- By CNI
- Category: နိုင်ငံရေး
- Hits: 517
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၀
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ချမှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် အခွင့်ထူးခံအခြေအနေကို ရရှိနေခြင်း ရှိ/မရှိကို စုံစမ်းစစ်ဆေးရန် တရားရုံးချုပ်အား တောင်းဆိုသွားမည်ဟု Thai PBS မှ ဖော်ပြခဲ့သည်။
ဒီမိုကရက်လွှတ်တော်အမတ်ဟောင်း နာခွန်း နာယွတ် ချန်ချိုင်း အစ်ဆာရာဆီနာရက် (Nakhon Nayok Charnchai Isarasenarak) နှင့် လူ့အခွင့်အရေးရှေ့နေ နီတီတွန်း လမ်လူယာ (Nititorn Lamlua) တို့က တရားရုံးချုပ်၏ နိုင်ငံရေးရုံးထိုင်သူများအတွက် ပြစ်မှုဆိုင်ရာဌာနသို့ လျှောက်လွှာတင်သွင်းရန် စီစဉ်ထားသည်။
သက်ဆင်သည် ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂ ရက်က ထိုင်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး စွဲချက် ၃ ခုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသည်။
သို့သော် တော်ဝင်မိသားစု၏ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုဖြင့် သက်ဆင်သည် ထောင်ဒဏ် ၁ နှစ်သာ ကျခံရန် ပြစ်ဒဏ် လျှော့ချခံခဲ့ရသည်။
ဒီမိုကရက်လွှတ်တော်အမတ်ဟောင်း နာခွန်း နာယွတ် ချန်ချိုင်း အစ်ဆာရာဆီနာရက်ကို တွေ့ရစဉ်
မည်သို့ပင်ဆိုစေ သက်ဆင်သည် အကျဉ်းထောင်ထဲတွင် ၁ ရက်ပြည့်အောင်ပင် မနေခဲ့ရဘဲ ကျန်းမာရေး အကြောင်းပြချက်များဖြင့် အကျဉ်းထောင်ဆေးရုံမှ ရဲတပ်ဖွဲ့ အထွေထွေဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူခဲ့ရသည်။
ဒီမိုကရက်တစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ရာမက် ရတ္တနချာဝမ် (Ramet Rattanachaweng) ကမူ အစိုးရအဖွဲ့ စတင် တာဝန်ထမ်းဆောင်သည့် ရက်ပေါင်း ၉၀ အတွင်း အကြီးမားဆုံး လုပ်ဆောင်မှုတစ်ခုမှာ ရှင်နာဝပ် မိသားစု ၏ အကျိုးစီးပွားအတွက် ထိုင်းတရားရေးစနစ်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
သက်ဆင် အနေနှင့် မည်သည့်အတွက်ကြောင့် ရဲတပ်ဖွဲ့ဆေးရုံ၏ ၁၄ လွှာတွင် ကုသမှုခံယူနေသနည်း၊ သက်ဆင် သည် မည်သည့် ဝေဒနာ ခံစားနေရသနည်း၊ ပြစ်ဒဏ်ချမှတ် ခံထားရသူတစ်ဦးကို အကျဉ်းထောင် အပြင်ဘက်တွင် နေထိုင်ခွင့်ကာလ ထပ်မံတိုးချဲ့ပေးထားသည့် အကျဉ်းထောင်ဌာန၏ စည်းကမ်းဥပဒေသစ်များမှာ အဘယ်နည်း အစရှိသည့် အဖြေမရှိသော မေးခွန်းများစွာရှိနေကြောင်း ရာမက်က ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်း၏ အကျဉ်းထောင်များသည် ဆင်းရဲမွဲတေ သူများအတွက်သာ ဖြစ်သည်ဆိုသည့် ရေပန်းစားနေသည့်် အဆိုကို အခွင့်ထူးခံ ရရှိထားသော သက်ဆင်၏ဖြစ်ရပ်က သက်သေထူ နေသည်ဟုလည်း ရာမက်က ပြောကြား ခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 504
