- By CNI
- Category: နိုင်ငံရေး
- Hits: 1622
CNI International News
တိုင်ပေ၊ နိုဝင်ဘာ ၉
ထိုင်ဝမ်ကျွန်းအနီးရှိ ရေပြင်တွင် စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများကဲ့သို့ တရုတ်၏ လှုပ်ရှားမှုများကို တွေ့ရှိကြောင်း သတင်းပေးသူများကို ဆုငွေချီးမြှင့်မည်ဟု ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်သည် လုပ်အားနှုန်း အကန့်အသတ်သာရှိသည့် ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းစဉ်ကို တိုးမြှင့်ရန်အတွက် လူထု၏ အကူအညီကို ရယူရန် ကြိုးပမ်းခြင်းဖြစ်သည်။
တရုတ်က ၎င်း၏ နယ်နိမိတ်အဖြစ် အခိုင်အမာ ထွက်ဆိုထားသည့် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလှုပ်ရှားမှုများ ကို ၅ နှစ်ကြာ တိုးမြှင့်လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ပင်လယ်တွင် ကမ်းလှည့် ဆောင်ရွက်မှုများ၌ ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့များက ပိုမိုပါဝင်လာခဲ့သည်။
တရုတ်၏ စစ်ရေးလှုပ်ရှားမှုများတွင် တရုတ်၏ ကမ်းခြေစောင့်တပ်ဖွဲ့ ပူးပေါင်းပါဝင်မှု ပိုမိုများပြားလာကြောင်း ထိုင်ဝမ် တာဝန်ရှိသူများက ဆိုသည်။
ပင်လယ်ပြင်တွင် အန္တရာယ် ပိုမိုမြင့်တက်လာကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ထိုင်ဝမ်ကမ်းခြေစောင့်တပ် သင်္ဘောကိုတွေ့ရစဉ်
သတင်းစာ ရှင်းလင်းပွဲ၌ "ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ လူအင်အားက အကန့်အသတ် ရှိပေမယ့် ပင်လယ်ပြင်မှာ လူထုအင်အားက အကန့်အသတ် မရှိပါဘူး"ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။
ဒေသခံများအနေဖြင့် ပင်လယ်ရေကြောင်း လုံခြုံရေးကို သတိထားပြီး စောင့်ကြည့်ရန်နှင့် အနှောင့်အယှက်ပေး သည့် နည်းဗျူဟာပုံစံ အားလုံးကို သတိထားကြရန် ကမ်းခြေစောင့်တပ်ဖွဲ့က တိုက်တွန်းခဲ့သည်။
လူသတ်မှု၊ ပြန်ပေးဆွဲမှု သို့မဟုတ် ဓားပြမှုနှင့် ပတ်သက်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့ကို သတင်းပေးသူများအား ဒေါ်လာ ၆၂၀၀ ကျော်အထိ ဆုကြေးငွေ ချီးမြှင့်သွားမည်ဟု ဆိုသည်။
ထို့ပြင် သင်္ဘောများပေါ်တွင် ခိုးပြီးလိုက်ပါ စီးနင်းသည့် တရုတ်နိုင်ငံသားများနှင့် ပြည်ပနိုင်ငံသားများကို တွေ့ရှိ ကြောင်း သတင်းပေးသူများအား ဒေါ်လာ ၁၅၀၀ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် ထိုင်ဝမ်ရေပိုင်နက်အတွင်း တရုတ်စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများနှင့်ပတ်သက်ပြီး သတင်းပေး သူများအား ဒေါ်လာ ၉၀ ချီးမြှင့်သွားမည်ဟု ထုတ်ပြန်ထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2937
CNI International News
မော်စကို၊ နိုဝင်ဘာ ၉
