- By CNI
- Category: နိုင်ငံရေး
- Hits: 1858
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၄
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် မူးယစ်ဆေးဝါးများ မှောင်ခိုသွင်းမှု မြင့်တက်လာကြောင်း ထိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအတွင်း မက်သာဖက်တမင်း ဆေးပြားများနှင့် ဘိန်းများ ဖမ်းဆီးရမိမှု မြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်က မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို မြင့်တက်စေခဲ့သည်ဟု ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ် အဖွဲ့ရုံး (ONCB) ၏ လက်ထောက်အတွင်းရေးမှူးချုပ် အပီကစ် ရော့ချ်ပရာဆတ်(Apikit Ch.Rojprasert) က ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါး မှောင်ခိုကူးသူများသည် တောင်တန်းများ သို့မဟုတ် မဲခေါင်မြစ်ကို ဖြတ်သန်းပြီး မက်သာဖက် တမင်း ဆေးပြားများနှင့် မူးယစ်ဆေးဝါးများကို ယူဆောင်ကာ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မှောင်ခိုလမ်းကြောင်း မှတဆင့် တင်သွင်းနေသည်ဟု အပီကစ်က ပြောသည်။
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဓာတ်ခွဲခန်းများကို ထူထောင်ရန် ဒေသခံလက်နက်ကိုင်များနှင့် သူပုန်အဖွဲ့များအကြား မဟာမိတ်ဖွဲ့ပြီး လုပ်ဆောင်နေသည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မြန်မာအာဏာပိုင်များက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

မြန်မာက မူးယစ်ဆေး တိုက်ဖျက်ရေးဆောင်ပုဒ်ကိုတွေ့ရစဉ်
ယခင်ကမူ နစကအစိုးရသည် မူးယစ်ဆေးဝါးကို တိုက်ဖျက်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ကတိပြုခဲ့ဖူးသည်။
"လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လက်နက်တွေ ဝယ်ယူရာမှာ ငွေရရှိဖို့ မူးယစ်ဆေးဝါး ရောင်းချတာဟာ အဓိက လုပ်ငန်းတစ်ခုလို ဖြစ်နေပါတယ်" ဟု အပီကစ်က ပြောကြားခဲ့သည်။
"ကျနော်တို့အနေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး သတိဝီရိယရှိဖို့ လိုသလို အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က တပ်မတော်က အာဏာကို လွှဲပြောင်းရယူပြီးကတည်းက တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကာ ပြည်တွင်းစစ်အတွင်း ပိတ်မိနေခဲ့သည်။
ယခုနှစ်ပထမ ၈ လခွဲ ကာလအတွင်း ထိုင်းနိုင်ငံ၏ ချင်းမိုင် (Chiang Mai) ၊ ချင်းရိုင် (Chiang Rai)နှင့် မယ်ဟောင် ဆောင် (Mae Hong Son) ပြည်နယ်များတွင် မက်သာဖက်တမင်း ဆေးပြားများ ဖမ်းဆီးရမိမှုသည် ၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် ဖမ်းဆီးရမိသည့် ပမာဏထက် ၁၇၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဆေးပြားပေါင်း ၃၄၆ သန်း ရှိခဲ့ သည်ဟု ONCB က ထုတ်ပြန်ခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးများကိုတွေ့ရစဉ်
ထိုပြည်နယ်များတွင် ဖမ်းဆီးရမိသည့် မက်သာဖက်တမင်း မူးယစ်ဆေးဝါး ပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူ က ဖမ်းဆီးရမိသည့် ပမာဏနှင့် နှိုင်းယှဉ်ပါက ၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၆ ဒသမ ၄၈ တန်ချိန်ရှိခဲ့သည်ဟု ONCB ၏ အချက်အလက်များတွင် ဖော်ပြခဲ့သည်။
ယခုနှစ်အတွင်း ဖမ်းဆီးရမိသည့် ဘိန်းဖြူပမာဏသည် ၃၂၇ ကီလိုဂရမ် (၇၂၁ ပေါင်) အထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က ဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူပမာဏထက် ၇ ဆနီးပါး ပိုမိုများပြားခဲ့သည်။
ထိုင်းသို့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့ အနည်းငယ်သာ ပါဝင်ပြီး အခြားအဖွဲ့များသည် မြန်မာ့ပဋိပက္ခတွင် မပါဝင်သည့် အဖွဲ့များဖြစ်သည်။
