- By CNI
- Category: နိုင်ငံရေး
- Hits: 502
CNI International News
မနီလာ၊ နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)အတွက် ဖြေရှင်း ရန် ခက်ခဲသည့် ပြဿနာတစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားခဲ့ကြာင်း CNA မှ ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၂၀ ရက်က အမေရိကန်နိုင်ငံ ဟာဝိုင်အီ (Hawaii) တွင် ပြုလုပ်သည့် ဖိုရမ်တစ်ခု၌ ဗွီဒီယို ဆက်သွယ်မှုမှ တစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ရာမှာ အာဆီယံအဖွဲ့၏ လုပ်ဆောင်မှုများ ရှိခဲ့သော်လည်း လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ သက်ရောက်မှု အပါအဝင် မြန်မာ့အရေးသည် ခက်ခဲသည့် ပြဿနာတစ်ခုဖြစ်ကြောင်း မားကို့စ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က တပ်မတော်မှ အာဏာကို ရယူပြီးချိန်ကတည်းက လူပေါင်း ၁ သန်းကျော် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို တွေ့ရစဉ်
"အာဆီယံအတွက် ဒီပြဿနာကို ဖြေရှင်းဖို့ ကြီးမားတဲ့ တွန်းအားရှိနေပါတယ်။ ဒါပေမယ့် ဒါဟာ အရမ်း၊ အရမ်းကို ခက်ခဲတဲ့ ပြဿနာဖြစ်ပါတယ်" ဟု မားကို့စ်က ပြောသည်။
ဖိလစ်ပိုင်သည် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ နေရာအတွက် မြန်မာနိုင်ငံနေရာတွင် အစားထိုး တာဝန်ယူ မည် ဖြစ်သည်။
ပြီးခဲ့သည့်လက တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးကတည်းက လူပေါင်းများစွာ အိမ်မဲ့ရာမဲ့ ဖြစ်ခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း ပဋိပက္ခများကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများ မြင့်တက်လာခဲ့ပြီး ထိုအခြေအနေ၏ သက်ရောက်မှုကို ဖိလစ်ပိုင်နိုင်ငံလည်း ခံစားခဲ့ရကာ ဖိလစ်ပိုင်နိုင်ငံသား များသည်လည်း လူမှောင်ခို ကူးခံခဲ့ရသည်ဟု မားကို့စ်က ပြောကြားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 548
CNI International News
ဂါဇာ၊ နိုဝင်ဘာ ၂၁
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ အယ်လ်ရှီဖာ (al-Shifa) ဆေးရုံ အောက်ဘက်တွင် ၅၅ မီတာ (ပေ ၁၈၀) အရှည်ရှိသည့် မြေအောက်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အစ္စရေးစစ်သားများ၏ စီးနင်းတိုက်ခိုက်မှု ခံနေရသည့် ဂါဇာ၏ အကြီးဆုံး ထိုဆေးရုံအောက်တွင် မြေအောက် လိုဏ်ခေါင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။
အစ္စရေးစစ်တပ်က ၎င်း၏ တရားဝင် Telegram ချန်နယ်တွင် တင်ခဲ့သည့် ဗွီဒီယိုတစ်ခု၌ အစ္စရေးစစ်သားတစ်ဦး သည် မြေအောက်လိုဏ်ခေါင်းအတွင်းသို့ ဆင်းနေသော မြင်ကွင်းကို မြင်တွေ့ရပြီး ထိုဗွီဒီယိုကို နိုဝင်ဘာ ၁၇ ရက် က ကင်မရာနှစ်လုံးဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ထိုဗွီဒီယိုများတွင် ကွန်ကရစ် လမ်းချိုးတစ်ခုကို ဦးတည်နေသည့် လှေကားတစ်ခုနှင့် တံခါးဟု ယူဆရသော အရာ တစ်ခုကို မြင်တွေ့ခဲ့ရသည်။
ဟားမာ့စ်အဖွဲ့ အသုံးပြုနေတဲ့ မြေအောက်လှိုဏ်ခေါင် တစ်ခုကိုတွေ့ရစဉ်
