- By CNI
- Category: နိုင်ငံရေး
- Hits: 1627
=CNI International News
နယူးဒေလီ၊ ဇွန် ၂၅
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်ပွင့်လင်းမှု၊ ဘက်စုံပါဝင်မှု၊ လုံခြုံမှုနှင့် စည်းမျဉ်းအခြေပြုဒေသဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ရေး ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်း အတည် ပြုခဲ့သည်ဟု Economic Times မှ ဖော်ပြခဲ့သည်။
နှစ်နိုင်ငံစလုံးသည် ဘေးအန္တရာယ်များကို လျော့ပါးသက်သာစေရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ အင်ဒို-ပစိဖိတ် သမုဒ္ဒရာဆိုင်ရာ အစီအစဉ် (IPOI) ၏ ဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍကို ပူးပေါင်း ဦးဆောင်သွားရန်လည်း ကတိပြုခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာ (Sheikh Hasina) ၏ ၂ ရက်ကြာ အိန္ဒိယခရီးစဉ်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ပူးတွဲအစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ အလံကို တွေ့ရစဉ်
ထိုအစီရင်ခံစာထဲတွင် မိမိတို့၏ ချစ်ကြည်ရင်းနှီးမှုသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ဖြစ်ပေါ်စေခဲ့သည့် အချက်ကို အသိအမှတ်ပြုကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်မှု၊ ပွင့်လင်းမှု၊ ဘက်စုံ ပါဝင်မှု၊ လုံခြုံမှုနှင့် စည်းမျဉ်းအခြေပြု ဒေသဖြစ်စေရန် မိမိတို့၏ ကတိကဝတ်များကို ထပ်လောင်း အတည်ပြု ကြောင်း ဖော်ပြခဲ့သည်။
အင်ဒို-ပစိဖိတ်ဒေသအပေါ် မိမိတို့၏ တူညီသည့် အမြင်နှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၏ ဆိုးရွားသည့် သက်ရောက်မှုများကို ခံနိုင်ရည်မရှိသော အချက်အပေါ် အခြေခံပြီး အင်ဒို-ပစိဖိတ် သမုဒ္ဒရာဆိုင်ရာ အစီအစဉ် (IPOI) ၏ ဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍကို ပူးပေါင်းဦးဆောင်သွားမည်ဖြစ်သည်။
ဘေးအန္တရာယ်ဒဏ်ကို ခံနိုင်သည့် အခြေခံ အဆောက်အအုံများ တည်ဆောက်မှုနှင့် မိမိတို့၏ ပင်လယ်ရေကြောင်း ဒေသအား ပိုမိုခိုင်မာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံစလုံး၏ ဘုံအကျိုးစီးပွားများ၊ အထူးသဖြင့် ကမ္ဘာ့တောင်ခြမ်း ဒေသတွင်ရှိသည့် နိုင်ငံများ၏ အကျိုးစီးပွားများကို မြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များအား အတူတကွ ပူးပေါင်းဆောင်ရွက်ရန်လည်း ကတိပြုခဲ့ကြသည်။

အင်ဒို-ပစိဖိတ်အရေး ဆွေးနွေးပွဲတက်ရောက်လာသော ခေါင်းဆောင်သုံးဦးကိုတွေ့ရစဉ်
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား အပြန်အလှန် ယုံကြည်မှုနှင့် အကျိုးဖြစ်ထွန်းမှုတို့အပေါ် အခြေခံသည့် နက်ရှိုင်းပြီး အရည်အသွေးမြင့်မားသော ဆက်ဆံရေးကို တည်ဆောက်ရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဟာစီနာသည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ဇွန်လ ၂၁ ရက်က အိန္ဒိယနိုင်ငံသို့ ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အိန္ဒိယလွှတ်တော် ရွေးကောက်ပွဲတွင် မိုဒီက တတိယသက်တမ်းကို အနိုင်ရရှိခဲ့ပြီးနောက် ဟာစီနာ၏ အိန္ဒိယခရီးစဉ်သည် ပထမဆုံး နိုင်ငံတော်ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။
Source: Economic Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1608
CNI International News
မနီလာ၊ ဇွန်လ ၂၄
