းတာတွေ များတယ်။ ဈေးတော့ နည်းနည်းလေး ပြန်ကျလာတယ်။ ရက်ပိုင်းအတွင်းမှာ ပြန်ကောင်းသွားမှာ။ ဘာလို့လဲဆိုတော့ သရက်သီးက ကျန်သေးတာကိုး၊ ဒီနှစ်က သရက်သီးက အထွက်ကလည်း နောက်ကျတယ်။ သရက်သီးကလည်း နည်းတယ်။ အထွက်လည်း နောက် ကျတော့ သူက အခုမှ ခူးတာ ဘယ်လောက်မှ မရှိသေးဘူးပေါ့နော်” ဟု ပြောသည်။
လတ်တလော အခြေအနေအရ လမ်းကြောင်း ကြန့်ကြာမှုများ ရှိသည့်အတွက် သရက်သီး ခူးဆွတ် တင်ပို့မှုများကို ခေတ္တရပ်နားထားကြရန်နှင့် အရည်အသွေး မပြည့်မှီသည့် သရက်သီးများ တင်ပို့မှုကို ထိန်းသိမ်းရန် လိုအပ် ကြောင်း သစ်သီးပွဲရုံပိုင်ရှင်တချို့က အကြံပြုလျက်ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1118
CNI News
၂၀၂၃ ခုနှစ်၊ မေ ၁၀
စိန်ကို ပြည်ပသို့ တင်ပို့ခွင့် ကန့်သတ်ထားရာမှ လက်ရှိတွင် စိန်နှင့် ပြုလုပ်သည့် လက်ဝတ်ရတနာများကို ပြည်ပသို့ တင်ပို့ခွင့် ပြုလိုက်ပြီဖြစ်သည့်အတွက် စိန်နှင့်အတူ ရွှေထည်ပစ္စည်း တင်ပို့မှု ရှိလာမည်ဖြစ်၍ ရွှေဈေးကွက်ကျယ်ပြန့်လာနိုင်သည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။
စိန်ကို ပြည်ပသို့ တင်ပို့ခွင့် ကန့်သတ်ထားရာမှ ယခုအခါမှာတော့ လက်ဝတ်ရတနာ ပြုလုပ်၍ တင်ပို့ခွင့်ကို တော့ ခွင့်ပြုလာခဲ့ခြင်း ဖြစ်သည်။
စိန်ထည်ဆိုသော်လည်း ရွှေနှင့် လက်ဝတ်တန်ဆာ ပြုလုပ်ပြီး တင်ပို့ကြရမည်ဖြစ်သည့်အတွက် ပြည်တွင်းရှိ ပန်းတိမ်လုပ်သားများ အလုပ်အကိုင်ရရှိမှု ပိုများလာနိုင်ကြောင်း၊ ရွှေကုန်သည်များအတွက် ဈေးကွက် ကျယ်ပြန့်လာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်လည်း နိုင်ငံခြားငွေ ဝင်ရောက်လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ လက်ဝတ်ရတနာကိုတွေ့ရစဉ်
၎င်းက “သူက စိန်ထည်ဆိုတဲ့ အတွက်ကြောင့် ရွှေထည်ပါ တွဲသွားတာပေါ့။ ဒီလိုမျိုး ခွင့်ပြုလိုက်တယ်ဆိုတာတော့ နံပါတ် ၁ အချက်ကတော့ ပန်းတိမ်ဆရာတွေ၊ အောက်ကလုပ်နေတဲ့သူတွေ အလုပ်အများကြီး ရသွားတာပေါ့။ နံပါတ် ၂ အချက်ကတော့ ကုန်သည်တွေ ဒီလိုမျိုး ရောင်းမယ်ဆိုလို့ရှိရင် သူတို့အတွက် ဈေးကွက် ကျယ်ပြန့်တဲ့ အတွက်ကြောင့် ပိုကောင်းသွားတာပေါ့။ နံပါတ် ၃ အချက်ကတော့ ဦးတို့နိုင်ငံအတွက် ဒေါ်လာတွေ ရသွားတာပေါ့။ နိုင်ငံတော်မှာ ဝင်ငွေရတယ်ဆိုလို့ ရှိရင်တော့ နိုင်ငံအတွက် ပိုပြီးတော့ ကောင်းမွန်တဲ့ လက္ခဏာတွေ ဖြစ်သွားတာ ပေါ့။ ဒါတွေက ကောင်းတဲ့အချက်တွေပေါ့” ဟု ပြောသည်။
