- By CNI
- Category: နိုင်ငံရေး
- Hits: 4792
CNI International News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၅
ဘင်္ဂလားဒေ့ရှ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မူဟာမက် ယူနွတ် (Muhammad Yunus) သည် လူ ၁၇ ဦး ပါဝင်သည့် ကြားဖြတ်အစိုးရတစ်ရပ်ကို ဦးဆောင်သူ ဖြစ်လာခဲ့သည်။
ထိုကြားဖြတ်အစိုးရအဖွဲ့အတွင်း ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina) ကို ရာထူးမှ နုတ်ထွက်စေခဲ့ သည့် ဆန္ဒပြမှုကို ဦးဆောင်သော ကျောင်းသားခေါင်းဆောင် နှစ်ဦး၊ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ စာရေးဆရာနှစ်ဦး၊ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတစ်ဦး၊ စစ်ဗိုလ်ချုပ် တစ်ဦးနှင့် ယခင်အစိုးရအဖွဲ့ထဲမှ တာဝန်ထမ်းဆောင်နေသူအချို့ ပါဝင်ခဲ့သည်။
ယူနွတ်ကို စစ်တကောင်းမြို့(Chittagong) အနီးရှိ ကျေးရွာတစ်ရွာတွင် ၁၉၄၀ ခုနှစ်က မွေးဖွားလာခဲ့ခြင်းဖြစ်ကာ မွေးချင်း ၉ ဦးတွင် တတိယမြောက် ဖြစ်သည်။
သူသည် ၁၉၆၁ ခုနှစ်တွင် ဒါကာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
ထို့နောက် စီးပွားရေးပညာရပ်တွင် ၎င်း၏ Ph.D ဘွဲ့အတွက် Fullbright ပညာသင်ဆုဖြင့် ၁၉၆၅ ခုနှစ်၌ အမေရိကန်နိုင်ငံ၊ ဗန်ဒါဘေ့ဒ် (Vanderbilt) တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့ကာ ၁၉၆၉ ခုနှစ်မှာ ပြီးဆုံးခဲ့သည်။

ရှိတ်ဟာစီနာကို တွေ့ရစဉ်
သူသည် အမေရိကန် တန်နက်က်ဆီ (Tennessee) ပြည်နယ်၊ မစ်ဒယ်တန်နက်ဆီပြည်နယ် တက္ကသိုလ် (Middle Tennessee State University) တွင် လက်ထောက်ပါမောက္ခတစ်ဦး ဖြစ်လာခဲ့သည်။
၁၉၇၁ ခုနှစ်က ပါကစ္စတန်စစ်တပ်ကို ဆန့်ကျင်သည့် ခွဲထွက်ရေးစစ်ပွဲအတွင်း ယူနွတ်သည် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သည်။
သူသည် အမေရိကန်နိုင်ငံ၊ နက်ရှ်ဗေးလ် (Nashville) မြို့တွင် အရပ်ဖက်ကော်မတီတစ်ရပ် တည်ထောင်ကာ ပါကစ္စတန်အား စစ်ဘက်ဆိုင်ရာ အကူအညီပေးမှုကို ရပ်တန့်ရန်အတွက် ဘင်္ဂလားဒေ့ရှ် သတင်းအချက်အလက် စင်တာတစ်ခု ထားရှိရန် ကူညီခဲ့သည်။
ထိုစင်တာသည် အမေရိကန်လွှတ်တော်ကို စည်းရုံးရေးဆင်းရန်အတွက် ထားခြင်းဖြစ်သည်။
ယူနွတ်သည် ဆင်းရဲချို့တဲ့သော ကျေးရွာများတွင် အသေးစား ငွေချေးမှုတစ်ရပ်ကို စီစဉ်ပေးခြင်းဖြင့် ကြီးမားသော ပြောင်းလဲမှုကြီးတစ်ရပ်ကို ဖန်တီးပေးနိုင်ခဲ့သည်။
Ref: Wikipedia
- By CNI
- Category: နိုင်ငံရေး
- Hits: 1915
CNI International News
ကဘူး၊ ဩဂုတ် ၁၅
အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ ပြန်လည်ထိန်းချုပ်ခဲ့သည်မှာ ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး လက်ရှိတွင် တာလီဘန်တို့သည် သူပုန်ဘဝမှ အာဏာပိုင်ဘဝအဖြစ် အသွင်ကူးပြောင်းခဲ့သည်။
ထို့နောက် နိုင်ငံအတွင်း အစ္စလာမ်မစ်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိရန် ကြိုးပမ်းနေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
တာလီဘန်တို့၏ အုပ်ချုပ်မှုကို ပြည်တွင်းစိန်ခေါ်မှုများ မရှိသကဲ့သို့ ပြည်ပနိုင်ငံများကလည်း တာလီဘန်တို့ကို ထောက်ပံ့ပေးရန် စိတ်ဝင်စားပုံ မပေါ်ကြပေ။
ထို့ကြောင့် တာလီဘန်တို့ အာဏာပြန်ရလာမှုနှင့်ပတ်သက်ပြီး သိရှိရမည့်အချက် ၅ ချက်ကို အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
အုပ်ချုပ်မှုပုံစံ
************
တာလီဘန်အဖွဲ့၏ အမြင့်ဆုံး ခေါင်းဆောင်ဖြစ်သည့် ဟိုင်ဘာတူလာ အက်ခွန်ဇာဒါ (Hibatullah Akhundzada) သည် ပိရမစ်ပုံစံရှိသည့် အုပ်ချုပ်မှုစနစ်တွင် အမြင့်ဆုံးနေရာ၌ ရှိနေသည်။
