
- By CNI
- Category: နိုင်ငံရေး
- Hits: 538
CNI International News
ကိုပင်ဟေဂင်၊ ဒီဇင်ဘာ ၁၈
ဒိန်းမတ်နိုင်ငံတွင် လူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး နောက်ထပ် သံသယရှိသူ ၄ ဦးကို အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အစိုးရရှေ့နေတစ်ဦးက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
နယ်သာလန်တွင် အကြမ်းဖက်မှု သံသယဖြင့် လူ ၁ ဦးကို ဖမ်းဆီထားပြီး ဂျာမနီတွင် လူအချို့ကို ဟားမာ့စ်အဖွဲ့ဝင် များဖြစ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေချိန်တွင် ဒိန်းမတ်နိုင်ငံတွင်လည်း အကြမ်းဖက်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်ပြုလုပ်နေခြင်း ဖြစ်သည်။
ဂျာမနီအာဏာပိုင်များက ဥရောပရှိ ဂျူးအဖွဲ့အစည်းများ၊ အဆောက်အအုံများကို တိုက်ခိုက်ရန် ပြင်ဆင်နေသည် ဟု သံသယရှိသူ ၃ ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။
ဒိန်းမတ်အာဏာပိုင်များကလည်း နယ်သာလန်တွင် လူ ၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ပြောကြားခဲ့သော်လည်း ထိုသူ သည် ဂျာမနီတွင် ဟားမာ့စ်အဖွဲ့ဝင်များဟု သံသယဖြင့် ဖမ်းဆီးခံထားရသူများနှင့် ဆက်နွှယ်မှု ရှိ/မရှိ ရှင်းလင်းစွာ မသိရသေးကြောင်း ပြောကြားခဲ့သည်။
ဒိန်းမတ် ထောက်လှမ်းရေးအေဂျင်စီ PET အကြီးအကဲများကိုတွေ့ရစဉ်
ထို့အတူ ဒိန်းမတ်အာဏာပိုင်များကလည်း ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုသည် ဟားမာ့စ်အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ/မရှိ ပြောကြားခဲ့ခြင်းမရှိပေ။ ဒိန်းမတ်တွင် လူ ၂ ဦးကို ဇန်နဝါရီ ၉ ရက်အထိ တရားခွင်အကြို ဖမ်းဆီးထိန်းသိမ်းထား ရန် အာဏာပိုင်များက အမိန့်ချမှတ်ခဲ့သည်။
ဖမ်းဆီးခံရသူနှစ်ဦးသည် အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးဖြစ် သည်ဟု ဒိန်းမတ်မီဒီယာများက ဖော်ပြခဲ့သည်။
နောက်ထပ် ဖမ်းဆီးရမိထားသူ ၃ ဦးသည် အကြမ်းဖက်မှုများ ပြုလုပ်ရန် ပူးပေါင်းကြံစည်နေသည်ဟု သံသယရှိ သူများဖြစ်ကြောင်း ဒိန်းမတ် ထောက်လှမ်းရေးအေဂျင်စီ PET က ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။
ဂျာမနီနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသူ ၃ ဦးသည် ဥရောပ၌ ဟားမာ့စ်အဖွဲ့၏ လက်နက်များကို မြေအောက်မှာ သိုလှောင်ထားသည့် ဖြစ်စဉ်နှင့်် ဆက်နွှယ်မှုရှိသော သံသယဖြင့် ထိန်းသိမ်းခံခဲ့ရသည်ဟု ဂျာမန် အစိုးရရှေ့နေ များက ပြောကြားခဲ့သည်။
အာဏာပိုင်များက ထိုလက်နက်များကို စုံစမ်းဖော်ထုတ်ပြီး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယခုဖမ်းဆီး ခံထားရသူများသည် ထိုလက်နက်များကို ဂျာမနီနိုင်ငံသို့ သယ်ဆောင်ပြီး ဥရောပရှိ ဂျူး အဆောက်အအုံများအား အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ဂျာမနီအစိုးရရှေ့နေများက ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 603
CNI International News
ကာရာကက်စ်၊ ဒီဇင်ဘာ ၁၆
ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာ သမ္မတတို့သည် နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်မြေပြဿနာနှင့် ပတ်သက်ပြီး အင်အားသုံး ဖြေရှင်းခြင်းမပြုရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မကြာသေးမီက ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာနိုင်ငံအကြား ရေနံပေါကြွယ်ဝသည့် အက်စီကွီဘို (Essequibo) ဒေသ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) နှင့် ဂွိုင်ယာနာသမ္မတ အာဖန် အလီ (Irfaan Ali) တို့သည် ကာရစ်ဘီယံ ကျွန်းနိုင်ငံဖြစ်သည့် စိန့်ဗင်းဆင့်နှင့် သည်ဂရန်နာဒိုင်းစ် (Saint Vincent and the Grenadines) ကျွန်းနိုင်ငံတွင် နှစ်နာရီကြာ အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် အက်စီကွီဘိုဒေသ အငြင်းပွား မှုကို အင်အားသုံး ဖြေရှင်းခြင်းမပြုရန် သဘောတူညီခဲ့ပြီး လက်ဆွဲနှုတ်ဆက်ခဲ့သည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို နှင့် ဂွိုင်ယာနာသမ္မတ အာဖန်အလီတို့ တွေ့ဆုံပြီး လက်တွဲနှုတ်ဆက် နေကြစဉ်
ထိုပြဿနာနှင့်ပတ်သက်ပြီး မည်သည့် အခြေအနေမျိုးတွင်မဆို တစ်ဖက်နှင့်တစ်ဖက် အင်အားသုံး ဖြေရှင်းခြင်း မပြုရန် သို့မဟုတ် ခြိမ်းခြောက်ခြင်း မပြုရန်လည်း သဘောတူညီခဲ့သည်ဟု ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာအစိုးရက ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စိန့်ဗင်းဆင့်နိုင်ငံ၏ ဝန်ကြီးချုပ် ရာ့ဖ် ဂွန်ဆလက်ဗ် (Ralph Gonsalves) ကမူ ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာနိုင်ငံ၏ စာမျက်နှာ ၃ မျက်နှာပါရှိသည့် ပူးတွဲထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။
ထိုထုတ်ပြန်ချက်ထဲတွင် တင်းမာမှုများကို လျှော့ချရန် အစီအစဉ်များလည်း ပါဝင်ခဲ့သည်။
သို့သော် အက်စီကွီဘိုဒေသ ပိုင်ဆိုင်မှုပြဿနာကို ပြေလည်စေရန် သင့်တော်သည့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင် ပိုင်ခွင့်ကို ဗင်နီဇွဲလားနိုင်ငံရော၊ ဂွိုင်ယာနာနိုင်ငံကပါ သဘောတူခဲ့ခြင်း မရှိပေ။
အငြင်းပွားနေတဲ့ အက်စီကွီဘိုဒေသက ရေတံခွန်ကိုတွေ့ရစဉ်
လူထုထောက်ခံမှု ရရှိရန် ကြိုးပမ်းနေသည့် ဗင်နီဇွဲလားသမ္မတ မာဒူရိုကမူ ဂွိုင်ယာနာနှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွက် အောင်မြင်ကြောင်း X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
အက်စီကွီဘိုဒေသ ပိုင်ဆိုင်ရေးအတွက် နိုင်ငံတကာခုံရုံး (ICJ)၏ သင့်တော်သည့် တရားစီရင်ချက် လိုအပ်ကြောင်း ဂွိုင်ယာနာနိုင်ငံက ယူဆထားသော်လည်း ဗင်နီဇွဲလားနိုင်ငံကမူ ထိုယူဆချက်ကို ငြင်းဆိုခဲ့သည်။
ဂွိုင်ယာနာနိုင်ငံသည် ၎င်းနယ်နိမိတ်၏ သုံးပုံနှစ်ပုံကျော်ကြီးမားသည့် အက်စီကွီဘိုဒေသကို ရာစုနှစ်တစ်စုကျော် အုပ်ချုပ်ခဲ့သည်။
ဗင်နီဇွဲလားအစိုးရကမူ ထိုဒေသသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ခန့်က စပိန်လောက်အောက်မှ လွတ်လပ်ရေး ရပြီးကတည်းက ဗင်နီဇွဲလား၏ နယ်နိမိတ် တစ်ခုဖြစ်ကြောင်း ကြေညာထားသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 698
CNI International News
အင်ဖာ၊ ဒီဇင်ဘာ ၁၆