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) သာ ပြန်လည် ရွေးကောက်ခံခဲ့ရမည်ဆိုပါက ယူကရိန်းအတွက် အကူအညီများကို ရပ်ဆိုင်းမည်ကို ဥရောပနိုင်ငံအချို့မှ သံတမန်များက စိုးရိမ်နေကြကြောင်း တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့ပြင် ထရမ့်သည် နေတိုး မဟာမိတ်အဖွဲ့အပေါ်ထားရှိသည့် အမေရိကန်၏ ကတိကဝတ်များကိုလည်း စွန့်လွှတ်ဖွယ်ရှိမည့် အခြေအနေအတွက် ဥရောပသံတမန်များက စိုးရိမ်နေသည်ဟုလည်း ရိုက်တာမှ ဖော်ပြခဲ့သည်။
လက်ရှိ တာဝန်ထမ်းဆောင်နေသည့် သံတမန်များ၊ လက်ထောက်များနှင့် အငြိမ်းစားယူသွားသည့် သံတမန် ဟောင်း ၂၀ နီးပါး၏ အဆိုအရ ထရမ့်သည် ရွေးကောက်ပွဲ နိုင်ခဲ့မည်ဆိုပါက ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် စီအိုင်အေတို့တွင် ၎င်းအား သစ္စာခံသည့် သူများကိုသာ အဓိကရာထူးနေရာများ ပေးနိုင်ခြေ ရှိသည်ဟု သိရသည်။
ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ထရမ့်သည် ယူကရိန်းစစ်ပွဲမှအစ တရုတ်နှင့် ဆက်ဆံရေးအဆုံး အကြောင်းအရာ အများအပြားတွင် အမေရိကန်၏ ရည်တည်ချက်ကို အပြောင်းအလဲများ ပြုလုပ်နိုင်လိမ့်မည်ဟု ဆိုသည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ နေတိုးအဖွဲ့ကိုတွေ့ရစဉ်
ရိုက်တာသတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်ခဲ့သည့် ဥရောပသံတမန် ၈ ဦးက ထရမ့်သည် နေတိုးမဟာမိတ်များ အပေါ် ထားရှိသည့် အမေရိကန်၏ ကတိကဝတ်များကို ဆက်လက် ထိန်းသိမ်းထားရန် ရှိ/မရှိ သံသယရှိကြောင်း၊ ရုရှားနှင့်စစ်ပွဲ ဖြစ်ပွားနေသည့် ယူကရိန်းအား အကူအညီ အထောက်အပံ့များ ဖြတ်တောက်လိုက်မည့် အခြေအနေ အပေါ် စိုးရိမ်ရကြောင်း ဖြေကြားခဲ့သည်။
မြောက်ဥရောပနိုင်ငံ တစ်နိုင်ငံမှ သံတမန်တစ်ဦးကလည်း သူနှင့် သူ့လုပ်ဖော်ကိုင်ဖက်များသည် မကြာသေးမီ နှစ်များအတွင်း ထရမ့်၏ လက်ထောက်များနှင့် အဆက်အသွယ် ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်း ရောဘတ် အို ဘရီယန်ကလည်း ထရမ့်သည် ပုဂ္ဂိုလ်ရေး အရ မူဝါဒကို ချမှတ်သည့် အခြေအနေကို နားလည်ထားကြောင်း၊ ထရမ့်၏ အစိုးရအဖွဲ့ထဲတွင် ပါဝင်သူများသည် သမ္မတ၏ မူဝါဒထက် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအရ ကိုယ်ပိုင်မူဝါဒများကို ချမှတ်ရန် စိတ်အားထက်သန်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်
ထရမ့်သည် ဥရောပအတွက် ကာကွယ်ရေး အထောက်အပံ့များကို လျှော့ချဖြတ်တောက်ရန် စိတ်ဝင်စားနေပြီး တရုတ်နှင့် စီးပွားရေး ဆက်ဆံရေးများကို ထပ်မံလျော့နည်းစေရန် စိတ်အားထက်သန်နေသည်ဟု ထရမ့်၏ လက်ထောက်များက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၌ သမ္မတရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး သမ္မတဂျိုးဘိုင်ဒန် (Joe Biden) က ၎င်း၏ ဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယခုနှစ် ဧပြီလက ကြေညာခဲ့ သည်။
သမ္မတဟောင်း ထရမ့်ကလည်း သမ္မတရွေးကောက်ပွဲ ဝင်ရောက်ရန် စီစဉ်ထားကြောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ကတည်းက ကြေညာခဲ့သည်။
