- By CNI
- Category: နိုင်ငံရေး
- Hits: 2311
CNI International News
ကိယက်ဗ်၊ ဩဂုတ် ၂၆
ယူအေအီးနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရုရှားနှင့် ယူကရိန်းသည် စစ်သုံ့ပန်း ၁၁၅ ဦးစီကို လဲလှယ်ခဲ့ကြသည်ဟု နှစ်နိုင်ငံအာဏာပိုင်များက အတည်ပြုခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
"ယူအေအီးနိုင်ငံဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ယူကရိန်းသမ္မတနိုင်ငံအကြား အကျဉ်းသားလဲလှယ်မှုကို အောင်မြင်စွာ ကြားဝင်စေ့စပ်ပေးနိုင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ နှစ်နိုင်ငံစလုံးက စစ်သုံ့ပန်း စုစုပေါင်း ၂၃၀ လွတ်မြောက်ခဲ့ပါတယ်" ဟု ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရုရှားနှင့် ယူကရိန်းအကြား ထိုအကျဉ်းသားလဲလှယ်မှုသည် ယခုနှစ်အတွင်း ယူအေအီးနိုင်ငံ၏ သတ္တမမြောက် ကြားဝင်စေ့စပ်ပေးမှု ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) ကလည်း ရုရှားမှ စစ်သုံ့ပန်း ၁၁၅ ဦး လွတ်မြောက် လာကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရုရှားကလည်း ၎င်း၏ နယ်စပ်ဒေသဖြစ်သည့် ကာ့စ် (Kursk) ဒေသကို ယူကရိန်း၏ ကျုးကျော် ဝင်ရောက်သော စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံခဲ့ရသည့် စစ်သုံ့ပန်း ၁၁၅ ဦး ပြန်လည်လွတ်မြောက်လာကြောင်း အတည်ပြုခဲ့သည်။

ရုရှားစစ်သုံ့ပန်းတွေကိုတွေ့ရစဉ်
ရုရှားနှင့် ယူကရိန်းသည် စစ်ပွဲစတင် ဖြစ်ပွားခဲ့ချိန်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုများ မပြုလုပ်ခဲ့သည့်တိုင် အခြားနိုင်ငံများ၏ ကြားဝင်စေ့စပ်ပေးမှုများဖြင့် နှစ်ဖက်စလုံးတွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကို မကြာခဏ လဲလှယ်ခဲ့သည်။
ယခုအကြိမ် စစ်သုံ့ပန်းများ လဲလှယ်မှုသည် ဩဂုတ် ၆ ရက်က ကာ့စ်ဒေသကို ယူကရိန်းက အံ့အားသင့်ဖွယ် ဝင်ရောက် တိုက်ခိုက်ပြီးနောက် ပထမအကြိမ် အကျဉ်းသားလဲလှယ်မှုဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလ ၃ ရက်ကလည်း ယူအေအီး၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်ခဲ့ပြီး နှစ်နိုင်ငံစလုံးတွင် ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်း စုစုပေါင်း ၄၇၈ ဦးအထိ လွတ်မြောက်ခဲ့သည်။
ထိုအကျဉ်းသားလဲလှယ်မှုသည် နှစ်နိုင်ငံအကြား အကျဉ်းသားဦးရေ အများဆုံး လဲလှယ်မှုဖြစ်ခဲ့သည်။
ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ယူကရိန်းနှင့် ရုရှားအကြား လွတ်မြောက်ခဲ့သည့် စစ်သုံ့ပန်း အရေအတွက် စုစုပေါင်းသည် ၁၇၈၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးကမူ ရုရှားမှ ပြန်လည်လွတ်မြောက်လာသည့် စစ်မှုထမ်းများအနက် အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များနှင့် ကြည်း၊ရေ၊လေ တပ်ဖွဲ့ဝင်များပါဝင်ကြောင်း ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 2031
CNI International News
ဘန်ကောက်၊ ဩဂုတ် ၂၆
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ဖြူးထိုင်းပါတီက သောင်ပြိုကမ်းပြို အနိုင်မရရှိခဲ့ခြင်းသည် သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ၏ မီးဖွားခွင့် ယူခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) က ပြောကြားခဲ့သည် ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ဖြူးထိုင်းပါတီ ခေါင်းဆောင်ဖြစ်သည့် ပေတုန်တန်သည် လက်ရှိတွင် ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်သည်။
