CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၇

 

မိမိတို့ ၇ ဖွဲ့ထိန်းချုပ်ထားသည့် နယ်မြေအသီးသီးမှာ မိမိတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်ဖြင့် စတင် အုပ်ချုပ်သွားမည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထား သည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အစည်းအဝေး တစ်ရပ်ကို ထိုင်းနိုင်ငံ၊ ချင်းမြိက်မြို့မှာ ကျင်းပလျက်ရှိနေသည်။

အဆိုပါ အစည်းအဝေးကို မတ်လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပနေပြီး ဗိုလ်ချုပ်ကြီးယွက်စစ်က မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း ပြောသွားခဲ့သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “ မိမိတို့ ၇ ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေအသီးသီးတွေမှာ မိမိတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ ဒေသမှာ ရှိနေကြတဲ့ လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွါးရေး၊ ပညာေးရ၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမှာဖြစ်ပါတယ်။ တဖက်တွင်လည်း မိမိတို့ ၇ ဖွဲ့ကြား မှာ တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတဲ့ မူအတိုင်း ဆောင်ရွက်သွားဖို့လိုပါတယ်”ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ အပစ်ရပ် (၇)ဖွဲ့ မျက်နှာစုံညီ အစည်းအဝေးတက်ရောက်နေသူများကို တွေ့ရစဉ်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားများ သည် ဖက်ဒရယ်ထက် ကျော်လွန်းသည့် စဉ်းစားမှုများကို လုပ်လာမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဖြင့် တွေ့ဆုံစဉ်က ပြောကြားထားသည်။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်များသည် ဖက်ဒရယ်ကနေ ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်)သို့ တဖြေးဖြေး ပြောင်းလဲ စဉ်းစားလာနေသည်ကို တွေ့လာရသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ တစ်ဦးက ထောက်ပြသည်။

ရက္ခိုင့်တပ်တော်(AA)ကတော့ UWSA “ဝ”ထက် မနိမ့်သောအဆင့်အတန်းမျိုး သို့မဟုတ် ကွန်ဖက်ဒရေးရှင်း အဆင့်ကို ရယူမည်ဟု ကြွေးကြော်ထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးလည်း တက်ရောက်ခဲ့သည်။