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် စစ်ပွဲကို စတင်လှုံ့ဆော်မည် မဟုတ်ဘဲ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ရည်ရွယ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ဇွန်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
“နိုင်ငံကို ကာကွယ်ရာမှာ ကျနော်တို့ အနေနဲ့ ဖိလစ်ပိုင်လူမျိုးတွေရဲ့ သဘာဝအတိုင်း ရပ်တည်မှာ ဖြစ်ပါတယ်။ အဲဒါကတော့ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုတဲ့ သဘောထားအတိုင်း လုပ်ဆောင်သွားမှာပါ”ဟု မားကို့စ် က တောင်တရုတ်ပင်လယ်အရေးကို တာဝန်ယူရသည့် အနောက်တိုင်းစစ်ဌာနသို့ သွားရောက်သည့် ခရီးစဉ်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင် ရေတပ် စစ်မှုထမ်းများနှင့် တရုတ်ကမ်းခြေ စောင့် တပ်ဖွဲ့သင်္ဘောမှ တပ်ဖွဲ့ဝင်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင် သင်္ဘောသားတစ်ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့သလို သင်္ဘောများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က ပြောသည်။

ဖိလစ်ပိုင်နဲ့ တရုတ် ရေပိုင်နက် အငြင်းပွားနေစဉ်
တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များသည် ဓားများ၊ လှံများကို ကိုင်ဆောင်ကာ ဖိလစ်ပိုင် သင်္ဘောများကို တိုက်ခိုက်ခဲ့ကြသည်ဟု ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်သည် ဖိလစ်ပိုင်၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲနေပြီး တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များသည် တရားဝင်မှုရှိပြီး ပရောဖက်ရှင် နယ်ဆန်သည့် လုပ်ဆောင်ချက်များကို မဖြစ်မနေ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
မားကို့စ်ကမူ ဖိလစ်ပိုင်စစ်သားများ အနေဖြင့် ပြင်းထန်သည့် ရန်စမှုများ ခံရသည့်အချိန်တွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်။
ဖိလစ်ပိုင်သည် နိုင်ငံတကာ ဥပဒေများနှင့်အညီ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နဲ့ တရုတ် ရေပိုင်နက် အငြင်းပွားနေစဉ်
“ကျနော်တို့ တာဝန်ဝတ္တရားတွေအရ ကျနော်တို့ဟာ အင်အားသုံးတာ ဒါမှမဟုတ် ခြိမ်းခြောက်တာ ဒါမှမဟုတ် တစ်ယောက်ယောက်ကို နာကျင်အောင် လုပ်တာမျိုးတွေကို လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ မားမားမတ်မတ် ရပ်တည်ပြီး ငြိမ်းချမ်းတဲ့ စရိုက်လက္ခဏာကို အတိမ်းစောင်းခံမှာ မဟုတ်ပါဘူး”ဟု မားကို့စ်က ပြောကြားခဲ့သည်။
အရှေ့တောင်အာရှတွင် အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ဖိလစ်ပိုင်နှင့် တရုတ်အကြား မကြာသေးမီက ပင်လယ်ရေကြောင်း ထိပ်တိုက်တွေ့မှုများသည် မဟာဗျူဟာအရ အရေးကြီးသော တောင်တရုတ်ပင်လယ်တွင် အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများကို မြင့်တက်စေခဲ့သည်။
အမေရိကန်ကမူ တောင်တရုတ်ပင်လယ်တွင် တရုတ်၏ လုပ်ဆောင်မှုများကို ဝေဖန်ရှုတ်ချခဲ့ပြီး ဖိလစ်ပိုင်နှင့် ချုပ်ဆိုထားသည့် ကာကွယ်ရေး သဘောတူစာချုပ်အရ ဖိလစ်ပိုင်အပေါ် မည်သည့် တိုက်ခိုက်မှုကိုမဆို ကာကွယ် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1731
CNI International News
တိုင်ပေ၊ ဇွန်လ ၂၄
ယခုနှစ်တွင် ပြုလုပ်မည့် ထိုင်ဝမ်၏ စစ်ရေးလေ့ကျင့်မှုများသည် အမှန်တကယ် တိုက်ပွဲဖြစ်ပွားနေသည့်ပုံစံမျိုးဖြင့် ပြုလုပ်လိမ့်မည်ဖြစ်ပြီး တရုတ်၏ ခြိမ်းခြောက်မှုများ လျှင်မြန်စွာ မြင့်တက်နေမှုကြောင့် ထိုကဲ့သို့ တိုက်ပွဲအစစ်ပုံစံဖြင့် သရုပ်ဖော်လေ့ကျင့်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ်အဖြစ် ကြေညာထားသော တရုတ်သည် ၎င်း၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ကြေညာချက်အား လက်ခံစေရန်အတွက် ထိုင်ဝမ်ကို ဖိအားပေးသည့် အနေဖြင့် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်ခဲ့သည်။