စိန်ကို လက်ဝတ် ရတနာအဖြစ် အချောထည် တင်ပို့ခွင့် ပြုလိုက်ခြင်းကြောင့် ပြည်တွင်းဈေးကွက် တစ်ခုတည်း သာမက ပြည်ပဈေးကွက်အထိ ရောင်းချခွင့် ရှိလာသည့်အတွက် ဈေးကွက် အလှမ်းကျယ် လာနိုင်ကြောင်း စိန် အရောင်းအဝယ် ပြုလုပ်နေသူများက ပြောသည်။
လက်ရှိတွင် ကုန်သည်များနှင့် ရင်းနှီးသည့် နိုင်ငံများသို့သာ တင်ပို့ကြမည်ဖြစ်ကြောင်း၊ ဈေးကွက်ကို စမ်းသပ် သည့် အနေဖြင့် တင်ပို့မှုများသာ လတ်တလောတွင် ပြုလုပ်ကြမည် ဖြစ်ကြောင်း စိန်နှင့် ရွှေလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

စိန်ထည် လက်ဝတ်ရတနာကို တွေ့ရစဉ်
၎င်းက “ဈေးကွက်ကတော့ ဒီက ကုန်သည်တွေက သူက ဘယ်နိုင်ငံတွေနဲ့ သူ join မလဲဆိုတာ အဲဒီအပေါ်မှာပဲ မူတည်မှာလေ။ ဆိုပါဆို့ အိန္ဒိယနဲ့ ရင်းနှီးတဲ့သူဆိုရင် အိန္ဒိယ သွားမှာပေါ့။ ဟောင်ကောင်နဲ့ ရင်းနှီးတဲ့သူဆိုရင် ဟောင်ကောင်သွားမှာပေါ့။ တရုတ်နဲ့ ရင်းနှီးတဲ့သူက တရုတ်သွားမှာပေါ့ အဲလိုမျိုးရှိတယ်။ သို့သော် ဟောင်ကောင် ဆိုရင် သူက စိန်နဲ့ ပတ်သက်ရင် နာမည်ကြီးတဲ့ အတွက်ကြောင့် သူတို့ဆီကနေပြီးတော့ ကိုယ့်ဆီကို ဝင်တာများ တယ်။ ဒီကနေပြီးတော့ ပြန်သွားဖို့တော့ နည်းနည်းတော့ ခဲယဉ်းတာပေါ့။ လေးလေး စိတ်ထင်တော့ အင်နဲ့အားနဲ့ ထွက်တာ မဟုတ်သေးဘူး။ အခုမှ လောလောဆယ် အစပျိုးပြီးတော့ အစမ်းထွက်တာလောက်ပဲ ရှိအုံးမယ်။ အဲဒီ အတွက်ကြောင့် ဈေးကွက်မှာ အရမ်းကြီး ထိခိုက်တာ မရှိသေးဘူး” ဟု ပြောသည်။
စိန်ကို ပြည်ပသို့ ပင်လယ်ရေကြောင်း၊ လေကြောင်းလိုင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတို့မှတဆင့် ပြည်ပသို့ တင်ပို့ခွင့် မပြုကြောင်း ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ခြင်းကြောင့် စိန်ကို လက်ဝတ်ရတနာ အချောထည်အနေဖြင့် တင်ပို့ခွင့်လည်း မရှိကြောင်း သိရသည်။
သို့သော် ယခုအခါ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် လက်ဝတ်ရတနာအဖြစ် ပြုလုပ်ထားခြင်း မရှိသည့် စိန်အလွတ်များကိုသာ ပြည်ပတင်ပို့ခွင့် ပိတ်ပင်ခဲ့ကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့သည်။
