- By CNI
- Category: နိုင်ငံရေး
- Hits: 1230
CNI International Article
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၁
စက်တင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့သည့် မှတ်တမ်းဗွီဒီယိုထဲတွင် ထိုင်ဝမ်ကို ကမ်းတက်တိုက်ပွဲဖြင့် တိုက်ခိုက်မှုပုံစံကို အရိပ်အမြွက်ဖော်ပြခဲ့သည်။
အလားတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလည်း ထိုသေနင်္ဂဗျူဟာဖြင့် စစ်ရေးလေ့ကျင့်မှု များကို အရှိန်မြှင့်တင်လျက်ရှိသည်။
Quenching အမည်ရှိ အခန်းဆက် မှတ်တမ်းဗွီဒီယို၏ နောက်ဆုံး ဇာတ်ကွက်တစ်ခုကို စက်တင်ဘာ ၁၆ ရက်က ပြသခဲ့ရာတွင် PLA ၏ ကြည်းတပ်၊ ရေတပ်နှင့် ဒုံးကျည်တပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှု မှတ်တမ်းများ ပါဝင်ခဲ့ သည်။
ထိုပြကွက်များတွင် မြေပြင်တပ်ဖွဲ့၏ လေကြောင်းတပ်ဖွဲ့က ရဟတ်ယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စုက အီလက်ထရောနစ် စစ်ဆင်ရေးများနှင့် တာဝေးပစ်ဒုံးကျည်များ ပစ်လွှတ်သည့် စစ်ရေးလေ့ကျင့်မှုများ ပါဝင်ခဲ့သည်။
မိနစ် ၂၀ ကြာမြင့်ခဲ့သည့် ထိုရုပ်သံမှတ်တမ်း အစီအစဉ်ကို ထိုင်ဝမ်နှင့် ပြည်မကြီး ပြန်လည်ပေါင်းစည်းလိုသော ဆန္ဒဖြင့် မျှော်လင့်တောင့်တနေသည့် စစ်သားတစ်ဦး၏ ပြကွက်ဖြင့် စတင်ဖွင့်လှစ်ပြသခဲ့သည်။
ထို့ပြင် ထိုင်ဝမ်ကို ကမ်းတက်တပ်သားများ စေလွှတ်ရာတွင် ရဟတ်ယာဉ်များကို အသုံးပြုရန်နှင့် ထိုရဟတ်ယာဉ် များကို ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးဒရုန်းများက အကူအညီပေးမည့် အသေးစိတ် အချက်အလက်များကို ဖော်ပြခဲ့သည်။

ဒုံးကျည် ပစ်နေစဉ်
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်အဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူသွား မည်ဟု မကြာခဏ ပြောကြားခဲ့သည်။
ထိုမှတ်တမ်း ဗွီဒီယိုအတွင်း PLA သည် အမြင့်ပျံသန်းနိုင်သည့် ထောက်လှမ်းရေးဒရုန်းများ အသုံးပြုပြီး ရဟတ်ယာဉ်များကလည်း ပင်လယ်ရေမျက်နှာပြင်နှင့် နီးကပ်စွာပျံသန်းကာ ကမ်းရိုးတန်းဒေသရှိ ပစ်မှတ်များကို တိုက်ခိုက်မည့်ပုံစံများကို ပြသခဲ့သည်။
ထို့ပြင် တရုတ်ရဟတ်ယာဉ်များနှင့် ကမ်းတက်တပ်သားများသည် ပုခုံးထမ်းတင်ပြီး ပစ်လွှတ်နိုင်သည့် လေကြောင်း ကာကွယ်ရေးဒုံးကျည်များ ကိုင်ဆောင်ထားသော ရန်သူတပ်ဖွဲ့များ၏ ခုခံမှုများနှင့် ရင်ဆိုင် ရပုံများကိုလည်း ဖော်ပြခဲ့သည်။
"ပုခုံးပေါ်ထမ်းပြီး သယ်ယူနိုင်တဲ့ လေကြောင်းကာကွယ်ရေး လက်နက်တွေဟာ စစ်မြေပြင်တွေမှာ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့ပြီး ရဟတ်ယာဉ်တွေဟာလည်း အဲဒီဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တိုက်ပွဲ တကယ်ဖြစ်လာရင် ဒီပြဿနာဖြေရှင်းပြီး အနိုင်ယူဖို့ ကျနော်တို့ နည်းလမ်းသစ်တွေ ရှာဖွေရပါမယ်" ဟု PLA အရာရှိတစ်ဦးက ကြည့်ရှုသူများကို ပြောကြားခဲ့သည်။
ထိုင်ဝမ်သည် အမေရိကန်ထံမှ FIM-92 Stinger MANPADS ဒုံးကျည် အစင်း ၂၅၀ ကို ဝယ်ယူခဲ့ပြီး ယခုလ အစောပိုင်းကလည်း နောက်ထပ်ဒုံးကျည် ၁၉၈၅ ခုကို ထပ်မံဝယ်ယူရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်။