အိန္ဒိယနိုင်ငံ၊ မဏိပူရ (Manipur) ပြည်နယ်၏ ကမ်ဂျွန် (Kamjong) ၊ အူခရူ (Ukhrul) နှင့် တန်နူပယ် (Tengnoupal)ခရိုင်များ၏ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာသည့် မြန်မာဒုက္ခသည် အရေအတွက်သည် ဒီဇင်ဘာ ၁၄ ရက်အထိ ရရှိထားသည့် စာရင်းများအရ ၄၁၀၀ ခန့်အထိ မြင့်တက်လာခဲ့သည်ဟု ပြည်နယ်အရာရှိ များက ပြောသည်ဟု Northeast Now မှ ဖော်ပြခဲ့သည်။
အမျိုးသမီးများနှင့် ကလေးသူငယ် အများစုပါဝင်သည့် မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသ ကြီး၏ နယ်စပ်ဒေသများတွင် နေထိုင်ကြသူများဖြစ်ပြီး တပ်မတော်နှင့် PDF များအကြား တိုက်ပွဲများ ဖြစ်ပွားချိန် တွင် မဏိပူရပြည်နယ်အတွင်းသို့ ထွက်ပြေးဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသားများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၏ ပထမ သီတင်းပတ်ကစပြီး မဏိပူရပြည်နယ်အတွင်းသို့ ထွက်ပြေး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်း
လက်ရှိတွင် မြန်မာဒုက္ခသည် ၄၁၀၀ ခန့်သည် မဏိပူရပြည်နယ် ကမ်ဂျွန်ခရိုင်၏ နမ်လီ (Namlee)၊ ဝမ်လီ (Wanglee)၊ ကာကာ (Kaka)၊ ခါရွန်ရမ် (Kheronram) နှင့် ဖိုင်ခေါ့ (Phaikoh) ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်လျက်ရှိသည်။
ထိုအချိန်အတောအတွင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက တိုက်ပွဲများကြောင့် မဏိပူရပြည်နယ် အတွင်းသို့ ဝင်ရောက်လာခဲ့သည့် မြန်မာနိုင်ငံသားများကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေခံ သဘောတရားများအရ ခိုလှုံခွင့်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
မည်သို့ပင်ဆိုစေ မိမိတို့၏ ဌာနေ ဒေသခံများအပေါ် အကျိုးသက်ရောက်မှု မရှိစေရန် မြန်မာဒုက္ခသည်များ၏ အချက်အလက်များကို ကောက်ယူသွားမည်ဟုလည် ၎င်းက ပြောကြားခဲ့သည်။
Source: Northeast Now

- By CNI
- Category: နိုင်ငံရေး
- Hits: 378
CNI International News
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၆
ရုရှားနှင့် ယူကရိန်းအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်တိုင် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များ သည် ယူကရိန်းအား EU အဖွဲ့ဝင် ဖြစ်ရေးအတွက် ဆွေးနွေးမှုများကို လမ်းဖွင့်ပေးရန် သဘောတူညီမှု ရရှိခဲ့ ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
သို့သော် ဟန်ဂေရီနိုင်ငံ၏ ကန့်ကွက်မှုကြောင့် EU သည် ယူကရိန်းအတွက် ငွေကြေး အထောက်အပံ့ ယူရို ၅၀ ဘီလျံ ကူညီပေးမည့် အစီအစဉ်အတွက် သဘောတူညီမှု ရရှိနိုင်ဖွယ် မရှိပေ။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့တွင် ပြုလုပ်သည့် EU ညီလာခံတွင် ယူကရိန်းအား ငွေကြေး အကူအညီပေးမည့် အစီအစဉ်အား ကန့်ကွက်နေသည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban) အား အစည်းအဝေးခန်းမထဲမှ ထွက်ခွာခွင့် ပြုခဲ့သည်။
သို့သော် EU ခေါင်းဆောင်များသည် ရုရှားနှင့် နီးစပ်သည့် ဆက်ဆံရေးရှိသည့် ဟန်ဂေရီဝန်ကြီးချုပ် အော်ဘန်၏ ဆန့်ကျင်ကန့်ကွက်မှုများကို ကျော်လွှားနိုင်ခဲ့ခြင်း မရှိပေ။