မူးယစ်ဆေးထုတ်လုပ်မှုနှင့် ရောင်းချမှုများတွင် ပါဝင်နေသည်ဟု ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး နာရစ် သန်ဝေါ်ဝေါင် (Narit Thanwornwong) က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အာဏာ အပြောင်းအလဲဖြစ်ခဲ့သည့် ၂၀၂၁ ခုနှစ် ခုနှစ်ကတည်းက ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဟောင်ဆောင် ပြည်နယ်များတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ မြင့်တက်ခဲ့ပြီး မက်သာဖက် တမင်း ဖမ်းဆီးရမိမှု ၂၈၄ ရာခိုင်နှုန်း၊ အမ်ဖက်တမင်း ဆေးပြား ဖမ်းဆီးရမိမှု ၂၀၁ ရာခိုင်နှုန်းနှင့် ဘိန်းဖြူ ဖမ်းဆီးရ မိမှု ၇၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ONCB က ထုတ်ပြန်ခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 2247
CNI International News
နယူးယောက်၊ အောက်တိုဘာ ၄
တရုတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို အဓိကထားပြီး စည်းရုံးနေသည့် အခြေအနေကို ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် နှစ်စဉ်ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ခေါင်းဆောင်များ အစည်းအဝေး၌ ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်သည် အနောက်နိုင်ငံများ၏ ဖယ်ကြဉ်မှုကို ခံထားရချိန်တွင် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်း၌ ကြီးမား သည့် အခန်းကဏ္ဍကို ရရှိအောင် ကြိုးစားသည့်အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထောက်ခံမှုကို ရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
တရုတ်ကလည်း ကမ္ဘာတစ်ဝန်းမှ ထိပ်သီးခေါင်းဆောင်များ စုရုံးတက်ရောက်ခဲ့သည့် ၇၉ ကြိမ်မြောက် အထွေထွေ ညီလာခံတွင် ဖွံ့ဖြိုးဆဲနိုင်ငံများကို ထောက်ခံကြောင်း စက်တင်ဘာ ၃၀ ရက်က စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ သည်။
တရုတ်အနေဖြင့် သာတူညီမျှမှုနှင့် စနစ်ကျသည့် ဝင်ရိုးစုံကမ္ဘာ ဖော်ဆောင်ရန် ထောက်ခံကြောင်း၊ နိုင်ငံအားလုံး အကျိုးအမြတ်ရှိစေပြီး ပေါင်းစုံပါဝင်သော စီးပွားရေး အခင်းအကျင်းကို ထောက်ခံကြောင်း ထိုစာတမ်းတွင် ဖော်ပြခဲ့သည်။
"နိုင်ငံအရွယ်အစားနဲ့ အင်အားတောင့်တင်း ခိုင်မာမှုကို ထည့်မတွက်ဘဲ နိုင်ငံအားလုံးဟာ ဝင်ရိုးစုံကမ္ဘာကို ရှေးရှုတဲ့ လုပ်ငန်းစဉ်မှာ ဆုံးဖြတ်ချက်ချတဲ့ နေရာက ပါဝင်သင့်ပါတယ်" ဟု ထိုစာတမ်းတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ကမ္ဘာ့တောင်ခြမ်း၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် တရုတ်အနေဖြင့်လည်း ကမ္ဘာ့ တောင်ခြမ်းတွင်ရှိသော နိုင်ငံအားလုံးနှင့် အတူ အမြဲတမ်း ရပ်တည်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
နိုင်ငံအားလုံးအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို မျှဝေသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က ကုလသမဂ္ဂမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ပြီး ကုလသမဂ္ဂတွင် တရုတ်၏ ရပ်တည် ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။
"အရွယ်အစားနဲ့ အင်အားကို ထည့်မတွက်ဘဲ နိုင်ငံအားလုံးဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သာတူညီမျှမှုရှိတဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေကို နိုင်ငံအားလုံးက တိုင်ပင်ဆွေးနွေးပြီး ဖြေရှင်းသင့်ပါ တယ်" ဟု ဝမ်က ပြောကြားခဲ့သည်။
ထို့နောက် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
တရုတ်သည် အင်အားကြီး နိုင်ငံအနည်းငယ်က ထိန်းချုပ်ထားသည့် အာဏာ အထက်/အောက် ခွဲခြားသည့်စနစ်ကို ချိုးဖျက်ရန် ကြိုးပမ်းနေကြောင်း စင်္ကာပူအမျိုးသားတက္ကသိုလ်၏ တောင်အာရှရေးရာဌာနမှ သုတေသီ အမီတန်ဒူ ပါလစ် (Amitendu Palit) က ပြောကြားခဲ့သည်။
Source: SCMP
- By CNI