အမေရိကန်သည် ထိုင်ဝမ်ကို လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုမထားသော်လည်း ထိုင်ဝမ် ရေလက်ကြားတွင် ရှိရင်းစွဲအခြေအနေကို အင်အားသုံးပြီး ပြောင်းလဲမည့် မည်သည့် အားထုတ်ကြိုးပမ်းမှုကိုမဆို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကာ ထိုင်ဝမ်ကို လက်နက်အများဆုံး ထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်သည်။
မှတ်တမ်းဗွီဒီယိုထဲတွင် PLA သည် မီးကျည်များ အသုံးပြုခြင်း၊ ရန်သူများ၏ လေကြောင်း ကာကွယ်ရေးကို ချိုးဖောက်ရန် ကြိုးပမ်းသည့်အနေဖြင့် ဒုံးကျည်များပစ်လွှတ်ခြင်း အစရှိသည့် လေ့ကျင့်မှုများကို ဖော်ပြခဲ့သည်။

တရုတ်တိုက်လေယာဉ်များကိုတွေ့ရစဉ်
ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးကို လေယာဉ်ကွင်း တစ်ခုထဲတွင် ပြုလုပ်ခဲ့ပြီး မြေပေါ်ရှိ ပစ်မှတ်များကို ရန်သူများ၏ ခံတပ်စခန်းများအဖြစ် ပုံဖော်ဆောက်လုပ်ခဲ့သည်။
သို့သော် CCTV က ထုတ်လွှင့်ခဲ့သည့် ထိုမှတ်တမ်းဗွီဒီယိုတွင် တည်နေရာကို လျှို့ဝှက်ထားရန် အဆောက်အအုံ များ၏ ပုံများကို မှုန်ဝါးဝါး ပြသထားသည်ကို မြင်တွေ့ရသည်။
ထို့ပြင် တရုတ်ရေတပ်၏ လှုပ်ရှားမှုများကို ပြသရာတွင်လည်း တန် ၁၂,၀၀၀ အလေးချိန်ရှိ Type 055 ဖျက်သင်္ဘော၏ အခန်းကဏ္ဍနှင့် လေယာဉ်တင် သင်္ဘောအုပ်စု၏ အီလက်ထရောနစ် စစ်ဆင်ရေးများကို အသားပေးဖော်ပြခဲ့သည်။
Yanan အမည်ရှိ အဆိုပါ ဖျက်သင်္ဘောတွင် ဘက်စုံသုံး ပဲ့ထိန်းဒုံးကျည်စနစ် တပ်ဆင်ထားပြီး၊ လေကြောင်း ကာကွယ်ရေးစနစ်၊ ဒုံးကျည်ကာကွယ်ရေးစနစ်၊ ရေငုပ်သင်္ဘောဖျက်စနစ်၊ အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များ တပ်ဆင်ထားသည်။
ထိုမှတ်တမ်းဗွီဒီယိုတွင် Yanan သင်္ဘောသည် လျှပ်စစ်သံလိုက်လှိုင်း နှောင့်ယှက်သည့် အချက်ပြမှုများကို ထောက်လှမ်းပြီး ထိုသတင်းအချက်အလက်များကို J-15 တိုက်လေယာဉ်များထံ ပေးပို့ကာ စုံစမ်းထောက်လှမ်း ခိုင်းသည့် မြင်ကွင်းများကိုလည်း ပြသထားသည်။
ထို့နောက် J-15 တိုက်လေယာဉ်များက ရန်သူတို့၏ အီလက်ထရောနစ် စစ်ဆင်ရေး လေယာဉ်နှစ်စင်းကို ထောက်လှမ်းတွေ့ရှိပြီး အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ပုံကိုလည်း ပြသခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို မည်သည့်အချိန်က ပြုလုပ်ခဲ့သည်ကို ဖော်ပြခဲ့ခြင်း မရှိသော်လည်း ဇူလိုင်လ အတွင်းက Yanan သင်္ဘောသည် Shandong လေယာဉ်တင် သင်္ဘောအုပ်စုနှင့်အတူ အနောက်ပစိဖိတ် သမုဒ္ဒရာ ထဲတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများအတွင်း ပါဝင်ခဲ့သည်။
ဂျပန်စစ်တပ်ကမူ ဇူလိုင်လက ပြုလုပ်ခဲ့သည့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း Yanan သင်္ဘောကို ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့ပြီး Shandong သင်္ဘောပေါ်သို့ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ အတက်၊အဆင်း ပြုလုပ်နေ ပုံများကိုလည်း ဓာတ်ပုံရိုက်ယူခဲ့သည်။

ထိုင်ဝမ်နဲ့တရုတ်အလံကို စစ်သားတစ်ဦးကြည့်နေစဉ်
ထိုအချိန်နှင့် တစ်ချိန်တည်းမှာပင် အမေရိကန်ကလည်း ဟာဝိုင်အီ (Hawaii) ကျွန်းအနီးတွင် RIMPAC အမည်ရှိ ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုကို ဦးဆောင်ပြုလုပ်ခဲ့သည်။