ဖြူးထိုင်းပါတီသည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် နေရာအများဆုံး အနိုင်ရလိမ့်မည်ဟု ယုံကြည်ခြင်း ရှိ၊ မရှိ သက်ဆင်ကို ညစာစားပွဲတစ်ခု၌ မေးမြန်းခဲ့ချိန် သက်ဆင်က အနိုင်ရရှိနိုင်ခြေ အများကြီးရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
"ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလက ဖြူးထိုင်းပါတီခေါင်းဆောင် (ပေတုန်တန်) သာ မီးဖွားခွင့် ၁၀ ရက် မယူခဲ့ဘူးဆိုရင် ကျနော်တို့ဟာ သေချာပေါက် အနိုင်ရရှိခဲ့ကြမှာပါ" ဟု သက်ဆင်က ပြောကြား ခဲ့သည်။
ထိုအချိန်က ပေတုန်တန်သည် ကလေးမွေးဖွားရန် ခွင့်ရက်ရှည် ယူခဲ့သဖြင့် ပါတီ၏ လူကြိုက်များမှုသည် အားနည်းသွားခဲ့ကြောင်း သက်ဆင်က ပြောသည်။

ပေတုန်တန်နဲ့သက်ဆင်ကို တွေ့ရစဉ်
"တကယ်လို့ သူ (ပေတုန်တန်)သာ မဲဆွယ်စည်းရုံးရေး ကာလတစ်လျောက် ဆက်လက်ပြီး မဲဆွယ်ခဲ့မယ်ဆိုရင် ကျနော်တို့ဟာ အနိုင်ရနိုင်လိမ့်မယ်လို့ အတွင်းစည်း ကောက်ခံထားတဲ့ စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်" ဟု သက်ဆင်က ပြောကြားခဲ့သည်။
ပေတုန်တန်သည် ပြီးခဲ့သည့်နှစ် မေလ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုဖြစ်သော မေလ ၁ ရက်တွင် ၎င်း၏ ဒုတိယမြောက် ကလေးဖြစ်သည့် သားယောကျာ်းလေးတစ်ဦးကို မွေးဖွားခဲ့ခြင်းဖြစ် သည်။
ပေတုန်တန်သည် ၎င်း၏ ဒုတိယမြောက် မွေးဖွားခဲ့သည့် ကလေးကို သူ့ဖခင် သက်ဆင်၏ အမည်ပြောင်ဖြစ်သည့် ဖရူသာဆင် (Phruethasin) ဆိုသည့် အမည်ကို ပေးခဲ့သည်။
ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ယခုဖျက်သိမ်းခံခဲ့ရသည့် Move Forward Party(MFP)က လွှတ်တော်နေရာ ၁၅၁ နေရာဖြင့် နေရာအများဆုံး အနိုင်ရခဲ့ပြီး ဖြူးထိုင်းပါတီက နေရာ ၁၄၀ ရရှိခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 3423
CNI International News
ပဲရစ်၊ ဩဂုတ် ၂၆
Telegram လူမှုမီဒီယာ အက်ပလီကေးရှင်းကို ထူထောင်ပြီး Telegram ကုမ္ပဏီ၏ စီအီးအိုဖြစ်သည့် ရုရှား-ပြင်သစ်နွယ်ဖွား ဘီလျံနာ ဗေယ်ဂျူးရော့ဗ် (Pavel Durov) သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်အပြင်ဘက်ရှိ ဘူးရှက် (Bourget) လေဆိပ်တွင် ဩဂုတ် ၂၄ ရက်က ဖမ်းဆီးခံခဲ့ရသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂျူးရော့ဗ်သည် ၎င်း၏ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ပြင်သစ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဂျူးရော့ဗ်သည် ပြင်သစ်တွင် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ကြောင်း ပြင်သစ်ရုပ်သံဖြစ်သည့် TF1 က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
စုံစမ်းစစ်ဆေးမှုသည် Telegram တွင် တင်သည့် အကြောင်းအရာများကို ထိန်းသိမ်းစောင့်ကြည့်သော moderator များ နည်းပါးနေခြင်းကို အဓိကစုံစမ်းနေခြင်းဖြစ်သည်။
ထိုသို့ moderator များ နည်းပါးမှုကြောင့်Telegram ပေါ်တွင် ရာဇဝတ် လှုပ်ရှားမှုများကို လွတ်လပ်စွာ တင်ခွင့်ရှိ နေကြောင်း ရဲတပ်ဖွဲ့က ယူဆခဲ့သည်။

အမေရိကန်ဂျာနယ်လစ် တပ်ကာကာလ်ဆင်နဲ့ ဂျူးရော့ဗ်ကို တွေ့ရစဉ်