ယူကရိန်းအား ငွေကြေး အကူအညီပေးရန် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံစလုံး၏ တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုကို လိုအပ်သဖြင့် ဟန်ဂေရီနိုင်ငံက ကန့်ကွက်မှုကြောင့် ထိုအကူအညီပေးရေး အစီအစဉ်အပေါ် သဘောတူညီမှုမရဘဲ အစည်းအဝေးကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။
ဟန်ဂေရီ ဝန်ကြီးချုပ် အော်ဘန်ကို တွေ့ရစဉ်
ဟန်ဂေရီနိုင်ငံမှလွဲပြီး EU အဖွဲ့ဝင် ၂၇ နိုင်ငံတွင် ကျန် ၂၆ နိုင်ငံမှ ခေါင်းဆောင်များက ယူကရိန်းအား အကူအညီ ပေးရန် သဘောတူခဲ့ကြောင်း မိမိတို့အနေနှင့် အချိန်ရှိသေးကြောင်း၊ ယူကရိန်းသည် လာမည့် သီတင်းပတ် အနည်း ငယ်အထိ ငွေကြေးပြတ်လပ်သွားမည် မဟုတ်ကြောင်း နယ်သာလန် ဝန်ကြီးချုပ် မာ့ခ် ရူတီ (Mark Rutte) က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဟန်ဂေရီ ဝန်ကြီးချုပ် အော်ဘန်ကမူ ယူကရိန်းအနေနှင့် EU ၏ ဘတ်ဂျက်ထဲမှ များပြားသည့် ငွေပမာဏကို ရရှိခြင်း မရှိသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယူကရိန်းသည် EU အဖွဲ့ဝင် မဟုတ်သောကြောင့် ဖြစ်ကြောင်း နှင့် အခြား EU ခေါင်းဆောင်များအနေဖြင့် ယူကရိန်းကို အကူအညီပေးလိုပါက EU ဘတ်ဂျက်ထဲမှ မဟုတ်ဘဲ ကိုယ့််နည်းကိုယ်ဟန်ဖြင့် အကူအညီပေးသင့်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်လွှတ်တော်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)၏ ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိ အကူ အညီပေးရေး အစီအစဉ်သည် ရီပတ်ဘလစ်ကန်အမတ်များ၏ ပိတ်ဆို့မှုကြောင့် နှောင့်နှေးကြန့်ကြာ နေချိန်တွင် EU ၌ ယူကရိန်းအား ငွေကြေး အကူအညီပေးရေး အစီအစဉ်သည်လည်း နှောင့်နှေးကြန့်ကြာခဲ့ခြင်းဖြစ်သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 487
CNI International News
တီဟီရန်၊ ဒီဇင်ဘာ ၁၆
အီရန်နိုင်ငံ အရှေ့တောင်ပိုင်းနယ်စပ်ရှိ စစ္စတန်-ဘာလူချီစတန် (Sistan-Baluchestan) ပြည်နယ်တွင် လက်နက် ကိုင်များက ရဲစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးထက်မနည်း သေဆုံး ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
တီဟီရန် (Tehran) မြို့တော် အနောက်တောင်ပိုင်း ကီလိုမီတာ ၁၄၀၀ (၈၇၅ မိုင်) အကွာရှိ ရက်စ်ခ် (Rask) မြို့တွင် ဒီဇင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုဖြစ်စဉ်၌ ထိပ်သီး ရဲအရာရှိများနှင့် စစ်သားများ သေဆုံးခဲ့သည်ဟု ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး အလီရီဇာ မာဟာမက်တီ (Alireza Marhamati) က ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုတွင် လက်နက်ကိုင်များဘက်မှလည်း သေဆုံးမှုများရှိခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံက သတင်းထုတ်ပြန် ခဲ့သည်။ ထိုတိုက်ခိုက်မှုသည် မကြာသေးမီ နှစ်များအတွင်း အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ထိစပ်နေသည့် နယ်စပ်ဒေသတွင် လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။
