CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀

 မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်တစ်ခုဖြစ်သည့် ကွမ်းသီးနုစျေးနှုန်းသည် ပြည်တွင်း ဈေးမငြိမ်၍  ယခင်နှစ် ကထက် စျေးထက်ဝက် ပိုကျသွားကြောင်း ကွမ်းသီးအရောင်းအဝယ်ဒိုင်များက CNl သတင်းဌာနသို့ ပြောသည်။

ကွမ်းသီးနုစျေးသည် စျေးအတက်အကျ မငြိမ်ခြင်းကြောင့် ယခင်နှစ်ကထက် ဈေးထက်ဝက်ကျသွားသလို အရောင်းအဝယ်လည်း ကျဆင်းသွားသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ကွမ်းသီးအဝယ်ဒိုင်မှ ရောင်းဝယ်သူ မချင်းချင်းက ပြောသည်။ 

မချင်းချင်းက "စျေးကွက်ကတော့ မငြိမ်ဘူးပေါ့။ စျေးကွက်က ခဏနေ တက်လိုက် ကျလိုက်ပါပဲ။ တရုတ်တွေက သူတို့လိုချင်တဲ့ အချိန်ကျ စျေးပိုပေးတယ်။ မလိုအပ်တဲ့ အချိန်ကျတော့ စျေးလျှော့ချတယ် အဲလိုလေ။ ကွမ်းသီးနု စျေးက မြောင်းမြသီးတို့ မော်ကျွန်းသီးတို့ ကွာသေးတယ်ပေါ့နော်။ မြောင်းမြသီးက စျေးပိုရတယ်။ ပစ္စည်းကောင်း မကောင်းတော့ ကွာသေးတယ်ပေါ့နော်။ အရင်နှစ်ကလောက် စျေးကွက် မကောင်းတော့ဘူး။ မတင်ပို့ရဘူး။ အရင် တုန်းကတော့ ကုန်ချိန်ကတော့ ငါးထောင်ကျော်၊  ခြောက်ထောင်လောက် စျေးရှိတယ်လေ။ အခုက တော်တော် ကျသွားတာပေါ့။ ဒီနှစ်က နှစ်ထောင်ကျော်ကနေ သုံးထောင်ကျော်လေ"ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခုလို စျေးကျခြင်းကြောင့် အရောင်းအဝယ် ပါးသွားသည်ဟု မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်က ကွမ်းသီး အရောင်းဝယ်ဒိုင်မှ ရောင်းဝယ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက "အရောင်းအဝယ်က အခုငြိမ်နေတာပဲ။ အရင်ကဆို လိုင်းပေါ်တင်တာနဲ့ ဖုန်းတွေ တဂွမ်းဂွမ်း ဆက်ကြတာ။ အခု တစ်ယောက်မှ မဆက်ကြဘူး"ဟု ပြောသည်။ 

ကွမ်းသီးနု စျေးကွက် မတည်ငြိမ်ခြင်းသည် အစိုးရက တရားဝင် သတ်မှတ်ထားသည့် စျေးနှုန်းမရှိခြင်းနှင့် တရုတ် ဘက်က သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်းသာ ဝယ်ယူတော့ခြင်းကြောင့် ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှ ကွမ်းသီးရောင်းဝယ်ရေးစက်ရုံ အဝယ်ကိုယ်စားလှယ် ဦးခင်ညွှန့်က CNI သတင်းဌာနသို့ ပြောသည်။ 

ကွမ်းသီးနုများကို တွေ့ရစဉ်

၎င်းက “ဒီပစ္စည်းတွေကျတော့ ဒေါ်လာစျေးနဲ့နေ့စဥ် ပြောင်းလဲတာ မဟုတ်ဘူး။ ပစ္စည်းရဲ့ quality နဲ့ပြောင်းလဲ သွားတယ်။ ပစ္စည်း quality မကောင်းလို့ရှိရင် စျေးကျသွားတယ်။ quality ကောင်းရင် စျေးတက်တယ်။ အဲလိုမျိုး သွားတယ်။ ပြောရမယ်ဆိုရင် အစိုးရက တရားဝင် သတ်မှတ်ထားတဲ့ စျေးတန်းတစ်ခု မရှိဘူး။ အရင်နှစ်က အရောင်းအဝယ်က အရမ်းကြီး မခက်ခဲ မကျပ်တည်းကြဘူး။ အရမ်းလွယ်ကူတယ် ရောင်းရဝယ်ရတာ။ ဒီနှစ်က အရမ်းခက်ခဲတာ။ စျေးကလည်း တစ်ဝက်စျေး ပေါက်နေတယ်။ တရုတ်ကတော့ သူတို့လုပ်နေကျအတိုင်း ပုံမှန် ဝယ်တာပဲ။ ဒါပေမယ့် တစ်ခုရှိတာက သူတို့လိုချင်တဲ့ ဥစ္စာ သူတို့ဝယ်ချင်တဲ့ စျေးပဲ သူတို့ဝယ်တယ်။ သူတို့လို ချင်တဲ့ စျေးဝယ်ချင်တဲ့ စျေးမရရင် မဝယ်ဘူး။ ကျနော်တို့ဘက်က မြန်မာနိုင်ငံသားတွေက သူတို့လိုချင်တဲ့ စျေးဝယ်ချင်တဲ့စျေး လိုက်ကိုက်အောင် ရောင်းနေရတာ။ လိုက်ရှာပေးနေရတာ"ဟု ပြောသည်။

ထိုသို့ စျေးကွက် မငြိမ်သက်ခြင်းကြောင့် ကွမ်းသီးအရောင်းအဝယ် လုပ်သည့်ဒိုင်များမှာ အရှုံးပေါ်မှုများရှိကြောင်း ကွမ်းသီး အရောင်းဝယ်လုပ်သည့် ဒိုင်များက ပြောသည်။ 

ကွမ်းသီးကို တနင်္လာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ အများဆုံး စိုက်ပျိုးကြပြီး ထွက်ရှိ သည့် ကွမ်းသီးနုနှင့် ကွမ်းသီးမှည့်များကို တရုတ်ပြည်သို့ အများဆုံး တင်ပို့ကြကြောင်း ကွမ်းသီးစိုက်တောင်သူများ က ပြောသည်။ 

လက်ရှိ ကွမ်းသီးနု တစ်ပိသာကို အမြင့်ဆုံးစျေး ၃၃၀၀ ဝန်းကျင်ကနေ အနိမ့်ဆုံးစျေး ၂၈၀၀ အတွင်းရှိကြောင်း၊ ယခင်နှစ်ကထက် စျေးထက်ဝက်ခန့် ကျသွားကြောင်း ကွမ်းသီး ရောင်းဝယ်သူများထံမှ သိရသည်။