တာလီဘန်အဖွဲ့၏ မူဝါဒအားလုံးကို အက်ခွန်ဇာဒါက ချမှတ်ခြင်းဖြစ်ပြီး ကျန်သည့် တာလီဘန်တစ်ဖွဲ့လုံးက လိုက်နာရသည်။
ဗလီများနှင့် ဘာသာရေး ခေါင်းဆောင်များသည်လည်း အက်ခွန်ဇာဒါအောက်တွင် အရေးကြီးသည့် နေရာ၌ ရှိနေသည်။
တစ်နည်းဆိုရပါက တာလီဘန်အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ရှိသူများသည် အက်ခွန်ဇာဒါနှင့် ဘာသာရေး ဆရာများ၏ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ပေးရခြင်းဖြစ်သည်ဟု Crisis Group ၏ တောင်အာရှ အစီအစဥ်မှ ကျွမ်းကျင်သူ အီဘရာဟင် ဘာဟစ် (Ibraheem Bahiss) ကပြောကြားခဲ့သည်။

တာလီဘန်နဲ့ အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်
ရာထူးခန့်အပ်မှုများ
*****************
ယခု တာလီဘန် အစိုးရအဖွဲ့သည် မျက်မှောက်ခေတ် အာဖဂန်နစ္စတန်တွင် အင်အားအတောင့်တင်းဆုံး အစိုးရ ဖြစ်ပြီး ကျေးရွာအဆင့်အထိပင် အမိန့်ပြန်တမ်းများကို ထုတ်နိုင်သည်ဟု ဘာဟစ်က ပြောသည်။
ပြည်သူ့ဝန်ထမ်းများသည် ၎င်းတို့အုပ်ချုပ်သည့် ရာထူးနေရာများနှင့် ကိုက်ညီသည့် ပညာအရည်အချင်းနှင့် အတွေ့အကြုံများရှိသည်ဟု ထင်ရသည်။
သို့သော် တာလီဘန် ဦးဆောင်သည့် ပြည်သူ့ဝန်ထမ်းများသည် ၎င်းတို့ ကိုင်တွယ်ရသည့် ဌာနများနှင့်ပတ်သက်ပြီး ကိုက်ညီသည့် ဗဟုသုတမရှိဘဲ ဘာသာရေးအဆုံးအမကိုသာ အားကိုးအားထား ပြုနေသည်ဟု အရှေ့အလယ်ပိုင်း အင်စတီကျု၏ ပညာရှင် ဂျာဗစ် အာမက် (Javid Ahmad) က ပြောကြားခဲ့သည်။
စီးပွားရေးအခြေအနေ
*********************
အာဖဂန်နစ္စတန်၏ စီးပွားရေးမှာ အားအင်ချိနဲ့နေပြီး ၂၀၁၃ ခုနှစ်တွင် ပြည်ပ၏ ကူညီထောက်ပံ့မှုများသည် နိုင်ငံ့ ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသည်။
လွန်ခဲ့သည့် ၃ နှစ်အတွင်း ကုလသမဂ္ဂသည် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များမှတစ်ဆင့် အာဖဂန်ကို ဒေါ်လာ ၃ ဒသမ ၈ ဘီလျံ ထောက်ပံ့ခဲ့သည်။
အမေရိကန်သည် အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ပြီး တာလီဘန်တို့ အာဏာရလာကတည်းက အကူအညီ ဒေါ်လာ ၃ ဘီလျံကျော် ထောက်ပံ့ခဲ့သည်။

တာလီဘန်ခေါင်းဆောင်တွေကို တွေ့ရစဉ်
နိုင်ငံတကာဆက်ဆံရေး
**********************
အာဖဂန်နစ္စတန်သည် ကြီးမားသည့် အိမ်နီးချင်းများစွာရှိသည့် သေးငယ်သည့် နိုင်ငံဖြစ်သည်။
လက်ရှိအချိန်အထိ တာလီဘန်အဖွဲ့ကို အာဖဂန်နစ္စတန်၏ တရားဝင်အစိုးရအဖြစ် မည်သည့်နိုင်ငံကမျှ အသိအမှတ် ပြုမထားသေးပေ။
သို့သော် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သည့် တရုတ်နှင့် ရုရှားကို ဆက်ဆံရေးသည် တာလီဘန်အဖွဲ့အတွက် အလွန်အရေးကြီးသည်။
မည်သို့ပင်ဆိုစေ တာလီဘန်တို့ အာဏာပြန်ရလာသည့် အချိန်ကာလ ၃ နှစ် ကြာလာချိန်တွင် ပင်လယ်ကွေ့နိုင်ငံ များသည် တာလီဘန်အဖွဲ့နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာကြသည်။
လုံခြုံရေးအခြေအနေ
*********************
တာလီဘန်တို့သည် အာဏာပြန်ရလာကတည်းက စစ်ရေးဂိတ်များ ထူထောင်ခြင်း ကျည်ကာကားများနှင့် ကင်းလှည့်ခြင်း၊ သောင်းနှင့်ချီသည့် တိုက်ခိုက်ရေးသမားများကို နိုင်ငံတစ်ဝန်း ဖြန့်ကြက်ချထားခဲ့သည်။
သို့သော် အာဖဂန်နစ္စတန်တွင် လုံခြုံမှုမရှိသေးဘဲ အထူးသဖြင့် အမျိုးသမီးများနှင့် လူနည်းစုများအတွက် အန္တရာယ်များရှိနေဆဲ ဖြစ်သည်။
ထို့ပြင် မကြာသေးမီက တာလီဘန်အဖွဲ့၏ ရန်ဘက်အဖွဲ့ဖြစ်သည့် အိုင်အက်စ်အဖွဲ့သည် နိုင်ငံအတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 3665
CNI International News
လီမာ၊ ဩဂုတ် ၁၅