ရုရှားသမ္မတ ဗလာဒီမာပူတင်(Vladimir Putin)က နိုဝင်ဘာ ၇ ရက်တွင် အမေရိကန်ရွေးကောက်ပွဲ၌ အနိုင်ရရှိ ခဲ့သည့် ဒေါ်နယ်ထရမ့် (Donald Trump)ကို ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ရုရှားအစိုးရအနေဖြင့် ထရမ့်နှင့် ဆွေးနွေးရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့် အနိုင်ရရှိခဲ့ပြီးနောက် ပထမဆုံး ပြောကြားသည့် မှတ်ချက်များတွင် ပူတင်က ထရမ့်ကို သတ္တိရှိသူဖြစ် ကြောင်း ချီးကျူးပြောကြားခဲ့သည်။
ထရမ့်သည် ဇူလိုင်လက ပန်ဆယ်ဗေးနီးယား(Pennsylvania) ပြည်နယ်တွင် ပြုလုပ်သည့် မဲဆွယ်လှုပ်ရှားပွဲ၌ မိန့်ခွန်းပြောနေချိန် လုပ်ကြံခံရစဉ် စီမံဖြေရှင်းခဲ့သည့် နည်းလမ်းများအတွက် ချီးကျူးပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျနော့် အမြင်မှာတော့ ထရမ့်ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံက နည်းလမ်းမှန်ပြီး သတ္တိရှိသူ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့အပေါ် ဂုဏ်ယူပါတယ်"ဟု ပူတင်က ရုရှားပင်လယ်နက် အပန်းဖြေမြို့ဖြစ်သည့် ဆိုချီ (Sochi) မြို့တွင် ပြောကြားခဲ့သည်။
မဲဆွယ်စည်းရုံးပွဲ ကာလအတွင်း ထရမ့် ပြောကြားခဲ့သည့် ယူကရိန်းပဋိပက္ခအပေါ် မှတ်ချက် စကားများ အပါအဝင် ရုရှားနှင့်ဆက်ဆံရေး ပြန်လည်ထိန်းသိမ်းမည်ဆိုသည့် မှတ်ချက်များသည် လူထု၏ အာရုံစိုက်မှုကို ရရှိခဲ့သည်ဟု ပူတင်က ပြောသည်။

ဒေါ်နယ်ထရမ့်နဲ့ ပူတင်ကို တွေ့ရစဉ်
ထရမ့်သည် မဲဆွယ်စည်းရုံးချိန် ကာလက သူသာ ရွေးကောက်ခံရမည်ဆိုပါက ၂၄ နာရီအတွင်း ယူကရိန်းကို ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်ပေးနိုင်ကြောင်း ပြောကြားခဲ့သော်လည်း ထိုသို့ ငြိမ်းချမ်းရေးရအောင် မည်သို့ လုပ်ဆောင်မည်ဆိုခြင်းကို အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။
ထရမ့် အနေဖြင့် အစည်းအဝေး ပြုလုပ်ရန် ပြောကြားမည်ဆိုပါက တွေ့ဆုံမည် ဟုတ်၊မဟုတ် မေးမြန်းခံရချိန်တွင် ပူတင်က သူ့အနေဖြင့် ထရမ့်အစိုးရအဖွဲ့က ဆန္ဒရှိသည့်အခါမျိုးတွင် ထိတွေ့ဆက်ဆံရန် အပြင် ထရမ့်နှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ဖြေကြားခဲ့သည်။
ထရမ့်သည် ရုရှားအေးဂျင့်တစ်ဦး၏ ဩဇာလွှမ်းမိုးမှုကို ခံခဲ့ရကြောင်း အနောက်တိုင်း မီဒီယာများက ဖော်ပြခဲ့သော် လည်း ထိုသတင်းကို ရုရှားနှင့် ထရမ့်တို့က ငြင်းဆိုခဲ့သည်။
ထရမ့်သည် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က ရုရှားအပေါ် တင်းမာစွာ ဆက်ဆံခဲ့သည်ဟု ရုရှားအရာရှိများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2963
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၉
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) အနိုင်ရရှိခဲ့ပြီးနောက် အမေရိကန်သည် ထိုင်းနယ်စပ်တွင် လက်ရှိနေထိုင်နေသည့် မြန်မာဒုက္ခသည်များအတွက် ရွှေ့ပြောင်းနေရာ ချထားရေး အစီအစဉ်ကို ဖျက်သိမ်းဖွယ်ရှိကြောင်း The Nation မှ ဖော်ပြခဲ့သည်။
