
- By CNI
- Category: နိုင်ငံရေး
- Hits: 1095
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁
မိမိတို့၏ နိုင်ငံတော်ကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ် နိုင်စွမ်းမရှိပါက ဖရိုဖရဲပြိုကွဲသွားနိုင်သကဲ့သို့ လိုသလို ပုံသွင်းလွှမ်းမိုးချုပ်ကိုင်မှုများ ကြုံတွေ့ရနိုင်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေ အနုပညာပွဲတော် ဖွင့်ပွဲ အခမ်းအနားမှာ အထက်ပါအတိုင်း ပြောသွားခြင်း ဖြစ်သည်။
အင်အားကြီးနိုင်ငံတချို့သည် ဖွံ့ဖြိုးဆဲ နိုင်ငံများကို ၎င်းတို့၏ သြဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံရုပ်သေးရုပ်များနှင့် ထိုးဖောက်ဝင်ရောက်ပြီး လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ကာ မီးမွှေးဆောင်ရွက်နေမှုများ၊ မတည်မငြိမ် က မောက်ကမဖြစ်အောင် လုပ်ကြံဖန်တီးမှုမျိုးစုံနှင့် သွေးထိုးမြှောက်ပင့်ပေးနေကြကြောင်း၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုသည့် စကားလုံးများကို ရောင်းကုန်ပစ္စည်းကဲ့သို့ သဘောထားပြီး လိုသလိုပုံဖော် ဖိအားပေး အကြပ်ကိုင်မှုများနှင့် နည်းလမ်းပေါင်းစုံ၊ အကြံအစည် ပေါင်းစုံအသုံးပြုပြီး ၎င်းတို့၏သြဇာလောင်းရိပ်အောက် သွတ်သွင်းရန် ကြိုးစားနေကြသည်ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ယခုကဲ့သို့ အခြေအနေတွင် မိမိတို့ကဲ့သို့ နိုင်ငံငယ်များအနေဖြင့် မိမိတို့၏ နိုင်ငံတော်ကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ် နိုင်စွမ်းမရှိပါက ဖရိုဖရဲပြိုကွဲ သွားနိုင်သကဲ့သို့ ၎င်းတို့ အလိုကျ လိုသလိုပုံသွင်း လွှမ်းမိုးချုပ်ကိုင်မှုများ ကြုံတွေ့ရနိုင်ပါကြောင်း၊ ၎င်းတို့ လက်အောက်ခံ၊ သြဇာခံဖြစ် သွားနိုင်သည်ကိုလည်း အလေးအနက် သတိပြုကြရန် သတိပေးမှာကြားလိုပါတယ်”ဟု ပြောသည်။
ပြည်ထောင်စုလှေကိုတွေ့ရစဉ်
ယခုအချိန်တွင် ကိုလိုနီဘဝနယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုအုပ်ချုပ်မှု၏ အကျိုးဆက်သည် တိုင်းရင်းသားများကြား တွင် ယနေ့အချိန်ထိ ကျန်ရှိနေဆဲဖြစ်သည်ကို မိမိတို့အားလုံး သတိပြုရမည်၊ ထို့ကြောင့် နိုင်ငံတော်ပြိုကွဲပျက်စီး မှု မဖြစ်စေရေး ဝိုင်းဝန်းကာကွယ် ဆောင်ရွက်ပေးကြရန်နှင့် ခေတ်သစ် ကိုလိုနီဝါဒ၏ လုပ်နည်းလုပ်ဟန်များကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး အသိတရား၊ သတိတရား၊ လက်ကိုင်ထားပေးကြရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေ အရပင်ဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိ အရှိ တရားအရဖြစ်စေ ပြည်ထောင် စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေး ရည်မှန်းချက်၊ အမျိုးသားရေး ပန်းတိုင်၊ အမျိုးသားရေးတာဝန်ပင် ဖြစ်သည်”ဟု ပြောသည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး တိုင်းရင်းသားလက်နက်ကိုင် တချို့နှင့် NLD အမတ်များ ဦးဆောင်သော NUG၊ PDF များက လက်နက်ကိုင် တိုက်လိုက်လျက်ရှိနေသည်။
ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် တော်(BPLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)၊ ဗိုလ်နဂါး၏ PDF တပ်ဖွဲ့တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ တပ်မတော် စစ်စခန်းများနှင့် မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲနေသည်။
နမ့်ခမ်းကို သိမ်းပြီးနောက် TNLA တပ်ဖွဲ့၀င်များကို တွေ့ရစဉ် (SPM News)
အဆိုပါ ၁၀၂၇ စစ်ဆင်ရေးကို တရုတ်က နောက်ကနေ ထောက်ပံ့ပေးနေခြင်း သို့မဟုတ် ခွင့်ပြုပေးလိုက်ခြင်း ကြောင့် ဖော်ပေါက်လာခြင်း ဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။
အလားတူ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး တို့တွင်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KI A)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ AA၊ NUG လက်အောက်ရှိ PDF များ၊ NUG လက်အောက်မှာမရှိသည့် PDF တို့သည် မြန်မာ့ တပ်မတော် စစ်စခန်းများနှင့် မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။