ဗင်နီဇွဲလားနိုင်ငံတွင် ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် အငြင်းပွားဖွယ် ရွေးကောက်ပွဲအပြီး၌ သမ္မတ မာဒူရို (Nicolas Maduro) သည် အာဏာဆက်လက် တည်မြဲစေရန်အတွက် စစ်တပ်ခေါင်းဆောင်များအပေါ် မှီခိုနေကြောင်း အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒို (Maria Corina Machado) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့ဖြစ်သည့် CNE သည် ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် မာဒူရို ထပ်မံ အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။
သို့သော် အတိုက်အခံများကတော့ ထိုရွေးကောက်ပွဲတွင် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းဖြစ်သည့် အက်မန်ဒို ဂွန်ဇာလက် (Edmundo Gonzalez) အနိုင်ရရှိခဲ့ကြောင်း ပြောကြားခဲ့သလို CNE သည် မာဒူရို၏ သစ္စာခံအဖွဲ့ ဖြစ်ကြောင်း စောဒကတက်ခဲ့သည်။
ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့သည် မဲရေတွက်မှု အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ၎င်း၏ ဝက်ဘ်ဆိုက် ကိုလည်း ဇူလိုင် ၂၉ ရက်ကတည်းက ပိတ်ချခဲ့သည်။

အတိုက်အခံခေါင်းဆောင် မာချာဒိုကိုတွေ့ရစဉ်
အတိုက်အခံများကမူ မဲရေတွက်မှုကို အွန်လိုင်းတွင် တင်ခဲ့ပြီး ဂွန်ဇာလက်သည် မာဒူရိုထက် မဲနှစ်ဆခန့် ပိုမို ရရှိကြောင်း ပြသခဲ့သည်။
ဩဂုတ် ၁၃ ရက်က ကိုလံဘီယာ၊ အီကွေဒေါနှင့် ပီရူးနိုင်ငံများမှ မီဒီယာများနှင့် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင် မာချာဒိုက ရွေးကောက်ပွဲရလဒ်အား လေးစားရန် မာဒူရိုကို ဖိအားပေးရန်အတွက် ဩဂုတ် ၁၇ ရက်တွင် ဆန္ဒပြမှုများပြုလုပ်ဖို့ ပြည်တွင်း/ပြည်ပရှိ ဗင်နီဇွဲလား နိုင်ငံသားများ ကို တိုက်တွန်းခဲ့သည်။
"မာဒူရိုက ထိပ်သီးစစ်ခေါင်းဆောင်တွေရဲ့ အကာအကွယ်ယူဖို့ ရွေးချယ်ခဲ့ပါတယ်။ သူတတ်နိုင်တာ အဲဒါပဲရှိပါ တယ်" ဟု မာချာဒိုက ပြောကြားခဲ့သည်။
ဗင်နီဇွဲလားစစ်တပ်သည် ၂၀၁၃ ခုနှစ်ကတည်းက အာဏာရလာခဲ့သည့် မာဒူရိုကို ကာလကြာရှည် ထောက်ခံပေး ခဲ့ပြီး ရွေးကောက်ပွဲ စတင်ခဲ့ချိန်ကတည်းက စစ်ခေါင်းဆောင်များသည် အစိုးရနှင့် သဘောထားကွဲလွဲသည့် အရိပ်လက္ခဏာများကို ပြသခဲ့ခြင်းမရှိပေ။

ဗင်နီဇွဲလားနိုင်ငံမှာ မာဒူရိုကို ဆန့်ကျင်နေကြစဉ်
မာချာဒိုသည် မာဒူရိုအား ထောက်ခံခြင်းမပြုရန် စစ်တပ်ကို စာရေးသားပေးပို့ခဲ့ပြီးနောက် လူထုဆူပူအုံကြွမှု ဖြစ်စေရန် ရဲတပ်ဖွဲ့နှင့် စစ်တပ်ကို သွေးထိုးလှုံ့ဆော်မှုဖြင့် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံနေရသည်။
"မာဒူရိုဟာ သူ့ရဲ့ ရွေးချယ်မှုတွေကို မှားယွင်းစွာ လေ့လာချိန်ဆခဲ့ပါတယ်။ အာဏာလွှဲပြောင်းရေးရဲ့ သဘော တရားတွေကို လက်ခံဖို့ အကောင်းဆုံး နည်းလမ်းကတော့ သူ့ကို ဖိအားပေးဖို့ လိုပါတယ်။ အဲဒါမှ သူနားလည် လာမှာပါ" ဟု မာချာဒိုက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအပြီး ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြသူများကို အကြမ်းဖက် သည့် ပြစ်မှုကျူးလွန်သူများအဖြစ် ပြောကြားကာ အင်အားသုံးဖြိုခွင်းခဲ့သည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူပေါင်း ၂၄၀၀ ကျော်ကို ဖမ်းဆီးခဲ့သဖြင့် လူထုသည် လမ်းများပေါ်ထွက်ပြီး ဆန္ဒပြရန် ကြောက်ရွံ့ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 3038
CNI International News
တိုကျို၊ ဩဂုတ် ၁၅