ထိုင်ဝမ်အရှေ့ဘက် ရေပြင်များသည် PLA ၏ သေနင်္ဂဗျူဟာများထဲတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေ ပြီး တိုက်ခိုက်မှု ဖြစ်ပွားလာပါက ထိုရေပြင်များ၌ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ ကြားဝင်စွက်ဖက် လာနိုင် ခြေရှိသည်။
တရုတ်၏ မှတ်တမ်းဗွီဒီယိုထဲတွင် မြေပြင်တပ်ဖွဲ့တစ်ဖွဲ့ PLA ၏ ခေတ်အမီဆုံး PCL-191 တာဝေးပစ် အတွဲလိုက် ဒုံးပစ်လောင်ချာစနစ်တစ်ခုကို ပစ်ခတ်နေပုံအား ပြသခဲ့သည်။ ထိုဒုံးပစ်လောင်ချာသည် ၃၇၀ မမ ဒုံးကျည်များကို ၃၅၀ ကီလိုမီတာ (၂၁၇ မိုင်) အထိပစ်ခတ်နိုင်ပြီး၊ ၇၅၀ မမ ပဲ့ထိန်းဒုံးကျည်များကို ၅၀၀ ကီလိုမီတာ (၃၁၁ မိုင်) အထိ ပစ်ခတ်နိုင်သည်။
ထိုင်ဝမ်ရေလက်ကြားသည် အကျဉ်းမြောင်းဆုံးနေရာမှာ ၂၈၀ ကီလိုမီတာ (၁၇၄ မိုင်) သာရှိပြီး ထိုဒုံးကျည်စနစ် များအရ တရုတ်ပြည်မကြီး၏ ဖူကျန်း (Fujian) ပြည်နယ်တွင် တပ်စွဲပြီး ထိုင်ဝမ်၏ အနောက်ဘက် ကမ်းရိုးတန်း ကို တိုက်ခိုက်နိုင်စွမ်းရှိသည်။
ထိုင်ဝမ်စစ်တပ်သည် ယခုနှစ်အတွင်း ရွှေ့ပြောင်းရလွယ်ကူသည့် M142 လက်နက်ကြီး ဒုံးပစ်စနစ် ၁၁ ခုနှင့် ခဲယမ်းများထဲမှ ပထမအသုတ်ကို လက်ခံရရှိမည်ဖြစ်သည်။
အမေရိကန်လုပ် အဆိုပါ အတွဲလိုက် ဒုံးပစ်စနစ်သည် ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်ရောက်ရှိနိုင်ကာ ယူကရိန်း စစ်ပွဲတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။
တရုတ်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတွင် ညအချိန် လေ့ကျင့်မှုများလည်း ပါဝင်နေပြီး ရန်သူတပ်ဖွဲ့များက ဒုံးကျည်များ၊ ရော့ကတ်များဖြင့် တရုတ်ဗုံးကြဲလေယာဉ်များနှင့် စစ်သင်္ဘောများကို တိုက်ခိုက်နေသည့် အသွင်သ ဏ္ဍန်ဖြင့် စစ်ရေးလေ့ကျင့်ခဲ့သည်။
"ကျနော်တို့က ရန်သူကို သေနတ်ပြောင်းချိန်ထားချိန်မှာ သူတို့ကလည်း ကျနော်တို့ကို သေနတ်ပြောင်းနဲ့ ချိန်ထားမှာပါ။ နိုင်ပွဲကတော့ စက္ကန့်ပိုင်းမှာ ရပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ သူတို့ကို ပြန်တိုက်ခွင့်ပေးမှာ မဟုတ်ပါဘူး" ဟု တရုတ်၏ Quenching အမည်ရှိ အခန်းဆက် မှတ်တမ်းဗွီဒီယိုတွင် နောက်ခံစကားပြောဖြင့် ဖော်ပြခဲ့သည်။
Source: SCMP
- By CNI
- Category: နိုင်ငံရေး
- Hits: 4373
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၂၁
နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်သည့် သမ္မတရွေးကောက်ပွဲ၌ ဒုတိယသမ္မတ ကာမယ်လာဟားရစ် ( Kamala Harris) ကို ရှုံးနိမ့်ခဲ့မည်ဆိုပါက ဂျူး-အမေရိကန်နွယ်ဖွား မဲဆန္ဒရှင်များကိုလည်း တစ်နည်းနည်းဖြင့် အပြစ်တင်ရလိမ့်မည် ဖြစ်ကြောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
သမ္မတဟောင်း ထရမ့်သည် အမေရိကန်ဂျူးများအကြား ဟားရစ်လောက် လူကြိုက်မများကြောင်း အစ္စရေး-အမေရိကန် အမျိုးသားကောင်စီ ညီလာခံတွင် ပြောကြားခဲ့သည့် ၎င်း၏ မှတ်ချက်စကားများက သက်သေပြနေ သည်။
ရွေးကောက်ပွဲတွင် ဟားရစ်သာ အနိုင်ရခဲ့ပါက ၂ နှစ်အတွင်း အစ္စရေးနိုင်ငံလည်း ပျောက်ကွယ်သွားဖွယ်ရှိပြီး ဟားရစ်ကို မဲပေးခဲ့သဖြင့် ဖြစ်ပွားလာမည့် အကျိုးဆက်များအတွက် ဂျူးများကို တစ်စိတ်တစ်ဒေသ အပြစ်တင် ရလိမ့်မည်ဟု ထရမ့်က ပြောကြားခဲ့သည်။