ဂျူးရော့ဗ်သည် အခြားပြစ်မှုဆိုင်ရာ စွဲချက်များနှင့်လည်း ရင်ဆိုင်ရလိမ့်မည်ဟု ပြင်သစ်မီဒီယာများက ပြောကြား ခဲ့သည်။
အသုံးပြုသူ ၁ ဘီလျံ နီးပါးရှိသည့် Telegram လူမှုမီဒီယာသည် ရုရှား၊ ယူကရိန်းနှင့် ဆိုဗီယက်ယူနီယံ အဖွဲ့ဝင် ဟောင်း နိုင်ငံများတွင် လူသုံးများသော အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး Facebook၊ YouTube၊ WhatsApp၊ Instagram၊ TikTok နှင့် Wechat လူမှုမီဒီယာများကဲ့သို့ ကမ္ဘာ့ထိပ်သီး လူမှုမီဒီယာ ပလက်ဖောင်းတစ်ခု ဖြစ် သည်။
ဂျူးရော့ဗ် ဖမ်းဆီးခံရမှု သတင်းနှင့်ပတ်သက်ပြီး Telegram ကုမ္ပဏီ ၊ ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့တို့ကမူ မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
ရုရှားတွင် မွေးဖွားခဲ့သည့် ဂျူးရော့ဗ်သည် Telegram ကို ၎င်း၏ အစ်ကိုဖြစ်သူနှင့် ၂၀၁၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဂျူးရော့ဗ်ကို တွေ့ရစဉ်
ထို့ပြင် ၎င်းတို့ ညီအစ်ကိုသည် VK လူမှုမီဒီယာကိုလည်း ၂၀၀၆ ခုနှစ်က တည်ထောင်ခဲ့သူများဖြစ်သည်။
ရုရှားအစိုးရက အတိုက်အခံများကို VK လူမှုမီဒီယာပေါ်မှ ပိတ်ပင်ရန် တောင်းဆိုခဲ့သော်လည်း ဂျူးရော့ဗ်က ငြင်းဆန်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့သည်။
"တခြားလူတွေရဲ့ အမိန့်တွေကို လိုက်နာရမှာထက်စာရင် လွတ်လွတ်လပ်လပ်ပဲ နေချင်ပါတယ်" ဟု ဂျူးရော့ဗ်က ရုရှားမှ ထွက်ခွာခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး ဧပြီလအတွင်းက အမေရိကန်ဂျာနယ်လစ် တပ်ကာ ကာလ်ဆင် (Tucker Carlson) နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 4485
CNI International News
ဘန်ကောက်၊ ဩဂုတ် ၂၄
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ၏ သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ်(Paetongtarn Shinawatra) သည် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပေတုန်တန်၏ ဝန်ကြီးချုပ်သက်တမ်းအပေါ် မေးခွန်းများ ထုတ်နေကြသည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ကျွမ်းကျင်သူ အများစုကမူ ပေတုန်တန်သည် ယခင် ဖြူးထိုင်းပါတီ၏ ဝန်ကြီးချုပ်ဖြစ်သည့် ဆရီသာ သာဗီဆင် (Srettha Thavisin) ထက်ပင် ပိုမိုဆောလျင်စွာ ဝန်ကြီးချုပ်ရာထူးကို လက်လွတ်ဆုံးရှုံးရလိမ့်မည်ဟု ခန့်မှန်း နေကြသည်။
ထို့ပြင် ဆရီသာ ရာထူးမှ ဖယ်ရှားခံရမှုတွင် ပေတုန်တန်၏ ဖြူးထိုင်းပါတီသည် နောက်ကွယ်မှ ပါဝင်နေခြင်း ရှိ/မရှိ မေးခွန်းများ ထွက်ပေါ်ခဲ့သော်လည်း ထိုအခြေအနေမှာ ဖြစ်နိုင်ခြေနည်းလွန်းသည်။
ဆရီသာသည် နိုင်ငံရေးအရှုပ်တော်ပုံဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ပီချစ် ချူအန်ဘန် (Pichit Chuenban) ကို အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူး ခန့်အပ်ခဲ့မှုကြောင့် ကျင့်ဝတ်ချိုးဖောက်မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၎င်းကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

သက်ဆင်နဲ့ ပေတုန်တန်ကို တွေ့ရစဉ်
ထိုင်း၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်သည့် ပေတုန်တန်သည် နိုင်ငံရေးအတွေ့အကြုံ နည်းပါးသူဖြစ်သဖြင့် ဖြူးထိုင်းပါတီ၏ မဲဆွယ်ကတိဖြစ်သည့် ထိုင်းလူမျိုးများအား ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ရေး အစီအစဉ်သည် သူ့အတွက် စိန်ခေါ်မှု ဖြစ်လာနိုင်သည်။
