CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၈

နစကမှ အတည်ပြုပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်သူလူထုများ စိုးရိမ်နေကြရပြီး ၎င်းအပေါ် မည်ကဲ့သို့ ကုစားရမလဲဆိုသည်ကို နိုင်ငံရေးအသိုင်းအဝိုင်းကြား ဆွေးနွေးလျက်ရှိနေသည်။

လက်ရှိတွင် ရန်ကုန်၊ နေပြည်တော် အပါအဝင် အခြားသော မြို့ကြီးများတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် လူစာရင်းကောက်ယူမှုများ၊ အစည်းအဝေး ခေါ်ယူမှုများ ပြုလုပ်လျက် ရှိနေသည်။

နစကအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ တိကျသော နည်းဥပဒေများ၊ လမ်းညွန်ချက်များကို ပြည်သူလူထုသိရှိရန် ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်း ပြည်သူ့ပါတီ (PP) မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တွေ့ရစဉ်

၎င်းက “အဓိက,က‌တော့ ဒီစစ်မှုထမ်းဥပဒေဆိုတာက ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ရှိတယ်ဆိုတော့ ဒီဟာက လက်ခံရမယ့် ကိစ္စပါ။ သို့သော်လည်းပဲ အခြေအနေ အချိန်အခါအပေါ်မှာ မူတည်ပြီးတော့ ပြည်သူကြားထဲမှာ စိုးရိမ်ကြောင်းကြမှု အရမ်းကြီးတယ်။ နောက်တစ်ခုက အုပ်ချုပ်ရေး အားနည်းချက်တွေလည်း ကျနော်တို့က တွေ့တယ်၊ တွေ့တယ်ဆိုတာက တစ်ရွာတစ်ပုဒ်ဆန်းသလို ဖြစ်နေတယ်၊ တစ်နေရာမှာ တစ်မျိုးစီလုပ်နေတော့ ပြီးတော့ ဒီခေတ်က ဆိုရှယ်မီဒီယာ ခေတ်ဆိုတော့ ဖြစ်သမျှသတင်းအားလုံးက လိုင်းပေါ်တက်လာတယ်၊ တက်လာတော့ အလန့်တကြားနဲ့ ရှောင်ကြ ပြေးကြဆိုတာမျိုးတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အဓိကကတော့ ဒီစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ တိကျတဲ့ နည်းဥပဒေ ညွန်ကြားချက်တွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်ကြေညာပေးဖို့လိုတယ်” ဟု ပြောသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား အကြောင်းပြု၍ ငွေကြေးကောက်ခံမှု၊ ခြိမ်းခြောက်၍ ငွေကြေးတောင်ခံ မှုများ ဖြစ်ပေါ်လာပါက မိမိတို့ ပြည်သူ့ပါတီထံ တိုက်ရိုက် တိုင်တန်းနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဦးကိုကိုကြီးက “ပြီးတော့ အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်ကိုလည်း တပြေးညီထဲ တစ်ပုံစံထဲ တိကျတဲ့ လမ်းညွန် ချက်တွေ ညွန်ကြားချက်တွေ သတ်မှတ်ပေးဖို့ လိုတယ်။ မဟုတ်ရင် အောက်ခြေမှာ အလန့်တကြားနဲ့ ငွေကြေး ပိုက်ဆံပေးပြီးတော့ ရှောင်တိမ်းဖို့ ကြိုးစားနေကြတာတွေရော တချို့ဟာကြတော့လည်း ငွေကြေးကောက်ခံတာ တွေရော ကျနော်တို့ ပုံစံမျိုးစုံ ကြားနေရတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ပြည်သူ့ပါတီဟာလည်းပဲ အကယ်၍ အဲဒါမျိုးခြိမ်းခြောက်တာ ငွေညှစ်တာမျိုးရှိခဲ့ရင် တိုက်ရိုက်တိုင်တန်းနိုင်ဖို့ ဖုန်းနံပတ်တွေ ကျနော်တို့ ပို့ပေးထား ပါတယ်။ အဓိကကတော့ နစကအစိုးရ အနေနဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ တစ်နိုင်ငံလုံးကို တစ်ပြေးညီ တိကျတဲ့ လမ်းညွန်ချက်၊ ညွန်ကြားချက်တွေ ထုတ်ပြန်ပေးဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်ဗျ” ဟု CNI သတင်း ဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း ပါဝင်သည်။

ထို့အတူ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားသော အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသော ကျွမ်းကျင်သူ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ် ပြည့် ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို ဆိုသည်။

ထိုပြည်သူ့စစ်မှုထမ်းဥပဒေအား အကောင်အထည်ဖော် ဆောင်ရာတွင် ပွင့်လင်းမြင်သာမှု လိုအပ်ကြောင်း၊ ထို ဥပဒေအား နားလည်တတ်ကျွမ်းသည့် ပညာရှင်ဖြင့် လုပ်ဆောင်ပါက ပို၍ အဆင်ပြေနိုင်ကြောင်း မွန်ညီညွတ်ရေး ပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီဥပဒေကို ထုတ်ပြန်လိုက်ပြီဆိုတာနဲ့ လူထုကြားထဲမှာ တော်တော်လေး ရိုက်ခတ်သွားတယ်ဆိုတာ လူ အများသိတယ်လေ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ် ဒီဥပဒေကို ပြဋ္ဌာန်းလိုက်ပြီဆိုတာနဲ့ လွှတ်တော်က ပြဋ္ဌာန်း လို့ရှိရင် တစ်မျိုးပေါ့နော်၊ အခုက စစ်ကောင်စီကနေ ပြဋ္ဌာန်းတယ်ဆိုတော့ တစ်မျိုးဖြစ်နေတော့ နောက်တစ်ခုက ကုစားတဲ့နည်းလမ်းက ဥပဒေမဖြစ်ခင် ပြည်သူလူထုကြားထဲမှာ ချပြပေးရမယ်။ ဒီဥပဒေဖြစ်ပြီး ဆိုလို့ရှိရင်လည်း ပြည်သူလူထုတွေကို နားလည်အောင် ရှင်းပြရမယ်။ ဒါတစ်ချက်ပေါ့။ နောက်ပြီးတော့ ဒီဥပဒေကို အကောင် အထည်ဖော်တဲ့နေရာမှာ နည်းဥပဒေတွေ လိုအပ်လာတယ်။ နောက်ပြီးတော့ ညွန်ကြားတွေကလည်း ဒီဥပဒေကို မကျော်လွန်ဖို့ နောက်ပြီးတော့ အကောင်အထည်ဖော်တဲ့ နေရာမှာလည်း ပွင့်လင့်မြင်သာမှုရှိဖို့ နောက်တစ်ခု တစ်ခုခု လွဲချော်မှားယွင်းခဲ့လို့ရှိရင် တိုင်းကြားမယ့် နေရာတွေ အရေးယူမယ့်နေရာတွေရှိဖို့ လိုအပ်တယ်။ လူထု ကြားထဲမှာ ဒီဥပဒေကို တကယ့်နားလည်တဲ့ ဥပဒေပညာရှင်တွေနဲ့ လုပ်လို့ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေမယ် ထင်တယ်” ဟု ပြောသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ နည်းဥပဒေ အသေးစိတ်အား ထုတ်ပြန်ခြင်း မရှိသေးသလို လူထုများအကြား အမျိုးမျိုးသော ကောလာဟလများလည်း ပျံ့နှံ့လျက်ရှိနေပြီး စိုးရိမ်လျက်ရှိနေကြသည်။

တချို့သော အာဏာပိုင်အဖွဲ့အစည်းများသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်းများ ပြုလျက်ရှိနေသည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။