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ (Fumio Kishida) က စက်တင်ဘာလတွင် ပြုလုပ်မည့် ပါတီခေါင်းဆောင် ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ဩဂုတ် ၁၄ ရက်က ကြေညာခဲ့သဖြင့် နောက်ထပ်ဝန်ကြီးချုပ် သစ် ရွေးကောက်တင်မြှောက်ရန် လမ်းကြောင်းပွင့်သွားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ကီရှီဒါသည် ၂၀၂၁ ခုနှစ်က လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံခဲ့ရပြီး ၎င်း၏ သုံးနှစ်သက်တမ်းသည် စက်တင်ဘာတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
LDP သည် လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်ထားသဖြင့် လာမည့် စက်တင်ဘာတွင် ပြုလုပ်မည့် ပါတီဥက္ကဋ္ဌ သစ် ရွေးကောက်ပွဲ၌ အနိုင်ရရှိသူသည် ကီရှီဒါ၏ ဝန်ကြီးချုပ်နေရာကို အစားထိုး တာဝန်ယူရမည်ဖြစ်သည်။
အသစ်တက်လာမည့် ဝန်ကြီးချုပ်သည် ပါတီအတွက် ပိုမိုကောင်းမွန်သည့် အပြောင်းအလဲကို ပြသနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည်။
ထို့နောက် ကီရှီဒါကလည်း ခေါင်းဆောင်သစ်ကို ထောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။

ကီရှီဒါကိုတွေ့ရစဉ်
"LDP ပါတီ အသစ် ပြန်လည်ဖွဲ့စည်းမှုကို ပြသဖို့ လိုပါတယ်။ အပြောင်းအလဲတွေကို ပြသဖို့ ပထမဆုံး ခြေလှမ်း ကတော့ ကျနော်ဟာ ဝန်ကြီးချုပ်ရာထူးက အနားယူဖို့ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ပါတီခေါင်းဆောင် ရွေးကောက်ပွဲကို ကျနော်ဝင်ပြိုင်တော့မှာ မဟုတ်ပါဘူး" ဟု ကီရှီဒါက ပြောကြားခဲ့သည်။
မကြာသေးမီက LDP ပါတီ၏ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများနှင့်အတူ ကီရှီဒါအပေါ် လူထုထောက်ခံမှု နှုန်းသည် ၂၀ ရာခိုင်နှုန်းအောက်အထိ ကျဆင်းခဲ့ကာ ဖိအားများနှင့်ရင်ဆိုင်ခဲ့သည်။
ကီရှီဒါကမူ ခေါင်းဆောင်သစ် ရွေးချယ်ပြီးချိန်တွင် ပါတီဝင်များအားလုံး စည်းလုံးညီညွတ်စွာဖြင့် လူထု၏ နားလည်မှုကို ရရှိနိုင်သည့် နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
LDP ပါတီခေါင်းဆောင် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ဖွယ် ရှိသူများထဲတွင် ပါတီအတွင်းရေးမှူးချုပ် တိုရှီမစ်ဆု မိုတီဂီ (Toshimitsu Motegi) ၊ ဒစ်ဂျစ်တယ်ဝန်ကြီး တာရို ကိုနို (Taro Kono) ၊ စီးပွားရေးဝန်ကြီး ဆာနာအီ တာကိုင်ချီ (Sanae Takaichi) နှင့် နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါ (Yoko Kamikawa) တို့အပါအဝင် ထိပ်သီး LDP လွှတ်တော်အမတ်များ ပါဝင်နေသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိသူသည် ကီရှီဒါ၏ ပါတီဥက္ကဋ္ဌ နေရာကို အစားထိုး ဝင်ရောက် တာဝန်ယူရမည်ဖြစ်ပြီး လွှတ်တော်တွင် ဝန်ကြီးချုပ်သစ်အဖြစ် အတည်ပြု ခန့်အပ်ခံရမည်ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1252
CNI International News
ဒါကာ၊ ဩဂုတ် ၁၅
ပြီးခဲ့သည့်လက နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများအတွင်း သတ်ဖြတ်မှုများနှင့် ရမ်းကားဖျက်ဆီးမှုများ တွင် ပါဝင်သူများကို အရေးယူရန်အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာစီနာ (Sheikh Hasina) က တောင်းဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် အစိုးရအလုပ်အကိုင်များကို ခွဲတမ်းချသည့်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ စတင်ဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း ဟာစီနာကို ဖြုတ်ချရန် တောင်းဆိုသည့် အခြေအနေအထိ အရှိန်မြင့်တက်လာခဲ့သည့် ဆူပူအုံကြွ မှုများအတွင်း လူပေါင်း ၃၀၀ ခန့် သေဆုံးခဲ့သည်။