ထိုတိုင်းဒေသကြီးနှင့် ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ၏ နောက်ကွယ်၌ အမေရိကန်နှင့် အနောက်အုပ်စုများ ပါဝင် ပတ်သက်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 642
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ဘက်မှာ တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းကြောင့် ဒေသတွင်းနေ ပြည်သူလူထုသည် ထွက်ပြေး တိမ်းရှောင်လာကြစဉ် လမ်းမှာ ပိတ်မိနေကြသည်။
မူဆယ်မြို့မှ ထွက်ခွာလာသော အရပ်သားပြည်သူများသည် မူဆယ်-နမ့်ခမ်သွားလမ်းပိုင်း စယ်လန့်ကျေးရွာမှာ ကားအစီးရေ ရာနှင့်ချီ၍ တစ်ပတ်နီးပါးကြာ ပိတ်မိနေသည်။
စယ်လန့်ကျေးရွာမှာ ပိတ်မိနေသောတိုက်ပွဲရှောင်များကို တွေ့ရစဉ်
TNLA သည် နမ့်ခမ်းမြို့ကို ယခုရက်ပိုင်းအတွင်းက ထိန်းချုပ်လိုက်ပြီးဖြစ်၍ နမ့်ခမ်းမှာတပ်စွဲထားသော တပ်မတော်သည် စခန်းများဆုတ်ခွာပြီး မူဆယ်မြို့ရှိ တပ်မတော်စခန်းများသို့ သွားရောက်ပူးပေါင်းခဲ့သည်။
ထို့နောက် ကွတ်ခိုင်၊ မူဆယ်၊ မန်တုံ မြို့အနီးမှာ တပ်မတော်နှင့် TNLA ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 779
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပူအောင်စံပြကျေးရွာမှ တိုက်ပွဲရှောင်များ ခိုလှုံနေ သည့် နားမော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ပြီး ကိုရင်တစ်ပါး မီးလောင်၍ ပျံလွန်တော်မူ သွားကြောင်း နောင်ပူအောင်ရွာ ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်က မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးဖိုချောင်မှတဆင့် မီးလောင်ခဲ့ကြောင်း ၎င်းက ပြောသည်။
နောင်ပူအောင် ဒေသခံတစ်ဦးက “နားမော်ဘုန်းကြီးကျောင်း မီးလောင်သွားလို့၊ အခုတော့ ပြာပုံပဲ ကျန်တော့တယ်၊ ငါတို့ နားမော်ရောက်နေတယ်၊ တိုက်ပွဲဖြစ်လို့ မဟုတ်ဘူး။ ဘယ်လိုလောင်တာလဲ မသိသေးဘူး။ အဲဒါတာ စုံစမ်း မေးမြန်းဖို့ ရောက်နေတာ၊ ကိုရင်တစ်ပါး ပါသွားတယ်လို့ ကြားရတယ်၊ အခုတော့ ပြာပုံပဲ ကျန်တော့တယ်။ ည ၁ နာရီခွဲလောက်က စလောင်တာ၊ တိုက်ပွဲရှောင်အခြေအနေ ဘယ်လို ရှိသလဲဆိုတော့ အဲဒီ နောင်ပူအောင်ဖက်က တိုက်ပွဲရှောင်တွေ အကုန်လုံး အခု နားမော်ဘုန်းကြီးကျောင်းမှာ လာနေထားတာ၊ အခု နားမော်ဘုန်းကြီးကျောင်း က မီးလောင်ပြီဆိုတော့ ဘယ်လို လုပ်ကြမလဲ မသိသေးဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက လွှစင်ကုန်းကျေးရွာတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လွှစင်ကုန်းကျေးရွာမှ ဒေသခံ အပါအဝင် အနီးအနားရှိ နောင်ပူအောင်ရွာ ဒေသခံများလည်း နားမော်ရွာဘက်သို့ တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာ ၂၁ ရက်နေ့က လွှစင်ကုန်းကျေးရွာ၊ ဖာနိုင်းကျေးရွာနှင့် ရွှေပြည်အေးမြို့တို့ကို KIA၊ PDF ပူးပေါင်းတပ်တို့က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရွှေပြည်အေးမြို့ကို KIA၊ PDF တို့က ထိန်းချုပ်ထား ကြောင်း သိရသည်။
လက်ရှိတွင် လွှစင်ကုန်း၊ ဖာနိုင်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားမှု မရှိတော့ကြောင်း သို့သော်လည်း ချင်းတွင်းမြစ် နာဘေးရှိ သောင်သွပ်၊ အိုးဘိုကတောက်၊ တုံဟဲ စသော တမူးနှင့် ဟုမ္မလင်း ဆက်သွယ်ထားသည့် ဒေသများတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
PDF ကိုတွေ့ရစဉ်