"ဒီရွေးကောက်ပွဲမှာသာ ကျနော် မနိုင်ဘူးဆိုရင်၊ ပြီးတော့ ဂျူးလူမျိုးတွေရဲ့ ၄၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းလောက် က ရန်သူကို မဲပေးခဲ့မယ်ဆိုရင် ကျနော့်အထင်တော့ အစ္စရေးနိုင်ငံဟာ ၂ နှစ်အတွင်း ပျောက်ကွယ်သွားပါလိမ့် မယ်" ဟု ထရမ့်က ညီလာခံတွင် ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဟားရစ်သည် အမေရိကန်ဂျူးများ၏ မဲ ၆၀ ရာခိုင်နှုန်းကို ရရှိလိမ့်မည်ဟု စစ်တမ်းကောက်ယူမှု တစ်ခု၏ ရလဒ်ကို ထရမ့်က ကိုးကားပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထရမ့်သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲက အမေရိကန်ဂျူးများ၏ မဲ ၃၀ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့သော်လည်း ထိုရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထရမ့်သည် အမေရိကန်ဂျူးများ၏ မဲ ၃၀ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့ပြီး လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် ( Joe Biden) ကို ရှုံးနိမ့်ခဲ့သည်။
ထရမ့်သည် မည်သည့် လူထုသဘောဆန္ဒ စစ်တမ်းကို ကိုးကားပြောဆိုခဲ့သည် ဆိုခြင်းကို ရှင်းလင်းစွာ မသိရသော်လည်း မကြာသေးမီက Pew Research Survey ၏ စစ်တမ်းတစ်ခုတွင် အမေရိကန်ဂျူးများအကြား ဟားရစ်သည် ထောက်ခံမှုနှုန်း ၆၅ ရာခိုင်နှုန်းရှိခဲ့ကာ ထရမ့်သည် ၃၄ ရာခိုင်နှုန်းသာရှိခဲ့သည်။
အမေရိကန်ဂျူးများသည် ဖက်ဒရယ်ရွေးကောက်ပွဲများတွင် ဒီမိုကရက်များကိုသာ ဆယ်စုနှစ်များစွာကြာ မဲပေး လာခဲ့သော်လည်း ဂျူးလူမျိုး မဲဆန္ဒရှင်များအကြား သေးငယ်သည့် အပြောင်းအလဲ တစ်ခုကပင် နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိမည့်သူကို အဆုံးအဖြတ်ပေးနိုင်သည်။
ဥပမာအားဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် ပင်ဆယ်ဗေးနီးယားပြည်နယ် ( Pennsylvania) တွင် ဂျူးလူမျိုး ၄၀၀,၀၀၀ ကျော်ရှိပြီး ထိုပြည်နယ်တွင် ဘိုင်ဒန်သည် မဲ ၈၁,၀၀၀ ဖြင့် အနိုင်ရရှိခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2025
CNI International News
ကိုလံဘို၊ စက်တင်ဘာ ၂၁
ဆယ်စုနှစ်များစွာ ကြာမြင့်သည့် ပြည်တွင်းစစ်နှင့် စီးပွားရေး ချွတ်ခြုံကျနေသည့် သီရိလင်္ကာတွင် စက်တင်ဘာ ၂၁ ရက်၌ သမ္မတရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သည်။
သို့သော်လည်း ထိုရွေးကောက်ပွဲအပေါ် လူနည်းစု အသိုင်းအဝိုင်းဖြစ်သည့် တမီလ်လူမျိုးများက မျှော်လင့်ချက် ကြီးကြီးမားမား မထားရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
တမီလ်လူမျိုးများသည် သီရိလင်္ကာနိုင်ငံ၏ လူဦးရေ ၂၂ သန်းအနက် ၁၂ ရာခိုင်နှုန်းရှိသော်လည်း ရွေးကောက်ပွဲ တိုင်းတွင် လူများစုဖြစ်သည့် ဆင်ဟာလာ (Sinhala) လူမျိုး ကိုယ်စားလှယ်လောင်းများကသာ လွှမ်းမိုးထားခဲ့ သည်။
သီရိလင်္ကာတွင် နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်း၌ တမီလ်နိုင်ငံအဖြစ် ခွဲထွက်ထူထောင်လိုသည့် တမီလ် သောင်းကျန်းသူများနှင့် အစိုးရတပ်ဖွဲ့များအကြား ၂၆ နှစ်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်သည် ၂၀၀၉ ခုနှစ်မှာ အဆုံးသတ်ခဲ့သည်။

သီရိလင်္ကာက တမီလ်လူမျိုးများကို တွေ့ရစဉ်
ထိုပြည်တွင်းစစ်အတွင်း လူပေါင်း ၄၀,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထုတ်ပြန်ခဲ့သလို နှစ်ဖက်စလုံးသည် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲခဲ့သည်။