ဆန္ဒပြမှုများအတွင်း စျေးဆိုင်ပိုင်ရှင်တစ်ဦး သေဆုံးမှုတွင် ဟာစီနာ၏ အခန်းကဏ္ဍ ပါဝင်မှု ရှိ/မရှိ စုံစမ်းစစ်ဆေး ရန် တရားရုံးက အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဟာစီနာ၏ သားဖြစ်သူက သူ့မိခင်၏ တောင်းဆိုချက်ကို X လူမှု မီဒီယာ၌ တင်ခဲ့သည်။
"ဇူလိုင်လအတွင်းက တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူတွေအများကြီး သေဆုံးခဲ့ကြပါတယ်။ ဒီသေဆုံး မှုတွေ၊ ရမ်းကားဖျက်ဆီးမှုတွေအတွက် တာဝန်ရှိတဲ့ နောက်ကွက်က လက်သည်တွေကို စုံစမ်းစစ်ဆေး ဖော်ထုတ် ပြီး အရေးယူဖို့ ကျမ တိုက်တွန်းပါတယ်" ဟု ဟာစီနာက ပြောကြားခဲ့သည်။
ဟာစီနာ၏ အစိုးရအဖွဲ့ဝင် အချို့သည်လည်း ပြစ်မှုဆိုင်ရာ အမှုအခင်းနှင့် ရင်ဆိုင်နေရသည်။

ရှိတ်ဟာစီနာကို ဆန့်ကျင်နေကြသူများကိုတွေ့ရစဉ်
တရားရေးဝန်ကြီးဟောင်း အနီဆူလ် ဟက် (Anisul Huq) နှင့် ဟာစီနာ၏ အကြံပေးပုဂ္ဂိုလ် ဆယ်လ်မန် အက်ဖ် ရာမန် (Salman F Rahman) တို့သည် လူနှစ်ဦးကို သတ်ဖြတ်မှုတွင် အားပေးလှုံ့ဆော်မှုဖြင့် ဖမ်းဆီးခံထားရ ကြောင်း ရဲတပ်ဖွဲ့က ဩဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ဟာစီနာကို လူသတ်မှုဖြင့် အမ်မီယာ ဟမ်ဇာ (Amir Hamza) အမည်ရှိ ပုဂ္ဂိုလ်က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အောက်ရုံးတရားသူကြီးက ကြားနာစစ်ဆေးရန် လက်ခံခဲ့ကြောင်း ဟမ်ဇာ၏ ရှေ့နေဖြစ်သူ အန်ဝါရူ အစ္စလာမ် (Anwarul Islam) က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဥပဒေအရ ရာဇဝတ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ပထမဆုံးအဆင့် ဖြစ်သည့် စွပ်စွဲခံပုဂ္ဂိုလ်များကို လူသတ်မှုဖြင့် အမှုဖွင့်တိုင်ကြားမှုကို လက်ခံရန် ဒါကာမြို့တော်တရားရုံးက ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
စတိုးဆိုင်ပိုင်ရှင်တစ်ဦး သတ်ဖြတ်ခံရမှုတွင် လူသတ်မှုဖြင့် အမှုဖွင့်ခံထားရသူများထဲတွင် ဟာစီနာအပြင် ၎င်းတို့ပါတီဖြစ်သည့် Awami League ပါတီ၏ အတွင်းရေးမှူးချုပ် အိုဘိုင်ဒူကွာဒါ (Obaidul Quader) ၊ ပြည်ထဲရေးဝန်ကြီးဟောင်း အဆာဒူဇာမန် ခန်း ကာမယ် (Asaduzzaman Khan Kamal) နှင့် ရဲအရာရှိ လေးဦးလည်း ပါဝင်ခဲ့သည်။
အသက် ၇၆ နှစ်အရွယ် ဟာစီနာသည် ဆန္ဒပြမှုများ အရှိန်ပြင်းထန် လာချိန်တွင် ဩဂုတ် ၅ ရက်က ရာထူးမှ နုတ်ထွက်ပြီး ၎င်း၏ အိမ်တော်ကိုစွန့်ခွာကာ အိန္ဒိယသို့ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင် သွားခဲ့ခြင်း ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1649
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄
ထိုင်းဝန်ကြီးချုပ် ဆရီသာကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ရာထူးမှဖယ်ရှားရန် သြဂုတ် ၁၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။
ဝန်ကြီးချုပ် ဆရီသာသည် ရာဇဝတ်မှုဖြင့် စီရင်ချက် ချခံခဲ့ရသူ မစ္စတာပီချစ်ကို အစိုးရအဖွဲ့အတွင်း ရာထူး ခန့်အပ်ခဲ့ခြင်းကြောင့် ကျင့်ဝတ်ချိုးဖောက်သည်ဟုဆိုကာ တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဆရီသာကို ရာထူးမှဖယ်ရှားရန် မဲခွဲဆုံးဖြတ်ရာတွင် ၅ မဲအနက် ၄ မဲက သဘောတူကြောင်း မဲပေးခဲ့ခြင်းဖြစ်သည်။
ဆရီသာကို ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားလိုက်ခြင်းကြောင့် ထိုင်းနိုင်ငံရေးတွင် အကျပ်အတည်းဖြစ်ပေါ် လာနိုင်ကြောင်း သုံးသပ်လျက်ရှိနေသည်။
တခြားတစ်ဖက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အတိုက်အခံပါတီဖြစ်သည့် Move Forward Party(MFP)ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သလို ပါတီခေါင်းဆောင်များကိုလည်း နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ် ပင်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1793