၎င်းက “တိုက်ပွဲအခြေအနေ အဲဒီဖက် ဘယ်လို ရှိသလဲဆိုတာ လောလောဆယ်တော့ ငါတို့ ဥရုချောင်းဘက်က တိတ်နေတယ်၊ မြစ်ပြင်ဘက်ကတော့ စပါယ်ရှယ်ဝုန်းနေတာ၊ စစ်တပ်ကလည်း စပါယ်ရှယ်ထုတာ၊ ဒါပေမဲ့ စစ်တပ်ဘက် ဘယ်လောက်ထုထု ဟိုကောင်တွေကတော့ တစ်ရွာပြီး တစ်ရွာသိမ်းလို့ လာခဲ့တာပဲ၊ ဟုမ္မလင်း တောင် ကပ်နေပြီ။ မြစ်ပြင်ဘက်က၊ အိုးဘိုကတောက်၊ သောင်သွပ်၊ တုံဟဲ ဘာညာ ငါတို့ တမူးဖြတ်တဲ့လမ်းတွေ အကုန်သိမ်းပြီးပြီ။ တီလောင်အထိ ရောက်ခဲ့ပါပြီဆို” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် ရွှေပြည်အေးမြို့၊ မြင်သာ၊ ငိုးပင်း၊ မယ်ဇလီ၊ ဇီးပင်သာ၊ နောင်ဆန်းကျင်၊ လွှစင်ကုန်း၊ နောင်ပူအောင်ကျေးရွာများမှ ဒေသခံ ၂၀၀၀ ကျော် ဟုမ္မလင်းမြို့ပေါ်သို့ တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲရှောင်များမှာ ဟုမ္မလင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြရပြီး ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့မှုများကြောင့် စားနပ်ရိက္ခာ အခက်အခဲများ ကြုံတွေ့နေကြကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 892
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉
လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ရန် အခင်းအကျင်းအသစ် ရှိနေသေးသလား ဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက် ရှိနေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသော နိုင်ငံရေး အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသလို အဘက်ဘက်က ယိုယွင်းကျဆင်းလျက် ရှိနေသည်။
ထိုအကျပ်အတည်းများအား တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းရန် ကြိုးစားမှုများ ရှိနေသော်လည်း အလုပ်မဖြစ်ပဲရှိနေ သလို တစ်ဖက်မှာလည်း သွေးကြွေးတွင် ဆွေးနွေးစရာမရှိဟုဆိုကာ မြန်မာ့တပ်မတော် ဖြုတ်ချရေး တော်လှန်ရေး အင်အားစုများက ဆင်နွှဲလျက်ရှိနေသည်။
နိုင်ငံရေးပြဿနာများ ပြေလည်ရေး တိုက်ခိုက်နေရင်း ဆွေးနွေးနိုင်သလို အဖက်ဖက်က ယုံကြည်ရသော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများက ကြားဝင်လုပ်ဆောင်ပေးပါက ပြဿနာ ဖြေရှင်းရန် လမ်းစပွင့်လာနိုင် ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
၎င်းက “ဟုတ်ကဲ့ ကျနော်တို့က သွေးကြွေးမှာ ဆွေးနွေးမရှိဘူးလို့ ကြွေးကြော်နေတာက အသံက အင်မတန် ကျယ်လောင်နေပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ လုပ်ဆောင်မှုကလည်း ဆွေးနွေးမှုဘက်ကို ယိမ်းလာတာ နည်းတယ်၊ သို့သော်လည်း နိုင်ငံတကာ လျှောက်ကြည့်မယ်ဆိုလို့ရှိရင် သူများကတော့ တိုက်ရင်း ဆွေးနွေးရင်းသာ လုပ်ပါတယ်၊ ဆွေးနွေးတယ်ဆိုတာ လူသိရှင်ကြား ဆွေးနွေးတာလည်း ရှိနိုင်တယ်၊ တံခါးပိတ်ဆွေးနွေးတာလည်း ရှိနိုင်တယ်၊ ဒါမှမဟုတ် ကြားလူနဲ့ ဆွေးနွေးတာလည်း ရှိနိုင်တယ်၊ ဒီနည်းတွေ နှစ်မျိုးစလုံး သုံးဖို့ လိုပါတယ်၊ ငါ တော့ တိုက်ဖို့ပဲ၊ ဆွေးနွေးဖို့ မရှိဘူး။ ဆွေးနွေးဖို့ဘဲ မတိုက်ဖို့ မရှိဘူး။ အဲဒီလိုမျိုး ပုံသေမယူထားဘဲနဲ့ တိုက်ရင်းနဲ လည်း ဆွေးနွေးနိုင်ပါတယ်ဆိုတာကို ကျနော်တို့ ဒီလမ်းကို ရှာနိုင်ဖို့ လိုပါတယ်၊ အခု အခက်အခဲရှိတယ်ဆိုတာ ကျနော်နားလည်တယ်၊ တချို့ဆိုလို့ရှိရင် ကျနော့်ကို ပြောပါတယ်။ တချို့ခေါင်းဆောင်တွေက ကျနော်တို့ တိုက် ရင်း ဆွေးနွေးရမယ်ဆိုတာ နည်းလည်တယ်၊ ဒါပေမဲ့ ကျနော် နားလည်ပေမယ့် ကျနော်တို့ အဖွဲ့အစည်းထဲမှာ လည်း နားလည်ဖို့ အများကြီး လုပ်ရဦးမယ်ဆိုတဲ့ အခက်အခဲ ရှိတယ်ပေါ့၊ အဲဒီတော့ ဒီကိစ္စမှာ ဆိုလို့ ရှိရင် အဖက် ဖက်က ယုံကြည်တဲ့ ကြားအဖွဲ့အစည်းတစ်ခု ဒါမှ မဟုတ်ရင် ကြားပုဂ္ဂိုလ်တွေ မထားသင့်ဘူးလား။ ဒီကြားပုဂ္ဂိုလ် တွေနဲ့ အရင်စလုပ်ရင် မကောင်းဘူးလား။ ဒီကြားပုဂ္ဂိုလ်တွေက လူသိရှင်ကြား အလုပ်လုပ်စရာ မလိုပါဘူး။ ဒီအတိုင်း ရိုးရိုးသာမန်လူလိုပဲ သွားလာပြီးတော့မှ ကူညီလုပ်ကိုင်ပေးလို့ရှိရင် တဖြည်းဖြည်း လမ်းပွင့်လာမလား ကျနော်အဲဒီလို စဉ်းစားချက် ပေးချင်တာပေါ့” ဟု ပြောသည်။
လက်ရှိ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ နေအိမ် အဆောက်အအုံ မီးလောင်ပျက်စီးမှု၊ ပြည်သူလူထုများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ ဖြစ်ပွားလျက်ရှိနေသည်။
နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေး လက်ရှိ အာဏာရယူထားသော အဖွဲ့အစည်းက ဖန်တီးလုပ်ဆောင်သင့်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုကို တွေ့ရစဉ်