- Category: နိုင်ငံရေး
- Hits: 5145
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၄
အီလွန်မာ့စ် (Elon Musk) သည် ကွန်ဆာဗေးတစ်နိုင်ငံရေးအုပ်စုကို လျှို့ဝှက်ငွေကြေး ထောက့်ပံ့ခဲ့ကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သူ ၄ ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
စွန့်ဦးတည်ထွင်သူ ဘီလျံနာတစ်ဦးဖြစ်သည့် မာ့စ်သည် ဇူလိုင်လအတွင်းက သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံခဲ့ပြီး ထိုအချိန် မတိုင်မီကတည်းက လက်ယာယိမ်း နိုင်ငံရေးသမားများကို ငွေကြေးအကူအညီ ပေးခဲ့ ခြင်းဖြစ်သည်။
မာ့စ်သည် ၂၀၂၂ ခုနှစ်ကစပြီး Building America's Future အမည်ရှိ အဖွဲ့အစည်းတစ်ခုကို ငွေကြေးများ လှူဒါန်းခဲ့သည်ဟု ထိုအကြောင်းအရာနှင့်နီးစပ်သည့် လူပုဂ္ဂိုလ် ၂ ဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။
ထိုပုဂ္ဂိုလ် ၂ ဦးထဲမှ ၁ ဦးဖြစ်သူနှင့် တတိယမြောက်တစ်ဦး၏ ပြောကြားချက်အရ လှူဒါန်းငွေ ပမာဏသည် ဒေါ်လာသန်းချီရှိခဲ့ပြီး ထိုနိုင်ငံရေးအုပ်စုသည် သမ္မတဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့ကို ဝေဖန်သည့် လူမှုမီဒီယာလှုပ်ရှားမှုများနှင့် ကြော်ငြာများတွင် မာ့စ်၏လှူဒါန်းငွေများကို သုံးစွဲခဲ့သည်ဟု ဆိုသည်။

အီလွန်မာ့စ်နဲ့ ထရမ့်ကို တွေ့ရစဉ်
မာ့စ်၏ ငွေကြေးထောက်ပံ့မှု ပမာဏ အတိအကျနှင့် လှူဒါန်းသည့် အချိန်စာရင်း အတိအကျကိုမူ ရိုက်တာ သတင်းဌာနအနေဖြင့် အတိအကျ ဆုံးဖြတ်နိုင်ခြင်းမရှိပေ။
အောက်တိုဘာ ၂ ရက်ကလည်း The Wall Street Journal က မာ့စ်သည် ရီပတ်ဘလစ်ကန် လိုလားသည့် အခြားအုပ်စုများကိုလည်း ငွေကြေးထောက့်ပံ့ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထိုသတင်းများနှင့်ပတ်သက်ပြီး မာ့စ်နှင့် Building America's Future အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတို့က မှတ်ချက် ပေးခဲ့ခြင်း မရှိပေ။
Tesla ကားကုမ္ပဏီ၊ SpaceX အာကာသကုမ္ပဏီနှင့် X လူမှုမီဒီယာတို့ကို ပိုင်ဆိုင်သည့် ဘီလျံနာတစ်ဦးဖြစ်သူ မာ့စ်သည် အမေရိကန်တွင် မည့်သည့်နိုင်ငံရေးပါတီကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ သိုသိုသိပ်သိပ် နေခဲ့သူဖြစ်သည်။
မတ်လအတွင်းကမူ မာ့စ်က သူသည် အမေရိကန်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို ငွေကြေးများ လှူဒါန်းခြင်းမရှိကြောင်း X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 4342
CNI International News
ကိုင်ရို၊ အောက်တိုဘာ ၃
အစ္စရေးက ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာဆရာလာ (Hassan Nasrallah) ကို ချေမှုန်းမှု အပါအဝင် လက်ဘနွန်နိုင်ငံတွင် ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည့် အစောပိုင်း ရက်များက တည်းက ယီမင်နိုင်ငံရှိ ဟူရ်သီအဖွဲ့သည် အရှေ့အလယ်ပိုင်း ဒေသတွင်းပဋိပက္ခကို အမြတ်ထုတ်ရန် ကြိုးပမ်းလာ ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဟူရ်သီအဖွဲ့သည် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် ရှုပ်ထွေးသော ပဋိပက္ခများ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်ကြောင်း လျင်မြန်စွာပြသခဲ့ကြသည်ဟု ကျွမ်းကျင်သူများက ပြောသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ( Benjamin Netanyahu) သည် အမေရိကန်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် အစ္စရေးသို့ ပြန်လည်ရောက်ရှိ လာချိန်မှာပင် ဟူရ်သီအဖွဲ့သည် အစ္စရေး၏ အဓိကလေဆိပ်တစ်ခုကို ပဲ့ထိန်းဒုံးကျည်တစ်စင်းဖြင့် တိုက်ခိုက်ခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၃၀ ရက်ကလည်း ယီမင်နိုင်ငံတွင် အမေရိကန်စစ်တပ်၏ ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း နှင့် အစ္စရေးကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးများအား တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဟူရ်သီအဖွဲ့က ခြိမ်းခြောက် ခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားနေစဉ်