ထိုင်ဝမ်သည် ဇူလိုင် ၂၂ ရက်မှစပြီး Han Kuang စစ်ရေးလေ့ကျင့်မှုကို ၅ ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။ အမည်မဖော်လိုသည့် ထိုင်ဝမ်ကာကွယ်ရေး အရာရှိတစ်ဦးကမူ စစရေးလေ့ကျင့်မှုများကို ပုံစံပြောင်းလဲ ပြုလုပ်ရန်အတွက် အရေးတကြီး စဉ်းစားသုံးသပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“မကြာသေးခင် နှစ်တွေအတွင်း ရန်သူတွေရဲ့ ခြိမ်းခြောက်မှုပုံစံဟာ လျင်မြန်စွာ ပြောင်းလဲခဲ့ပါတယ်။ ကျနော်တို့ရဲ့ ခံစစ်တိုက်ခိုက်ရေး အစီအစဉ်ကိုလည်း အခြေခံကစပြီး ပြန်လည်စိစစ်ဖို့ လိုအပ်ခဲ့ပြီး ပြည့်စုံကျယ်ပြန့်တဲ့ တိုက်ခိုက်ရေး လေ့ကျင့်ခန်းတွေကို ပြုလုပ်ဖို့ ပိုပြီး အရေးကြီးလာခဲ့ပါတယ်” ဟု အမည်မဖော်လိုသည့် ထိုထိုင်ဝမ်ကာကွယ်ရေး အရာရှိက ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေကို တွေ့ရစဉ်
ထို့ပြင် ယခုနှစ်တွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများ၌ ညအချိန်ပြုလုပ်သည့် လေ့ကျင့်ခန်းများပါဝင်ပြီး တိုင်ပေ (Taipei) မြို့တော်တွင်လည်း စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်း ထိုအရာရှိက ပြောကြားခဲ့သည်။
“စစ်သားတွေအနေနဲ့ ဒီစစ်ရေးလေ့ကျင့်မှုက တကယ့်စစ်ပွဲ ဖြစ်နေသလိုမျိုး အံ့အားသင့် သွားစေချင်ပါတယ်။ တကယ် တိုက်ခိုက်ရတဲ့ စစ်ပွဲမှာ ရင်ဆိုင်ရမယ့် ပြဿနာတွေက စစ်ရေးလေ့ကျင့်မှုနဲ့ ကွဲပြားနိုင်ပါလိမ့်မယ်။ ပြီးတော့ စစ်ပွဲကလည်း နေ့ရော၊ ညရော ဖြစ်ပွားနိုင်တာကြောင့် ညအချိန်မှာပါ စစ်ရေးလေ့ကျင့်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ စစ်ရေးလေ့ကျင့်မှု အစီအစဉ်နှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက် ကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်းဖြေကြားခဲ့ခြင်းမရှိပေ။
သို့သော် ယခင်ကမူ တရုတ်နှင့် ပြန်လည်ပေါင်းစည်ရေးကို လက်နက်စွဲကိုင်ပြီး တားဆီးမည့် ထိုင်ဝမ်၏ အားထုတ်ကြိုးပမ်းမှုများသည် အချဉ်းနှီးသာဖြစ်လိမ့်မည်ဟု တရုတ်က ပြောကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်လက ထိုင်ဝမ်တွင် သမ္မတလိုင်ချင်တေ (Lai Ching Te) ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ၃ ရက်အကြာ၌ တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1927
CNI International News
နယူးယောက်၊ ဇွန်လ ၂၄
ပင်လယ်နီတွင် ယီမင်နိုင်ငံမှ ဟူရ်သီ (Houthi) သူပုန်အဖွဲ့၏ မောင်းသူမဲ့ တိုက်ခိုက်ရေးရေယာဉ် (uncrewed surface vessels - USV) ၃ စင်းကို အမေရိကန်စစ်တပ်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု အမေရိကန် ဗဟိုစစ် ဌာနချုပ် (CENTCOM) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
“ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း CENTCOM ဟာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူရ်သီအဖွဲ့ရဲ့ မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ် ၃ စင်းကို ပင်လယ်နီမှာ အောင်မြင်စွာ ဖျက်ဆီနိုင်ခဲ့ပါတယ်” ဟု CENTCOM က X လူမှု မီဒီယာတွင် ရေးသားခဲ့သည်။
