CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၈

အပစ်ရပ် ၇ ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးမှ ချမှတ်သော နိုင်ငံရေးလုပ်ငန်းစဉ် အစီအစဉ်များ အကောင်အထည် ဖော်ရန်အတွက် ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် 7 EAO Alliance ၏ ဦးဆောင် အဖွဲ့ကို ဖွဲ့စည်းလိုက် ကြောင်း မတ်လ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ အနက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)တို့ မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့သည်။

ဗိုလ်မှူးကြီးစိုင်းငင်း၊ ဗိုလ်မှူးကြီးစောကျော်ညွှန့်နဲ့ မနန်းယဉ်ယဉ်စိုးတို့ကိုတွေ့ရစဉ်

ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၇ ဖွဲ့၏ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အား အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်းကို ဒုအဖွဲ့ ခေါင်းဆောင်အဖြစ် လည်းကောင်း တာဝန်ပေးခဲ့သည်။

အလားတူ အထွေထွေအတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးစိုင်းငင်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးစော ကျော်ညွှန့်၊ အဖွဲ့ဝင်များအဖြစ် နိုင်အောင်မငေး၊ ဗိုလ်မှူးချုပ် စောစိန်ဝင်း၊ ကျာယာကုပ်၊ ဗိုလ်မှူးကြီး ခိုင်ကျော် လှိုင်၊ PNLO မှ တစ်ဦး၊ ဦးမျိုးဝင်းတို့ ဖြစ်ကြသည်။

အပစ်ရပ် ၇ ဖွဲ့က “ မိမိတို့ 7 EAO ALLIANCE အနေဖြင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကာ ကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်ရာ အင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ်ဒီမိုကရေ စီ ပြည်ထောင်စုတည်ဆောက်နိုင်သည့်အထိ ဆက်လက်ပြီး ကြိုးပမ်းအားထုတ်သွားမည်”ဟု ထုတ်ပြန်ခဲ့သည်။

EAO ၇ ဖွဲ့ မျက်နှာစုံညီ အစည်းအဝေးကျင်းပနေစဉ်

မိမိတို့၏ အန္တိမရည်မှန်းချက်မှာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အပြည့်အဝ ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်သွားရန်ဖြစ်ပြီး မျှော် မှန်းချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှတဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်း ချမ်းရေး တည်ဆောက်သွားမည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် 7 EAO ALLIANCE သည် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှတဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ရလဒ် များ ဖော်ထုတ်နိုင်ရန် လူထု၏ သဘောထားများ ဖော်ထုတ်နိုင်သော အခင်းအကျင်းများ ဖန်တီးခြင်း၊ သက်ဆိုင် သည့် အဖွဲ့အစည်းများ အနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိမှုကို သိရှိစေခြင်း၊ အဓိပ္ပာယ်ပြည့်ဝ၍ နိုင်ငံရေး အပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရန် သက်ဆိုင်သူများအားလုံးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကို စဉ်ဆက်မပြတ် ကျင်းပခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု အပစ်ရပ် ၇ ဖွဲ့က ထုတ်ပြန်ခဲ့သည်။

 အလားတူ ရည်မှန်းချက်များ အနေဖြင့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ် လာစေရန်၊ နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်သူများအားလုံးနှင့် စဉ်ဆက်မပြတ်ကျင်းပသွားရန်၊ လက်ရှိ ပဋိပက္ခကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ အဖြေရှာလိုသော အင်အားစုများ၏ သဘောထားများ ဖော်ထုတ်နိုင်ရေး အတွက် အခင်းအကျင်းနှင့် နည်းလမ်းများ ဖော်ဆောင်သွားရန်နှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက် ရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိခြင်းကို သိရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။