မြန်မာဒုက္ခသည် ၆၀,၀၀၀ အတွက် နေထိုင်ခွင့်ပေးမည်ဟု ကမ်းလှမ်းသည့် တတိယနိုင်ငံကို ရွှေ့ပြောင်းနေရာ ချထားပေးမည့် ထိုအစီအစဉ်ကို ထိုင်းအစိုးရနှင့် လက်ရှိ ဒီမိုကရက်ပါတီ ဦးဆောင်သော အမေရိကန်အစိုးရတို့က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
သို့သော် နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဒီမိုကရက်များ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်တက်လာ မည့် ထရမ့်အစိုးရအဖွဲ့သည် လူ့အခွင့်အရေးကိစ္စများကို ဦးစားပေးမည် မဟုတ်သဖြင့် ထိုအစီအစဉ်ကို ပယ်ဖျက် ဖွယ်ရှိသည်ဟု အာရှလူ့အခွင့်အရေးနှင့် အလုပ်သမားရေး ထောက်ခံရေးအဖွဲ့၏ ညွှန်ကြားရေးမှူး ဖီးလစ် ရောဘတ်ဆန် (Philip Robertson) က ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြနေကြစဉ်
Krungthep Turakij သတင်းစာနှင့် နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ရောဘတ်ဆန်က ထရမ့်၏ ဦးဆောင်မှုအောက်၌ အမေရိကန်သည် ဈေးကွက် ကာကွယ်ရေးမူဝါဒကို အကောင်အထည် ဖော်မည် ဖြစ်ပြီး ပြည်ပနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်များအပေါ် အခွန်ကို အနည်းဆုံး ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် ထိုင်း၏ အကြီးဆုံး ပို့ကန်ဈေးကွက်ဖြစ်သဖြင့် ထိုအစီအစဉ်သည် ထိုင်း၏ ပို့ကုန်ကဏ္ဍကို ထိခိုက်စေလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။
ထရမ့်သည် အမေရိကန်တွင် နှစ်ပေါင်းများစွာကြာ နေထိုင်သည့် အမေရိကန်နိုင်ငံသား မဟုတ်သူများကို ဖမ်းဆီး ပြီး နေရပ်ပြန်ပို့မည်ဆိုသော မူဝါဒ အပါအဝင် မဲဆွယ်စည်းရုံးချိန်ကာလက ကတိပြုခဲ့သည့် မူဝါဒများအား အကောင်အထည် ဖော်မည်ဆိုပါက အမေရိကန်တွင် ပရမ်းပတာ အခြေအနေ ဖြစ်ပွားလာနိုင်ကြောင်း ရောဘတ်ဆန်က ခန့်မှန်းပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
"နိုင်ငံခြားသားတွေ အထူးသဖြင့် လက်တင်အမေရိက နိုင်ငံသားတွေဟာ နေရပ်ပြန်ပို့ ခံရနိုင်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်း ရွှေ့ပြောင်း နေထိုင်သူတွေဟာ နေရပ်ပြန်ပို့ခံရနိုင်ပြီး အမေရိကန်မှာမွေးတဲ့ သူတို့ရဲ့ ကလေးတွေ ကတော့ အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရပြီး အမေရိကန်မှာ ဆက်နေနိုင်ပါလိမ့်မယ်"ဟု ရောဘတ်ဆန်က ပြောကြားခဲ့သည်။
ထိုကဲ့သို့ နေရပ်ပြန်ပို့မှုများသည် အစိုးရနှင့် ပြည်သူအကြား ထိပ်တိုက်တွေ့မှု၊ မိသားစုများ ကွဲကွာမှုများ ဖြစ်စေနိုင် လိမ့်မည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် ထရမ့်သည် တရားရေးဝန်ကြီးဌာနနှင့် တရားရေးစနစ်ကို ကြားဝင်စွက်ဖက်လိမ့်မည်ဖြစ်ပြီး ၎င်းအား ဆန့်ကျင်သည့် ပြည်နယ်အုပ်ချုပ်ရေးမှူးများကို တရားရေးအရ အပြစ်ပေးလိမ့်မည်ဟုလည်း ရောဘတ်ဆန်က ပြောကြားခဲ့သည်။
ထရမ့်သည် အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချခွင့်ကို တားမြစ်သည့် မူဝါဒများ ထုတ်ပြန်နိုင်သဖြင့် ဆန္ဒပြမှုများ လည်း ဖြစ်ပွားလာနိုင်သည်ဟု ရောဘတ်ဆန်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 1665