စစ္စတန်-ဘာလူချီစတန်ပြည်နယ် မြေပုံကိုတွေ့ရစဉ်
တရားမျှတရေးတပ်မတော်ဟု အဓိပ္ပာယ်ရသည့် Jaish al-Adl အမည်ရှိ ဆွန်နီ လက်နက်ကိုင်အဖွဲ့ကမူ ထိုတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။
ထိုလက်နက်ကိုင်အဖွဲ့ကို ၂၀၁၂ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အီရန်အစိုးရက ထိုအဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားသည်။
မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများ၊ ဘာလူချီ (Baluchi) လူနည်းစုနှင့် ဆွန်နီ မွတ်ဆလင် (Sunni Muslim) သဘောထား တင်မာသူများ၏ သူပုန်အဖွဲ့များကြောင့် စစ္စတန်-ဘာလူချီစတန် ပြည်နယ်တွင် မတည်ငြိမ်မှုများ မြင့်တက်လျက်ရှိသည်။
ဇူလိုင်လအတွင်းကလည်း ထိုပြည်နယ်တွင် အလားတူ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ ဝင် ၄ ဦး သေဆုံးခဲ့သည်။
အီရန်လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုသည် ပြည်နယ်အတွင်း Jaish al-Adl လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုများကြောင့် ရဲအရာရှိနှစ်ဦးနှင့် လက်နက်ကိုင် ၄ ဦး သေဆုံးခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မေလအတွင်းကလည်း စစ္စတန်-ဘာလူချီစတန်ပြည်နယ်၏ မြို့တော် ဇာဟီဒန် (Zahedan) ၏ အရှေ့တောင်ဘက် ဆာရာဗန် (Saravan) မြို့တွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် အီရန်နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။
အီရန်နိုင်ငံပိုင် သတင်းအေဂျင်စီ IRNA ကမူ တာလီဘန်တပ်ဖွဲ့များသည် စစ္စတန်-ဘာလူချီစတန်ပြည်နယ်ရှိ အီရန် ရဲစခန်းကို ပစ်ခတ်ခဲ့ကြောင်း မေလကုန်ပိုင်းက ဖော်ပြခဲ့သည်။
စစ္စတန်-ဘာလူချီစတန်ပြည်နယ်သည် အီရန်နှင့် အာဖဂန်နစ္စတန်အကြား ရေသုံးစွဲပိုင်ခွင့်နှင့်ပတ်သက်ပြီး အငြင်း ပွားနေသည့် ဒေသတစ်ခုဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: နိုင်ငံရေး
- Hits: 537
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၅
အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်များသည် သမ္မတဂျိုးဘိုင်ဒန်(Joe Biden)အား စွပ်စွဲပြစ်တင်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို တရားဝင် ခွင့်ပြုသင့်/မသင့် ဒီဇင်ဘာ ၁၃ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာတွင် စုံစမ်းမေးမြန်း ရန် ထောက်ခံသည့်ဘက်မှ မဲအနိုင်ရရှိသွားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် အောက်လွှတ်တော် ရီပတ်ဘလစ်ကန်များသည် ဘိုင်ဒန် အမှားအယွင်း တစ်စုံတစ်ရာ လုပ်ထား ကြောင်း သက်သေ အထောက်အထားကို ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့်တိုင် စွပ်စွဲပြစ်တင်မှုအတွက် စုံစမ်းမေးမြန်းမှုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ရီပတ်ဘလစ်ကန်များ ထိန်းချုပ်ထားသည့် အောက်လွှတ်တော်တွင် ဘိုင်ဒန်အား စုံစမ်းမေးမြန်းရန် မဲခွဲဆုံးဖြတ် မှုတွင် ထောက်ခံမဲ ၂၂၁ မဲ၊ ကန့်ကွက်မဲ ၂၁၂ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ဘိုင်ဒန်သည် ၎င်း၏ အသက် ၅၃ နှစ်အရွယ် သားဖြစ်သူ ဟန်တာ ဘိုင်ဒန် (Hunter Biden) ၏ ပြည်ပစီးပွားရေး သဘောတူညီမှုများမှ အကျိုးအမြတ်များကို မတော်တရော် ရယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။
