- By CNI News
- Category: နိုင်ငံရေး
- Hits: 582
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂
၂၁၁၇ ခုနှစ် ရှမ်းနှစ်သစ်ကူးနှင့် ကောက်ဦးဆွမ်းကပ် လှူပွဲအတွက် အင်းတော်ကြီးဒေသ ဟွေဖာဆေ(နားလတန်း)ကျေးရွာတွင် ရှမ်းနီ တိုင်းရင်းသား/သူများ ပြင်ဆင်နေကြသည်ကို တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1011
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂
ပြည်ပ နိုင်ငံများသို့ အလုပ်အကိုင် အခွင့်အလှမ်းရှိသည်ဟုဆိုကာ တရားမဝင်အေဂျင်စီ အဖြစ် လုပ်ကိုင်နေမှုများကို တိုင်ကြားလာလျှင် အရေးယူသွားမည်ဟု အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်း ဌာနသို့ ပြောသည်။
“တရားမဝင်အေဂျင်စီကတော့ ကျနော်တို့ကတော့ အဲဒါတွေကို လိုက်ပြီးတော့ စုံစမ်းထောက်လှမ်းနေတဲ့ ဌာနတော့မဟုတ်ဘူး။ အဲဒီတော့ တိုင်မှရမယ်။ တိုင်မှလည်း သိမှာ။ ဘာလို့ဆို ကျနော်တို့ ရုံးတွေမှာ ရှိတာက လက်ရှိ လုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်အရ ကျနော်တို့ ဒီဟာတွေကိုလိုက်ပြီး နယ်မြေတွေဆင်းပြီး တစ်လမ်းဝင်၊ တစ်လမ်းထွက်နဲ့ ဟိုလူ့မေး၊ ဒီလူ့မေး အဲဒီလောက်အထိ ကျနော်တို့လုပ်ဖို့လည်း တာဝန်အရ မရှိဘူး။ အဲဒီတော့ပြောချင်တာက တိုင်လို့ရှိရင် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ဒါ ရဲ အရေးပိုင်ခွင့်ရှိတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒါ ကျနော်တို့ တရားစွဲပြီးချက်ချင်းအရေးယူမှာဖြစ်ပါတယ်။ အဲဒီတော့ မတိုင်ရင် ကျနော်တို့ ဘာမှ မသိနိုင်ဘူးပေါ့။ ဒီဥစ္စာကို မတိုင်ဘူး သူတို့ဘာသာသူတို့ ကျေနပ်နေတယ်ဆိုရင် ဒါ အင်မတန်မှ လုပ်ရကိုင်ရ ခက်တဲ့ကိစ္စမျိုးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ၌ ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူ များပြားနေသည့်အတွက် တရားမဝင် အေဂျင်စီ တို့သည်လည်း များပြားလာကာ ၎င်းတို့နှင့်ချိတ်ဆက်၍ ပြည်ပထွက် အလုပ်လုပ်သည့်အခါတွင် အခက်အခဲ၊ ဒုက္ခ များစွာကြုံရသကဲ့သို့ ငွေကြေးလိမ်လည်ခံလိုက်ရခြင်းများနှင့်လည်း ကြုံတွေ့နေရသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုတွင် လာရောက်လျှောက်ထားသူများအားတွေ့ရစဉ်
လိုင်စင်မရှိဘဲ အလုပ်သမားစေလွှတ်ခြင်းနှင့် အလုပ်သမားစုဆောင်းခြင်းတို့သည် ငွေဒဏ်တစ်ခုတည်းနှင့် မပြီးပြတ်ဘဲ ထောင်ဒဏ်ပါ ကျခံရနိုင်သည့် ကြီးလေးသော ပြစ်မှုဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဆက်ပြောသည်။
ယခင်ကတည်းက အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်သမားအရေးနှင့်ပတ်သက်၍ တိုင်ကြားသည့်အခါတွင် အရေးယူမှုအပိုင်းတွင် အားနည်းသကဲ့သို့ ယခုလက်ရှိကာလ၌ ပိုမိုအားနည်းနိုင်သည်ဟု FED မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ပြောသည်။
ထိုသို့ အရေးယူမှုအပိုင်း အားနည်းသည့်အတွက် ယခုကဲ့သို့ တရားမဝင်အေဂျင်စီ ပေါများလာပြီး လိမ်လည်မှု တို့မှာလည်း ပေါများလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးမင်းဦးက “တကယ့်တကယ်က လုပ်ချင်တယ်ဆို လုပ်လို့ရပါတယ်။ ဒါကို ကိုင်တွယ်လို့ရတာပဲဥစ္စာ။ ဥပမာ အားဖြင့် ထိထိရောက်ရောက်နဲ့ အရေးယူတရားစွဲပြီးတော့ လုပ်ပြလိုက်ရင် နောက် ကျန်တဲ့လူတွေက ဘယ်လုပ် ရဲပါ့မလဲ။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ဒါတွေက ဖြစ်နေမှာ။ အခုလိုအချိန်မှာဆို ပိုလို့တောင် အခွင့်ကောင်း ဖြစ်နေတာပေါ့ သူတို့အတွက်။ အရေးယူမှုအပိုင်းမှာ မပြတ်သားတဲ့ဟာတွေပေါ့နော်။ နောက်ပြီးတော့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ဆိုတဲ့ဟာတွေ။ အဲဒီလိုမျိုးတွေ ဖြစ်နေတာ။ အခုဆိုရင်တော့ အဲဒီ အရင်တုန်းက အခြေအနေတွေထက် ပိုပြီးတော့ ဆိုးမယ်လို့ ကျနော်ထင်တယ်။ လူတွေကလည်း တော်တော်များများကလည်း သူတို့ ရတဲ့နည်းနဲ့ ထွက်ဖို့ကြိုးစားတဲ့အခါမှာ ဟိုက တရားဝင်ဝင်၊ မဝင်ဝင်ပေါ့နော် ပြည်ပကို အမြန်ဆုံး ထွက်လို့ရတဲ့နည်းလမ်းကို ရှာကြတာ။ ဒီ မှန်တယ်၊ မှားတယ်ဆိုတဲ့ ကိစ္စတွေ သူတို့မစဉ်းစားနိုင်တော့ဘူး။ ပြောတဲ့အပေါ် ယုံပြီးတော့ လုပ်ကြတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ တရားမဝင်လမ်းကြောင်းမှ စေလွှတ်သည့် တရားမဝင်အေဂျင်စီများရှိသကဲ့သို့ လူအစုအဖွဲ့ဖြင့် အမှန်တကယ် လုပ်ကိုင်နေသည့် တရားဝင် အေဂျင်စီများ၏ အမည်နှင့် အချက်အလက်တို့ကို အသုံးပြုကာ ငွေကြေးလိမ်လည်နေခြင်းများလည်း ရှိကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် တန်းစီစောင့်ဆိုင်နေကြစဉ်