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၈
ဒေါ်နယ်ထရမ့်(Donald Trump)သည် သူ၏သမ္မတ ဒုတိယသက်တမ်းတွင် အာဏာရှင်ခေါင်းဆောင်များနှင့် အစိုးရများအတွက် ပိုမိုကောင်းမွန်သော ညှိနှိုင်းမှုဖြင့် သံတမန်ဆက်ဆံရေး၌ သိသာထင်ရှားသော အပြောင်းအလဲ များ ဖြစ်လာနိုင်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထရမ့်၏ သမ္မတပထမ သက်တမ်းအတွင်း "အမေရိကန်ပထမ"မူဝါဒသည် တစ်ဖက်သတ် လုပ်ဆောင်မှုနှင့် မဟာမိတ်များအပေါ် သံသယစိတ်များကို အလေးပေးထားကြောင်း၊ ထိုချဉ်းကပ်မှုသည် ဒုတိယသက်တမ်းတွင် ပိုမိုပြင်းထန်လာနိုင်သည်။
ထရမ့်သည် ရုရှားသမ္မတ ပူတင်(Vladimir Putin)၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong-un)နှင့် ဘရာဇီးလ်သမ္မတဟောင်း ဘော်ဆိုနာရို(Jair Bolsonaro) အပါအဝင် အာဏာရှင်ဆန်သော ခေါင်းဆောင် များအပေါ် တစ်ခါတစ်ရံ ချီးမွမ်းပြောကြားလေ့ရှိသည်။

ထရမ့်နဲ့ ဟန်ဂေရီဝန်ကြီးချုပ်ကို တွေ့ရစဉ်
ထိုသို့ ပြောကြားမှုသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအပေါ် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဦးစားပေးသော ခေါင်းဆောင်များအပေါ် စိတ်ဝင်စားသည့် သင်္ကေတတစ်ရပ်ဖြစ်သည်။
အာဏာရှင်နိုင်ငံများနှင့် မဟာဗျူဟာမြောက် အကျိုးအမြတ် သို့မဟုတ် စီးပွားရေး အကျိုးအမြတ်များကို ဦးစား ပေးခြင်းဖြင့် အမေရိကန်သည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ မြှင့်တင်ရေးအပေါ် အာရုံစိုက်မှုကို လျှော့ချနိုင်ဖွယ် ရှိနေသည့်သဘောဖြစ်သည်။
ထရမ့်၏ ဒုတိယမြောက် သမ္မတသက်တမ်းသည် ရုရှားနှင့် တရုတ်ကဲ့သို့ နိုင်ငံများနှင့် အနီးကပ် ဆက်ဆံရေး တစ်ရပ် ရှိလာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။
ထိုအခြေအနေမျိုးတွင် နေတိုးနှင့် ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် ထောက်ပံ့မှုများ လျော့ကျ သွားနိုင်သည်။

အာဂျင်တီးနားဝန်ကြီးချုပ်ကို တွေ့ရစဉ်
ထရမ့်သည် နေတိုးနှင့် ကုလသမဂ္ဂတို့အား ထိရောက်မှုမရှိသည့် အဖွဲ့များ သို့မဟုတ် အမေရိကန်အကျိုးစီးပွားကို ဆန့်ကျင်သည့် ဘက်လိုက်သည့်အဖွဲ့များဟု ယခင်က စွပ်စွဲခဲ့ဖူးသည်။
ထိုအပြောင်းအလဲကို လူထုအကျိုးမျှော်ဝါဒီနှင့် အမျိုးသားရေး မူဝါဒများအပေါ် ပိုမို လုပ်ဆောင်ခဲ့ကြသည့် ဒီမိုကရေစီနိုင်ငံအချို့ ပါဝင်သော ကမ္ဘာလုံးဆိုင်ရာ ကျယ်ပြန့်သည့် ခေတ်အခြေအနေ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်နိုင်သည်။
ထိုအခြေအနေကြောင့် ကမ္ဘာ့စင်မြင့်ထက်တွင် အမေရိကန်၏ ခေါင်းဆောင်မှုပိုင်းနှင့် အမေရိကန်အပေါ် ယုံကြည် အားကိုးမှုကို လျော့ပါးစေနိုင်သည်ဟု ဝေဖန်သူများက သုံးသပ်ခဲ့ကြသည်။