CNI International News
မော်စကို၊ ဩဂုတ် ၁၄
ယူကရိန်းသည် ရုရှားနိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်နေပြီး ရုရှား၏ တည်ငြိမ်မှုကို ပျက်ယွင်းစေရန် ကြိုးပမ်းနေသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုအတွက် ယူကရိန်းအနေဖြင့် ကြီးကြီးမားမား တုန့်ပြန်ခံရလိမ့်မည်ဟု ပူတင်က သတိပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
"ရန်သူတွေဟာ ကျိန်းသေပေါက် ကြီးမားတဲ့တုန့်ပြန်မှုကို ခံရပါလိမ့်မယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေအားလုံး ချွင်းချက်မရှိဘဲ အောင်မြင်ပြည့်မြောက် လာပါလိမ့်မယ်" ဟု ပူတင်က ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်က ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနယ်စပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရုရှား၏ ကာ့စ် (Kursk) ဒေသ အနောက်ဘက်ပိုင်း နယ်မြေများကို သိမ်းယူခဲ့သည်။
ထိုကျူးကျော် ဝင်ရောက်မှုသည် ယူကရိန်း-ရုရှားစစ်ပွဲ စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း ယူကရိန်းက ရုရှားနယ်စပ်ကို အကြီးမားဆုံး ဝင်ရောက်တိုက်ခိုက်မှုဖြစ်ခဲ့သည်။

ကာ့ဒ်ဒေသကို တွေ့ရစဉ်
ယူကရိန်းတပ်များ၏ အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် ရုရှားကလည်း ယူကရိန်းတပ်များကို ဟန့်တားရန် စစ်သားများကို လျင်မြန်စွာ ဖြန့်ကြက်ချထားခဲ့ပြီး ကာ့စ်ဒေသသို့ နောက်ထပ် တပ်ဖွဲ့များနှင့် အရင်းအမြစ်များ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်တွင် ပြောကြား ခဲ့သော်လည်း အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
"ကားတွေသယ်တဲ့ နောက်တွဲယာဉ် အကြီးစားတွေပေါ်မှာ စစ်သုံးထရပ်ကားတွေကို ပေးပို့ခဲ့ပါတယ်။ ယူကရိန်း တပ်တွေ အထိုင်ချတဲ့ နေရာတွေကို ပိတ်ဆို့ထားပြီး လမ်းကြောင်းတွေ ဘေးကင်းလုံခြုံမှုရှိစေဖို့ လုပ်ဆောင်ခဲ့ပါ တယ်" ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန်းဒါး ဆိုစကီး (Oleksandr Syrskyii) ကမူ ယူကရိန်းသည် ကာ့စ်ဒေသ၏ ၁၀၀၀ စတုရန်းကီလိုမီတာကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဩဂုတ် ၁၂ ရက်က ပြောကြားခဲ့ပြီး ၎င်း၏ သတင်းပေးပို့မှုကို ယူကရိန်းသမ္မတဇာလန်းစကီး (Volodymyr Zelenskyy) က Telegram တွင် ဖော်ပြခဲ့သည်။

ပူတင်ကို တွေ့ရစဉ်
ဩဂုတ် ၁၂ ရက်ကလည်း ဇာလန်းစကီးသည် ရုရှား၏ ကာ့စ်ဒေသအတွင်းသို့ ယူကရိန်းတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေကြောင်း ပထမဆုံးအကြိမ် ဝန်ခံခဲ့ပြီး စစ်ပွဲသည် ရုရှားနိုင်ငံထံသို့ ပြန်လည်ဦးတည်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းတပ်များ ကာ့စ်ဒေသသို့ ဝင်ရောက်တိုက်ခိုက်သည့် ပထမဆုံး ၆ ရက်အတွင်း လူနေရပ်ကွက် ၂၈ ခု ပျက်စီးခဲ့ပြီး ယူကရိန်းတပ်များသည် ရုရှား၏ နယ်နိမိတ်အတွင်းသို့ ၁၂ ကီလိုမီတာ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အကျယ် ၄၀ ကီလိုမီတာတွင် တပ်များဖြန့်ထားကြောင်း ကာ့စ်ဒေသ အုပ်ချုပ်ရေးမှူး အလက်ဇီ စမီယာနော့ဗ် (Alexei Smirnov) က ပူတင်ကို ပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး လူပေါင်း ၁၂၁,၀၀၀ ခန့် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရကာ ရုရှားအစိုးရကလည်း လူပေါင်း ၁၈၀,၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေး ရန် စီစဉ်နေကြောင်း စမီယာနော့ဗ်က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 5340