ထိုသို့ ကိစ္စရပ်များရှိနေသည့်အတွက် အမှန်တကယ် လိုင်စင်ဖြင့် တရားဝင်လုပ်ကိုင်နေသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများတွင် ထိခိုက်မှုရှိကြောင်း ပွင့်ဖူးအောင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက CNI သတင်းဌာနသို့ ပြောသည်။
“နောက်တစ်ခုက ဆရာမတို့ဆီကို ဖုန်းတွေဆက်လာတယ်။ ဘာတွေ ဆက်လာလဲဆိုတော့ ဒီလထဲမှာ စာချုပ် ချုပ်တာ မရှိဘူးလားပေါ့။ ကိုယ့်ကိုလည်း စာအုပ်လည်း လာမအပ်သေးဘူး၊ ကိုယ့်အေဂျင်စီကလည်း ဘာမှန်းလဲ မသိဘူး။ သူတို့မေးတဲ့ မေးပုံမေးနည်းကိုကလေ။ အလုပ်အပ်ချင်တဲ့သူတွေက အမြန်သွားချင်တယ် အလုပ်နဲ့ပေါ့။ အမြန်ရတဲ့ စာချုပ်ပေးပါတို့၊ အခုပေါက်တဲ့ ဈေးတွေလည်းသိတယ်။ ဈေးချိုချိုပေါ့။ နောက်ငွေလွှဲပေးပါ။ ဘယ်နေ့ ကို စာချုပ်ချုပ်တော့မယ်ပေါ့။ ရက်စွဲတွေ သူတို့ပေးတယ်။ ဒါပေမယ့် တကယ့်မှာကတော့ အဲဒီအေဂျင်စီတွေမှာ ဆရာမတို့ အေဂျင်စီတွေမှာလည်း အဲဒီအလုပ်တွေမရှိဘူး။ တကယ်အထိနာတဲ့သူတွေက ဘယ်သူတွေလဲဆိုတော့ မြန်မြန်သွားချင်တယ်၊ နောက် ဒီလထဲမှာ စာချုပ်ချုပ်ချင်တယ်၊ ဒီလထဲမှာ စာချုပ်ချုပ်ပြီးရင် သူတို့က အပြော ကောင်းတယ် ရက် ၂၀ အတွင်းတောင် ထွက်ရမှာတို့။ အမှန်တကယ်ကတော့ မြေပြင်အခြေအနေ အလုပ်လုပ် နေတဲ့လူတွေက ဆရာမတို့မှာ ၃ လကျော် ဟာတောင် ရှိတယ်။ စေလွှတ်ရက်တွေကပေါ့။ ကျော်တဲ့အကြောင်းအရင်းက တစ်ရက်မှ ၈၅၀ ပဲ စေလွှတ်လို့ရတာလေ။ အဲတော့ သူသူငါငါ စေလွှတ်နေတဲ့အချိန်မှာ ကိုယ်က ဒီလထဲမှာ သွားချင်တယ် ဆိုရင်တောင် ဆရာမက ဒီရက်ထဲ သွားတင်ရင်တောင် ဒီဇင်ဘာ ကုန်တော့ မှ ရတော့မှာ။ အနည်းဆုံး စာချုပ်ချုပ်ဆိုပြီးရင် ၂ လကျော်မှ သွားရတာများတယ်”ဟု ၎င်းကပြောသည်။
တရားဝင်အေဂျင်စီကိုသော်လည်းကောင်း တရားမဝင် အေဂျင်စီကိုသော်လည်းကောင်း တိုင်ကြားချင်လျှင် တိုင်ကြားမည့်သူ၏ အချက်အလက်အပြည့်အစုံလိုအပ်သကဲ့သို့ တိုင်ကြားသည့်အကြောင်းနှင့်ပတ်သက်၍လည်း အချက်အလက်အပြည့်အစုံလိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ထို့အပြင် ဝန်ကြီးဌာနသို့ တိုင်ကြားလာသည့်အထဲတွင် အချက်အလက်ပြည့်စုံ မှန်ကန်မည်ဆိုပါက တရားဝင် အေဂျင်စီဖြစ်သော်လည်း အရေးယူခြင်းများ လုပ်ဆောင်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1428
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဒေသကာကွယ်ရေးတပ် (PDF) တို့မှ ခရီးသွားလာသော ပြည်သူများထံမှ ငွေကြေး ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။
ငွေးကြေးကောက်ခံမှုကို လူခွန်ဟုဆိုကာ ကောက်ခံနေကြောင်း၊ KIA နှင့် PDF နှစ်ဖွဲ့ခွဲ၍ ကောက်ခံနေကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ကိုမျိုးဝင်းက CNI သတင်းဌာနသို့ ပြောသည်။
တနိုင်းမြို့အ၀င်ကိုတွေ့ရစဉ်
၎င်းက “သူတို့က လဝါး တစ်လျှေက်လောက်ပေါ့၊ အဲဒီလောက်မှာ သူတို့က စောင့်ပြီးမှ ဘယ်လိုပြောမလဲ၊ ဝါးထမ်း လို့ ပြောတာပေါ့၊ လူခွန်ပြောတာပေါ့နော်၊ ဝါးထမ်းလို့ ပြောတာပဲ၊ ကချင်လိုလား၊ မြန်မာလို ပြောတာလားတော့ မသိဘူး။ ဝါးထမ်းလို့ ပြောတာပဲ။ အဲဒါပထမက KIA ဘက်ကနေ ၅ သောင်း၊ ၅ သောင်းကို ကျနော်တို့ တောင်း တောင်း ပန်ပန်နဲ့ ၃ သောင်းပေါ့၊ နောက်ဆုံး ၃ သောင်းနဲ့ ရသွားတာ၊ တစ်ယောက်ကို ၃ သောင်းနှုန်း တောင်းတယ်၊ ကားတွေကတော့ ၁ သိန်း ကောက်ရင်ကောက်မယ်၊ ၂ သိန်းကောက်ရင် ကောက်မယ်ပေါ့၊ ကျနော်တို့ လူခွန်က တော့ ၃ သောင်း၊ နောက် ၃ သောင်းဆိုရင် လက်မှတ်လုပ်ပေးတယ်၊ အဲဒီလက်မှတ်နဲ့ လမ်းမှာ ကျနော်တို့ နောက် တစ်ခေါက် သွားရင်းနဲ့ အဲဒီလက်မှတ်ပြတာ မဟုတ်တော့ဘူးတဲ့ အဲဒီအတွက် မဟုတ်ဘူးတဲ့ ကျနော်တို့ကတော့ PDF ကပါတဲ့၊ PDF ကြတော့ ရန်ပုံငွေပေါ့၊ ၂ သောင်း ပြန်ထည့်ပေးတယ်၊ ရန်ပုံငွေလည်း ပြောတယ်၊ စေတနာ မရဘူး။ ၂ သောင်း ပြန်သတ်မှတ်တယ်၊ အဲဒီ ၂ သောင်း ပြန်ထည့်ရတာပဲ၊ ၅ သောင်း ကျသွားတာပေါ့” ဟု ပြော သည်။