ထောက်ခံသူများကမူ ထရမ့်သည် နိုင်ငံခြားရေးမူဝါဒ ဦးစားပေး ကိစ္စရပ်များကို ပြန်လည်ချိန်ညှိရန် လိုအပ်သဖြင့် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရှုမြင်နိုင်ကြောင်း ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 3076
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၈
အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်(Donald Trump)နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong-un) တို့၏ ဆက်ဆံရေးသည် အပြောင်းအလဲ မြန်ဆန်ပြီး ထရမ့်၏ ယခင်သမ္မတ သက်တမ်းအတွင်း တင်းမာမှုများ မြင့်တက်ရာမှ သံတမန်ဆက်ဆံရေးအထိ အပြောင်းအလဲရှိခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်၏ သမ္မတသက်တမ်း အစောပိုင်းကာလအတွင်း ကင်မ်အား "ဒုံးကျည်လူသားလေး"ဟု ခေါ်ဆိုလေ့ရှိပြီး ၎င်း၏ရန်လိုမှုများကို သတိပေး ပြောကြားလေ့ရှိသည့်အတွက် ပဋိပက္ခတစ်ရပ် ပေါ်ပေါက်လာမည့်အရေးကို စိုးရိမ်နေကြသည်။
သို့သော် ၂၀၁၈ ခုနှစ်တွင် ထရမ့်သည် စင်္ကာပူ၌ ကင်မ်နှင့် သမိုင်းဝင် ထိပ်သီး အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ရာ လူအများ အံ့အားသင့်ခဲ့ကြသည်။

မြောက်ကိုရီးယားဘက်ကို ဒေါ်နယ်ထရမ့် သွားရောက်စဉ်
ထိုထိပ်သီး ဆွေးနွေးပွဲတွင် ခေါင်းဆောင်နှစ်ဦးသည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ဖျက်သိမ်းရေးကို ဦးတည်ဆောင်ရွက်ရန် ကတိပြုခဲ့ကြသည်။
ခိုင်မာသော ရလဒ်များ ရရှိခဲ့ခြင်းမရှိသော်လည်း ထိုထိပ်သီး အစည်းအဝေးကို အောင်မြင်မှု တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်း (Hanoi) မြို့၌ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင် နှစ်ဦးသည် မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အလဲအလှယ်အဖြစ် ပိတ်ဆို့ အရေးယူမှု ဖြေလျှော့ပေးရန် သဘောတူညီချက်ကို ရရှိခြင်းမရှိခဲ့ပေ။
ထို့နောက် နှစ်နိုင်ငံကြား တင်းမာမှုများ တစ်ဖန်ပြန်လည် မြင့်တက်သွားခဲ့ပြီး ထရမ့်က ကင်မ်၏အစိုးရကို ပြင်းထန် သော ဝေဖန်တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့သည်။

ကင်မ်ဂျုံအန်နဲ့ ဒေါ်နယ်ထရမ့် စာအသွားအလာကို တွေ့ရစဉ်
သို့သော် ထရမ့်က ကင်မ်၏ ခေါင်းဆောင်မှုကို ချီးကျူးပြောကြားခဲ့ကာ နျူကလီးယား ဖျက်သိမ်းရေးတွင် တိုးတက် မှုမရှိသော်လည်း ကင်မ်အား "သန်မာသူ"တစ်ဦးနှင့် "ထက်မြက်သော ခေါင်းဆောင်" တစ်ဦးဟူ၍ ခေါ်ဆိုခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ထရမ့်နှင့် ကင်မ်တို့သည် စာလွှာများ အပြန်အလှန် ပေးပို့ခဲ့ကြသည့်အတွက် သံတမန် ဆက်ဆံရေး ပြန်လည် စတင်ဖွယ်ရှိသည်ဟု ယူဆထားသည်။
သို့သော် မြောက်ကိုရီးယားက သိသာထင်ရှားသည့် လိုက်လျောမှုများကို ဆက်လက် တင်းခံထားဆဲဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီတွင် ထရမ့်သည် သမ္မတသက်တမ်း ပြီးဆုံးသွားချိန်၌ ခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံရေး မှာ မဖြေရှင်းနိုင်သေးဘဲ မြောက်ကိုရီးယား၏ နျူကလီးယား ရည်မှန်းချက်များ၏ အနာဂတ်မှာလည်း သေချာမှု မရှိသေးပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2595
