- By CNI
- Category: နိုင်ငံရေး
- Hits: 1393
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ နေအိမ်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ဇူလိုင် ၃၀ ရက်နေ့တွင် ဝင်ရောက် ဖျက်ဆီးသွားကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီးဆေထင်၏ နေအိမ်သည် လားရှိုးမြို့ ရပ်ကွက်(၁)၊ နယ်မြေ(၆)၊ မြဝတီလမ်းတွင် တည်ရှိသည်။
အဆိုပါ နေအိမ်ကို ဇူလိုင် ၃၀ ရက်နေ့က MNDAA တပ်ဖွဲ့ဝင်များ ရောက်လာပြီး အိမ်စောင့်ကျန်ခဲ့သူများကို မောင်းထုတ်၍ နေအိမ်အတွင်း ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။
ရှမ်းသံတော်ဆင့် သတင်းဌာနကတော့ “အိမ်မှာလည်း အိမ်စောင့်ကလွဲပြီး ဘယ်သူမှ မကျန်ခဲ့ဘူး။ အိမ်စောင့် တဲ့သူကို MNDAA တို့က မောင်းထုတ်တယ်။ နောက် MNDAA တွေ ပြန်ထွက်သွားလို့ အစောင့်က ပြန်သွား ကြည့်တော့ အားလုံး တစ်စစီ ဖျက်ဆီးခံထားရပြီ”ဟု မျက်မြင်ကိုယ်တွေ့ အမျိုးသမီးက ပြောကြောင်း ဖော်ပြ ထားသည်။

ဗိုလ်ချုပ်ကြီးဆေထင်၏ နေအိမ်အတွင်း MNDAA ဖျက်ဆီးသွားစဉ်(Shan News)
MNDAA သည် လားရှိုးမြို့ သိမ်းပိုက်နိုင်ရေးနှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
ထို့နောက် လားရှိုးမြို့နေ ပြည်သူလူထုများသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အိမ်စောင့် အနည်းအကျဉ်းသာ ကျန်ခဲ့ကြသည်။
လားရှိုးမြို့သည် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ သေနတ်ကျည်များကြောင့် ပျက်စီးနေသလို အရပ်သား တချို့လည်း ထိခိုက် သေဆုံးလျက်ရှိနေသည်။
MNDAA သည် လားရှိုးမြို့အုပ်ချုပ်ရေးကို ကြေညာခဲ့သလို မြို့တွင်း လုံခြုံရေးယူသည်ဟုဆိုကာ ကင်းလှည့် စစ်ဆေးမှုများပြုလုပ်လျက်ရှိနေသည်။
SSPP နှင့် MNDAA သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်များ ဖြစ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3081
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံအတွင်းရှိ တာဝန်ရှိသူများမှ သင့်လျော်သော နည်းလမ်းပေါင်းစုံဖြင့် ရပ်တန့် တားဆီးပေးရန် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန် တောင်းဆိုခဲ့ သည်။
မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည့်အပြင် နေရပ်စွန့်ခွာ တိုက်ပွဲရှောင်နေရမှုများကြောင့် ပညာရေးနှင့် လယ်ယာစိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုများ များစွာထိခိုက်ပြီး တိုင်းပြည် လူစွမ်းအား အရင်းမြစ် နှင့် စီးပွားရေး သိသာစွာ ကျဆင်းလျက်ရှိသည်ဟု PPP ပါတီက ထုတ်ပြန်ခဲ့သည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကို အချိန်မှီ မတားဆီးနိုင်ပါက တိုင်းပြည်အနာဂတ် စိုးရိမ်ဖွယ်ရှိသော ကြောင့် နိုင်ငံအတွင်းရှိ တာဝန်ရှိသူများမှ သင့်လျော်သော နည်းလမ်းပေါင်းစုံဖြင့် ရပ်တန့်တားဆီးပေးရန် မေတ္တာရပ်ခံ တောင်းဆိုပါသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ထုတ်ပြန်ခဲ့သည်။
ပြည်သူ့ရှေ့ဆောင်ပါတီက “ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိစေရန် လိုအပ်ပါသည်”ဟု ပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ထို့နောက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ က အလေးအနက်ထား ဆောာင်ရွက်လျက်ရှိနေသည်နှင့်အညီ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာ မြန်မာနိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ လျင်လျင် မြန်မြန် လုံခြုံမှုရနိုင်မည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်မတော်(DPLA)၊ ဗမာပြည်လွတ်မြောက်ရေးတပ်တော်(BPLA) ပူးပေါင်းတပ်ဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှစတင်ကာ ယနေ့အချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဖော်ဆောင်နေသည်။