ထိုလိုဏ်ခေါင်းသည် လေကြောင်းတိုက်ခိုက်မှုများကို အကာအကွယ်ယူရန်နှင့် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် တူးထားသည့် လိုဏ်ခေါင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။
အဆိုပါ လိုဏ်ခေါင်းကို RPG များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ရိုင်ဖယ်များ အပါအဝင် လက်နက် အများအပြား တင်ဆောင်ထားသည့် မော်တော်ယာဉ်တစ်စင်းကို တွေ့ရှိခဲ့ရသည့် အယ်လ်ရှီဖာဆေးရုံ၏ မြေအောက်ခန်း အနီး တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။
အစ္စရေးစစ်တပ်သည် ဆေးရုံဝင်း၏ အပြင်ဘက်နံရံကို ဘူဒိုဇာဖြင့် ဖြိုချခဲ့ချိန်တွင် ထိုလိုဏ်ခေါင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၁၀ မီတာ အနက်ရှိသည့် ကြောင်လိမ်လှေကား တစ်ခုနှင့်အတူ ထူထပ်ခိုင်မာသည့် နံရံများအား တွေ့ရှိခဲ့ သည်ဟု အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီ (Daniel Hagari)က သတင်းထောက်များကို ပြောကြားခဲ့သည်။
"ဒီလိုဏ်ခေါင်းမှာ ကြီးမားတဲ့ သတ္တုကြောင်လိမ်လှေကား ပါဝင်ပြီး ၅၅ မီတာ အရှည်ရှိပါတယ်။ တံခါးတစ်ချပ်ကို လည်း တွေ့ခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ မိုင်းတွေနဲ့ ထောင်ချောက်ဆင်မှာကို စိုးရိမ်ရတဲ့အတွက် စစ်သား တွေဟာ ဒီတံခါးကို မဖွင့်သေးပါဘူး" ဟု ဟာဂါရီက ပြောသည်။
အစ္စရေးစစ်တပ်က မြေအောက်လှိုဏ်ခေါင်တစ်ခုကို ရှာတွေ့စဉ်
ထိုတံခါး၏ တစ်ဖက်ခန်းတွင် နောက်ထပ် လိုဏ်ခေါင်းတစ်ခု သို့မဟုတ် စစ်ဆင်ရေး ထိန်းချုပ်မှုနှင့် အမိန့်ပေး သည့် ကြီးမားသည့် အခန်းတစ်ခု ရှိနေနိုင်ကြောင်း ထောက်လှမ်းရေး အဖွဲ့များက သုံးသပ်ခဲ့ကြောင်းနှင့် စစ်သားများသည် နီးစပ်ရာ အဆောက်အအုံများတွင် နောက်ထပ် လိုဏ်ခေါင်းများ ရှိနိုင်ခြေ ရှိ၊ မရှိ ဆက်လက် ရှာဖွေလျက်ရှိသည်။
အစ္စရေးသည် အယ်လ်ရှီဖာ ဆေးရုံကို နိုဝင်ဘာ ၁၅ ရက်က စတင်ဝင်ရောက်ခဲ့ပြီးနောက် ထိုဆေးရုံဝန်းအတွင်း အဓိကအာရုံစိုက်ပြီး စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။
ဟားမာ့စ်အဖွဲ့သည် ထိုဆေးရုံကို ထိန်းချုပ်ရေးစင်တာ တစ်ခုအဖြစ် အသုံးချနေသည်ဟု အစ္စရေးက စွပ်စွဲထား သော်လည်း ဟားမာ့စ်အဖွဲ့နှင့် ဆေးရုံတာဝန်ရှိသူများကမူ အစ္စရေး၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 393
CNI International News
ဘေကျင်း၊ နိုဝင်ဘာ ၂၁
ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန်နှင့် ချက်ချင်း အပစ်အခတ်ရပ်စဲရန် တရုတ်၊ အာရပ်နှင့် မွတ်စလင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက နိုဝင်ဘာ ၂၁ ရက်တွင် တိုက်တွန်းခဲ့သည်ဟု ရိုက်တာ မှ ဖော်ပြခဲ့သည်။
အာရပ်နှင့် မွတ်စလင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ဘေကျင်းမြို့တော်သို့ လာရောက်သည့် ခရီးစဉ်အတွင်း ဂါဇာကမ်းမြောင် ဒေသအတွင်းသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်အရာ အကူအညီများ ပေးပို့ခွင့်ပြုရန်နှင့် ရန်လိုမှုများကို အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။
ထိုကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် တစ်လှည့်စီ တွေ့ဆုံ မည်ဖြစ်ပြီး ပါလက်စတိုင်းများအပေါ် တိုက်ခိုက်နေမှုများကို မိမိကိုယ်ကို ကာကွယ်မှုအဖြစ် သတ်မှတ်ဖော်ပြ နေသည့် အနောက်နိုင်ငံများအပေါ် ဖိအားပေးလျက်ရှိသည်။
ဂါဇာစစ်ပွဲကို တွေ့ရစဉ်
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် ဘေကျင်းမြို့တော်သို့ ရောက်ရှိလာသည့် ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (IOC) အကြီးအကဲများနှင့် အခြားအရာရှိများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ သည်။
"ကျနော်တို့ ပေးပို့ချင်တဲ့ ရှင်းလင်းပြတ်သားတဲ့ အမှာစကားကတော့ ကျနော်တို့တွေဟာ တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဂါဇာကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ချက်ချင်း ပေးပို့ဖို့ ဖြစ်ပါတယ်"ဟု ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး တော်ဝင်မင်းသား ဖိုင်ဆယ် ဘင် ဖာဟန် အယ်ဆွတ် (Farhan Al Saud) က ပြောကြားခဲ့သည်။
ယခုလအတွင်း ပြုလုပ်ခဲ့သည့် အစ္စလာမ်မစ်-အာရပ် ပူးတွဲညီလာခံတွင်လည်း ပါလက်စတိုင်း နယ်မြေများတွင် အစ္စရေးက ကျူးလွန်နေသည့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) ကို တိုက်တွန်းခဲ့သည်။
ဆော်ဒီကို အုပ်ချုပ်နေသည့် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ကို တွေ့ရစဉ်
ဆော်ဒီအာရေဗျကမူ ဂါဇာဒေသတွင် ရန်လိုမှုများကို အဆုံးသတ်စေရေးအတွက် အမေရိကန်နှင့် အစ္စရေးကို ဖိအားပေးရန် ကြိုးပမ်းနေပြီး ဆော်ဒီကို အုပ်ချုပ်နေသည့် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် (Mohammed bin Salman) သည် အာရပ်နှင့် မွတ်စလင်ခေါင်းဆောင်များကို စုစည်းပြီး အင်အားတောင့်တင်းရန် ကြိုးပမ်းနေသည်။
အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂၀၀ ခန့်ကို သတ်ဖြတ်ခဲ့ကာ ၂၄၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို လက်တုန့်ပြန်သည့် အနေဖြင့် အစ္စရေးက ဂါဇာဒေသတွင် လေကြောင်း တိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများ ပြုလုပ်ခဲ့သဖြင့် ကလေးငယ် ၅၅၀၀ ခန့် အပါအဝင် လူပေါင်း ၁၃,၀၀၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 705
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၂၀
ထိုင်းနိုင်ငံတွင် အာဏာရ ဖြူးထိုင်းပါတီသည် မျိုးဆက်အလိုက် အာဏာပြောင်းလဲမှုနှင့်အတူ ပါတီသမိုင်း တစ်လျှောက် အသက်အငယ်ဆုံး ခေါင်းဆောင်ဖြစ်သည့် ၃၇ နှစ်အရွယ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Sinawatra) ကို ရွေးချယ်ခဲ့မှုနှင့်အတူ အသက် ၃၀ မှ ၄၀ အရွယ်ကြား ခေါင်းဆောင်သစ်များကို ရွေးချယ်ခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ဖြူးထိုင်းပါတီ၏ အလုပ်အမှုဆောင် ဘုတ်အဖွဲ့မှ ဝါရင့် ခေါင်းဆောင်များကလည်း ယခုအချိန်သည် လူငယ်နိုင်ငံ ရေးသမားများကို တာဝန်များ လက်လွှဲပေးသင့်သည့် အချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ဖြူးထိုင်းပါတီသည် မေလအတွင်းက လူငယ်မဲဆန္ဒရှင်များ၏ ထောက်ခံမှုဖြင့် ရွေးကောက်ပွဲ အနိုင်ရခဲ့ သည့် Move Forward (MFP)ပါတီကို ယှဉ်ပြိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ သည်။