CNI International News
ဆိုးလ်၊ နိုဝင်ဘာ ၇
အမေရိကန်အစိုးရအဖွဲ့သစ်နှင့် ပြည့်စုံသည့် လုံခြုံရေးမိတ်ဖက်ဆက်ဆံမှု တည်ထောင်သွားမည်ဟု တောင်ကိုရီးယားသမ္မတရုံးက နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) သည် လာမည့် ရက်ပိုင်းအတွင်း အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရမ့် (Donald Trump) နှင့် စကားပြောဆိုသွားမည်ဟု သမ္မတရုံးအရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် ဒေသတွင်း အမေရိကန်၏ ခိုင်မာသည့် မဟာမိတ်ဖြစ်ပြီး မြောက်ကိုရီးယား၏ ခြိမ်းခြောက် မှုကို တုန့်ပြန်ရန် တောင်ကိုရီးယားတွင် အမေရိကန်စစ်သား ၂၈,၅၀၀ ခန့် တပ်စွဲထားသည်။
ယွန်းဆော့ရွဲ သမ္မတဖြစ်လာခဲ့သည့် လွန်ခဲ့သည့် ၂ နှစ်ခွဲတာ ကာလအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့၏ အရေးကြီးပုံကို ခိုင်မာစွာ ထောက်ခံခဲ့ရသည်။

ရွေးကောက်ပွဲအနိုင်ရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ပြီးခဲ့သည့်လကလည်း တောင်ကိုရီးယားတွင် အမေရိကန်စစ်သားများ ထားရှိသည့် ကုန်ကျစရိတ်များကို မျှခံရန် ၅ နှစ်သက်တမ်း သဘောတူညီမှု ရရှိခဲ့သည်။
ဒေါ်နယ်ထရမ့်ကမူ တောင်ကိုရီးယားသည် အမေရိကန်၏ အကာအကွယ်ကို အခမဲ့ရယူနေကြောင်း စွပ်စွဲခဲ့ပြီး တောင်ကိုရီးယားတွင် အမေရိကန်စစ်သားများ ထားရှိမှုအတွက် တစ်နှစ်ကို ဒေါ်လာ ၅ ဘီလျံအထိ ပေးရမည်ဟု တောင်းဆိုခဲ့ဖူးသည်။
ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ထရမ့်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာဟားရစ်ကို အနိုင်ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။
တောင်ကိုရီးယားသမ္မတရုံးမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးကမူ ရုရှားရှိ မြောက်ကိုရီးယား စစ်သားများ သည် ယူကရိန်းတပ်ဖွဲ့များကို တိုက်ခိုက်နေသော စစ်မြေပြင်တွင် အပြည့်အဝ ပါဝင်တိုက်ခိုက်ခြင်း မရှိသေး ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားအတွက် ယူကရိန်းစစ်ပွဲ၏ အခြေအနေကို လေ့လာစောင့်ကြည့်ရေးအတွက် အဖွဲ့တစ်ဖွဲ့ စေလွှတ် ရန် အရေးကြီးကြောင်းနှင့် ထိုသို့ စေလွှတ်ရန်အတွက် လွှတ်တော်၏ အတည်ပြု ထောက်ခံချက်ကို မလိုကြောင်း ထိုအရာရှိက ထပ်လောင်းပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 877
CNI International News
မော်စကို၊ နိုဝင်ဘာ ၇
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် (Donald Trump) အနိုင်ရခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲ အဆုံးသတ်မည် ဟုတ်/မဟုတ် စောင့်ကြည့်ရမည်ဟု ရုရှားက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် မဲဆွယ်စည်းရုံးရေး ကာလက သူသာ သမ္မတအဖြစ် ရွေးကောက်ခံရလျှင် ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်မည်ဟု ပြောကြားခဲ့ဖူးသည်။