၎င်းက “ဟုတ်ကဲ့ခင်ဗျ၊ အခင်းအကျင်း အသစ်ကတော့ ပြောရတာ နည်းနည်းတော့ ခက်တယ်ပေါ့ဗျာ၊ အခင်းအကျင်း အသစ်က အားလုံးဝိုင်းဝန်းဖြေရှင်းမှ New Order တစ်ခုကို ပြန်လုပ်ရမှာပေါ့၊ ဒါပေမဲ့ ဒီလို အဖွဲ့ တစ်ဖွဲ့တည်းနဲ့ အခင်းအကျင်းအသစ်ကို ဖန်တီးမယ်ဆိုလို့ရှိရင် ဒါတော်တော်လေး ခက်ခဲတယ်ပေါ့၊ နောက် တစ်ချက် ၂၀၁၀ ရဲ့ နှောင်းပိုင်းကာလကို ကျနော်တို့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ၂၀၁၀ မှာ အခင်းအကျင်း အသစ် ကို ဖန်တီးတာတော့ အထူးသဖြင့်တော့ လက်ရှိအာဏာရထားတဲ့ နယကပေါ့၊ ဟိုတချိန်တုန်းက နယက-ကနေပြီး တော့ ရွေးကောက်ပွဲ လုပ်ပေးတယ်။ နောက် အခင်းအကျင်းအသစ် ဖြစ်ပေါ်လာတဲ့ သမ္မတဦးသိန်းစိန် တက်လာ တယ်၊ ထိုနည်းလည်းကောင်းပဲ လက်ရှိအနေအထားအရ အခင်းအကျင်းအသစ်ကို လက်ရှိ အစိုးရက ဖန်တီးမလား ဒါမှမဟုတ်ရင် အားလုံး တွေ့ဆုံဆွေးနွေးပြီးတော့မှ အခင်းအကျင်း အသစ်အနေနဲ့ ဘယ်လိုသွားကြမလဲဆိုတဲ့ ဆွေးနွေးပြီးမှ အဖြေရှာပြီးတော့ ကျနော်တို့ သွားချင်တဲ့ ပုံစံ အားလုံးသဘောတူချက် ရယူပြီးလို့ သွားလို့ရှိရင် ဒါကတော့ ပိုကောင်းတာပေါ့၊ ဖြစ်နိုင်လို့ရှိရင်” ဟု ပြောသည်။
လက်နက်ကိုင်ပဋိပက္ခအား မဖြေရှင်းနိုင်ပါက ပြည်သူလူထုများမှ ပိုမိုဆိုးရွားလာသော စီးပွားရေး အကျပ်အတည်း၊ နယ်မြေ မလုံခြုံမှုများဖြင့် ရင်ဆိုင်ရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ တိုက်ပွဲများကြောင့် တိုင်းပြည်မှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့မှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1126
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉
နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကျင်းပလေ့ရှိသော နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လုံးဝ(လုံးဝ) မကျင်းပရန် နှင့် ကျင်းပပါက ပွဲတော်လုံခြုံရေးအား အာမခံမည်မဟုတ်ဘူးဟု နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)က ဒီဇင်ဘာ ၁၈ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန် သတိပေးခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပရန် စီစဉ်လျက်ရှိသည်။
အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်သည် နာဂတို့၏ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ရိုးရာဓလေ့ထုံး တမ်း၊ သမိုင်းအစဉ်အလာကြီးမားမှုတို့ကို ဖော်ညွှန်းကျင်းပကြသော ပွဲတော်ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့စဉ်
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကြောင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းသည် နာဂတို့အတွက် နောက်နှောင်သမိုင်းကြောင်းတွင် အမဲစက်တစ်ခုဖြစ်လာမည်ကို စဉ်းစားဆင်ခြင်သင့်သည်ဟု ထင်မြင်ယူဆပါသည်ဟု NPDF က ထုတ်ပြန်ခဲ့သည်။
NPDF က “မြန်မာနိုင်ငံ၏ တခြားဒေသများတွင် နေထိုင်သော တိုင်းရင်းသား ညီနောင်များသည် စစ်ဒဏ်ကို အလူးအလဲခံနေရသည်။ ထိုအချိန်တွင် နာဂတို့အနေဖြင့် ပွဲတော်ကျင်းပနေမည်ဆိုလျှင် စစ်ဒဏ်ခံနေရသော ညီနောင်များအား မစာမနာ မထောက်ထားရာရောက်သကဲ့သို့ စစ်ဒဏ်ခံနေသော ညီနောင်တိုင်းရင်းသားများနှင့် သဘောထား ကွဲလွဲမှုများဖြစ်သွားနိုင်သည်”ဟု ပြောသည်။
ထို့နောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစက၏ မည်သည့် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကိုဖြစ်စေ ဖိတ်ခေါ်ပြီး ကျင်းပခြင်း လုံးဝ(လုံးဝ) မလုပ်ကြရန် တာဝန်ရှိ နာဂလူကြီးများနှင့် နာဂ အမျိုးသားများအား အလေးထား မေတ္တာရပ်ခံပါသည်ဟု NPDF က ထုတ်ပြန်ခဲ့သည်။
အကယ်၍ နစကအဖွဲ့အား ဖိတ်ခေါ်ပြီး နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပခဲ့မည်ဆိုလျှင် NPDF အနေဖြင့် ပွဲ တော်လုံခြုံရေးအား အာမခံမည်မဟုတ်ကြောင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ပွဲတော်ဖြစ်မြောက်ရေး စီစဉ် ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် အပြည့်အဝ တာဝန်ခံရမည်ဟု နာဂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NPDF ထုတ်ပြန်ချက်ကို တွေ့ရစဉ်
