- By CNI
- Category: စီးပွားရေး
- Hits: 121
CNI News
၂၀၂၆ ခုနှစ်၊ မေ ၈
နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့် ထုတ်ချေးပေးရေး ပါဝင်သော်လည်း ယင်းချေးငွေကို တချို့သော တောင်သူများ ယခုထက်ထိ မရရှိကြသေး ကြောင်း သိရသည်။
တောင်သူ အစုအဖွဲ့များတွင် တောင်သူ အယောက် ၁၀ ကဏန်းမှ ရာကဏန်းအထိ ရှိသည့် အစုအဖွဲ့များလည်း ရှိကြောင်း၊ ယင်းအစုအဖွဲ့တွင် တောင်သူတစ်ဦးက ယခင် ထုတ်ချေးပေးထားသည့် ချေးငွေကို ပြန်မဆပ်နိုင်သေး ပါက နောက်ထပ် တောင်သူများကို ရက် ၁၀၀ စီမံကိန်းတွင် ထုတ်ချေးပေးမည့် ထပ်တိုးချေးငွေကို ထုတ်ချေး ပေးခြင်း မရှိကြောင်း တောင်သူများက ပြောသည်။
ထို့ကြောင့် ယခင်အကြွေး ကျေပြီးသည့် တောင်သူများအတွက် နစ်နာမှုရှိပြီး လုပ်ငန်းကြန့်ကြာမှုများလည်း ဖြစ်ပေါ်နေသည်ဟု လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

တောင်သူလယ်သမားတွေကို တွေ့ရစဉ်
၎င်းက “ချေးမယ်လို့တော့ ပြောသံကြားပြီးပြီ။ တစ်ဧက ၃ သိန်းပေါ့။ သို့သော်လည်းပဲ ဒီနေ့အထိတော့ သိသ လောက် ထုတ်တော့ချေးနေပြီ မရောက်သေးဘူး။ ဘာလို့လဲဆိုတော့ အကြွေးတွေ၊ ပထမအကြွေးတွေ တောင်း နေတယ်၊ အကြွေးဟောင်းတွေ မကျေသေးတဲ့အတွက် ထုတ်ချေးတဲ့ အသံတော့ မကြားသေးဘူး။ အဓိက ဒီနေ့ အကြွေးကျေတဲ့သူ မနက်ဖြန် လာချေးလို့ရပြီဆို ပြီးနေတဲ့ကိစ္စ၊ အဲဒီတော့ အလုပ်လည်း မရှုပ်ဘူး။ ဥပမာ ဒီအုပ်စု မှာ လယ်သမား ၅၀၀ ရှိတယ်ဆိုရင် ၅၀၀ လုံးကျေမှ ချေးမယ်ဆိုတော့ အဲဒါ အလကားသက်သက် ကျေပြီးသား တောင်သူကလည်း နောက်ကျတော့ ပေါ့လျော့လျော့ ဖြစ်သွားတာပေါ့။ အမှန်တော့ ကျေပြီးသား တောင်သူကို မြန်မြန်ချေးပေးရင် နောက်လူလည်း ဆပ်ချင်သွားတာပေါ့” ဟု ပြောသည်။
လက်ရှိ အစိုးရသစ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်နေသည်။
အဆိုပါ ရက် ၁၀၀ စီမံကိန်းတွင် တောင်သူလယ်သမားများ ချေးငွေ တိုးမြှင့်ချေးနိုင်ရေး၊ ကုန်သွယ်ရေး၊ ငြိမ်းချမ်း ရေး၊ စွမ်းအင် စသည့် ကိစ္စရပ်များ ပါဝင်သည်။
ယခင်က စပါးစိုက် တောင်သူများအတွက် တစ်ဧကလျှင် ၁ သိန်းနှုန်းဖြင့် ၁၀ သိန်းကျပ်အထိသာ ထုတ်ချေးပေး နေခြင်းဖြစ်ပြီး ရက် ၁၀၀ စီမံကိန်းကြောင့် စပါး၊ ဂျုံ၊ ချည်မျှင်သီးနှံများကို တစ်ဧကလျှင် ကျပ် ၃ သိန်း၊ တခြား သော သီးနှံ အမျိုးအစားအလိုက် ၂ သိန်းခွဲကျပ်နှင့် ၁ သိန်းခွဲကျပ်ဟူ၍ တိုးမြှင့်ချေးပေးခြင်းဖြစ်သည်။

တောင်သူလယ်သမားတွေကို တွေ့ရစဉ်
တောင်သူ အများအပြားသည် ယခင် စိုက်ပျိုးစရိတ် ချေးငွေကို ပြန်လည် မဆပ်နိုင်ခြင်းနှင့် လက်ရှိ ထုတ်ပေးမည့် တိုးမြှင့်ချေးငွေ ရရှိရေးအတွက် ပြင်ပမှ အတိုးနှုန်းဖြင့် ချေးငွေရယူပြီး ပြန်လည် ဆပ်နေမှုများလည်း ရှိနေကြောင်း ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘဏ်ချေးငွေ ကျန်သေးတယ်လေ။ တချို့ မဆပ်နိုင်တဲ့ လယ်သမားတွေ ရှိတယ်လေ။ အဲဒီလယ်သမား တွေ မရဘူး။ ဘဏ်ချေးငွေ ပထမ ဘဏ်ချေးငွေကျေတဲ့ လယ်သမားပဲပေးတယ် ၃ သိန်း ရောက်နေပြီ။ အမှန် တကယ်တော့ တစ်ဦးထုတ်ရင် တစ်ဦး၊ တစ်ဦးကျေရင် တစ်ဦး။ အုပ်စုနဲ့ဆိုတော့ မကျေရင် မထုတ်ပေးဘူးဆိုတော့ ဆပ်တဲ့သူ နစ်နာတာပေါ့။ ပိုက်ဆံလည်းမရ၊ တချို့ကျတော့ ဘေးက အတိုးနဲ့ချေးပြီး ဆပ်တာလည်း ရှိတယ်လေ။ အဲဒါ သူတို့ထုတ်ပေးနေတာကိုလိုက်ရင်း လယ်သမားတွေ ဒုက္ခရောက်တာ အဲဒါတွေလည်းပါတယ်” ဟု ပြော သည်။
စိုက်ပျိုးစရိတ် ချေးငွေကို အစိုးရဘဏ်များမှ ထုတ်ချေးပေးရာတွင် လယ်ဧကအပြည့် ထုတ်ချေးပေးခြင်းမျိုး မဟုတ်ဘဲ ၁၀ ဧကအထိသာ ထုတ်ချေးပေးလျက်ရှိပြီး တောင်သူများက လယ်ဧကအပြည့် ထုတ်ချေးပေးရန် တောင်းဆိုထားသည်ဟု သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 264
CNI News
၂၀၂၆ ခုနှစ်၊ မေ ၇
မြန်မာ့ပေါ်ဆန်းမွှေးဆန်ကို ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းကပင် နိုင်ငံတော်အစိုးရနှင့် ပို့ကုန်လုပ်ငန်းရှင်များ ဆောင်ရွက်ခဲ့ကြပြီး လက်ရှိတွင် အမေရိကန်နိုင်ငံသို့ တင်ပို့ရန် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU ရေးထိုးထားပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ မြန်မာ့ပေါ်ဆန်းမွှေးဆန်ကို ပြည်ပနိုင်ငံသို့ တင်ပို့နိုင်သည့်အတွက် ပြည်တွင်းတွင် ဆန်ဈေးနှုန်း ကောင်းမွန်လာပြီး တောင်သူများ ဈေးကောင်းရလာနိုင်သော်လည်း တောင်သူများထက် ဆန်သိုလှောင်ထားနိုင်သည့် ဆန်စက်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် အကျိုးအမြတ် ပိုရှိနိုင်သည်ဟု စပါးစိုက်တောင်သူများက ပြောသည်။
ပြည်တွင်းဆန်ဈေးနှုန်းသည် တောင်သူများ၏လက်ထဲတွင် စပါးမရှိတော့သည့်အချိန်တွင်သာ ဈေးနှုန်းမြင့်တက်လေ့ရှိပြီး ယခုနှစ် ပြည်ပသို့ တင်ပို့မည့် ပေါ်ဆန်းမွှေးဆန်နှင့် ပတ်သက်ပြီး တောင်သူများ အကျိုးခံစားခွင့် မရှိကြောင်း ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
“ဒါပေမယ့် အခုပို့မယ့်ဟာက တောင်သူ အကျိုးခံစားခွင့် မရှိတော့ဘူးလေ။ တောင်သူလက်ထဲမှာ စပါးက မရှိတော့ဘူးလေ။ အခုပို့မယ့်ဟာက လှောင်မယ့်လူရယ်၊ စက်သူဌေးရယ် သွားပြီးတော့ ချမ်းသာမှာ။ လယ်သမားကတော့ အခုပို့လည်း စာချုပ်ချုပ်လည်း လယ်သမားကတော့ လက်ထဲမှာ စပါးမှ မရှိတော့တာကို။ လယ်သမားအတွက် ဒီနှစ်ကတော့ အကျိုးဖြစ်မလာနိုင်ဘူး။ အခု ဒီမိုးကို စိုက်မှ၊ ဈေးက ပေါ်တဲ့အချိန် မကျမှ တောင်သူက အကျိုးဖြစ်မှာ။ ပို့တယ်ဆိုရင်တော့ ဈေးကွက်က ဆန်ဈေးကတော့ မြင့်လာမှာပဲလေ” ဟု ပြောသည်။

ဆန်ဝယ်သူများကို တွေ့ရစဉ်
မြန်မာ့ပေါ်ဆန်းမွှေးဆန်ကို ဥရောပနိုင်ငံတချို့ကလည်း ကြိုက်နှစ်သက်မှု ရှိသည့်အတွက် အရည်အသွေးပိုင်းဆိုင်ရာ ထိန်းသိမ်းရန်လည်း လိုအပ်ပြီး စိုက်ပျိုးရေးပညာရှင်၊ တောင်သူ၊ လုပ်ငန်းရှင်နှင့် အစိုးရအဖွဲ့အစည်းများ ပူးပေါင်းပြီး တွေ့ဆုံဆွေးနွေးရေး၊ အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်ရန်လည်း လိုအပ်သည်။
လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က “အဲဒီစပါးတွေကို အရည်အသွေးကောင်းအောင် လာလုပ်ဖို့ လိုအပ်လဲဆိုရင် နိုက်ထရိုဂျင် လျှော့ပြီးတော့ ဖော့ထရိတ်တို့၊ ပိုတက်တို့၊ ကွန်ပေါင်းပေါ့ကွာ MPK ကို ပြောမယ်ဆိုရင် ဖော့ထရိတ်တို့၊ ခုနက ပိုတက်တို့ များများကျွေးပေးဖို့လိုတယ်။ အဲဒါကျွေးမှ ဒီဆန်အရည်အသွေးက မြင့်မယ်လေ။ တောင်သူတိုင်းတော့ သိပ်နားမလည်သေးဘူး။ ဒါပေမယ့် ပြောတော့ပြောနေတာပဲ ပြောနေပေမယ့် တောင်သူတိုင်း သိပ်တော့မသိဘူး။ ဒါပေမယ့် ခဏခဏ ပညာပေးပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်ဖို့တော့လိုတယ်။ တချို့ကတော့ သိပ်သယောင်ပဲ ဒါပေမယ့် မဖြစ်ဘူး။ အမှန်တကယ်တော့ ဆန်ရည်ဆန်သွေးက ပိုတက်နဲ့ ပေါ့ထရိတ် များများကျွေးမှ ဆန်ရည်ဆန်သွေး မြင့်မားမယ်” ဟု ပြောသည်။
ပေါ်ဆန်းမွှေးဆန်ကို မန္တလေးတိုင်းဒေသကြီး ရွှေဘိုမြို့နယ်နှင့် ဧရာဝတီတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ဧရာဝတီတိုင်း၏ စပါးစိုက်ဧက ၃ ဒဿမ ၇ သန်းတွင် ပေါ်ဆန်းစိုက်ပျိုးဧကသည် ၁ သန်းခန့်ရှိပြီး တစ်ဧကလျှင် တင်း ၄၀ ထွက်ရှိကြောင်း သိရသည်။