ယခုနှစ် မေလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမတိုင်မီ ၂၀၀၁ ခုနှစ်ကစပြီး ရှင်နာဝပ် မိသားစုနှင့် ဆက်နွှယ်မှုရှိ သည့် ပါတီများသည် ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့သည်။
Move Forward ပါတီခေါင်းဆောင်နဲ့ ဖြူးထိုင်းပါတီ ခေါင်းဆောင်ဖြစ်လာမည့် ပေတုန်တန်ကို တွေ့ရစဉ်
လက်ရှိအချိန်သည် လူငယ်နိုင်ငံရေး မျိုးဆက်သစ်များကို ဦးဆောင်ခွင့် ပေးရတော့မည့် အချိန်ဖြစ်ကြောင်း ဖြူးထိုင်းပါတီ အတွင်းရေးမှူးချုပ် ပရာဆတ် ချန်တာရာရွန်သောင် (Prasert Chantararuangthong) က ပြောကြားခဲ့သည်။
ဖြူးထိုင်းပါတီ၏ အလုပ်အမှုဆောင် ဘုတ်အဖွဲ့သစ် ရွေးချယ်ရန် အောက်တိုဘာ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ပါတီအစည်းအဝေးမတိုင်မီ ရက်အနည်းငယ်အလိုတွင် ရာထူးမှ ထွက်ခွာတော့မည်ဟု ၎င်းက ပြောသည်။
ဖြူးထိုင်းပါတီ၏ လက်ထောက် ခေါင်းဆောင်ဟောင်းဖြစ်သည့် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) ကလည်း ဖြူးထိုင်းပါတီသည် လူငယ်နိုင်ငံရေးသမားများကို နိုင်ငံရေးတာဝန် လက်ဆင့်ကမ်းရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
ဖြူးထိုင်းပါတီ အတွင်းရေးမှူးချုပ် ပရာဆတ် ချန်တာရာရွန်သောင်ကို တွေ့ရစဉ်
ပေတုန်တန်သည် ရှင်နာဝပ် မိသားစု၏ အရှိန်အဝါကြောင့် ပါတီခေါင်းဆောင်သစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည် ဆိုသော ဝေဖန်မှုများကိုလည်း ဖွမ်သမ်က ငြင်းဆိုခဲ့ပြီး ပေတုန်တန်အား ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း သည် ၎င်း၏ လုပ်ရည်ကိုင်ရည်ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ သမီးဖြစ်သူ ပေတုန်တန်ကမူ လူငယ်မျိုးဆက်သစ်များ၏ ဦးဆောင်မှုဖြင့် ဖြူးထိုင်းပါတီသည် လာမည့်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များ၏ ထောက်ခံမှုများဖြင့် အနိုင်ရရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် ဖြူးထိုင်းပါတီသည် လူငယ်မျိုးဆက်သစ်များနှင့် လူငယ်နိုင်ငံရေးသမားအများစု ပါဝင်သည့် MFP ပါတီကို ပြိုင်ဆိုင်ရန် ရည်ရွယ်ထားသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 635
CNI International News
ကိယက်ဗ်၊ နိုဝင်ဘာ ၂၀
ရုရှားသည် ယူကရိန်း၏ ကိယက်ဗ် (Kyiv) ၊ ပိုလ်တာဗာ (Poltava) နှင့် ချာကက်စီ (Cherkasy) ဒေသများကို ဒရုန်းများဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်းအရာရှိများက ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ရုရှားသည် ကိယက်ဗ်မြို့တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို သီတင်းပတ် အနည်းငယ်ကြာ ရပ်နားထားခဲ့ ပြီးနောက် ယခုကဲ့သို့ ဒရုန်းတိုက်ခိုက်မှု အသစ်များကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယူကရိန်း အရာရှိ များက ပြောသည်။