အောက်တိုဘာ ၁ ရက်တွင် ပင်လယ်နီအတွင်း မောင်းနှင်နေသည့် သင်္ဘောတစ်စင်းပေါ်သို့ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ဒရုန်းတစ်စင်းပျက်ကျခဲ့ပြီး အခြားသင်္ဘောတစ်စင်းလည်း ဒုံးကျည်ထိမှန်ခဲ့ကြောင်း ဗြိတိန် စစ်ရေးနှင့် ပုဂ္ဂလိက လုံခြုံရေးအရာရှိများက ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်များသည် ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေသည့် ဟူရ်သီအဖွဲ့၏ နောက်ဆုံး တိုက်ခိုက်မှုများ ဖြစ်သည်။
ပင်လယ်နီတွင် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတကာ၏ အာရုံစိုက်ခြင်းကိုခံခဲ့ရပြီး ၎င်းတို့အဖွဲ့၏ ရည်ရွယ်ချက်များနှင့် မဟာဗျူဟာများအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

ဟစ်ဇ်ဘိုလာကို ထောက်ခံကြောင်း ဟူရ်သီသူပုန်က ပြသနေစဉ်
အီရန်က လက်နက် တပ်ဆင်ပေးထားသည့် ဟူရ်သီသူပုန်အဖွဲ့သည် ယီမင်နိုင်ငံ၏ မြို့တော် ဆန်နာ (Sanaa) နှင့် ယီမင်မြောက်ပိုင်း ဒေသအများစုကို လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက ထိန်းချုပ်ထားသည်။
ထို့နောက် ယီမင်၏ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရအဖွဲ့သည် မြို့တော်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
တစ်ချိန်က ဒေသတွင်း ပဋိပက္ခများတွင် ဟူရ်သီအဖွဲ့သည် ဟားမာ့စ်၊ ဟစ်ဇ်ဘိုလာအဖွဲ့များကဲ့သို့ စစ်ရေးလှုပ်ရှား မှုမရှိဘဲ အမေ့လျော့ခံ လက်နက်ကိုင်အဖွဲ့ ဖြစ်ခဲ့သော်လည်း ဂါဇာတွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲ စတင်ဖြစ်ပွားခဲ့ ချိန်တွင် ဟူရ်သီအဖွဲ့သည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
ဂါဇာစစ်ပွဲအတွင်း ဟူရ်သီအဖွဲ့သည် ပင်လယ်နီအတွင်းရှိ ပင်လယ်ကူးသင်္ဘောများကို အဆက်မပြတ် တိုက်ခိုက် နေမှုသည် ဟားမာ့စ်အဖွဲ့ကို ထောက်ခံကြောင်း ပြသခြင်းထက် နိုင်ငံရေးနှင့် စစ်ရေးအရ အမြတ်ထုတ်လိုသည့် ရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်သည်ဟုလည်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ခဲ့ကြသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 2533
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၃
ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးများဆိုင်ရာဌာန (Isoc) တို့သည် ထိုင်းနိုင်ငံ တောင်ဘက်အစွန်းပိုင်းရှိ ပြည်နယ်များတွင် ဖြန့်ကြက်ချထားသည့် တပ်ဖွဲ့များကို ၂၀၂၇ ခုနှစ်တွင် ပြန်လည် ထွက်ခွာမည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထို့နောက် ထိုပြည်နယ်များတွင် ဗော်လန်တီယာ တပ်ဖွဲ့များကို အင်အားခိုင်မာစေရန် စီစဉ်နေသည်။
ပြည်ထဲရေးဝန်ကြီးဌာနှင့် Isoc တို့သည် မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းသည့် တပ်ဖွဲ့ဝင်များကို ပူးတွဲ လေ့ကျင့်ပေးရန် မကြာသေးမီက နားလည်မှု စာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးခဲ့သည်။

ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ်ကို တွေ့ရစဉ်
ထိုနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာရွန်ချိုင်း ဟင်တာအို (Charoenchai Hintao) တို့က ကြီးမှူးပြုလုပ်ခဲ့သည်။
ထိုနားလည်မှု စာချွန်လွှာတွင် ၂၀၂၇ ခုနှစ်မှစပြီး အများပြည်သူလုံခြုံရေးကို စိတ်ချသေချာစေရန်နှင့် စစ်တပ်၏ အလုပ်တာဝန်များကို ပြေလျော့စေရန်အတွက် ဗော်လန်တီယာတပ်ဖွဲ့များအား လေ့ကျင့်ပေးမည့် ပြည်ထဲရေးနှင့် Isoc တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း အနူတင်က ပြောကြားခဲ့သည်။