ဆန်အမျိုးအစားများနှင့် စျေးနန်းများကိုတွေ့ရစဉ်
ပေါ်ဆန်းမွှေးဆန်ကို ပြည်ပသို့ တင်ပို့နိုင်မှုကြောင့် ဈေးနှုန်းနှင့် ဈေးကွက်ကောင်းရသော်လည်း ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်လာမည်ကို ထိန်းရန် လိုအပ်ပြီး ကုန်သည်များကလည်း ထိန်းသိမ်းပြီး ရောင်းဝယ်ကြရန်လည်း လိုအပ်သည်။
ထို့အပြင် နိုင်ငံတော်အရံဆန် ဝယ်ယူရေးကော်မတီအနေဖြင့်လည်း အရံဆန်ဝယ်ယူရာတွင် ပေါ်ဆန်းဆန်ကို အချိန်နှင့်တပြေးညီ အများအပြား ဝယ်ယူပြီး ဈေးကွက်ထိန်းရန်လည်း လိုအပ်သည်ဟု တောင်သူများက ထောက်ပြကြသည်။
နိုင်ငံတော်သမ္မကြီး ဦးမင်းအောင်လှိုင်ကလည်း ပေါ်ဆန်းမွှေးဆန်ကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးနှင့် ပိုမိုတိုးတက် စိုက်ပျိုးကြရန်လည်း တိုက်တွန်းပြောဆိုထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 360
CNI News
၂၀၂၆ ခုနှစ်၊ မေ ၆
ကမ္ဘာကျော် ဘော်တွင်းသတ္တုတွင်း တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူတွင် တရုတ်လုပ်ငန်းရှင်များက လာရောက်ပြီး သတ္တုတူးဖော်နေမှုများကို ဟန့်တားရန် လိုအပ်သည်ဟု ဒေသခံများနှင့် နိုင်ငံရေးလေ့လာသုံးသပ် သူများက ထောက်ပြကြသည်။
နမ္မတူမြို့ကို လက်ရှိတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)က ထိန်းချုပ်ထားသည်။
တရုတ်လုပ်ငန်းရှင်များ၏ အကြီးအကျယ် သတ္တုတူးဖော်မှုများကြောင့် ဒေသတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် များကြား ပဋိပက္ခ ရှိလာနိုင်ပြီး ဒေသခံများ ဆင်းရဲမွဲတွေမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဖြင့် ကြုံတွေ့ရနိုင် သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သဘာဝပတ်ဝန်းကျင် ပျက်စီးလာမယ်။ နောက်တစ်ချက်ကတော့ နည်းပညာ ဖွံ့ဖြိုးလာတာနဲ့အမျှ သက်ဆိုင်ရာ ဒေသခံတွေကတော့ ဒီနေရာမှာ လုပ်ပိုင်ခွင့် ရှိမှာမဟုတ်ဘူး။ တရုတ်တွေက နည်းပညာတွေနဲ့ အကြီးအကျယ် လုပ်ပြီးတော့ ဒေသခံတွေက ဆင်းရဲမွဲတွေပြီးမှ ကျန်ခဲ့တဲ့ဟာတွေလည်း ရှိတာပဲ။ ဒီဟာမျိုး အကြီးအကျယ် လုပ်ပြီဆိုရင် သဘာဝပတ်ဝန်းကျင်တွေကလည်း ထိခိုက်လာမယ်။ နောက်တစ်ချက်က အဲဒီ ဒေသမှာရှိတဲ့ ပလောင်တို့၊ ကချင်တို့၊ ရှမ်းတို့ တစ်စုံတစ်ခုကြောင့် ပဋိပက္ခတွေ ဖြစ်လာမယ် အနာဂတ်မှာ။ ဒါတွေကတော့ မလွဲမသွေ ဖြစ်လာမယ့်ဟာတွေပါ။ ဒါပေမယ့် နောက်တစ်ချက်က ဒီဒေသမှာ လုပ်ဆောင်တဲ့ ဟာတွေ တရုတ်တွေ အနေနဲ့ ရှမ်းပြည်နယ်ထဲမှာ ရှမ်းပြည်သူပြည်သားတွေ မဟုတ်ဘဲနဲ့ လုပ်တဲ့ဟာမျိုးကျတော့ ကျနော်တို့အနေနဲ့ သိပ်ပြီး ဘဝင်ကျတဲ့ဟာမျိုးတော့ မဟုတ်ဘူး။ ကျနော်တို့ မတတ်နိုင်လို့သာ ဒီအတိုင်း နေနေရ တယ်လို့ မြင်တယ်” ဟု ပြောသည်။
လက်ရှိတွင် တရုတ်လုပ်ငန်းရှင်များသည် သတ္တုချော်များကို နေ့စဉ် ကားရာနှင့်ချီပြီး တရုတ်နိုင်ငံထဲသို့ သယ်ထုတ် ပြီး သတ္တုပြန်လည် ထုတ်ယူနေကြောင်း သိရသည်။

နမ္မတူဘော်တွင်းကို တွေ့ရစဉ်
ပြီးခဲ့သည့် နှစ်ကတည်းကပင် ယခုဖြစ်စဉ်သည် ဖြစ်ပေါ်နေခဲ့သော်လည်း လက်ရှိတွင် ယခင်ထက်ပိုပြီး လုပ်ဆောင် လာနေခြင်း ဖြစ်သည်။
နမ္မတူမြို့မှ ထုတ်လုပ်သည့် ခဲ၊ သွပ်၊ သတ္တု စွန့်ပစ်မြေစာများနှင့် သတ္တုချော်များကို လက်ရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် နမ္မတူ - မန်စံ - လားရှိုး - သိန္နီ - ချင်းရွှေဟော် လမ်းပိုင်းမှတဆင့် တရုတ်နိုင်ငံသို့ သယ်ဆောင်နေခြင်း ဖြစ်သည်။
ထိုသို့ သယ်ဆောင်မှုကြောင့်လည်း ထိုလမ်းပိုင်းသည် ပျက်စီးနေပြီး ဒေသခံများအတွက် သွားလာရေး အခက်အခဲ ဖြစ်ပေါ်နေသလို ဒေသဖွံ့ဖြိုးမှုလည်း ထိခိုက်လျက် ရှိနေသည်။
တရုတ်လုပ်ငန်းရှင်များသည် ယင်းသတ္တုချော်များနှင့် စွန့်ပစ်မြေဇာများကို တရုတ်နိုင်ငံသို့ သယ်ယူပြီး အဆင့်မြင့် နည်းပညာဖြင့် သတ္တုထုတ်လုပ်နေခြင်း ဖြစ်သည်ဟု ရှမ်းမြောက်ဒေသခံ ဦးတင်မောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

နမ္မတူဘော်တွင်းကို တွေ့ရစဉ်
၎င်းက “နမ္မတူလည်း တရုတ်တွေချည်းပဲ။ အဲဒီမှာ ဓာတ်သတ္တုတွေ အများကြီး ကျန်တယ်။ နောက်ပြီး အရင် တုန်းက တူးဖော်သွားတဲ့ နှစ်ပေါင်းများစွာ သူတို့စွန့်ပစ်ခဲ့တဲ့ သယံဇာတ စွန့်ပစ်ပုံထဲကနေ ပြီးတော့လည်း အဲဒီ တုန်းက နည်းပညာတွေ ခေတ်မမှီလို့ အဲဒီထဲကနေ အကုန် မထုတ်နိုင်သွားဘူး။ အဲဒါတွေကို သယ်ပြီးတော့ တရုတ်ပြည်ထဲမှာ ပြန်ထုတ်နေတယ်လေ။ အဲဒီလို အလုပ်တွေက အများကြီးပဲလေ။ ပြောမယ်ဆိုရင် အများကြီး ပေါ့။ ယူရေနီယံဆိုတာ မြန်မာက အစောကြီးကတည်းက ထွက်နေတာပဲ။ မြေရှားတွေလည်း ထွက်သေးတယ်။ အများကြီး ရှိသေးတယ်” ဟု ပြောသည်။
နမ္မတူမြို့ရှိ ကမ္ဘာကျော် ဘော်တွင်းသတ္တုတွင်းနှင့် သတ္တုထုတ်ယူမှုကိစ္စနှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေး တပ်မတော်(KIA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကြား ပြဿနာဖြစ်ပွားမှုများ လည်း ရှိခဲ့သည်။
ထို့ကြောင့် နမ္မတူမြို့နှင့် နမ္မတူ - မန်တုံ လမ်းပိုင်းသည် KIA နှင့် TNLA တို့ကြား နယ်မြေစိုးမှုနှင့်ပတ်သက်ပြီး မကြာခဏ အငြင်းပွားမှုများရှိနေပြီး လက်ရှိတွင် MNDAA နှင့်ပါ တင်းမာမှုများ မကြာခဏ ရှိနေသည်။
လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းက MNDAA နှင့် UWSA ထိန်းချုပ်ထားသည့် ဒေသများမှာလည်း တရုတ်လုပ်ငန်း ရှင်များက မြေရှားသတ္တုများ တူးဖော်လျက်ရှိနေသလို KIA ထိန်းချုပ်ထားသော ကချင်ပြည်နယ်ထဲမှာလည်း မြေရှား သတ္တုများ တူးဖော်လျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 438
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၅
မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စစ်ရေး အကျပ်အတည်းမှ လူမှုစီးပွား ကျဆင်းနေခြင်းကို ပြန်လည် ဦးမော့အောင် ဆောင်ရွက်ရာတွင် အသွင်ကူးပြောင်းရေး အစိုးရသည် အခွန်လျှော့ရမည့်အစား အခွန်တိုးကောက်ရန် ကြေညာခဲ့ ခြင်းကြောင့် ပြည်သူလူထု ပိုမို ထိခိုက်လာစေမည်ဟု စီးပွားရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြ ကြသည်။
အစိုးရသစ်၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက မေလ ၁ ရက်နေ့မှစပြီး ပြည်ပနိုင်ငံများမှ တင်သွင်းသည့် ကုန်ပစ္စည်းများနှင့် ပြည်တွင်းမှ ပြည်ပသို့ တင်ပို့သည့် ကုန်ပစ္စည်းများ စုစုပေါင်း ကုန်စည် ၁၅၀ မျိုးကို အခွန် တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။
တိုးမြှင့်လိုက်သည့် အခွန်နှုန်းထားများမှာ ငါးနှင့် ရေထွက်ပစ္စည်းအပေါ် ယခင်က ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ မုန့်နှင့် စားသောက်ကုန်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း၊ မော်တော်ဆိုင်ကယ်သုံး တာယာနှင့် ကျွတ်များက ယခင် ၅ ရာခိုင်နှုန်းမှ ယခု ၁၀ ရာခိုင်နှုန်း၊ နို့နှင့် နို့ထွက် ပစ္စည်းများအတွက် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း ပြောင်းလဲ တိုးမြှင့်ထားခြင်း ဖြစ်သည်။
ယခု တိုးမြှင့်လိုက်သည့် အကောက်ခွန် နှုန်းထားများကြောင့် လက်ရှိ ပြည်တွင်း ကုန်ဈေးနှုန်းသည် ထပ်မံ မြင့်တက်လာမည်ဖြစ်ပြီး ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များထက် စားသုံးသူ ပြည်သူလူထုက ပို၍ ထိခိုက်မည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