Source: တာ့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 606
CNI International News
ဟောင်ကောင်၊ ဒီဇင်ဘာ ၁၉
ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် (Jimmy Lai) ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ စွဲချက်များအတွက် တရားရုံးတွင် ကြားနာစစ်ဆေးမှုကို စတင်ခဲ့ပြီး ဗြိတိန်ကမူ လိုင်ကို ချက်ချင်းပြန်လွှတ်ပေးရန် တိုက်တွန်းခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကတည်း အကျဉ်းချခံခဲ့ရသည့်် လိုင်သည် တရားရုံးသို့ ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့သည်။
သူသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လက ဟောင်ကောင်တွင် တရုတ်အစိုးရက ပြဋ္ဌာန်းခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေ အောက်၌ ပြည်ပအင်အားစုများနှင့် ပူးပေါင်းလိမ်လည်ရန် ကြံစည်မှု စွဲချက်နှင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။
အပြာရောင်ဝတ်စုံကို ဝတ်ဆင်ပြီး စာအုပ်တစ်အုပ်ကို ကိုင်ဆောင်လာသည့် အသက် ၇၆ နှစ်အရွယ် လိုင်သည် ခန္ဓာကိုယ်အလေးချိန် လျော့ကျသွားပုံပေါ်သော်လည်း ကျန်းမာရေး ကောင်းမွန်ပုံပေါ်ကြောင်း တရားရုံးအတွင်းရှိ သတင်းထောက်များက ပြောကြားခဲ့သည်။
ဟောင်ကောင်သတင်းစာကိုတွေ့ရစဉ်
ယခု ထုတ်ဝေခြင်း မပြုတော့သည့် Apple Daily သတင်းစာကို ထုတ်ဝေခဲ့သူ လိုင်သည် တရုတ်အစိုးရကို လူသိရှင်ကြား ဝေဖန်သူများထဲတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင် ဟောင်ကောင် ရဲတပ်ဖွဲ့က Apple Daily သတင်းစာ၏ တာဝန်ရှိသူများကို ဝင်ရောက် စီးနင်းခဲ့သည့်အချိန်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
လိုင်၏ အမှုကို လွန်ခဲ့သည့် နှစ်ကတည်းက ကြားနာစစ်ဆေးရန် စီစဉ်ခဲ့သော်လည်း လိုင်က ၎င်း၏ဘက်မှ ခုခံ လျှောက်လှဲမည့် ရှေ့နေအဖြစ် ဗြိတိန်အခြေစိုက် တီမိုသီ အိုဝင် (Timothy Owen) ကို ရွေးချယ်ခဲ့သဖြင့် ထိုရွေးချယ်မှုအပေါ် ဟောင်ကောင်အစိုးရက ဆန့်ကျင်ကန့်ကွက်မှုများကြောင့် နှောင့်နှေးကြန့်ကြာခဲ့ခြင်း ဖြစ်သည်။
Apple Daily သတင်းစာ တိုက်သည်လည်း ဗြိတိသျှကိုလိုနီ လက်ထက်က အကြည်ညိုပျက်စေမှုဥပဒေအောက် တွင် တရားစွဲဆိုခံထားရကြောင်း လိုင်က ပြောကြားခဲ့ပြီး ၎င်းအပေါ် စွဲဆိုထားသည့် စွဲချက်များအားလုံးကို ငြင်းဆိုခဲ့သည်။
ဒီဇင်ဘာ ၁၇ ရက်က ဗြိတိန်၏ ထုတ်ပြန်ချက်တွင် ဗြိတိန်ဝန်ကြီးချုပ်က လိုင်၏ ကြားနာစစ်ဆေးမှုကို အလွန် စိုးရိမ်ကြောင်း၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂသည် လိုင်အား ချက်ချင်းပြန်လွှတ်ရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: နိုင်ငံရေး
- Hits: 573
CNI International News
တိုကျို၊ ဒီဇင်ဘာ ၁၉