ရီပတ်ဘလီကန်အမတ်များကိုတွေ့ရစဉ်
အိမ်ဖြူတော်ကမူ ထိုစုံစမ်းမေးမြန်းမှုသည် အချက်အလက်များနှင့် ကိုက်ညီမှုမရှိဘဲ နိုင်ငံရေးအရ စေ့ဆော်မှုဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် ဘိုင်ဒန်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် နောက်တစ်ကြိမ် ယှဉ်ပြိုင်ရဖွယ်ရှိသည့်် အလားအလာအတွက် ပြင်ဆင်လျက်ရှိသည်။
အောက်လွှတ်တော် ရီပတ်ဘလစ်ကန်များက ဘိုင်ဒန်အား စွပ်စွဲပြစ်တင်မှုဆိုင်ရာ စုံစမ်းမေးမြန်းမှုကို အတည်ပြုခဲ့ သည့်တိုင် ထိုအားထုတ် ကြိုးပမ်းမှုသည် ဘိုင်ဒန်အား သမ္မတရာထူးမှ ဖယ်ရှားရန် မဖြစ်နိုင်လုနီးပါး ဖြစ်သည်။
အောက်လွှတ်တော်က သမ္မတကို စွပ်စွဲပြစ်တင်ရန် မဲပေးခဲ့သည့်တိုင် အထက်လွှတ်တော်၏ ထောက်ခံမဲ သုံးပုံ နှစ်ပုံကို ရရှိရန် လိုအပ်သည်။
ဘိုင်ဒန်၏ ဒီမိုကရက်များသည် အထက်လွှတ်တော်တွင် ၅၁ နေရာရှိပြီး ရီပတ်ဘလစ်ကန်များက ၄၉ နေရာသာ ရှိသဖြင့် အထက်လွှတ်တော်တွင် ဘိုင်ဒန်အား စွပ်စွဲပြစ်တင်မှုဆိုင်ရာ စုံစမ်းမေးမြန်းမှုကို အတည်ပြုရန် မဖြစ်နိုင် ပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 469
CNI International News
ဟောင်ကောင်၊ ဒီဇင်ဘာ ၁၅
တရုတ်အနေဖြင့် ထိုင်ဝမ်နှင့် စစ်ပွဲဖြစ်ပွားခဲ့မည်ဆိုပါက အိန္ဒိယသမုဒ္ဒရာသည် ၎င်း၏ အားနည်းချက်တစ်ခု ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရေနံစိမ်းများ အပြည့် တင်ဆောင်လာသည့် ရေနံတင်သင်္ဘောအစင်း ၆၀ ခန့်သည် ပါရှန်းပင်လယ်ကွေ့ (Persian Gulf) နှင့် တရုတ်၏ ဆိပ်ကမ်းများအကြား ပြေးဆွဲလျက်ရှိသည်။
ထိုရေနံများ၏ ထက်ဝက်ခန့်သည် ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံအတွက် လောင်စာများ ဖြစ်သည်။
တရုတ် ရေနံတင်သင်္ဘောကို တွေ့ရစဉ်
ထိုရေနံတင်သင်္ဘောများသည် တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် တရုတ်စစ်တပ်၏ အကာအကွယ်အောက်တွင် ရှိနေမည်ဖြစ်သည်။
သို့သော် ထိုသင်္ဘောများသည် အာဖရိကနှင့် ဘရာဇီးလ်မှ တရုတ်သို့ ဦးတည်ဝင်ရောက်ရန် အိန္ဒိယသမုဒ္ဒရာသို့ ဖြတ်သန်းရချိန်တွင် အကာအကွယ်မဲ့ ဖြစ်နေမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာဒေသသည် အမေရိကန်ရေတပ်က လွှမ်းမိုးထားသည့် နေရာဖြစ်သည်။
ထို့ကြောင့် အနာဂတ် စိတ်မှန်းဖြစ်နိုင်ခြေ တစ်ရပ်အနေနှင့် တရုတ်က ထိုင်ဝမ်အပေါ် စစ်ပွဲဆင်နွှဲမည်ဆိုပါက အိန္ဒိယသမုဒ္ဒရာအတွင်းရှိ တရုတ်ရေနံတင်သင်္ဘောများသည် လုံခြုံရေးအတွက် အကာအကွယ်မဲ့သွားနိုင်သည့် အခြေအနေကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ လုံခြုံရေးကျွမ်းကျင်သူ ဒေးဗစ် ဘရူးစတား (David Brewster) က ပြောကြားခဲ့သည်။
အမေရိကန်လေယာဉ်တင်သင်္ဘောကိုတွေ့ရစဉ်
အိန္ဒိယသမုဒ္ဒရာတွင် အားနည်းချက်ရှိနေသည့် အခြေအနေသည် တရုတ်၏ ပြိုင်ဘက်များအတွက် အားသာချက် များ ဖြစ်လာနိုင်သည်ဟုလည်း ထိုအကြောင်းအရာနှင့် နီးစပ်သည့် အနောက်တိုင်းနှင့် အာရှနိုင်ငံများမှ သံတမန် ၄ ဦးနှင့် ကျွမ်းကျင်သူ ၈ ဦးက ပြောကြားခဲ့သည်။