စားသောက်ကုန်များကို တွေ့ရစဉ်
၎င်းက “အဲဒါလည်း မဖြစ်သင့်ဘူးဗျ။ ကုန်စည် အမျိုးပေါင်း ၁၅၀ ကို အခွန်တွေ တိုးကောက်တယ်လို့ ပြင်ဆင် လိုက်တယ်ပေါ့ မေလ ၁ ရက်နေ့ကစပြီး။ အဲဒီမှာက စားသောက်ကုန်၊ လူသုံးကုန်ဆိုပြီး ပါလာတယ်ပေါ့ဗျာ။ အထွေထွေပစ္စည်းတွေလည်း ပါတာပေါ့။ ကိုယ့်ဘက်မှာက အခြေခံရပ်တည်ချက် မရှိဘဲနဲ့ ဒီဥပဒေတွေ ပြင်ဆင်ပြီး အခွန်တိုးကောက်သင့်ပြီ။ နောက်ဆုံးကျတော့ စားသုံးသူကတော့ ရသမျှကုန်ကို ဝယ်စားမှာပဲဗျ။ ပိုက်ဆံ တတ်နိုင် တဲ့သူကလည်း ဝယ်စားမှာပဲ။ ပိုက်ဆံ မတတ်နိုင်တဲ့သူကလည်း ဝယ်စားရမှာပဲ။ ဝယ်စားတဲ့ အခါကျတော့ အဲဒီ အခွန်တိုးနှုန်းတွေက လုပ်ငန်းရှင်ဆီကို ရောက်တာ မဟုတ်ဘူးဗျ။ ပြည်သူဆီကိုပဲ ရောက်တာ။ နောက်ဆုံးတော့ စားသုံးသူဆီကိုပဲ ရောက်တာဗျ။ အဲဒါတွေကိုတော့ နားလည် စေချင်တယ်ဗျာ။ ပြည်သူတွေကို ဘာလို့ ဝန်ထုပ် ဝန်ပိုး ဖြစ်စေလဲဆိုတာ ကျနော်ကလည်း မေးချင်တယ်” ဟု ပြောသည်။
လက်ရှိတွင်လည်း ပို့ကုန်သွင်းကုန်များကို တင်းကျပ်ထားခြင်းနှင့် ကန့်သတ်ထားခြင်းတို့ကြောင့် ပြည်တွင်းတွင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ကုန်စည်ရှားပါးခြင်းများ ဖြစ်ပေါ်လျက်ရှိနေသည်။
အစိုးရအဆက်ဆက် ပို့ကုန်သွင်းကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်များ အပေါ်တွင်သာ အခွန်ကို ကောက်ခံ နေပြီး ထပ်မံတိုးမြှင့် ကောက်ခံနေခြင်းသည် ပြည်သူကို ပိုမိုကျပ်တည်းစေကြောင်း၊ ပြည်သူကို မထိခိုက်စေသည့် တခြားသော အခွန်ကောက်ခံမှု နည်းပါးနေသည့်နေရာ၊ အခွန်ရှောင်နေသည့် နေရာများလည်း ရှိနေခြင်းကြောင့် အခွန်စနစ်ကို တိတိကျကျ ဆောင်ရွက်ပြီးမှသာ ကောက်ခံရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြဝတီကုန်သွယ်ရေး ဇုန်ကို တွေ့ရစဉ်
၎င်းက “အခွန်ကို ဒီအတိုင်း တိုးကောက်တာပေါ့နော်။ တိုးကောက်တယ်ဆိုတာ ကောက်နေကျ နေရာကို တိုးကောက်တဲ့ဟာကိုပဲ အစိုးရအဆက်ဆက်က အဲဒီလိုပဲ လုပ်ခဲ့တာ။ အမှန်တကယ် အခွန်ရဲ့ base ကို ချဲ့ရမှာ။ အခွန်လွတ်နေတဲ့ နေရာတွေ အများကြီးပဲ။ အဲဒီလွတ်နေတဲ့ အခွန်တွေကို တိတိကျကျ သေသေချာချာ မကောက် ခံ နိုင်တာကို မကောက်ခံနိုင်တာလား မကောက်တာလား၊ အကြောင်းအမျိုးမျိုး ရှိမှာပေါ့။ အဲဒီလိုမျိုး ဖြစ်တာကို ဒီဘက်မှာ ကောက်လို့ရတဲ့ နေရာကို လာပြီး ဖိကောက်တဲ့ဟာမျိုး။ မြန်မာနိုင်ငံမှာ ကားအစုတ်တစ်စီးရဲ့ ဈေးနှုန်း က ကမ္ဘာဘယ်မှာမှ မကြားဖူးတဲ့ ဈေးနှုန်းဖြစ်အောင် အခွန်တွေကို လှိမ့်ပိတ်ကောက်ထားတယ်။ အဲဒီလိုပဲ ကောက်လို့ ရမယ့်နေရာ သူ့လက်ထဲ မဖြစ်မနေ ရောက်မယ့် နေရာတွေမှာ တအားကောက်ပြီးတော့မှ ကျန်တဲ့ဟာ တွေကို ဒီလိုပဲ ထားထားတဲ့ဟာတွေ။ အစိုးရတစ်ရပ်က ဓနဥစ္စာ ခွဲဝေမှုကို သေသေချာချာ တိတိကျကျ လုပ်ရမယ်” ဟု ပြောသည်။
အစိုးရ၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ပြည်တွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ ရေရှည် ရပ်တည် နိုင်ရန်နှင့် စိုက်ပျိုး ထုတ်လုပ်သူများကို အကာအကွယ် ပေးနိုင်ရန်အတွက် အကောက်ခွန် နှုန်းများကို တိုးမြှင့် ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 492
CNI News
၂၀၂၆ ခုနှစ်၊ မေ ၄
မြန်မာနိုင်ငံတွင် အခြေခံလုပ်ခလစာကို တစ်နေ့လျှင် ၂၀,၀၀၀ ကျပ် ပေးရန်အတွက် အလုပ်သမား အဖွဲ့အစည်း များက တောင်းဆိုထားသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ တိုးမြှင့်ပေးရန် မဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာသူများက ထောက်ပြကြသည်။
အခြေခံလုပ်ခလစာ အနိမ့်ဆုံး ၂၀,၀၀၀ ကျပ်ပေးရန် ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် ကျရောက်သော (၁၃၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့တွင် မြန်မာနိုင်ငံအထွေထွေ အလုပ်သမားအဖွဲ့ချုပ်(FGWM)က တောင်းဆို လိုက်ခြင်း ဖြစ်သည်။
အခြေခံလုပ်ခလစာကို ၂၀,၀၀၀ ကျပ်ပေးရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ အစိုးရဝန်ထမ်း၊ အထည်ချုပ်၊ အသေး စား အလတ်စား လုပ်ငန်းများက တိုးမြှင့်ပေးရန် မလွယ်ကြောင်း၊ ထိုသို့ တိုးမြှင့်လိုက်မည်ဆိုပါက ပြည်တွင်း ကုန်ဈေးနှုန်းသည်လည်း အဆမတန် လိုက်ပါမြင့်တက်သွားမည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

အခြေခံအလုပ်သမားများကိုတွေ့ရစဉ်
၎င်းက “အခြေခံလုပ်ခလစာ ၂၀,၀၀၀ ဆိုရင် တစ်လကို ၆ သိန်းလေ။ အစိုးရလစာတောင်မှ ၂ သိန်း၊ ၂ သိန်းခွဲပဲ အလွန်ဆုံး ရတာလေ။ ၆ သိန်း ဘယ်လိုသွားပေးမလဲ။ အပြင်လစာနဲ့ အစိုးရလစာနဲ့၊ ဝန်ထမ်းလစာနဲ့ ချိန်ညှိပေးရ တာကို။ အစိုးရမှာတော့ ဘတ်ဂျက် ရှိတယ်လေ။ မြေပြင်မှာတော့ မလောက်တာက မလောက်တာပဲ။ ဒါပေမယ့် အဲဒီလောက်ကြီး တိုးဖို့ကျတော့လည်း ခက်သွားတာပေါ့နော်။ အပြင် ကျပန်းအလုပ်တွေကတော့ ပေးတာပါပဲ။ အပြင် ကျပန်းအလုပ်တွေက ၂ သောင်း၊ ၃ သောင်းရတဲ့ သူတွေလည်း ရှိကြတာပါပဲ။ ဒါပေမယ့် စက်ရုံအလုပ်ရုံ တွေနဲ့ ပုံမှန်လခစား အလုပ်သမားတွေကတော့ အဲဒီလောက် ပေးနိုင်ဖို့ကတော့ နည်းနည်းတော့ မလွယ်ဘူးပေါ့ နော်။ ပေးနိုင်တဲ့ လုပ်ငန်းမျိုးရှိသလို မပေးနိုင်တဲ့ လုပ်ငန်းမျိုးလည်း ရှိတာပေါ့နော်။ MSME တွေ၊ အခြေခံကျတဲ့ စားသောက်ဆိုင် ငယ်လေးတွေက ထိန်းသင့်တယ်ဗျ။ ၆ သိန်းပေးဖို့ဆိုတာက အနေအထားအရလေ အဲဒါကျတော့ ကုန်ဈေးနှုန်းက တအားတက်သွားမှာပေါ့။ လုပ်ခလစာ တစ်ခုတည်း စဉ်းစားလို့မရဘူး။ အခြေအနေက ပတ်ဝန်း ကျင်ကိုပါ စဉ်းစားရမယ်။ ကုန်ဈေးနှုန်းက အလကားနေ တိုးဖို့ပဲ ကြည့်နေတာလေ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးနေသည့် အထည်ချုပ် လုပ်ငန်းများ အနေဖြင့် လည်း လက်ခစား စနစ်ဖြင့် လည်ပတ်နေခြင်း ဖြစ်သည့်အတွက် အခက်အခဲ ရှိနေကြောင်း၊ စက်ရုံအများစုသည် လက်ရှိတွင် လျှပ်စစ်မီး အခက်အခဲကြောင့် စက်သုံးဆီ၊ CNG ဂတ်စ် စရိတ်များသည် ယခင်ကထက် ၃ ဆခန့် မြင့်တက်လာနေခြင်းကြောင့် လုပ်ခလစာကို တိုးမြှင့်ပေးရန် မဖြစ်နိုင်ကြောင်းလည်း ထောက်ပြကြသည်။
သို့သော်လည်း အခြေခံ လုပ်ခလစာကို မတိုးဘဲ ဆုကြေးငွေ၊ ရက်မှန်ကြေး၊ စွမ်းဆောင်ရည် စသည့် ခေါင်းစဉ် များဖြင့် အစားထိုးပြီး ပေးဆောင်နေခြင်း ရှိသည့်အတွက် လက်ရှိ တောင်းဆိုထားသည့် အခြေခံ လုပ်ခလစာ တစ်နေ့လျှင် ၂၀,၀၀၀ ကျပ်နှုန်း တစ်လ ၆ သိန်းနှုန်းထက် ပို၍ပေးနေသည့် လုပ်ငန်းများလည်း ရှိနေသည်။

