
- By CNI
- Category: နိုင်ငံရေး
- Hits: 506
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၄
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ပွဲကို ထောက်ခံမှု ကြောင့် အမေရိကန်ရှိ မွတ်ဆလင် မဲဆန္ဒရှင်များ၏ ထောက်ခံမှုအား ဆုံးရှုံးရဖွယ်ရှိသည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
ဘိုင်ဒန်ကို ဆန့်ကျင်ရန် အမေရိကန် မွတ်ဆလင် အသိုင်းအဝိုင်းက ဆော်သြလျက်ရှိနေသည်။
သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပြည်နယ်ခြောက်ခု၌ နေထိုင်သည့် မွတ်ဆလင် အမေရိကန် ခေါင်းဆောင်များက ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် အခြား ကိုယ်စားလှယ်လောင်းတစ်ဦးကို ထောက်ခံရန် ရွေးချယ်ရခြင်း မရှိသေးပေ။
ထိုပြည်နယ်ခြောက်ခုသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက ဘိုင်ဒန်ကို အနိုင်ရရှိစေခဲ့သည့် အနည်းငယ်သော ပြည်နယ်များထဲတွင် ပါဝင်ခဲ့သည်။
အမေရိကန်-အစ္စလာမ်မစ် ဆက်ဆံရေး ကောင်စီ၏ ညွှန်ကြားရေးမှူး ဂျေလာနီ ဟူစိန်ကိုတွေ့ရစဉ်
သို့သော် မွတ်ဆလင်နှင့် အာရပ် အမေရိကန် အသိုင်းအဝိုင်း၏ ဆန့်ကျင်မှုသည် လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဘိုင်ဒန်၏ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များကို ရှုပ်ထွေးစေမည် ဖြစ်သည်။
"ကျနော်တို့မှာ ရွေးချယ်စရာ နှစ်ခုတည်း မဟုတ်ပါဘူး။ ရွေးစရာ အများကြီးရှိပါတယ်" ဟု မင်နီဆိုးတား (Minnesota) ပြည်နယ်၏ အမေရိကန်-အစ္စလာမ်မစ် ဆက်ဆံရေး ကောင်စီ၏ ညွှန်ကြားရေးမှူး ဂျေလာနီ ဟူစိန် (Jaylani Hussein) က မီချီဂန် (Michigan) ပြည်နယ် ဒီးယားဘွန်း (Dearborn) မြို့တွင် ပြုလုပ်သည့်် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
ဟူစိန်သည် ဘိုင်ဒန်အား ထောက်ခံရန် ရှိ/မရှိ မေးမြန်းခံရချိန်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ၎င်းတို့အနေနှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ကိုလည်း ထောက်ခံမည် မဟုတ် ကြောင်းနှင့် မွတ်ဆလင် အသိုင်းအဝိုင်းသည် အခြား ကိုယ်စားလှယ်လောင်းများကို ထောက်ခံရေးအတွက် ဆုံးဖြတ်သွားမည်ဟု ဟူစိန်က ထပ်လောင်း ပြောကြားခဲ့သည်။
မီချီဂန်၊ အရီဇိုးနား (Arizona) ၊ ဝစ္စကွန်ဆင် (Wisconsin) ၊ ပန်ဆယ်ဗေးနီးယား (Pennsylvania) နှင့် ဖလော်ရီဒါ (Florida) ပြည်နယ်များတွင် ဂါဇာဒေသကို တိုက်ခိုက်နေသော အစ္စရေးကို ထောက်ခံသည့် ဘိုင်ဒန်အား ဆန့်ကျင် ကန့်ကွက်ကြောင်း ပြသသည့်အနေဖြင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 514
CNI International News
မနီလာ၊ ဒီဇင်ဘာ ၄
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း တက္ကသိုလ်တစ်ခု၏ အားကစားရုံတွင် ဗုံးခွဲတိုက်ခိုက်မှု တစ်ခုကြောင့် လူ ၄ ဦး သေဆုံး ကာ လူအများအပြား ဒဏ်ရာ ရရှိသွားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက မင်ဒါနာအို (Mindanao)ကျွန်း၊ မာရာဝီ (Marawi) မြို့ရှိ မင်ဒါနာအိုပြည်နယ် တက္ကသိုလ် (Mindanao State University) ၏ အားကစားခန်းမတွင် ကက်သလစ် (Catholic) ဘာသာဝင်များက ဘုရားဝတ်ပြုရန် စုဝေးနေချိန်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အများ ပြည်သူ ဘေးကင်းလုံခြုံရေးကို စိတ်ချသေချာစေအောင် လုပ်ဆောင်ရန် ရဲတပ်ဖွဲ့နှင့် စစ်တပ်ကို ညွှန်ကြားခဲ့သည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို တွေ့ရစဉ်
