
- By CNI
- Category: နိုင်ငံရေး
- Hits: 430
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၄
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် အမေရိကန်ဓားစာခံ ၈ ဦး၏ မိသားစုဝင်များနှင့် ဒီဇင်ဘာ ၁၃ ရက်က ပထမဆုံးအကြိမ်အဖြစ် လူချင်းတွေ့ဆုံ ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်ဓားစာခံ ၈ ဦး၏ မိသားစုဝင် အားလုံးသည် ဘိုင်ဒန်နှင့် လူချင်းတွေ့ဆုံခဲ့ကြသလို ဗွီဒီယိုဆက်သွယ်မှုမှ တစ်ဆင့် တွေ့ဆုံခဲ့သည့် မိသားစုဝင်များလည်း ရှိခဲ့သည်ဟု အမေရိကန်၏ ထိပ်သီး အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။
ယခင်က ဘိုင်ဒန်သည် အမေရိကန်ဓားစာခံများ၏ မိသားစုဝင်များကို ဗွီဒီယိုဆက်သွယ်မှုမှတစ်ဆင့် တွေ့ဆုံခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခြင်းတို့သာ ပြုလုပ်ခဲ့သည်။
ဘိုင်ဒန်ကိုတွေ့ရစဉ်
"ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေအားလုံး အိမ်ကို ပြန်မရောက်မချင်း ကျနော်တို့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ အစ္စရေးအတွက် အမေရိကန်ရဲ့ ကတိကဝတ်တွေကလည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အစ္စရေးနိုင်ငံ သား ၁၂၀၀ ခန့်ကို သတ်ဖြတ်ခဲ့ကာ ဓားစာခံ ၂၄၀ ခန့် ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့သည်။
ဖမ်းဆီးခံခဲ့ရသည့် အမေရိကန်ဓားစာခံများအနက် ၄ ဦးကို ဟားမာ့စ်အဖွဲ့က ပြန်လွှတ်ပေးခဲ့ကာ လက်ရှိတွင် ဟားမာ့စ်အဖွဲ့လက်ထဲတွင် ကျန်ရှိနေသည့် အမေရိကန်ဓားစာခံ ၈ ဦး၏ အခြေအနေကို အတိအကျ မသိရသေး ပေ။
ဟားမာ့စ်ရဲ့ဖမ်းဆီးခံ အမေရိကန်ဓားစာခံ မိသားစု၀င်တွေ့ကိုတွေ့ရစဉ်
အစ္စရေးနှင့် ဟားမာစ့်အကြား ပြီးခဲ့သည့် သီတင်းပတ်က အပစ်အခတ်ရပ်စဲမှုအတွင်း အမေရိကန် ဓားစာခံ အမျိုးသမီးတစ်ဦးကို ဟားမာ့စ်အဖွဲ့က ပြန်လွှတ်ပေးရန် စီစဉ်ခဲ့သော်လည်း ပြန်လည်လွတ်မြောက် လာခဲ့ခြင်း မရှိပေ။
အစ္စရေးတွင် ဟားမာ့စ်အဖွဲ့နှင့် အခြားစစ်သွေးကြွအဖွဲ့များ၏ တိုက်ခိုက်မှုများအတွင်း အမေရိကန်နိုင်ငံသား ၃၁ ဦး သေဆုံးခဲ့သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ ဟားမာ့စ်အဖွဲ့ထံတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်ဓားစာခံများ ပြန်လည် လွတ်မြောက် ရေးနှင့် ပတ်သက်ပြီး ဘိုင်ဒန်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) ၊ အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေးပုဂ္ဂိုလ် ဂျွန် ဖီနာ (Jon Finer) တို့နှင့် အစည်းအဝေး ပြုလုပ်သွား မည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 476
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄
ထိုင်းနိုင်ငံ၏ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက အတိုက်အခံ Move Forward(MFP)ပါတီ၏ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ရွတ်ချာနွတ် သီရိနော့ (Rukchanok Srinork)ကို တော်ဝင်မိသားစုအား အသရေဖျက်သည့် ဥပဒေနှင့် ကွန်ပျူတာရာဇဝတ်မှု ဥပဒေတို့ကို ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
