- By CNI
- Category: နိုင်ငံရေး
- Hits: 559
CNI International News
ဘန်ကောက်၊ ဇွန်လ ၂
Move Forward(MFP)ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) အား စွပ်စွဲထားသည့် ရှယ်ယာပိုင်ဆိုင်မှု ချိုးဖောက်ခြင်းဆိုင်ရာ တိုင်ကြားချက်များသည် ၎င်း၏ကံကြမ္မာနှင့် မေလ ၁၄ ရက်နေ့ အထွေ ထွေရွေးကောက်ပွဲကို ဖျက်သိမ်းခြင်း လုပ်/မလုပ် ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း အိမ်စောင့်အစိုးရ၏ ဒုတိယဝန်ကြီး ချုပ် ဝစ်ဆနူ ကရီရာဂမ် (Wissanu Krea-ngam) က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပီတာအား အရေးယူမည့်အမိန့် ချမှတ်လိုက်လျှင် မည်သို့ဖြစ်လာမည်နည်း ဆိုသည့် မေးခွန်းများကို ဝစ်ဆနူက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပီတာသည် ၁၉၉၀ ပြည့်နှစ်များတွင် တည်ထောင်ခဲ့သော iTV ၏ ရှယ်ယာ ၄၂၀၀၀ ကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။
ထိုင်းဥပဒေအရ ကိုယ်စားလှယ်တစ်ဦးသည် မီဒီယာကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို ပိုင်ဆိုင်ထားမည်ဆိုလျှင် ထိုသူအား ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် တားမြစ်သည်။
ရွေးကောက်ပွဲကော်မရှင်(EC)သည် ပီတာအား တိုင်ကြားထားသည့် ရှယ်ယာပိုင်ဆိုင်မှုဆိုင်ရာ တိုင်ကြားချက်ကို စတင် စုံစမ်းနေပြီ ဖြစ်သည်။
MFP ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ်ကို တွေ့ရစဉ်
ပီတာသည် MFP ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြု ခံထားရသူလည်း ဖြစ်သည်။
တိုင်ကြားမှုသည် ပီတာ၏ လွှတ်တော်အမတ် တစ်ဦးအဖြစ် အခြေအနေနှင့် ဝန်ကြီးချုပ်လောင်း တစ်ဦးအဖြစ် အခြေအနေတို့အပေါ် မေးခွန်းများကို ဖြစ်စေသည်။
ထိုအခြေအနေက MFP ကိုယ်စားလှယ်လောင်းများ၏ အနေအထားကိုလည်း ထိခိုက်စေနိုင်သည်ဆိုသည့် ခန့်မှန်းမှုများလည်း ကြီးထွားလာသည်။
တိုင်ကြားမှုတွင် ပါဝင်သော အသေးစိတ် အချက်အလက်များက အခြေအနေများ မည်သို့ဖြစ်မည်ကို ဆုံးဖြတ်ပေး သွားမည်ဟု ဝစ်ဆနူက ပြောသည်။
အသနားခံမှုသည် ပီတာ၏ လွှတ်တော်အမတ်ဖြစ်သော အခြေအနေကိုသာ ပစ်မှတ်ထားသည်ဆိုလျှင် ပီတာသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ဖြစ်ရန် လွှတ်တော်အမတ် တစ်ဦး အဖြစ် အရည်အချင်း ပြည့်ဝနေရန် မလိုအပ်သောကြောင့် ဖြစ်ကြောင်း ဝစ်ဆနူက ပြောသည်။
တိုင်ကြားမှုများသည် ပီတာ၏ ဝန်ကြီးချုပ်ဖြစ်ခွင့်နှင့် ပတ်သက်၍ ပစ်မှတ်ထားသည်ဆိုလျှင် ၎င်းသည် လွှတ်တော် အမတ် ဖြစ်ခွင့်ရှိနေကြောင်း ဝစ်ဆနူက ဆက်လက် ပြောဆိုခဲ့သည်။
MFP ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ်ကို တွေ့ရစဉ်
နှစ်ခုစလုံးအပေါ် ပစ်မှတ်ထားသည်ဆိုလျှင် ထိုအခြေအနေကို တရားရုံးက အဆုံးဖြတ် ပေးသွားမည်ဖြစ်သည်။
ယင်းက မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် MFP ကိုယ်စားလှယ်လောင်းများအပေါ် ပီတာ၏ ထောက်ခံချက်ကို လည်း ထိခိုက်မှု ရှိစေမည်ဖြစ်သည်။
ထိုအခြေအနေ သုံးရပ်စလုံးသည် တိုင်ကြားမှုများအပေါ် မူတည်နေကြောင်း၊ ပီတာ၏ MFP ကိုယ်စားလှယ်လောင်း များအပေါ် အတည်ပြုမှုနှင့် ပတ်သက်၍ တိုင်ကြားမှုရှိလာလျှင် ယင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ပြန်လည် ကျင်းပရမည့် အခြေအနေကို ဖြစ်စေနိုင်ကြောင်းလည်း ဝစ်ဆနူက ပြောသည်။
တိုင်ကြားမှုများကို မသိရှိထားကြောင်း၊ မည်သို့ တိုင်ကြားရမည်ကိုလည်း အကြံပေးသွားမည် မဟုတ်ကြောင်း ၎င်း က ဆက်လက် ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူများ အနေဖြင့်လည်း မည်သည့်အရာကိုမှ အလွယ်တကူ ကောက်ချက် မချကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 485
CNI International News
ဘဲလ်ဂရိတ်၊ ဇွန်လ ၂