တရုတ်နှင့် နယ်မြေအငြင်းပွားမှုများ၊ ပင်လယ်ရေကြောင်းဆိုင်ရာ ထိပ်တိုက်တွေ့မှုများကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ဂျပန်က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးများကို ချဲ့ထွင်ခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တိုကျိုမြို့တော်တွင် ပြုလုပ်ခဲ့သည့် ဂျပန်-အာဆီယံ ခေါင်းဆောင်များ ညီလာခံတွင် ပုံစံအသစ် ဖော်ဆောင်ထားသည့် အပြန်အလှန် ဆက်ဆံရေး အစီအစဉ်များကို ချပြခဲ့ပြီး သံတမန်ရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသည်။
ထိုအစည်းအဝေးသည် ဂျပန်နှင့် အာဆီယံအကြား ဆက်ဆံရေးထူထောင်သည့် နှစ်ပေါင်း ၅၀ ပြည့် အထိန်းအမှတ် အဖြစ် ပြုလုပ်ခြင်းဖြစ်ကာ ကာကွယ်ရေးပစ္စည်းများ၊ နည်းပညာ၊ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကဲ့သို့ နယ်ပယ် ကဏ္ဍ အသီးသီး၌ ဆက်ဆံရေးများကို ပိုမိုမြှင့်တင်ရန် သဘောတူခဲ့ကြသည်။
တရုတ်နဲ့ ဂျပန်အလံကို တွေ့ရစဉ်
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) က ဂျပန်သည် လာမည့် ၅ နှစ်အတွင်း အာဆီယံတွင် ဒေါ်လာ ၃၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံသွားရန် အစီအစဉ်များကို လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ဒေသတွင်း လူငယ်စီးပွားရေး လုပ်ငန်းရှင်များကိုလည်း အပြန်အလှန် ဖလှယ်မှုကို မြှင့်တင်သွားမည်ဟု ဆိုသည်။
တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် ဂျပန်-အာဆီယံ ထိပ်သီးညီလာခံကို ကျင်းပခဲ့ခြင်း လည်း ဖြစ်သည်။
သဘာဝ သယံဇာတများ ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်၏ နယ်မြေအားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က ကြေညာထားသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ် နိုင်ငံတို့အပြင် ထိုင်ဝမ်နှင့်လည်း ပိုင်ဆိုင်မှုများ အငြင်းပွားလျက် ရှိသည်။
နှစ်စဉ်ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃ ထရီလျံကျော်ရှိသည့် ပင်လယ်ကူးသင်္ဘောများ ဖြတ်သန်းသွားလာသော လမ်းကြောင်းများရှိသည်။
ထို့အပြင် တောင်တရုတ်ပင်လယ် အရေးအပြင် အမေရိကန်နှင့် နီးစပ်သည့် မဟာမိတ် ဂျပန်သည်လည်း တရုတ်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။
ဂျပန်-အာဆီယံ ထိပ်သီးညီလာခံအပြီးတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်မူ ဂျပန်နှင့် အာဆီယံနိုင်ငံများသည် ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန် ကတိပြုခဲ့ ကြသည်။
Source: Japan Times

- By CNI
- Category: နိုင်ငံရေး
- Hits: 437
CNI International news
တိုကျို၊ ဒီဇင်ဘာ ၁၉
မြောက်ကိုရီးယားသည် ဒီဇင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော အရာဝတ္ထုတစ်ခု ကို ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ကြေညာခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။
ထိုဒုံးလက်နက်သည် ၁၂ မိနစ်ကြာ ပျံသန်းခဲ့သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။