ထရမ့်သည် ပထမသက်တမ်းအပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဂျိုဘိုင်ဒန် (Joe Biden) ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၄ ရွေးကောက်ပွဲတွင် အနိုင်ပြန်ရမှုသည် ပြောစမှတ်တွင်လောက်သည့် တစ်ကြော့ပြန် အောင်မြင်မှုဖြစ်သည်။
ထရမ့်သည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး အရေးကြီးသည့် မှတ်ချက်စကားများ ပြောကြားခဲ့ကြောင်း၊ သို့သော် အပြောနှင့်အလုပ် ညီ/မညီကို အချိန်က စကားပြောသွားလိမ့်မည်ဖြစ်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့သည်။

ပူတင်ကို တွေ့ရစဉ်
"ကျနော်တို့ဟာ ယူကရိန်းစစ်ပွဲမှာ တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်တစ်မျိုး ဝင်ရောက်စွက်ဖက်နေတဲ့ မိတ်ဆွေ မဟုတ်တဲ့ နိုင်ငံအကြောင်းကို ပြောနေတယ်ဆိုတာကို မမေ့စေချင်ပါဘူး" ဟု ပက်စ်ကော့ဗ်က သတင်းထောက် များကို ပြောကြားခဲ့သည်။
ထို့ပြင် သမ္မတပူတင် (Vladimir Putin) သည်လည်း ထရမ့်ကို ဂုဏ်ပြုစကား ပြောကြားရန် အစီအစဉ် ရှိ/မရှိ မသိရသေးကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးသည် ကျဆင်းနေကြောင်း ပက်စ်ကော့ဗ်က ပြောသည်။
"အမေရိကန်ဟာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့ ထပ်တလဲလဲ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် စစ်ပွဲပြီးအောင် ညတွင်းချင်း မလုပ်ဆောင်နိုင်ပါဘူး။ အမေရိကန်ဟာ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ ထရမ့် ကျမ်းသစ္စာကျိန်ဆိုတဲ့ ဇန်နဝါရီလ အပြီးမှာတော့ ဘာဆက်ဖြစ်မလဲ ဆိုတာ ကျနော်တို့ တွေ့ရမှာပါ" ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်ကမူ အမေရိကန်ရွေးကောက်ပွဲတွင် မည်သူပဲ အနိုင်ရရှိသည် ဆိုစေကာမူ ရုရှားအတွက် ထူးမခြားနားပင်ဖြစ်ကြောင်း ရွေးကောက်ပွဲမတိုင်မီက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1534
CNI International News
ပြုံယမ်း၊ နိုဝင်ဘာ ၇
မြောက်ကိုရီးယားသည် အမေရိကန်ရွေးကောက်ပွဲမတိုင်မီ နာရီပိုင်းအလို နိုဝင်ဘာ ၅ ရက်တွင် တာတိုပစ် ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုဒုံးကျည်များ ပစ်လွှတ်မှုသည် အမေရိကန်ရွေးကောက်ပွဲတွင် အနိုင်ရရှိမည့် သမ္မတသစ်ကို ရည်ရွယ်ပြီး သွေးတိုးစမ်းသည့် သဘောမျိုးဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် အောက်တိုဘာ ၃၁ ရက်ကလည်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တစ်စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်ရွေးကောက်ပွဲ မကျင်းပမီ တာတိုပစ်ဒုံးကျည်များကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားသို့ စစ်သားများ စေလွှတ်နေသည်ဆိုသည့် သတင်းများကြောင့် နိုင်ငံတကာ၏ စိုးရိမ်မှု မြင့်တက်နေချိန်တွင် ထိုသို့ စစ်ရေးအရ ရန်စမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ စစ်ရေး လေ့ကျင့်မှုများကို ရှုတ်ချခဲ့ပြီး နောက် အရှေ့ဘက်ကမ်းလွန် ရေပြင်အတွင်းသို့ တာတိုပစ်ဒုံးကျည် ၇ စင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ကို တွေ့ရစဉ်
ထိုဒုံးကျည်များသည် အမြင့် ၁၀၀ ကီလိုမီတာတွင် အကွာအဝေး ၄၀၀ ကီလိုမီတာအထိ ပျံသန်းခဲ့ပြီး ဂျပန်၏ အထူးစီးပွားရေးဇုန် အပြင်ဘက်ရှိ သမုဒ္ဒရာအတွင်းသို့ ကျသွားခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီ (Gen Nakatani) က ပြောကြားခဲ့သည်။
ထိုဒုံးကျည်များ ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲအချိန်က မြောက်ကိုရီးယား၏ မြောက်ဟွမ်ဟေး (North Hwanghae) ပြည်နယ်၊ ဆာရီဝန် (Sariwon) မြို့အနီးမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ထုတ်ပြန်ခဲ့သည်။
ထိုဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယား၊ ဂျပန်နှင့် အခြားဒေသတွင်း မဟာမိတ်များနှင့်အတူ စောင့်ကြည့် နေကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၂၉ ရက်က တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်မှုသည် အမေရိကန်ကို ရည်ရွယ်ခြင်းဖြစ်နိုင်ပြီး ယခု ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်မှုသည် တောင်ကိုရီးယားကို ရည်ရွယ်ခြင်း ဖြစ်နိုင်သည်ဟု တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ မြောက်ကိုရီးယားလေ့လာရေးတက္ကသိုလ်၏ ဥက္ကဋ္ဌ ယန်းမူဂျင်း (Yang Moo-jin) က ပြောကြား ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 3156
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၆
အမေရိကန်တွင် နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ၌ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် လောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာဟားရစ် (Kamala Harris) ကို အနိုင်ရရှိသွားခဲ့ကြောင်း ဘီဘီစီမှ ဖော်ပြခဲ့သည်။
သမ္မတဟောင်း ထရမ့်သည် ရွေးကောက်ပွဲအနိုင်ရရန် လိုအပ်သည့် ကိုယ်စားလှယ်မဲ ၂၇၀ ထက် ကျော်လွန်ပြီး ၂၇၉ မဲရရှိခဲ့သည်။
ဒုသမ္မတ ဟားရစ်သည် ကိုယ်စားလှယ်မဲ ၂၂၃ မဲသာ ရရှိခဲ့သည်ဟု မြန်မာစံတော်ချိန် ည ၇ နာရီခွဲအထိ ရရှိထား သည့် ရလဒ်များအရ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပြည်သူများပေးသည့် မဲအရေအတွက်အရ ထရမ့်သည် မဲ ၇၁ သန်းကျော် ရရှိခဲ့ပြီး ဟားရစ်သည် ၆၆ သန်းကျော်သာ ရရှိခဲ့သည်။
ရာခိုင်နှုန်းအရ ထရမ့်သည် မဲ ၅၁ ရာခိုင်နှုန်း ရရှိထားပြီး ဟားရစ်သည် ၄၇ ဒဿမ ၄ ရာခိုင်နှုန်း ရရှိထားသည်ဟု နောက်ဆုံးရ သတင်းများတွင် ဖော်ပြထားသည်။
Source: BBC