ဗော်လန်တီယာတပ်ဖွဲ့များသည် ဒေသခံအဖွဲ့အစည်းများ၊ ဒေသခံများနှင့် ရင်းနှီးကျွမ်းဝင်သူများဖြစ်ကြောင်း အနူတင်က ပြောသည်။
ထိုဗော်လန်တီယာ တပ်ဖွဲ့ဝင်များသည် အခြေခံ ကျွမ်းကျင်မှုများရှိသော်လည်း အများပြည်သူ တည်ငြိမ်အေးချမ်း ရေးနှင့် ကာကွယ်ရေးကဏ္ဍများအတွက် နောက်ထပ် စစ်သင်တန်းများ တက်ရောက်လေ့ကျင့်ရန် လိုအပ်သေး သည်ဟု ၎င်းက ပြောသည်။

ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ချန်ရွန်ချိုင်းကို တွေ့ရစဉ်
မစ္စတာအနူတင်က သူနှင့်စစ်တပ် အကြီးအကဲတို့သည် ဗော်လန်တီယာတပ်ဖွဲ့များ၏ အခြေအနေ တိုးတက်မှုကို ကြည့်ရှုစစ်ဆေးရန် မကြာခဏ သွားရောက်ကြည့်ရှုခဲ့သည်ဟု ပြောသည်။
"ဗော်လန်တီယာတပ်ဖွဲ့တွေဟာ တာဝန်ထမ်းဆောင်ချိန်မှာ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်" ဟု မစ္စတာ အနူတင်က ပြောကြားခဲ့သည်။
ထိုင်းတောင်ပိုင်း ပြည်နယ်များတွင် ပြုလုပ်သည့် စစ်ဆင်ရေးများသည် Isoc ၏ မူဘောင်အောက်၌ ပြည်သူများ၊ ရဲတပ်ဖွဲ့နှင့် စစ်တပ်အကြား ပူးပေါင်းအားထုတ် ကြိုးပမ်းမှုဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ချန်ရွန်ချိုင်းက ပြောကြားခဲ့ သည်။
ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင် လုံခြုံရေး အခြေအနေကြောင့် တောင်ပိုင်းပြည်နယ် ၄ ခုရှိ ခရိုင် ၁၉ ခု၌ ပြည်တွင်း လုံခြုံရေးအက်ဥပဒေကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ သက်တမ်း တိုး သွားမည်ဖြစ်သည်ဟုလည်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)က အစိုးရ ပြန်တမ်းကို လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေညာခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 3140
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့သည် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား အပစ်အခတ် ရပ်စဲရန် တောင်းဆိုခဲ့ပြီးနောက် ယခုအခါတွင် အစ္စရေး၏ တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး သဘောထား ပြောင်းလဲလာသည့် မှတ်ချက်များကို ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ဟားမာ့စ်နှင့်ဟစ်ဇ်ဘိုလာအဖွဲ့ အပြင် အီရန်ကိုယ်တိုင် တိုက်ရိုက် အစ္စရေးအား ဒုံးကျည်များဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးသည် စစ်ပွဲကိုချဲ့ထွင်လာခဲ့သည်။
ထိုသို့ အစ္စရေး၏ စစ်ပွဲချဲ့ထွင်မှုသည် ကြီးမားသည့် မတူညီမှုများ ရှိနေသည်ဟု အမေရိကန်အရာရှိများက ပြောသည်။
အမေရိကန်အရာရှိများပြောသည့် မှတ်ချက်စကားများထဲတွင် လက်ဘနွန်၌ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်များအား တိုက်ခိုက်ခဲ့သည့် အစ္စရေးကို အမေရိကန်အစိုးရက ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးအတွက် တွန်းအားပေး လုပ်ဆောင်ရန်လိုကြောင်း၊ အောက်တိုဘာ ၁ ရက်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည် ၂၀၀ ခန့်ဖြင့် ပစ်ခတ်ခဲ့သည့် အီရန်ကို ဒဏ်ခတ်သွားမည်ဖြစ်ကြောင်း စသည့် ပြောကြားချက်များ ပါဝင်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကို တွေ့ရစဉ်
သမ္မတဘိုင်ဒန်က အီရန်၏ ဒုံးကျည်များကို ကြားဖြတ်ပစ်ချခဲ့သည့် အမေရိကန်နှင့်အစ္စရေး စစ်တပ်များအား ချီးကျူးခဲ့ပြီး အမေရိကန်သည် အစ္စရေးကို အပြည့်အဝ ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် (Antony Blinken) ကလည်း အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုသည် လုံးဝ လက်ခံနိုင်စရာ မရှိကြောင်းနှင့် ထိုတိုက်ခိုက်မှုကို တကမ္ဘာလုံးက ရှုတ်ချသင့်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးသည် အီရန်၏တိုက်ခိုက်မှုကို တုန့်ပြန်ဖွယ်ရှိသည့် အခြေအနေအပေါ် ဝေဖန်မှုနည်းပါးပြီး ထိုကဲ့သို့ တင်းမာမှု မြင့်တက်လာအောင် ပြုလုပ်ခဲ့သူမှာ အီရန်ဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေ (Jake Sullivan) က ပြောကြားခဲ့သည်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေကို တွေ့ရစဉ်