အဆိုပါ စစ်ဆင်ရေးကြောင့် မြန်မာ့တပ်မတော်နှင့် အတိုက်အခံ လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသလို အရပ်သား ပြည်သူများလည်း ထိခိုက် သေဆုံးမှုများရှိနေကြောင်း၊ နေအိမ်နှင့် အစိုးရ အဆောက်အအုံများလည်း ပျက်စီးလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2887
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
တရုတ်၏ ဖိအားပေးမှုအောက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ယခု ဇူလိုင်လအကုန်၌ အပစ်အခတ်ရပ်စဲလာနိုင် သလားဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်တို့က သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှစတင်ကာ ရှမ်းမြောက်ရှိ ကျောက်မဲ၊ နောင်ချို၊ လားရှိုးနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းက မိုးမိတ်၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးတို့တွင် မြန်မာ့တပ်မတော်နှင့် TNLA၊ MNDAA၊ MDY-PDF၊ DPLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
ထို့နောက် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တို့က ၄ ရက်တာ အပစ်အခတ်ရပ်စဲကြောင်း အသီးသီးပြောဆိုခဲ့သလို MNDAA က ဇူလိုင် လကုန်အထိ အပစ်ရပ်သည်ဟု ထပ်မံထုတ်ပြန်ခဲ့သည်။
ယခု ဇူလိုင် ၃၁ ရက်သည် နစက၏ ၆ လ သက်တမ်းပြည့်မှာဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပရန်ရှိသည့်အတွက် စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အဲဒီလကုန် ၃၁ ရက်၊ ရက်စွဲက ကိုးကန့်ကပဲ ထုတ်တာပဲ၊ ၃၁ ရက်အထိ အပစ်ရပ်ထားမယ်ပြောပြီးတော့ ၃၁ မှာမှ တကယ်ရပ်မှာလားပေါ့လေ၊ Date တစ်ခုတော့ ပေးလိုက်တာ မျှော်လင့်ချက်တော့ ရှိပါတယ်။ ၃၁ အထိ ရပ်မယ်ပြောပြီးတော့ ကြားထဲမှာ တိုက်ခိုက်ခဲ့တယ်၊ သို့သော် ၃၁ ရောက်ရင်တော့ သတ်မှတ်ချက်တစ်ခုက ပေါ်နေ တော့ စောင့်ကြည့်ရမှာပေါ့ဗျာ၊ နောက်တစ်ချိန်ထဲမှာပဲ ၃၁ ဆိုတာက လက်ရှိ SAC ရဲ့ ၆ လသက်တမ်းက ပြည့်တဲ့ ရက်ဖြစ်နေတယ်။ အဲဒါကြောင့် ၆ လသက်တမ်းပြည့်တဲ့ ရက်မှာ SAC ဘာလုပ်မလဲ၊ နောက်ဟိုဖက်ကလည်း အပစ်အခတ် တကယ်ရပ်သွားမှာလား နှစ်ဖက် အချိန်အားဖြင့် တိုက်ဆိုင်မှု ဖြစ်နေတာ တွေ့ရတယ်ဗျ၊ ဒါကြောင့် ဇူလိုင် ၃၁ ဆိုတာ အရေးကြီးတဲ့ ရက်ဖြစ်နေတော့ အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမယ့် အခြေအနေ တော့ ဖြစ်တယ်လို့ ယူဆတယ်” ဟု ပြောသည်။
MNDAA က အပစ်အခတ်ရပ်စဲထားသည်ဟု ကြေညာသော်လည်း လားရှိုးမြို့ရှိ မြန်မာ့တပ်မတော်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် အခြားသော စစ်စခန်းများအား တိုက်ခိုက်လျက်ရှိနေသည်။
ပဋိပက္ခချုပ်ငြိမ်းရေးအတွက် စေ့စပ်ဆွေးနွေး၍ အပေးအယူ လုပ်ဆောင်သင့်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အတတ်နိုင်ဆုံး ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက်က စေ့စပ်ဆွေးနွေးညှိနှိုင်းဖို့ပဲ လိုတာပေါ့နော်၊ နောက်ပြီး တော့ ခက်တာက စေ့စပ်ဆွေးနွေးနိုင်မယ့် အခြေအနေက မရောက်သေးတာကိုပဲ ခက်တာက အဲဒါပဲပေါ့။ စေ့စပ် ဆွေးနွေးမယ့် အနေအထားပေါ့နော်၊ အဲဒီစေ့စပ်ဆွေးနွေးတာလည်း ခက်တာက အပေးအယူပေါ့နော်၊ အဲဒါလည်း အများကြီး ပြန်လည်ဆွေးနွေးရမယ့် အနေအထားရှိတယ်။ အဲဒါမှသာလျှင် လက်ရှိ ပဋိပက္ခက တဖြည်းဖြည်းချင်းနဲ့ ချုပ်ငြိမ်းသွားမယ့် အနေအထားပေါ့နော်၊ အခုက အစိုးရပေါ်လစီလည်း ကျနော်တို့ မသိသလို EAO တွေရဲ့ ပေါ်လစီလည်း အခြားအဖွဲ့အစည်းရဲ့ ပေါ်လစီလည်း ဘာကြေညာချက်မှ မထွက်လာတဲ့ အတွက်ကြောင့် ပြောရတာ တော်တော်လေး ခက်တယ်ပေါ့နော်” ဟု ပြောသည်။

MNDAA ကိုတွေ့ရစဉ်
လက်ရှိတွင်လည်း ရှမ်းမြောက်တွင် လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ နှစ်ဖက်တိုက်ခိုက်မှုများ ရှိနေပြီး နေအိမ်ပျက်စီးမီးလောင်မှု၊ အရပ်သားများ ထိခိုက်သေဆုံးမှု၊ ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေသည်။
တရုတ်အစိုးရက TNLA နှင့် MNDAA အား အချက် ၃ ချက် ပြောထားကြောင်း၊ ထိုအချက်များမှာ (၁) ချက်ချင်း အပစ်ရပ်ရန်၊ (၂) အပစ်မရပ်ပါက TNLA နှင့် MNDAA ခေါင်းဆောင်များကို အရေးယူမည်၊ (၃) အပစ်မရပ်ပါက မြန်မာ့တပ်မတော်အား ထိရောက်သည့် လက်နက်များ ရောင်းချပေးမည်ဟု ပြောထားကြောင်း နစကနှင့် မြောက်ပိုင်းအဖွဲ့များဖြင့် နီးစပ်သူများက ပြောသည်။