ထို့နောက် တနိုင်းမြို့နယ်အတွင်း ပယင်းလုပ်ငန်းများ လုပ်ကိုင်နေသူများသည် KIA ထံ အခွန်ဆောင်ထားပြီးသာ ပယင်းကျောက်များကို သွယ်ဆောင်သွားစဉ် လမ်း၌ဖြတ်သန်းသွားလာသူများကို ငွေကြေးကောက်ခံနေသော KIA အဖွဲ့က သိမ်းဆည်းသွားသည်များ ကြုံတွေ့နေရကြောင်း၊ ထိုပယင်းများကို KIA က ၎င်းတို့သတ်မှတ်သော ဈေးနှုန်းဖြင့် ပြန်လည် ရွေးယူခိုင်းကြောင်း ၎င်းက ပြောသည်။
KIA လက်အောက်ခံ KPDF ကိုတွေ့ရစဉ် (kpdf-hopin)
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ CNI သတင်းဌာနမှ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ယခင်က PDF များသည် ငွေကြေး ကောက်ခံခြင်း မရှိကြောင်း၊ ယခုကောက်ခံမှုမှာ အထက်က ညွှန်ကြားချက်အရ ကောက်ခံနေသည်ဟု ယူဆကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် ယခင်က ပယင်းကျောက် တစ်အိတ်ကို KIA ထံ အခွန်အနေဖြင့် ကျပ်ငွေ ၅ ထောင် ပေးဆောင်ရ ကြောင်း၊ သို့သော်လည်း ယခုလ ပထမပတ်မှ စတင်ပြီး တစ်အိတ်လျှင် ကျပ်ငွေ ၂ သောင်းနှုန်းဖြင့် ကောက်ခံနေ ကြောင်း တနိုင်းဒေသခံ တစ်ဦးဖြစ်သူ ကိုဇော်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
ပယင်းကို စစ်ဆေးနေစဉ် (Hkun Lat)
၎င်းက “KIA ဘက်က ဖမ်းသွားတာပေါ့နော်၊ ပယင်းကျောက် ကုန်သည်တွေ ဆီကနေပြီးတော့မှ ပယင်းတွေ ဖမ်း သွားတာပေါ့နော်၊ အဲဒီ ကုန်သည်တွေကလည်း အားလုံးက အခွန်ဆောင်ပြီးသားပဲ၊ အခွန်ဆိုတာ KIA ဘက်က သတ်မှတ်ထားတဲ့ အခွန်တွေ၊ သူက ကားဂိတ်မှာ ဆောင်ရတာကိုး၊ ဒါပေမဲ့ ဂိတ်မှူးတွေ၊ ကားမောင်းတဲ့ သူတွေက သူတို့အဖွဲ့ကို သွားမပေးလို့များလား လာပြီးဖမ်းတာပေါ့နော်၊ လာပြီးဖမ်းတဲ့ အခါကြတော့ အကုန်လုံးပါသွားတယ်၊ ပါသွားတာက တန်ဖိုးက သိန်း ၁၀၀၀ ကျော်လောက်တော့ ရှိလိမ့်မယ် အနည်းဆုံး ၁၀၀၀ ဆိုရင် ကျနော်သိတဲ့သူ တောင် သိန်း ၁၀၀၀ လောက် ရှိနေပြီဆိုတော့ သိန်း ၁၀၀၀ ကျော်လောက်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်က ပြန်ရွေးခိုင်းတာ ရှိတယ်၊ ပြန်ပြီးတော့ ပိုက်ဆံပေးရတဲ့ အပိုင်းတွေ ရှိတယ်” ဟု ပြောသည်။
တနိုင်းဒေသတွင် KIA ၏ တပ်မဟာ (၉) လှုပ်ရှားလျက်ရှိကြောင်း၊ လက်ရှိတွင် KIA၊ PDF ပူးပေါင်းတပ်များ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
အဆိုပါ တနိုင်းဒေသတွင် မြန်မာ့တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 807
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁
အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန် Shri vinay Mohan Kwatra သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ အလုပ်သဘော လာရောက်၍ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ် စီမံခန့်ခွဲမှု၊ လုံခြုံရေးနှင့် ဆက်လက် ဆောင်ရွက်ဆဲ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အိန္ဒိယ၏ ပံ့ပိုး ကူညီမှုဆိုင်ရာ အရေးကြီးသော နှစ်နိုင်ငံ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
ဦးဝဏ္ဏမောင်လွင်နဲ့ အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန် Shri vinay Mohan Kwatra တို့တွေ့ဆုံစဉ်
အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန် Shri vinay Mohan Kwatra သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးညှိနှိုင်းမှု ကော်မတီ (NSPNC) ဥက္ကဋ္ဌလည်းဖြစ် နစက အဖွဲ့ဝင်လည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နစက တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
လက်ရှိတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်၌ အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသော ကသည်း၊ နာဂ သူပုန်များ ရှိနေသလို မြန်မာ့တပ်မတော်ကို တော်လှန်တိုက်ခိုက်နေသော နွေဦးတော်လှန်ရေး လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1428
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁
တပ်မတော်ကို မြန်မာ့နိုင်ငံရေးကနေ ဆုတ်ခွာဖို့ တောင်းဆိုမှုများ ရှိနေသော်လည်း နိုင်ငံရေးအရ သဘောတူညီ ချက်များ အရင်ရအောင် ယူထားနိုင်မှသာ လက်တွေ့အကောင်အထည် ဖော်နိုင်မည် ဖြစ်သည့်အတွက် မည်သည့် သဘောတူညီချက်များ ရယူထားသင့်လဲဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေးသမားများကြားတွင် ဆွေးနွေးငြင်းခုံ လျက်ရှိ နေသည်။