အရှေ့အလယ်ပိုင်းတွင် အင်ပြည့်အားပြည့် စစ်ပွဲဖြစ်လာနိုင်ခြေရှိမည့် အနေအထားကို ရှောင်လွှဲရန် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့ကြား ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ပြီးနောက် သီတင်းတစ်ပတ် အကြာမှာပင် အမေရိကန်အစိုးရက အစ္စရေး၏ တိုက်ခိုက်မှုများအား ထောက်ခံကြောင်း လေသံပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။
အစ္စရေးသည် ပြီးခဲ့သည့် သီတင်းပတ်က ဘေရွတ်မြို့တော်တွင် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာဆရာလာ (Hassan Nasrallah) နှင့် အီရန်တော်လှန်ရေးတပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး အာဘက်စ် နီလ်ဖို ရူရှန် (Abbas Nilforu shan)တို့အား လေကြောင်းတိုက်ခိုက်မှုဖြင့် ချေမှုန်းခဲ့သည်။
ထို့အပြင် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့ကို မြေပြင်စစ်ဆင်ရေးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အမေရိကန်အရာရှိများကမူ အစ္စရေး၏ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ကို ထောက်ခံကြောင်းနှင့် မိမိတို့၏ သဘောထား မှတ်ချက်များ ပြောင်းလဲမှုသည် မြေပြင်တွင် ပြောင်းလဲနေသည့် အခြေအနေများကြောင့်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 770
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၂
ထိုင်းနိုင်ငံတွင် ယခုနှစ် တတိယသုံးလပတ် ကာလအတွင်း ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) အပေါ် လူထုထောက်ခံမှုနှုန်း မြင့်တက်လာကြောင်း The Nation မှ ဖော်ပြခဲ့သည်။
နောက်ဆုံး ထုတ်ပြန်ခဲ့သည့် NIDA လူထုသဘောဆန္ဒ ကောက်ခံမှုစစ်တမ်းအရ ယခုနှစ်တတိယ သုံးလပတ် ကာလအတွင်း ပေတုန်တန်အပေါ် လူထုထောက်ခံမှုနှုန်းသည် ၃၁ ဒသမ ၃၅ ရာခိုင်နှုန်းရှိခဲ့သည်။
ထိုနှုန်းထားသည် ဒုတိယသုံးလပတ် ကာလအတွင်း လူထုထောက်ခံမှုနှုန်း ၂၆ ဒသမ ၅ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ၄ ဒသမ ၈၅ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။
ပေတုန်တန် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် ဖြူးထိုင်းပါတီက အရွယ်ရောက်ပြီး ထိုင်းလူမျိုး ၄၅ သန်းခန့်အတွက် ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို စတင်ခဲ့ပြီးနောက်ပိုင်းတွင် NIDA စစ်တမ်းရလဒ်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်သည် ပေတုန်တန်အား လူထုထောက်ခံမှု မြင့်တက်စေသည့် အဓိကအကြောင်းရင်း တစ်ခုဖြစ်နိုင်ပြီး ပြည်သူများက ထောက်ပံ့ငွေများ ရရှိနေသဖြင့် ပျော်ရွှင်လျက်ရှိသည်။
ဖြူးထိုင်းပါတီကို နောက်ကွယ်က ကြိုးကိုင်နေသည်ဟု ယူဆခံထားရသည့် သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကမူ ပေတုန်တန်၏ လူထုထောက်ခံမှုနှုန်း မြင့်တက်မှုနှင့် စွမ်းဆောင်ရည်တို့ကို အားရကျေနပ် နေဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ပြည်သူ့ပါတီအဖွဲ့၀င်များကိုတွေ့ရစဉ်
ဩဂုတ်လအတွင်း Nation Group မီဒီယာက ဧည့်ခံကျင်းပသည့် Dinner Talk: Vision for Thailand 2024 အမည်ရှိ ညစာစားပွဲ ဆွေးနွေးခန်းတွင် သက်ဆင်သည် နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မည့် မှတ်ချက်စကားများ ပြောခဲ့သဖြင့် ဝေဖန်ခံခဲ့ရပြီးနောက် နောက်ပိုင်းတွင် နေထိုင်ပြောဆိုပုံများကို သတိကြီးစွာထားခဲ့သည်။