တောင်ကိုရီးယား၏ အမျိုးသားလုံခြုံးရေးရုံးမှ လက်ထောက်အကြီးအကဲ ကင်တေးဟို (Kim Tae-hyo) ကမူ မြောက်ကိုရီးယားသည် ယခုလအတွင်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) တစ်စင်း ပစ်လွှတ်လိမ့်မည်ဟု ယခင်ကတည်းက ပြောကြားခဲ့ပြီး ဖြစ်သည်။
အရှေ့ဘက် ဂျပန်ပင်လယ်ကို တွေ့ရစဉ်
ယခုပစ်လွှတ်မှုသည် ၂၄ နာရီအတွင်း မြောက်ကိုရီးယား၏ ဒုတိယမြောက် ဒုံးလက်နက် ပစ်လွှတ်မှု ဖြစ်သည်။
ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းကလည်း မြောက်ကိုရီးယားသည် ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့သည်ဟု ဂျပန်က ပြောကြားခဲ့သည်။
ထိုဒုံးကျည်သည် အမြင့် ၅၀ ကီလိုမီတာတွင် ၄၀၀ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းခဲ့ကာ ကိုရီးယားကျွန်း ဆွယ် အရှေ့ဘက် ဂျပန်ပင်လယ် (Sea of Japan) အတွင်းသို့ ကျရောက်သွားခဲ့သည်ဟု ဆိုသည်။
၂၀၂၃ ခုနှစ်အတွင်း မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အချို့ အပါအဝင် ဒုံးကျည်အစင်း ၂၀ ခန့် ပစ်လွှတ်ခဲ့သည်။
နိုဝင်ဘာ ၂၁ ရက်ကလည်း မြောက်ကိုရီးယားသည် ၎င်း၏ ပထမဆုံး စစ်ဘက်သုံး ကင်းထောက် ဂြိုဟ်တု တစ်စင်းကို လွှတ်တင်ခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 432
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၉
၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာထားသည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Dornald Trump) က ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် မှတ်ချက် စကားတစ်ခုအဖြစ် မိန့်ခွန်း ပြောရာ တွင် ဒုတိယကမ္ဘာစစ်က နာဇီ (Nazi) တို့၏ ဆောင်ပုဒ်ကို ထည့်သွင်း ပြောကြားခဲ့သည်။
"သူတို့တွေဟာ ကျနော်တို့နိုင်ငံရဲ့ သွေးထဲကို အဆိပ်ခတ်နေပါတယ်" ဟု ထရမ့်က နာဇီတို့၏ ဆောင်ပုဒ်ထဲမှ စာသားများကို အသုံးပြုပြီး ရွှေ့ပြောင်းနေထိုင်သူများကို ရည်ညွှန်းပြောဆိုခဲ့သည်။
ထရမ့်သည် ကြိုတင်မဲများပေးနိုင်သည့် နယူးဟမ့်ပ်ရှိုင်းယား (New Hampshire) ပြည်နယ်တွင် အမှာစကား ပြောခဲ့ချိန်တွင် နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ (AdolHitler) ၏ Mein Kempf စာအုပ်ထဲမှ စကားလုံး များနှင့် ဆင်တူသည့် စကားလုံးများကို ထည့််သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန် နယ်စပ်ဒေသ လုံခြုံရေးအတွက် အိမ်ဖြူတော်နှင့် အထက်လွှတ်တော် ဆွေးနွေးညှိနှိုင်းသူများသည် ဒီဇင်ဘာ ၁၇ ရက်တွင် သဘောတူညီမှုမရဘဲ ဆွေးနွေးမှုများ ရပ်တန့်နေကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ်မာဖီကို တွေ့ရစဉ်
နယ်စပ်ဒေသလုံခြုံရေးနှင့် ပတ်သက်ပြီး သဘောတူညီချက် ရရှိခဲ့မည်ဆိုပါက ယူကရိန်းအတွက် စစ်ရေး အကူအညီများနှင့် အခြား အမျိုးသားလုံခြုံရေး လိုအပ်ချက်များအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ ဒေါ်လာ ဘီလျံနှင့်ချီသည့် ရန်ပုံငွေတောင်းဆိုမှုသည် အဆင်ချောမွေ့စွာ ရရှိနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဆွေးနွေးမှုများတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည့် ဘိုင်ဒန်အစိုးရအဖွဲ့သည် မည်သည့် သဘောတူညီမှုမှ မရရှိခဲ့သဖြင့် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်များ၏ ဖိအားများနှင့် ရင်ဆိုင်နေရသည်။