ထို့အပြင် ပါတီတွင်း သဘောထားကွဲလွဲမှုနှင့် တရားရေးဆိုင်ရာ အမှုအခင်းများလည်း ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထိုအခြေအနေမျိုးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ပါဝင်လာနိုင်မည်ဖြစ်သဖြင့် ပေတုန်တန်သည် ဝန်ကြီးချုပ်တာဝန်ကို သတိကြီးစွာထားပြီး ထောင်ချောက်များကို ရှောင်ရှားနိုင်ရန် အရေးကြီးသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

ပေတုန်တန်ကို တွေ့ရစဉ်
ပေတုန်တန်၏ ဖခင်ဖြစ်သူ သက်ဆင်သည် လက်ရှိအချိန်အထိ တရားရေးဆိုင်ရာ အမှုအခင်းများ အပြီးမသတ် သေးဘဲ အဒေါ်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ် (Yingluck Shinawatra) ကိုလည်း နိုင်ငံအတွင်းသို့ ပြန်လည်ခေါ်ဆောင်ရန် ကြိုးပမ်းနေရချိန်တွင် ပေတုန်တန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်ဟု ထင်ကြေးပေးမှုများလည်း ထွက်ပေါ်နေသည်။
ထို့ပြင် နိုင်ငံ၏ စိုးရိမ်ရသည့် စီးပွားရေးအခြေအနေ၊ ပြိုင်ဆိုင်မှု ပြင်းထန်နေသည့် ပြည်တွင်း မူဝါဒများနှင့် အလွန် ကျိုးပျက်လွယ်သော ကမ္ဘာလုံးဆိုင်ရာ အခြေအနေများကို ရင်ဆိုင်ရာတွင် ပေတုန်တန်အနေဖြင့် ပါတီတွင်းရှိ အတွေ့အကြုံ ရင့်ကျက်သူများ၏ အကူအညီကို ရယူရန် လိုအပ်နေသည်။
ထိုစိန်ခေါ်မှုများကို အလုံးစုံခြုံငုံ သုံးသပ်ကြည့်ရမည်ဆိုပါက ပေတုန်တန်သည် အစိုးရအိမ်တော်တွင် ကြာကြာ နေရလိမ့်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူအများစုက ယူဆထားကြသည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 3452
CNI International News
ဘန်ကောက်၊ ဩဂုတ် ၂၄
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) က ၎င်းနှင့် စစ်တပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ် (Prawit Wongsuwan) အကြား ဆက်ဆံရေး ပြတ်တောက်ခဲ့သည့် အကြောင်း ရင်းအပေါ် ၎င်း၏သဘောထားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်ဟု Thai PBS World မှ ဖော်ပြ ခဲ့သည်။
ဩဂုတ် ၂၂ ရက် ညပိုင်းက The Nation မီဒီယာနှင့်ပြုလုပ်သည့် အမေးအဖြေကဏ္ဍတွင် သက်ဆင်က သူ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်၌ ပရာဝစ်သည် ထိုင်း၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီ၏ အကြီးအကဲနေရာအတွက် ၎င်း၏ ထောက်ခံမှုကိုရရှိရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ပရာဝစ်သည် ၂၀၀၅ ခုနှစ်တွင် စစ်တပ်အကြီးအကဲအဖြစ်မှ အနားယူရန် ပြင်ဆင်နေချိန်တွင် မိမိအားချဉ်းကပ်ခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီ အကြီးအကဲနေရာအတွက် ထောက်ခံပေးရန် တောင်းဆိုခဲ့ကြောင်း သက်ဆင်က ပြောသည်။
ထို့ပြင် ပရာဝစ်သည် စစ်တပ်ထဲတွင် ရာထူးနေရာများ တိုးမြင့်ရရှိခဲ့မှုအတွက် မိမိကို ကျေးဇူးတင်ရန် အကြွေးရှိ ကြောင်း သက်ဆင်က ပြောသည်။
"သူ့ကို First Army Region ရဲ့ တပ်မှူးရာထူး ခန့်အပ်ခဲ့တာ ကျနော်ပါ" ဟု သက်ဆင်က ဩဇာကြီးမားသည့် စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့ကို ရည်ညွှန်းပြောကြားခဲ့သည်။
First Army Region သည် အတိတ်ကာလက စစ်အာဏာသိမ်းမှုများတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ပရာဝစ်နဲ့သက်ဆင်ကို တွေ့ရစဉ်