တပ်မတော်နှင့် အရပ်ဖက် ဆက်ဆံရေး ပုံမှန်အခြေအနေဖြစ်ရန် ကြိုးစားပြီး တပ်မတော်ကို နိုင်ငံရေးမှ ဆုတ်ခွာ ရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် မြန်မာ့နိုင်ငံရေးတွင် ၁၉၆၂ ကတည်းက ပါဝင်ခဲ့ကြောင်း၊ လတ်တလော အနေအထားအရ ဖယ်ရှားရန် မဖြစ်နိုင်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကကတော့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေတာက ပုံမှန်အခြေအနေမှ မဟုတ်ဘဲ၊ တချိန်ချိန်မှာ ကျနော်တို့က တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်ပေါ်လာဖို့ဆိုရင် ရွေးကောက်ခံ ကိုယ်စားလှယ်များနဲ့သာ ဖွဲ့စည်းတဲ့ လွှတ်တော် ဖြစ်ရမယ်၊ ဒါက ကျနော်တို့ နိုင်ငံရေး ရည်မှန်းချက်၊ သို့သော်လည်း ကျနော်တို့ နိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေအရ ပြောရရင် ၁၉၆၂ ကတည်းက စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ရုံတင် မကဘဲနဲ့ သူက လွှမ်းမိုးတဲ့ အခြေအနေမှာ တောက်လျှောက်ဖြစ်လာတဲ့ အခါကြတော့ လတ်တလော ဖယ်ရှားဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ သို့သော် တဖြည်းဖြည်းနဲ့ နိုင်ငံရေး တည်ငြိမ် ရင့်ကျက်လာတာနဲ့အမျှ နောက်တစ်ခါ စစ်တပ်နဲ့ အရပ် ဖက်၊ စစ်ဖက် ဆက် ဆံရေးကို ပုံမှန်အခြေအနေ ဖြစ်အောင် ကြိုးစားနိုင်တာနဲ့အမျှ တဖြည်းဖြည်းသာ စစ်တပ်ကို ပြန်ပြီးတော့ ဆုတ်ခွာဖို့ ကျနော်တို့ ကြိုးစားကြရမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
လက်ရှိ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် ဆုတ်ခွာမှ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ပြောဆိုမှုများလည်း ရှိနေသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက “အဓိကကတော့ ဖွဲ့စည်းပုံလို့ ပြောလို့ ရပါတယ်။ ဒီလို ပြောလိုက်လို့ ရှိရင်လည်း ဖွဲ့စည်းပုံဆိုတာ စာအုပ်တစ်အုပ်ပဲ ဖြစ်တယ်၊ ဒီဖွဲ့စည်းပုံကို လိုက်နာ ကျင့်ကြံဖို့ ဆိုလို့ရှိရင် လူသားတွေကပဲ လိုက်နာကျင့်ကြံရတာ ဖြစ်ပါတယ်။ လိုက်နာကျင့်ကြံဖို့ပဲ အဓိက ကြိုးပမ်း ရတာ ဖြစ်ပါတယ်။ အာဏာခွဲဝေမှုပါပဲ။ ဖွဲ့စည်းပုံဆိုတာ ပြည်ထောင်စုနဲ့ ပြည်နယ်ကြားမှာ ဘယ်လို အာဏာခွဲဝေ မလဲ၊ တနည်းအာဖြင့် ပြောရမယ်ဆိုလို့ရှိရင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အသီး သီး ကိုယ့်ဒေသကို အုပ်ချုပ်လိုတယ်၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်တိုင် လုပ်ချင်ကြတယ်ဆိုတဲ့ ရည် မှန်းချက်နဲ့ပဲ အလုပ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီအာဏာခွဲဝေရေးကို ကျမတို့ ဘယ်လို ညှိနှိုင်းလို့ ရမလဲဆိုတာကတော့ အရေးကြီးဆုံးပဲ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်ရေးကော်မတီ(NSPNC)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ တွေ့ဆုံမှုတွင်လည်း နိုင်ငံရေး ပါတီများမှ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် နောက်ဆုတ်ရန် တင်ပြတောင်းဆိုမှုများ ရှိသည်။
မြန်မာ့တပ်မတော် ဆန့်ကျင်ကြောင်း ဆန္ဒပြနေစဉ် (ဖရွန်တီးယားမြန်မာ)
ရခိုင်အမျိုးသားပါတီ (ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက “မြန်မာ့နိုင်ငံရေးမှာ တပ်မတော် နောက်ဆုတ်ဖို့ဆိုတာ တပ်မတော်ကတော့ အဲဒီ သဘောထား ပေးလိမ့်မယ် မထင်ဘူး။ အဲဒါကြောင့် မြန်မာနိုင်ငံမှာက ပါဝင်ပတ်သက်တဲ့ လူတွေ တကယ်လို့များ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ မူအပေါ်မှာ ခိုင်ခိုင်မာမာ နိုင်ငံရေး သဘောတူညီချက်တွေ ရယူဖို့ လိုလိမ့်မယ်၊ နိုင်ငံရေး သဘောတူညီချက် ရယူပြီးမှ ဒီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုလိမ့်မယ်ထင်တယ်၊ အမြန် ဆုံး အကောင်အထည်ဖော်နိုင်မှ ဒီမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာက ပြီးပြတ်မှု ဖြစ်သွားလိမ့်မယ်၊ အဲဒီလို အဖွဲ့တစ်ဖွဲ့ရဲ့ သဘောထားကို လိုက်ပြီး အကောင်အထည်ဖော်တဲ့ ပုံစံမျိုးဆိုရင်တော့က မြန်မာနိုင်ငံ နိုင်ငံ ရေး ပြဿနာက ဖြေရှင်းလို့ရနိုင်မယ့် အခြေအနေမျိုးမှာ ဖြေရှင်းဖို့အတွက် ရနိုင်မယ်လို့က မမြင်ဘူး။ အဲဒါကြောင့် အဓိက အရေးကြီးတာက တွေ့ဆုံသင့်၊ တွေ့ဆုံထိုက်တဲ့ သူတွေ တွေ့ဆုံပြီးရင် နိုင်ငံရေးသဘောတူချက် တစ်ရပ် ရယူပြီးမှ အဲဒီသဘောတူညီချက်ကို အမြန်ဆုံး လက်တွေ့ အကောင်အထည်ဖော်တဲ့ အစီအစဉ်တွေနဲ့ လုပ်ကိုင် ဆောင်ရွက်မှသာ မြန်မာနိုင်ငံ နိုင်ငံရေးပြဿနာ ပြီးပြတ်မယ်လို့ မြင်တယ်၊ ဒါကတော့ ကျနော့်အမြင်ပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအရ လွှတ်တော်၌ ရွေးကောက်ခံစရာ မလိုဘဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ကိုယ်စားလှယ်ခန့်အပ်ခွင့် ရရှိထားသည်။
အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ ပုဒ်မ ၆ (စ)တွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်း ကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဋ္ဌာန်းထားသည်။
တချို့သော နိုင်ငံရေးလေ့လာသုံးသပ်သူများကတော့ မြန်မာ့တပ်မတော်ကို နိုင်ငံရေးက ဆုတ်ခွာဖို့ တောင်းဆို နေသော်လည်း လက်နက်ကိုင်အဖွဲ့များကလည်း နိုင်ငံရေးက ဆုတ်ခွာဖို့လိုအပ်ကြောင်း၊ သို့မဟုတ်ပါက တပ် မတော်ကို နိုင်ငံရေးက ဆုတ်ခွာဖို့ ကြိုးပမ်းချက်မှာ အကောင်အထည် ပေါ်လာဖို့ အားနည်းနိုင်ကြောင်း သုံးသပ် ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2981
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉
ရက္ခိုင့်တပ်တော်(AA)၏ ရခိုင်ပြည်နယ် ခွဲထွက်ရေး ရည်မှန်းကြိုးပမ်းချက်ကို ဗမာလူထုတစ်ရပ်လုံးက ထောက်ခံကြမှာ မဟုတ်ဘူးဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာသည် ဗမာလူမျိုးစု အချင်းချင်းကြား မကြေလည်၍ ဖြစ်ပေါ်လာသည့် ပြဿနာဟု ULA/AA ဘက်က မြင်နေကြကြောင်း ၎င်းက ပြောသည်။
ဦးကြီးမြင့်က “ရခိုင်ကတော့ ခွဲထွက်ဖို့ပဲ လုပ်နေတယ် သူတို့ကတော့ ဒီဖက်ကို သူတို့က အပြတ်ပြောထားပြီးသားပဲ သူတို့ အချင်းချင်း ရန်ဖြစ်နေတာပဲ၊ ကျုပ်တို့နဲ့ မဆိုင်ဘူးတဲ့၊ ဗမာ၊ ဗမာချင်း ရန်ဖြစ်နေတာတဲ့ သူတို့က အဲဒီလိုမြင်တယ် ရခိုင်က၊ သူတို့က ခွဲထွက်မှာ သူတို့လည်း တကယ်ကြတော့ စစ်တပ်က သူ့ကို ဖိထားရင် စစ်တပ်က သူကလည်း ခွဲမထွက်နိုင်ဘူး။ တကယ် ခွဲထွက်တယ်ဆိုတာ လွယ်တာတော့ သိပ်မဟုတ်ဘူး။ နောက် ဗမာလူထုကြီး တစ်ရပ်လုံးကလည်း ခွဲထွက်တာကို ဘယ်သူမှ ထောက်ခံကြမှာ မဟုတ်ဘူး။ ခွဲထွက်တာကိုတော့ ထောက်ခံမှာ မဟုတ်ဘူး။ ကျန်တဲ့ဟာတော့ ထောက်ခံမှာ စစ်အစိုးရကို တိုက်မယ်၊ အဲဒါတွေ ခွဲထွက်သွားမယ်ဆို တဲ့ အထိတော့ ဗမာလူထုတော့ အဲဒီလောက်ထိတော့ သူ့ကို အားပေးမှာ မဟုတ်ဘူး။ အဲဒီလို ရှိတာကို။ ဒါကြောင့် မို့လို့ ဗမာပြည်ဟာ ပြည်တွင်းစစ်က ကြာနေမယ့် သဘောရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
မိမိတို့၏ နိုင်ငံရေး ရည်မှန်းချက်သည် အနိမ့်ဆုံး အဆင့်အနေဖြင့် ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်တူညီသော နိုင်ငံရေးအဆင့်အတန်းမျိုးကို ရလိုကြောင်း ရက္ခိုင့်တပ်တော် (ULA/AA) ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောကြားထားသည်။
လက်ရှိတွင် ULA/AA အနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြု အာရက္ခနိုင်ငံအစိုးရတစ်ရပ် ဖြစ်ရန် ကြိုးစားနေ သည့် ကာလဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။
ရခိုင်ပြည်ကို ယခင်ကတည်းက ဗမာဘုရင်များ ပိုင်ဆိုင်သည်ဟု ပြောလိုသည့် သဘောမျိုးလားဆိုသည်ကို မေးခွန်းထုတ်လိုကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
၂၀၁၆ ခုနှစ်၊ မိုင်ဂျာယန်မြို့မှာ တွေ့ရသည့် တိုင်းရင်းသားလူငယ်များ
၎င်းက “ရခိုင်တွေ ခွဲထွက်မှာကို ဗမာလူမျိုးတွေက လက်မခံဘူးဆိုတာ တခြားတိုင်းရင်းသားတွေတော့ မပြောတော့ဘူးပေါ့ဗျာ၊ ဗမာကတော့ သူတို့နိုင်ငံ ရခိုင်က သူတို့ နဂိုကတည်းက ပိုင်တယ်ဆိုတဲ့ သဘောမျိုး ပြောတာ လား မသိဘူး။ အဲဒီလူကို ပြန်မေးချင်တာကတော့ ရခိုင်ပြည်ကို ဗမာတွေ ဗမာဘုရင်တွေ သိမ်းပိုက်တာ ကျူးကျော်မှု မဟုတ်ဘူးလား။ အစကတည်းက တစ်နိုင်ငံတည်းမို့လို့ လာပြီးတော့ ဗမာအလံ စိုက်တာလား။ ဒါမှ မဟုတ် ကိုယ့်နိုင်ငံနဲ့ကိုယ် သီးခြားနေတဲ့အခါမှာ လာပြီးတော့ ဗမာဘုရင်တွေ ကျူးကျော်ပြီးတော့ သိမ်းပိုက်တာ မဟုတ်ဘူးလား။ အဲဒီလို မခံစားရဘူးလားလို့ဘဲ ကျနော်က ပြန်မေးချင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ULA/AA သည် လူထုထောက်ခံမှု ပိုမိုရရှိနေပြီး မြန်မာ့တပ်မတော်နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။
ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1205
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော AA၊ KIA၊ RCSS၊ KNU/KNLA-PC တို့မှ အဖွဲ့ဝင်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်ကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် နစက-က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် ရက္ခိုင့်တပ်တော်(AA)မှ အဖွဲ့ဝင် ၁၇ ဦး၊ ကချင်လွတ်လပ်ရေးတပ်မတော်(KI A)မှ အဖွဲ့ဝင် ၁၇ ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ အဖွဲ့ဝင် ၅ ဦး၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)မှ အဖွဲ့ဝင် ၂ ဦးတို့ဖြစ်သည်။
လက်ရှိတွင် AA၊ KIA တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ထို ၂ ဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)မထိုးရသေးသော အဖွဲ့များဖြစ်သလို နစက ကမ်းလှမ်း သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသော အဖွဲ့တို့ဖြစ်သည်။
RCSS နှင့် KNU/KNLA-PC သည် NCA ထိုးထားသော လက်နက်ကိုင်များဖြစ်ပြီး နစက ကမ်းလှမ်းသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးလျက်ရှိသော အဖွဲ့များဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1029
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများသည် လက်ရှိတွင် ဗီဇာသက်တမ်းတိုးလုပ်ဆောင်ခြင်းနှင့် နိုင်ငံကူး လက်မှတ်အသစ် ပြုလုပ်ရာတို့တွင် အခက်အခဲများရှိနေကြကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက် နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ကိုဗစ်ကာလများကြောင့် ရွှေ့ပြောင်းလုပ်သားများအား ထိုင်းမှ ဗီဇာသက်တမ်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ တိုးပေးထားခြင်းဖြစ်ကာ မကြာခင်တွင် သက်တမ်းကုန်တော့မည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အခက်အခဲများရှိနေကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
MWRNမှ အကြံပေး ဦးအောင်ကျော်က “တော်တော့်ကို ခေါင်းကိုက်စရာ ကောင်းလောက်အောင် အရှုပ်အထွေး တွေ ဖြစ်နေတယ်။ တချို့ကျတော့လည်း ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ဒေသအာဏာပိုင်တွေကနေ နေထိုင်ခွင့် အလုပ်လုပ်ခွင့်ထုတ်ပေးတဲ့ ပန်းရောင်ကတ် ဆိုတာမျိုး ရိုက်တဲ့ဟာနေရာကို ပြောင်းသွားတဲ့သူတွေကလည်း ပြောင်းသွား။ တစ်ချို့စက်ရုံတွေကလည်း လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေလည်း ရောဂါတွေကလည်း လျော့ပါးသွားပြီဖြစ်တဲ့အတွက်ကြောင့် တချို့စက်ရုံတွေလည်း စီစဉ်နေပြီဆိုတာက မြန်မာနိုင်ငံကို သူ့လုပ်သား တွေကို ပြန်ပို့မယ်။ ပို့ပြီးမှ ပြန်ပြီးမှ တရားဝင်စာချုပ်ချုပ်ပြီး ပြန်တက်မယ်။ လမ်းကြောင်းတွေ အမျိုးမျိုး သွားနေကြတယ်။ စက်ရုံတွေမှာ လျာထားနေကြတာ။ တချို့လည်း အလုပ်သမားတွေကို ဆွေးနွေးပွဲတွေမှာ ခေါ်ပြီး အသိပေးနေပြီ။ နေရပ်ကို ပြန်ပို့မယ်၊ စာချုပ်ချုပ်ပြီး ပြန်တက်မယ်။ တချို့ အလုပ်သမားတွေ ကြတော့လည်း နေရပ်ရေး မပြန်လိုပါဘူး။ ကျမတို့မှာ နေစရာအိမ်လည်းမရှိတော့ဘူး။ ကျမတို့ဒေသတွေမှာ စစ်မက်တွေ ဖြစ်ပွား နေပါတယ်။ ဒါတွေလည်း ကျနော်တို့ကို လာရင်ဖွင့်တာတွေ အများကြီးဆိုတော့ ကျနော်တို့လည်း ဘယ်လို လုပ်ပေးလို့ပေးရမှန်းမသိ ဖြစ်နေတာ။ တော်တော်လေးကို အခက်အခဲတွေရှိနေပါတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းတိုးဆောင်ရွက်နေကြသည့် နိုင်ငံခြားသားများ
ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ ထိုင်း-မြန်မာ နှစ်နိုင်ငံ MOU ရေးထိုးထားရာတွင် တစ်ဦးလျှင် ၄ နှစ်သက်တမ်းရှိပြီး ထိုင်းတွင် ဗီဇာသက်တမ်းတိုးရာတွင်လည်း ၂ နှစ်တစ်ကြိမ်ဖြင့် စုစုပေါင်း ၂ ကြိမ် သက်တမ်း တိုးရကြောင်းနှင့် ၄ နှစ်ပြည့်သည့်အခါ နေရပ်သို့ပြန်ရပြီး စာချုပ်ထပ်မံချုပ်ဆိုပြီးမှ ထိုင်းသို့တစ်ခါ ပြန်ဝင်ရခြင်း ဖြစ်ကြောင်း သိရသည်။
ပွဲစားများဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ဗီဇာသက်တမ်းတိုးခြင်းလုပ်ဆောင်ထားသည့် အချို့ မြန်မာရွှေ့ပြောင်းလုပ်သားများသည် ယခုလက်ရှိအထိ စာအုပ်ပြန်လည်မရရှိသေးသူများလည်း ရှိကြောင်း ထိုင်းရှိ အလုပ်သမားအရေးဆောင်ရွက်နေသူများထံက သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ PJ (passport for job) နိုင်ငံကူးလက်မှတ် သက်တမ်းကုန်မည့် မြန်မာရွှေ့ပြောင်း လုပ်သားများ နိုင်ငံကူးလက်မှတ်စာအုပ်အသစ်ပြုလုပ်သည့်အခါတွင် မြန်မာသံရုံး လုပ်ဆောင်နေပုံတချို့ကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“နိုင်ငံကူးလက်မှတ်ဆိုတဲ့ အနီရောင်စာအုပ်တစ်အုပ် ထုတ်လို့ရှိရင် တိုကင်လက်မှတ်ဝယ်ရတာက ရုပ်အဆိုးဆုံးပဲ။ ဒါဟာ နိုင်ငံရဲ့ image အတွက်လည်း မကောင်းဘူးပေါ့။ ဒီနေရာမှာ ဒီ စီနီယာနံပါတ်တွေရမှ ပတ်စပို့လျှောက်ရန် အတွက် ပတ်စပို့ဝင်ရိုက်ရမှာကို။ အဲဒီတော့ ဒီနံပါတ်တွေ ဒီကတ်ပြားတွေရဖို့အတွက် လူတစ်ယောက်ကို ဘတ် ၄၀၀၀ ကနေ ၆၀၀၀ အထိ ပေးဝယ်နေရတယ်။ အဲဒီတော့ စာအုပ်လုပ်တာ ၈၀၀၊ ၁၀၀၀၊ ၁၅၀၀ နဲ့ဆိုရင် လူတစ်ယောက်အတွက် ပတ်စပို့တစ်အုပ်က ဘတ် ၄၊ ၅ ၊ ၆၀၀၀၊ ၇၀၀၀ ကုန်တယ်။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာသံရုံးမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒီမြန်မာနိုင်ငံသားတွေအပေါ်မှာ ကုန်ကြမ်းပမာ အကျိုးစီးပွားတစ်ခုအဖြစ်နဲ့ လုပ်စားနေတာကို ကျနော်တို့ တွေ့ခဲ့ရတယ်။ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ဘယ်သူ့ကို အပြစ်ပြောရမလဲလည်း မသိပါဘူး။ အဲဒီတော့ ကြားထဲက မြေစာပင်ဖြစ်တာကတော့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေပဲပေါ့”ဟု ၎င်းက ပြောသည်။
ကိုဗစ်ကာလ ထိုင်းတွင် ဗီဇာသက်တမ်းတိုးဆောင်ရွက်နေကြသည့် အခြေအနေ
ထို့အပြင် နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ရန်အတွက် မြန်မာသံရုံးမှ ထုတ်ပေးသည့် ရက်ချိန်းအတိုင်း လာရောက် သော်လည်း ရုံးပိတ်ရက်များဖြစ်နေသဖြင့် သံရုံးမှာမဖွင့်လှစ်သောကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် နစ်နာမှုများရှိကြောင်း သိရသည်။
ကိုသားကြီးက “အဲဒါကပိုဆိုးတယ်။ အဲဒါကအများကြီးပဲ။ အစောကြီးကတည်းက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပတ်စပို့ထုတ်ပေးတဲ့ စခန်းတွေမှာ တာဝန်ယူတဲ့ပုဂ္ဂိုလ်တွေက ရွှေ့ပြောင်းလုပ်သားတွေကို ချိန်းလိုက်တဲ့ ဒိတ်မှာ ရုံးပိတ်ရက် ဟုတ်၊ မဟုတ်ဆိုတာကို သူတို့သိဖို့လိုအပ်တယ်။ အဲဒီတော့ ချိန်းလိုက်တဲ့ရက်က ရုံးပိတ်ရက်ကြီး မကြည့်ဘဲနဲ့ ရက်ချိန်းကို ဖြစ်သလိုပေးလိုက်တယ်။ အလွယ်တကူ လုပ်လိုက်တယ်။ တချို့ နယ်မြေက အဝေးက ရွှေ့ပြောင်းလုပ်သားတွေဆို ခဲရာခဲဆစ် အလုပ်ကနေ ခွင့်ယူရတယ်။ ရက်လွန်သွားရင်လည်း အလုပ်ဖြုတ်ခံရမှာ ကြောက်ရတယ်။ ဒီလိုအလုပ်သမားတွေအတွက် အရမ်း ဂယက်ရိုက်စေတယ်။ အရမ်း ဒုက္ခရောက်စေတယ်။ အားလုံးဟာ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းတယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ PJ (passport for job) နိုင်ငံကူးလက်မှတ် စာအုပ်အသစ်ပြုလုပ်ခြင်းအား နိုဝင်ဘာ ၇ ရက်နေ့တွင် စတင်ပြုလုပ်၍ ရကြောင်းနှင့် ကုန်ကျစရိတ်အနေဖြင့် ဘတ် ၈၀၀ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ထားခြင်းဖြစ်သည်။
သို့သော် လက်ရှိတွင် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ဗီဇာနှင့်ပတ်သက်၍ သော်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍သော်လည်းကောင်း ပွဲစားများဖြင့် ပြုလုပ်သည့်အခါတွင်လည်း ငွေကြေး လိမ်လည်ခံရမှုများပါ ကြုံတွေ့နေရကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1136
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈
အမျိုးသားနေ့တွင် နစက-က နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းကြောင့် လက်ရှိ နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်မည့် ဆွေးနွေးရေး လမ်းကြောင်းပေါ် ပြန်ရောက်လာရန် မျှော်လင့် ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
နစကသည် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသော အားဖြင့် ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြအေး၊ NLD မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့် နှင့် ဦးသိန်းဦး၊ NLD ဉပဒေအကြံပေး ဦးကျော်ဟိုး၊ NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ စာရေးဆရာမောင်သာချို၊ ရွှေညဝါဆရာတော်တို့ လွှတ်ပေးခဲ့သည်။