ထို့ကြောင့် စိတ်မှန်းဖြစ်နိုင်ခြေဖြင့် စစ်ပွဲဖြစ်ပွားခဲ့မည်ဆိုပါက အိန္ဒိယသမုဒ္ဒရာတွင် တရုတ်ရေနံတင်သင်္ဘောများ ဟန့်တားပိတ်ဆို့ခံရမည်ဆိုလျှင် တရုတ်ရေတပ်ကို အာရုံပြောင်းစေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ရိုက်တာသတင်းဌာန၏ မေးခွန်းများ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 399
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၅
အမေရိကန် အမိမြေလုံခြုံရေး ဝန်ကြီးဌာန (DHS)မှ ရာနှင့်ချီသည့် ဝန်ထမ်းများသည် ဂါဇာတွင် ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်ပြီး ၎င်းတို့ဝန်ကြီးဌာန၏ စီမံကိုင်တွယ်ပုံကို ဝေဖန်ရှုတ်ချထားသည့် အိတ်ဖွင့်ပေးစာတစ်စောင် ကို အမိမြေလုံခြုံရေးဝန်ကြီး အလက်ဂျန်ဒရို မာယော်ကက်စ် (Alejandro Mayorkas) ထံသို့ ပေးပို့ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အယ်လ်ဂျာဇီးယား သတင်းဌာနက သီးသန့်ရရှိခဲ့သည့်် ထိုအိတ်ဖွင့်ပေးစာတွင် အောက်တိုဘာ ၇ ရက်က စတင် ဖြစ်ပွားခဲ့သည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲအတွင်း ဂါဇာတွင် ပါလက်စတိုင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့မှုအတွက် အသိအမှတ်ပြုခြင်း၊ ထောက်ခံခြင်း၊ ဝမ်းနည်းကြောင်းဖော်ပြခြင်း အစရှိသည့် ထုတ်ပြန်ချက်များကို ထုတ်ပြန်ခြင်း မရှိခဲ့သည့်အတွက် စိတ်ပျက်ကြောင်း ဖော်ပြထားသည်။
"ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ ဆိုးဝါးတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ အနောက်ဘက်ကမ်း (West Bank) ဒေသက အခြေအနေတွေကို ဝန်ကြီးဌာနအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ပုံမှန် တုန့်ပြန်ဆောင်ရွက်ရပါမယ်" ဟု ထိုအိတ်ဖွင့်ပေးစာတွင် ဖော်ပြခဲ့သည်။
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနမှ အကြီးအကဲကို တွေ့ရစဉ်
သို့သော် လက်ရှိအချိန်အထိ DHS ခေါင်းဆောင်များသည် ဒုက္ခသည်စခန်းများ၊ ဆေးရုံများ၊ လူနာတင်ယာဉ်များနှင့် အရပ်သားများအပေါ် ဗုံးကြဲနေသည့် ဖြစ်စဉ်ကို လျစ်လျူရှုထားကြောင်း ထိုပေးစာတွင် ဖော်ပြခဲ့သည်။
ထိုအိတ်ဖွင့်ပေးစာကို DHS နှင့် အကောက်ခွန်၊ နယ်စပ်ဒေသ ကာကွယ်ရေး အေဂျင်စီ (CBP) ၊ ဖက်ဒရယ် အရေး ပေါ် စီမံခန့်ခွဲရေးအေဂျင်စီ (FEMA)၊ လူဝင်မှုနှင့် အကောက်ခွန် အာဏာပိုင်အဖွဲ့ (ICE)၊ အမေရိကန် နိုင်ငံသား ဖြစ်မှုနှင့် လူဝင်မှုဝန်ဆောင်မှုအဖွဲ့ (USCIS) တို့ အပါအဝင် DHS ၏ လက်အောက်တွင် လည်ပတ်နေသည့် အေဂျင်စီများမှ ဝန်ထမ်း ၁၃၉ ဦးက လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် လက်မှတ်ရေးထိုးခဲ့သည့်် ဝန်ထမ်းများထဲမှ အချို့သည် လုပ်ငန်းခွင်တွင် ဖိနှိပ်ခံရမည့်အရေးကို စိုးရိမ်မှု ကြောင့် အမည်မဖော်လိုသူများအဖြစ်သာ လက်မှတ်ရေးထိုးခဲ့ကြသည်။