စေ့စပ်ညှိနှိုင်းသူများကမူ ထိုသဘောတူညီမှုများအတွက် တိုးတက်မှုများ ရရှိခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ခိုင်မာသည့် မူဘောင်တစ်ရပ် ထွက်ပေါ်လာခြင်း မရှိသေးပေ။
"တစ်နေ့ထက်တစ်နေ့ သဘောတူညီမှုရဖို့ နီးစပ်လာပါပြီ။ သိပ် မကြာတော့ပါဘူး" ဟု ကွန်နက်တီကတ် (Connecticut) ပြည်နယ်၏ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ်မာဖီ (Chris Murphy) က ပြောကြားခဲ့သည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 547
CNI International News
မော်စကို၊ ဒီဇင်ဘာ ၁၈
ရုရှားသည် နေတိုး စစ်ဘက်ဆိုင်ရာ မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ရန် စိတ်မဝင်စားကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အကယ်၍ ရုရှားသည် ယူကရိန်းစစ်ပွဲတွင် အနိုင်ရရှိခဲ့မည်ဆိုပါက နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက် လိမ့်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ ပြောကြားချက်များသည် အဓိပ္ပာယ်မရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။
ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည် ၁၉၆၂ ခုနှစ် ကျူးဘား ဒုံးကျည်အရေးအခင်း ဖြစ်ပွားပြီးကတည်းက ရုရှားနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးများ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။
နေတိုးစစ်သားကို တွေ့ရစဉ်
ထို့ပြင် ဘိုင်ဒန်ကလည်း နေတိုးနှင့် ရုရှားအကြား တိုက်ရိုက်ရင်ဆိုင် တွေ့မှုသည် တတိယကမ္ဘာစစ် ဖြစ်စေနိုင် ကြောင်း ပြီးခဲ့သည့်နှစ်က သတိပေးခဲ့သည်။
ရုရှားသမ္မတ ပူတင်ကမူ နေတိုးနိုင်ငံများနှင့် တိုက်ခိုက်ရန် စိတ်မဝင်စားကြောင်း ပြောကြားခဲ့ပြီး ဘိုင်ဒန်၏ မှတ်ချက်စကားများကို ငြင်းဆိုခဲ့သည်။
"နေတိုးနိုင်ငံတွေနဲ့ စီးပွားရေးအရရော၊ နိုင်ငံရေးအရရော၊ စစ်ရေးအရရော၊ ပထဝီနိုင်ငံရေးအရပါ တိုက်ခိုက်ဖို့ အတွက် ရုရှားက စိတ်မဝင်စားပါဘူး" ဟု ပူတင်က ပြောသည်။
အမေရိကန်က ဦးဆောင်ထားသည့် နေတိုးမဟာမိတ်အဖွဲ့သည် ဆိုဗီယက်ယူနီယံကို ဆန့်ကျင်ရန် ၁၉၄၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် မဟာမိတ်အဖွဲ့ဖြစ်သည်။
၁၉၉၁ ခုနှစ်က ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပြီးနောက်ပိုင်း နေတိုးအဖွဲ့သည် ၎င်း၏ အင်အားကို ချဲ့ထွင်လာခဲ့ခြင်း ဖြစ်သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 524
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၈