အကြမ်းဖက်မှုများအထိ ဖြစ်စေခဲ့သော ပဋိပက္ခကို ဖြေရှင်းရန်အတွက် ကိုဆိုဗိုမြောက်ပိုင်းရှိ မြို့တော်ဝန်များကို ဖယ်ရှားပေးရန် ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဘူချိ (Aleksandar Vucic)က ကိုဆိုဗို အာဏာပိုင်များကို တောင်းဆိုခဲ့သည်ဟု အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။
ထိုမြို့တော်ဝန်များသည် တရားမဝင်ဟုလည်း ၎င်းက သုံးနှုန်းသွားခဲ့သည်။
မော်လ်ဒိုဗာတွင် ကျင်းပမည့် ဥရောပနိုင်ငံရေး အသိုင်းအဝိုင်း ညီလာခံသို့ ရောက်ရှိလာချိန် ဘူချိက ပြောခဲ့ခြင်း ဖြစ်သည်။
ဆာ့ဘ်လူမျိုး အများစုနေထိုင်ရာ ဒေသတွင် အယ်လ်ဘေးနီးယားလူမျိုး မြို့တော်ဝန်များကို ခန့်အပ်ခဲ့ပြီးနောက် ကိုဆိုဗိုမြောက်ပိုင်းတွင် မတည်ငြိမ်မှုများ မြင့်တက်လာခဲ့သည်။
ဧပြီလ ရွေးကောက်ပွဲကို ဆာ့ဘ်လူမျိုးများက သပိတ်မှောက်ခဲ့ပြီးနောက်တွင် ထိုသို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
ထိုအခြေအနေအတွက် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ကိုဆိုဗိုအစိုးရကို ဝေဖန်ပြစ်တင်ခဲ့သည်။
တစ်ဖက်တွင်လည်း ကိုဆိုဗိုသမ္မတ ဂျိုဆာ အော့စ်မာနီ (Vjosa Osmani) က နိုင်ငံမြောက်ပိုင်းမှ အကြမ်းဖက်မှု များကို အဆုံးသတ် စေရန်အတွက် ဆားဘီးယားအနေဖြင့် ကိုဆိုဗိုအား မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်သည့် လုပ်ရပ်များကို ရပ်တန့်ရန် လိုအပ်သည်ဟု ဇွန်လ ၁ ရက်နေ့တွင် ပြောခဲ့သည်။
စိန်ခေါ်မှုများသည် ဆားဘီးယားမှ လာကြောင်း၊ ဆားဘီးယားအနေဖြင့် အတိတ်က စံနှုန်းများအတိုင်း ပြုမှုရန် လိုအပ်နေဆဲဖြစ်ကြောင်း အော့စ်မာနီက Reuters သို့ ပြောခဲ့သည်။
အခြေအနေများသည် ခက်ခဲမှုရှိကြောင်း၊ သို့သော် ကိုဆိုဗိုတွင် တရားဥပဒေ ပြန်လည်စိုးမိုးမှုရှိသည်ကို သေချာ အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ကိုဆိုဗိုအား အချုပ်အခြာပိုင် နိုင်ငံတစ်ခုအဖြစ် လက်ခံခြင်း မရှိသည့် ဆားဘီးယား၏ သဘောထားက ခြိမ်းခြောက်မှုများကို ဖြစ်စေသည်ဟု နားလည်ထားကြောင်း ကိုဆိုဗို သမ္မတက ပြောခဲ့သည်။
ကိုဆိုဗိုသမ္မတ ဂျိုဆာအော့စ်မာနီကို တွေ့ရစဉ်
ဆားဘီးယားသည် ကိုဆိုဗိုနိုင်ငံတွင်း မတည်ငြိမ်မှုများ ဖြစ်စေရန် တရားမဝင်သည့် အဖွဲ့အစည်းများကို ထောက်ပံ့ နေသည်ဟုလည်း ၎င်းက စွပ်စွဲခဲ့ကာ သမ္မတဘူချိ အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားလျှင် ရာဇဝတ် ဂိုဏ်များအား ထောက်ပံ့နေမှုကို ရပ်တန့်ရမည်ဟု သူမ ပြောသည်။
ထိုသို့ မလုပ်ဆောင်သေးကြောင်းလည်း ဆက်လက် ပြောကြားသည်။
လီပိုဆာဗစ် (Leposavic)ရှိ နေရာတိုင်းတွင် ဆားဘီးယား အလံများကို လွှင့်ထူထားကာ ဒေသခံများသည်လည်း ယင်းသည် ဆားဘီးယား၏ အစိတ်အပိုင်းတစ်ခုဟုသာ ပြောကြောင်း၊ ယင်းသည် ပဋိပက္ခဖြစ်ပွားရခြင်း၏ ပင်မ ကိစ္စဖြစ်ကြောင်း အယ်ဂျာဇီးလ်ယား သတင်းထောက်က ပြောသည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 481
CNI International News
ဘေဂျင်း၊ ဇွန်လ ၁
ခေတ်ရှေ့ပြေး AI နည်းပညာကြောင့် ဖြစ်လာသော စိန်ခေါ်မှုများနှင့် ပတ်သက်၍ တရုတ်၏အာဏာရ ကွန်မြူနစ် ပါတီက သတိပေးခဲ့သလို အမျိုးသားလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို မြှင့်တင်ရန်လည်း တောင်းဆိုခဲ့ သည်ဟု အေပီသတင်းမှ ဖော်ပြခဲ့သည်။
မေလ ၃၀ ရက်နေ့က ပါတီခေါင်းဆောင်နှင့် သမ္မတဖြစ်သူ ရှီကျင့်ဖျင် (Xi Jinping) ဦးဆောင်သော အစည်းအဝေး တစ်ခုအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက် တစ်စောင်တွင် ခေတ်ရှေ့ပြေး နည်းပညာများအတွင်း ကမ္ဘာလုံး ဆိုင် ရာ ခေါင်းဆောင်မှု ရရှိရန် အားပြိုင်မှုများကြောင့် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ထိခိုက်မှုများအပေါ် စိုးရိမ်မှုများကို မီးမောင်းထိုးပြခဲ့သည်။
ထိုမတိုင်ခင်ကတည်းက Microsoft နှင့် Google တို့မှ ရာထူးကြီးပုဂ္ဂိုလ်များ အပါအဝင် အမေရိကန်ရှိ နည်းပညာ ရပ်ဝန်းမှ ခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များသည်လည်း လူသားမျိုးနွယ်များအပေါ် AI ကြောင့် ဖြစ်လာမည့် ဘေးအန္တရာယ်များနှင့် ပတ်သက်၍ သတိပေးခဲ့ဖူးသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်