"ကျနော်တို့ဟာ ပြည်တွင်းစစ်အတွင်း ဆုံးရှုံးနစ်နာမှုတွေကနေ နာလန်ပြန်ထူနိုင်ခဲ့ချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ စီးပွားရေး အကျပ်အတည်းတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ကျနော်ကတော့ ဘာမှ မျှော်လင့်မထားပါ ဘူး" ဟု အသက် ၆၂ နှစ်အရွယ် ငါးဖမ်းသမားတစ်ဦးဖြစ်သူ ပရာမာဆာမီ သာနာဘာလာဆင်ဂမ် (Paramasamy Thanabalasingam) ပြောကြားခဲ့သည်။
သီရိလင်္ကာတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲသည် နိုင်ငံအတွင်း ဒေါ်လာများ ပြတ်လပ်ပြီး လောင်စာ၊ အစားအစာနှင့် ဆေးဝါးများ ပြတ်လပ်မှုကြောင့် စီးပွားရေး ပြိုလဲသွားချိန်နောက်ပိုင်း ပြုလုပ်သည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်သည်။

သီရိလင်္ကာက တမီလ်လူမျိုးများကို တွေ့ရစဉ်
ပုံမှန်အားဖြင့် တမီလ်လူမျိုးများသည် သီရိလင်္ကာ မြောက်ပိုင်းတွင် အခြေစိုက်သည့် တမီလ်ပါတီများကိုသာ မဲပေးခဲ့ကြသော်လည်း နောက်ပိုင်းတွင် တမီလ်ပါတီများအကြား သဘောထားကွဲလွဲမှုများ ရှိလာသဖြင့် တမီလ် များ၏ မဲများပြန့်ကြဲသွားဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
"အခုအချိန်ထိတော့ ဆင်ဟာလာလူမျိုး ကိုယ်စားလှယ်လောင်းတစ်ဦးကပဲ သမ္မတ ဖြစ်နိုင်ပါလိမ့်မယ်။ တမီလ် လူမျိုး ကိုယ်စားလှယ်လောင်း တစ်ဦးလည်း ရှိပေမယ့် တမီလ်နိုင်ငံရေးသမားတွေကြားမှာ သဘောထား ကွဲလွဲမှု တွေရှိနေပါတယ်" ဟု သာနာဘာလာဆင်ဂမ်က ပြောကြားခဲ့သည်။
သီရိလင်္ကာရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၃၈ ဦးအထိရှိသော်လည်း လက်ရှိ သမ္မတ ရာနေးလ် ဝစ်ကရီမီဆင်းဟီ (Ranil Wickremesinghe) ၊ အတိုက်အခံခေါင်းဆောင် ဆာဂျစ် ပရီမက်ဒါဆာ ( Sajith Premadasa) နှင့် မာ့စ်ဝါဒီ အနူရာ ကူမာရာ ဒစ္စနာယာကီ (Anura Kumara Dissanayake) တို့ကသာ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 4016
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၂၁
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)သည် ၎င်း၏ သမ္မတသက်တမ်း ကုန်ဆုံးကာနီး အချိန်သို့ ရောက်ရှိ နေချိန်တွင် တရုတ်ကို တန်ပြန်ရန် သံတမန်ရေးအရ တွန်းအားပေး ဆောင်ရွက်သည့်အနေဖြင့် ၎င်း၏ မွေးရပ်မြို့ ဖြစ်သည့် ဒယ်လာဝဲ (Delaware) မြို့တွင် Quad ခေါင်းဆောင်များနှင့် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဘိုင်ဒန်သည် Quad အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် စက်တင်ဘာ ၂၁ ရက်တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေးမတိုင်မီ စက်တင်ဘာ ၂၀ ရက်၌ ဒယ်လာဝဲမြို့သို့ ကြိုတင်သွားရောက်ခဲ့သည်။
ထိုအစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် အိမ်နီးချင်း နိုင်ငံများအကြား နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် အရေးကိစ္စကို ဆွေးနွေးဖွယ်ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။
အစည်းအဝေး အစီအစဉ်တွင် အင်ဒို-ပစိဖိတ် ရေပြင်များအတွင်း တရားမဝင် ငါးဖမ်းမှုများကို တိုက်ဖျက်ရေးနှင့် အိန္ဒိယသမုဒ္ဒရာ၌ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုတို့ကို မြှင့်တင်ရေးတို့လည်း ပါဝင်သည်။

ဘိုင်ဒန်ကို တွေ့ရစဉ်
ဘိုင်ဒန်သည် နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည့်သူကို သမ္မတရာထူး လွှဲပြောင်အပ်နှံမည်ဖြစ်ပြီး ထိုရွေးကောက်ပွဲတွင် ဒုတိယသမ္မတ ကာမယ်လာဟားရစ် ( Kamala Harris) နှင့် ဒေါ်နယ်ထရမ့် (Donald Trump) တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။
ဘိုင်ဒန်သည် လာမည့်နှစ်တွင် သမ္မတအိမ်ဖြူတော်မှ ထွက်ခွာမှုနှင့်အတူ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) သည်လည်း ယခုလအတွင်း ရာထူးမှ ထွက်ခွာမည်ဖြစ်သဖြင့် Quad အဖွဲ့၏ အနာဂတ်အပေါ် မေးခွန်း များ ထွက်ပေါ်နေသည်။
"Quad အစည်းအဝေးမှာ မတူကွဲပြားတဲ့ အရိပ်လက္ခဏာတွေကို တွေ့မြင်ရမှာဖြစ်ပြီး Quad ဟာ ဆက်လက် တည်ရှိနေမယ့် အဖွဲ့အစည်းအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်"ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Quad အစည်းအဝေးတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ကင်ဆာကုသရေး၊ နည်းပညာနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများကိုလည်း ဆွေးနွေးဖွယ်ရှိသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 4386
CNI International News
ဘန်ကောက် ၊ စက်တင်ဘာ ၂၀
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းများကို အဖြေရှာရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ယခုနှစ်ကုန်ပိုင်းတွင် အာဆီယံ Troika Plus အစည်းအဝေးကို ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယမ်ပွန်ဆာ (Maris Sangiampongsa)က ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် မကြာသေးမီက လာအိုနိုင်ငံ၊ ဗီယန်ကျင်း (Vientiane) မြို့တော်တွင် ပြုလုပ် သည့် ဝန်ကြီးအဆင့် အစည်းအဝေးအတွင်း မြန်မာ့အရေးကို ငြိမ်းချမ်းစွာ အဖြေရှာရာ၌ ထိုင်း၏အခန်းကဏ္ဍအား အသိအမှတ်ပြုကြောင်း ပြသခဲ့ကြသည်ဟု မာရစ်က ပြောသည်။
အာဆီယံ Troika Plus အစည်းအဝေး ပြုလုပ်မည့် အချိန်အတိအကျကို မဆုံးဖြတ်ရသေးပေ။ သို့သော်လည်း အောက်တိုဘာလတွင် ဗီယန်ကျင်းမြို့တော်တွင် ပြုလုပ်မည့် အာဆီယံညီလာခံအပြီး၌ ပြုလုပ်ဖွယ်ရှိသည်။

မြန်မာကိုယ်စားလှယ် နေရာလွတ်နေတာကို တွေ့ရစဉ်
အာဆီယံ Troika အစည်းအဝေးသည် မြန်မာနိုင်ငံ၏ ပဋိပက္ခကို ဖြေရှင်းရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဆွေးနွေးတိုင်ပင်သည့် ယန္တရားတစ်ခုဖြစ်ပြီး အင်ဒိုနီးရှား၊ လာအိုနှင့် မလေးရှားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး များ ပါဝင်သည်။
Troika Plus အစည်းအဝေးတွင်မူ အင်ဒိုနီးရှား၊ လာအို၊ မလေးရှာင်း ၃ နိုင်ငံအပြင် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံ များ ပါဝင်သည်။
"ထိုင်းနိုင်ငံဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အဓိကနိုင်ငံတွေ၊ အထူးသဖြင့် အာဆီယံနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်ပြီး တက်ကြွစွာ ဆောင်ရွက်သွားမှာပါ" ဟု မာရစ်က ဝန်ကြီးချုပ် ပေတုန်တန် အစိုးရအဖွဲ့၏ နိုင်ငံခြား ရေး မူဝါဒနှင့်ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုအစည်းအဝေးများသည် ပြည်သူများအတွက် သံတမန် အားထုတ်ကြိုးပမ်းမှုဖြစ်ပြီး လူအများ၏ အကျိုးအတွက် အခြေအနေကို ဖန်တီးယူရသည့် သံတမန်အစီအစဉ် တစ်ခုဖြစ်သည်ဟု မာရစ်က ပြောသည်။