ထိုညစာစားပွဲ ဆွေးနွေးခန်းတွင် သက်ဆင်က နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများနှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားများကို ပြောကြားခဲ့သဖြင့် လေ့လာစောင့်ကြည့်သူများက ထိုင်း၏ ဝန်ကြီးချုပ်အစစ်မှာ သက်ဆင် ဖြစ်ကြောင်း တံဆိပ်ကပ်ခဲ့သည်။
NIDA စစ်တမ်းတွင် ပေတုန်တန်က ဦးဆောင်နေသော်လည်း ထိုင်းနိုင်ငံရေးပါတီများအပေါ် လူထုထောက်ခံမှု နှုန်းသည် ယခင် Move Forward ပါတီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းခဲ့သည့် ပြည့်သူ့ပါတီသည် လူထုထောက်ခံ မှုနှုန်း အမြင့်ဆုံးဖြစ်ကာ ဖြူးထိုင်းပါတီက ဒုတိယနေရာတွင်သာ ရှိနေခဲ့သည်။
ပုဂ္ဂလိက လူထုထောက်ခံမှုနှုန်းနှင့် ပါတီအပေါ် လူထုထောက်ခံမှုနှုန်း ကွာဟနေခြင်းသည် ပြည်သူ့ပါတီ၏ အင်အားခိုင်မာပုံကို ပြသရာရောက်နေပြီး ဖြူးထိုင်းပါတီသည် အတွင်းစည်းတွင် သဘောထားကွဲလွဲနေသည့် လက္ခဏာများကိုလည်း ပြသရာရောက်ခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 1854
CNI International News
ဂျေရုဆလင်၊ အောက်တိုဘာ ၂
လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေးလေထီးတပ်သားများ၊ ကွန်မန်ဒိုများနှင့် ကျည်ကာတပ်များက မြေပြင်စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က လက်ဘနွန်နိုင်ငံ၊ ဘေရွတ် (Beirut) မြို့တော်တွင် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာဆရာလာ (Hassan Nasrallah) ကို လေကြောင်းဖြင့် တိုက်ခိုက်၍ ချေမှုန်းခဲ့ပြီးနောက် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
လက်ဘနွန်တွင် စက်တင်ဘာ ၃၀ ရက် ညအချိန်က စတင်ခဲ့သည့် စစ်ဆင်ရေးများအတွင်း အစ္စရေး၏ လက်ရွေးစင် အမှတ် ၉၈ တပ်ခွဲပါဝင်ခဲ့သည်။
ထိုတပ်ခွဲကို ပြီးခဲ့သည့် သီတင်းပတ်က ဂါဇာမှ ပြန်လည်ခေါ်ယူပြီး မြောက်ပိုင်းစစ်မျက်နှာတွင် ဖြန့်ကြက်ချထားခဲ့ခြင်းဖြစ်သည်။

လက်ဘနွန်တောင်ပိုင်း ဒေသကိုတွေ့ရစဉ်
လက်ဘနွန်နိုင်ငံတောင်ပိုင်း ကျေးရွာများရှိ ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်ရာမှာ အကန့်အသတ်ရှိပြီး တည်နေရာအလိုက် ပစ်မှတ်တိကျစွာ တိုက်ခိုက်သည့် မြေပြင်စစ်ဆင်ရေးဖြင့် လုပ်ဆောင်နေကြောင်း၊ လေတပ်နှင့် အမြောက်တပ်ဖွဲ့များက မြေပြင်တပ်ဖွဲ့များကို ထောက်ကူပေးနေသည်ဟု အစ္စရေးက ပြောကြားခဲ့သည်။
လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာများတွင် နေထိုင်သည့် ဟစ်ဇ်ဘိုလာအဖွဲ့များသည် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ အစ္စရေး လူနေရပ်ကွက်များအတွက် ခြိမ်းခြောက်မှုဖြစ်နေကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
အစ္စရေး၏ မြေပြင်စစ်ဆင်ရေးသည် နယ်စပ်ဒေသတစ်လျှောက် ဟစ်ဇ်ဘိုလာအဖွဲ့၏ ခြေကုပ်စခန်းများကို ပစ်မှတ်ထားခြင်းဖြစ်ပြီး လက်ဘနွန်ပြည်သူများအပေါ် စစ်ပွဲဆင်နွှဲခြင်းမဟုတ်ကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေးစစ်သား ၂ ဦးကို တွေ့ရစဉ်
"ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကျေးရွာတွေ အနားမှာရှိတဲ့ လက်ဘနွန်ကျေးရွာတွေကို အစ္စရေးကို တိုက်ခိုက်ဖို့အတွက် စစ်စခန်းတွေအဖြစ် ပြောင်းလဲအသုံးပြုနေပါတယ်" ဟု အစ္စရေးစစ်တပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ် ဟာဂရီ (Daniel Hagari) က ပြောကြားခဲ့သည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် နေထိုင်သည့် ဒေသခံများသည် စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက်တွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
လက်ဘနွန် ယာယီဝန်ကြီးချုပ် နာဂျစ် မီကာတီ (Najib Mikati) ကမူ လက်ဘနွန်သည် သမိုင်းတစ်လျှောက် အန္တရာယ်အများဆုံး အခြေအနေများထဲမှ တစ်ခုနှင့် ရင်ဆိုင်နေရကြောင်း အောက်တိုဘာ ၁ ရက်က ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ၎င်းတို့သည် အစ္စရေးနိုင်ငံအတွင်းရှိ အစ္စရေးစစ်စခန်းများကို ဒုံးကျည်များ၊ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 3962