ဘေဂျင်း (Beijing) တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် နိုင်ငံရေးဆိုင်ရာ လုံခြုံမှုကို ထိန်းသိမ်းရန်၊ အင်တာနက် အချက်အလက်နှင့် AI တို့၏ အုပ်ချုပ်ရေးဆိုင်ရာ လုံခြုံရေးကို မြှင့်တင်ရန်တို့အတွက် ဆုံးဖြတ်ထားသော လုပ် ဆောင်ချက်များအပေါ် ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် Xinhua သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ ရင်ဆိုင်နေရသည့် အမျိုးသားလုံခြုံရေး ပြဿနာများ၏ ရှုပ်ထွေးမှုနှင့် ပြင်းထန်မှုတို့သည် တဖြည်း ဖြည်း မြင့်တက်လာသည်ဟု အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း၊ အမျိုးသားလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ သည် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ အောင်ပွဲဆင်ရေးအတွက် လုံလောက်သော ယုံကြည်မှုရှိ၍ ကိုယ်ပိုင် အားသာချက်နှင့် အင်အားတို့ကို ကောင်းမွန်စွာ သဘောပေါက် နားလည်းထားရမည် ဟုလည်း Xinhua တွင် ဖော်ပြထားသည်။
အဆိုးရွားဆုံး အခြေအနေများအတွက် ပြင်ဆင်ထားရမည်ဖြစ်သလို ဖြတ်ကျော်နိုင်ရန် အဆင်သင့် ဖြစ်နေရမည် ဟုလည်း Xinhua ၏ ဖော်ပြချက်တွင် ပါဝင်သည်။
အစည်းအဝေးတွင် အမျိုးသားလုံခြုံရေးအတွက် ရင်ဆိုင်နေရသော ရှုပ်ထွေးမှုနှင့် စိန်ခေါ်မှုများသော အခြေအနေ များအတွက် သတိကပ်ထားရန်လည်း ရှီက တောင်းဆိုခဲ့သည်။
တရုတ်နိုင်ငံသည် လုံခြုံရေးဆိုင်ရာ တည်ဆောက်ပုံ အသစ်ဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသစ် တစ်ရပ် လိုအပ် နေသည်ဟု ရှီက ပြောခဲ့သည်ဟုလည်း Xinhua တွင် ဖော်ပြသည်။
တရုတ်ရဲ့ AI ပြခန်းကိုတွေ့ရစဉ်
တရုတ်အစိုးရသည် ခန့်မှန်းနိုင်သည့် နိုင်ငံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကျော်ဖြတ်နိုင်ရေးအတွက် အရင်း အမြစ်များစွာကို အသုံးပြုရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
အလားတူ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များအတွက် အသုံးစရိတ်သည် စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ထက် ပိုများ နေပြီလည်း ဖြစ်သည်။
နိုင်ငံတွင်း လူပုဂ္ဂိုလ်အလိုက် ဆန္ဒပြမှုများနှင့် အွန်လိုင်းမှ ဝေဖန်မှုများကို ပြင်းပြင်းထန်ထန် ထိန်းချုုပ်ထား သော် လည်း နိုင်ငံသားများ၏ မူဝါဒများအပေါ် မကျေနပ်မှုနှင့် ပတ်သက်၍ ထုတ်ဖော်မှုများ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်သည်။
အစိုးရ၏ ကိုဗစ် ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို ပြည်သူများ၏ တုံ့ပြန်မှုက အကောင်းဆုံး ဥပမာ လည်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 564
CNI International News
ဆိုးလ်၊ ဇွန်လ ၁
မြောက်ကိုရီးယား၏ ပထမဆုံးသော ထောက်လှမ်းရေးဂြိုဟ်တုကို အာကာသအတွင်းသို့ လွှတ်တင်ရန် ကြိုးပမ်းမှု သည် မအောင်မြင်ခဲ့ဘဲ ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့သည်ဟု အေပီ သတင်းမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားဘက်က ထိုမအောင်မြင်မှုနှင့် ပတ်သက်၍လည်း ကြုံတောင့်ကြုံခဲ လျင်လျင်မြန်မြန်ပင် ဝန်ခံ သွားခဲ့ပြီး ယခုတစ်ကြိမ် အမှားအယွင်းကို သင်ခန်းစာယူကာ ဒုတိယအကြိမ် လွှတ်တင်မှု လုပ်ဆောင်သွားမည်ဟု လည်း ပြောသည်။
မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်သည် လက်နက်တိုက်ကို အားဖြည့်ရန်၊ သံတမန်ရေးရာ ကြန့်ကြာမှု ရှိနေချိန် တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့အပေါ် ဖိအားများ ထပ်ပေးရန် ဆုံးဖြတ်ထားသည်ဟုလည်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