အခြေခံအလုပ်သမားများကိုတွေ့ရစဉ်
တစ်ဖက်တွင်လည်း အမေရိကန် ဒေါ်လာသည် ယခင်ကထက် ၃ ဆ မြင့်တက်နေခြင်းကြောင့် ပြည်တွင်း ကုန်ဈေး နှုန်းသည် ၅ ဆခန့် မြင့်တက်သည့် အခြေအနေတွင် ရှိနေ၍ ယခုတောင်းဆိုနေသည့် အခြေခံ လုပ်ခလစာ ၂၀,၀၀၀ ကျပ်သည် ဖြစ်သင့်ဖြစ်ထိုက်သော နှုန်းထားဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရှေ့မှာတုန်းက ကျနော်တို့ ၄၅၀၀ တို့၊ ၅၈၀၀ တို့ ဖြစ်ခဲ့တာရှိတယ်။ အဲဒီအချိန်တုန်းက ဒေါ်လာဈေးက ၁၄၀၀၊ ၁၅၀၀ ပေါ့၊ အဲဒီဝန်းကျင်လောက် ရှိတယ်ဆိုတော့ တကယ့်တကယ် ပြန်တွက်လိုက်မယ်ဆိုရင် ၃ ဒေါ်လာ နဲ့ ၄ ဒေါ်လာကြားလောက်ပေါ့ အဲဒီလိုဖြစ်ခဲ့တာပေါ့နော်။ အခုချိန်မှာ ဒေါ်လာဈေး ၄၀၀၀ ကျော်နဲ့ ပြန်တွက်လိုက် မယ် ဆိုလို့ရှိရင် ၂၀၀၀၀ လို့ ပြောတဲ့ဟာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းထားပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒေါ်လာဈေးနဲ့ ပြန်တွက်မယ် ဟေ့ဆိုရင်တောင်မှ ကျနော်တို့ ကုန်ဈေးနှုန်းတွေက ဒေါ်လာဈေးက ၃ ဆ တက်သွားတယ်ဆိုရင် ကုန်ဈေးနှုန်းက ၃ ဆ လိုက်တက်သွားတာ မဟုတ်ဘူး။ တချို့ကုန်ဈေးနှုန်းဆိုရင် ၅ ဆဖြစ် တယ်၊ ၆ ဆ ဖြစ်တယ်ဆိုတဲ့ဟာတွေ ဖြစ်တယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ သူတို့ ၂၀၀၀၀ တောင်းတာကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တောင်းဆိုမှုလို့ မြင်တယ်။ သို့ပေမယ့် သူတို့ ပေးနိုင်၏ မပေးနိုင်ဆိုတာကတော့ ကျနော်တို့ အကုန်ပြန်တွက်ရမှာပေါ့နော်” ဟု ပြောသည်။
အခြေခံလုပ်ခလစာကို ၂၀,၀၀၀ ကျပ် တိုးမြှင့်ပေးရေးသည် လုပ်ငန်း အခြေအနေပေါ် မူတည်ပြီး ပြန်ချိန်ညှိရာတွင် အထည်ချုပ် လုပ်ငန်းအနေဖြင့် လက်ခစား စနစ်ဖြစ်သည့်အတွက် အလုပ်သမားများ၏ လုပ်ကိုင်နိုင်စွမ်းပေါ် မူတည်ပြီး ပေးနိုင်၊ မပေးနိုင်ကို ချိန်ညှိ၍ရသော်လည်း အစိုးရဝန်ထမ်းပိုင်းဆိုင်ရာကို လုပ်ခလစာ တိုးမြှင့်ပေးရေး သည် အစိုးရအတွက် မဖြစ်နိုင်သည့် နှုန်းထားဟု ထောက်ပြကြသည်။
သို့သော်လည်း အခြေခံလုပ်ခလစာကို ၂၀,၀၀၀ ကျပ်သို့ အစိုးရက တိုးမြှင့်သတ်မှတ်ကြောင်း ထုတ်ပြန်ပါက ယင်းကို အစိုးရကလည်း လိုက်နာရမည်ဖြစ်ပြီး အစိုးရဝန်ထမ်းများကိုလည်း ယင်းနှုန်းထားအတိုင်း ပေးဆောင်ရ မည်ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 547
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉
မြန်မာနိုင်ငံတွင် ဖွဲ့စည်းလာသော အသွင်ကူးပြောင်းရေး အစိုးရသစ်သည် ရက် ၁၀၀ စီမံကိန်းကို အကောင်အ ထည် ဖော်မည်ဟု တင်ပြခဲ့သော်လည်း ပြည်သူလူထုအတွက် အကျိုးရှိသည့် စီးပွားရေးနှင့် ပတ်သက်သည့် စီမံကိန်းများ၊ ဆောင်ရွက်ချက်များကို တင်ပြမှု အားနည်းနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာသူများက ပြောသည်။
ပထမဦးဆုံး အနေဖြင့် အစိုးရသစ်က ရက် ၁၀၀ စီမံကိန်း အနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး နှင့် စီးပွားရေးများကို ဆောင်ရွက်နေသော်လည်း စီးပွားရေးနှင့်ပတ်သက်ပြီး ထိရောက်မှု မရှိကြောင်း ထောက်ပြ ကြသည်။
အဓိကအားဖြင့် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လူမှုဘဝ မြင့်တက်ရေးအတွက် လုံလောက်သည့် စီမံချက် များကို မတွေ့ရကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သမ္မတကြီးရဲ့ မိန့်ခွန်းတွေမှာ ပြန်လည်သုံးသပ်လို့ ကြည့်ရင် သူက ပညာရေးတွေ၊ ကျန်းမာရေးတွေ သူ ပြောတယ်။ ဥပဒေရေးရာတွေ သူပြောတယ်၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးတွေ သူပြောတယ်။ ဒါပေမယ့် တိုင်းသူ ပြည်သားတွေရဲ့ အခုကြုံတွေ့နေရတဲ့ အခက်အခဲ၊ အခုဆို ကုန်ဈေးနှုန်းတွေ တအားတက်နေတာ။ ကုန်ဈေးနှုန်း တွေ ဘယ်လို ကျဆင်းအောင် ဘယ်လို လုပ်ပေးမယ်၊ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ လူမှုစီးပွား ဘဝတွေကို ဘယ်လို ကာဗာဖြစ်အောင် လုပ်မလဲ၊ တိုးတက်အောင် မပြောသေးဘူး။ တိုးတက်တယ်ဆိုတာ ဒုတိယတစ်ဆင့်။ လောလောဆယ် လုံလောက်တဲ့ ကာဗာဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအမံတွေ ဘယ်လိုချမလဲ။ နိုင်ငံတော် စီးပွားရေး စီမံကိန်းတွေကို ဘယ်လိုသွားမလဲ။ တိုင်းပြည်ရဲ့ အခြေခံကျတဲ့ လုပ်ငန်းတွေကို ဘယ်လို တည်ဆောက်ပြီးတော့မှ ဘယ်လိုသွားမယ်။ ဘယ်လို စီးပွားရေးတွေကို အခြေခံ လူတန်းစားတွေကို ဘယ်လို ဖြည့်ဆည်းမယ်ဆိုတဲ့ အစီအမံတွေတော့ မကြားရသေးဘူး” ဟု ပြောသည်။

ကြက်ဥ တစ်လုံး ၁၀၀ ဆိုလို့ ဝယ်ယူကြသည့် ပြည်သူလူထုကို တွေ့ရစဉ်
လက်ရှိ အစိုးရသစ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ထိုရက် ၁၀၀ စီမံကိန်းတွင် တောင်သူလယ်သမားများ ချေးငွေ တိုးမြှင့်ချေး နိုင်ရေး၊ ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေး၊ စွမ်းအင် စသည့် ကိစ္စရပ်များ ပါဝင်သည်။
တစ်ဖက်မှာတော့ ပြည်သူလူထုသည် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းနှင့် ကြုံတွေ့နေရသလို ကုန်ဈေး နှုန်း မြင့်တက်နေမှုကြောင့် စားဝတ်နေရေး ကျပ်တည်းမှုဖြင့်လည်း ကြုံတွေ့နေရသည်။
ပြည်တွင်းရှိ လူငယ်လူရွယ် အများစုသူ ပြည်ပသို့ ထွက်ခွာပြီး အလုပ် လုပ်ကိုင်နေကြခြင်းကြောင့်သာ မိသားစု စားဝတ်နေရေး ပြေလည်သည့် အခြေအနေ ဖြစ်နေသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ဒေသခံ ဦးသိန်းက CNI သတင်းဌာနသို့ ပြောသည်။

တန်ဖိုးနည်း ဆန်နဲ့ ကြက်ဥ ဝယ်လာတဲ့အမျိုးသားကို တွေ့ရစဉ်
၎င်းက “လောင်စာဆီ ပြဿနာကို အကြောင်းပြုပြီးတော့ ကျန်တဲ့ စားသောက်ကုန်ဈေးတွေက အကုန်လုံး မြင့် တက် သွားတာလေ။ ထွက်ငွေက မြင့်တက်လာတယ်၊ နဂိုကတည်းကမှ ကျပ်တည်းနေကြတယ်။ အလုပ်အကိုင် ရှားပါးတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် အလုပ်အကိုင် ရှားပါးမှုက ပေါ့သေးသေး မဟုတ်ဘူး။ သို့သော်လည်းပဲ မြန်မာပြည်က ဘာက ခံသာနေလဲဆိုတော့ ပြောမယ်ဆိုရင် လူငယ်လူရွယ် တော်တော်များများက နိုင်ငံခြားကို သွားပြီး အလုပ်လုပ်ကြတဲ့အတွက် နိုင်ငံခြားက ဝင်ငွေတွေနဲ့ပဲ တိုင်းပြည်က ရပ်တည်နေတဲ့ သဘောမျိုးက ဘဝ တွေ ရပ်တည်ရေးက ၅၀ ရာခိုင်နှုန်းလောက်က အဲဒီနိုင်ငံခြားမှာ အလုပ်လုပ်သွားလုပ်ပြီး အဲဒီကရတဲ့ ဝင်ငွေနဲ့ပဲ ရပ်တည်နေကြတာမို့လို့” ဟု ပြောသည်။
စိုက်ပျိုးရေးကဏ္ဍတွင်လည်း ပြည်တွင်းရှိ တောင်သူများ စိုက်ပျိုးထားသည့် စိုက်ပျိုးရေး ထွက်ကုန်များသည် ဈေးကောင်း မရသည့်အပြင် စိုက်ပျိုးစရိတ် ကြီးမြင့်မှုဒဏ်ကြောင့် အကြွေးနှင့် ရင်ဆိုင်နေကြရသည်။
ထို့နောက် နယ်စပ်ကုန်သွယ်ရေးများ ပိတ်ထားခြင်း၊ ပို့ကုန်သွင်းကုန်များကို ထိန်းချုပ် ကန့်သတ်ထားခြင်း အပါအဝင် စက်သုံးဆီ ဝယ်ယူရ ခက်ခဲခြင်းနှင့် ဈေးနှုန်းများ မြင့်တက်မှုတို့ကြောင့် ပြည်တွင်း ကုန်ဈေးနှုန်း များသည် တဖြည်းဖြည်း မြင့်တက်နေ၍ ပြည်သူလူထုသည် အကျပ်အတည်းဖြင့် ရင်ဆိုင်လာကြရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 757
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၈
ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိက လမ်းကြောင်းတစ်ခုဖြစ်သည့် မြဝတီ အာရှလမ်းမကြီးကို မြန်မာ အစိုးရဘက်က တရားဝင် ဖွင့်ပေးထားပြီဆိုသော်လည်း ကုန်သွယ်ရေးအတွက် ကုန်ကားများသွားလာ၍ မရသေး ကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်ကလည်း ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသည့် မြဝတီ နယ်စပ်ချစ်ကြည် ရေးတံတား အမှတ်- ၂ ကို ဖွင့်လှစ်ရန် ပြင်ဆင်နေသော်လည်း မြန်မာအစိုးရဘက်ကမူ မြဝတီ - ကော့ကရိတ် အာရှလမ်းကိုသာ ဖွင့်လှစ်ထားပြီး နယ်စပ်ကုန်သွယ်ရေး အတွက်ကိုတော့ ဖွင့်လှစ်ထားခြင်း မရှိသေးပေ။
မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်ပါက ကရင်အမျိုးသားအစည်းအရုံး(KNU)က အခွန် ၁၀ ရာခိုင်နှုန်း ခွဲယူမည်ကို မြန်မာအစိုးရနှင့် သဘောတူညီမှု မရသည့်အတွက် ထိုလမ်းပိုင်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည် ကိုလည်း စိုးရိမ်နေကြသည်။
နယ်စပ်ကုန်သည်များကတော့ ကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်နေသည်မှာ ၂ နှစ်နီးပါး ရှိနေပြီဖြစ်သည့်အတွက် လုံခြုံရေးထက် အခွန်ပေးဆောင်ပြီး မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်နိုင်ရေးနှင့် အာရှလမ်းကို အသုံး ပြုခွင့် ရရှိရေးသည် အဓိကဖြစ်သည်ဟု ကြက်သွန်ကုန်သည် ဦးလှသောင်းက CNI သတင်းဌာနသို့ ပြောသည်။

မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးကိုတွေ့ရစဉ်
၎င်းက “လုံခြုံရေးက ရတယ်။ စစ်တပ်ဘက်က ဖွင့်ပေးလိုက်လို့ရှိရင် လက်နက်ကိုင်အဖွဲ့က ဟိုဘက်က ပြောတာ ပေါ့။ သူတို့က သူတို့ဖွင့်တဲ့ နေရာက သူတို့အုပ်ချုပ်တဲ့ နေရာလေးတင် ဖွင့်သွားတာ။ ကျနော်တို့ဘက် မပါဘူးဆိုပြီး တော့ ဒီက ကုန်သည်တွေက မသွားရဲဘူးလေ။ နောက်တော့ နယ်စပ်က ကုန်သည်တွေက ညှိကြပါတယ်။ ညှိတော့ အခွန်ဆောင်သွားရင်သွား သူတို့ လက်နက်ကိုင်အဖွဲ့ကို။ အခွန်ဆောင်ရင်ရတယ် သူတို့က၊ အဲဒီလို အသံထွက်လာ တာကိုး။ အစိုးရကတော့ ဖွင့်ပေးတယ်။ လက်နက်ကိုင်နယ်မြေ ရောက်သွားလို့ရှိရင် အခွန်ဆောင်၊ ဟိုလမ်းက ရှောင် ဒီလမ်းကရှောင် မလုပ်နဲ့ အခွန်ဆောင်။ ကြိုက်သလောက်လာခဲ့ အခွန်ဆောင်၊ အစိုးရကလည်း အဲဒီလိုကျ တော့ လွှတ်ချင်မှာ မဟုတ်ဘူးလေ။ ကုန်သည်ကတော့ ဆီလိုပဲ အပေါက်ရှာ ထွက်ချင်တာပဲ။ အဓိက လမ်းဖွင့်ပေး၊ ဖွင့်ပေးဖို့ပဲလိုတာ” ဟု ပြောသည်။
အမှတ်-၂ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ရန်အတွက် ထိုင်းအာဏာပိုင်များက လက်ရှိမှာ လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီ တံတားပြန်ဖွင့်သည်နှင့်တပြိုင်နက် ကုန်သွယ်ရေး လုပ်နိုင်ရန် မဲဆောက်ဘက် တွင် ကုန်ကားများ အဆင်သင့် ပြင်ဆင်ထားကြောင်း သိရသည်။
ထိုင်း - မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မြဝတီ - အာရှလမ်း ပိတ်ထားသည့် အချိန်ကတည်းက ပို့ကုန် များကို ရန်ကုန် - ကော့သောင်း - ရနောင်း ပင်လယ်ရေလမ်းကြောင်းမှတဆင့် တင်ပို့နေခြင်းဖြစ်ကြောင်း၊ မြဝတီ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ပါက ကုန်သည်များ လမ်းကြောင်း နှစ်ခုဖြစ် တင်ပို့နိုင်မည် ဖြစ်သည့် အတွက် ကုန်သွယ်ရေး ပိုမိုမြန်ဆန်သွားမည်ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒုဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

KNU/KNLA-PC နဲ့ DKBA လက်နက်ကိုင် ခေါင်းဆောင်များကို KIA ခေါင်းဆောင်နဲ့အတူ တွေ့ရစဉ်
၎င်းက “ကြားတော့ ကြားတာပါပဲ။ ဒါပေမယ့် သွားရေးလာရေးကတော့ အရမ်းတော့ အဆင်ပြေမယ် မထင်သေး ပါဘူး။ မြေပြင် အခြေအနေမှ တိတိကျကျ မသိရသေးတော့လေ။ ကရင်ပြည်နယ်မှာလည်း ပြောင်းနဲ့ပတ်သက်တဲ့ အဖွဲ့တွေ ရှိတယ်လေ။ တကယ် ဖြစ်သွားပြီဆိုရင်တော့ ပြောင်းဆံတွေ ဘာတွေ ပို့တာတို့ ဖြစ်လာမှာပေါ့ ဖြည်း ဖြည်းချင်းပေါ့။ လမ်းတွေ ဖွင့်တယ်ပြောတယ်၊ နောက်တစ်ခါ တံတားဖွင့်မယ်ပြောတယ်၊ နောက် ၂၀ ရက်နေ့၊ ၁၈ ရက်နေ့တို့၊ ၁၂ ရက်နေ့တို့ အဲဒီလို ရက်တွေ ရက်တွေနဲ့တော့ ထွက်လာတာ ရှိပါတယ်။ လမ်းဖွင့်လိုက်တဲ့ အခါကျ တော့ အခုကတော့ ရွေးချယ်စရာ နှစ်ခုရှိတာပေါ့။ ရေလမ်းကြောင်းနဲ့ သွားနေတာရှိသလို ကုန်းလမ်းကြောင်းလည်း ပြန်ဖွင့်သွားပြီဆိုရင်တော့ ရွေးချယ်စရာ နှစ်ခု ဖြစ်သွားတာပေါ့” ဟု ပြောသည်။
မြဝတီ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ပါက ပြည်တွင်းထွက် ပြောင်း၊ ငရုတ်၊ ကြက်သွန် အပါအဝင် လယ်ယာထွက်ကုန်များကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်သလို ပြည်ပမှ သွင်းကုန်များ ပိုမို တင်သွင်းနိုင်မည်ဖြစ်သည့် အတွက် ပြည်တွင်း ကုန်ဈေးနှုန်းများ အထိုက်အလျောက် ကျဆင်းသွားမည် ဖြစ်သည်။
မြဝတီ - ကော့ကရိတ် အာရှလမ်း ပိတ်ထားသည့် ၂ နှစ်ကျော် ကာလအတွင်း ကုန်သည်များက ကရင်လက်နက် ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် ဒေါနတောင်တန်းကိုဖြတ်ပြီး လမ်းဟောင်း၊ ထို့ကော်ကိုး၊ ကြက်ဥတောင်၊ ၁၀၈ စသည့် တောင်ပေါ်လမ်းများမှတဆင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များကို အခွန်ပေးဆောင်၍ ကုန်သွယ်မှု ပြုလုပ် ကြကြောင်း သိရသည်။
လက်ရှိတွင် အစိုးရက ကရင်လက်နက်ကိုင်တပ်ဖွဲ့များ မရှိသည့် အာရှလမ်းကို ဖွင့်လှစ်ပြီး ယခင် ကုန်သည်များ အသုံးပြုခဲ့သော တောင်ပေါ်လမ်းအားလုံးကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် ကရင်ပြည်နယ်အတွင်းမှာ တည်ရှိကြောင်း၊ ကရင်ပြည်နယ်အတွင်းမှာ KNU, PDF, DKBA, KNU/KNLA-PC, KTA, BGF, KNA စသည့် လက်နက်ကိုင်အဖွဲ့များ ရှိကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 550
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇
မြန်မာနိုင်ငံတွင် ဒေါ်လာ၊ ရွှေ၊ အိမ်ခြံမြေနှင့် ကားဈေးကွက် စသည့် နေရာများသို့ ငွေကြေးများ မရောက်ရှိစေရန် အတွက် ဘဏ်မှတဆင့် ငွေသားထုတ်ယူမှုများကို ဗဟိုဘဏ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကန့်သတ်ထား ခြင်းကြောင့် လုပ်ငန်းများ လုပ်ကိုင်ရာ၌ ကြန့်ကြာမှုများ ရှိလာကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ထိုသို့ စီးပွားရေးနှင့် ပတ်သက်ပြီး ထိန်းချုပ် ကန့်သတ်မှုများ လုပ်ဆောင်ခြင်းသည် တိုင်းပြည်စီးပွားရေး တိုးတက် မှုကို ကြန့်ကြာစေပြီး တိုးတက်သင့်သလောက် တိုးတက်စေရန်အတွက် အဟန့်အတား ဖြစ်စေသည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ဘဏ် ငွေသွင်းငွေထုတ် အပါအဝင် ပို့ကုန်ရငွေများ၊ အိမ်ခြံမြေဈေးကွက်၊ ဒေါ်လာဈေး၊ ရွှေဈေးများကို ထိန်းချုပ်ရာ တွင် အရောင်းအဝယ် ကန့်သတ်ခြင်းမျိုး မဟုတ်ဘဲ အစိုးရ၏ လုပ်ပိုင်ခွင့်နှင့် တခြားသော အခွန်စနစ်များဖြင့် ထိန်းချုပ်၍ ရနိုင်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ထိန်းချုပ်ချင်တာ ထိန်းချုပ်ချင်တဲ့နည်းနဲ့ ထိန်းချုပ်လေ။ အခွန်နဲ့ ထိန်းချုပ်လို့ရတယ်။ သူ့ဆီမှာရှိတဲ့ ရှင်းရှင်း ပြောရရင်တော့ E – government စနစ်ကို ကောင်းအောင်လုပ်လေ။ E – government ကောင်းရင် လှုပ်လို့ မရပါဘူး။ မြန်မာပြည်မှာ တစ်ခုတည်း limitation တွေ လုပ်ပြီးတော့ ဟိုချုပ်ဒီချုပ်ဆိုတာက ဆရာတို့ အမြဲတမ်း ပြောပြောပါတယ်။ ဒါကြီးကို reform ပြန်လုပ်ရမယ်။ အခု ခက်တာကလည်း စီးပွားရေးကို ဘယ်သူ အကြံဉာဏ် ပေးနေလဲတော့ မသိဘူး။ သွားတဲ့ main structure ကြီးတွေကိုက မှားနေတဲ့ အခါကျတော့ တိုင်းပြည် စီးပွားရေးက တိုးတက်သလောက် မတိုးတက်ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံသားများ ဘဏ်ကို တွေ့ရစဉ်
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် ဘဏ်များမှတဆင့် ငွေသားထုတ်ယူမှု ခက်ခဲ သည့်ပြဿနာ ပေါ်ပေါက်လာပြီး လက်ရှိ ပြည်သူနှင့် လုပ်ငန်းရှင်များ အဓိက ကြုံတွေ့နေရသည့် ကိစ္စသည် ဘဏ် များမှ ငွေထုတ်ရာတွင် အကန့်အသတ်ဖြင့် ထုတ်ပေးနေခြင်းဖြစ်သည်။
ဘဏ်များမှ ယခင်က ကျပ်သိန်း ရာကဏန်း ထုတ်ပေးခဲ့သော်လည်း လက်ရှိတွင် ကျပ်သိန်း ၅၀ အထိသာ ထုတ်ပေးနေခြင်းကြောင့် လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်။
ထို့အပြင် ရွှေဆိုင်များတွင် ရွှေဝယ်ယူမှုများ၌ အွန်လိုင်းငွေပေးချေမှုထက် ငွေသားဖြင့် ဝယ်ယူသူကိုသာ ဦးစားပေး ရောင်းချပေးသည့် သတင်းများလည်း ထွက်ပေါ်လျက် ရှိနေသည်။
ငွေသားထုတ်ယူမှုများကို ကန့်သတ်ခြင်းကြောင့် အောက်ခြေလူတန်းစား ပြည်သူလူထုကို အဓိက သက်ရောက်မှု ဖြစ်ပေါ်စေပြီး ငွေကြေးဖောင်းပွမှုကို ပို၍ ဖြစ်ပေါ်စေသည်ဟု စီးပွားရေးနှင့်ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