အဆိုပါ အခြေအနေများကို လေ့လာကြည့်ပါက ဇူလိုင်လကုန်ပိုင်းတွင် ရှမ်း-မန်းစစ်ဆင်ရေးသည် အပစ်အခတ်ရပ် စဲသွားနိုင်ကြောင်း၊ သို့သော်လည်း အားလုံးက တရုတ်၏ စကားကို အလုံးစုံ လက်ခံမှုမရှိခြင်းကြောင့် စောင့်ကြည့် ရန်လိုအပ်ကြောင်း နစကနှင့် မြောက်ပိုင်းအဖွဲ့များဖြင့် နီးစပ်သူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3968
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် တရုတ်နိုင်ငံသားများနှင့် ကုမ္ပဏီများ၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ဇူလိုင် ၃၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မှန်သမျှကို ကောင်းမွန်စာ ကာကွယ်ကြရန်၊ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ၏ ဆုံးရှုံး နစ်နာမှုများကို အတတ်နိုင်ဆုံး တားဆီးထိန်းသိမ်းပေးရန်၊ ပြည်သူလူထုနှင့် နိုင်ငံခြားသားများ၏ အသက်အိုး အိမ်စည်းစိမ်များကို အကာအကွယ်ပေးကြပါရန် MNDAA စစ်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ထမ်းများကို ထိခိုက်စေနိုငသည့် လုပ်ဆောင်ရပ်များကို ဟန့်တား ကြရန်၊ တရုတ်နိုင်ငံ၏ အကျိုးအမြတ်ကို ထိခိုက်စေသော လုပ်ဆောင်ရပ်များကို တွေ့ရှိပါက MNDAA စစ်ရေး ကော်မတီထံသို့ အချိန်မှီတင်ပြပြီး တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများနှင့် ချက်ချင်းဆက်သွယ်ကြရန် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
MNDAA က “ စစ်မြေပြင်အတွင်း ပိတ်မိနေသော တရုတ်နိုင်ငံသားများကို အချိန်မှီကယ်ထုတ်ကြပါရန်၊ ဒဏ်ရာ ရရှိနေသော တရုတ်နိုင်ငံသားများ၊ အခက်အခဲနှင့် တွေ့ကြုံနေရသော သို့မဟုတ် ကုမ္ပဏီတိုက်ခိုက်ခံနေရသော တရုတ်နိုင်ငံသားများကို တွေ့ရှိပါက အတတ်နိုင်ဆုံး ကူညီကယ်တင်ကြရန်” ထုတ်ပြန် ပြောကြားထားသည်။

MNDAA ၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တရုတ်သည် ကျောက်စိမ်၊ ရွှေ၊ ကြေးနီ တူးဖော်ရေးလုပ်ငန်းများရှိသလို ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း၊ ဂတ်စ်ပိုက်လိုင်စီမံကိန်း၊ လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း၊ သစ်ထုတ်လုပ်ရေး၊ ရေနံတူးဖော် ရေး၊ သတ္တူတူးဖော်ရေး၊ စိုက်ပျိုးရေး စသည့် ရင်းနှီးမြှုပ်နှံမှုများရှိသည်။
အလားတူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ အိမ်ဆောက်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ မော်တော်ယာဉ်များ စသဖြင့် တင်သွင်းလျက်ရှိနေသည်။
လက်ရှိတွင် MNDAA သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LPDF)တို့နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ သိမ်းပိုက်ရေးနှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို ထိန်းချုပ် ရေး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲအတွင်း တရုတ်နိုင်ငံသားများနှင့် တရုတ်လူမျိုးများ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသလို တရုတ်အစိုးရ၏ ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းများ ရပ်တည်ခြင်း၊ ဖျက်စီးဆုံးရှုံးမှုများရှိနေသည်။
မြန်မာ့နိုင်ငံရေးအကဲခတ်များနှင့် စစ်ရေးအကဲခတ်များကတော့ MNDAA ၏ ထုတ်ပြန်ချက်သည် နွေဦးတော်လှန်ရေးအတွက် စစ်တိုက်နေခြင်းမဟုတ်ဘဲ တရုတ်၏ အကျိုးစီးပွားအတွက် စစ်တိုက်နေခြင်း ဖြစ်သည်ကို သက်သေပြသလိုဖြစ်နေသည်ဟု ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1760
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
“ဝ”ဒေသအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် မိမိ၏အင်အားဖြင့် ဆက်လက်ကြိုးပမ်း စွမ်းဆောင်သွား မည်ဟု “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က ဇူလိုင် ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ သည်။
၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံမတည်မငြိမ် ဖြစ်ပွားသည့် အချိန်မှစ၍ “ဝ”ဒေသအနေဖြင့် မိမိ၏သမိုင်း အတွေ့အကြုံ နှင့် သင်ခန်းစာကို ယူပြီး “ဝ”ဒေသရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးစီးပွားကို စဉ်းစား၍ မည်သည့်အဖွဲ့အ စည်း၏ စစ်ရေးပဋိပက္ခတွင် ပါဝင်ပတ်သက်မှု မပြုလုပ်ခြင်းနှင့် စစ်မီး မမွေးခြင်းဆိုသည့် ဘက်မလိုက် မူဝါဒကို ဆုံးဖြတ်အတည်ပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဤရပ်တည်ချက်သည် အချိန်ကာလနှင့် အခြေအနေ အမျိုးမျိုးကြောင့် ပြောင်းလဲသွားမည်မဟုတ်ကြောင်း၊ ဤမူဝါဒမှာ “ဝ”ဒေသ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးနှင့် ကိုက်ညီသည့်အပြင် မြန်မာနိုင်ငံ တိုင်းရင်းသား ပေါင်းစုံတို့၏ အကျိုးနှင့်လည်း ကိုက်ညီပါသည်ဟု UWSA က ထုတ်ပြန်ခဲ့သည်။

UWSA ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
လက်ရှိတွင် မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့် အနေအထားသို့ ရောက်ရှိ နေပြီး စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှုရပ်တန့်ခြင်းနှင့် လုပ်ငန်းများ အသီးသီး ဆိုးရွားစွာ ထိခိုက်ပျက်စီးခြင်းတို့ကြောင့် ပြည်သူလူထု၏ နေထိုင်မှုဘဝသည် မျှော်လင့်ချက် ကင်းမဲ့သည့် အခြေအနေသို့ ရောက်ရှိသွားသည်ဟု UWSA က ပြောသည်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ PDF များ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ မြန်မာ့တပ်မတော်၏ စစ်စခန်း များနှင့် မြို့သိမ်း တိုက်ပွဲများဖော်ဆောင်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအတွင် UWSA ထံသို့ ဟိုပန်နှင့်ပန်လုံမြို့နယ်တို့ကို TNLA နှင့် MNDAA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် လွှဲပြောင်းပေးခဲ့သည်။
ထို့နောက် TNLA-MNDAA-PDF များ ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က ဖော်ဆောင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းက မတ္တရာ၊ စဉ့်ကိုင်၊ မိုးကုတ်၊ မိုးမိတ် တို့ရှိ မြန်မာ့တပ်မတော်၏ စစ်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA-NDAA-SSPP ခေါင်းဆောင်များတွေ့ဆုံစဉ်
ထိုစစ်ဆင်ရေးအတွင်းမှာ UWSA သည် တန့်ယန်းမြို့ကို မြန်မာ့တပ်မတော်ထံမှ လွှဲပြောင်းထိန်းချုပ်ခဲ့သလို လားရှိုးမြို့အတွင်းသို့လည်း မြန်မာ့တပ်မတော်နှင့် MNDAA တို့အား အကြောင်းကြား၍ ဇူလိုင် ၂၇ ရက်နေ့ ညပိုင်းက ဝင်ရောက်လာပြီး အရေးကြီးသည့် နေရာများကို တပ်ဆွဲထိန်းချုပ်ထားသည်။
မြန်မာ့နိုင်ငံရေး အကဲခတ်များနှင့် စစ်ရေးအကဲခတ်များကတော့ TNLA-MNDAA-AA-PDF များ ပူးပေါင်း စစ်ဆင်ရေးတွင် UWSA က နောက်ကွယ်ကနေ ပါဝင်နေကြောင်း၊ လက်နက်ခဲယမ်းများကို ထောက်ပံ့ပေး နေကြောင်း၊ စစ်ဆင်ရေး အခြေအနေကို သိရှိသော်လည်း ဟန့်တားခြင်းမရှိခဲ့ကြောင်း ထောက်ပြကြသည်။
UWSA သည် TNLA၊ MNDAA၊ AA၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်-မိုင်းလား(NDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)တွင် ဥက္ကဋ္ဌတာဝန်ယူထားသည်။
ထို့ကြောင့် UWSA သည် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ငြိမ်းချမ်းရေး ဆွေးနွေးလာရေးအတွက် ကြားဝင်စေ့စပ်ညှိနှိုင်းပေးနိုင်သည့် အနေအထားမှာ တည်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2437