"ပြည်ပ အကြမ်းဖက်သမားတွေ ကျူးလွန်ခဲ့တဲ့ အဓိပ္ပာယ်မရှိတဲ့ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံး လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အပြစ်မဲ့တဲ့ သူတွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ အကြမ်းဖက်မှုကို ပြုလုပ်ခဲ့တဲ့ အစွန်းရောက်တွေကို ကျနော်တို့ လူ့အသိုင်းအဝိုင်းရဲ့ ရန်သူတွေဖြစ် အမြဲတမ်း သတ်မှတ်ထားမှာပါ" ဟု မားကို့စ် ဂျူနီယာက ပြောသည်။
မင်ဒါနာအိုကျွန်းပေါ်ရှိ လာနာအို ဒယ်ဆော (Lanao del Sur)ပြည်နယ် အုပ်ချုပ်ရေးမှူး မာမင်တယ် အလွန်တို အဒီယွန် ဂျူနီယာ (Mamintal Alonto Adiong Jr) ကလည်း ထိုအကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။
"ကျနော့်ရဲ့ ပြည်နယ်အတွင်းမှာ ဘာသာရေး လွတ်လပ်ခွင့် အပါအဝင် အခြေခံ လူ့အခွင့်အရေးတွေကို အတည်ပြု ထိန်းသိမ်းထားပါတယ်" ဟု အဒီယွန်က ထုတ်ပြန်ခဲ့သည်။
ပညာရေး အဆောက်အအုံများသည် ဖိလစ်ပိုင်၏ အနာဂတ် ပုံဖော်မည့် လူငယ်များကို အသိပညာ ကြွယ်ဝစေ နိုင်ပြီး ယဉ်ကျေးမှုနှင့် ငြိမ်းချမ်းရေးကို မြင့်တက်စေသည့် နေရာများဖြစ်သောကြောင့် ပညာရေး အဆောက်အအုံ များကို အကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချရမည်ဖြစ်ကြောင်း အဒီယွန်က ပြောသည်။
မင်ဒါနာအိုပြည်နယ် တက္ကသိုလ်ကလည်း ထိုတိုက်ခိုက်မှုအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး နောက်ထပ် သတိပေးချက်များ မထုတ်ပြန်မီ အချိန်အထိ စာသင်ကြားမှုများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 464
CNI International News
ပဲရစ်၊ ဒီဇင်ဘာ ၄
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့လယ်ခေါင်ရှိ အီဖယ်လ်တာဝါ (Eiffel Tower) အနီးတွင် ဓားနှင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ဂျာမန်ခရီးသွားတစ်ဦး သေဆုံးကာ အခြားသူ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျရဲလ်ဒ် ဒါမန်နင် (Gerald Darmanin) က ပြောသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
"အမျိုးသားတစ်ဦးဟာ ပြည်ပခရီးသွားနှစ်ဦးကို တိုက်ခိုက်ခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ မွေးဖွားခဲ့တဲ့ ဂျာမန်ခရီးသွား တစ်ဦးဟာ ဓားထိုးခံရပြီး သေဆုံးသွားပါတယ်" ဟု ဒါမန်နင်က ပြောသည်။
တိုက်ခိုက်သူသည် အသက် ၂၆ နှစ်အရွယ် ပြင်သစ်နိုင်ငံသားဖြစ်ပြီး လက်ရှိတွင် စစ်ဆေးမေးမြန်းခံနေရသည်။
အဆိုပါ တိုက်ခိုက်မှုသည် ဒီဇင်ဘာ ၂ ရက် ဂရင်းနစ် စံတော်ချိန် ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဒါမန်နင်က ပြောသည်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျရဲလ်ဒ် ဒါမန်နင်ကို တွေ့ရစဉ်
ဓားဖြင့်တိုက်ခိုက်သူသည် စိတ်ကျန်းမာရေး ရောဂါကြောင့် ကုသမှု ခံယူခဲ့ရသူဖြစ်သည်ဟု ၎င်းက ပြောသည်။
ထိုအမျိုးသားသည် ယခင်ကလည်း အခြား တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့မှုအတွက် ၂၀၁၆ ခုနှစ်တွင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။
"အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ ဂျာမနီ နိုင်ငံသားနဲ့ သူ့ရဲ့ ကျန်ရစ်သူ မိသားစုတွေ၊ ချစ်ခင် ရသူတွေနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်" ဟု ပြင်သစ်သမ္မတ မက်ခရွန် (Emanuel Macron) က လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့သည်။
ပြင်သစ်ဝန်ကြီးချုပ် အဲလိစဘတ်သ် ဘော်နီ (Elisabeth Borne) ကလည်း ပြင်သစ်နိုင်ငံသည် အကြမ်းဖက်မှုကို မည်သည့်အခါမျှ အရှုံးပေးသွားမည် မဟုတ်ကြောင်း X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 504
CNI International News
ကိယက်ဗ်၊ ဒီဇင်ဘာ ၂
စစ်မှန်ပြီး ငြိမ်းချမ်းမှု ရှိစေရန်အတွက် ယူကရိန်း ငြိမ်းချမ်းရေး ဖော်မြူလာတွင် တရုတ်အနေနှင့် ပူးပေါင်းပါဝင်ရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelensky) က တိုက်တွန်းခဲ့သည်။
ထိုငြိမ်းချမ်းရေး အစီအစဉ်ကို ထောက်ခံသည့် နိုင်ငံတိုင်းသည် ယူကရိန်းနယ်မြေများအတွင်းမှ ရုရှားစစ်သားများ ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုပေးသင့်ကြောင်း ဇာလန်းစကီးက ကိယက်ဗ်တွင် ပြုလုပ်သည့် အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။
ယူကရိန်းသည် ငြိမ်းချမ်းရေးဖော်မြူလာတစ်ခုကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ရေးအတွက် ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံအများစု ပါဝင်ရေးကို လုပ်ဆောင်နေပြီး လက်ရှိတွင် စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံအတွက် ပြင်ဆင်နေသည်ဟု ဇာလန်းစကီးက ပြောသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ရုရှားနှင့် ယူကရိန်းအကြား စစ်ပွဲစတင် ဖြစ်ပွားပြီးချိန်ကတည်းက တိကျသေချာ သည့် အချက်အလက်များ ပါဝင်သော ငြိမ်းချမ်းရေး ဖော်မြူလာတစ်ခု အကောင်အထည်ဖော်ရာတွင် ညီလာခံကို တက်ရောက်သည့် နိုင်ငံအားလုံးအနေဖြင့် ၎င်းတို့၏ ခေါင်းဆောင်မှုအပိုင်းကို ပြသခွင့်ရမည်ဟုလည်း ယူကရိန်း သမ္မတက ပြောသည်။
"ဒီနေ့မှာ ကျနော်တို့ဟာ တခြားနိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မော်လ်တာ (Malta) နိုင်ငံမှာ နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံတုန်းက တက်ရောက်တဲ့ နိုင်ငံပေါင်း ၆၆ နိုင်ငံ ရှိခဲ့ပါတယ်။ အရင်က ဒီလို ညီလာခံမျိုး ၃ ကြိမ် ပြုလုပ်ခဲ့ပြီးပါပြီး ဒိန်းမတ်၊ ဆော်ဒီအာရေဗျနဲ့ မော်လ်တာ နိုင်ငံတွေမှာ ဖြစ်ပါ တယ်" ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
"စတုတ္ထအကြိမ်မြောက် ညီလာခံကိုတော့ ဖေဖော်ဝါရီလမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီညီလာခံမှာ ကျနော်တို့ တွေဟာ လုပ်စရာရှိတာတွေ အားလုံးကို လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီညီလာခံကိုတော့ ဆွစ်ဇာလန် နိုင်ငံမှာ ပြုလုပ်မှာပါ။ ဒီညီလာခံဟာ နောက်ဆုံးအကြိမ် ပြုလုပ်တဲ့ ညီလာခံဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အကြံပေးပုဂ္ဂိုလ်တွေဟာ ငြိမ်းချမ်းရေး ဖော်မြူလာမှာပါဝင်တဲ့ အချက် ၁၀ ချက်ကို ဖြေရှင်းဖို့ လိုအပ်တဲ့ အရာတွေ ကို စုဆောင်ပြီး အစည်းအဝေးတွေ ပြုလုပ်နေလို့ ဖြစ်ပါတယ်" ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
