CNI International News

ဂျေရုဆလင်၊ ဇွန်လ ၂၀

အမေရိကန်သည့် အစ္စရေးကို လက်နက်များဖြန့်ချိပေးရန် ခွင့်ပြုခြင်းမရှိဘဲ ပိတ်ပင်ထားသဖြင့် ဂါဇာတောင်ပိုင်း ရာဖာ (Rafah) မြို့တွင် အစ္စရေး၏ ထိုးစစ်ကို နှေးကွေးစေခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးမှု မြင့်တက်လာသည့် အခြေအနေကို စိုးရိမ်သဖြင့် မေလကတည်းကစပြီး အစ္စရေးအား ကြီးမားသည့်ဗုံးများ ဖြန့်ချိ မပေးတော့ဘဲ အချိန်ဆွဲခဲ့သည်။

အမေရိကန်အစိုးရအဖွဲ့သည် ရာဖာစစ်ဆင်ရေးတွင် အစ္စရေးစစ်သားများက သတ်မှတ်ထားသည့် မူဘောင်ကို ကျော်လွန် လုပ်ဆောင်ခဲ့သည်ဆိုသော သတင်းများနှင့်ပတ်သက်ပြီး မှတ်ချက်မပေးသေးဘဲ ထိုအခြေအနေအရ အမေရိကန်သည် အစ္စရေးကို လက်နက်ပေးပို့မှုများ တားမြစ်ဖွယ်ရှိလာနိုင်သည်။

နေတန်ယာဟုနဲ့ ဘလင်ကင်ကို တွေ့ရစဉ်

ဇွန်လ ၁၉ ရက်က ထွက်ရှိလာသည့် ဗွီဒီယိုထဲတွင် နေတန်ယာဟုသည် လက်နက်များ ဖြန့်ချိမှုကို ခွင့်မပြုသည့် ကိစ္စနှင့်ပတ်သက်ပြီး ဘိုင်ဒင်ကို ဝေဖန်သော စကားများကို ကင်မရာကို တည့်တည့်ကြည့်ပြီး အင်္ဂလိပ်ဘာသာ စကားဖြင့် ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ လအနည်းငယ်က အမေရိကန်အစိုးရဟာ အစ္စရေးကို လက်နက်တွေ၊ ခဲယမ်းတွေ ပေးပို့ဖို့ ခွင့်မပြုခဲ့တာ ဟာ မယုံကြည်နိုင်စရာပါပဲ။ ကျနော်တို့ကို အဲဒီလက်နက်တွေပေးပါ။ အဲဒါမှ အလုပ်ကို အမြန်ဆုံး အပြီးသတ် လုပ်ဆောင်နိုင်မှာပါ” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

ထို့ပြင် မကြာသေးမီက အစ္စရေးသို့ လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) သည်လည်း လက်နက်များပေးပို့မှု နှောင့်နှေးကြန့်ကြာစေရန် မနားမနေ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘိုင်ဒန်ကို တွေ့ရစဉ်

မည်သို့ပင်ဆိုစေ ဘလင်ကင်ကမူ မေလကတည်းက ထောက်ပံ့မှုရပ်နားခဲ့သည့် လက်နက်များသည် အရွယ်အစားကြီးမားသည့် ဗုံးများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သင်တို့သိတဲ့အတိုင်း ကျနော်တို့ဟာ ပေါင် ၂၀၀၀ အလေးချိန်ရှိတဲ့ ဗုံးတွေနဲ့ ပတ်သက်ပြီး သမ္မတ ဘိုင်ဒန်ရဲ့ ပြောကြားချက်တွေကို ပြန်လည်စိစ စ်သုံးသပ်မှုတွေ ပြုလုပ်နေပါတယ်။ ဘာလို့လဲဆိုတော့ ရာဖာမြို့လို လူဦးရေ သိပ်သည်းတဲ့ နေရာတွေမှာ အဲဒီဗုံးတွေကို အသုံးပြုမှာကို စိုးရိမ်လို့ပါပဲ” ဟု ဘလင်ကင်က အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

နေတန်ယာဟု၏ ပြောဆိုမှုများနှင့် ပတ်သက်ပြီး အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကာရင်း ယန်း ပီရာရီ (Karine Jean-Pierre) က တုန့်ပြန်ခဲ့ရာတွင် “သူ (နေတန်ယာဟု) ဘာတွေပြောခဲ့လဲဆိုတာ ကျမတို့ မသိပါဘူး” ဟု ပြောကြားခဲ့သည်။

Source: အေပီ