"ရန်သူတွေဟာ ဒရုန်းတွေကို နေရာပေါင်းစုံက လွှတ်တင်ပြီး ကိယက်ဗ်မြို့တော်ကို တစ်လှိုင်းပြီး တစ်လှိုင်း တိုက်ခိုက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒရုန်းတွေလွှတ်တင်တဲ့ လမ်းကြောင်းတွေကိုလည်း ပြောင်းလဲခဲ့ပါတယ်" ဟု ကိယက်ဗ် စစ်အုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆာဟီ ပေါ့ပ်ကို (Serhiy Popko) က Telegram လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
ကိယက်ဗ် စစ်အုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆာဟီပေါ့ပ်ကိုအား တွေ့ရစဉ်
"အဲဒါကြောင့် ကိယက်ဗ်မြို့တော်မှာ လေကြောင်းစီးနင်းတိုက်ခိုက်မှု တပ်လှန့်နှိုးဆော်ချက်တွေကို ထုတ်ပြန်ခဲ့ ရပါတယ်" ဟု ၎င်းက ပြောသည်။
ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်များသည် ရုရှားက အသုံးပြုသည့် အီရန်လုပ် Shahad ဒရုန်း ၁၀ စင်းကို ကိယက်ဗ်မြို့တော်နှင့် ဆင်ခြေဖုံး ဒေသများတွင် ပစ်ချနိုင်ခဲ့သည်ဟုလည်း ပေါ့ပ်ကိုက ပြောသည်။
ထိုတိုက်ခိုက်မှုများကြောင့် ယူကရိန်းဘက်တွင် အကြီးအကျယ် ထိခိုက်ပျက်စီးမှု သို့မဟုတ် ထိခိုက်၊ သေဆုံးမှုများ ရှိသည့် သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။
ယူကရိန်းနိုင်ငံအတွင်းက ရုရှားတိုက်ခိုက်မှုခံရသော အဆောက်အဦးကိုတွေ့ရစဉ်
ထို့ပြင် ရုရှားသည် ယူကရိန်း၏ ကာ့စ် (Kursk) ဒေသရှိ နယ်မြေများကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလေတပ်က နိုဝင်ဘာ ၁၉ ရက်တွင် ၎င်း၏ Facebook page တွင် ဖော်ပြခဲ့သည်။
ယူကရိန်းလေကြောင်း ကာကွယ်ရေး တပ်ဖွဲ့များသည် ရုရှား၏ ဒရုန်းအစင်း ၂၀ ထဲမှ ၁၅ စင်းကို ပစ်ချနိုင်ခဲ့သည် ဟုလည်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 610
CNI International News
မနီလာ၊ နိုဝင်ဘာ ၁၈
အမေရိကန်နှင့် ဖိလစ်ပိုင်သည် နိုဝင်ဘာ ၁၇ ရက်က သမိုင်းဝင် နျူကလီးယား သဘောတူစာချုပ် ချုပ်ဆိုခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုစာချုပ်အရ အမေရိကန်သည် နျူကလီးယားစွမ်းအင်ကို အသုံးပြုပြီး စွမ်းအင်ကဏ္ဍကို မြှင့်တင်ရန် ကြိုးပမ်းနေသည့် ဖိလစ်ပိုင်အား နျူကလီးယားနည်းပညာနှင့် ကုန်ကြမ်းပစ္စည်းများ တင်ပို့မည်ဖြစ်သည်။
"အမေရိကန်ဟာ အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုတွေနဲ့ အရပ်ဘက်သုံး နျူကလီးယား စွမ်းအင် အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့ လုပ်ဆောင်နေတဲ့ ဖိလစ်ပိုင်ကို ပစ္စည်းကိရိယာတွေနဲ့ ကုန်ကြမ်းတွေ မျှဝေ နိုင်တော့မှာပါ" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို (San Francisco) မြို့တွင် ပြုလုပ်သည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ညီလာခံတွင် ဖိလစ်ပိုင်နှင့် သီးသန့်တွေ့ဆုံသည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ထိုစာချုပ် ချုပ်ဆိုရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ကတည်းက စတင် လုပ်ဆောင်ခဲ့ ခြင်း ဖြစ်သည်။