တရုတ်အနေနှင့် ထိုငြိမ်းချမ်းရေး ဖော်မြူလာကို ပူးပေါင်းပါဝင်စေချင်ကြောင်း၊ မိမိတို့သည် ယူကရိန်းတွင် သံအမတ်အဆင့် ဆွေးနွေးမှုများကို စတင်ပြုလုပ်နေကြောင်း၊ မိမိသည် တရုတ်သံရုံး အပါအဝင် နိုင်ငံ အများအပြားမှ သံအမတ်များနှင့် အစည်းအဝေး အများအပြား ပြုလုပ်ခဲ့ကြောင်း၊ လာမည့် ညီလာခံတွင် တရုတ် အနေနှင့် ငြိမ်းချမ်းရေးဖော်မြူလာတွင် ပါဝင်ကိုယ်စားပြုရန် မျှော်လင့်ကြောင်း" ဇာလန်စကီးက ပြောကြားခဲ့ သည်။
တရုတ်၏ ကိုယ်စားလှယ်အဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ညီလာခံတစ်ခုကိုသာ တက်ရောက်ခဲ့ပြီး ကမ္ဘာ့တောင်ခြမ်းဒေသသည် မိမိတို့အတွက် အရေးကြီးကြောင်း ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 489
CNI International News
ဘူဒါပက်စ်၊ ဒီဇင်ဘာ ၂
ဥရောပသမဂ္ဂ(EU)အတွင်း ယူကရိန်း၏ ဝင်ခွင့်ရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများကို ဟန်ဂေရီနိုင်ငံက ပိတ်ပင် သွားမည် မဟုတ်သော်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သည့် ဆုံးဖြတ်ချက်များ ချနိုင်စေရန် လုပ်ဆောင်သွားမည်ဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban) က ပြောကြားခဲ့ ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ဟန်ဂေရီနိုင်ငံအနေနှင့် ယူကရိန်း၏ အဖွဲ့ဝင်ဖြစ်ရေးနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ၏ ဆွေးနွေးညှိနှိုင်းမှုများကို ဗီတိုအာဏာသုံးပြီး ပိတ်ပင်သွားမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ လုပ်ဆောင်ရန် မလို အပ်သောကြောင့်ဖြစ်ကြောင်း အော်ဘန်က Kossuth ရေဒီယိုဌာန၏ မနက်ခင်းအစီအစဉ်တွင် ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး သေချာသည့် ဆုံးဖြတ်ချက် ချမှတ်ရန် EU အဖွဲ့ဝင် နိုင်ငံအားလုံး၏ သဘော ဆန္ဒသာ လိုအပ်ကြောင်း၊ သို့သော် ယခုဖြစ်စဉ်တွင် ယူကရိန်းနှင့် သွေးစည်းညီညွတ်မှုကို ပြသခြင်းမဟုတ်ကြောင်း အော်ဘန်က ပြောသည်။
"ဥရောပကော်မရှင်ဟာ ယူကရိန်းရဲ့ အဖွဲ့ဝင်ဖြစ်ခွင့်နဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်လည်စတင်ဖို့ အတွက် အဆိုပြုချက်တစ်ရပ်ကို ရှေ့ဆက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ အဖွဲ့ဝင်နိုင်ငံအများစုရဲ့ အကျိုး စီးပွားတွေနဲ့ ကိုက်ညီမှုမရှိပါဘူး။ ကျနော်တို့အနေနဲ့ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားနေရတဲ့စိတ်နဲ့ အခြေအနေ တစ်ရပ်ကို မဖြေရှင်းသင့်ပါဘူး" ဟု အော်ဘန်က ပြောကြားခဲ့သည်။
Source: တာ့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 643
CNI International News
ဂါဇာ၊ ဒီဇင်ဘာ ၂
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား သီတင်းတစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူ ညီမှုကို သက်တမ်းထပ်မတိုးတော့သဖြင့် ဒီဇင်ဘာ ၁ ရက်၌ အစ္စရေးနှင့် ဟားမာ့စ်အကြား တိုက်ပွဲများ ပြန်လည် စတင်ဖြစ်ပွားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေးစစ်လေယာဉ်များက ဂါဇာဒေသကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးနိုင်ငံ တောင်ပိုင်း တွင်လည်း ဂါဇာဒေသအတွင်းမှ ပစ်လွှတ်သည့် ဒုံးကျည်များကြောင့် ဒုံးကျည်တိုက်ခိုက်မှု အချက်ပေးဥသြသံများ ထွက်ပေါ်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေးကာလ ပြီးဆုံးသွားချိန်တွင် အစ္စရေး၏ ပြင်းထန်သည့် လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ပေါက်ကွဲမှုများကို မြင်တွေ့ခဲ့ရသည်ဟု ဂါဇာဒေသ တောင်ပိုင်းရှိ ခန်းယွန်းနစ် (Khan Younis) မြို့ရှိ ရိုက်တာ သတင်းထောက်များက ပြောသည်။