မြောက်ကိုရီးယားဘက်က ဂြိုဟ်တုလွှတ်တင် ပြီးသည်နှင့် ဒေသခံတချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တောင်ကိုရီးယားနှင့် ဂျပန်အစိုးရတို့က ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေး ဂြိုဟ်တု ပျက်ကျစဉ်
မြောက်ကိုရီးယား ဂြိုလ်တု အပိုင်းအစဟု ယူဆရသည့် အရာတစ်ခုကို အိုချုံးဒို (Eocheongdo)ကျွန်း အနောက် ဘက် ကီလိုမီတာ ၂၀၀ ရှိ ရေပြင်တွင် ဆယ်ယူရရှိခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောသည်။
နောက်ပိုင်းတွင် မြောက်ကိုရီးယား ဒုံးကျည် အစိတ်အပိုင်းဟု ထင်ရသည့် အဖြူရောင် သတ္ထုဆလင်ဒါ တစ်ခု၏ ဓာတ်ပုံများကိုလည်း တောင်ကိုရီးယား ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား၏ ဂြိုဟ်တု လွှတ်တင်ခြင်းသည် ကုလလုံခြုံရေးကောင်စီ၏ သတ်မှတ်ချက်များကို ချိုးဖောက် ခြင်း ဖြစ်သည်။
လုံံခြုံရေးကောင်စီသည် ပဲ့ထိန်းနည်းပညာကို အခြေခံသည့် ဂြိုဟ်တုလွှတ်တင်မှုတိုင်းကို ပိတ်ပင်ထားသည်။
မြောက်ကိုရီးယား၏ ယခင်ဂြိုဟ်တု လွှတ်တင်မှုများသည် နိုင်ငံ၏ တာဝေးပစ် ဒုံးကျည်နည်းပညာကို တိုးတက်စေ ရန် အထောက်အကူ ဖြစ်စေခဲ့သည်ဟု လေ့လာသူများက သုံးသပ်သည်။
ပြီးခဲ့သည့်နှစ်က မြောက်ကိုရီးယား၏ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုများသည် အမေရိကန် မြေပေါ်သို့ ရောက်နိုင် သည့် အလားအလာများကို ပြသနိုင်ခဲ့သော်လည်း နျူကလီးယား ဒုံးကျည်များကို ဖန်တီးနိုင်ရေး မြောက်ကိုရီးယား တွင် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်ဟု လေ့လာသူများက ပြောသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကိုတွေ့ရစဉ်
မြောက်ကိုရီးယား၏ ပထမဆုံးသော ထောက်လှမ်းရေးဂြိုဟ်တု Malligyong-1 ကို နိုင်ငံအနောက် မြောက်ပိုင်းရှိ ဆိုဟေး ဒုံးကျည် လွှတ်တင်ရေးစခန်းမှ မနက် ၆ နာရီ ၃၇ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းကို Chollima -1 ဒုံးကျည်က လေထုထဲသို့ သယ်ဆောင်သွားသည်။
ထိုဒုံးကျည်သည် ပထမနှင့် ဒုတိယအဆင့် ခွဲထွက်မှုများ ပြီးနောက် တွန်းလွှတ်အင်အား ဆုံးရှုံးခဲ့သည့်အတွက် ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်းလွန်တွင် ပျက်ကျသွားခဲ့သည်ဟု မြောက်ကိုရီးယား၏ KCNA သတင်း တွင် ဖော်ပြခဲ့သည်။
ဒုံးကျည်သည် ရေပြင်ပေါ်သို့ မပျက်ကျခင် ပုံမှန်မဟုတ်သော ပျံသန်းမှုဖြစ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောသည်။
မည်သည့်အရာမှ အာကာသအတွင်းသို့ ရောက်ရှိခဲ့သည့်ပုံမျိုး မရှိဟုလည်း ဂျပန်အစိုးရအဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။
ယခုလွှတ်တင်မှုကြောင့် ပြင်းထန်သည့် လိုအပ်ချက်များ ပေါ်ထွက်လာကာ ယင်းတို့ကို နိုင်ငံ၏ အာကာသ အေဂျင်စီက စုံစမ်းစစ်ဆေးမှု လုပ်ဆောင်၍ ဒုတိယမြောက် လွှတ်တင်မှုကို စောနိုင်သမျှ အစောဆုံး လုပ်ဆောင် သွားမည်ဟုလည်း မြောက်ကိုရီးယားမီဒီယာတွင် ဖော်ပြသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 724
CNI International News
ဘန်ကောက်၊ ဇွန်လ ၁
တိုင်ကြားချက်များတွင် ပါဝင်သော အသေးစိတ် အချက်အလက်များက Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရန်ရတ် (Pita Limjaroenrat) အနေဖြင့် ဝန်ကြီးချုပ်ဖြစ်ရန် အရည်အချင်း ပြည့်/မပြည့် ဆိုသည်နှင့် မေလ အထွေထွေရွေးကောက်ပွဲကို ဖျက်သိမ်းသင့်သလား ဆိုသည်ကို ဆုံးဖြတ်ပေးသွားလိမ့်မည်ဟု အိမ်စောင့် အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ဝစ်ဆနူ ကရီရာဂမ်(Wissanu Krea-ngam)က ပြောကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြခဲ့သည်။
ဝစ်ဆနူသည် လက်ရှိ အိမ်စောင့်အစိုးရ၏ ဥပဒေရေးရာပညာရှင် တစ်ဦးဖြစ်ပြီး ပီတာ၏ iTV Plc တွင် ရှယ်ယာ ပိုင်ဆိုင်သည့် ကိစ္စနှင့်ပတ်သက်သော တိုင်ကြားချက် အသေးစိတ် အချက်အလက်များက အဓိကအချက် ဖြစ်လိမ့် ဟု အစိုးရအဖွဲ့ကို မေလ ၃၁ ရက်နေ့က ပြောခဲ့သည်။