နောက်ပိုင်းတွင် ပရာဝစ်သည် စစ်ဦးစီးချုပ် ရာထူးနေရာအထိ ရာထူးတိုးခဲ့ပြီး ၂၀၀၆ ခုနှစ်က သက်ဆင်၏ အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည့် အာဏာသိမ်းမှု၌ အဓိကနေရာက ပါဝင်ခဲ့သူဖြစ်ကြောင်း ယူဆခံခဲ့ရသည်။
ပရာဝစ်သည် စစ်တပ်မှ အနားယူပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဥက္ကဋ္ဌရာထူးအတွက် အကူအညီ တောင်းခံခဲ့ချိန်တွင် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ကျိုးပျက်သွားခဲ့ခြင်းဖြစ်သည်ဟု သက်ဆင်က ထပ်လောင်းပြောကြားခဲ့သည်။
ထိုအချိန်မှစပြီး ပရာဝစ်နှင့် တိုက်ရိုက်ဆက်ဆံမှု မရှိခဲ့ကြောင်း၊ သူ့အနေနှင့်လည်း ပရာဝစ်နှင့် စကားပြောချင်စိတ် မရှိကြောင်း သက်ဆင်က ပြောကြားခဲ့သည်။
ပရာဝစ်၏ Palang Pracharath ပါတီသည် သက်ဆင်မိသားစုနှင့် ဆက်နွှယ်သည့် ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ထဲတွင် ပါဝင်သည့် မိတ်ဖက်ပါတီဖြစ်သည်။
လက်ရှိတွင် ဖြူးထိုင်းပါတီ၏ လွှတ်တော်အမတ်အချို့က ညွန့်ပေါင်းအဖွဲ့အတွင်း ပရာဝစ် မပါဘဲ အခြားပါတီများ နှင့် ဆက်လက် လုပ်ဆောင်လိုသည့် သဘောထားများကို ပြသနေသဖြင့် ပါတီတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပွားလျက်ရှိသည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 3510
CNI International News
ချီကာဂို၊ ဩဂုတ် ၂၄
အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ် (Kamala Harris) သည် ဒီမိုကရက်တစ်ပါတီ ညီလာခံတွင် ပါတီ ကိုယ်စားပြု သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအဖြစ် တရားဝင်ရွေးချယ်ခံခဲ့ရ ပြီးနောက် အာဏာရှင်စနစ်ကို ဝေဖန်သည့် မိန့်ခွန်းကို ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
၄ ရက်ကြာ ပြုလုပ်သည့် ပါတီညီလာခံ၏ နောက်ဆုံးနေ့ဖြစ်သော ဩဂုတ် ၂၃ ရက် ညပိုင်းတွင် မိန့်ခွန်းပြောကြား ခဲ့ရာ၌ ဟားရစ် (၅၉ နှစ်)က အမေရိကန်နိုင်ငံသား အားလုံးအတွက် လက်တွေ့ကျပြီး စစ်မှန်သည့် သမ္မတတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်သွားမည့် အကြောင်းကို ကတိပြုခဲ့သည်။
"ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်အကြား အားပြိုင်မှုတွေ ရှိနေပါတယ်။ ကျမ ဘယ်ဘက်က ရပ်တည်နေလဲဆိုတာနဲ့ အမေရိကန်က ဘယ်စနစ်ကို ပိုင်ဆိုင်ထားလဲဆိုတာကို ကျမသိပါတယ်" ဟု ဟားရစ်က ပြောကြားခဲ့သည်။
၎င်း၏ ရွေးကောက်ပွဲ ပြိုင်ဘက်ဖြစ်သည့် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် အာဏာရှင်များကို ဦးညွှတ်သူဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
ထို့ပြင် ဟားရစ်က သူသည် နေတိုးနှင့် ယူကရိန်းကို ထောက်ခံမည်ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ကို ရင်ဆိုင်သွားမည်ဟုလည်း ကတိပြုခဲ့သည်။

ကာမယ်လာဟားရစ်ကို တွေ့ရစဉ်
ထိုမိန့်ခွန်းသည် ဟားရစ်၏ မဲဆွယ်စည်းရုံးရေး ကာလအတွင်း အားမာန်ပါသည့် မိန့်ခွန်းတစ်ခု ဖြစ်သော်လည်း အမေရိကန်အတွက် ရှင်းလင်းတိကျသော ၎င်း၏ သဘောထားများကိုမူ ပြသရခြင်း မရှိသေးပေ။