လက်ရှိတွင် တရားရုံးသည် ဘတ် ၅၀၀,၀၀၀ အာမခံဖြင့် ရွတ်ချာနွတ်အား ယာယီလွှတ်ထားပေးရန် အယူခံဝင်မှုကို အတည်ပြုခဲ့သည်။
ထို့ပြင် ရွတ်ချာနွတ်သည် စွဲချက်များနှင့်ပတ်သက်သည့် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း မပြုရန် ခံဝန် ပေးခဲ့ရသည်။
အာမခံဖြင့် ယာယီလွတ်မြောက်ခဲ့သဖြင့် ရွတ်ချာနွတ်သည် လွှတ်တော်အမတ်တစ်ဦးအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည်။
အကယ်၍ သူသည် ဖမ်းဆီးထိန်းသိမ်း ခံရမည်ဆိုပါက လွှတ်တော်အမတ် ရာထူးကို ဆုံးရှုံးရမည်ဖြစ်သည်။
အတိုက်အခံလွှတ်တော်အမတ် ရွတ်ချာနွတ် သီရိနော့ကိုတွေ့ရစဉ်
ထို့နောက် ရွတ်ချာနွတ်၏ ဘန်ကောက် မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရမည် ဖြစ်သည်။
အသက် ၂၉ နှစ်အရွယ် ရွတ်ချာနွတ်သည် ဇူလိုင် ၁၈ ရက်နှင့် သြဂုတ် ၉ ရက်တွင် ၎င်း၏ X လူမှုမီဒီယာ အကောင့် တွင် ထိုင်းဘုရင်၏ ဓာတ်ပုံများနှင့်အတူ ကိုဗစ်ကာကွယ်ဆေးများ လျာထားချက်နှင့်ပတ်သက်သည့် ပို့စ်များကို ရေးသားခဲ့ခြင်း ဖြစ်သည်။
ရွတ်ချာနွတ်ကမူ သူ့အပေါ် တင်ထားသည့် စွဲချက်များအားလုံးကို ငြင်းဆန်ထားသည်။
ရွတ်ချာနွတ်၏ ပို့စ်တစ်ခုတွင် အစိုးရသည် COVID-19 ကာကွယ်ဆေးများ ဖြန့်ချိပြီး တော်ဝင်မိသားစု၏ ပုံရိပ်ကို မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲထားသည်။
တရားရုံးကမူ ထိုပို့စ်သည် တော်ဝင်မိသားစုအား အသရေဖျက်ခြင်း ဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။
ရွတ်ချာနွတ်၏ နောက်ထပ် ပို့စ်တစ်ခုသည်လည်း တော်ဝင်မိသားစုအား အငြှိုးထားသည့် သဘောထားဖြင့်် စာသားများ ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်ဟု တရားရုံးက ပြောကြားခဲ့သည်။
ရွတ်ချာနွတ်သည် မေလ ၁၄ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဘန်ကောက် မဲဆန္ဒနယ် အမှတ် ၂၈ တွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး MFP ပါတီ၏ လွှတ်တော်အမတ်တစ်ဦး ဖြစ်လာခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 470
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၄
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy)က ယူကရိန်းကို အကူအညီသစ်များ ဆက်လက် ထောက်ပံ့ပေးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကို တိုက်တွန်းခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဘိုင်ဒန်ကလည်း ရုရှားသည် ယူကရိန်းအား အမေရိကန်က အကူအညီမပေးတော့ဘဲ စွန့်ပစ်မည့် အခြေအနေကို စောင့်ဆိုင်းနေကြောင်း သတိပေးခဲ့သည်။
ထို့နောက် ရုရှားတပ်ဖွဲ့များကို တွန်းလှန်တိုက်ခိုက်ရန် ယူကရိန်းအား ဒေါ်လာ သန်း ၂၀၀ တန်ကြေးရှိ လက်နက် အကူအညီပေးမည်ဟု ကြေညာခဲ့ပြီး ဇာလန်းစကီးအား အပြည့်အဝ ထောက်ခံမည်ဟု ကတိပြုခဲ့သည်။
အကယ်၍ ရီပတ်ဘလစ်ကန်များအနေဖြင့် ယူကရိန်းနှင့် အစ္စရေးအတွက် ဒေါ်လာ ၆၁ ဒသမ ၄ ဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီသစ် အပါအဝင် စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့ရေး အစီအစဉ်သစ်ကို အတည်ပြု မပေးပါက ထိုလုံခြုံရေး အကူအညီသည် နောက်ဆုံးအကူအညီများထဲမှ တစ်ခုဖြစ်လာလိမ့်မည်ဟု အိမ်ဖြူတော်က ပြောကြား ခဲ့သည်။