ထို့ပြင် ယီမင်နိုင်ငံအတွင်းရှိ ဟူရ်သီသူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေများမှ အေဒင်ပင်လယ်ကွေ့ (Gulf of Aden) သို့ ပစ်လွှတ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည် ၃ စင်းရှိခဲ့ကြောင်း၊ ထိုဒုံးကျည်များကြောင့် မည်သည့် သင်္ဘောမှ ထိခိုက်ခြင်းမရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် ဟားမာ့စ်-အစ္စရေးစစ်ပွဲ အရှိန်မြင့်တက်ခဲ့ပြီးနောက် ဟူရ်သီအဖွဲ့က ၎င်းတို့သည် အစ္စရေးနယ်နိမိတ်ကို တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်သင်္ဘော တစ်စင်းကို တွေ့ရစဉ်
ထို့ပြင် ဟားမာ့စ်အဖွဲ့အပေါ် ဆင်နွှဲနေသည့် အစ္စရေး၏ စစ်ပွဲကို မရပ်တန့်မချင်း ပင်လယ်နီနှင့် ဘက်အယ် မန်ဒက် ရေလက်ကြား (Bab el-Mandeb Strait)မှ ရေပြင်များကို ဖြတ်သန်းမောင်းနှင်သော အစ္စရေးနှင့်ဆက်နွှယ်သော သင်္ဘောများကို ဟန့်တားသွားမည်ဖြစ်ကြောင်း ဟူရ်သီအဖွဲ့က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ဟူရ်သီအဖွဲ့သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ရှိ ဒါဇင်နှင့်ချီသည့် အရပ်ဖက်သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။
ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုကို တုန့်ပြန်သည့်အနေဖြင့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် ပင်လယ်နီ အတွင်း ရေကြောင်းသွားလာမှုများအား ဘေးကင်းလုံခြုံစေရန် Operation Properity Guardian အမည်ရှိ စစ်ဆင်ရေးကို စတင်လုပ်ဆောင်ခဲ့သည်။
ထိုစစ်ဆင်ရေးအတွင်း အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များသည် ယီမင်နိုင်ငံအတွင်းက ဟူရ်သီတို့ ထိန်းချုပ်ထား သည့် မြို့များရှိ ပစ်မှတ်များကို လေယာဉ်များ၊ စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများဖြင့် ပူးပေါင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဟူရ်သီတို့၏ ဒုံးကျည်စခန်းများ၊ ဒရုန်းများနှင့် ရေဒီယို ဆက်သွယ်ရေးစနစ်များကို တိုက်ခိုက် ဖျက်ဆီး ခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 3372
CNI International News
ဘန်ကောက်၊ ဇွန်လ ၂၂
ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ယူကရိန်း ငြိမ်းချမ်းရေးညီလာခံ၌ ထိုင်းနိုင်ငံ၏ သိုသိုသိပ်သိပ် လှုပ်ရှားမှု များကို မည်သူကမျှ သတိမထားမိခဲ့ကြဘဲ နိုင်ငံတကာမီဒီယာများကလည်း အရေးတယူ မဖော်ပြခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
အကျဉ်းချုပ် ပြောရမည်ဆိုပါက ထိုင်းနိုင်ငံသည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ကြေညာချက်တွင် မဲပေးခဲ့ခြင်း မရှိပေ။
ထိုညီလာခံသို့ တက်ရောက်ခဲ့သည့် နိုင်ငံအများစုသည် ယူကရိန်းလိုလားပြီး ရုရှားကို ဆန့်ကျင်သော သဘောထား များဖြင့် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။ ထိုင်းနိုင်ငံမှာမူ ထိုကဲ့သို့ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုင်းသည် ရုရှား ပါဝင်နေသည့် BRICS အဖွဲ့အတွင်း ဝင်ခွင့်ရရန် မျှော်လင့်ထားသဖြင့် ရုရှားကို ဆန့်ကျင်သော အပြုအမူများကို ရှောင်ကြဉ်ခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ပြင် နောက်ထပ် လူအများ သတိမမူမိသည့် အချက်မှာ ထိုင်းကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ ဗလာဒီဗော့ စတော့ (Vladivostok) မြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

BRICS အစည်းအစည်းအဝေးကို ထိုင်းကိုယ်စားလှယ်တက်နေစဉ်
ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ဦးဆောင်သည့် ထိုင်း ကိုယ်စားလှယ်အဖွဲ့သည် BRICS+ အစည်းအဝေးကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ထိုအစည်းအဝေးတွင် ပေတုန်တန်က ထိုင်းနိုင်ငံကို BRICS အဖွဲ့ဝင်ဖြစ်ခွင့်ရရန် အားတက်သရော ကြိုးပမ်းခဲ့ သည်။
ထိုင်းနိုင်ငံကဲ့သို့ပင် ယူကရိန်းငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ခဲ့သည့် နိုင်ငံများထဲမှ BRICS အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ အိန္ဒိယ၊ တောင်အာဖရိကနှင့် ဆော်ဒီအာရေဗျနိုင်ငံများကလည်း ငြိမ်းချမ်းရေး ကြေညာချက်ကို မဲပေးခဲ့ခြင်းမရှိပေ။
ထို့ပြင် ရုရှားကို ဖိတ်ကြားခဲ့ခြင်း မရှိသည့် ထိုညီလာခံကို BRICS အဖွဲ့၏ အဓိကအင်အားကြီး နိုင်ငံဖြစ်သော တရုတ်ကလည်း တက်ရောက်ခဲ့ခြင်းမရှိပေ။
အစဉ်အလာအားဖြင့် အနောက်နိုင်ငံများကို လိုလားသည့် ထိုင်းနိုင်ငံသည် ယခုအခါတွင် အနောက်အုပ်စုက လွှမ်းမိုးထားသော ကမ္ဘာ့အခင်းအကျင်းကို စိန်ခေါ်ရန် ဖွဲ့စည်းထားသည့် BRICS အဖွဲ့ထဲဝင်ရန် ပြင်ဆင်နေသဖြင့် ထိုင်းသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန်လည်း အခက်ကြုံလာနိုင်သည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 10209
CNI International News
နယူးဒေလီ၊ ဇွန်လ ၂၂
ဒေသတွင်း တရုတ်၏ အင်အားပြမှုများ မြင့်တက်နေချိန်တွင် လွတ်လပ်မှု၊ ပွင့်လင်းမှု၊ ပေါင်းစုံပါဝင်မှုရှိပြီး စည်းမျဉ်းအခြေပြု အင်ဒို-ပစိဖိတ်ဒေသကို ရှေးရှု၍ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု အိန္ဒိယ၊ သြစတြေးလျနှင့် ပြင်သစ်တို့က ကတိပြုခဲ့ကြကြောင်း Economics Times မှ ဖော်ပြခဲ့သည်။
ဇွန်လ ၂၀ ရက်က ဒေလီ (Delhi) မြို့တော်တွင် ပြုလုပ်သည့် တတိယအကြိမ်မြောက် အိန္ဒိယ-ပြင်သစ်-သြစတြေးလျ သုံးပွင့်ဆိုင် ဗဟိုဆုံမှတ်များ အမည်ရှိ အစည်းအဝေးတွင် အင်ဒို-ပစိဖိတ်ဒေသနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ဆွေးနွေးခဲ့ကြသည်။
"ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံရေး၊ ပင်လယ်ပြင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဘက်စုံထိတွေ့ ဆက်ဆံရေးဆိုတဲ့ သုံးပွင်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးရဲ့ အဓိကအချက် ၃ ချက်အောက်မှာ တိုးတက်မှုတွေကို ၃ နိုင်ငံစလုံးက စိစစ်သုံးသပ်ခဲ့ကြပါတယ်" ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသအတွင်း မောင်းနှင်နေသည့် စစ်သင်္ဘောများကိုတွေ့ရစဉ်
ထိုအစည်းအဝေးတွင် အင်ဒို-ပစိဖိတ် သမုဒ္ဒရာများ အစီအစဉ် (IPOI) နှင့် အိန္ဒိယသမုဒ္ဒရာ ရပ်ဝန်းအသင်း (IORA) လုပ်ငန်းစဉ်များ၏ မူဝါဒများ အပါအဝင် သုံးပွင့်ဆိုင် ပူးပေါင်းဆောက်ရွက်မှုကို မြှင့်တင်ရန် အဆိုပြုချက် အသစ် များကို သတ်မှတ်ခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။
IPOI သည် ပွင်းလင်းမှု ဘက်စုံပါဝင်မှု၊ စာချုပ်အခြေပြု မဟုတ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ် တစ်ခုဖြစ်ပြီး ထိုအစီအစဉ်ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi) က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ကြေညာခဲ့ခြင်းဖြစ်သည်။