နာဂမျိုးနွယ်စုများသည် နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်နေ့ ရောက်တိုင်း နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ကျင်းပလေ့ ရှိသည်။ အဆိုပါ အခမ်းအနားသို့ ပြည်တွင်း/ပြည်ပမှ ခရီးသွားများနှင့် နိုင်ငံတော်အကြီးအကဲများ တက်ရောက် လေ့ရှိကြသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လဟယ်မြို့မှာ ကျင်းပခဲ့ပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
လက်ရှိတွင် နာဂလက်နက်ကိုင်များအနေဖြင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)၊ အရှေ့နာဂအမျိုးသား အဖွဲ့ အစည်း/ အရှေ့နာဂကာကွယ်ရေးတပ်မတော်(ENNO/ENDA)၊ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)တို့ ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 761
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈
မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြိုကွဲစေရေးအတွက် ပြည်ပနိုင်ငံ အချို့၏ ထောက်ပံ့မှုများနှင့် အစွန်းရောက်ပြည်ပြေးနိုင်ငံရေးသားများက ငြိမ်းချမ်းရေးကို မလိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေဟု နစကဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသန်တန် အမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောသွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ယနေ့ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြိုကွဲစေရေးအတွက် ပြည်ပနိုင်ငံ အချို့၏ ထောက်ပံ့မှုများနှင့် အစွန်းရောက် ပြည်ပြေးနိုင်ငံရေးသားများက ငြိမ်းချမ်းရေးကို မလိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် ပူးပေါင်းပြီး အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်နေတယ်”ဟု ပြောသည်။
ထိုသို့ လုပ်ဆောင်သည့်နေရာတွင် ဆင်ခြင်တုံတရားမဲ့စွာ စစ်ဘက်နှင့် မသက်ဆိုင်သည့် ကျန်းမာရေး ကဏ္ဍကို လည်း ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေသည်ကို မြင်တွေ့ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အထူးသဖြင့် နိုင်ငံတော် က ဥပဒေအရ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် PDF တို့သည် နိုင်ငံတော် ၏ ကျန်းမာရေး စောင့်ရှောက်မှုယန္တရား လည်ပတ်မှု ရပ်တန့်သွားစေရေးအတွက် ဆရာဝန်၊ သူနာပြုများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများကို CDM ပြုလုပ်လာအောင် သွေးဆောင်ဖြား ယောင်းခြင်း၊ ဖိအားပေး အကြပ်ကိုင်ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ယခုလို အကြမ်းဖက်မှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများ၊ ကျန်းမာရေးကဏ္ဍများ ပျက်စီးသွားရခြင်းများ ဖြစ်ပေါ်လာမှု သည် တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချလိုက်ခြင်းကြောင့် စတင်ဖြစ်ပေါ်လာသော အခြေအနေဖြစ် သည့်အတွက် တပ်မတော်မှာလည်း တာဝန်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသူ ၁ သန်းကျော်ရှိသည်။
ထို့နောက် နေအိမ်နှင့် အဆောက်အဦများ မီးရှို့ဖျက်စီးခံရမှု သောင်းနှင့်ချီရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 790
CNI News
၂၀၂၃ ခုနှစ၊ ဒီဇင်ဘာ ၁၈
ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေသော ရန်ကုန်တွင် ပြည်သူလူထုများအနေဖြင့် သတိထားသွားလာကြရန် စီးပွားရေး လုပ်ငန်းရှင် ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိကာလမှာ ပြည်သူလူထုအများစု အကျပ်အတည်းဖြင့် ရင်ဆိုင်နေရကြောင်း ပေါက်ကွဲမှု ဖြစ်စဉ်များကို လည်း ပြည်သူများ မထိခိုက်ရန် လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောသည်။