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့ အလိုချင်ဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်ဟု တရုတ်ဖက်က ပြောဆိုကြောင်း တရုတ်ခရီးစဉ်မှ ပြန်လာသူ ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာပြည်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခမှာ တရုတ်နိုင်ငံကိုလည်း ထိခိုက်မှုရှိကြောင်း၊ ထို့အတူ မြန်မာပြည် ငြိမ်းချမ်းရေးကိစ္စတွင်လည်း အကူအညီပေးနေကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “အဓိကတော့ အချက် ၃ ချက် ရှင်းပြတယ်။ ပထမတစ်ချက်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်း ရေး ပြည်တွင်းပဋိပက္ခကို တည်ငြိမ်အေးချမ်းအောင် ငြိမ်းချမ်းမှုရအောင် အလိုချင်ဆုံး ကမ္ဘာ့နိုင်အားလုံးကို ပြော ဆိုရင် တရုတ်ပြည်ပဲလို့ ပြောတယ်။ တရုတ်ပြည်က အလိုချင်ဆုံးဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ တရုတ် နိုင်ငံကိုလည်း ထိခိုက်တယ်၊ ဘာလို့ဆို အိမ်နီးနားချင်း နိုင်ငံတွေဖြစ်လို့။ ငြိမ်းချမ်းရေးကိစ္စမှာလည်း ကူညီတယ်၊ အခုလည်း ကူညီဆဲဖြစ်တယ်။ နောက်တစ်ချက်က အွန်လိုင်းနဲ့ ပတ်သက်လို့ လိမ်လည်မှု၊ မူးယစ်ဆေးဝါး ဒါတွေကို လည်းပဲ ပါတီ ၄ ပါတီ ခေါင်းဆောင်တွေက သူ့ကို တင်ပြတဲ့အထဲမှာပါတယ်။ အဲဒါကို သူ့ရဲ့ ရှင်းလင်းချက်က အဲဒီ က ဒါဏ်ကို တရုတ်လူထု အခံရဆုံးဖြစ်တယ်။ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး အဲဒီလိုခံရတဲ့အထဲမှာ နယ်စပ် ဒေသမှာနေတဲ့ တရုတ်လူထုတွေပါတယ်။ တရုတ်ပြည်တွင်းသာမကပေါ့ဗျာ၊ ဒီဖက်က တင်ပြတဲ့အထဲမှာလည်း ပါသေးတာပေါ့ဗျာ၊ ရှမ်းမြောက်မှာဖြစ်တဲ့ 1027 မဟာမိတ်သုံးဖွဲ့နဲ့ ပတ်သက်တဲ့ကဏ္ဍမှာ ဗမာလူထု၊ တချို့ အင်အားစုတွေက တရုတ်အစိုးရ နောက်ကနေပါတယ်ဆိုတဲ့ ယူဆချက်၊ စွပ်စွဲချက်တွေရှိတယ်။ အဲဒါကို သူက ရှင်းပြတယ်။ တရုတ်အစိုးရက အဲဒါနဲ့ ပတ်သက်လို့ မပါဘူး။ တကယ်လို့များ မူးယစ်ဆေးဝါးတို့ လက်နက်ကိုင် ပဋိပက္ခတို့ တခြားအွန်လိုင်းဂိမ်းလိမ်လည်မှုမှာ ပါခဲ့တယ်ဆိုရင်လည်း တရုတ်ပြည်ဖက်မှာရှိတဲ့ ပြဿနာကို တရုတ် က ရှာဖွေဖော်ထုတ်ပြီးတော့ ဖမ်းဆီးမယ်၊ မြန်မာနိုင်ငံဖက်ခြမ်းကဟာလည်း မြန်မာနိုင်ငံအစိုးရဖက်က ဖြေရှင်း ဖမ်းဆီးပေးဖို့ လိုမယ်၊ အဓိကတော့ မြန်မာနိုင်ငံအစိုးရများနဲ့ ဆိုင်မယ်၊ အဲဒါတစ်ချက်ပြောတယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းကိုတွေ့ရစဉ်
ပါတီမှတ်ပုံတင် ကျထားသည့် နိုင်ငံရေးပါတီများဖြစ်ကြသည့် AFP ပါတီ၊ ပြည်သူ့ပါတီ (PP)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) တို့ တရုတ် နိုင်ငံ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၂၀ ရက်နေ့မှ ဇူလိုင် ၂၇ ရက်နေ့အထိ သွားရောက်ခဲ့သည်။
ထို့အတူ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ညီနောင် မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့ကြား ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိက္ခအတွင်း တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်ပေးမှုအရ ဟိုင်ဂင်သဘောတူညီချက်ကို ရရှိ၍ အပစ်အခတ်ရပ်စဲခဲ့သည်။
ထို့နောက် ယခုနှစ် ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးနှင့် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးတို့တွင် တပ်မတော်နှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု အများအပြားရှိနေပြီး လက်ရှိ ပဋိပက္ခအရ ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်မှုရှိနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

လားရှိုးမြို့ကို တိုက်ခိုက်နေသော MNDAA ကို တွေ့ရစဉ်
၎င်းက “အဲဒါဖြစ်နိုင်ပါတယ်။ အဲဒါလုံးဝဖြစ်နိုင်ပါတယ်။ သူက စီးပွားရေး လုပ်နေတာပဲ၊ စီးပွားရေး လုပ်မဖြစ်ဘူး ဆိုရင်တော့ မကြိုက်ဘူးပေါ့။ စီးပွားရေးလုပ်ဖို့ဆိုရင် နိုင်ငံတည်ငြိမ်မှ ဖြစ်မှာကိုး၊ အဲဒါ မြန်မာပြည်ကို တည်ငြိမ် စေချင်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ သို့သော်လည်း မြန်မာပြည်က အုပ်စိုးသူ အဆက်ဆက်က ခပ်ညံ့ညံ့တွေ ဖြစ်ကုန်တဲ့အခါကြတော့ အလိုက်အထိုက် လိုက်ဆက်ဆံနေရတာပေါ့။ အဲဒီလို ဆက်ဆံနေရင်းနဲ့ ကုမ္ပဏီတွေက လည်း ပါလာတယ်။ တရုတ်မှာ ကုမ္ပဏီတွေ ရှိတာကို။ အဲဒီ ကုမ္ပဏီတွေက သူတို့ အကျိုးစီးပွားတွေအတွက် အစိုးရဆီက အကူအညီယူတဲ့အခါမှာ သူကလည်း ပေးရတာပေါ့။ အဲဒါပဲ အဓိကတော့ ကုမ္ပဏီတွေနဲ့ အဓိက ဖြစ်တာပေါ့။ တရုတ်အစိုးရရဲ့ ပေါ်လစီကတော့ မြန်မာပြည်နဲ့ ပတ်သက်လို့ နဂိုကတည်းကိုက ဘန်ဒေါင်းမူ ၅ ချက် ချခဲ့တာ၊ မိတ်ဆွေတွေ ဖြစ်ခဲ့တာကို ဗမာပြည်ကိုလည်း သူတို့ ကျေးဇူးတင်တယ်လေ၊ သူတို့ကို စောစောစီးစီး ထောက်ခံတယ်၊ အဲဒီလို အေးအေးချမ်းချမ်း ဖြစ်စေချင်တယ်ဆိုတာ အဲဒါ ဖြစ်နိုင်ပါတယ်နော်၊ လက်ခံပါတယ်” ဟု ပြောသည်။