ဇာလန်းစကီးနဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်
လက်ရှိတွင် ယူကရိန်းနှင့် အစ္စရေးအတွက် စစ်ရေး အကူအညီများပေးမည့် အစီအစဉ်သည် ရီပတ်ဘလစ်ကန်များ ၏ ထောက်ခံခြင်း မရှိမှုကြောင့် လွှတ်တော်၌ မတိုးသာ/မဆုတ်သာ အခြေအနေသို့ ရောက်ရှိနေသည်။
ထိုအစီအစဉ်ကို အတည်ပြုပေးရန် လက်ယာယိမ်း ရီပတ်ဘလစ်လန်များ၏ ငြင်းဆိုမှုများသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladamir Putin) ကို ယူကရိန်းစစ်ပွဲတွင် အသာစီးရစေရန် ခရစ္စမတ်လက်ဆောင်ပေးသည့် သဘောမျိုး ဖြစ်လာနိုင်ကြောင်း ဘိုင်ဒန်က သတိပေးခဲ့သည်။
"ယူကရိန်းကို အမေရိကန်က အကူအညီတွေ မပေးတော့ဘဲ စွန့်လွှတ်လိုက်မယ့် အခြေအနေကို ပူတင်က အရမ်း လိုလားနေပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုတာကို ကျနော်တို့ သက်သေပြရပါလိမ့်မယ်" ဟု ဘိုင်ဒန်က ဇာလန်းစကီး နှင့် အစည်းအဝေး ပြုလုပ်ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ဇာလန်းစကီးသည် ၎င်း၏ တတိယ အကြိမ်မြောက် အမေရိကန်ခရီးစဉ်အတွင်း သံတမန်ရေးအရ အောင်မြင်မှုများ ရရှိစေရန် ကြိုးပမ်းအားထုတ် နေချိန်တွင် ဘိုင်ဒန်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဇာလန်းစကီးသည် ဘိုင်ဒန်အပြင် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များနှင့်လည်း တွေ့ဆုံကာ အကူအညီ များကို တိုက်ရိုက်တောင်းခံခဲ့ပြီး အမေရိကန်၏ အကူအညီများဖြင့် ရုရှားကို စစ်ပွဲတွင် အနိုင်ရယူမည့် ယူကရိန်း၏ အစီအစဉ်များကို ချပြခဲ့သည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: နိုင်ငံရေး
- Hits: 1128
CNI International News
တိုကျို၊ ဒီဇင်ဘာ ၁၄
ဂျပန်နိုင်ငံတွင် ဆေးခြောက်ကို ဆေးဝါးကုသမှုခံယူရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုခွင့်ပေးခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
ဆေးခြောက်သည် ကျန်းမာရေးကို ထိခိုက်စေပြီး ရာဇဝတ်မှုများနှင့် ဆက်နွှယ်နေသည့် အရာတစ်ခုအဖြစ် ဂျပန်တွင် အဆိုးဘက်မှ ရှုမြင်ခံထားရသော်လည်း မကြာသေးမီက ဆေးခြောက်၏ ကောင်းမွန်သော အကျိုး သက်ရောက်မှုများကြောင့် ဂျပန်လူထု၏ အမြင်များကို ဆွဲဆောင်နိုင်ခဲ့သည်။
ဂျပန်အစိုးရသည် ဒီဇင်ဘာလ အစောပိုင်းက ပြန်လည်ပြုပြင်ထားသည့် ဆေးခြောက်ထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဆေးခြောက်တွင် ပါဝင်သော ဒြပ်ပစ္စည်းများအား ဆေးဝါးကုသရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုခွင့် ပေးခဲ့သည်။
Epidiolex ဆေးကို တွေ့ရစဉ်
ဝက်ရူးပြန်ရောဂါ ခံစားနေရသည့် လူနာများအတွက် လက်ရှိအသုံးပြုနေသော ဆေးဝါးများသည် ထိရောက်မှု သိပ်မရှိသဖြင့် ထိုလူနာများသည် ဗြိတိန် ကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့သည့် Epidiolex ဆေးဖြင့် ကုသမှုခံယူရန် စောင့်ဆိုင်းနေကြသည်။
Epidiolex ဆေး၏ အဓိကပါဝင်ပစ္စည်းသည် ဆေးခြောက်ပင်များမှ ထုတ်ယူထားသည့် cannabidiol (CBD) ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ထိုဆေးဝါးကို ဝက်ရူးပြန်ရောဂါ ကုထုံးတစ်ခုအဖြစ် အတည်ပြုခဲ့သည်။