DHS အနေနှင့် ဂါဇာအရေးနှင့် ပတ်သက်ပြီး မျှတပြီး ဟန်ချက်ညီမှုရှိသည့် ထုတ်ပြန်ချက်များကို ထုတ်ပြန်ရန်နှင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန် အဆိုပါ ပေးစာတွင် တိုက်တွန်းခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် အယ်လ်ဂျာဇီးယားသတင်းဌာန၏ တောင်းဆိုမှုကို DHS က တုန့်ပြန်ခြင်းမရှိခဲ့ပေ။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 427
CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၁၅
တရုတ်နှင့်ရုရှား စစ်လေယာဉ်များသည် တောင်ကိုရီးယား၏ လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ ကြိုတင် ကြေညာခြင်းမရှိဘဲ ဝင်ရောက်ပျံသန်းခဲ့သဖြင့် တောင်ကိုရီးယားစစ်တပ်က ၎င်း၏ တိုက်လေယာဉ်များကို ပျံတက်ပြီး တုန့်ပြန်ခဲ့ရကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ရုရှားစစ်လေယာဉ် ၄ စင်းနှင့် တရုတ်စစ်လေယာဉ် ၂ စင်းသည် အရှေ့ပင်လယ် (East Sea) ဟုလည်း လူသိများ သည့် ဂျပန်ပင်လယ် (Sea of Japan) ပေါ်ရှိ တောင်ကိုရီးယား လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (KADIZ) အတွင်းသို့ ဒီဇင်ဘာ ၁၄ ရက်က ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၃ မိနစ်နှင့် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန် အတွင်း ဝင်ရောက်ပျံသန်းခဲ့သည်။
ထို့နောက် ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ထုတ်ပြန်ခဲ့ သည်။
ထိုလေယာဉ်များသည် တောင်ကိုရီးယား၏ လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့ခြင်း မရှိကြောင်းလည်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ခဲ့သည်။
လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ)သည် နိုင်ငံ့လေပိုင်နက်နှင့် အဓိပ္ပာယ်ချင်း တူညီမှုမရှိဘဲ ပြည်ပ လေယာဉ်များကို သတိပေးသည့််အနေဖြင့် တစ်ဖက်သတ် သတ်မှတ်ချက်ထားရှိသည့် ဇုန်ဖြစ်ကြောင်း နိုင်ငံတကာ မြို့ပြ လေကြောင်းအဖွဲ့က ပြောကြားခဲ့သည်။
တောင်ကိုရီးယားစစ်လေယာဉ်ကိုတွေ့ရစဉ်
နိုင်ငံ့လေပိုင်နက်သည် နိုင်ငံတစ်နိုင်ငံ၏ ကမ်းရိုးတန်းမှ ရေမိုင် ၁၂ မိုင် အကွာအဝေးအတွင်းရှိသည့် နယ်မြေ ပိုင်နက်ကို ဆိုလိုခြင်း ဖြစ်သည်။
ပြည်ပလေယာဉ်များသည် KADIZ အတွင်းသို့ မဝင်ရောက်မီ တောင်ကိုရီးယားစစ်တပ်က ကြိုတင်ထောက်လှမ်း သိရှိခဲ့ပြီး နည်းဗျူဟာမြောက် အစီအစဉ်များကို လုပ်ဆောင်ရန်အတွက် တောင်ကိုရီးယားလေတပ်မှ တိုက် လေယာဉ်များကို စေလွှတ်ခဲ့ရကြောင်း JCS က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်း တရုတ်ကို ပြောကြားခဲ့သည်ဟု JCS အရာရှိ တစ်ဦးက ပြောကြားခဲ့သည်ကို ယွန်ဟက်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ကိုရီးယားက ရုရှားကို တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိပေ။
ရုရှားသည် တောင်ကိုရီးယား၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်ကို အသိအမှတ်ပြုခြင်းမရှိပေ။ ထို့အတူ တရုတ်ကလည်း ထိုဇုန်သည် နယ်မြေပိုင်နက်ဆိုင်ရာ လေပိုင်နက် မဟုတ်ကြောင်း၊ နိုင်ငံအားလုံးအနေနှင့် ထိုနေရာတွင် လွတ်လပ်စွာ လေယာဉ်မောင်းနှင် ပျံသန်းခွင့်ရှိသင့်ကြောင်း ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား