- By CNI
- Category: နိုင်ငံရေး
- Hits: 4050
CNI International News
နယူးဒေလီ၊ ဇူလိုင် ၂
အိန္ဒိယ၏ Act East မူဝါဒ၏ အလွန်အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုသည် လာအိုနှင့် ဆက်ဆံရေး ကို ပိုမိုခိုင်မာစေကြောင်း လာအိုနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ပရာရှန့် အက်ဂရာဝယ်လ် (Prashant Agrawal) က ပြောကြားခဲ့ကြောင်း Devdiscourse မှ ဖော်ပြခဲ့သည်။
ထိုမူဝါဒကြောင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု အမွေအနှစ်များ ဖလှယ်မှု၊ မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုတို့ရှိခဲ့ပြီး အဓိက အချက် ၃ ချက်ဖြစ်သည့် လုပ်အားစွမ်းဆောင်ရည် တည်ထောင်မှု၊ လေ့ကျင့်မှုနှင့် ကျွမ်းကျင်မှုတို့ ဖြစ်ထွန်းခဲ့သည်ဟု အက်ဂရာဝယ်လ်က ပြောကြားခဲ့သည်။
အိန္ဒိယနှင့် လာအိုတို့သည် ဘာသာရေး၊ ယဉ်ကျေးမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတို့သည် လွန်လေပြီး သည့် ရှည်လျားသော သမိုင်းအဆက်ဆက်ကတည်းက ရှိခဲ့သည်ဟု ဆိုသည်။
"ကျနော်တို့နဲ့ လာအိုနိုင်ငံရဲ့ ဆက်ဆံရေးဟာ တိုးတက်ယဉ်ကျေးမှုတွေ ရှိခဲ့ပါတယ်။ သမိုင်းကြောင်းအရ နီးစပ်တဲ့ ဆက်ဆံရေးလည်းရှိပြီး ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ဖလှယ်မှုတွေနဲ့ လာအိုရဲ့ ရာမာယနယဉ်ကျေးမှု ပျံ့နှံ့မှုတွေ ကြောင့် ဆက်ဆံရေးတွေကို ခိုင်မာခဲ့ပါတယ်" ဟု သံအမတ်အက်ဂရာဝယ်လ်က ပြောသည်။
နှစ်နိုင်ငံအကြား Quick Impact ပရောဂျက်များ၊ စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ ဆော့ဖ်ဝဲ သင်တန်း လေ့ကျင့်ရေးစင်တာ အပါအဝင် ပရောဂျက် အများအပြားရှိကြောင်းနှင့် ထိုကဲ့သို့ ပူးတွဲအစီအစဉ်များသည် Act East မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အက်ဂရာဝယ်လ်က ပြောကြားခဲ့သည်။

အိန္ဒိယနဲ့လာအို ဆက်ဆံရေးကိုတွေ့ရစဉ်
Act East မူဝါဒသည် အာဆီယံကို ဗဟိုပြုကာ အင်ဒို-ပစိဖိတ်ဒေသတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး များကို ချဲ့ထွင်ရန် အာရုံစိုက် လုပ်ဆောင်သည့် မူဝါဒဖြစ်သည်။
ထို့ပြင် UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သည့် လာအို၏ Vat Phou ဘုရားကျောင်း ပြုပြင်ထိန်းသိမ်း ရေးကဲ့သို့ ပရောဂျက်များဖြင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများကိုလည်း တိုးမြှင့်ရန် ဆွေးနွေး ခဲ့သည်ဟု အက်ဂရာဝယ်လ်က ဆိုသည်။
"ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံတွေကို ဖန်တီးဖို့ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ လာအို အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ လုပ်ဆောင်သွားမယ့် ဦးစားပေး အစီအစဉ်တွေထဲက တစ်ခု ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။
လုံခြုံရေး၊ တည်ငြိမ်ရေးတို့နှင့် ပတ်သက်ပြီး အိန္ဒိယနှင့် လာအိုတို့သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ကြိုဆို ထောက်ခံမှုနှင့်အတူ ဒေသတွင်း လုံခြုံရေးနှင့်တည်ငြိမ်ရေးကို မြင့်တက်စေရန် ကြိုးပမ်းဆောင်ရွက်နေ သည်ဟုလည်း အက်ဂရာဝယ်လ်က ပြောကြားခဲ့သည်။
Source: Devdiscourse
- By CNI
- Category: နိုင်ငံရေး
- Hits: 760
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂
အမေရိကန်တွင် နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ဇွန်လ ၂၇ ရက်က ပြုလုပ်ခဲ့သော စကားစစ်ထိုးပွဲ၌ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ ပြင်ဆင်မှုအားနည်းခြင်း၊ ချေပပြောဆိုနိုင်မှု အားနည်းခြင်းတို့အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂျော်ဂျီယာ (Georgia) ပြည်နယ်၊ အတ္တလန္တာ (Atlanta) မြို့တွင် ပြုလုပ်ခဲ့သည့် ပထမဆုံး စကားစစ်ထိုးပွဲ၌ ဘိုင်ဒန်၏ ပြိုင်ဘက်ဖြစ်သော သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်း၏ ထုံးစံအတိုင်း လေလုံးထွားပြောဆိုမှုများ၊ မုသားစကားများဖြင့် ဘိုင်ဒန်ကို ဝေဖန်ထိုးနှက်ခဲ့ခြင်းဖြစ်သည်။
ထိုစကားစစ်ထိုးပွဲတွင် ဘိုင်ဒန်သည် စကားထစ်ခြင်း၊ အသံဝင်သွားခြင်းတို့ဖြစ်ခဲ့ပြီး ထရမ့်၏ ဝေဖန်ထိုးနှက် ချက်များကို ကောင်းမွန်စွာ ချေပပြောဆိုနိုင်ခဲ့ခြင်း မရှိသဖြင့် ဒီမိုကရက်များအကြား ဝေဖန်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
"ဘိုင်ဒန် အနေနဲ့ စကားစစ်ထိုးပွဲ မတိုင်ခင်မှာ ပြည့်ပြည့်ဝဝ အနားယူဖို့ ကျနော် သေချာပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုကြည့်ရတာ အားမရှိဘဲ ပင်ပန်းနွမ်းနယ်နေပုံပါပဲ။ သူကောင်းကောင်း မစွမ်းဆောင်နိုင်ခဲ့ပါဘူး" ဟု စကားစစ် ထိုးပွဲတွင် အထိမနာစေရန် ဘိုင်ဒန်၏ ထိပ်သီးလက်ထောက်များကို အကြံပြုခဲ့သည့် အမည်မဖော်လိုသူတစ်ဦးက ပြောကြားခဲ့သည်။
"သူ့ကို အခုလို လူမမာပုံစံမျိုးနဲ့ စကားစစ်ထိုးတဲ့ စင်မြင့်ပေါ် တက်ခွင့်ပေးလိုက်တာဟာ တော်တော်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့ပြင် ဘိုင်ဒန်အနေဖြင့် မဲဆန္ဒရှင်များကို ပိုမိုဆွဲဆောင်နိုင်ရန်နှင့် ထောက်ခံမဲများကို လုံလောက်စွာ ရရှိနိုင်ရန် ပြင်ဆင်မှုများကို ပိုမိုအာရုံစိုက်သင့်ကြောင်း၊ စကားစစ်ထိုးပွဲများ မတိုင်မီ လုံလောက်စွာ အနားယူရန် လိုအပ် ကြောင်း ဝေဖန်သူများက ထောက်ပြခဲ့သည်။

ဘိုင်ဒန်ကို တွေ့ရစဉ်
ထိုကဲ့သို့ ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ဘိုင်ဒန်၏ လက်ထောက်တစ်ဦးက ဘိုင်ဒန်သည် စကားစစ်ထိုးပွဲ ပြုလုပ်သည့် အချိန်၌ အနည်းငယ် အအေးမိနေဖွယ်ရှိကြောင်း၊ သူသည် မကြာခဏ အအေးမိတတ်ကြောင်း ပြောကြားခဲ့ကာ ဝေဖန်မှုကို ခုခံကာကွယ်ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ယခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကထက် စကား စစ်ထိုးပွဲများမှာ အသာစီးရရှိရန် ပြင်ဆင်ထားဖွယ် ရှိသည်ဟုလည်း ဘိုင်ဒန်၏ ထောက်ခံသူများက ယူဆထား သည်။
ဒေါ်နယ်ထရမ့်သည် ၂၀၂၀ ပြည့်နှစ်က ရွေးကောက်ပွဲ ကျင်းပရန် ရက်အနည်းအငယ်အလို ပထမဆုံး စကားစစ်ထိုး ပွဲတွင် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်တိုင် စကားစစ်ထိုးပွဲကို တက်ရောက်ခဲ့မှု အပါအဝင် စည်းကမ်းချိုးဖောက်မှုများ ရှိခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 698
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂
ထိုင်းနိုင်ငံတွင် အတိုက်အခံပါတီဖြစ်သည့် Move Forward (MFP) ပါတီ ဖျက်သိမ်းခံရပါက ထိုင်းနိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ဆုတ်ယုတ်စေလိမ့်မည်ဟု အာဆီယံလွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ (APHR) ၏ ဥက္ကဋ္ဌဖြစ်သူ မာစီ ခရစ္စတီ ဘာရန်းစ် (Mercy Chriesty Barends) က သတိပေးခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
"ထိုင်းအစိုးရရဲ့ အထက်တန်းလွှာက သူတို့အကျိုးစီးပွားကြောင့်သော်လည်းကောင်း၊ MFP ကို မနှစ်မြို့ခြင်းကြောင့် သော်လည်းကောင်း အဲဒီပါတီကို ဖျက်သိမ်းဖို့ လုပ်ဆောင်တာဟာ ဒီမိုကရေစီကို သတ်ပစ်တာနဲ့ အတူတူပါပဲ" ဟု မာစီက ပြောကြားခဲ့သည်။
ထို့ပြင် ဒီမိုကရေစီ၏ ကောင်းမွန်သည့် အခြေခံ သဘောတရားများနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များအောက်တွင် နေထိုင်သော မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ကို ပျောက်ကွယ် သွားစေနိုင်သည်ဟုလည်း ၎င်းက ပြောကြား ခဲ့သည်။

မာစီ ခရစ္စတီ ဘာရန်းစ်ကို တွေ့ရစဉ်
MFP သည် တော်ဝင်အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းလဲရန် ရည်ရွယ်ခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲ ကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား တိုင်ကြားစာ တင်ခဲ့ပြီးနောက် MFP သည် ဖျက်သိမ်းခံမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
အကယ်၍ MFP ကို ဖျက်သိမ်းရန် တရားရုံး အမှုအခင်းကို ဆက်လက် လုပ်ဆောင်မည်ဆိုပါက ထိုင်းနိုင်ငံ၏ ဂုဏ်သတင်းကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်ဟုလည်း မာစီက Thai PBS World နှင့်ပြုလုပ်သည့် အင်တာဗျူး တွင် ပြောကြားခဲ့သည်။
"တကယ်လို့ ဒီမိုကရေစီက ဆက်လက် ကျဆင်းသွားမယ်ဆိုရင် နိုင်ငံတကာမှာ လက်ရှိ ထိုင်းအစိုးရအဖွဲ့ရဲ့ ဂုဏ်သတင်းအပေါ် ကြီးမားစွာ သက်ရောက်စေနိုင်ပြီး နိုင်ငံ့စီးပွားရေးကိုလည်း ထိခိုက်စေပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

မာစီ ခရစ္စတီ ဘာရန်းစ်နဲ့ Thai PBS အင်တာဗျူးလုပ်နေစဉ်
MFP ၏အမှုသည် ပြည်တွင်းရေးကိစ္စ ဖြစ်နေသည့်တိုင် ပါတီဖျက်သိမ်းခံရမည့် အခြေအနေသည် ဒေသတွင်း နိုင်ငံရေး၊ ဒီမိုကရေစီနှင့် ဂေဟစနစ်များ၏ အခြေခံ သဘောတရားများ ယုတ်လျော့ကျဆင်းစေမည့် အခြေအနေ အထိ ဖြစ်လာနိုင်သည်ဟုလည်း APHR ဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရများအနေဖြင့် ဒေသတွင်း ဒီမိုကရေစီ၏ စံတန်ဖိုးများနှင့် နိုင်ငံရေး တရားမျှတမှုတို့ကို ထိန်းသိမ်းသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် MFP ၏ အမှုသည် ဒီမိုကရေစီ ယုတ်လျော့လာသည့် ရှင်းလင်းသော လက္ခဏာတစ်ရပ်ဖြစ်ကြောင်း မာစီက ပြောကြားခဲ့ သည်။
MFP သည် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နေရာအများဆုံး အနိုင်ရခဲ့သော်လည်း တော်ဝင်အသရေ ဖျက်မှုဥပဒေကို ပြင်ဆင်လိုသည့် ရည်ရွယ်ချက်ကြောင့် အထက်လွှတ်တော်၏ ထောက်ခံမှုကို မရခဲ့ဘဲ အစိုးရ ဖွဲ့နိုင်ခဲ့ခြင်းမရှိကာ အတိုက်အခံအဖြစ်နှင့်သာ ရပ်တည်ခဲ့ရသည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 860
CNI International News
တိုင်ပေ၊ ဇူလိုင် ၂
တရုတ်နှင့်ထိုင်ဝမ်အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်က Tuo Chiang အမျိုးအစား Corvette သင်္ဘောနှစ်စင်းကို ရေတပ်သို့ တပ်တော်ဝင် အခမ်းအနားနှင့်တကွ တာဝန်အပ်နှင်းမှု ပြုလုပ်မည်ဟု The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
တရုတ်၏ ရန်လိုမှုများကို ဆန့်ကျင်ရန် ထိုင်ဝမ်သည် ၎င်း၏ရေတပ် ကာကွယ်ရေးကဏ္ဍအား မြှင့်တင်သည့် အနေဖြင့် An Chiang နှင့် Wan Chiang အမည်ရှိ Corvette သင်္ဘောနှစ်စင်းကို ယခုသီတင်းပတ်အတွင်း တပ်တော်ဝင် အခမ်းအနား ပြုလုပ်မည်ဟု ထိုင်မ်စစ်တပ်အရာရှိတစ်ဦးက ကြေညာခဲ့သည်။
ထိုသင်္ဘောများသည် ဇူလိုင် ၃ ရက်တွင် တပ်တော်ဝင် အခမ်းအနား ပြုလုပ်ပြီးနောက် တိုက်ပွဲဝင်ကင်းလှည့်မှု မစ်ရှင်များ ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း Liberty Times ၏သတင်းကို ကိုးကားပြီး Taiwan News မှ ဖော်ပြခဲ့ သည်။
ထိုင်ဝမ်၏ ရေပြင်များအတွင်း တရုတ်ရေတပ်၏ ကျူးကျော် ဝင်ရောက်မှုများကို တန်ပြန်ရန် ထို Corvette သင်္ဘောများတွင် Hsiung Feng II နှင့် Hsiung Feng III သင်္ဘောဖျက် ဒုံးကျည်များ တပ်ဆင်ထားကြောင်း သိရသည်။

Chiang corvettes စစ်သင်္ဘောကို ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အင်ဝမ် စစ်ဆေးနေစဉ်
An Chiang နှင့် Wan Chiang အမည်ရှိ Corvette သင်္ဘောနှစ်စင်း တပ်တော်ဝင်ပြီးချိန်တွင် ထိုင်ဝမ်ရေတပ်၌ Tuo Chiang အမျိုးအစား Corvette သင်္ဘော ၇ စင်းအထိ ရှိလာတော့မည်ဖြစ်သည်။
ထိုင်ဝမ်ရေတပ်၏ အစီအစဉ်အရ ဒုတိယအသုတ် Corvette သင်္ဘော ၅ စင်းအတွက် ဒုံးကျည်များ တပ်ဆင်မှုကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖွယ်ရှိနေသည်။
အစောပိုင်းက ထိုင်ဝမ်ရေတပ်သည် သက်တမ်း အိုဟောင်းနေပြီဖြစ်သည့် Ching Chiang အမျိုးအစား ကင်းလှည့် သင်္ဘောများ၏ နေရာတွင် Corvette သင်္ဘောများဖြင့် အစားထိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
သို့သော် တရုတ်ရေတပ်၏ လှုပ်ရှားမှုများ မြင့်တက်လာသဖြင့် ထိုင်ဝမ်ရေတပ်သည် တရုတ်ရေတပ်နှင့် သင်္ဘော တစ်စင်းချင်းစီ ယှဉ်ပြိုင်နိုင်ရန်အတွက် မဟာဗျူဟာအသစ် ချမှတ်ခဲ့သည်။
ထိုမဟာဗျူဟာတွင် သက်တမ်းရင့်နေပြီဖြစ်သည့် သင်္ဘောများကို အနားမပေးဘဲ နောက်ထပ် သင်္ဘောအသစ်များ ထပ်မံထုတ်လုပ်ပြီး ရေတပ်ကို သင်္ဘောများ ပိုမိုဖြန့်ကြက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
Source: The Print
- By CNI
- Category: နိုင်ငံရေး
- Hits: 2123
CNI International News
ဘေကျင်း၊ ဇူလိုင် ၁
ထိုင်ဝမ်ဒေသခံ အများစုအနေဖြင့် တရုတ်ပြည်မကြီးသို့ စိုးရိမ်ပူပန်စရာမလိုဘဲ စိတ်ချလက်ချ လာရောက်နိုင် ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်ဟု CNA သတင်းဌာနမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်လူထုကို တရုတ်သို့ မသွားရန် သတိပေးခဲ့သည့် ထိုင်ဝမ်အာဏာပိုင်များကို တရုတ်က ရှုတ်ချခဲ့သည်။
တရုတ်သည် ထိုင်ဝမ်၏ တယူသန် ခွဲထွက်ဝါဒီများကို ကွပ်မျက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ထိုင်ဝမ်က ၎င်း၏ဒေသခံများကို တရုတ်သို့ ခရီးသွားလာရေးနှင့်ပတ်သက်ပြီး သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ဝါဒီများအတွက် အလွန်ဆိုးရွားသည့် အမှုများတွင် သေဒဏ်ပေးမည်ဖြစ်ပြီး တရားစွဲဆိုမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ထားသည့် တရားရေးဆိုင်ရာ လမ်းညွှန်ချက်များကို တရုတ်က ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့နောက် ထိုင်ဝမ်အာဏာပိုင်များက ထိုင်ဝမ်ဒေသခံများကို တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် မက္ကာအို ဒေသများသို့ မလိုအပ်ဘဲ ခရီးမသွားကြရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်အလံများ လွှင့်ထူထားစဉ်
ဇွန်လ ၂၈ ရက်တွင် တရုတ်၏ ထိုင်ဝမ်ရေးရာရုံးက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထိုတရားရေးဆိုင်ရာ လမ်းညွှန်ချက်များသည် ထိုင်ဝမ်ရှိ ဆိုးယုတ်သည့် စကားများ၊ လုပ်ရပ်များကို ပြောဆိုလုပ်ဆောင်နေသည့် အနည်းငယ်သော ခွဲထွက်ဝါဒီများကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
“ထိုင်ဝမ် တစ်နယ်တည်းသားတွေ အများစုဟာ ရေလက်ကြား ဖြတ်ကျော်ဆက်ဆံမှုတွေနဲ့ ပူးပေါင်းဆောင်ရွက် မှုတွေ လုပ်ဆောင်နိုင်ပါတယ်။ သူတို့အနေနဲ့ စိုးရိမ်စရာမလိုဘဲ ပြည်မကြီးကို ဝင်ထွက်သွားလာနိုင်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တရုတ်၏ တရားရုံးများသည် ထိုင်ဝမ်တွင် တရားစီရင်ပိုင်ခွင့် မရှိသည့်တိုင် မည်သည့် နေရာတွင်မဆို ရှိနေသည့် ထိုင်ဝမ်ခွဲထွက်ဝါဒီများကို တရားရေးအရ အရေးယူမည့် လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထိုင်ဝမ်ကမူ တရုတ်၏ အချုပ်အခြာ အာဏာပိုင်ကြောင်း ကြေညာချက်ကို ငြင်းဆိုခဲ့ပြီး ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ဒေသခံများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 1369
CNI International News
ဆိုးလ်၊ ဇူလိုင် ၁
တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့သည် အာရှနေတိုးအဖွဲ့ပုံစံကို ထူထောင်နေကြောင်း မြောက်ကိုရီးယား က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြထားသည်။
အဆိုပါ ၃ နိုင်ငံအကြား ယခုလအတွင်း ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုလည်း မြောက်ကိုရီးယားက ဝေဖန်ခဲ့သည်။
ဇွန်လ ၂၇ ရက်က အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် Freedom Edge အမည်ရှိ အကြီးစား ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။
ထိုစစ်ရေး လေ့ကျင့်မှုများတွင် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောဖြစ်သည့် Theodore Roosevelt နှင့် ဂျပန်၊ တောင်ကိုရီးယားရေတပ်တို့၏ ဖျက်သင်္ဘောများ၊ တိုက်လေယာဉ်များ ပါဝင်ခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ကိုတွေ့ရစဉ်
မြောက်ကိုရီးယား၏ လက်နက် စမ်းသပ်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တင်းမာမှုများ မြင့်တက်နေ ချိန်တွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ပြီးခဲ့သည့်နှစ်က အမေရိကန်နိုင်ငံ Camp David စစ်စခန်း၌ ပြုလုပ်ခဲ့သည့် သုံးပွင့်ဆိုင် အစည်းအဝေးတွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် သဘောတူ ခဲ့ကြခြင်းဖြစ်သည်။
မြောက်ကိုရီးယား အနေဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ ဦးဆောင်သည့် စစ်အင်အားမြှင့်တင်မှုကို လျစ်လျူရှုသွားမည် မဟုတ်ဘဲ ဒေသတွင်း ငြိမ်းချမ်းရေးကို ကာကွယ်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အမေရိကန်သည် ဂျပန်နှင့် တောင်ကိုရီးယားကို နေတိုးအဖွဲ့နှင့် ချိတ်ဆက်မှုရှိစေရန် ကြိုးပမ်းနေကြောင်း တောင်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ယူကရိန်းကို လက်နက်များ ထောက်ပံ့ပေးရန် ကြိုးပမ်းနေခြင်းသည် နေတိုးအဖွဲ့၏ အစီအစဉ်အတိုင်း လိုက်နာလုပ်ဆောင်လိုသည့် အထောက်အထားဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ မြောက်ကိုရီးယား၏ ဝေဖန်မှုများကို ငြင်းဆိုခဲ့ပြီး Freedom Edge စစ်ရေး လေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းကို တုန့်ပြန်ရန်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ရဲ့ လေယာဉ်တင် သင်္ဘောကိုတွေ့ရစဉ်
ထို့ပြင် မြောက်ကိုရီးယားနှင့် ရုရှားအကြား အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုမှုကို ဆန့်ကျင် သည့်အနေဖြင့် ယူကရိန်းသို့ လက်နက်များ ထောက်ပံ့ပေးနိုင်ခြေရှိသည့် အစီအစဉ်ကို စဉ်းစားသွားမည်ဖြစ် ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအား လက်နက်များ ထောက်ပံ့ပေးနေသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က စွပ်စွဲခဲ့ပြီး မြောက်ကိုရီးယားနှင့် ရုရှားတို့ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို အမြဲလိုလို ဝေဖန် ရှုတ်ချလေ့ရှိပြီး ထိုစစ်ရေး လေ့ကျင့်မှုများသည် ကျူးကျော်စစ်အတွက် အစမ်းလေ့ကျင့်မှုများဖြစ်သည်ဟု စွပ်စွဲ ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2072
CNI International News
ဘေကျင်း၊ ဇူလိုင် ၁
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းက ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို အဂတိလိုက်စားမှု စွဲချက်များဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကြောင်း ကြေညာခဲ့ပြီးနောက် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ပိုင်းများအကြား အဂတိ လိုက်စားမှုအပေါ် ဒေါသတကြီး တိုက်ဖျက်နေသည့် အခြေအနေသည် ပိုမိုရှုပ်ထွေးလာခဲ့သည်ဟ်ု South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်ခေါင်းဆောင်များက အဂတိလိုက်စားမှုသည် တရုတ်၏ တိုက်ခိုက်နိုင်စွမ်းနှင့် နျူကလီးယား အဟန့်အတား များအတွက် ခြိမ်းခြောက်မှုဖြစ်နေသည်ဟု ရှုမြင်ထားကြကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မကြုံစဖူး လုပ်ဆောင်ချက် တစ်ရပ်အဖြစ် ကွန်မြူနစ်ပါတီတွင် အဖွဲ့ဝင် ၂၄ ဦး ပါဝင်သည့် ပေါ်လစ်ဗျူရိုသည် ကာကွယ်ရေးဝန်ကြီးချုပ်ဟောင်း နှစ်ဦးဖြစ်သည့် ဝေ့ဖန်ဂီ (Wei Fenghe) နှင့် လီရှန်ဖူ (Li Shangfu) တို့ကို အဂတိလိုက်စားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ဝေ့နှင့် လီတို့သည် စစ်တပ်၏ ရှေ့နေများထံမှ ပြစ်မှုဆိုင်ရာ စွဲချက်များနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ဝေ့သည် ၂၀၁၈ ခုနှစ်၊ မတ်လမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လီသည် ၂၀၂၃ ခုနှစ်၊မတ်လမှ အောက်တိုဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ကာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
ဝေ့နှင့် လီတို့သည် ကွန်မြူနစ်ပါတီနှင့် ဗဟိုစစ်ကော်မရှင်တို့၏ ယုံကြည်မှုအပေါ် သစ္စာမဲ့ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေး အခြေအနေကို ညစ်နွမ်းစေခဲ့ကာ ပါတီ၏လမ်းစဉ်၊ အမျိုးသားကာကွယ်ရေး၊ စစ်တပ်၏ ဖွဲ့စည်းပုံနှင့် ထိပ်သီး ခေါင်းဆောင်များ၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ထိုကဲ့သို့ သုံးနှုန်းဖော်ပြမှုများသည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ ပထမသက်တမ်းအတွင်း အဂတိ လိုက်စားမှုကြောင့် ထုတ်ပယ်ခံခဲ့ရသည့် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌဟောင်း နှစ်ဦးကို သုံးနှုန်းဖော်ပြခဲ့သည့် ဝေဖန် ရှုတ်ချသည့် စကားလုံးများထက် ပိုမိုကြမ်းတမ်းခဲ့သည်။

တရုတ် ကာကွယ်ရေးဝန်ကြီးဟောင်း ဝေ့ဖန်ဂီကို တွေ့ရစဉ်
လီသည် စစ်ဘက်ဆိုင်ရာ လိုအပ်သည့် ပစ္စည်းများဝယ်ယူမှုတွင် အကျင့်ပျက်ခြစားမှု သံသယဖြင့် စုံစမ်းစစ်ဆေး ခံခဲ့ရကြောင်း ပြီးခဲ့သည့်နှစ်က ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဗိုလ်ချုပ်ကြီး ၁၁ ဦးနှင့် လေကြောင်းအာကာသ ကာကွယ်ရေး လုပ်ငန်း အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့သည် အမျိုးသားဥပဒေပြုရေးအဖွဲ့မှ ဖယ်ရှားခံခဲ့ရမှုနှင့်အတူ ပြီးခဲ့သည့်နှစ်က စပြီး တရုတ်စစ်တပ်သည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပြုလုပ်ခဲ့ပြီး ရာထူးမှ ထုတ်ပယ်မှုများ ပြုလုပ်ခဲ့ သည်။
လီ မတိုင်မီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝေ့သည် ပြီးခဲ့သည့်နှစ် မတ်လက အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုအတွင်း ရာထူးမှ အစားထိုးခံခဲ့ရပြီးကတည်းက လူထုမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သူ ဖြစ်သည်။
Source: SCMP
- By CNI
- Category: နိုင်ငံရေး
- Hits: 4383
CNI International News
လာပက်ဇ်၊ ဇွန်လ ၂၉
ဘိုလီဗီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထောက်လှမ်းရေး သတင်းများ ကြိုရခဲ့ခြင်းမရှိကြောင်း ဘိုလီဗီးယားသမ္မတ လူးဝစ် အာရ်စီ (Luis Arce) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အာဏာသိမ်းရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် စစ်ဘက်တပ်မှူးဟောင်းဖြစ်သူ ဟွမ် ဟိုဆေး ဇူနီဂါ (Juan Jose Zuniga) က သမ္မတအာရ်စီသည် လူထုထောက်ခံမှု မြင့်တက်စေရန်အတွက် ၎င်းကို အာဏာသိမ်းရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ပြီးနောက် ထိုစွပ်စွဲချက်များကို အာရ်စီက ငြင်းဆိုခဲ့သည်။
“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သူ့ရဲ့ ရည်ရွယ်ချက်ကို ကျနော်တို့ ဘယ်တုန်းကမှ မသိခဲ့ရပါဘူး။ ကျနော်တို့ အံ့အားသင့် ခဲ့ရပါတယ်” ဟု အာရ်စီက အစိုးရဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အာဏာသိမ်းရန် ကြိုးပမ်းစဉ် ဖမ်းခံလိုက်ရသည့် ဗိုလ်ချုပ်ကြီး ဟွမ် ဟိုဆေး ဇူနီဂါကို တွေ့ရစဉ်
ဇွန်လ ၂၆ ရက်က ဇူနီဂါသည် လာပက်ဇ် (La Paz) မြို့တော်ရှိ အဓိကရင်ပြင်တွင် စစ်သားများကို စုဆောင်းခဲ့ပြီး ကျည်ကာကားတစ်စီးက အစိုးရအဖွဲ့ဌာနချုပ်၏ ဂိတ်တံခါးကို ဝင်တိုက်နေသည့် ဗွီဒီယို မှတ်တမ်းများ ထွက်ပေါ်ခဲ့ သည်။
ထိုဖြစ်စဉ် ဖြစ်ပွားပြီးနောက် မကြာမီအချိန်မှာပင် ဇူနီဂါသည် ဖမ်းဆီးခံခဲ့ရသည်။ သူသည် သမ္မတ၏ ခိုင်းစေချက် ဖြင့် ထိုသို့ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
အာရ်စီသည် နိုင်ငံအတွင်း ပဋိပက္ခအခြေအနေကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုလေ့ရှိသည့် ကျည်ကာ ကားများကို စုဝေးခေါ်ယူရန် အာဏာမသိမ်းမီ ၃ ရက်အလိုကတည်းက ညွှန်ကြားခဲ့ကြောင်း ဇူနီဂါက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်ဟု ဒေသခံမီဒီယာဖြစ်သည့် Fides သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အာဏာသိမ်းရန် ကြိုးပမ်းစဉ် ဖမ်းခံလိုက်ရသူတစ်ဦးကို တွေ့ရစဉ်
ထိုဖြစ်စဉ် မဖြစ်ပွားမီက အစိုးရအဖွဲ့သည် အကြောင်းစုံကို မသိရသေးသည့်တိုင် အာရ်စီသည် တည်ငြိမ်မှုပျက်ပြား စေမည့် ကြိုးပမ်းမှုများနှင့် ပတ်သက်သည့် သတင်းများ ရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး အယ်ဒိုရာဒို ဒယ် ကက်စတီလို (Eduardo del Castillo) က ဇွန်လ ၂၇ ရက်တွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့ သည်။
အာရ်စီကမူ ဇူနီဂါသည် သူ့သဘောနှင့်သူ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုသတင်းများ ထွက်ပေါ်လာချိန်တွင် အာရ်စီ၏ နိုင်ငံရေး ပြိုင်ဘက်ဖြစ်သည့် သမ္မတဟောင်း အီဗို မိုရာလက်စ် (Evo Morales) က အာရ်စီကို သတိပေးစကားဆိုခဲ့သည်။