ဝန်ကြီးချုပ်အဖြစ် ၉ နှစ်တာ တာဝန်ယူခဲ့ပြီးနောက် သြဂုတ်လအတွင်းက ရာထူးမှအနားယူသွားခဲ့သည့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) သည် ထိုင်းဘုရင်၏ အကြံပေးများက ဖွဲ့စည်းထားသည့် Privy Council ၏ နောက်ဆုံးအဖွဲ့ဝင် ဖြစ်လာခဲ့ကြောင်း တော်ဝင်အမိန့်ပြန်တမ်းတွင် ဖော်ပြခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ထိုင်းဘုရင် မဟာ ဝဇီယာလောင်ကွန်း (Maha Vajiralongkorn) သို့မဟုတ် ဒဿမမြောက် ရာမ ဘုရင် (Rama X) က ညွှန်ကြားချက်ဖြင့် ပရာယွတ်အား ကောင်စီဝင်အဖြစ် ခန့်အပ်မှုကြောင့် Privy Council အဖွဲ့ဝင်သည် ၁၉ ဦး အထိ ရှိလာခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် Privy Council အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရသူ အရေအတွက် စုစုပေါင်းသည် ၂၃ ဦးအထိ ရှိလာခဲ့သည်။
ထိုအထဲတွင် ရာထူးမှ ထွက်ခွာသွားသူများ၊ သေဆုံးသူများ၊ နုတ်ထွက်သူများ၊ တော်ဝင်မိသားစု၏ ထုတ်ပယ် ခံခဲ့သူများ ပါဝင်ခဲ့သည်။
ထိုင်းဘုရင်နဲ့ ပရာယွတ်ကို တွေ့ရစဉ်
Privy Council သည် ထိုင်းဘုရင်အား အကြံပေးရသည့် အဖွဲ့အစည်းတစ်ခုအဖြစ် တာဝန်ထမ်းဆောင်ရသည့် ကောင်စီတစ်ခု ဖြစ်သည်။
ထိုကောင်စီဝင်များကို ဘုရင်က ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။ ထိုကောင်စီသည် ဥက္ကဋ္ဌတစ်ဦးနှင့် ကောင်စီဝင် အရေအတွက် ၁၈ ဦးထက်မပိုသည့် အဖွဲ့အစည်းဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
Privy Council အစည်းအဝေးခန်းမသည် ဘန်ကောက်မြို့တော်ရှိ Grand Palace နန်းတော်အနီး ဆာရန်ရွန် တော်ဝင် ဥယျာဉ် (Saranrom Royal Garden) တွင် တည်ရှိသည်။
ထိုင်းနိုင်ငံ၏ ပထမဆုံး Privy Council ကို ဥရောပရှိ ဘုရင်စနစ်ကျင့်သုံးသည့် နိုင်ငံများ၏ Privy Council များ အတိုင်း ထိုင်းဘုရင် ချူလာလောင်ကွန်း (Chulalongkorn) သို့မဟုတ် ပဉ္စမမြောက် ရာမ ဘုရင် (Rama V) က ၁၈၇၄ ခုနှစ်၊ မေလတွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ပရာယွတ်ကို တွေ့ရစဉ်
ထိုအချိန်က ထိုင်းနိုင်ငံဟု အမည်မတွင်မီ Siam ဟု အမည်တွင်သည့် နိုင်ငံဖြစ်သည်။
Privy Council ၏ တာဝန်များထဲတွင် နိုင်ငံအတွက် လိုအပ်လာသည့် အချိန်တွင် ရင်ခွင်ပိုက် အစိုးရခန့်အပ်မှု၊ ထီးနန်းဆက်ခံမှုကို အသိအမှတ်ပြု ထောက်ခံရေး လုပ်ငန်းစဉ်များ ပါဝင်သည်။
ထို့ပြင် Privy Council အဖွဲ့ဝင်များသည် ဘုရင်က သတ်မှတ်ခဲ့သည့် တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ပြီး ထိုတာဝန်နှင့် ဝတ္တရားများထဲတွင် ဘုရင် သို့မဟုတ် တော်ဝင်မိသားစုကိုယ်စား အလုပ် တာဝန်များကို ကိုယ်စား ထမ်းဆောင်မှုများလည်း ပါဝင်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 777
CNI International News
တိုကျို၊ ဒီဇင်ဘာ ၁၈