ဦးသက်ဇော်က “သတိထားသင့်တာပေါ့ဗျာ၊ အတတ်နိုင်ဆုံးတော့ မသိတဲ့ ပစ္စည်းတွေ မကိုင်စေချင်ဘူး။ ဖြစ်ရင် တော့ သက်ဆိုင်ရာကို သတင်းပေးပေါ့၊ ဘာလို့လဲဆိုတော့ ပစ္စည်းတွေ့တိုင်း အခုချိန်မှာလည်း ရှားပါးနေတဲ့ အခါကြတော့ ဘာလေးများလဲ ဆိုပြီးတော့ စူးစမ်းစိတ်နဲ့ ဖွင့်လိုက်လို့ရှိရင် ဒီပြဿနာတွေ ရှိတာပေါ့၊ ပေါက်ကွဲ တဲ့ဟာတွေက ဒီပေါက်ကွဲတဲ့ ဖြစ်စဉ်တွေက ပြည်သူတွေကို အထိအခိုက် မရှိနိုင်အောင်လို့ပဲ ကျနော်တို့က Knowledge ပေးစေချင်တာပေါ့ဗျာ ဘာဖြစ်လို့လဲဆိုရင် မရှိဆင်းရဲသားမှာမှ ဖြစ်ခါမှ ထိခိုက်ဒဏ်ရာ ဖြစ်လို့ရှိရင် ဆေးကုရတာတွေရော သူ့ရဲ့ recovery ဖြစ်ရမယ့် အခြေအနေရော ပေးဆပ်ရမယ့် မိသားစုရဲ့ တာဝန်တွေက မသေးဘူးလေ၊ ဒါကြောင့်မို့လို့ ဒီလိုတော့ ဖြစ်တာတော့ ကျနော်တို့က သိပ်ပြီးတော့ အားမပေးဘူးပေါ့ဗျာ၊ ဘာပဲ ပြောပြော အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြည်သူတွေရဲ့ စားဝတ်နေရေးကိုတော့ အထိအခိုက်တော့ မခံစေချင် ဘူးပေါ့ဗျာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်မြို့တွင်း တစ်နေရာကိုတွေ့ရစဉ်
လက်ရှိတွင် ရန်ကုန်မြို့နှင့် အခြားမြို့နယ်များမှာ စစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်း ပြည်သူများအနေဖြင့် မိမိနှင့် မသက်ဆိုင်သော ပစ္စည်းများကို ကောက်ယူကိုင်တွယ်ခြင်းများ မပြုလုပ်ရန် တော်လှန်ရေးအင်အားစု များက ထုတ်ပြန်ထားသည်။
ထို့အတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်၊ ၁၆ ရက်များတွင် Bluetooth ဆောင်းဘောက်ဖြင့် တွဲထားသော မိုင်း ထောင်တိုက်ခိုက်မှုမှာ အရပ်သား နှစ်ဦး ဆောင်းဘောက်တစ်လုံးကို ကောက်ယူစမ်းသပ်မိရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပြည်သူလူထုများအနေဖြင့် အပြင်သွားလာပါက သတိထားသွားလာသင့်ပြီး သတင်းကိစ္စများအား နားစွင့်ကာ အချင်းချင်း အသိပေးနေထိုင်သင့်ကြောင်း ပလောင်နိုင်ငံရေးသမား မိုင်းအုဏ်းခိုင်က CNI သတင်းဌာနသို့ ပြော သည်။
ဈေး၀ယ်များကို တွေ့ရစဉ်
၎င်းက “ဒီလို အချိန်မျိုးမှာတော့ သွားလာတဲ့အချိန်မှာ သတိအမြဲတမ်း လိုအပ်တယ်၊ ပြီးတော့ မသွားခင်မှာ သတင်းလေးဘာလေး စုံစမ်းပြီးမှ သွားသင့်တာပေါ့၊ သွားတဲ့နေရာမှာလည်း ခုနလို တစ်ယောက်နဲ့ တစ်ယောက် အသိပေးပြီးမှ သတိပေးပြီးမှ သွားလာသင့်တာပေါ့၊ ဒီအချိန်မှာ ပြီးတော့ ကိုယ်မသင်္ကာစရာတို့ ဘာတို့တွေ တွေ့ပြီဆိုရင်လည်း သတိထားပြီးနေတတ်ဖို့ သတိထားပြီး သွားလာတတ်ဖို့ လိုတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့၊ မန္တလေးမြို့တို့ အပါအဝင် မြို့ကြီးများတွင် မကြာခဏ လုပ်ကြံသတ်ဖြတ်မှုများ၊ မိုင်းထောင်ဖောက်ခွဲမှုများ ဖြစ်ပွားလျက်ရှိနေပြီး အရပ်သားများ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1076
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ရှမ်းနီတိုင်းရင်းသားများ နေထိုင်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးရွာကို ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) နံနက် ၅ နာရီတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဝင်ရောက်စီးနင်း၍ လီဆူ ပြည်သူ့စစ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
KIA သည် တာလောကြီးရွာကို စီးနင်းထားရာတွင် ကျေးရွာနေ ရှမ်းနီပြည်သူလူထုကို ထွက်ပြေးတိမ်းရှောင်ခွင့် မပေးဘဲ လူသားတံတိုင်းပြု၍ အကာအကွယ်ယူကာ တိုက်ခိုက်နေကြောင်း ရှမ်းနီအမျိုးသားများ ညီညွတ်ရေး အစည်းအရုံး(SNUA)က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်ကလည်း မြစ်ကြီးနားမြို့ဘက်မှ လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် KIA တပ်ဖွဲ့ကို တိုက်ခိုက်ရာ တာလောကြီးရွာဘေးအထိ ကျရောက် ပေါက်ကွဲနေကြောင်း၊ ရွာနေ ရှမ်းနီပြည်သူလူထု အတွက် အန္တရာယ်ကြီးစွာ ကျရောက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KIA တပ်ဖွဲ့ကိုတွေ့ရစဉ်