UAB ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်
၎င်းက “အဓိက,ကတော့ အောက်ခြေ လူတန်းစားပဲ ထိခိုက်မှာပေါ့ဗျာ။ သူတို့ကတော့ ဒီဥစ္စာရပြီးရင် ဘာလုပ်မလဲ ဆိုတော့ မြေသွားဝယ်မယ်၊ ရွှေသွားဝယ်မယ်၊ ဘယ်လိုမှ မရှုံးဘူးလေ။ ပြီးရင် နည်းနည်းပါးပါး ၁ လ၊ ၂ လ ထား မယ်၊ မဟုတ်ရင် ၂ ရက် ၃ ရက် ထားမယ်၊ မြတ်မယ် ရောင်းမယ် ငွေတွေရလာမယ်၊ အဓိက,က စားသုံးသူ ရှိတယ်ဆိုတာ ဒီလိုလုပ်ဆောင်မှုတွေကြောင့် ပိုပြီး ငွေဖောင်းပွလာမယ် လိုအပ်တာထက်” ဟု ပြောသည်။
လက်ရှိ အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းတွင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ဆောင်နေမှုများ ရှိသော်လည်း ငွေကြေးပိုင်းတွင် အဓိကကျသည့် ဗဟိုဘဏ် အနေဖြင့် မည်ကဲ့သို့ ပြင်ဆင်မည်ကို စီးပွားရေး လုပ်ငန်းရှင်များနှင့် လေ့လာသူများက စောင့်ကြည့်နေကြသည်။
နိုင်ငံတကာ၌ ငွေသား အသုံးပြုမှုကို လျှော့ချလာနေသည့် အနေအထားတွင် မြန်မာနိုင်ငံ အနေဖြင့်လည်း ဒစ်ဂျစ်ဒယ် ငွေပေးချေမှုစနစ်ကို အလေးထား ဆောင်ရွက်ရန် လိုအပ်သည်ဟု ထောက်ပြကြသည်။
လက်ရှိတွင် AYA, KBZ, CB နှင့် တခြားသော ဘဏ်များသည် ဘဏ်အပ်ငွေများကို ပြန်လည်ထုတ်ယူရာတွင် အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေသော်လည်း UAB ဘဏ်ကမူ ကန့်သတ်ထုတ်ပေးခြင်းမရှိကြောင်း၊ ထို့ကြောင့် UAB ဘဏ် အကောင့်များ ဖွင့်လှစ်မှု ပိုများလာကြောင်း ပြည်သူလူထုက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 538
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
အဂတိလိုက်စားမှုကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ပါက တိုင်းပြည်သည် တိုးတက်မှုမရှိဘဲ ဆိုးရွားသည့် အခြေအနေနှင့်သာ ရင်ဆိုင်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဂတိတိုက်ဖျက်ရေးကို ထိထိရောက်ရောက် လုပ်ရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင်းရှိ လူဝင်မှုကြီးကြပ်ရေး၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ အကောက်ခွန်၊ တပ်မတော်၊ ဝန်ကြီးဌာန၊ စည်ပင် အပါအဝင် ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ယူ ဆောင်ရွက်နေသည့် အရာရှိများသည် အဂတိလိုက်စားမှု အလွန် များပြားလျက်ရှိနေသည်။
အလားတူ ပြည်သူလူထုကိုယ်တိုင်လည်း အဂတိလိုက်စားမှုကို အားပေးနေသည့် အခြေအနေ ရှိနေကြောင်း၊ တချို့ကလည်း အဂတိ မပါလျှင် အလုပ်မတွယ်ကျယ်ခြင်းကြောင့် ပြည်သူလူထုက မပေးချင်သည့်တိုင် ပေးနေရခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။
အဆိုပါ အဂတိတရားသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်သော အစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက် အကြီးမားဆုံး အဟန့်အတားတစ်ခုဖြစ်နေသည်။

အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့မှာ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အဂတိလိုက်စားမှု ရှိနေခြင်းကြောင့် တိုင်းပြည်တည်ဆောက်ရေးတွင် အဓိကကျသည့် စီးပွားရေး စနစ်များကို အကောင်အထည်ဖော်ဆောင်၍ မရဘဲ ဖြစ်နေကြောင်း၊ စနစ်မကောင်းသည့်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ သာမက ပြည်သူလူထု ကိုယ်တိုင်သည်ပင် အဂတိလိုက်စားမှု လမ်းစဉ်ကို ဆောင်ရွက်လာကြောင်း၊ အဂတိ လိုက်စားမှုသည် မြန်မာပြည်သူများ၏ အသွေးအသားထဲသို့ ရောက်ရှိနေသည့် အခြေအနေ ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့နိုင်ငံက တကယ့်ကို အဂတိလိုက်စားတဲ့ဟာက ပြောရမယ်ဆိုရင် DNA ထဲတောင် ရောက်နေပြီ လား မသိဘူးပေါ့နော်။ တော်တော် စိတ်ပိုင်းဖြတ်မှုလိုတယ်၊ တော်တော် ကြိုးစားနေဖို့လိုတယ်။ ဘာဖြစ်လို့လဲဆို တော့ ပြည်သူလူထုကိုယ်တိုင်က အဂတိတရားက ယဉ်ပါးသွားပြီ။ ပေးဖို့လည်း လက်မတွန့်တော့ဘူးပေါ့နော်။ ကျနော်တို့ဆီမှာ ဒါလေးပေးလိုက်၊ ဒါလေး လွယ်လွယ်ကူကူ၊ ပြီး အေးတာပဲ ပုံစံမျိုးနဲ့ ကျနော်တို့က တအားကို ကျင့်သားက ရသွားပြီဖြစ်နေတာပေါ့။ ဆိုတော့ သူများဆီက အဂတိတိုက်ဖျက်ရေးက သူများက ၁၀၀ ဖိုး ကြိုးစား လို့ရှိရင် ကျနော်တို့က ၁၀၀၀ ဖိုးကြိုးစားမှ တော်ခါကျမှာ။ ဒါပေမယ့်လည်း ကျနော်တို့ စိတ်ပိုင်းဖြတ်မှု သေသေချာ ချာ ရှိပြီး တကယ်ကို ကြိုးစားပြီး လုပ်မယ်ဆိုရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ အဂတိတရားလည်း တိုင်း ပြည်က ဒါကြောင့်ပဲ ပိုပိုပြီး ဆိုးတာပေါ့နော်။ စီးပွားရေးစနစ်တွေ ဘာညာ စနစ်တွေကို တည်ထောင်လို့ မရဘူးဆို တာက အဂတိက အဓိက တရားခံ ဖြစ်နေတာကြောင့်မို့ အဂတိကိုလည်း ကြိုးစားပမ်းစား လုပ်ရမှာပေါ့။ အားလုံး သော ရှိနေတဲ့လူတွေ ကိုယ်တိုင်က စိတ်ပိုင်းဖြတ်မှု လိုတယ်ပေါ့နော်။ အဲဒီလိုမျိုး စိတ်ပိုင်းဖြတ်မှု အားနည်းရင် တော့လည်း အမြဲတမ်းပဲ ဖြစ်နေမှာပေါ့။ ဒီအတွက်ကြောင့်မို့လို့ တိုင်းပြည် တကယ် တိုးတက်စေချင်တယ်။ တိုင်းပြည်မှာ စနစ်ကောင်းတွေ၊ အလေ့အထကောင်းတွေ ဖြစ်စေချင်ရင်တော့ ဒါကိုတော့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အညွှန်းကိန်းအတွက် အမှတ် ၁၀၀ တွင် ၁၆ မှတ်ရပြီး နိုင်ငံပေါင်း ၁၈၂ နိုင်ငံ ထဲတွင် အဆင့် ၁၇၁ တွင်ရှိနေကြောင်း၊ မြန်မာ၏ နောက်တွင် ၁၁ နိုင်ငံသာ ကျန်ရှိကြောင်း သိရသည်။
အဂတိလိုက်စားမှုသည် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာတွင် အဓိက အဟန့်အတားဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်း၌လည်း အဂတိလိုက်စားမှု ကင်းရှင်းအောင် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ကိုလည်း ပျက်စီးစေခြင်းဖြစ်သည့်အတွက် အကျင့်ပျက် ခြစားမှု များလာခြင်းမျိုး မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားထားသည်။

အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့မှာ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဖွဲ့စည်းသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် လွတ်လပ်သည့် အဖွဲ့အစည်းဖြစ် ရန်လိုအပ်ကြောင်း၊ ထိုကော်မရှင်တွင် လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ၊ သတင်းမီဒီယာ၊ အရပ်ဖက်အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များ ပါဝင်သင့်ကြောင်း ထောက်ပြကြသည်။
အဂတိလိုက်စားမှု လျော့နည်းစေရန် ဝန်ထမ်းများ၏ ဖြစ်တည်မှုနှင့် လိုက်လျောညီထွေသည့် ပတ်ဝန်းကျင်၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် လိုအပ်ကြောင်း၊ အစိုးရ၏ ညွှန်ကြားချက် တစ်စုံတစ်ရာသည် အဂတိ လိုက်စားမှု ဖြစ်ပေါ်စေရန် အားပေးခြင်းမျိုး မဖြစ်ရန်လည်း လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဂတိကို ကျနော်တို့ အရေးယူခဲ့တာ ကြာပြီပေါ့နော်။ တစ်ခါမှလည်း အဂတိက ပျေက်သွားတယ်လို့ မရှိဘူး။ အမှန်အတိုင်း ပြောရရင်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုပြီးတော့ လုပ်တဲ့အခါမှာ မူဝါဒတွေ လွှဲချော်နေတဲ့သဘော ရှိတယ်။ အဓိက အဂတိလိုက်စားလို့မရအောင် ပတ်ဝန်းကျင် အခြေအနေတစ်ခုကို ဖန်တီး ပေးရမှာ။ အဲဒါက ကျနော်တို့ လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေမှာ လုံလောက်တဲ့ သူတို့ရဲ့ အဖြစ်နဲ့ လျော်ညီတဲ့ နေနိုင် စားနိုင်အောင်၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့လိုတယ်၊ လစာတိုးဖို့ ပြောတာ မဟုတ်ဘူးနော်။ ငွေကြေး ဖောင်းပွမှုကို ကျနော်တို့ ထိန်းချုပ်ဖို့ လိုတယ်။ နောက်တစ်ခုက အစိုးရရဲ့ ညွှန်ကြားချက်တွေကို လက်နက်သဖွယ် အသုံးချပြီးတော့ အဂတိလိုက်စားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ အစိုးရက ဖြေလျှော့မှုတွေ အများကြီး လုပ်ဖို့လို တယ်။ ညွှန်ကြားချက်တွေက Law ကို မလွှမ်းမိုးရဘူး” ဟု ပြောသည်။
လက်ရှိ အစိုးရက ထုတ်ပြန်ထားသည့် စက်သုံးဆီ ခြိုးခြံခြွေတာရေးနှင့် ပတ်သက်ပြီး ကြည့်မည်ဆိုပါက ယာဉ် ထိန်းရဲတပ်ဖွဲ့၊ စက်သုံးဆီဆိုင်၊ စီးပွားရေး လုပ်ငန်းရှင်နှင့် ပြည်သူလူထုကြားတွင် အဂတိလိုက်စားမှုကို လုပ်ဆောင်ရန်အတွက် အားပေးထားသည့် အနေအထားတွင် ရှိနေပြီး စက်သုံးဆီ မှောင်ခိုဈေးကွက်ကိုပင် ဖြစ်ပေါ်စေသည်ကို တွေ့ရှိရသည်။
ထို့အပြင် လူငယ်များကို ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားခြင်းကြောင့်လည်း လူဝင်မှုကြီးကြပ်ရေးတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိလာပြီး အဂတိလိုက်စားမှုများ ဖြစ်ပေါ်နေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 474
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အစိုးရသစ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို အကောင်အထည် ဖော်နေပြီး တောင်သူလယ်သမားများအား ချေးငွေတိုးမြှင့် ချေးပေးနိုင်ရေး ဆောင် ရွက်မည်ဟု ပြောသည်။
တောင်သူများကို ထုတ်ချေးပေးသည့် ချေးငွေမှာ စပါး၊ ဂျုံ၊ ချည်မျှင်သီးနှံများကို တစ်ဧကလျှင် ကျပ် ၃ သိန်းဖြစ်ပြီး၊ တခြားသော သီးနှံ အမျိုးအစားအလိုက် ၂ သိန်းခွဲကျပ်နှင့် ၁ သိန်းခွဲကျပ်ဟူ၍ တိုးမြှင့် ချေးပေးမည်ဟု သိရသည်။
လက်ရှိတွင် စပါးစိုက် တောင်သူများအတွက် တစ်ဧကလျှင် ၁ သိန်းနှုန်းဖြင့် ၁၀ သိန်းကျပ်အထိသာ ထုတ်ချေးပေး နေခြင်း ဖြစ်သည်။
ယခု ရက် ၁၀၀ စီမံကိန်းဖြင့် တိုးမြှင့်ထုတ်ချေးပေးသည့် ချေးငွေတွင် ယခင်ချေးငွေကို ဆပ်ပြီးသည့် သူကိုသာ ထုတ်ချေးပေးမည် ဖြစ်သည့်အတွက် တောင်သူ ၅၀ ရာခိုင်နှုန်းအတွက်သာ အထောက်အကူ ပြုနိုင်မည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၁၀ ဧကမှ ၁၀ သိန်းပဲ ပေးတာပါ။ ၁၅ ဧကရှိလည်း ၁၀ သိန်းပဲ။ ဧက ၂၀ ရှိလည်း ၁၀ သိန်းပဲ။ ၅ ဧက သမားက ၅ သိန်းပေါ့။ အကြွေးကျေတဲ့သူပဲ ပေးမှာ။ လယ်သမား အကြွေးကျေတဲ့ လယ်သမားဆို ၅၀ ရာခိုင်နှုန်း ပဲရှိမှာ။ လယ်သမားတွေက ဒုက္ခတွေ ရောက်သွားပြီ။ ဒီဟာကို ချေးပြီးတော့ ထည့်ပြန်ရင်လည်း အတိုးနှုန်းတော့ သက်သာမယ်၊ စရိတ်စကတွေတော့ သက်သာမယ်။ အဲဒီလိုမျိုး ချေးရင်တော့ ဆီတို့၊ ဝယ်သင့်တဲ့ဟာကို ဝယ်ပြီး တော့ စိုက်ပျိုးလို့ရမှာ” ဟု ပြောသည်။

အစိုးရက ရက် ၁၀၀ စီမံကိန်း ချေးငွေကို သရုပ်ပြထားစဉ်
ယခုနှစ် စပါး၊ ပဲ၊ ပြောင်း၊ အာလူး၊ ကြက်သွန်စိုက် တောင်သူ အပါအဝင် တောင်သူ အများစုသည် စိုက်ပျိုးစရိတ် ကြီးမြင့်ခြင်းနှင့် စိုက်ပျိုးထားသည့် သီးနှံများ ဈေးကောင်း မရရှိခြင်းတို့ကြောင့် အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရခြင်းကြောင့် စိုက်ပျိုးစရိတ် ချေးငွေများကို ပြန်လည်ဆပ်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြသည်။
ထို့အပြင် အစိုးရသစ်လက်ထက် အုပ်ချုပ်ရေးမှူး အပြောင်းအလဲနှင့် ချေးငွေ ထုတ်ချေးပေးသည့် ဌာနဆိုင်ရာမှ အရာရှိ အပြောင်းအလဲများကြောင့် စိုက်ပျိုးစရိတ် ချေးငွေများကို အချိန်မီ ပြန်ဆပ်ကြရန် တောင်းဆိုနေမှုများ လည်း ကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိ အစိုးရသစ်၏ ချေးငွေ တိုးမြှင့်ပေးမည့် စီမံကိန်းသည် တောင်သူများအတွက် အထောက်အကူ ပြုသော် လည်း ကာလတို မဟုတ်ဘဲ ကာလလတ် စီမံကိန်းအနေဖြင့် ဆပ်၍ရသည့် ချေးငွေများကို ထုတ်ချေးပေးပါက တောင်သူများအတွက် ပို၍ အဆင်ပြေနိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌဟောင်း ဦးသိန်းအောင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကြိုဆိုပါတယ်လို့၊ တောင်သူတွေအတွက် စိုက်စရိတ်ချေးငွေကို တိုးပြီးတော့ ချေးပေးတဲ့အတွက် ဝမ်းသာ ပါတယ်။ ဒီထက် နှစ်ဆလောက် ပိုပြီးရင်တော့ ပိုပြီး အဆင်ပြေ ကြပါလိမ့်မယ်။ နောက်တစ်ခုက ဒီစိုက်ပျိုးစရိတ် ချေးငွေတင် မဟုတ်ဘဲနဲ့ ထွန်စက်ဝယ်တဲ့သူ၊ ကောက်ရိတ်စက် ဝယ်တဲ့သူ လူကိုမှ နှစ်စဉ် ချေးငွေပေးတာ မဟုတ် ဘဲနဲ့ စိုက်ပျိုးရေး လုပ်ငန်းအတွက် လိုအပ်နေတဲ့ အပြင်မှာ အတိုးကြီးနဲ့ ဆွဲနေရတဲ့ တောင်သူတွေ အတွက်လည်းပဲ လယ်ယာတွေကို ပေါင်နှံထားပြီးတော့ ဘဏ်အတိုးနဲ့ ၃ နှစ်တန်သည် ဆပ်လို့ရတဲ့ ချေးငွေတွေ ထုတ်ချေးပေးမယ် ဆိုရင် အထောက်အပံ့ရမယ်။ တောင်သူလောကကို ကယ်တင်နိုင်တာက ထုတ်လုပ်တဲ့သီးနှံရဲ့ အမြတ်အစွန်း ရရှိမှု၊ လုံလောက်တဲ့ အရင်းအနှီးကို သက်သာတဲ့ အတိုးနှုန်းနဲ့ ကာလလတ် ရရှိမှု အဲဒီ ၃ မျိုးကို ကူညီပေးမယ်ဆိုတော့မှ လယ်ယာလုပ်ငန်းက ဖွံ့ဖြိုးတိုးတက်လာမယ်၊ အဲဒါကို စနစ်တကျ ပိုင်နိုင်အောင် လုပ်နိုင်ဖို့တော့ လိုအပ်မယ်လို့။ အဲဒါကို လုပ်ပေးမယ်ဆိုရင်တော့ စိုက်ပျိုးရေးသမားအတွက် တကယ်ကို ဂရုစိုက်တဲ့ အစိုးရဖြစ်မယ်” ဟု ပြော သည်။

တောင်သူတစ်ဦး လယ်ထွန်နေစဉ်
ချေးငွေတိုးမြှင့် ထုတ်ချေးမည့် ရက် ၁၀၀ စီမံကိန်းတွင် တောင်သူများအတွက် ချေးငွေအပြင် လယ်ယာသုံး စက်ကိရိယာ ချေးငွေအတွက် ကျပ်သိန်း ၃၀၀၀ အထိနှင့် ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက နောက်ထပ် ကဏ္ဍတစ်ခု အနေဖြင့် သတ်မှတ်ပြီး ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိမှာ တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဟာနာနှင့် မြစိမ်းရောင် စသည့် အဖွဲ့အစည်း များမှ ချေးငွေများ ထုတ်ချေးပေးလျက် ရှိနေပြီး ချေးငွေကာလ အနေဖြင့် ၆ လမှ ၁ နှစ်ဖြင့် အတိုးနှုန်း ၅ ပြားမှ ၁ ကျပ် ၈ ပြားအထိ ဖြစ်သည်။
တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေ တိုးမြှင့် ထုတ်ချေးပေးသည့် အပြင် လယ်ယာထွက်ကုန်များကို လည်း အစိုးရနှင့် ပုဂ္ဂလိက၊ တောင်သူနှင့် အသင်းအဖွဲ့များ ညှိနှိုင်းပြီး သင့်တင့်မျှတသည့် ဈေးကွက်တစ်ခု ဖော်ဆောင်ပေးရန်လည်း လိုအပ်သည်ဟု တောင်သူများက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 419
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ရပ်ကွက်ကျေးရွာအဆင့်နှင့် မြို့နယ်အဆင့်များ၌ တာဝန်ယူထားသော အုပ်ချုပ်ရေးအဖွဲ့အစည်းများ အဂတိတရား ကင်းရှင်းအောင် လုပ်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ယခုမိမိတို့ တာဝန်ထမ်းဆောင်ချိန် ၅ နှစ်တာ ကာလအတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့် စွမ်းအားများမြှင့်တင်ပေးသွားရန်လိုကြောင်း၊ သွားလာ နေထိုင်မှုနှင့် ဝတ်စားဆင်ယင်မှုများ စည်းကမ်းများ ကောင်းမွန်ရန်နှင့် အဂတိတရားကင်းရှင်းမှုများရှိအောင် ဆောင်ရွက်ပေးရမည်ဟု ၎င်းက ပြောသည်။
ထို့နောက် အုပ်ချုပ်ရေးအဖွဲ့အစ်ညးများနှင့် ပတ်သက်၍ ပြည်သူများနှင့် အဓိက ထိတွေ့ ဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်ကျေးရွာအဆင့်၊ မြို့နယ်အဆင့်များ၌ တာဝန်ယူထားရသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ အနေဖြင့် လည်း နိုင်ငံတော်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများ၊ အုပ်ချုပ်ရေး အခြေခံ သဘောတရား များကို သိရှိနားလည်သော စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖြစ်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ က ပြောသည်။