တိုင်ကြားချက်သည် ပီတာ၏ လွှတ်တော်အမတ်ဖြစ်ရန် ကိစ္စနှင့်ပတ်သက်၍ ပစ်မှတ်ထားလျှင် ၎င်းသည် ဝန်ကြီးချုပ် ဖြစ်နိုင်ဆဲဖြစ်ကြောင်း၊ အကြောင်းမှာ ဝန်ကြီးချုပ်သည် လွှတ်တော်အမတ် ဖြစ်စရာမလိုခြင်းကြောင့် ဖြစ်ကြောင်း ဝစ်ဆနူက ပြောသည်။
ထိုင်းဒုတိယဝန်ကြီးချုပ် ဝစ်ဆနူ ကရီရာဂမ်ကို တွေ့ရစဉ်
ထို့ကြောင့် တိုင်ကြားချက်သည် ဝန်ကြီးချုပ် မဖြစ်အောင် ပစ်မှတ်ထားလျှင် ၎င်းသည် လွှတ်တော်အမတ် ဖြစ်နိုင်ဆဲ ဖြစ်ကြောင်း၊ နှစ်ခုစလုံးအပေါ် ပစ်မှတ်ထားလျှင် တရားရုံးအနေဖြင့် နှစ်ခုစလုံးနှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးမည်ဖြစ်ကြောင်း ဝစ်ဆနူက ပြောခဲ့သည်။
တိုင်ကြားချက် အနေဖြင့် ပီတာ၏ Move Forward ပါတီ ဖြစ်ခွင့်အပေါ် အတည်ပြုမှုနှင့် ပတ်သက်၍ မေးခွန်းကို လည်း ဖြစ်စေမည်ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ ဖြစ်လာလျှင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထွေထွေရွေးကောက်ပွဲကို ထပ်မံ ကျင်းပရမည် ဖြစ် သော်လည်း ၎င်းအနေဖြင့် ပီတာအား မည်ကဲ့သို့ တရားစွဲ တိုင်ကြားသင့်သည်ကို မှတ်ချက်ပြုမည် မဟုတ်ဟု ဆိုသည်။
ထိုအချက်သည် တိုင်ကြားသူနှင့်သာ သက်ဆိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသည် တိုင်ကြားချက်ပါ အချက်အလက်နှင့် ပတ်သက်၍ ဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း ဝစ်ဆနူက ပြောသည်။
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မီဒီယာအဖွဲ့အစည်းများတွင် ရှယ်ယာပိုင်ဆိုင်သူများကို အထွေထွေ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည်။
Move Forward ပါတီဦးဆောင်သည့် ညွန့်ပေါင်းမဟာမိတ်များကိုတွေ့ရစဉ်
ထို့ကြောင့် iTV Plc တွင် ရှယ်ယာ ပါခဲ့ဖူးသည့် ပီတာ၏ အခြေအနေသည် မေးခွန်းထုတ်စရာ ဖြစ်လျက်ရှိသည်။
လက်ရှိတွင် ပီတာ၏ လွှတ်တော်အမတ်ဖြစ်မှု၊ မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် Move Forward ပါတီ ကိုယ်စားလှယ်လောင်းများအပေါ် ၎င်း၏အတည်ပြုမှုနှင့် ၎င်းဖွဲ့စည်းမည့် အစိုးရအဖွဲ့ တစ်ခုလုံးစာအတွက် ရွေး ကောက်ပွဲ ကော်မရှင်တွင် တိုင်ကြားချက် ဖွင့်ထားသည်။
သို့သော် ထိုအခြေအနေနှင့် ပတ်သက်၍ ရှည်ရှည်ဝေးဝေး စိတ်ကူး မယဉ်သင့်ကြောင်း၊ တစ်ဆင့်ချင်းစီသာ စဉ်းစား သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်သည် မည်သည့် လုပ်ရပ်ကိုမှ မလုပ်ဆောင် ရသေးသည့်အတွက် အဆိုးမြင်သည့် အခြေအနေများကို မတွေးသင့်ကြောင်းလည်း ဝစ်ဆနူက ပြောသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 668
CNI International News
ဆိုးလ်၊ မေလ ၃၁
နိုင်ငံ၏ ပထမဆုံးသော စစ်ဘက်ထောက်လှမ်းရေး ဂြိုလ်တုအား ဇွန်လတွင် လွှတ်တင်မည်ဟု မြောက်ကိုရီးယား က အင်္ဂါနေ့တွင် ထုတ်ပြန်ပြောဆိုခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။
အဆိုပါ ထုတ်ပြန်မှုတိုင်ခင်တစ်ရက်၌ မြောက်ကိုရီးယားစစ်တပ်က ပစ်လွှတ်မှုသည် မေ ၃၁ ရက်မှ ဇွန် ၁၁ ရက် အတွင်းဖြစ်နိုင်ကာ ယင်းသည် ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်၏ လူဇွန်ကျွန်း (Luzon Island) ရေပြင်များသို့ သက်ရောက်မှု ရှိနိုင်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ကို သတိပေးခဲ့သည်။
ယင်းကြောင့် ဂျပန်ကာကွယ်ရေးဌာနက ဂျပန်ပိုင်နက်အတွင်းသို့ ဂြိုဟ်တု (သို့မဟုတ်) အပျက်အစီးများ ရောက်ရှိ လာလျှင် ပစ်ချရန် သတိပေးမှုပြုလုပ်ထားကာ အပျက်အစီးများ ကျရောက်လာနိုင်သည့် အန္တရာယ်ကြောင့် လွှတ်တင်မှုလုပ်ဆောင်မည့်အချိန်အတွင်း သက်ဆိုင်ရာ ပင်လယ်ပြင်များသို့ သွားမည့်သင်္ဘောများကိုလည်း သတိ ပေးချက်ထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မြောက်ကိုရီးယားနိုင်ငံ တုန်ချန်ရီရှိ ဆိုဟေး ဂြိုလ်တု လွှတ်တင်ရေးကွင်းသို့ သွားရောက်လည်ပတ်ခဲ့စဉ်(ဓါတ်ပုံ-အေပီ)