SNUA က “ စစ်ရေးပဋိပက္ခအတွင်း ပါဝင်လျက်ရှိသည့် KIA တပ်ဖွဲ့၊ လီဆူပြည်သူ့စစ်နှင့် စစ်ကောင်စီတို့သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ(IHL)နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ (IHRL)အပေါ် လေးစားလိုက်နာရန် လိုအပ်ကြောင်း သတိပေးပါသည်။ KIA တပ်ဖွဲ့၊ လီဆူပြည်သူ့စစ်နှင့် စစ်ကောင်စီတို့သည် ရှမ်းနီပြည်သူလူထုကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း၊ ရှမ်းနီပြည်သူလူထုနေထိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေး အဆောက်အဦများတွင် ဝင်ရောက်နေရာယူခြင်း၊ ၎င်းနေရာများကို စစ်ရေးပစ်မှတ်အဖြစ် ပစ်ခတ်တိုက်ခိုက်ခြင်း မပြုကြရန်နှင့် ရှမ်းနီပြည်သူလူထုကို စစ်ဘေး လွတ်ရာသို့ ထွက်ခွာခွင့်ပြုရန် တောင်းဆိုပါသည်”ဟု ထုတ်ပြန်ပြောကြားထားသည်။
တာလောကြီးရွာသည် ရှမ်းနီတိုင်းရင်းသားများ အစဉ်အဆက် နေထိုင်ခဲ့ကြသည့် သမိုင်းဝင် ကျေးရွာကြီးဖြစ်ပြီး KIA ၏ ရန်ပြုခြင်း၊ အဓမ္မစစ်သားစုဆောင်းခြင်းကို အကြိမ်ကြိမ် ခံရသည့်ရွာ တစ်ရာဖြစ်ရာ ယခုစစ်ရေးပဋိပက္ခ ဖြစ်စဉ်အတွင်း၌လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ဖြစ်စဉ်များရှိလာမည်ကို များစွာစိုးရိမ်နေရသလို အခြေအနေအရပ်ရပ်ကို မိမိတို့ အစည်းအရုံးက စောင့်ကြည့်မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာသည်ဟု SNUA က ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၄ သန်းခေါင်စာရင်းအရ တာလောကြီးကျေးရွာတွင် ကျား ၃၄၁၀ ဦး၊ မ ၃၄၆၉ ဦး စုစုပေါင်း ၆၈၇၉ ဦး နေထိုင်လျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1076
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ရက္ခိုင့်တပ်တော် (ULA/AA) က သိမ်းယူထားသည့် နှုံးဘူးနှင့် ထရွန်အိုင်ဗျူဟာကုန်းမှာ မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့်စီးပွားရေးအတွက် အရေးကြီးသည် မဟာဗျူဟာမြောက်နေရာဟု နိုင်ငံရေးနှင့် စစ်ရေးလေ့လာ သူများက ပြောသည်။
မြန်မာ့တပ်မတော်၏ အထိုင်စခန်းဖြစ်သော ထရွန်အိုင်ဗျူဟာ ကုန်းကို AA မှ ဒီဇင်ဘာ ၄ ရက်နေ့က သိမ်းယူခဲ့ သလို နှုံးဘူးဗျူဟာကုန်းကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ သိမ်းယူခဲ့ ကြောင်း ULA/AA က ထုတ်ပြန်ခဲ့သည်။
အဆိုပါ နှုံးဘူးဗျူဟာကုန်းနှင့် ထရွန်အိုင်ဗျူဟာကုန်းသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တည်ရှိပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြင့် ကုန်သွယ်နိုင်သော မဟာဗျူဟာမြောက်လမ်းကြောင်းပေါ်မှာရှိသည်။
မြန်မာ့တပ်မတော်ဘက်က ထိုဗျူဟာကုန်းများကို အခိုင်အမာ တည်ဆောက်ထားကြောင်း၊ AA ဘက်ကလည်း ပေးဆပ်မှုများနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြော သည်။
ပလက်ဝမြို့ကို တွေ့ရစဉ်
၎င်းက “တနည်းအားဖြင့် ကျနော်ခုနပြောတဲ့ အဲဒီဖက်က ဝင်ပေါက်သည် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲကတည်းက ရှိတော့ အခုထိ အဲဒီဖက်ကိုပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အန္တရာယ်ကို အာရုံစုစိုက်ထားပုံရပါတယ်၊ အဲဒီတော့ တစ်ခုရှိတာက အဲဒီလိုမျိုး ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ ထရွန်အိုင်တို့၊ နှုံးဘူးဗျူဟာတို့ဆိုတာ တော်ရုံတန်ရုံ ပေးဆပ်မှုမျိုးနဲ့ဖြင့် AA ဖက်လည်း ရမယ်မထင်ဘူး။ ဘာလို့ဆိုရင် ထိုးစစ်တစ်ရာ ခံစစ်တစ်ယောက်လို့လည်း သတ်မှတ်ကြတာကိုး ခံစစ်တစ်ဦးနဲ့ ထိုးစစ်အယောက် ၁၀၀ ကို သူ့ဘက်က ကာကွယ်နိုင်တယ်လေ၊ နောက် register လုပ်ထားတဲ့ တကယ့်ပုံသေပစ်မှတ်ကြီးတွေ ဖြစ်တဲ့အခါမှာ အမြဲတမ်း ပြန်သိမ်းဖို့ ပြန်ပြီးတော့ ထိန်းသိမ်း ထားဖို့ဆိုတာလည်း AA အတွက်လည်း ခက်ခဲပါလိမ့်မယ်၊ ပေးဆပ်ခဲ့ရတဲ့ အသက်တွေလည်း တော်တော်များပုံရပါ တယ်။ ဒီဘက်ကလည်း ဗျူဟာမှူးကျတယ်ဆိုတဲ့ သတင်းလေးတွေလည်း နှုံးဘူးဗျူဟာနောက်ပိုင်းမှာ သတင်း