ထို့ပြင် ဟားရစ်သည် ထရမ့်၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများနှင့်လည်း ရင်ဆိုင်နေရပြီး ထရမ့်က ဟားရစ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ပျော့ညံ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပါတီညီလာခံ ကျင်းပရာ အဆောက်အအုံ အပြင်ဘက်တွင် ပါလက်စတိုင်း ထောက်ခံသူများ စုရုံးဆန္ဒပြခဲ့ကြပြီး နောက် ဟားရစ်က အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း အစ္စရေးကို ဘေးကင်းလုံခြုံစေရန်၊ ဂါဇာတွင် ဖမ်းဆီးခံ ထားရသည့် ဓားစာခံများကို ပြန်လည်လွတ်မြောက်စေရန်၊ ပါလက်စတိုင်း နယ်နိမိတ်ဖြစ်သည့် ဂါဇာတွင် ဖြစ်ပွား နေသော စစ်ပွဲကို အဆုံးသတ်စေရန် လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။
"အခုချိန်က ဓားစာခံတွေ လွတ်မြောက်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ အချိန်ကျပါပြီ။ ရှင်းအောင် ပြောရမယ်ဆိုရင် အစ္စရေးရဲ့ ကိုယ်ကိုယ့်ကို ကာကွယ်ပိုင်ခွင့်အတွက် ကျမ အမြဲတမ်း ရပ်တည်သွားမှာ ပါ။ ပြီးတော့ အစ္စရေးရဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းကို စိတ်ချသေချာစေအောင် လုပ်ဆောင်ပေးသွားမှာပါ" ဟု ဟားရစ်က ပြောကြားခဲ့သည်။
ထို့ပြင် အီရန်ကို ဆန့်ကျင်ပြီး အမေရိကန်၏ အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်လာသည့် အချိန်တွင် မည်သည့် လုပ်ရပ်ကိုမဆို လုပ်ဆောင်သွားမည်ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) အပါအဝင် အာဏာရှင်များသည် ထရမ့်ကို အားပေးထောက်ခံနေကြကြောင်း ဟားရစ်က ပြောကြားခဲ့သည်။
အမေရိကန်တွင် နိုဝင်ဘာ ၅ ရက်၌ ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ ဟားရစ် အနိုင်ရခဲ့မည်ဆိုပါက သူသည် အမေရိကန်သမိုင်းတွင် ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာမည်ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 5217
CNI International News
ကိယက်ဗ်၊ ဩဂုတ် ၂၄
ရုရှားတို့ သိမ်းပိုက်ထားသည့် ခရိုင်းမီးယား (Crimea) ဒေသကို လောင်စာများနှင့် လက်နက်များ ပေးပို့ရန် အသုံးပြု သည့် ရုရှား၏ ကာဗ်ကက်ဇ် (Kavkaz) ဆိပ်ကမ်းတွင် ကူးတို့သင်္ဘောတစ်စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်း ရေတပ်က ဩဂုတ် ၂၃ ရက်တွင် အတည်ပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားတောင်ပိုင်း ခရက်နိုဒါ (Krasnodar) ဒေသရှိ ထိုဆိပ်ကမ်းတွင် ဩဂုတ် ၂၂ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု အတွင်း ကူးတို့သင်္ဘောတစ်စင်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
"နောက်ထပ် စစ်ရေးပစ်မှတ်တစ်ခုကို ဖျက်ဆီးခဲ့ပါတယ်။ အဲဒီကူးတို့သင်္ဘောဟာ ကျူးကျော်သူတွေကို လောင်စာ ထောက်ပံ့ပေးနေတာပါ။ ကူးတို့သင်္ဘောဟာ နစ်မြုပ်သွားခဲ့ပြီး အဲဒီသင်္ဘောကို မဆယ်နိုင်မချင်း ဆိပ်ကမ်းဟာ လည်း အသုံးပြုနိုင်မှာ မဟုတ်ပါဘူး" ဟု ယူကရိန်းရေတပ် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရို ပလက်တန်ချော့ (Dmytro Pletenchuk)က ယူကရိန်းရုပ်သံတွင် ပြောကြားခဲ့သည်။

ရုရှား စစ်သင်္ဘောကို တွေ့ရစဉ်
ရုရှားသည် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့မှုများ စုစုပေါင်း၏ ၄ ပုံ ၃ ပုံကို ထိုကူးတို့သင်္ဘောများဖြင့် ပို့ဆောင် နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
တိုက်ခိုက်ခံခဲ့ရသည့် ကူးတို့သင်္ဘောပေါ်တွင် လောင်စာကန် ၃၀ တင်ဆောင်ထားကြောင်း တမ်ယော့ခ် (Temryuk)၏ အကြီးအကဲ ဖယိုဒါ ဘာဘန်ကော့ဗ် (Fyodor Babenkov) က ပြောကြားခဲ့သည်။
ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ထိုဖြစ်စဉ်သည် ယူကရိန်းစစ်ပွဲအတွင်း ယူကရိန်း တပ်များက ရုရှား၏ နယ်နိမိတ်ထဲဝင်ပြီး တိုက်ခိုက်နေသည့် ဖြစ်စဉ်များထဲတွင် နောက်ဆုံး တိုက်ခိုက်မှုဖြစ်သည်။
ကာဗ်ကက်ဇ် ဆိပ်ကမ်းသည် ပင်လယ်နက်တွင် ရုရှား၏ အကြီးဆုံး ဆိပ်ကမ်းများထဲ၌ တစ်ခုအပါအဝင်ဖြစ်သည်။
ထိုဆိပ်ကမ်းတွင် ၂၀၁၄ ခုနှစ်က ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် ယူကရိန်း၏ ခရိုင်းမီးယားဒေသအတွက် လောင်စာများနှင့် အခြားကုန်စည်များပေးပို့သည့် သင်္ဘောများ ဆိုက်ကပ်သည့် ဆိပ်ကမ်းဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 5439
CNI International News
ဘန်ကောက်၊ ဩဂုတ် ၂၃
ထိုင်းနိုင်ငံ၏ ထိပ်သီးနိုင်ငံရေးသမားလည်းဖြစ်၊ စစ်တပ်အကြီးအကဲဟောင်းလည်းဖြစ်သည့် ပရာဝစ် ဝေါင်ဆူဝမ် (Prawit Wongsuwan) သည် သတင်းထောက်တစ်ဦးကို ပါးရိုက်ခဲ့သည့် ဗွီဒီယိုမှတ်တမ်း ထွက်ပေါ်လာခဲ့ပြီး နောက် ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းလွှတ်တော်က ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ဩဂုတ် ၁၆ ရက်က ထိုင်း၏ Thai PBS ရုပ်သံဌာနမှ အမျိုးသမီး သတင်းထောက်တစ်ဦးဖြစ်သည့် ဒူအမ်သစ် ယီအမ်ဖို (Duangthip Yiamphop) သည် ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) အား ဝန်ကြီးချုပ်ရာထူး ခန့်အပ်မှုနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် ပရာဝစ်က ထိုသတင်းထောက် ကို ပါးရိုက်ခဲ့ခြင်းဖြစ်သည်။
ပရာဝစ်သည် လွှတ်တော်တွင်းမှ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် သတင်းထောက်၏ မေးခွန်းကို "မင်း ဘာမေး လိုက်တာလဲ။ ဘာလဲ၊ ဘာလဲ" ဟုပြောကာ ပါးရိုက်လိုက်သည့် မြင်ကွင်းကို ဗွီဒီယိုမှတ်တမ်းထဲတွင် မြင်တွေ့ခဲ့ ရသည်။
၂၀၀၀ ပြည့်နှစ် အစောပိုင်းက ထိုင်းစစ်တပ် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပရာဝစ်သည် ပေတုန်တန်၏ အဒေါ်ဖြစ်သော ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် (Yingluck Shinawatra) ကို ရာထူးမှ ဖြတ်ချခဲ့ သည့် ၂၀၁၄ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူများအနက် တစ်ဦးဖြစ်သည်။

ပေတုန်တန်ကို တွေ့ရစဉ်
သူသည် ၂၀၂၃ ခုနှစ်အထိ စစ်တပ်က ကျောထောက်နောက်ခံ ပြုထားသည့် အစိုးရအဖွဲ့အတွင်း လက်ထောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထိုင်းလွှတ်တော်ကမူ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး Thai PBS ရုပ်သံက တရားဝင် တိုင်ကြားစာပေးပို့ခဲ့သဖြင့် ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ပရာယွတ်အနေဖြင့် ကျင့်ဝတ်သိက္ခာ ချိုးဖောက်မှုဖြင့် ပစ်မှတ်ထင်ရှား တွေ့ရှိခဲ့မည်ဆိုပါက လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ခံရနိုင်ပြီး ရာသက်ပန် ပိတ်ပင်ခံရဖွယ်ရှိသည်။
ထိုင်းဂျာနယ်လစ်များ အသင်းကမူ ပရာဝစ်သည် ဂျာနယ်လစ်တစ်ဦးကို အကြမ်းဖက်ခဲ့မှုအတွက် ဝေဖန်ရှုတ်ချခဲ့ပြီး ပရာဝစ်၏ လုပ်ရပ်သည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေကြောင်း ထုတ်ပြန်ခဲ့သည်။
Thai PBS ရုပ်သံဌာန၏ အမှုဆောင် အယ်ဒီတာတစ်ဦးဖြစ်သူ နော့ပါဒိုလ် ဆရီဟတ်တိုင်း (Noppadol Srihatai) ကလည်း ပရာဝစ်၏ လုပ်ရပ်သည် စာနယ်ဇင်းကို ခြိမ်းခြောက်နေကြောင်း သတင်းထောက်များကို ပြောကြားခဲ့ သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 3146