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၁၄
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) ရာထူးမှနုတ်ထွက်မှုတွင် အမေရိကန်၏ အခန်းကဏ္ဍ ပါဝင်ခြင်းမရှိကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဟာစီနာ ရာထူးမှနုတ်ထွက်မှုသည် အမေရိကန်၏ ကြားဝင်စွက်ဖက်မှုကြောင့် ဖြစ်သည်ဆိုသည့် စွပ်စွဲချက်များ သည် သတင်းအမှားများသာဖြစ်သည်ဟု အိမ်ဖြူတော်က တုန့်ပြန်ပြောကြားခဲ့သည်။
"ဒီဖြစ်စဉ်မှာ ကျမတို့ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပါဘူး။ အမေရိကန်အစိုးရဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် နုတ်ထွက်တဲ့ ဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ကောလာဟလတွေဟာ အမှားတွေ ဖြစ်ပါတယ်" ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရင်း ဂျင်း ပီယာရီ (Karine Jean-Pierre) က ပြောသည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရင်းဂျင်းပီယာရီကို တွေ့ရစဉ်
ဩဂုတ် ၁၁ ရက်က အိန္ဒိယနိုင်ငံ၏ Economic Times သတင်းစာတွင် ဖော်ပြထားသည့် သတင်းတစ်ပုဒ်၌ ဟာစီနာက ၎င်း၏ ရာထူးမှနုတ်ထွက်မှုတွင် အမေရိကန်၏ ပါဝင်စွက်ဖက်မှုရှိခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန်သည် ဘင်္ဂလားပင်လယ်အော်တွင်းရှိ စိန့်မာတင် (Saint Martin) ကျွန်းကို ထိန်းချုပ်လိုခြင်းကြောင့် ဖြစ်ကြောင်း စွပ်စွဲခဲ့သည်ဟု ဖော်ပြခဲ့သည်။
ထိုအကြောင်းအရာကို ဟာစီနာက ၎င်း၏ ရင်းနှီးသူများထံ အမှာစကား ပေးပို့ခဲ့သည်ဟုလည်း Economic Times သတင်းစာက ဖော်ပြခဲ့သည်။
သို့ဟော် ဟာစီနာ၏ သားဖြစ်သူ ဆာဂျစ်ဘ် ဝါဇက် (Sajeeb Wazed) ကမူ သူ့မိခင်သည် မည်သည့် ထုတ်ပြန်ချက် ကိုမှ မထုတ်ပြန်ခဲ့ကြောင်း X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
"ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အနာဂတ်ကို ဘင်္ဂလားဒေ့ရှ် ပြည်သူတွေကပဲ ဆုံးဖြတ်သင့်တယ်လို့ ကျမတို့ ယူဆထား ပါတယ်။ အဲဒါ ကျမတို့ရဲ့ ခံယူချက်ဖြစ်ပါတယ်"ဟု ကာရင်းက ထပ်မံပြောကြားခဲ့သည်။
လက်ရှိတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မူဟာမက် ယူနွတ် (Muhammad Yunus) ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့သည် ဩဂုတ် ၈ ရက်က ကျမ်းသစ္စကျိန်ဆိုခဲ့ပြီး ရွေးကောက်ပွဲ ပြုလုပ်ပေးရန် ပြင်ဆင်လျက် ရှိသည်။

ရှိတ်ဟာစီနာကို တွေ့ရစဉ်
ပြီးခဲ့သည့်လက ဘင်္ဂလားဒေ့ရှ်တွင် အစိုးရအလုပ်ကိုင်များကို ခွဲတမ်းချသည့် စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ နှင့် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ ၄၀၀ ကျော်အထိ ရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ သည်။
ဟာစီနာသည် ယခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် စတုတ္ထသက်တမ်းကို ဆက်တိုက် အနိုင်ရခဲ့သော်လည်း ထိုရွေးကောက်ပွဲအား အတိုက်အခံများက သပိတ်မှောက်ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်း ပြောကြားခဲ့သည်။
ဟာစီနာသည် ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှု ပြင်းထန်လာသည့် အခြေအနေတွင် ဩဂုတ် ၅ ရက်က ရာထူးမှ နုတ်ထွက်ကာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီ (New Delhi) မြို့တော်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2245