"နျူကလီးယား စွမ်းအင်ဟာ ၂၀၃၂ ခုနှစ်မှာ ဖိလစ်ပိုင်ရဲ့ စွမ်းအင်ကဏ္ဍမှာ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ အမေရိကန်နဲ့အတူ ဒီလမ်းကြောင်းကို ဖောက်ခွင့်ရလို့ ကျနော်တို့ ပျော်ရွှင်တယ်ဆိုတာထက် ပိုပါတယ်" ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က မိန့်ခွန်း ပြောကြားခဲ့သည်။
အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ နျူကလီးယားစာချုပ် လက်မှတ်ထိုးကြစဉ်
ထို့ပြင် နျူကလီးယားစွမ်းအင်သည် ဖိလစ်ပိုင်-အမေရိကန် မဟာမိတ်နှင့် မိတ်ဖက် ဆက်ဆံရေးတွင် ထိရောက်စွာ အလုပ်ဖြစ်မှုကို ပြသသည့် နယ်ပယ်တစ်ခု ဖြစ်သည်ဟုလည်း မားကို့စ်ဂျူနီယာက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်ကုန်ပိုင်းအထိ အမေရိကန်သည် နိုင်ငံပေါင်း ၄၇ နိုင်ငံနှင့် သဘောတူညီမှုပေါင်း ၂၃ ခု ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သည် စွမ်းအင်လုံခြုံရေးကို မြှင့်တင်ရန်နှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို ကာကွယ်တားဆီးရေး အတွက် ကျောက်မီးသွေးစက်ရုံများကို အသုံးမပြုတော့ရန် ကြိုးပမ်းနေချိန်တွင် နျူကလီးယား စွမ်းအင်ကို ပြောင်းလဲအသုံးပြုရန် ဆန္ဒရှိနေသည်။
အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်သည် ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်း မတည်ငြိမ်မှု၊ စွမ်းအင်မလုံ လောက်မှုနှင့် လျှပ်စစ်ဓာတ်အားခများ မြင့်တက်မှုတို့နှင့် ရင်ဆိုင်နေရသည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 519
CNI International News
မော်စကို၊ နိုဝင်ဘာ ၁၈
နောက်တက်လာမည့် ရုရှားသမ္မတသစ်သည် လက်ရှိသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)လိုလူမျိုး ဖြစ်သင့် သည်ဟု ကရင်မလင် (Kremlin) ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့ ကြောင်း တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။
ရုရှား၏ ကျောင်းသားများ ထောင်ထားသည့် သတင်းချန်နယ်ဖြစ်သည့် MGIMO 360 နှင့် အင်တာဗျူး ပြုလုပ်ခဲ့ ချိန်တွင် နောက်တက်လာမည့် ရုရှားသမ္မတသည် မည်ကဲ့သို့ ဖြစ်သင့်သည်ဆိုခြင်းကို ပက်စ်ကော့ဗ်အား မေးမြန်း ခဲ့ရာ ၎င်းက "ပူတင်လို လူမျိုးဖြစ်ရပါမယ်။ မတူညီတဲ့ လူဖြစ်ပေမယ့် သူနဲ့ တူရပါလိမ့်မယ်" ဟု ဖြေကြားခဲ့သည်။
ရုရှား၌ သမ္မတရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ပြုလုပ်မည် ဖြစ်သည်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကို တွေ့ရစဉ်
ရုရှား ဖက်ဒရေးရှင်းကောင်စီသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲပြုလုပ်မည့် နေ့ရက် အတိအကျကို တရားဝင် ထုတ်ပြန်မည် ဖြစ်သည်။
ဒီဇင်ဘာလတွင် ရုရှားနိုင်ငံရေးပါတီများက ရွေးကောက်ပွဲအကြို ညီလာခံများ ပြုလုပ်ပြီး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို တရားဝင် အမည်စာရင်း တင်သွင်းမည်ဖြစ်သည်။
ပူတင်သည် ထိုရွေးကောက်ပွဲတွင် နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသော်လည်း သူသည် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိ/မရှိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 622