မြန်မာပြည်တွင် မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး အပါအဝင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ အများဆုံးရှိနေပြီး လက်ရှိတွင်လည်း တိုက်ပွဲများကြောင့် နယ်စပ် ကုန်သွယ်ရေးများ ရပ်တန့်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2387
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံတော်နှင့် ပတ်သက်၍ အကြောင်းကိစ္စရပ်များ ရှိပါက အချိန်မီတင်ပြကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄)တွင် နစကဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် နိုင်ငံတော်နှင့် ပတ်သက်၍ အကြောင်းကိစ္စရပ်များရှိပါက အချိန်မီတင်ပြကြရန်နှင့် မူဝါဒနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း” ပြောသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ၎င်းတို့ တာဝန်ထမ်းဆောင်ရာ ဧရိယာ အတွင်း၌ ဝန်ထမ်းအိမ်ရာများ မဖြစ်မနေ ဆောက်လုပ်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး မြန်မာ့တပ်မတော်၏ စစ် စခန်းများနှင့် မြို့နယ်များ အတိုက်အခံများ၏ သိမ်းပိုက်ခြင်းကို ခံနေရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပနေစဉ်
အလားတူ စီးပွားရေး ကျဆင်းခြင်း၊ ကုန်သွယ်ရေး အဟန့်အတားများဖြစ်နေခြင်း၊ ကုန်ဈေးနှုန်းများကြီးမြင့်နေ ခြင်း၊ ဆန်စပါး စိုက်ပျိုးမှုများ အဟန့်အတားဖြစ်လာနေခြင်း၊ တရားဥပဒေစိုးမိုးမှု လျော့နည်းလာခြင်း၊ လောင်း ကစားများနှင့် အွန်လိုင်း လိမ်ညာမှုများ ပေါများလာခြင်း၊ တရားမဝင် လုပ်ငန်းများ ပေါများလာခြင်း စသည်တို့ကို မြန်မာနိုင်ငံသားများ ရင်ဆိုင်နေကြရသည်။
အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့တို့မှ အချိန်မီတင်ပြမှုများ မရှိခြင်းကြောင့် မြန်မာနိုင်ငံသည် အထွေအထွေ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ကျားဖြန့်ဟုခေါ်သော အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေကြေးလိမ်လည်ခြင်း လုပ်ငန်းကို တားဆီးအရေးယူရန် ပျက်ကွက်မှုကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲများ၊ စစ်ဘက်နှင့် အရပ်ဘက် ဝန်ထမ်းအကြီးအကဲများ ဖမ်းဆီးအရေးယူခံရမှုများ ဖြစ်ပွားခဲ့သည်။
တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံ၏ စီးပွားရေးကို ထိခိုက်လျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေသည့် ကိစ္စရပ်များကို ကြပ်မတ်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1590
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RSSS/SSA) အနေဖြင့် ပြည်သူနှင့် လက်တွဲ၍ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် ရှမ်းပြည်လူထုတို့ အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးရခြင်း၊ သေဆုံး ဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ ကလေးသူငယ်၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အခက်အခဲများ ကြုံတွေ့နေရခြင်းတို့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဇူလိုင် ၂၉ ရက်နေ့ RCSS ၏ (၆) လပတ် အစည်းအဝေး ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ၏ လူအင်အားအရ တောင်ပိုင်းသို့ ကူးလာနိုင်ကြောင်း၊ သို့သော်လည်း ရှမ်းတောင်တွင် ကြီးမားသော စစ်ရေးရည်မှန်းချက်မရှိဟု ယူဆကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