အင်ဒို-ပစိဖိတ် ရေပြင်နယ်နိမိတ်ကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရန်၊ ထိန်းသိမ်းရန်နှင့် ဘေးကင်းလုံခြုံစေရန် သဘောထားချင်း တူညီသည့် နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ထိုအစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြင်သစ် အာရှနှင့် သမုဒ္ဒရာပိုင်းဆိုင်ရာ အကြီးအကဲ ဘီနွိုက်ဂူဒီကို တရုတ်ကိုယ်စားလှယ်နဲ့အတူတွေ့ရစဉ်
IORA သည် အစိုးရအချင်းချင်း ထိတွေ့ဆက်သွယ် ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ပြီး ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၂၀ ရက်က ပြုလုပ်သည့် အစည်းအဝေးကို အိန္ဒိယဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သမုဒ္ဒရာပိုင်းဇုန်နှင့် အင်ဒို-ပစိဖိတ်ရေးရာ ပူးတွဲအတွင်းဝန် ပရာမီတာ ထရီပသီ (Paramita Tripathi) နှင့် ဥရောပ အနောက်ခြမ်း ဆိုင်ရာ ပူးတွဲအတွင်းဝန် ပီယုရှ် သီရိဝတ္တဝ (Piyush Srivastava) တို့က ဦးဆောင်တက်ရောက်ခဲ့သည်။
ထို့ပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှနှင့် သမုဒ္ဒရာပိုင်းဆိုင်ရာ အကြီးအကဲ ဘီနွိုက် ဂူဒီ (Benoit Guidee) နှင့် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်နှင့် ဗဟိုအာရှဌာနမှ ပထမ လက်ထောက် အတွင်းဝန် ဆာရာစတိုရေး (Sarah Storey) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့သည်။
Source: Economic Times
- By CNI
- Category: နိုင်ငံရေး
- Hits: 2629
CNI International New
ဒါရမ်ရှာလာ၊ ဇွန်လ ၂၂
တိဘက်လူမျိုးများကို အမေရိကန်လွှတ်တော်က ထောက်ခံကြောင်းကို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ဟောင်း နန်စီပယ်လိုစီ (Nancy Pelosi) က ဇွန်လ ၂၁ ရက်တွင် ခိုင်မာစွာ ထပ်လောင်း အတည်ပြုခဲ့သည်ဟု The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ပယ်လိုစီသည် ဇွန်လ ၁၉ ရက်က အမေရိကန်အောက်လွှတ်တော်အမတ် မိုက်ကယ် မက်ကူးလ် (Michael McCaul) ဦးဆောင်သည့် ပါတီနှစ်ရပ်ပေါင်း လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဒါရမ်ရှာလာ (Dharamshala) မြို့ရှိ တိဘက်ဘုန်းတောင်ကြီး ဒလိုင်းလားမား (Dalai Lama) ၏ နေအိမ်တွင် ဒလိုင်းလားမားနှင့် တွေ့ဆုံခဲ့သည်။
ဒါရမ်ရှာလာမြို့တွင် ဒလိုင်းလားမားနှင့် တွေ့ဆုံရန် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် ပူးပေါင်း ပါဝင်ခွင့် ရသည့်အတွက် ဂုဏ်ယူကြောင်း ပယ်လိုစီက ပြောကြားခဲ့သည်။
"ဒီနေ့မှာ မြင့်မြတ်တဲ့ ၁၄ ပါးမြောက် ဒလိုင်းလားမား ဘုန်းတော်ကြီးနဲ့ အိန္ဒိယနိုင်ငံ၊ ဒါရမ်ရှာလာမြို့မှာ တွေ့ဆုံဖို့ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းပါဝင်ခွင့်ရတာဟာ ကျမအတွက် ဂုဏ်ယူစရာပါပဲ။ ကျမ တို့ရဲ့ တွေ့ဆုံမှုမှာ တိဘက်လူမျိုးတွေအတွက် အမေရိကန်လွှတ်တော်ရဲ့ ထောက်ခံမှုကို ကျမတို့ ခိုင်ခိုင်မာမာ ထပ်လောင်း အတည်ပြုခဲ့ပါတယ်" ဟု ပယ်လိုစီက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီကိုတွေ့ရစဉ်
ထိုနေ့ အစောပိုင်းကလည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi) သည် အမေရိကန်လွှတ်တော်အမတ် မက်ကူးလ် ဦးဆောင်သည့် အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။
ထိုလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ထဲတွင် အမေရိကန်အောက်လွှတ်တော်၏ နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ မက်ကူးလ်၊ ပယ်လိုစီ၊ ဂရီဂိုရီ မိခ်စ် (Gregory Meeks) ၊ မရီယန်နက်တီ မီလာ မိခ်စ်(Mariannette Miller-Meeks) ၊ နစ်ကိုးလ် မယ်လီယော့တာကစ် (Nicole Malliotakis) ၊ အမ်မီ ဘာရာ (Ami Bera) နှင့် ဂျင် မက်ဂိုဗန် (Jim McGovern) တို့ ပါဝင်ခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar) ကလည်း အမေရိကန်လွှတ်တော် ကိုယ်စားလှယ် အဖွဲ့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး အိန္ဒိယနှင့် အမေရိကန်အကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထောက်ခံပေးနေသည့် လွှတ်တော်ကိုယ်စားလှယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ပယ်လိုစီသည် ဇွန်လ ၂၀ ရက်ကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကို ဝေဖန်တိုက်ခိုက်ခဲ့ပြီး ဒလိုင်းလားမား၏ အမွေအနှစ်သည် ထာဝရတည်တံ့ ခိုင်မြဲမည်ဖြစ်၍ ရှီသည် နှစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားလိမ့်မည်ဟု ပြောကြားခဲ့သည်။
Source: The Print
- By CNI
- Category: နိုင်ငံရေး
- Hits: 6472
CNI International News
ဟနွိုင်း၊ ဇွန်လ ၂၂
ရုရှားသမ္မတ ပူတင် (Vladimir Putin)သည် အနောက်နိုင်ငံများကို ဖီဆန်ကြောင်း ပြသသည့် အာရှခရီးစဉ်အတွင်း ဇွန်လ ၂၀ ရက်က ဗီယက်နမ်သို့ ရောက်ရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပူတင်က သူသည် အာရှ-ပစိဖိတ်ဒေသတွင် ယုံကြည်ရသည့် လုံခြုံရေးစနစ်တစ်ခု ထူထောင်လိုသော ဆန္ဒရှိ ကြောင်း ဗီယက်နမ်သို့ ရောက်ရှိချိန်၌ ပြောကြားခဲ့သည်။
ပူတင်သည် မြောက်ကိုရီးယားတွင် ကာကွယ်ရေး သဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဗီယက်နမ်သို့ ရောက်ရှိချိန်၌ စစ်တပ်အခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခံခဲ့ရသည်။
ထို့နောက် ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များက ပူတင်ကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ဗီယက်နမ်သမ္မတကမူ ပူတင်သည် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖြစ်ပေါ်စေခဲ့ကြောင်း ပြောသည်။
ပူတင်ကို အပယ်ခံတစ်ဦးအဖြစ် ဆက်ဆံနေပြီး ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတကာ စင်မြင့်ထက်သို့ မတက်သင့်ကြောင်း ဝေဖန်နေကြသည့် အနောက်နိုင်ငံများကမူ ပူတင်၏ မြောက်ကိုရီးယားနှင့် ဗီယက်နမ် ခရီးစဉ်ကို ဝေဖန်ခဲ့ကြသည်။

ဗီယက်နမ်သမ္မတနဲ့ ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်
ဗီယက်နမ်ခရီးစဉ်တွင် ရုရှားနှင့် ဗီယက်နမ်အကြား စွမ်းအင်ကဏ္ဍ အပါအဝင် သဘောတူစာချုပ်များ လက်မှတ် ရေးထိုးခဲ့သည်။
ရုရှားအနေဖြင့် အနောက်နိုင်ငံ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရချိန်၌ အာရှနိုင်ငံများနှင့် ဆက်ဆံရေးများကို တိုးမြှင့်နေကြောင်း ပြသရာရောက်ခဲ့သည်။
"ဗီယက်နမ်နဲ့ ပြည့်စုံကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင် ရေးဟာ ရုရှားနိုင်ငံခြားရေးမူဝါဒရဲ့ ဦးစားပေးကိစ္စတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်နေတယ်ဆိုတာကို ပြသတာ ဖြစ်ပါတယ်" ဟု ပူတင်က ပြောကြားခဲ့သည်။
ထို့ပြင် ပူတင်သည် ၎င်း၏ ခရီးစဉ်ကို အဆုံးသတ်သည့်အနေဖြင့် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် နေတိုးအဖွဲ့သည် အာရှ၌ ရုရှားအတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုကို ဖန်တီးနေကြောင်း စွပ်စွဲခဲ့သည်။
ဗီယက်နမ်နှင့် ချုပ်ဆိုခဲ့သည့် ကာကွယ်ရေး သဘောတူစာချုပ်သည် မြောက်ကိုရီးယားနှင့် ချုပ်ဆိုခဲ့သည့် ကာကွယ်ရေး သဘောတူ စာချုပ်ကဲ့သို့ ပြည့်စုံကျယ်ပြန့်မှု မရှိသော်လည်း ပူတင်သည် အာရှနိုင်ငံများနှင့် ဆက်ဆံရေေးကာင်းမွန်စွာ ရှိနေဆဲဖြစ်သည်ဆိုသည့်အချက်ကို ပြသရာရောက်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1712