မြောက်ကိုရီးယား၏ ဒုံးကျည်လွှတ်တင်မှုအပေါ် ပြိုင်ဘက်နိုင်ငံများက တားမြစ်ထားသည့် ပဲ့ထိန်းဒုံးကျည်စနစ် အား စမ်းသပ်မှုဟု ပြစ်တင်ဝေဖန်ထားသော်လည်း ယင်းဂြိုဟ်တုသည် မြောက်ကိုရီးယားဘက်မှ ရည်မှန်းထား သကဲ့သို့ အမေရိကန်နှင့် တောင်ကိုရီးယားစစ်တပ်တို့၏ လှုပ်ရှားမှုများကို အမှန်တကယ် စောင့်ကြည့်နိုင်မလား မရှင်းလင်းသေးပေ။ အင်္ဂါနေ့တွင် ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများအရ မြောက်ကိုရီးယား၏ ဆိုဟေး (Sohae) ဂြိုဟ်တုလွှတ်တင်ရေးစခန်း၏ ပင်မလမ်းကြောင်းတွင် လှုပ်ရှားမှုများ ရှိနေသည်ကို တွေ့ခဲ့ရသည်။
ယင်းကြောင့် လွှတ်တင်မှုသည် မကြာခင်အချိန်အတွင်း ဖြစ်လာမည်ဟုလည်း ယူဆရသည်။ Planet Labs PBC ၏ ဓာတ်ပုံများအရ လွှတ်တင်ရေးလမ်းကြောင်းတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကြီးမားသော လိမ္မော်ရောင် ကရိန်းတစ်ခုကို တွေ့ခဲ့ရသည်။ ယင်းကရိန်းသည် ဒုံးကျည်တစ်ခုအား လမ်းကြောင်းပေါ် နေရာချနေကာ ယင်း၏ ဘေးတွင် ရှည်မျောမျော အရာနှစ်ခု၊ အနီးအနားတွင် နောက်ထပ်အရာနှစ်ခုတို့ကို မြင်တွေ့ရသည်။
ထိုအရာများကို ယခင်နေ့ ဓာတ်ပုံများတွင် မြင်တွေ့ခဲ့ရခြင်း မရှိသောကြောင့် ယင်းတို့သည် ဒုံးကျည် အစိတ်အပိုင်း များဟု ယူဆနိုင်သည်။
မြောက်ကိုရီးယားနိုင်ငံ တုန်ချန်ရီအနီးရှိ ဆိုဟေးဂြိုလ်တုလွှတ်တင်ရေးစခန်းရှိ ဓာတ်ပုံများကို ပြသထားသည့် ပြည်တွင်းသတင်းစာတစ်စောင်(ဓါတ်ပုံ-အေပီ)
ထိုသို့သော လုပ်ဆောင်ချက်များ ရှိနေခြင်း၊ လွှတ်တင်ခြင်းနှင့် ပတ်သက်သည့် ကြေညာချက်စသည်တို့ကြောင့် မြောက်ကိုရီးယားတာဝန်ရှိသူများသည် မကြာခင်အချိန်အတွင်း ဂြိုဟ်တုလွှတ်တင်မှုကို လုပ်ဆောင်တော့မည်ဟု ယူဆရကြောင်း လေ့လာသုံးသပ်သူ ဒေ့ဗ် ရှမာလာ (Dave Schmerler) က ပြောသည်။
မြောက်ကိုရီးယား၏ ယခုကဲ့သို့ နေ့ခင်းဘက်အချိန်တွင် ဒုံးကျည်အစိတ်အပိုင်းများအား လူသိရှင်ကြား တပ်ဆင် နေခြင်းသည်လည်း ပုံမှန်မဟုတ်သော အခြေအနေဖြစ်သည်ဟု ဒေ့ဗ်က ပြောသည်။
Source:AP
- By CNI
- Category: နိုင်ငံရေး
- Hits: 856
CNI International News
မော်စကို၊ မေလ ၃၁
ရုရှားသည် ကိယက်ဗ် (Keiv) မြို့ရှိ ယူကရိန်းစစ်တပ်၏ ပင်မထောက်လှမ်းရေးဌာနချုပ်(GUR)အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု သမ္မတပူတင် (Vladimir Putin)က မေလ ၃၀ ရက်နေ့တွင် အတည်ပြုခဲ့သည်။
ဆုံးဖြတ်ချက်များကို ချမှတ်ရာ နေရာများအား တိုက်ခိုက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ ယူကရိန်း စစ်တပ်၏ ထောက်လှမ်းရေးဌာနချုပ်သည် တိုက်ခိုက်ရန်စာရင်းတွင် ပါဝင်ခဲ့ကြောင်း၊ ထိုနေရာသို့ ပြီးခဲ့သည့် နှစ်ရက်သုံး ရက်အတွင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ပူတင်က ပြောသည်။
ထိုနေ့ အစောပိုင်းတွင် ယူကရိန်း၏ ဒရုန်းတစ်စင်းသည် မော်စကိုမြို့သို့ လာရောက် တိုက်ခိုက်ခဲ့သည်ဟု ရုရှား သမ္မတက ထုတ်ပြန်ခဲ့သည်။
ယူကရိန်း စစ်ထောက်လှမ်းရေးတပ်ဖွဲ့ ကိုတွေ့ရစဉ်
ထိုလုပ်ရပ်သည် ရုရှားနိုင်ငံသားများကို ခြိမ်းခြောက်ရန်အတွက် ယူကရိန်းဘက်မှ လုပ်ဆောင်သည့် အကြမ်းဖက် လုပ်ရပ်ဖြစ်သည်ဟုလည်း ပူတင်က ပြောသည်။
ရုရှားရှိ လူနေ အဆောက်အဦများကို တိုက်ခိုက်လေ့ရှိသော ယူကရိန်းဘက်မှ လုပ်ရပ်များနှင့် မတူညီသည်မှာ ရုရှားသည် လက်နက်ရုံနှင့် လောင်စာရုံတို့ကဲ့သို့ စစ်ရေးပစ်မှတ်များကို အင်အားပြင်း လက်နက်များဖြင့် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပူတင်က ပြောသည်။
ယူကရိန်းဘက်က တိုက်ခိုက်မှုကို ရုရှား၏ လေကြောင်း ကာကွယ်ရေးဘက်က တားဆီးနိုင်ခဲ့ကာ ထိုတိုက်ခိုက်မှု မျိုး ဆက်လက် မြင့်တက်လာနိုင်ဖွယ် ရှိသည်ဟုလည်း ၎င်းက ဝန်ခံခဲ့သည်။
မြို့တော် မော်စကို အပါအဝင် တခြားသော ရုရှားမြို့များသို့ ယူကရိန်းဘက်က တိုက်ခိုက်ခြင်းသည် ရုရှားဘက်မှ တူသော တုံ့ပြန်မှုကို ဖြစ်စေသည်ဟုလည်း ပူတင်က ပြောသည်။
ယူကရိန်းတိုက်ခိုက်ခံရမှုကိုတွေ့ရစဉ်
