CNI International News

ဘေကျင်း၊ မတ် ၈

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးအတွက် အင်အားတစ်ခုဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်နေသည့် ရုရှားနှင့်တရုတ်အကြား ဆက်ဆံရေးများ မြင့်တက်နေသည့်တိုင် ဝမ်ယိက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာ အခင်းအကျင်းမှာ ရှုပ်ထွေးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရာမှာ တရုတ်ဟာ ငြိမ်းချမ်းရေးအတွက် အင်အားတစ်ခုအဖြစ် ခိုင်မာစွာတည်ရှိမှာဖြစ်ပြီး ကမ္ဘာပေါ်မှာ တိုးတက်ပြောင်းလဲမှုတွေအတွက် အင်အားတစ်ခု၊ တည်ငြိမ်ရေးအတွက် အင်အားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှာပါ”ဟု ဝမ်က မတ်လ ၇ ရက်တွင် တရုတ် နိုင်ငံ၊ ဘေကျင်းမြို့တော်၌ ပြုလုပ်သည့် လွှတ်တော်ညီလာခံမှာ သီးသန့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြော ကြားခဲ့သည်။

တရုတ်၊ ရုရှား၊ အမေရိကန်၊ ဥရောပအလံတွေကိုတွေ့ရစဉ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်ခဲ့သည့် ရုရှားနှင့် တရုတ်အကြား ဆက်ဆံရေးများနှင့် ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းခဲ့ရာတွင် ဝမ်က တရုတ်နှင့် ရုရှား၏ နီးစပ်သည့် ဆက်ဆံရေးသည် မဟာဗျူဟာမြောက် ရွေးချယ်မှုတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်က နှစ်နိုင်ငံအကြား ကုန်သွယ်မှု ဒေါ်လာ ၂၄၀ ဘီလျံအထိ စံချိန်တင်ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲ မတိုင်မီက ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) သည် ဘေကျင်းမြို့တော်သို့ လာရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား အကန့်အသတ်မရှိသည့် မိတ်ဖက်ဆက်ဆံရေးကို ကြေညာခဲ့သည်။

ပြီးခဲ့သည့်နှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ မော်စကိုခရီးစဉ်တွင်လည်း နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုသည် ခေတ်သစ်တစ်ခုဖြစ်ကြောင်း ချီးမွမ်းပြောဆိုခဲ့သည်။ 

နှစ်နိုင်ငံအကြား ဆက်ဆံရေးများသည် အင်အားကြီး နိုင်ငံများအကြား ဆက်ဆံရေးများ၏ စံနမူနာသစ် တစ်ခုဖြစ်ပြီး အခွင့်အလမ်းသစ်များ ရှိနေကြောင်းလည်း ဝမ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 တရုတ်နဲ့ ရုရှား ခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်

“အင်အားကြီး နိုင်ငံတွေအနေနဲ့ ပဋိပက္ခတွေဖြစ်အောင် မကြိုးပမ်းသင့်ဘဲ စစ်အေးကာလ အခြေအနေကိုလည်း ပြန်ရောက်ခွင့် မပေးသင့်ပါဘူး”ဟု ဝမ်က ပြောကြားခဲ့သည်။

တရုတ်သည် ယူကရိန်းစစ်ပွဲတွင် ကြားနေအဖြစ် ရပ်တည်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနှင့် ဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုထားသည့် အချက် ၁၂ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကိုလည်း အဆိုပြုခဲ့သည်။

မတ်လ ၇ ရက်ကလည်း ဝမ်က တရုတ်သည် ယူကရိန်းပဋိပက္ခနှင့် ပတ်သက်၍ ခိုင်မာသည့် ရပ်တည်ချက်ကို ထိန်းသိမ်းထားပြီး တရုတ်၏ ငြိမ်းချမ်းရေး အထူးသံတမန်သည် ဒေသတွင်းသို့ ရောက်ရှိနေကြောင်း ပြောကြားခဲ့ သည်။

Source: အယ်လ်ဂျာဇီးယား