CNI International News
နယူးယောက်၊ အောက်တိုဘာ ၂
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ရပ်တန့်နိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာစေရေး အခြေအနေကို မြှင့်တင်ပေးရမည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဆွတ် ချန်ဒါ ဆိုဖီယာ (Sok Chenda Sophea) က ပြောသည်။
ချန်ဒါဆိုဖီယာသည် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် စက်တင်ဘာ ၂၈ ရက်နေ့က ပြောကြားခဲ့ကြောင်း ANN မှ ဖော်ပြခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် အကျပ်အတည်းအပေါ် ကမ္ဘောဒီးယားနိုင်ငံက စိုးရိမ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ မြန်မာ့အရေး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ရာတွင် အထောက်အကူပေးနေကြောင်း ချန်ဒါဆိုဖီယာက ပြောကြားခဲ့သည်။
၎င်းက "အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေ ပေါ်ပေါက်စေမယ့် အခြေအနေကို မြှင့်တင်ဖို့ အရေးကြီးတယ်ဆိုတာကို ကျနော် အဓိကပြောချင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေး အောင်မြင်စေဖို့အတွက် ရည်ရွယ်ထားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လိုအပ်တဲ့အကြောင်းကိုလည်း ကျနော်တို့ အလေးထားပြောဆိုပါတယ်" ဟု ပြောသည်။
လာအို၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းအတွက် ကမ္ဘောဒီးယားက ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံကို ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေရန် ကူညီသည့် အားထုတ်ကြိုးပမ်းမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ချန်ဒါဆိုဖီယာက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဆွတ် ချန်ဒါ ဆိုဖီယာကို တွေ့ရစဉ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဂျူလီဘစ်ရှော့ (Julie Bishop) ကို ခန့်အပ်မှုကိုလည်း ကမ္ဘောဒီးယားက ကြိုဆိုကြောင်း ၎င်းက ပြောသည်။
ကမ္ဘောဒီးယားသည် မြန်မာ့အကျပ်အတည်းကို အဖြေရှာရန် ကြီးမားသည့် အားထုတ်ကြိုးပမ်းမှုကို လုပ်ဆောင်ခဲ့ကြောင်း ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီ၏ အတွင်းရေးမှူးချုပ် ယန်းပူ (Yang Peou) က ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်က အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) သည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
ယန်းပူက "ဟွန်ဆန်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်က အာဆီယံခေါင်းဆောင်အချို့နဲ့ စူပါပါဝါနိုင်ငံတွေက သူ့ကို ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ဝေဖန်သူတွေထဲက ဘယ်သူကမှ မြန်မာ့အရေးကို ကမ္ဘောဒီးယားထက်ပိုပြီး အားထုတ်ကြိုးပမ်းပြီး ကောင်းမွန်တဲ့ နည်းလမ်းကို ရှာဖွေဖို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။သူတို့ဟာ မြန်မာနိုင်ငံကို ပြည်တွင်းစစ်ထဲကို တွန်းပို့နေတယ်လို့ ယူဆရပါတယ်။ အဲဒီလုပ်ဆောင်မှုတွေဟာ လိုတစ်မျိုး ၊ မလိုတစ်မျိုး မူဝါဒကို ဖော်ပြရာရောက်နေပါတယ်။ စူပါပါဝါနိုင်ငံတွေဟာ နိုင်ငံငယ်တွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အလေးထားပုံ မပေါ်ပါဘူး" ဟု ပြောကြားခဲ့သည်။
ထိုတွေ့ဆုံမှုအတွင်း ဟွန်ဆန်က မြန်မာ့အရေးတွင် နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိစေမည့် မူဝါဒများကို မျှဝေခဲ့ကြောင်း၊ ထိုမဟာဗျူဟာသည် ကမ္ဘောဒီးယားတွင် ခမာနီခေတ်အပြီး ပြည်တွင်းရေးပဋိပက္ခကို အဆုံးသတ်ရန် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ယန်းပူက ဆိုသည်။
Source: ANN