ထို့နောက် NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနယ်၊ ဗြိတိန် သံမတ် ကြီးဟောင်း မစ္စဗစ်ကီဘိုမန်းနှင့် ခင်ပွန်းသည်တို့ အပါအဝင် အကျည်းသား/သူ ၅၇၇၄ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့သည်။
နိုင်ငံရေးအရ တာဝန်ရှိသည့်ပုဂ္ဂိုလ်များ လွတ်မြောက်လာသည့်အတွက် ၎င်းတို့နှင့်ဆိုင်ရာ အဖွဲ့အစည်းများတွင် စွမ်းဆောင်နိုင်အားများ တိုးလာမည်ဟု မြင်မိကြောင်း ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့ကလေ လွတ်လာတဲ့သူတွေအတွက် ဝမ်းသာတာပေါ့၊ ဘာလို့လဲဆို မိသားစုနဲ့ ပြန်လည် ဆုံစည်းခွင့် ရတယ်ပေါ့။ ဒါကတော့ သာမန်လူသား တစ်ယောက်အနေနဲ့။ နောက်တစ်ခုကတော့ နိုင်ငံရေးအရ တာဝန်ရှိတဲ့သူတွေ လွတ်လာတဲ့အခါကြတော့ သူ့ဆိုင်ရာ၊ ဆိုင်ရာ အဖွဲ့အစည်းတွေမှာ စွမ်းဆောင်နိုင်တဲ့ လုပ်နိုင် တဲ့ အားလည်း တိုးလာတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ တဖက်ကကြလည်း မလွတ်သေးတဲ့ ကျန်နေတဲ့ ရဲဘော်တွေ အတွက်လည်း ကျနော်တို့က အမြန်ဆုံး လွတ်မြောက်ဖို့ ကျနော်တို့က တောင်းဆိုပါတယ်။ လွတ် လည်း လွတ်စေချင်တယ်၊ နိုင်ငံရေးတင်းမာမှု ရှိနေသမျှ ကာလပတ်လုံးက ဒီနိုင်ငံရေးအကျဉ်းသားက ရှိနေမှာပဲ၊ ဒါကြောင့် ကျနော်တို့က နိုင်ငံရေးအကျဉ်းသား ရှိနေတယ်ဆိုတာဟာ နိုင်ငံရေးပြဿနာ ဘယ်လောက် နက်နက် ရှိုင်းရှိုင်း ဖြစ်ပေါ်နေတယ်ဆိုတာ ပြသနေတာလည်း ဖြစ်တဲ့အခါကြတော့ ဒီဟာကို အမြန်ဆုံး ဖြေလျှော့နိုင်ဖို့ နိုင်ငံ ရေးနည်းအရ ဆွေးနွေးဖြေရှင်းတဲ့ လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ ကျနော်ကတော့ အဓိက မျှော်လင့်ပါတယ်” ဟု ပြောသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသားများမှာ ယခင်ကတည်းက ဖမ်းသင့်သည့်ပုဂ္ဂိုလ်များ မဟုတ်ကြောင်း၊ ၎င်းတို့မှာ ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ထားခြင်း မရှိကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
နစက၏ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသူများကိုတွေ့ရစဉ်
၎င်းက “ဒီတစ်ကြိမ်မှာတော့ သူတို့ ပဏ္ဍာယူတဲ့အနေနဲ့ ဒီလူတွေကို လွှတ်ပေးတာပေါ့ဗျာ၊ လွှတ်ပေးတယ်၊ လူကြား ကောင်းအောင်ပေါ့၊ သူတို့ သဘောထား ကြီးတယ်ဆိုတဲ့ ပုံစံပေါ့၊ ဆိုလိုတာက သူတို့အစိုးရရဲ့ ပုံရိပ်ကို ပြန်ပြီး အဖတ်ဆယ်ခြင်းသာ ဖြစ်ပါတယ်။ နောက်တစ်ခုက သူတို့ လာမယ့် ရှေ့ခရီးလမ်းအတွက်ပေါ့နော်၊ ရွေးကောက်ပွဲ လုပ်လာမယ်၊ အဲဒါမျိုးအတွက် သူတို့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို လုပ်တယ်၊ စလုပ်တယ်ဆိုတဲ့ ပုံစံမျိုး လည်း မြင်အောင်ပေါ့၊ အဲဒီလို လွှတ်ပေးတာ ဖြစ်တယ်၊ ဒါပေမဲ့ ဒီလူတွေမှာ လွှတ်ပေးတယ်လို့ ဆိုပေမဲ့ ကြိုးတုတ် ပြီးတော့ လွှတ်ပေးလိုက်တာပါ။ ဒီလူတွေ ဘာမှပြောခွင့် ဆိုခွင့်မရှိအောင် လက်မှတ်ထိုးပြီးတော့ တကယ်တမ်း ပြောရင် သူတို့ကို ဝေဖန်ထောက်ပြရင် ငါတို့ အရင်ပုဒ်မတွေရော၊ နောက်အသစ် ပုဒ်မတွေရော ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်း ကျခံရမယ်ဆိုတဲ့ ပုဒ်မနဲ့ အဲဒီလိုပဲ နိုင်ငံရေးသမားတွေကို လွှတ်ပေးလေ့ ရှိပါတယ်။ ကြိုးတုတ်ပြီး တော့ ပြန်လွှတ်ပေးလိုက်တာပေါ့ဗျာ၊ ပါးစပ်ပိတ်ပြီးတော့ ပြန်လွှတ်ပေးလိုက်တာပေါ့။ ဒါပါပဲ အဓိကကတော့” ဟု ပြောသည်။
နိုင်ငံရေးအရ ဖြေလျော့ရန် လိုအပ်သည့် အချိန်တွင် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းက အကောင်းဆုံး ပြယုတ်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။
နစက-ကသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လူဦးရေ ၅၇၇၄ ဦးကို လွတ်ပေးခဲ့ပြီး ထိုအထဲမှာ နိုင်ငံရေးပုဒ်မဖြင့် အရေးယူခံထားရသူ ၇၁၂ ဦး ပါဝင်သည်။
ယခု နစက၏ လွတ်ငြိမ်းအပေါ် ကြိုဆိုကြောင်း၊ ထိုသို့ ပြန်လွှတ်ပေးမှုသည် မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံး အကြား တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် စတင်ရန်အတွက် သင့်လျော်သော လမ်းကြောင်းမှန် ဖန်တီးရန် အရေးကြီးသည့် အပြုအမူဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်က နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။