၎င်းက “အုပ်ချုပ်ရေး အဖွဲ့များအနေဖြင့် အဂတိ ကင်းရှင်းရန်လိုကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့် အုပ်ချုပ်ရေး အဖွဲ့များဖြစ်အောင် စနစ်တကျ လေ့ကျင့် ဆောင်ရွက်ပေးသွားရန်လိုတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အစိုးရလက်ထက်၌ တာဝန်ထမ်းဆောင်ကြသော အစိုးရဝန်ထမ်းများသည် အဂတိ လိုက်စားမှု မြင့်မားကြပြီး အစိုးရယန္တရားသည်လည်း သမာသမတ်ကျမှု အားနည်းလျက်ရှိသည်။
၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း တပ်မတော်က အာဏာရယူ ထိန်းကြောင်းသည့် ကာလအတွင်းမှာလည်း အဂတိလိုက် စားမှု မြင့်တက်ခဲ့ခြင်းကြောင့် တပ်မတော်မှ အရာရှိကြီးများ အပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရာထူးကြီးများနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ဝန်ထမ်းများ ဖမ်းဆီး အရေးယူခံရမှုများရှိခဲ့သည်။
လက်ရှိတွင် ရပ်/ကျေးနှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ အဂတိ တရား ကျူးလွန်နေကြသလို အများပြည်သူ အပန်းဖြေ နေရာများကို အာဏာအလွှဲသုံးစားလုပ်ကာ မြေများ ရယူနေခြင်း၊ ဧည့်စာရင်း တိုင်ကြားခြင်းနှင့် ဧည့်စာရင်း စစ်ဆေးခြင်းများ လုပ်ကာ အဂတိ တရားကျူးလွန်းနေ ခြင်းများရှိနေသည်။

အလားတူ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် စည်ပင်ဝန်ထမ်းများသည်လည်း အထပ်မြင့် အဆောက်အအုံများနှင့် တခြားသော အဆောက်အအုံများ ဆောက်လုပ်ရာတွင် ဥပဒေ ပြဋ္ဌာန်းချက်အတိုင်း ကြပ်မတ်ခြင်းမရှိဘဲ လာဘ် ပေးလာဘ်ယူလုပ်ကာ ဆောက်လုပ်ခွင့်များ ပြုနေခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ပြီးစီးသည့်အခါ သတ်မှတ် အရည်အသွေး ပြည့်မှီ/ မမှီ စစ်ဆေးခြင်းကိုလည်း လာဘ်ပေးလာဘ်ယူလုပ်ကာ ခွင့်ပြုပေးနေခြင်း၊ နီး စပ်လူများနှင့် မိသားစုဝင်များကို အာဏာအလွှဲသုံးစားလုပ်၍ လာဘ်ပေးလာဘ်ယူလုပ်ကာ မြေကွက်များ ချပေး ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထို့ပြင် ပြည်ထောင်စုအဆင့် ဝန်ကြီးများသည်လည်း လာဘ်ပေးလာဘ်ယူလုပ်ကာ ပါမစ်များ ချပေးခြင်းနှင့် စီးပွား ရေး လုပ်ပိုင်ခွင့်များ ချပေးခြင်းများရှိနေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများသည်လည်း နီးစပ်သူများနှင့် မိသားစုဝင်းများကို မြေကွက်များ ချပေးခြင်း၊ စီးပွားရေး လုပ်ပိုင်ခွင့်များ ချပေးခြင်းတို့လုပ်ကာ အဂတိတရား ကျူးလွန်မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် အဂတိတရား ကင်းရှင်းရန်အတွက် လူမှုရေး အသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မီဒီယာများ စသည့် အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များ ပါဝင် သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းမှသာလျှင် သင့်တော်မည်ဟု ပြည်သူလူထုက ထောက်ပြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 440
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁
ရွေးကောက်ပွဲ ကျင်းပပြီး တက်လာသည့် လက်ရှိ အစိုးရသစ် လက်ထက်တွင် စီးပွားရေး အလားအလာ အနေဖြင့် ယခင်ကထက် ပိုပြီးကောင်းလာနိုင်သည့် အလားအလာရှိသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြ ကြသည်။
စီးပွားရေး ကောင်းမွန်လာရန်အတွက် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ပတ်ဝန်းကျင်နှင့် စီးပွားရေးစနစ် ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ထို့နောက် ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်အောင် အကောင်အထည်ဖော် ရန်လည်း လိုအပ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက အကြံပြုကြသည်။
ရင်းနှီးမြှုပ်နှံမှု ပရောဂျက်စီမံကိန်းများ ဆောင်ရွက်ရာတွင်လည်း ရေရှည်ကို ရှေးရှု၍ နိုင်ငံအတွက် အမှန်တကယ် အကျိုးရှိမည့် ပရောဂျက်နှင့် အကြွေးမီ မဖြစ်အောင်လည်း လုပ်ဆောင်ရန် လိုအပ်သည်ဟု စီးပွားရေးနှင့် ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စီးပွားရေး အလားအလာတော့ အရင် အခြေအနေထက်စာရင် ဒါကတော့ ပြောလို့ရပါတယ်။ ပိုပြီးတော့ ကောင်းလာတာပေါ့။ နောက်တစ်ခါ ဘယ်လိုပြောမလဲ ဒီပါဝါကို ကိုင်ထားနိုင်ဖို့လည်း အခွင့်အရေး များတာပေါ့။ ယေဘုယျအားဖြင့်တော့ ဆက်ဆံချင် မဆက်ဆံချင် ဆက်ဆံလာမယ့် သဘောတော့ ရှိတာပေါ့လေ။ ဒါပေမယ့် တစ်ခုရှိတာပေါ့လေ ဒီဥစ္စာကို ဖြစ်လာဖို့က တည်ငြိမ်နေတဲ့ အကြောင်းအရာတွေက ရှိတာပေါ့။ ဆိုတော့ လောလောဆယ် ဒီရှိတဲ့ အနေအထားမှာ ကျနော်တို့ ဘာစလုပ်နိုင်မလဲ ရေနံလိုဟာမျိုးက လုပ်သင့်တာပဲလေ။ ရုရှားက ရေနံမှာ expect ပဲလေ။ တစ်ခုရှိတာပေါ့ဗျာ။ ပရောဂျက်တွေလုပ်တယ် တိုင်းပြည်မှာ တကယ် အကျိုး စီးပွား ဖြစ်စေတဲ့ ပရောဂျက်တွေ မဟုတ်ဘဲနဲ့ ဒီ့ပြင် အကြွေးနဲ့ပိတာတို့ အဲဒီလို ချော်ပြီး စဉ်းစားသွားမှာကို ကျနော် တို့က စိုးရိမ်တာပေါ့။ ဘာပဲဖြစ်ဖြစ် နံပါတ်တစ်အချက်က စီးပွားရေးပတ်ဝန်းကျင် ကောင်းကိုကောင်းရမယ်၊ စီးပွားရေးပတ်ဝန်းကျင် ကောင်းအောင် လုပ်ကိုလုပ်ရမယ်။ နံပါတ်နှစ် အချက်က စီးပွားရေးစနစ် မှန်အောင်လုပ် ရမယ်။ စီးပွားရေးစနစ်ဆိုလို့ရှိရင် ဈေးကွက်စီးပွားရေးကို ကျနော်တို့ တိုင်းပြည်တွေမှာ ဈေးကွက်စီးပွားရေးကို အပီအပြင်ကြီး ဖြစ်ဖို့ မလွယ်ဘူး။ ဒါပေမယ့် တတ်နိုင်သလောက် အပီပြင်ဆုံးဖြစ်အောင် ကြိုးစားဖို့လိုတာပေါ့” ဟု ပြောသည်။

အစိုးရသစ် ရက် ၁၀၀ စီမံကိန်းဖော်ဆောင်မည့် လုပ်ငန်းစဉ်ကို တွေ့ရစဉ်
လက်ရှိတွင်လည်း ရေနံတူးဖော်ရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ စိတ်ဝင်စားမှု ရှိနေသော်လည်း ရုရှားနိုင်ငံသည် ပထဝီအနေအထားရ ဝေးလွန်းခြင်းကြောင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကိုသာ အဓိက အားထားရ မည်ဖြစ်သည်။
တိုင်းပြည်စီးပွားရေးတွင် အဓိကကျသည့် အချက် ၄ ချက်ရှိပြီး ဈေးကွက်ပီပြင်ရေး၊ လုပ်ငန်းစီမံရေး သုံးသပ်ခြင်း စနစ်တကျရှိရေး၊ ရေရှည်တိုးတက်နိုင်သည့် အရာများကို စဉ်းစားရန်နှင့် ပို့ကုန်သွင်းကုန်ကဏ္ဍတို့ ဖြစ်သည်။
တိုင်းပြည်၏ လူ့စွမ်းအား အရင်းအမြစ်ကိုလည်း ပြန်လည်သုံးသပ်ရာတွင် ကျွမ်းကျင်လုပ်သား အများအပြားသည် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေခြင်းကြောင့် ၎င်းတို့ကို ပြန်လည်ခေါ်ယူရေး စဉ်းစားရန် လိုအပ်သည်ဟု စီးပွားရေး နှင့်ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

အစိုးရသစ် ရက် ၁၀၀ စီမံကိန်းဖော်ဆောင်မည့် လုပ်ငန်းစဉ်ကို တွေ့ရစဉ်
၎င်းက “တိုင်းပြည်ထဲမှာရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်ပေါ့။ သူတို့က အလုပ်လုပ်ခိုင်းမှာကို။ အရည်အချင်းရှိတဲ့ လုပ်သားတွေ လိုတာပေါ့။ အသက်အရွယ်နဲ့ သက်ဆိုင်တဲ့ လုပ်သားတွေလည်း လိုတာပေါ့။ ဆိုတော့ အခုက အလုပ်လုပ်နိုင်တဲ့ အရွယ်ပေါ့ အဲဒါတွေ တော်တော်များများက ပြည်ပရောက်နေတဲ့ အခါကျတော့ ပြန်ခေါ်ပြီးတော့ အလုပ်လုပ်ခိုင်းမလား ပြန်လာချင်အောင် အရင်လုပ်မလား ဒါကိုစဉ်းစားရမှာပေါ့” ဟု ပြောသည်။
စီးပွားရေးနှင့် ပတ်သက်ပြီး လုပ်ငန်းစီမံကိန်း အပိုင်းတွင် အမှန်တကယ် လုပ်နိုင်သည့်သူကို အစိုးရအနေဖြင့် အမှန်တကယ် ထောက်ပံ့ရန် လိုအပ်ပြီး အဂတိကင်းကင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းများကို ဖော်ဆောင်ရာတွင်လည်း ရေတိုကိုမကြည့်ဘဲ ရေရှည်ကို ဦးစားပေး စဉ်းစားရန် လိုအပ်သည်။
လက်ရှိ အစိုးရသစ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ထို ရက် ၁၀၀ စီမံကိန်းတွင် တောင်သူလယ်သမားများ ချေးငွေ တိုးမြှင့် ချေးနိုင်ရေး၊ ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေး၊ စွမ်းအင် စသည့် ကိစ္စရပ်များ ပါဝင်သည်။