၎င်းတို့သည် တူညီသော တုံ့ပြန်မှုကိုဖြစ်စေရန် ရန်စပေးကြောင်း၊ ယင်းနှင့်ပတ်သက်၍ ဘာလုပ်နိုင်လဲ စောင့်ကြည့် ရမည်ဖြစ်ကြောင်း၊ ယူကရိန်း ပြည်သူများအနေဖြင့် ၎င်းတို့အစိုးရသည် မည်သည့် အခြေအနေသို့ ရောက်အောင် လုပ်ဆောင်နေသလဲ ဆိုခြင်းကို နားလည်း သဘောပေါက် သင့်ကြောင်းလည်း ပူတင်က ပြောသည်။
ယူကရိန်းဘက်မှ လုပ်ဆောင်နေသည့် အဆိုးရွားဆုံး ခြိမ်းခြောက်မှုများတွင် ဇာပိုရီဇီယီ (Zaporozhye) ရှိ နျူကလီးယား ဓာတ်အားပေး စက်ရုံအား စဉ်ဆက်မပြတ် နှောင့်ယှက်နေခြင်းနှင့် နျူကလီးယား ကိရိယာများကို အသုံးပြု လာနိုင်ဖွယ် ရှိခြင်းတို့ ဖြစ်ကြောင်းလည်း ပူတင်က ဆက်လက် ပြောကြားခဲ့သည်။
Source: အာတီ
- By CNI
- Category: နိုင်ငံရေး
- Hits: 802
CNI International News
ဇိချန်၊ မေလ ၃၁
ကိုဆိုဗို(နိုင်ငံ)တွင် ဖြစ်ပွားသော ဆာ့ဘ်လူမျိုးများနှင့် ပဋိပက္ခကြောင့် ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင် အရေအတွက် မှာ အယောက် ၃၀ အထိ မြင့်တက်လာခဲ့ပြီဟု ကိုဆိုဗိုရှိ နေတိုးဦးဆောင်သည့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ KFOR က ပြောကြောင်း အယ်ဂျာဇီးလ်ယား သတင်းဌာနက ဖော်ပြခဲ့သည်။
ဆာ့ဘ် လူမျိုးများသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ရွေးကောက်ခံခဲ့ရသော အယ်လ်ဘေးနီးယားလူမျိုး မြို့တော် ဝန်များ တာဝန်ယူမည့် ကိုဆိုဗိုမြောက်ပိုင်းရှိ မြူနီစီပယ်ရုံးများထဲမှ တစ်ခုကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့ကြ ခြင်း ဖြစ်သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် အီတလီစစ်သား ၁၁ ဦးနှင့် ဟန်ဂေရီစစ်သား ၁၉ ဦး တို့ ဒဏ်ရာ ရရှိခဲ့ကြောင်း ပါဝင်သည်။
ဟန်ဂေရီ စစ်သားသုံးဦးသည် လက်နက်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သော်လည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိမနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပဋိပက္ခတချို့သည် မြို့တော် ပရစ္စတီးနား (Pristina)၏ မြောက်ဘက် ၄၅ ကီလိုမီတာအကွာရှိ ဇိချန်မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဆာ့ဘ်လူမျိုးများနဲ့ KFOR တပ်ဖွဲ့ကြားက တင်းမာမှုကိုတွေ့ရစဉ်
သတင်းမှားများ နောက်တွင် ရှိနေမည့်အစား နှစ်ဖက်စလုံးအနေဖြင့် အပြည့်အဝ တာဝန်ယူမှု လုပ်ဆောင်ကာ နောက်ထပ် တင်းမာမှုများ ထပ်မဖြစ်စေရန် တားဆီးသင့်သည်ဟု KFOR တပ်မှူး ဗိုလ်ချုပ်ကြီး အန်ဂျယ်လို မစ်ချယ်လီ ရစ်တူရှာ (Angelo Michele Ristuccia) က ပြောသည်။
ဆာ့ဘ် လူမျိုးများသည် မေလ ၃၀ ရက်နေ့တွင်လည်း စုဝေးမှုများ ထပ်မံပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။
တင်းမာမှုများ ရှိနေချိန်တွင် ဆားဗီယားသမ္မတ အလက်ဇန္ဒား ဘူချိ (Aleksander Vucic) သည် ကိုဆိုဗိုနယ်စပ်ရှိ တပ်ဖွဲ့ဝင်များနှင့်အတူ ညလုံးပေါက် ရှိနေခဲ့သည်။
လွန်ခဲ့သော သီတင်းပတ်က သမ္မတ၏အမိန့်ကြောင့် ၎င်းတို့ကို အမြင့်ဆုံး တပ်လှန့်မှု ပြုလုပ်ထားသည်။
ပဋိပက္ခများအတွင်း ဆာ့ဘ်လူမျိုး ၅၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအထဲမှ သုံးဦးမှာ စိုးရိမ်ရသည်ဟု ဘူချိက ပြော သည်။
ဆာ့ဘ်လူမျိုးများနဲ့ KFOR တပ်ဖွဲ့ကြားက တင်းမာမှုကိုတွေ့ရစဉ်
လူလေးဦးကို ဖမ်းဆီးထားသည်ဟုလည်း ကိုဆိုဗိုရဲတပ်ဖွဲ့က ပြောသည်။
အကြမ်းဖက်မှုများသည် ကိုဆိုဗို မြောက်ပိုင်းရှိ ဆာ့ဘ်လူမျိုးများက မကြာသေးခင်က ရွေးချယ်ခံခဲ့ရသည့် အယ်လ်ဘေးနီးယားလူမျိုး အရာရှိများကို ၎င်းတို့တာဝန်ကျရာ မြူနီစီပယ် အဆောက်အဦများသို့ မဝင်ရောက် နိုင်စေရန် တားဆီးခဲ့သည့်အချိန်မှ စတင်ခဲ့သည်။
ကိုဆိုဗိုရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများကိုသုံးကာ လူစုခွဲ၍ မြို့တော်ဝန်များအတွက် လမ်းရှင်းပေးခဲ့ရသည်။
ထို့ကြောင့် ဆားဘီးယားစစ်တပ်က အမြင့်ဆုံးအဆင့် တပ်လှန့်မှု လုပ်ဆောင်ထားပြီး ကိုဆိုဗိုနှင့်နယ်စပ်သို့ တပ်ဖွဲ့များစွာ အားဖြည့်ထားသည်။