CNI International News
ဆိုးလ်၊ ဇွန်လ ၂၁
ရုရှားနိုင်ငံ သို့မဟုတ် မြောက်ကိုရီးယားနိုင်ငံ တစ်ခုခု ကျူးကျော်တိုက်ခိုက်ခံရချိန်တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကြား ချက်ချင်း စစ်ရေးအကူအညီများ ထောက်ပံ့ပေးရန် နှစ်နိုင်ငံခြား သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားသမ္မတ ပူတင် (Vladimir Putin) ၏ မြောက်ကိုရီးယား ခရီးစဉ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် ထိုသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ပူတင်သည် ဇွန်လ ၂၀ ရက်က မြောက်ကိုရီးယားမှ ဗီယက်နမ်သို့ ထွက်ခွာသွားပြီးနောက် နာရီပိုင်းအကြာတွင် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက “ပြည့်စုံကျယ်ပြန်သည့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးစာချုပ်” ကို ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

ပူတင်နဲ့ ကင်မ်ကို တွေ့ရစဉ်
ထိုစာချုပ်သည် ၁၉၆၀ ပြည့်နှစ် ကာလများက ချုပ်ဆိုခဲ့သည့် ကာကွယ်ရေး သဘောတူညီမှုကို ပြန်လည် အသက်သွင်းမှု ဖြစ်ခဲ့သည်။
ဇွန်လ ၁၉ ရက်က လက်မှတ်ရေးထိုးခဲ့သည့် ထိုစာချုပ်တွင် နှစ်နိုင်ငံအကြား နျူကလီးယားစွမ်းအင်၊ အာကာသ စူးစမ်းလေ့လာရေး၊ အစားအစာနှင့် စွမ်းအင်လုံခြုံရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်သည်။
ထိုစာချုပ်သည် နှစ်အနည်းငယ်အတွင်း အာရှတွင် ရုရှား၏ အကြီးမားဆုံး လှုပ်ရှားမှုများထဲ၌ တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။
ပူတင်သည် ပြီးခဲ့သည့်လအတွင်းက သမ္မတရာထူးကို ပဉ္စမသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
“မြောက်ကိုရီးယားနဲ့ ရုရှား နှစ်နိုင်ငံကို တခြားတစ်နိုင်ငံက စစ်ရေးအရ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှု လုပ်တာ ခံရမယ်ဆိုရင် ကုလသမဂ္ဂ ပဋိဉာဉ်ရဲ့ အပိုဒ်ခွဲ ၅၁ ၊ ရုရှား၊ မြောက်ကိုရီးယားတို့ရဲ့ ဥပဒေတွေနဲ့အညီ နောက်တစ် နိုင်ငံက စစ်ရေးအကူအညီတွေကို ချက်ချင်းထောက်ပံ့ပေးသွားမှာပါ” ဟု မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

ပူတင်နဲ့ ကင်မ်ကို တွေ့ရစဉ်
ကုလသမဂ္ဂ ပဋိဉာဉ်၏ အပိုဒ်ခွဲ ၅၁ တွင် ကုလအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ အခွင့်အရေးအတွက် ကျန်သည့် အဖွဲ့ဝင် နိုင်ငံ သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများက စုပေါင်းကာကွယ် ပေးခွင့်ရှိသည်ဟု ဖော်ပြထားသည်။
ကင်မ်ကလည်း အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ဗိုလ်ကျစိုးမိုးရေး မူဝါဒများကို တုန့်ပြန်ရာတွင် ရုရှားနှင့် ဆက်ဆံရေးများ ပိုမိုနီးစပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုလက်မှတ် ရေးထိုးခဲ့သည့် သဘောတူစာချုပ်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ဖြစ်ပွားခဲ့သည့် ယူကရိန်း-ရုရှား စစ်ပွဲအပေါ် မည်သို့မည်ပုံ သက်ရောက်မှု ရှိမည်ဆိုခြင်းကိုမူ ရှင်းလင်းစွာ မသိရပေ။
အမေရိကန်နှင့် တောင်ကိုရီးယားကမူ မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို လက်နက်များ ထောက်ပံ့ပေးနေပြီး ရုရှားထံမှ နည်းပညာ အကူအညီများ ရယူနေသည်ဟု စွပ်စွဲခဲ့ပြီး ရုရှားနှင့် မြောက်ကိုရီးယား တို့ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
Source: ရိုက်တာ