CNI International News
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၈
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida)သည် တစ်နှစ် အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် နိုဝင်ဘာ ၁၆ ရက်က တွေ့ဆုံခဲ့ချိန်တွင် နှစ်နိုင်ငံအကြားမဟာဗျူဟာမြောက် ဆက်ဆံရေးကို ထိန်းသိမ်းရန် ထပ်လောင်း အတည်ပြု ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အာရှ၏ စီးပွားရေးအင်အား အကြီးဆုံး တရုတ်နှင့်ဂျပန် ခေါင်းဆောင်များသည် ဂျပန်၏ ပင်လယ်စာများကို တရုတ်က ပိတ်ပင်မှု၊ တရုတ်တွင် သူလျှိုမှုစွဲချက်ဖြင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရမှုတို့ အပါအဝင် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာစေသည့် ပြဿနာများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ညီလာခံတွင် သီးသန့်တွေ့ဆုံခဲ့ချိန်က ရှီနှင့် ကီရှီဒါ တို့သည် စီးပွားရေးကိစ္စများနှင့် ပတ်သက်ပြီး ထိပ်သီးအဆင့် ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် ပို့ကုန်ထိန်းချုပ်မှုများ ကို ဆွေးနွေးရန် မူဘောင်များ ချမှတ်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ကတိပြုခဲ့ကြသည်။
နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားများကို အာရုံစိုက်သင့်ကြောင်းနှင့် နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် မဟာဗျူဟာ မြောက် ဆက်ဆံရေးကို ထပ်လောင်း အတည်ပြုသင့်ကြောင်း ရှီက ကီရှီဒါကို ပြောကြားခဲ့သည်။
တရုတ်နဲ့ ဂျပန် ဆက်ဆံရေးကိုတွေ့ရစဉ်
၂၀၀၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ချက်တွင် တရုတ်နှင့် ဂျပန်သည် မဟာဗျူဟာမြောက် ဘုံအကျိုးစီးပွားများအပေါ် အခြေခံပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် ဆက်ဆံရေးကို တည်ထောင်ရန် သဘောတူညီခဲ့သည်။
သို့သော်လည်း မကြာသေးမီက ဂျပန်သည် ငလျင်နှင့် ဆူနာမီလှိုင်းဒဏ်ကြောင့် ပေါက်ကွဲခဲ့သည့် ဖူကူရှီးမား (Fukushima) နျူကလီးယား ဓာတ်အားပေးစက်ရုံမှ ရေဆိုးများကို သန့်စင်ပြီး ပင်လယ်အတွင်းသို့ စွန့်ထုတ် ခဲ့သဖြင့် တရုတ်သည် ဂျပန်၏ ပင်လယ်စာများ တင်သွင်းမှုကို ပိတ်ပင်ခဲ့သဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး တင်းမာမှုများ ဖြစ်ပွားခဲ့သည်။
ထို့ပြင် ပင်လယ်စာ တင်သွင်းမှု ပိတ်ပင်ချက်ကို ပြန်လည်ရုပ်သိမ်းရန်နှင့် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် ဂျပန် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ရှီကို တောင်းဆိုခဲ့သည်ဟု ကီရှီဒါက အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဂျပန်အနေနှင့် ဖူကူရှီးမားစက်ရုံမှ ရေများကို စွန့်ထုတ်မှုအတွက် ထွက်ပေါ်နေသည့် စိုးရိမ်မှုများကို တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ပြဿနာများကို ဆွေးနွေးတိုင်ပင်မှုများဖြင့် အဖြေရှာရန် သဘောတူညီ ခဲ့ကြသည်ဟု ကီရှီဒါက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 628