RCSS တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “သူ့လူအရတော့ ချဲ့မယ်ဆိုရင်တော့ ကူးလာနိုင်တယ်၊ သို့သော်လည်းပဲ မြောက်ပိုင်းက အဖွဲ့အစည်းတွေ လက်နက်ကိုင်တိုက်နေတဲ့ ကိုးကန့်တို့၊ ပလောင်တို့၊ “ဝ”တို့ နောက်ပြီးတော့ SSPP ပေါ့၊ ဒီဖက်မှာ သူတို့ရဲ့ ရေရှည်ဗျူဟာတော့ ကျနော်တို့ မသိဘူး။ သို့သော်လည်းပဲ SSPP ဆိုရင် မိုင်းပွန်တို့ လွိုင်လင်တို့ကို မကြာခဏ ရောက်နေတာ တွေ့ရတယ်၊ သွားလိုက်ပြန်လိုက်ပေါ့၊ တစ်ခါတစ်လေ မိုင်းပွန်တို့ လွိုင်လင်တို့ရဲ့ နောက်ကျောမှာပဲ ဝပ်နေတာလည်း ရှိတယ်ဗျ၊ သူတို့ တကယ်လို့ ရှမ်းတောင်ကို ကူးမယ်ဆိုလည်း ကူးနိုင်တဲ့ အနေအထားတော့ ရှိတယ်။ သို့သော်လည်းပဲ ရှမ်းတောင်မှာက ကြီးမားတဲ့ စစ်ရေးရည်မှန်းချက်တော့ ဒီလောက်ရှိမယ့်ပုံ မပေါ်ဘူး။ သံလွင်အရှေ့ကို ပိုပြီးတော့ အားစိုက်တဲ့သဘောရှိတယ်၊ “ဝ”ကတော့၊ ဒါကြောင့် ကျနော်ထင်တယ် ဟိုပုံးတစ်ခွင်နဲ့ တောင်ကြီးတစ်ခွင်ကတော့ လောလောဆယ်ဆယ် စစ်မဲ့ဇုန် အနေအထားမှာ ရှိနိုင်မယ်” ဟု ပြောသည်။
လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့မှာ စစ်မဲ့ဇုန်ဖြစ်နေပြီး တည်ငြိမ်နေကြောင်း၊ ကရင်နီဒေသမှ အင်အားစုအချို့ ရှမ်းပြည်နယ်တောင်ပိုင်းသို့ တိုက်ပွဲဖော်မှုအချို့ရှိနေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက် ပြောကြားသည်။
၎င်းက “အဲဒီစစ်မဲ့ဇုန်ရှိနိုင်မယ့် အနေအထားမှာ အဲဒီဒေသမှာရှိတဲ့ လက်နက်ကိုင်တပ်က တပ်မတော်ရှိမယ်၊ အရှေ့ပိုင်းတိုင်းနဲ့ အလယ်ပိုင်းတိုင်း၊ နောက်ပြီးတော့ RCSS ရှိမယ်၊ ကားလမ်းတောင်ဖက် နောက်ပြီးတော့ PNO/PNA က ရှိမယ်၊ နောက်ကောင်ခဲဒေသရဲ့ ပအိုဝ်းပြည်သူ့စစ်ရှိမယ်၊ အဲဒီလို စုပေါင်းရှိနေတဲ့ အခါကြတော့ RCSS ကတော့ အဆင်မပြေဘူး၊ မြောက်ပိုင်းနဲ့ ကျန်တဲ့ PNO/PNA တို့ ကျန်တဲ့အဖွဲ့တွေကတော့ SSPP ဆိုရင် အားလုံးနဲ့ မဟာမိတ်ဖြစ်နေတော့ တောင်ဖက်ကို ဆင်းလာရင်တောင်မှ တောင်ကြီး၊ မိုင်းပွန်၊ လွိုင်လင်လမ်းကြော ကို မသုံးဘဲနဲ့ အင်းအနောက်ဖက်လမ်းကြော သော်လည်းကောင်း၊ သံလွင်အရှေ့ဖက် လမ်းကြော သော်လည်း ကောင်း သူတို့ သုံးနိုင်တယ်လို့ ကျနော်ယူဆတယ်၊ အဲဒါကြောင့် ရှမ်းတောင်မှာ ဘာပဲဖြစ်ဖြစ် ကရင်နီဖက်က အင်အားတစ်ချို့ လာရောက်နှောက်ယှက်တာက လွဲရင်ပေါ့၊ လောလောဆယ်တော့ လုံခြုံတဲ့ သဘောတော့ ရှိပါတယ်။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ RCSS က ပြောလိုက်တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်စစ်ကိုတွေ့ရစဉ်
RCSS အနေဖြင့် မြန်မာ့တပ်မတော်၏ အလယ်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်းတို့နှင့် နီးစပ်၍ဖို့ လိုအပ်သလို ၎င်းတို့ မဟာမိတ်ပြုထားသည့် ပအိုဝ်းအမျိုးသားအဖွဲ့ (PNO/PNA) တို့ဖြင့် နီးကပ်မှုရှိပါက ရှမ်းပြည်တောင်ပိုင်း တည်ငြိမ်လုံခြုံနိုင်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရေး RCSS မှ ပြန်ကြားရေးတာဝန်ခံများထံ ဖုန်းဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရသေးပေ။
တပ်မတော်က အာဏာရယူပြီးနောက် ၃ နှစ်ကျော် ကာလအတွင်း အကျိုးဆက်အားဖြင့် တိုင်းပြည်အနှံ့ တိုက်ပွဲ ဖြစ်ပွားခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု များပြားလာခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် နေရာဒေသ အသီးသီးတွင် လူဆိုး၊ သူခိုး၊ ဓါးမြ ပေါများလာကြောင်း၊ ထို့ကြောင့် ပြည်သူ လူထုများမှာ လူမှုဒုက္ခအဝဝနှင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း RCSS က ထုတ်ပြန်ခဲ့သည်။
သက်ဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ကြရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းသွားရန် RCSS က ထုတ်ပြန် တိုက်တွန်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1610
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉
ထိုင်းရောက် နိုင်ငံ့ဝန်ထမ်းများ အမည်မည်းစာရင်းမှ ပယ်ဖျက်နိုင်ရန် လျှောက်ထားနိုင်ကြောင်း သံရုံးမှ ထုတ်ပြန် ထားသော်လည်း လျှောက်ထားလာမည့် သူများအတွက် မည်သို့ စီစဉ်ပေးထားသည်ကို သေချာချပြရန်လိုအပ် ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ လျှောက်ထားလိုသူများအနေဖြင့် ဘန်ကောက်ရှိ မြန်မာသံရုံး၌သာ လျှောက်ထားရမည်ဖြစ်သောကြောင့် နယ်စပ်ဒေသများမှ လျှောက်ထားလိုသူများအတွက် အခက်အခဲဖြစ်စေကြောင်း၊ သို့သော် လူအများစုသည် ထိုအစီအစဉ်အား လျှောက်ထားကြမည် မဟုတ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တချို့တွေကြတော့ Blacklist စာရင်းထဲမှာ ပါတယ်၊ မပါဘူးဆိုတာ မသိတဲ့လူတွေ အများကြီးရှိတာပေါ့။ အဲဒီသံရုံးကို တိုက်ရိုက်သွားပြီး လျှောက်ဖို့ဆိုတာက နယ်မှာရောက်နေတဲ့ လူတွေအနေနဲ့ အဲဒါမျိုးဆိုရင်လည်း အခက်အခဲဖြစ်တယ်။ ပြီးတော့ အများစုရဲ့ ခံယူချက်ပေါ့ သူတို့အပေါ် မူတည်တာပေါ့။ သူတို့တွေက ဟိုမှာ မြန်မာ ပြည်ထဲမှာတုန်းက အစိုးရတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ သူတို့ရဲ့ အတိုင်းအတာတွေ အပေါ် လည်း မူတည်တာပေါ့။ သူတို့ ခံယူချက်တွေအပေါ် မူတည်ပြီး ဒီဟာကို ပြန်ပြီးလျှောက်ထားမလား၊ သွားဖို့အတွက် ဆုံးဖြတ်မလား အဲဒါသူတို့အပေါ် မူတည်တယ်။ သို့သော် အများစုကတော့ ဒီဟာမျိုးကို လုပ်မယ်လို့တော့ မထင်ဘူး။ ဒါကတော့ တစ်ဦးချင်းစီနဲ့ လည်း ဆိုင်သွားတယ်။ နောက်တစ်ခုကတော့ အခုကြော်ငြာလိုက်တာတော့ မှန်တယ်။ ဘယ်လောက်အထိ အဆင်ပြေအောင် ဒီလူတွေအတွက် စီစဉ်ပေးထားလဲပေါ့။ ဒါမျိုးတွေအပေါ်လည်း မူတည်သေးတာပေါ့” ဟု ပြော သည်။

CDM လုပ်ရန် တိုက်တွန်းနေသူများကို တွေ့ရစဉ်
ဘန်ကောက်ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ နိုင်ငံ့ဝန်ထမ်းများ အမည်မည်းစာရင်းမှ ပယ်ဖျက်ဖြေလျှော့ ပေးနိုင်ပါရန် လျှောက်ထားလျက်ရှိကြောင်း သိရသည်။
လျှောက်ထားလိုသူများအနေဖြင့် လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းအရင်းကို ဖော်ပြထားသော ကိုယ်ရေးစာ၊ ၆ လအတွင်း ရိုက်ကူးထားသော ဓါတ်ပုံ၊ ထိုင်းနိုင်ငံရှိ နေရပ်လိပ်စာ အပြည့်အစုံ၊ နိုင်ငံကူးလက်မှတ်၊ နိုင်ငံသား စိစစ် ရေးကဒ်ပြား မိတ္တူတို့အပြင် အခြားထည့်သွင်းလိုသော စာရွက်စာတမ်းများနှင့်အတူ လူကိုယ်တိုင်သော် လည်း ကောင်း၊ စာတိုက်မှတဆင့်လည်းကောင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်မှ အာဏာပိုင်များအနေဖြင့် အပြောနှင့်အလုပ် တစ်ထပ်တည်း မကျသည့်အတွက် ယခုကဲ့သို့ ဖြေလျှော့ပေးရန် လျှောက်ထားခိုင်းခြင်းအပေါ် ထိုင်းရောက် ဝန်ထမ်းများအနေဖြင့် အယုံအကြည် မရှိကြကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

CDM လုပ်ရန် တိုက်တွန်းနေသူများကို တွေ့ရစဉ်
၎င်းက “ဒါကတော့ ပရိယာယ်တစ်ခုလို့ပဲ ကျနော်သုံးသပ်တယ်။ ဒီကိုရောက်နေကြတဲ့ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ ဝန်ထမ်းတွေကတော့ အယုံအကြည် ကင်းမဲ့နေတာကို တွေ့ရှိရပါတယ်။ ဘာလို့လဲဆိုတော့ အပြောနဲ့အလုပ် ဘယ်တော့မှ တစ်ထပ်တည်း မကျတဲ့အတွက်ကြောင့်။ ဘာကြောင့်လဲဆို ဒါက သက်သက်မဲ့ကို နိုင်ငံတကာကို ဟန်ရေးပြတာတို့၊ နောက်သူတို့အပေါ်မှာရှိတဲ့ PRESSURE ဖိအားလေးတွေ လျော့ပါးစေရေး လုပ်တာတို့ နည်းလမ်းလေးတွေကို ပရိယာယ်သုံးပြီး လုပ်တယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့ တော်တော်များများ ကလည်း ဒီမှာ ရောက်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေက လူငယ်လူရွယ်တွေ များပါတယ်။ ၈၈ တုန်းက လိမ်ရင် လိမ်သလို ခံခဲ့ရပေမယ့် အခုမျိုးဆက်သစ်တွေက ကမ္ဘာကြီးကို စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း ထိတွေ့မှုဆိုတာ ကမ္ဘာပတ်ပြီး လျှောက်လှမ်းတာနဲ့ အတူတူ ဖြစ်တာကြောင့် ဘယ်သူမှ အယုံအကြည်မ ရှိဘူးဆိုတာ ထပ်လောင်း ပြောလိုပါတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲများဖြစ်ပြီးနောက် CDM ဝန်ထမ်းများ အပါအဝင် မြန်မာနိုင်ငံမှ လူအများစု သည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြခြင်းဖြစ်သည်။
ထိုသို့ ထွက်ပြေးတိမ်းရှောင် သွားကြသူထဲမှ အများစုသည် ထိုင်းအစိုးရမှ ထုတ်ပေးသည့် အထောက်အထားကဒ် များ ပြုလုပ်ကာ ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်လျက် ရှိနေကြသည်။