ဇူနီဂါနှင့်အတူ ရေတပ်တပ်မှူးဟောင်း ဟွမ် အားနက်ဇ် ဆယ်လ်ဗေးဒိုး (Juan Arnez Salvador) လည်း ဖမ်းဆီးခံ ရပြီး နောက်ထပ် သံသယရှိသူ ၁၇ ဦးကို ထပ်မံဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 561
CNI International News
အတ္တလန္တာ၊ ဇွန်လ ၂၉
အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ ကိုယ်စားလှယ်လောင်း နှစ်ဦးအကြား စကားစစ်ထိုးပွဲများ ပြုလုပ်လေ့ ရှိသည့် အစဉ်အလာအတိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် ဇွန်လ ၂၇ ရက်နေ့ ညပိုင်းက စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့သည်ဟု ရိုက်တာမှ
ဖော်ပြခဲ့ သည်။
ဂျော်ဂျီယာ (Georgia) ပြည်နယ်၊ အတ္တလန္တာ (Atlanta) မြို့တွင် ပြုလုပ်သည့် အဆိုပါ စကားစစ်ထိုးပွဲတွင် ဘိုင်ဒန် နှင့် ဒေါ်နယ်ထရမ့်တို့သည် ကိုယ်ဝန်ဖျက်ချခွင့်၊ စီးပွားရေးကို စီမံကိုင်တွယ်မှုများနှင့်ပတ်သက်ပြီး တစ်ဦးနှင့်တစ်ဦး ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။
ထိုစကားစစ်ထိုးပွဲတွင် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ဘိုင်ဒန်သည် အသံဝင်ခြင်း၊ စကားထစ်ခြင်းတို့ ရှိခဲ့ပြီး ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်သည် ရွှေ့ပြောင်းနေထိုင်သူများ အပါအဝင် အရေးကိစ္စ အများအပြားတွင် မှန်ကန်မှုမရှိသည့် စကားများကို ပြောဆိုခဲ့သည်။

ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့် စကားစစ်ထိုးပွဲကို ကြည့်နေကြစဉ်
အသက် ၈၁ နှစ်အရွယ် ဘိုင်ဒန်နှင့် ၇၈ နှစ်အရွယ် ဒေါ်နယ်ထရမ့်တို့၏ စကားစစ်ထိုးပွဲတွင် အမေရိကန် သမိုင်း တစ်လျှောက် အသက်အကြီးဆုံး သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ စကားစစ်ထိုးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဒေါ်နယ်ထရမ့်သည် တရားရုံးချုပ်တွင် ရှေးရိုးစွဲဝါဒီများကို ခန့်အပ်ခြင်းဖြင့် နိုင်ငံတစ်ဝန်း ကိုယ်ဝန်ဖျက်ချခွင့်ကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း ဘိုင်ဒန်က ဝေဖန်ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်ကလည်း ဘိုင်ဒန်သည် ကိုယ်ဝန်ဖျက်ချမှုနှင့် ပတ်သက်ပြီး မည်သည့် တားမြစ်ကန့်သတ်ချက်ကို မဆို ထောက်ခံလိမ့်မည် မဟုတ်ကြောင်း၊ ထိုအရေးကိစ္စသည် လမ်းကြောင်းမှန်ပေါ် ရောက်နေသည့် နိုင်ငံကို နောက်ပြန်ဆွဲခြင်းဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့် စကားစစ်ထိုးပွဲ လုပ်နေကြစဉ်
ထို့ပြင် ဒေါ်နယ်ထရမ့်က ဘိုင်ဒန်သည် အမေရိကန် တောင်ပိုင်းဒေသကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပြီး ရာဇဝတ် သမားများ (ရွှေ့ပြောင်းများကို ရည်ညွှန်း) ကို ဝင်ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။
“ဘိုင်ဒန်ဟာ ရွှေ့ပြောင်းနေထိုင်သူ အရေးမှာ ရာဇဝတ်မှု ကျူးလွန်တယ်လို့ ကျနော် ပြောချင်ပါတယ်” ဟု ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်၏ ပြောဆိုမှုကို တုန့်ပြန်ရာတွင် ဘိုင်ဒန်က “သူ (ထရမ့်) ဟာ နောက်တကြိမ် ပုံကြီးချဲ့ပြော နေတာပါ။ သူလိမ်ပြောနေတာပါ” ဟု ပြောကြားခဲ့သည်။
CNN သတင်းဌာနမှ ထုတ်လွှင့်သည့် မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲသည် မျက်မှောက်ခေတ် သမ္မတရွေးကောက်ပွဲ အကြို စကားစစ်ထိုးပွဲများတွင် အစောဆုံးပြုလုပ်ခဲ့သည့် စကားစစ်ထိုးပွဲဖြစ်ပြီး နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲ မတိုင်မီ ၄ လကျော်အလိုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Source: ရိုက်တာ