ထိုင်ဝမ်နှင့် တရုတ်အကြား ပဋိပက္ခဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် ဂျပန်သည် ကြားဝင်လုပ်ဆောင်နိုင်ခြေ နည်းပါးသည်ဟု ကျွမ်းကျင်သူများက ပြောကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဂျပန်သည် မြောက်ဘက်တွင် ရုရှား၊ အနောက်ဘက်တွင် တရုတ်နှင့် မြောက်ကိုရီး ယား အစရှိသည့် နိုင်ငံများ၏ မြင့်တက်လာသည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့်် ဂျပန်သည် ၎င်း၏ စစ်ရေးအင်အားကို ပိုမိုမြှင့်တင်ရန် ပြင်ဆင်လာခဲ့သည်။
မည်သို့ပင်ဆိုစေ အနာဂတ်တွင် တရုတ်နှင့် ထိုင်ဝမ်အကြား ထိုင်ဝမ်ရေလက်ကြား၌ ပဋိပက္ခဖြစ်ပွား လာခဲ့မည် ဆိုပါက ဂျပန်သည် ထိုအရေး၌ ပါဝင်နိုင်ခြေနည်းပါးသည်ဟု အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် ဂျွန် မီယာရှိုင်မာ (John Mearsheimer) က ပြောကြားခဲ့သည်။
ဂျပန်စစ်သားကိုတွေ့ရစဉ်
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) သည် မကြာသေးမီက ထိုင်ဝမ်လိုလားသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအသစ်နှစ်ဦးကို ခန့်အပ်ခဲ့သည်။
ထို့ပြင် ဂျပန်၏ ကာကွယ်ရေး အသုံးစရိတ်ကိုလည်း အဆမတန်တိုးမြှင့်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ကာကွယ်ရေး အသုံးစရိတ်ကို ယန်း ၄၃ ထရီလျံ ( ဒေါ်လာ ၂၈၆) ဘီလျံအထိ တိုးမြှင့်ခဲ့သည်။
ထိုပမာဏသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကာကွယ်ရေး အသုံးစရိတ်ထက် ၅၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ ခြင်းဖြစ်သည်။
သို့သော် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အလွန်အရေးကြီးသည့် စိတ်မှန်းဖြစ်နိုင်ခြေ ၂ ချက်ကို စဉ်းစားရမည် ဖြစ်သည်။
ပထမ ၁ ချက်မှာ ထိုင်ဝမ်သည် လွတ်လပ်ရေး ကြေညာခဲ့လျှင် တရုတ်က ထိုင်ဝမ်ကို ဝင်ရောက်ကျူးကျော်ဖွယ် ရှိသည်။
ထိုအခြေအနေမျိုးတွင် အမေရိကန်က ကြားဝင်ဖွယ်ရှိနေသည့်တိုင် ဂျပန်က တိုက်ရိုက် လုပ်ဆောင်နိုင်ခြေမှာ နည်းပါးလှသည်။
အမေရိကန်နှင့် ဂျပန်သည် ထိုင်ဝမ်ရေလက်ကြား၏ ရှိရင်းစွဲ အခြေအနေကို ဆက်လက်ထိန်းသိမ်းရန် အမြဲတမ်း ကြိုးပမ်းခဲ့သည်။
တရုတ်စစ်တပ်ကိုတွေ့ရစဉ်
အကယ်၍ ထိုင်ဝမ်ကသာ လွတ်လပ်ရေးကြေညာခဲ့မည်ဆိုပါက ထိုအခြေအနေသည် ပျက်ယွင်းသွားဖွယ်ရှိသည်။
ဒုတိယအချက်မှာ တရုတ်က ထိုင်ဝမ်ကို အကြောင်းမဲ့သက်သက် ကျူးကျော်မည့် အခြေအနေဖြစ်သည်။
ထိုအခြေအနေမျိုးတွင် အမေရိကန်နှင့် ဂျပန်၏ ကြားဝင်နိုင်သည့် အခြေအနေသည် ပိုမိုမြင့်မားနိုင်သော်လည်း အမေရိကန်အနေနှင့် ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို အသုံးပြုခွင့် ရှိ/မရှိ ဆိုသည့် အချက်အပေါ်တွင် မူတည် သည်။
ဂျပန်အနေဖြင့် ထိုအခြေအနေမျိုးတွင် အမေရိကန်အား နိုင်ငံအတွင်းရှိ စစ်စခန်းများကို အသုံးပြုခွင့် ပေးမည် ဆိုပါက တရုတ်ကလည်း ဂျပန်ရှိ ထိုစစ်စခန်းများကို တိုက်ခိုက်မည်ဖြစ်သည်။
ထို့ကြောင့် တရုတ်နှင့် ထိုင်ဝမ် ပဋိပက္ခ ဖြစ်ပွားလာမည်ဆိုပါက ဂျပန်သည် ၎င်း၏ အကျိုးစီးပွားများကို တိုက်ရိုက် ထိပါးမှုမရှိမချင်း ကြားဝင်နိုင်ခြေ နည်းပါးသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။