အာဆီယံ Troika အစည်းအဝေးကို ကျင်းပနေစဉ်
အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများထဲတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ရေ စီမံခန့်ခွဲရေး၊ ဖုန်းနှင့် အင်တာနက်ပေါ်မှ ငွေကြေးလိမ်လည်ခြင်း၊ လေထုညစ်ညမ်းမှုပြဿနာ အစရှိသည့် အရေးကိစ္စများ ပါဝင်သည်ဟု မာရစ်က ပြောသည်။
ထို့ပြင် ထိုင်းနှင့် မလေးရှားအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ တည်ငြိမ်မှုမရှိသည့် ပြည်နယ် ၃ ခုကို ငြိမ်းချမ်းရေးရရှိစေရန် အားထုတ်ကြိုးပမ်း သွားမည်ဖြစ်ကြောင်းလည်း မာရစ်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၈၀ ကြာ နေထိုင်ခွင့်ပေးမည့် ကာလရှည်ဗီဇာ ထုတ်ပေးမည့် ရည်ရွယ်ချက်ဖြင့် "ထိုင်း ဗီဇာ ခရီးပန်းတိုင်" (Destination Thailand Visa) ဟု လူသိများသည့် ဗီဇာအစီအစဉ်ကို လုပ်ဆောင်နေပြီး ခရီးသွားကဏ္ဍကို မြှင့်တင်မည်ဖြစ်ကြောင်း မာရစ်က ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 3730
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၂၀
အီရန်ဟက်ကာများသည် အမေရိကန် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) ၏ မဲဆွယ်စည်းရုံးမှု အစီအစဉ်မှ ခိုးယူထားသည့် အချက်အလက်များ ပါဝင်သော အီးမေးလ်များကို သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ မဲဆွယ်စည်းရုံးမှုတွင် ပါဝင်ခဲ့ဖူးသည့်လူများထံ ပေးပို့နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုလုပ်ဆောင်ချက်အရ အီရန်သည် အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်သည့် အားထုတ်ကြိုးပမ်းမှု များအား ပိုမိုအရှိန်မြှင့်တင် နေခြင်းဖြစ်သည်ဟု အမေရိကန်လုံခြုံရေးအေဂျင်စီများ စက်တင်ဘာ ၁၈ ရက်တွင် စွပ်စွဲခဲ့သည်။
"ဒါအပြင် အီရန်ဟက်ကာတွေဟာ ဇွန်လကစပြီး သူတို့ခိုးယူထားတဲ့ ထရမ့်ရဲ့ မဲဆွယ် လှုပ်ရှားမှုဆိုင်ရာ အချက် အလက်တွေကို အမေရိကန်မီဒီယာ အဖွဲ့အစည်းတွေဆီ ပေးပို့ခဲ့ပါတယ်" ဟု FBI၊ ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံ အဆောက်အအုံ လုံခြုံရေးအေဂျင်စီ၊ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးတို့က ပူးတွဲ ထုတ်ပြန်ခဲ့ သည်။

အီရန်ဟက်ကာများက ထရမ့်နဲ့ပတ်သက်ပြီး ပြောထားမှုကို တွေ့ရစဉ်
"အဲဒီလို ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ ကျနော်တို့ရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအပေါ်မှာ ထားရှိတဲ့ ယုံကြည် မှုတွေကို လျော့ကျစေဖို့နဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်စေဖို့ အီရန်ရဲ့ နည်းပေါင်းစုံသုံးပြီး ချဉ်းကပ်မှုရဲ့ နောက်ဆုံး ဥပမာတစ်ခု ဖြစ်နေပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လက်ရှိတွင် အီးမေးလ်များ ပေးပို့ခံခဲ့ရသူများသည် တစ်စုံတစ်ရာ အကြောင်းပြန်ခဲ့သည့် အရိပ်လက္ခဏာကို မတွေ့ရသေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သော်လည်း ခိုးယူခံခဲ့ရသော အချက်အလက်များ၏ သဘော သဘာဝ အသေးစိတ်ကိုမူ ထုတ်ဖော် ပြောဆိုခဲ့ခြင်းမရှိပေ။