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁၈
အစ္စရေးတွင် ဟားမာ့စ်တို့၏ ပြန်ပေးဆွဲ ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား ၂၅ ဦးသည် ဘေးကင်းလုံခြုံကြောင်း ဟားမာ့စ်အဖွဲ့က ထိုင်းအစိုးရအဖွဲ့ကို အာမခံချက် ပေးခဲ့သည်ဟု ထိုင်း၏ဓားစာခံများ ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းရေးအဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
အကယ်၍ အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိမည်ဆိုပါက ဓားစာခံများသည် ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက် လာလိမ့်မည်ဟု ထိုင်းနိုင်ငံရေးသမား လီပွန် ဆေးယက် (Lepong Syed) က ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့ချိန်အတွင်း လူ ၁၂၀၀ ထက် မနည်း သေဆုံးခဲ့ကာ လူပေါင်း ၂၄၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည်ဟု အစ္စရေးအစိုးရက ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံသားတွေ အမိမြေပြန်ရောက်လာစဉ်
ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို လက်တုန့်ပြန်သည့် အနေဖြင့် အစ္စရေးစစ်တပ်က ဂါဇာတွင် ဝေဟင်နှင့် မြေပြင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့သဖြင့် ကလေးငယ် ထောင်ချီ အပါအဝင် လူပေါင်း ၁၁၅၀၀ ကျော် သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးခံခဲ့ရသည့် ထိုင်းဓားစာခံများသည် ဘေးကင်းလုံခြုံပြီး မကြာမီတွင် အမိမြေသို့ ပြန်လည်ရောက်ရှိ လာလိမ့် မည်ဟု ဟားမာ့စ်အဖွဲ့က ထိုင်းအစိုးရကို အာမခံချက် ပေးခဲ့သည်ဟု အစိုးရက ဖွဲ့စည်းခဲ့သည့် ဓားစာခံများ ပြန်လည် လွတ်မြောက်ရေး ညှိနှိုင်းရေးအဖွဲ့ဝင် လီပွန်က ပြောကြားခဲ့သည်။
"ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားတွေ ဘေးကင်းလုံခြုံပါတယ်။ အပစ်အခတ်ရပ်စဲရေး ကြေညာချိန်မှာ သူတို့တွေ ပြန်လွတ်လာမှာပါ။ အပစ်အခတ်ရပ်စဲရေးဟာ ၁၀ ရက် ဒါမှမဟုတ် ရက်ပိုင်းအတွင်း ဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့် ရပါတယ်" ဟု လီပွန်က ပြောသည်။
ဟားမာ့စ်တစ်ဦးကိုတွေ့ရစဉ်
ထိုင်းမွတ်ဆလင် အများစုပါဝင်သည့် ထိုင်း၏ ဓားစာခံများ ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းရေးအဖွဲ့သည် ဟားမာ့စ် လက်နက်ကိုင်အဖွဲ့နှင့် နာရီနှင့်အမျှ ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
တိုက်ခိုက်မှုများ ဖြစ်ပွားချိန်တွင် အစ္စရေး၌ အလုပ်လုပ်ကိုင်နေသည့်် ထိုင်းနိုင်ငံသား ၃၀,၀၀၀ ခန့်ရှိပြီး အများစု သည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်ဟု ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း ထိုင်းနိုင်ငံသား ၃၉ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကာ အစ္စရေးနိုင်ငံမှ ထိုင်းနိုင်ငံသား ၈၅၀၀ ကျော်ကို ပြန်လည် ခေါ်ဆောင်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: CNA