ကိုဆိုဗိုနှင့် ဆားဘီးယားတို့သည် ကာလရှည် ရန်ဘက်နိုင်ငံများဖြစ်ကာ ဆားဘီးယားဘက်က ကိုဆိုဗို၏ ၂၀၀၈ ခုနှစ် လွတ်လပ်ရေးကြေညာချက် သို့မဟုတ် အချုပ်အခြာ အာဏာကို အသိအမှတ်ပြုရန် ငြင်းဆိုထားသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့သည်လည်း ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ပွဲ ရှိနေချိန်တွင် ဥရောပ၌ နောက်ထပ် မတည်ငြိမ်မှုများ ထပ်မဖြစ်စေရေး ကိုဆိုဗို - ဆားဘီးယား ပဋိပက္ခကို ကူညီဖြေရှင်းပေးရန် ကြိုးပမ်း လျက်ရှိသည်။
ဆားဘီးယားနှင့် ကိုဆိုဗိုတို့အနေဖြင့် အီးယူအဖွဲ့တွင်းသို့ ဝင်ရောက်ရေး တိုးတက်မှုများအတွက် အပြန်အလှန် ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင်ရမည်ဟုလည်း အီးယူအဖွဲ့က ရာဇသံ ပေးထားသည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 544
CNI International News
ဘန်ကောက်၊ မေလ ၃၁
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်တိုင် အစိုးရမဖြစ်သေးသည့်အတွက် Move Forward (MFP)ပါတီ အနေဖြင့် အစိုးရအေဂျင်စီများမှ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံခြင်းကဲ့သို့ လုပ်ရပ်မျိုးပြုလုပ်၍ စည်းကမ်းဖောက်နေခြင်း မလုပ်ရန် လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha)က ပြောသည်ဟု ဘန်ကောက်ပို့စ် မှ ဖော်ပြခဲ့သည်။
Move Forward ပါတီသည် အစိုးရအဖွဲ့များထံမှ အချက်အလက်များရရှိရန်၊ အိမ်စောင့်အစိုးရထံမှ တာဝန်များ လွှဲပြောင်း ရယူရေး ကြိုတင်ပြင်ဆင်ရန်အတွက် အသွင်ကူးပြောင်းမှုအဖွဲ့ ဖွဲ့စည်းရေး အစီအစဉ်နှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းစဉ် ပရာယွတ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်မှုများက မသင့်တော်ဟု ပရာယွတ်က မေလ ၃၀ ရက်နေ့တွင် ပြောသည်။
အစိုးရအေဂျင်စီများသည် လက်ရှိအချိန်အထိ အစိုးရဟောင်း လက်အောက်တွင် ရှိသေးကြောင်း၊ ၎င်းတို့သည် အာဏာ လွှဲပြောင်းရေးအတွက် အချက်အလက်များကို အနာဂတ်တွင် ပြင်ဆင်သွားလိမ့်မည် ဖြစ်ကြောင်း ပရာယွတ်က ပြောသည်။
Move Forward ပါတီခေါင်းဆောင် ပီတာကိုတွေ့ရစဉ်
MFP ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) သည် စီးပွားရေး အသိုင်းအဝိုင်းနှင့် တခြား သော အဖွဲ့အစည်းများမှ အရေးပါသော ပုဂ္ဂိုလ်များကို တွေ့ဆုံခြင်းဖြင့် နောက်ထပ် ဝန်ကြီးချုပ် တစ်ဦးကဲ့သို့ပြုမှု နေပါသလားဟု သတင်းထောက်များက ထပ်မံမေးမြန်းခဲ့ရာတွင်တော့ ထိုသို့ သဘောထားမရှိဟု ပရာယွတ်က ပြန်လည် ဖြေကြားခဲ့သည်။
ထိုကိစ္စကို ခေါင်းထဲမရှိကြောင်း၊ မည်သူနှင့်မှ ပဋိပက္ခဖြစ်မည် မဟုတ်ကြောင်း၊ ယခင်က ပြောသည့်အတိုင်း ဒီမိုကရေစီ နည်းလမ်းအတိုင်း ကျင့်သုံးသွားမည်ဟု ၎င်းက ပြောသည်။
MFP အနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့အစည်းများ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်သော်လည်း လက်ရှိအချိန် တွင် အစိုးရအဖွဲ့များနှင့် တွေ့ဆုံခြင်းမှာ မသင့်တော်ဟု ပရာယွတ်က ပြောသည်။
Move Forward ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ချိုင်တာဝပ် တူလာသွန်း ကိုတွေ့ရစဉ်
MFP ပါတီသည် အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်သည့် တခြားသော အသေးစိတ် အကြောင်းအရာများကို ဆွေးနွေး ရန်အတွက် မဟာမိတ်ပါတီများနှင့် မေလ ၃၀ ရက်က ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သည်။
ထိုမဟာမိတ် ပါတီများသည် မေလ ၂၂ ရက်က နားလည်မှုစာချွန်လွှာ (MoU) ၌ လက်မှတ်ရေးထိုးခဲ့သည်။
MFP သည် ပါတီရှစ်ခုလုံးမှ ကိုယ်စားလှယ်များ ပါဝင်သော အစိုးရအကူးအပြောင်းအဖွဲ့ တစ်ခုကို ဖွဲ့စည်းသွားရန် အဆိုပြုထားသည်ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ချိုင်တာဝပ် တူလာသွန်း (Chaithawat Tulathon) ကပြောသည်။
ထိုအဖွဲ့သည် မတူညီသော နယ်ပယ်များမှ သတင်း အချက်အလက်များကို ထည့်သွင်းစဉ်းစားကာ သင့်တော်သော မူဝါဒများကို ပြင်ဆင်သွားမည်ဟုလည်း ၎င်းက ပြောသည်။
Source: ဘန်ကောက်ပို့စ်