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၁၄
တရုတ်၏ နျူကလီးယားလက်နက် အင်အားချဲ့ထွင်မှုသည် အမေရိကန်၏ နျူကလီးယားမဟာဗျူဟာကို ပြန်လည်သုံးသပ်ရမည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု Asia Times မှ ဖော်ပြခဲ့သည်။
ယခုလအတွင်း ဝါရှင်တန် (Washington) အခြေစိုက် နယူးအမေရိကန် လုံခြုံရေးစင်တာ (CNAS) က ထုတ်ပြန် ချက်တွင် တရုတ်၏ လျင်မြန်သည့် နျူကလီးယား အဆင့်မြှင့်တင်မွမ်းမံမှုကြောင့် အင်ဒို-ပစိဖိတ်ဒေသ၌ နျူကလီးယား အရှိန်အဟုန်သည် ပြောင်းလဲလာကြောင်းနှင့် မဟာဗျူဟာမြောက် မဟုတ်သည့် နျူကလီးယား လက်နက်များ အသုံးပြုမည့် အလားအလာကို မြင့်တက်လာစေခဲ့သည်ဟု ဖော်ပြခဲ့သည်။
နျူကလီးယား ထိပ်တိုက်တွေ့သည့် အခြေအနေ စတင်မြင့်တက်လာသည်နှင့် တစ်ပြိုင်တည်း နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များ အပြန်အလှန် အသုံးပြုဖွယ်ရှိကာ မလိုလားအပ်ဘဲ နျူကလီးယားစစ်ပွဲကို ဖြစ်ပွားစေ နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန် နျူကလီးယား လက်နက်ကို တွေ့ရစဉ်
အမေရိကန်တွင် နောက်ဆုံးပေါ် နျူကလီးယားလက်နက် အသစ်များနှင့်ပတ်သက်သည့် အယူဝါဒများ၊ စွမ်းဆောင် ရည်များနှင့် အတွေးအမြင်များ အပါအဝင် လက်တွေ့ကျသော နျူကလီးယား အခင်းအကျင်းကို စီမံခန့်ခွဲရန် လုံလောက်သည့် အရင်းအမြစ်များအား ပြင်ဆင်ထားခြင်း မရှိသေးကြောင်း CNAS က ပြောကြားခဲ့သည်။
ထိုလေ့လာချက်တွင် ဂျပန်နှင့် ဩစတြေးလျကဲ့သို့ ဒေသတွင်း အမေရိကန်၏ မဟာမိတ်များကို ကာကွယ်ရန် အရေးတကြီး လိုအပ်ကြောင်းနှင့် တရုတ်သည် အမေရိကန်၏ ကာကွယ်မှုကို လျော့ကျစေရန်အတွက် ထိုမဟာမိတ်နိုင်ငံများကို ပစ်မှတ်ထားဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်အနေဖြင့် ၎င်း၏ နျူကလီးယားအင်အားကို အဖက်ဖက်က မြှင့်တင်ရန်၊ တရုတ်နှင့် ဆွေးနွေးမှုများကို တိုးမြှင့်ရန်၊ သမားရိုးကျ လက်နက်များနှင့် နျူကလီးယား မဟာဗျူဟာများကို ပေါင်းစပ်အသုံးပြုရေးကို ပိုမို ကောင်းမွန်စေရန်အတွက် စစ်ဆင်ရေးဆိုင်ရာ အယူအဆ အသစ်များနှင့် စွမ်းဆောင်ရည် အသစ်များကို ချမှတ် ဖော်ဆောင်ရန် CNAS က တိုက်တွန်းခဲ့သည်။

နျူကလီးယား လက်နက် ဆန့်ကျင်နေသူကိုတွေ့ရစဉ်
ထို့ပြင် အင်ဒို-ပစိဖိတ် စစ်နယ်ဝန်းတွင် တရုတ်၏ နျူကလီးယား အင်အားချဲ့ထွင်မှုကြောင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် မဟာဗျူဟာမြောက် အတွေးအခေါ်နှင့် စွမ်းဆောင်ရည်များကို လိုက်လျော ညီထွေရှိစေရန် လုပ်ဆောင်ဖို့ လိုအပ်သည်ဟုလည်း CNAS ၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
အမေရိကန်သည် နျူကလီးယားလက်နက် ထိပ်ဖူးအရေအတွက် ၅၀၄၄ ခုရှိပြီး ရုရှားပြီးပါက ကမ္ဘာ့ ဒုတိယမြောက် နျူကလီးယားလက်နက် ထိပ်ဖူးအများဆုံးရှိသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။
သို့သော် ၂၀၂၄ ခုနှစ်၊ မေလက Bulletin of Atomic Scientists အဖွဲ့က ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင်မူ အမေရိကန်တွင် လက်ရှိ နျူကလီးယားလက်နက် ထိပ်ဖူးအရေအတွက် ၃၇၀၈ ခုရှိပြီး ထိုလက်နက်ထိပ်ဖူးများထဲမှ ၁၇၇၀ ကို ဖြန့်ကြက်ချထားကာ ၁၉၃၈ ခုကို အရန်အဖြစ် သိမ်းဆည်းထားကြောင်း ဖော်ပြခဲ့သည်။
နောက်ထပ် နျူကလီးယား လက်နက်ထိပ်ဖူး ၁၃၃၆ ခုကို အနားပေးလိုက်ပြီဖြစ်ပြီး နျူကလီးယားလက်နက်များ အဆင့်မြှင့်တင် မွမ်းမံရေးကို လုပ်ဆောင်နေချိန်တွင် အနားပေးခဲ့သည့် နျူကလီးယား လက်နက်ထိပ်ဖူးများကို ဖျက်ဆီးရန် စီစဉ်နေကြောင်း ထိုဆောင်းပါးထဲ၌ ဖော်ပြခဲ့သည်။
Source: Asia Times