သီတင်းပတ်များစွာကြာ အဓိကစစ်မြေပြင်ဖြစ်ခဲ့သည့် ဂါဇာမြောက်ပိုင်းဒေသတွင်လည်း မီးခိုးလုံးများ ထွက်ပေါ် နေပြီး သေနတ်သံများနှင့် ပေါက်ကွဲသံများကို ကြားခဲ့ရသည်ဟု ဆိုသည်။
အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးပြီး နှစ်နာရီအကြာမှာပင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများသည် အိမ် ၈ လုံးကို ထိမှန်ခဲ့သလို လူ ၃၅ ဦးသေဆုံးကာ ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့သည်ဟု ဂါဇာကျန်းမာရေးအရာရှိများက ပြောသည်။
ဂါဇာတောင်ပိုင်းရှိ ခန်းယွန်းနစ်နှင့် ရာဖာဒေသများတွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဂါဇာ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ လူနေအိမ်များလည်း ပစ်မှတ်ထားခံခဲ့ရသည်ဟု ကျန်းမာရေးဝန်ထမ်းများနှင့် မျက်မြင်များက ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်ကလည်း တိုက်ခိုက်ရေး စစ်ဆင်ရေးများကို ပြန်လည်စတင်ကြောင်း ကြေညာခဲ့ပြီး ဟားမာ့စ်အဖွဲ့ သည် ၎င်းတို့ ဖမ်းဆီးထားသည့် ဓားစာခံ အမျိုးသမီးများအားလုံးကို ပြန်လွှတ်ပေးခဲ့ခြင်းမရှိဘဲ ဒုံးကျည်များဖြင့် ပစ်ခတ်ကာ အပစ်အခတ်ရပ်စဲရေးကို အရင်ဆုံးချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။
"ကျနော်တို့ရဲ့ ဓားစာခံတွေ ပြန်လွတ်လာစေဖို့၊ ဟားမာ့စ်အဖွဲ့ကို ချေမှုန်းဖို့၊ ဂါဇာဒေသဟာ အစ္စရေးမှာ နေထိုင်တဲ့ သူတွေအတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်စေအောင် လုပ်ဆောင်ဖို့ဆိုတဲ့ ကျနော်တို့ရဲ့ စစ်ပွဲရည်မှန်းချက်တွေကို အောင်မြင်စေဖို့ အစ္စရေးအစိုးရက လုပ်ဆောင်ခဲ့ပါတယ်" ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ၏ရုံးက ထုတ်ပြန်ခဲ့သည်။
ဟားမာ့စ်အဖွဲ့ကလည်း အစ္စရေးသည် ဓားစာခံများ ပြန်လွှတ်ပေးရမည့် သဘောတူညီချက်များကို ငြင်းပယ်ပြီး အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ငြင်းဆိုခဲ့ခြင်းကြောင့် အပစ်အခတ်ရပ်စဲရေး အဆုံးသတ်မှုအတွက် အစ္စရေးတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 556
CNI International News
စကိုပီယာ၊ ဒီဇင်ဘာ ၁
ဟားမာ့စ်အဖွဲ့ ဖမ်းဆီးထားသည့် ဓားစာခံအားလုံး မလွတ်မြောက်မချင်း၊ ဟားမာ့စ်အဖွဲ့ကို အပြီးသတ် မချေမှုန်းနိုင်မချင်း အစ္စရေးအနေနှင့် စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အီလီ ကိုဟန် (Eli Cohan) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့ သည်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ကိုဟန်သည် မက်ဆီဒိုးနီးယားနိုင်ငံ၊ စကိုပီယာ (Skopje) မြို့တော်တွင် ပြုလုပ်သည့် နှစ်ရက်ကြာ OSCE ဝန်ကြီးအဆင့် အစည်းအဝေး၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ကျနော်တို့ဟာ ကျနော်တို့ရဲ့ ဓားစားခံအားလုံး ပြန်မလွတ်မချင်း၊ ဟားမာ့စ်အဖွဲ့ကို မချေမှုန်းနိုင်မချင်း ဆက်လက် တိုက်ခိုက်သွားမှာပါ။ အခုလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို မဖြစ်စေဖို့အတွက် ကမ္ဘာကြီးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို ဟားမာ့စ်ရဲ့ လက်အောက်က လွတ်မြောက်စေဖို့ စည်းလုံးညီညွတ်စွာ ရှိသင့်ပါတယ်" ဟု ကိုဟန်က သတင်းထောက် များကို ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲဒဏ်ခံထားရစဉ်
ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်သည့် ဟားမာ့စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးတွင် လူပေါင်း ၁၂၀၀ ခန့်အား သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အစ္စရေး အရာရှိများက ထုတ်ပြန်ခဲ့သည်။
ဂျေရုဆလင် (Jerusalem) ၏ မြို့ဟောင်း (Old City) ရှိ Al-Aqsa ဗလီကို အစ္စရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့မှုကို တုန့်ပြန်သည့်အနေဖြင့် ထိုတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဟားမာ့စ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံပိတ်ဆို့ကာ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များ ပြုလုပ်ခဲ့သလို လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာဒေသများတွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
Source: တာ့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 377
CNI International News
မော်စကို၊ ဒီဇင်ဘာ ၁
နေတိုးနှင့် ယူကရိန်းအကြား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သစ်သည် ရန်လိုသည့်သဘောကို ဆောင်နေသဖြင့် ရုရှားနိုင်ငံအနေဖြင့် ထိုအစီအစဉ်အား နှစ်သက်ခြင်းမရှိကြောင်း ရုရှားအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
"နေတိုးဟာ ယူကရိန်းနဲ့ အပြန်အလှန် အကျိုးပြု ဆောင်ရွက်မှုတွေကို ဆက်လက် လုပ်ဆောင်နေတယ်ဆိုတာ ရှင်းနေပါတယ်။ ဟုတ်ပါတယ်။ အဲဒီအခြေအနေကို ကျနော်တို့ နှစ်သက်ခြင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ နေတိုး ရဲ့ လုပ်ဆောင်မှုတွေဟာ ကျနော်တို့ရဲ့ လုံခြုံရေးကို ရန်လိုနေလို့ ဖြစ်ပါတယ်" ဟု ပက်စကော့ဗ်က ပြောသည်။
ထိုအစီအစဉ်သစ်တွင် ယူကရိန်းအတွက် ထောက်ပံ့မှု ပုံစံအသစ်များ ပါဝင်ခြင်းမရှိသလို ထိုပူးပေါင်း ဆောင်ရွက်မှု သည်လည်း ပထမဆုံးအကြိမ် မဟုတ်ကြောင်း ပက်စ်ကော့ဗ်က ပြောသည်။
နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘာ့ချ်ကို တွေ့ရစဉ်
နေတိုးအဖွဲ့နှင့် ယူကရိန်းအကြား စွမ်းအင်လုံခြုံရေးနှင့် ယူကရိန်းစစ်တပ်အား လေ့ကျင့်သင်ကြားပေးမှု အပါအဝင် လာမည့်နှစ်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည့် အစီအစဉ်ကို နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစ် စတိုတန်ဘာ့ချ် (Jens Stoltenberg) က နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့သည့် နေတိုးအစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။
ထိုပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် ယူကရိန်းနှင့် နေတိုးအဖွဲ့အကြား အနာဂတ်၌ ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များကို ဖော်ပြထားသည်။
သို့သော်လည်း ယူကရိန်းကို စစ်ရေးအရ ကူညီထောက်ပံ့ပေးမည့် လက်တွေ့ကျသည့် အစီအစဉ်များ ပါဝင်ခဲ့ခြင်း မရှိပေ။
Source: တာ့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 424
CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၁
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ သြဇာကြီးမားသည့် ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong) က သံတမန်ဆက်ဆံရေးများနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အမေရိကန်၏ ကမ်းလှမ်းမှု ကို ငြင်းဆိုခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထို့ပြင် မကြာသေးမီက မြောက်ကိုရီးယား၏ စပိုင်ဂြိုဟ်တု လွှတ်တင်မှုနှင့်ပတ်သက်ပြီး အမေရိကန်၏ ဝေဖန်မှု များကိုလည်း ကင်မ်ယိုဂျုံက ပြန်လည်ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ၏ တားမြစ်ချက်များကို ချိုးဖောက်ကာ နောက်ထပ် ဂြိုဟ်တု လွှတ်တင်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ်စ် ဂရင်းဖီးလ် (Linda THomas-Greenfield)က မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုသည် အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်ရာရောက်သည့် အဆင်အခြင်မဲ့ပြီး တရားမဝင်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယား ခေါင်းဆောင် ညီမဖြစ်သူ ကင်မ်ယိုဂျုံကို တွေ့ရစဉ်
သို့သော် အမေရိကန်အနေနှင့် ကြိုတင် သတ်မှတ်ချက်များ မပါဝင်ဘဲ မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် ကမ်း လှမ်းကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် ဆွေးနွေးမည့် အကြောင်းအရာနှင့် အချိန်ကို ရွေးချယ်နိုင်ကြောင်း ဂရင်းဖီးလ်က ထပ်လောင်းပြောဆိုခဲ့သည်။
ကင်မ်ယိုဂျုံကမူ အမေရိကန်၏ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပြီး အာကာသအတွင်းသို့ ဂြိုဟ်တုများ လွှတ်တင်မှုနှင့် နောက်ထပ် လက်နက်စမ်းသပ်မှုများကို ထပ်မံလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
"လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် လုပ်ငန်းစဉ်တွေထဲမှာ ဘယ်တော့မှ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် မြောက်ကိုရီးယားဟာ အဲဒီရည်ရွယ်ချက်အတွက် အမေရိကန်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးညှိနှိုင်းမှုကို ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ပါဘူး"ဟု ကင်မ်ယိုဂျုံက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံအနေနှင့် မိမိတို့၏ အချုပ်အခြာအာဏာပိုင် အခွင့်အရေးများကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ပြီး အနာဂတ် ကာလတွင်လည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံး၏ တားမြစ်ကန့်သတ်ချက်များ မရှိဘဲ သိက္ခာရှိသည့် အပြုအမူများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားက ဒုံးကျည်လွှတ်တင်နေစဉ်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်များတွင် မြောက်ကိုရီးယားအား ဂြိုဟ်တု သယ်ဆောင်သည့် ဒုံးပျံများနှင့် ဒုံးကျည်စမ်းသပ်မှုများ အပါအဝင် ပဲ့ထိန်းစနစ် နည်းပညာကို အသုံးပြုသည့် ဒုံးယာဉ်များ လွှတ်တင်မှု အားလုံးကို တားမြစ်ထားသည်။
သို့သော် မြောက်ကိုရီးယားကမူ အဆိုပါ ဒုံးယာဉ်လွှတ်တင်မှုများသည် ၎င်း၏ အချုပ်အခြာအာဏာပိုင် အခွင့်အရေးဖြစ်သည်ဟု ပြောကြားခဲ့ပြီး ထိုလုပ်ဆောင်ချက်များသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Soruce: အေပီ