ဂျပန်နိုင်ငံတွင် Epidiolex ဆေးကို ဓာတ်ခွဲခန်း၌ စမ်းသပ်မှုများ ဆက်လက် လုပ်ဆောင်နေပြီး ပြန်လည် ပြုပြင်ထားသည့် ဆေးခြောက်ထိန်းချုပ်ရေးဥပဒေကို မပြဋ္ဌာန်းမီအချိန်အထိ ထိုဆေးဝါးအား အသုံးပြုခဲ့ခြင်း မရှိပေ။
ထိုဆေးဝါးကို ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြီး ဈေးကွက်တွင် ရောင်းချခဲ့မည်ဆိုပါက ဂျပန်နိုင်ငံအတွင်း ဝက်ရူးပြန်ရောဂါ ခံစားနေရသည့် လူနာပေါင်း ၂၀၀၀၀ ခန့်အတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်လာမည် ဖြစ်သည်။
"အဲဒီဆေးကိုသာ အမြန်ဆုံး ရရှိနိုင်မယ်ဆိုရင်တော့ ကျမတို့ ဘဝတွေ အရမ်းကောင်းမွန် လာပါလိမ့်မယ်" ဟု ဝက်ရူးပြန် ရောဂါကို ခံစားနေရသည့်် အသက် ၂၉ နှစ်အရွယ် သားတစ်ဦး၏ မိခင်က ပြောကြားခဲ့သည်။
Source: Japan Times

- By CNI
- Category: နိုင်ငံရေး
- Hits: 592
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံအတွင်းက အမျိုးသားရေး အင်အားစုများသည် မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်သည်ဟုဆိုကာ တီမောနိုင်ငံနှင့်သမ္မတဖြစ်သူ ဟိုဆေးရာမို့စ်ဟော်တာကို ဆန့်ကျင်ရှုတ်ချကြောင်း ရန်ကုန်မြို့၊ ဆူးလေးဘုရား အရှေ့မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ကျင်းပခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 519
CNI International News
နယူးယောက်၊ ဒီဇင်ဘာ ၁၃
ကွန်ဂို (Congo)နှင့် ရဝမ်ဒါ (Rwanda) နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်နေသဖြင့် ဘူရန်ဒီ (Burandi) နိုင်ငံတွင် စစ်ရေးအရ ထိပ်တိုက်တွေ့လာနိုင်ကြောင်း ကွန်ဂိုနိုင်ငံရှိ ကုလသမဂ္ဂထိပ်သီးအရာရှိ တစ်ဦးဖြစ်သူ ဘင်တူ ခိုင်တာ (Bintou Keita) က လုံခြုံရေးကောင်စီကို ဒီဇင်ဘာ ၁၁ ရက်တွင် သတိပေးခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ကွန်ဂိုနိုင်ငံတွင် ဒီဇင်ဘာ ၂၀ ရက်၌ ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ၉ ရက်အလိုတွင် ကွန်ဂိုနှင့် ရဝမ်ဒါ သံအမတ်များက လုံခြုံရေးကောင်စီမှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် ခိုင်တာ၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ကွန်ဂိုအစိုးရသည် နိုင်ငံအတွင်းရှိ ကုလသမဂ္ဂတပ်ဖွဲ့များ အပါအဝင် ဒေသတွင်း တပ်ဖွဲ့များနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့များကို နိုင်ငံအတွင်းမှ ရုပ်သိမ်းရန် ဖိအားပေး တောင်းဆို လျက်ရှိသည်။
ကွန်ဂိုနိုင်ငံသားတွေကိုတွေ့ရစဉ်
ထို့ကြောင့် ပြီးခဲ့သည့် သီတင်းပတ်တွင်း ကွန်ဂို၏ အကြီးဆုံးမြို့ဖြစ်သည့် ဂိုမာမြို့မှ အရှေ့အာဖရိကနိုင်ငံများမှ တပ်ဖွဲ့ဝင်များသည် စတင်ထွက်ခွာခဲ့ကြသည်။
ကွန်ဂိုသမ္မတ ဖီးလစ် ရှီဆီကီဒီ (Felix Tshisekedi) ကမူ ရဝမ်ဒါနိုင်ငံနှင့် ရဝမ်ဒါသမ္မတ ပေါလ် ကာဂါမီ (Paul Kagame) သည် ကွန်ဂို တူစီ(Congolese Tutsi) မျိုးနွယ်စု လက်နက်ကိုင်များဖြစ်သည့် M-23 သူပုန်များကို ထောက်ပံ့ပေးနေကြောင်း ယခင်ကတည်းက စွပ်စွဲခဲ့သည်။
M-23 သူပုန်အဖွဲ့သည် အဓမ္မပြုကျင့်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် ရက်စက် ကြမ်းကြုတ်မှုများ ပြုလုပ်လုပ်ခဲ့ပြီး ရဝမ်ဒါနိုင်ငံ၏ ထောက်ပံ့မှုကို ရရှိထားကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲခဲ့သော်လည်း ရဝမ်ဒါ အစိုးရကမူ ထိုစွပ်စွဲချက်များ အားလုံးကို ငြင်းဆိုခဲ့သည်။
ကွန်ဂိုနိုင်ငံသားတွေကိုတွေ့ရစဉ်
ကွန်ဂိုနိုင်ငံ၊ အရှေ့ပိုင်းရှိ ပြည်နယ်များတွင် မလုံခြုံမှု၊ အထူးသဖြင့် M-23 သူပုန်များကြောင့် ဖြစ်ပွားသည့် အကျပ်အတည်းများကို ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် ခိုင်တာက ပြောသည်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရုံး၏ ထုတ်ပြန်ချက်တွင် ကွန်ဂိုနိုင်ငံ၌ လက်နက်ကိုင် ပဋိပက္ခများကြောင့် လူပေါင်း ၆ ဒသမ ၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 457
CNI International News
နယူးယောက်၊ ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ထိပ်သီး ဘိန်းထုတ်လုပ်သည့် နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ ကို ကျော်တက်သွားခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
၂၀၂၂ ခုနှစ်က အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရလာခဲ့ပြီးနောက် မူးယစ်ဆေးဝါးကို တားမြစ်ပိတ်ပင် ခဲ့သဖြင့် ဘိန်းစိုက်ပျိုးမှုသည် ၉၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာရယူခဲ့သည့် မြန်မာနိုင်ငံ၌ ဘိန်းထုတ်လုပ်မှုသည် အာဖဂန်ကို ကျော်တက်သွားခဲ့သည်ဟု ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)က ဒီဇင်ဘာ ၁၂ ရက် မှာ ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မြန်မာတောင်သူများ၏ ဝင်ငွေ ၇၅ ရာခိုင်နှုန်းသည် ဘိန်းစိုက်ပျိုးမှုမှ ရရှိသည့်် ဝင်ငွေများဖြစ်ပြီး ဘိန်း ၁ ကီလိုဂရမ်ကို ၃၅၅ ဒေါ်လာအထိ ဈေးနှုန်းရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
UNODC ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရမီး ဒေါက်ဂလပ်စ်နဲ့ မြန်မာရဲချုပ်ဟောင်းကိုတွေ့ရစဉ်
၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဘိန်းခင်း စိုက်ပျိုးသည့် မြေနေရာသည် ၁၈ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး ဧရိယာ အကျယ်အဝန်းအားဖြင့် ဟက်တာ ၄၀,၁၀၀ မှ ဟက်တာ ၄၇,၀၀၀ ( ၉၉,၀၀၀ ဧက မှ ၁၁၆,၀၀၀ ဧက) အထိ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု မြေနေရာ အကျယ်အဝန်းသည် ၂၀၁၃ ခုနှစ်က အမြင့်ဆုံး ဘိန်းခင်း ဧရိယာ အကျယ်အဝန်း ၅၈,၀၀၀ ဟက်တာ ( ဧက ၁၄၃,၀၀၀) အထိ ပြန်လည်မြင့်တက်ခြင်း မရှိခဲ့သည့်တိုင် မြန်မာနိုင်ငံ ၏ ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှုသည် မြင့်တက်လာခဲ့သည်ဟုလည်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ ဘိန်းစိုက်ခင်းများ ပိုမိုမြင့်တက်လာသည့် အများဆုံးဒေသများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပြီး ချင်းပြည်နယ်က ဒုတိယနှင့် ကချင်ပြည်နယ်က တတိယ အများဆုံးဖြစ်ကြောင်း၊ ဘိန်းစိုက်ခင်း ၁ ဟက်တာတွင် ၁၆ ရာခိုင်နှုန်း (ဘိန်းထုတ်လုပ်မှု ၂၂ ဒသမ ၉ ရာခိုင်နှုန်း) အထိ ပိုမို မြင့်တက်ခဲ့သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ ဘိန်းစိုက်ခင်းကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး မတည်ငြိမ်မှုများက ဘိန်းထုတ်လုပ်မှုကို ပိုမိုမြင့်တက်စေခဲ့ သည်ဟုလည်း ဆိုသည်။
"စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်မှုစနစ် ပျက်ယွင်းမှုတွေကြောင့် လူသူ အရောက်အပေါက်နည်းပြီး ဝေးလံခေါင်သီ တဲ့ နေရာတွေမှာ နေထိုင်တဲ့ တောင်သူတွေဟာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ဘိန်းတွေကို ဆက်လက် စိုက်ပျိုးနေရတာ ဖြစ်ပါတယ်" ဟု UNODC ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရမီး ဒေါက်ဂလပ်စ် (Jeremy Douglas) က ပြောသည်။
ထို့ပြင် ယခင်ကတည်းက ဘိန်းစိုက်ပျိုးမှုများ မြင့်တက်နေသည့် ရှမ်းပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ ကြောင့် ဘိန်းစိုက်ပျိုးမှုများ ပိုမိုမြင့်တက်လာဖွယ် ရှိသည်ဟုလည်း ဒေါက်ဂလပ်စ်က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 532
CNI International News
တိုကျို၊ ဒီဇင်ဘာ ၁၃
ဂျပန်နိုင်ငံတွင် အာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP)၏ ရန်ပုံငွေ အရှုပ်တော်ပုံသည် လာမည့် ရက်ပိုင်း အတွင်း ပိုမိုနက်ရှိုင်းလာနိုင်သဖြင့် ဒီဇင်ဘာ ၁၃ ရက်၌ ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးကို ဖျက်သိမ်းရမည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု Japan Times မှ ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၁၂ ရက်က ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) သည် ပထမဆုံးအကြိမ်အဖြစ် ထိုရန်ပုံငွေ အရှုပ်တော်ပုံတွင် ၎င်းပါဝင်ပတ်သက်မှုကို ဝန်ခံခဲ့ရသည်။
အစိုးရအရာရှိအချို့နှင့် ပါတီအရာရှိအချို့သည် သန်းနှင့်ချီသည့် ယန်းငွေများကို လက်ခံရရှိခဲ့သည်ဆိုသော စွပ်စွဲချက်များအပေါ် ကီရှီဒါသည် ယခင်က ငြင်းဆိုခဲ့သော်လည်း ယခုအကြိမ်တွင် သူကိုယ်တိုင် ပါဝင်ပတ်သက် နေသည့် အခြေအနေကို လက်ခံခဲ့ခြင်း ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကိုတွေ့ရစဉ်
LDP ပါတီမှ ကီရှီဒါ ဦးဆောင်ခဲ့ဖူးသည့် ပါတီဝင်အုပ်စုသည် နိုင်ငံရေးရန်ပုံငွေများကို သတင်းထုတ်ပြန်ခြင်း မရှိမှု ဖြင့် သံသယ ရှိခံထားရသည်။
ကီရှီဒါသည် ထိုပါတီဝင် အုပ်စု၏ ခေါင်းဆောင်အဖြစ်မှ ပြီးခဲ့သည့် သီတင်းပတ်တွင် နုတ်ထွက်ခဲ့သည်။
LDP ပါတီသည် ရန်ပုံငွေများကို မှားယွင်းစွာ စီမံခန့်ခွဲမှုများရှိခဲ့သည့် သတင်းသည် နိုဝင်ဘာလကုန်ပိုင်းက စတင်ထွက်ပေါ်ခဲ့သော်လည်း ကီရှီဒါ ဦးဆောင်ခဲ့ဖူးသည့် ပါတီဝင်အုပ်စုသည် ထိုသတင်းများကို မှားယွင်းကြောင်း ဖော်ပြခဲ့ပြီး ထိန်းချုပ်နိုင်ခဲ့ဖွယ် ရှိသည်။
တိုကျို ပြည်သူ့ ရှေ့နေရုံး၏ အထူးအဖွဲ့သည် ထိုပါတီဝင်အုပ်စု၏ ရန်ပုံငွေ အဝင်/အထွက် စာရင်းနှင့် ထိန်းညှိသုံး စွဲမှုစာရင်းကို ဆက်လက်ပြီး စိစစ်ဆောင်ရွက်သွားမည်ဟု ဂျပန်၏ NHK သတင်းဌာနက ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၁၂ ရက်အထိ ကီရှီဒါ ဦးဆောင်ခဲ့ဖူးသည့် ပါတီဝင်အုပ်စုမှ လွှတ်တော်အမတ်များသည် ရန်ပုံငွေ အရှုပ်တော်ပုံ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး တုန့်ပြန်သော မှတ်ချက်စကားများ ထွက်ပေးခဲ့ခြင်း မရှိပေ။
Source: Japan Times

- By CNI
- Category: နိုင်ငံရေး
- Hits: 425
CNI International News
ဒူဘိုင်း၊ ဒီဇင်ဘာ ၁၃
နော်ဝေနိုင်ငံ၏ M/T Strinda အမည်ရှိ လောင်စာဆီတင် ပင်လယ်ကူး သင်္ဘောတစ်စင်းကို စစ်ဆင်ရေး တစ်ရပ်အနေဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယီမင်နိုင်ငံ၏ အီရန်ကျောထောက်နောက်ခံ ရရှိထားသည့်် ဟူရ်သီ (Houthis) သူပုန်များက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
ထိုဖြစ်စဉ်သည် ဂါဇာဒေသတွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကို ဆန့်ကျင်ကြောင်း ပြသသည့် ဟူရ်သီ သူပုန်များ၏ တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။
နော်ဝေ လောင်စာဆီတင် သင်္ဘောသည် သတိပေးချက်များအားလုံးကို တုန့်ပြန်ရန် ငြင်းဆိုခဲ့သဖြင့် ထိုသင်္ဘောကို ဒုံးကျည်ဖြင့်် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဟူရ်သီလက်နက်ကိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ယီဟီယာ ဆာရီယာ (Yehia Sareea) က ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။
လောင်စာဆီတင်သင်္ဘောကို တွေ့ရစဉ်
ထို့ပြင် ဂါဇာကမ်းမြောင် ဒေသအတွင်းသို့ အစားအစာနှင့် ဆေးဝါးများ တင်ပို့ခွင့် မပြုမချင်း အစ္စရေး၏ ဆိပ်ကမ်းများထံသို့ လာရောက်မည့် သင်္ဘောများကို ဆက်လက် တားမြစ်ပိတ်ပင်သွားမည်ဟု ဆာရီယာက ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် ပင်လယ်နီ (Red Sea) နှင့် အေဒင် ပင်လယ်ကွေ့ (Gulf of Aden) တို့ကို ဆက်သွယ် ထားသည့် ဘက်ဘ် အယ်လ် မန်ဒက်ဘ် ရေလက်ကြား (Bab al-Mandab Strait)၏ မြောက်ဘက် ရေမိုင် ၆၀ ခန့် အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တိုက်ခိုက်ခံရပြီးနောက် နာရီပိုင်းအကြာတွင် Strinda သင်္ဘောသည် စက်သေသွားခဲ့ခြင်းမရှိဘဲ ဆက်လက် မောင်းနှင်နိုင်ခဲ့သည်ဟုလည်း အမည်မဖော်လိုသည့် ဒုတိယမြောက် အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။
ဟူရ်သီသူပုန် ပြောရေးဆိုခွင့်ရှိသူ ယီဟီယာဆာရီယာကို တွေ့ရစဉ်
တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် အနီးနား၌ အမေရိကန် သင်္ဘောများမရှိကြောင်း၊ သို့သော် အမေရိကန် ရေတပ် ဖျက်သင်္ဘော USS Manson သည် M/T Strinda သင်္ဘော၏ အကူအညီတောင်းခံမှုကို ရရှိခဲ့ပြီး ချက်ချင်း ကူညီပေးခဲ့ကြောင်း အမေရိကန်စစ်တပ်၏ ဗဟိုစစ်ဌာနချုပ် (Central Command) က ထုတ်ပြန်ခဲ့သည်။
ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုကြောင့် M/T Strinda သင်္ဘောသည် မီးလောင်ကျွမ်းပြီး ထိခိုက်ပျက်စီးခဲ့သော်လည်း ဒဏ်ရာရသူ၊ သေဆုံးသူ မရှိကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
Source: Japan Times