CNI International News
ဂျာကာတာ၊ ဩဂုတ် ၂၃
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ (Jakarta) မြို့တော်ရှိ လွှတ်တော်အဆောက်အအုံ၏ ဂိတ်ပေါက်ဝများကို ဆန္ဒပြသူ များက ဝင်ရောက်စီးနင်းရန် ကြိုးပမ်းနေသဖြင့် ဩဂုတ် ၂၂ ရက်က လွှတ်တော်တွင် ရွေးကောက်ပွဲဥပဒေများ ပြင်ဆင်ရန် အတည်ပြုမည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အင်ဒိုနီးရှားတွင် ရာထူးမှ ထွက်ခွာတော့မည့် သမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo) ၏ နိုင်ငံရေးဩဇာလွှမ်းမိုးမှုကို ပိုမိုခိုင်မာစေလိမ့်မည်ဟု ယူဆခံထားရသည့် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်မှုများကြောင့် လူထုက ဒေါသထွက်နေ ကြပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ထိုရွေးကောက်ပွဲဥပဒေ ပြင်ဆင်မှုကို အတည်ပြုရန် လွှတ်တော်တွင် လိုအပ်သည့် ထောက်ခံမှုပမာဏ မရရှိခဲ့ သဖြင့် အတည်ပြုမည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်ဟု လွှတ်တော်အမတ် ဟာဘီဘူရိုခမန် (Habiburokhman) က သတင်းထောက်များကို ပြောကြားခဲ့သည်။
လွှတ်တော်အနေဖြင့် ဩဂုတ် ၂၇ ရက်တွင် ပြုလုပ်မည့် ဒေသန္တရ ရွေးကောက်ပွဲများအတွက် မှတ်ပုံတင်စာရင်း သွင်းမှုများကို မပြုလုပ်မီ အချိန်၌ ရွေးကောက်ပွဲဥပဒေများ ပြင်ဆင်ရန် အတည်ပြုဖို့ ရှိ/မရှိ ရှင်းလင်းစွာ မသိရသေးပေ။

ဝီဒိုဒိုကို ဆန္ဒပြနေသူများကို တွေ့ရစဉ်
ထိုရွေးကောက်ပွဲဥပဒေ ပြင်ဆင်မှုများတွင် ဩဇာကြီးမားသည့် ဂျာကာတာ အုပ်ချုပ်ရေးမှု ရာထူးနေရာအတွက် အစိုးရအား ဝေဖန်သူများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်မည်ဖြစ်သည်။
ထို့အပြင် လာမည့် နိုဝင်ဘာလတွင် ဂျာဗား (Java) ပြည်နယ်၌ ပြုလုပ်မည့် ရွေးကောက်ပွဲများအတွက် ဝီဒိုဒို၏ သားအငယ်ဆုံးဖြစ်သူကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိစေမည်ဖြစ်သည်။
ယခုသီတင်းပတ် အစောပိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး လွှတ်တော် သည် ရွေးကောက်ပွဲဥပဒေများ ပြင်ဆင်ပြောင်းလဲမှုကို အတည်ပြုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် သီတင်းပတ်များစွာကြာ နိုင်ငံရေး အပြောင်းအလဲများအတွင်း လွှတ်တော်နှင့် တရားရေးစနစ်အကြား အာဏာလွန်ဆွဲမှုများ ဖြစ်ပွားခဲ့သည်။

အင်ဒိုနီးရှားမှာ ဆန္ဒပြနေကြစဉ်
ထို့နောက် သမ္မတ ဝီဒိုဒိုကမူ ထိုအားပြိုင်မှုများသည် တစ်ဖက်နှင့်တစ်ဖက် စောင့်ကြည့်၊ ထိန်းညှိသည့် စံနှုန်း တစ်မျိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျာကာတာမြို့တော်၏ လွှတ်တော် အဆောက်အအုံ အပြင်ဘက်တွင်မူ ထောင်နှင့်ချီသည့် ဆန္ဒပြသူများ စုရုံးခဲ့ ကြပြီး အချို့သည် လွှတ်တော်ခြံစည်းရိုးကို ချိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။
သို့သော်လည်း လူအနည်းငယ်သာ လွှတ်တော်ဝင်းအတွင်းသို့ ရောက်ရှိခဲ့ကြသည်။
အင်ဒိုနီးရှား သမ္မတဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဟက်ဆန် နက်စ်ဘီကမူ ဆန္ဒပြသူများကို စိတ်ထိန်းရန်နှင့် အကြမ်းဖက်မှုများ မပြုလုပ်ရန် တိုက်တွန်းခဲ့သော်လည်း ဘန်ဒန်း (Bandung) မြို့တွင် ဆန္ဒပြသူ အချို့သည် လွှတ်တော် အဆောက်အအုံများကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
Source: ရိုက်တာ