ထွက်လာတာပေါ့၊ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကလည်း ကျည်ဆံ နောက်ဆုံးတစ်ထောင့်ဟာ အသက်ကို စွန့်တဲ့အထိ ဘာညာဆိုတဲ့ ဒီဘက်က စိတ်ဓါတ်စစ်ဆင်ရေးအားဖြင့်လည်း ဆောင်ရွက်ထားတဲ့ ကာလမျိုးမှာ ပေးရတဲ့အသက် တွေ ရှိမှာပေါ့၊ အဲဒီမြေနေရာတွေ အားလုံးကလည်း register လုပ်ထားတဲ့ ခုနလို အတိအကျ သတ်မှတ်ထားတဲ့ နေရာဖြစ်တဲ့အခါမှာ AA အတွက်လည်း အင်မတန် ကြောက်စရာကောင်းတယ်၊ ဒါ သတ်ကွင်းကြီးလည်း ဖြစ်သွား နိုင်တာပေါ့၊ အဲဒါကြောင့် သူ့အတွက် တစ်ဖက်ပြန်ကြည့်ရင်လည်း ညှိနှိုင်းမှုဟာ ဒီကာလမှာ လိုအပ်တယ် ဆိုတဲ့ ဖက်နဲ့ လူကြီးပိုင်းတွေဖက်ကလည်း စဉ်းစားမှာပေါ့ဗျာ” ဟု ပြောသည်။
အဆိုပါ ဗျူဟာကုန်း ၂ ခု၏ အရေးပါမှုမှာ အိန္ဒိယနှင့် မြန်မာ ကုလားတန်စီမံကိန်းကို ထိန်းချုပ်ထားသည့် နေရာ ဖြစ်ကြောင်း၊ ထိုဗျူဟာကုန်းကို ရရှိခြင်းအားဖြင့် စီမံကိန်းအား AA ထိန်းချုပ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီဗျူဟာကုန်းက အရေးပါမှုဆိုတာ အဓိကအားဖြင့် အိန္ဒိယနဲ့ မြန်မာ ကုလားတန်မြစ်ဝှမ်း စီမံကိန်းကို အဓိကအားဖြင့် ထိန်းချုပ်ထားတဲ့ နေရာပေါ့ဗျာ၊ အဲဒီတော့ ဒီစခန်းနှစ်ကို ရရှိခြင်းအားဖြင့် ကုလားတန်မြစ်ဝှမ်းကို AA အဖွဲ့ကနေပြီးတော့ လွှမ်းမိုးထိန်းချုပ်နိုင်တဲ့ အနေအထားကို ဖော်ပြရာရောက်ပါတယ်၊ အဲဒါဟာ အိန္ဒိယရဲ့ အရှေ့မျှော်ရည်ဝါဒကို အကောင်အထည်ဖော်ဖို့အတွက် အရေးပါတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ AA ရဲ့ လွှမ်းမိုးသိမ်းပိုက်လိုက်နိုင်မှုဟာ စစ်ကောင်စီအနေနဲ့ ဒီလုပ်ငန်းတွေ ဆက်လုပ်ဖို့အတွက် အကြောင်းအချက် မရှိတော့ဘူး။ အဲဒီအဆုံးအဖြတ်ဟာ AA လက်ထဲမှာ ရောက်ရှိသွားပြီ ဖြစ်တဲ့အတွက် တော်တော်လေး အကျိုး အမြတ် ရှိတဲ့ အတော်လေး အလားအလာကောင်းတဲ့ အနေအထားလို့ ကျနော်တို့ သုံးသပ်ရပါတယ်” ဟု ပြော သည်။
ကုလားတန်မြစ်တစ်လျှောက်ရှိ ထရွန်အိုင်ကျေးရွာကိုတွေ့ရစဉ်
သို့သော် AA အနေဖြင့် မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေးအတွက် အရေးကြီးသည့် မဟာဗျူဟာကျသော ဗျူဟာကုန်းများကို တပ်မတော်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာမှာဖြစ်၍ ရေရှည် ထိန်းထားနိုင်ရန် ခက်ခဲနိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။
ဒေါက်တာ အေးမောင်က “အဲဒီထိန်းချုပ် ဗျူဟာကုန်းတွေကို ပြန်ကြည့်ရင် ကစ္ဆပနဒီမြစ်တို့ ပလက်ဝတို့ နောက် အိန္ဒိယနယ်စပ်တို့ တစ်ဖက်က ဘင်္ဂလားနယ်စပ်တို့ထိ ထိန်းချုပ်နိုင်တဲ့ ကုန်းမြင့်၊ ဗျူဟာကုန်း တနည်းအားဖြင့် အလွန်အက္ခရာကျတဲ့ နေရာလည်း ဖြစ်နိုင်တာပေါ့၊ ဆိုတော့ အဲဒီဒေသစိုးမိုးမှုအတွက် AA ရည်မှန်းတယ်ဆိုရင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ပေါ့ဗျာ၊ တနည်းအားဖြင့် အိန္ဒိယရဲ့ ပရောဂျက်ရဲ့ အဓိက အထိုင်စခန်းပေါ့ဗျာ၊ ထိန်းချုပ်နယ်မြေ တနည်းအားဖြင့် ပလက်ဝကနေ ဟိုးဖက်က အိန္ဒိယအရှေ့မြောက်ကို သွားတဲ့ ကုန်းလမ်း တစ်ကြောလုံးကို ထိန်းချုပ်နိုင်တဲ့ ဗျူဟာမြောက်ကုန်းတွေ ဖြစ်နိုင်တာပေါ့၊ အဲဒါကြောင့်လည်း အသည်းအသန် သူတို့ဖက်က မရရအောင် ကြိုးစားရယူတာလည်း ဖြစ်နိုင်တာပေါ့၊ အဲဒီတော့ ပြေငြိမ်းဖို့အတွက်ကြရင် ညှိနှိုင်း တိုင်ပင်မှုသည် AA အတွက်လည်း လိုအပ်လာမှာပေါ့ဗျာ ဒီကြားထဲမှာ ရှမ်းမြောက်မှာဖြစ်တဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ ညှိနှိုင်းမှုသည် နောက်ပိုင်းမှာ AA၊ TNLA တို့နဲ့ ပြေလည်ခဲ့လို့ရှိရင် ဒီပလက်ဝဒေသရဲ့ သူ့ရဲ့ အိန္ဒိယ ဘင်္ဂလားဒေ့ရှ် ထိစပ် ဧရိယာတစ်ခုလုံးနဲ့ ပတ်သက်တဲ့ AA နဲ့ ပတ်သက်တဲ့ Bilateral agreement သည်လည်းပဲ အောင်မြင်ရင် တော့ နှစ်ဖက်ညှိနှိုင်းမှု အောင်မြင်ရင် ပေါ်ထွန်းလာနိုင်တာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။ ထို့နောက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာလည်း ဆက်လက် ဖြစ်ပွားလျက် ရှိနေသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။