သြဂုတ်လ အတွင်းကလည်း အီရန်သည် အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို ဆန့်ကျင်သည့် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အမေရိကန်က စွပ်စွဲခဲ့သည်။
ထို့ပြင် အီရန်သည် အမေရိကန်ပြည်သူများအကြား နိုင်ငံရေးသဘောထား ကွဲလွဲမှုများဖြစ်စေရန် သွေးထိုး လှုံ့ဆော်နေကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့် ထောက်ခံသူများကိုတွေ့ရစဉ်
သို့သော်လည်း အီရန်ကမူ အမေရိကန်၏ အရေးကိစ္စများကို ကြားဝင်စွက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
အမေရိကန်စွပ်စွဲချက်များသည် လုံးဝ အခြေအမြစ် မရှိကြောင်းနှင့် လုံးဝ လက်မခံနိုင်ကြောင်း အီရန်၏ ကုလ သမဂ္ဂဆိုင်ရာ အမြဲတမ်း အထူးတာဝန်အဖွဲ့က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
အီရန်အနေဖြင့် အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်နှင့် ထိုသို့ လုပ်ဆောင်ရန် အကြောင်းရင်းလည်းမရှိကြောင်း အီရန်အထူးတာဝန်အဖွဲ့က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 3303
CNI International News
တိုကျို၊ စက်တင်ဘာ ၁၉
စက်တင်ဘာ ၁၈ ရက်က ဂျပန်၏ ရေပိုင်နက်အနီးရှိ ရေပြင်များထဲသို့ တရုတ်လေယာဉ်တင် သင်္ဘောတစ်စင်း ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထိုဖြစ်စဉ်သည် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ဂျပန်နှင့်တရုတ်အကြား တင်းမာမှုများ မြင့်တက်စေသော စစ်ရေး လှုပ်ရှားမှုများထဲမှ နောက်ဆုံးဖြစ်စဉ်ဖြစ်သည်။
ဖျက်သင်္ဘောနှစ်စင်း ခြံရံထားသည့် လေယာဉ်တင်သင်္ဘောသည် ဂျပန်နိုင်ငံတောင်ပိုင်း ယိုနာဂူနီ (Yonaguni) နှင့် Iromote ကျွန်းစုများအကြား မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်၏ ကမ်းရိုးတန်း နယ်နိမိတ်နှင့် ရေမိုင် ၂၄ မိုင်အကွာသို့ ဝင်ရောက်ခဲ့သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဂျပန်က အလွန်စိုးရိမ်ကြောင်း တရုတ်ကို သတင်းစကားပေးပို့ခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် ဂျပန်နှင့် ဒေသတွင်း လုံခြုံရေးအခြေအနေ ရှုထောင့်မှကြည့်လျှင် လုံးဝ လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဂျပန်အစိုးရအဖွဲ့ ဒုတိယအတွင်းဝန် ဟီရိုရှီ မိုရီယာ (Hiroshi Moriya) က ပြောကြားခဲ့သည်။

တရုတ်လေယာဉ်တင်သင်္ဘောကို တွေ့ရစဉ်
"ကျနော်တို့ရဲ့ ရေပြင်နယ်နိမိတ်အနီးမှာ တရုတ်ရေတပ် သင်္ဘောတွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့် သွားမှာဖြစ်ပြီး သတင်းအချက်အလက်တွေ စုစည်းဖို့နဲ့ စောင့်ကြပ် ကြည့်ရှုမှုတွေလုပ်ဖို့ လိုအပ်တဲ့ အစီအစဉ် အားလုံးကို လုပ်ဆောင်သွားမှာပါ"ဟု မိုရီယာက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်လကလည်း တရုတ်ရေတပ်၏ လေ့လာရေးသင်္ဘောများသည် ဂျပန်ရေပြင်များအတွင်း ဝင်ရောက် ခဲ့ပြီးနောက် ဂျပန်က တရုတ်ကို ကန့်ကွက်စာ ပေးပို့ခဲ့သည်။
ဇူလိုင်လအတွင်းကမူ ဂျပန်ရေတပ် ဖျက်သင်္ဘောတစ်စင်းသည် ထိုင်ဝမ်အနီးရှိ တရုတ်ရေပိုင်နက်အတွင်းသို့ ဝင်ရောက် မောင်းနှင်ခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဂျပန်နှင့် ထိုင်ဝမ်အနီးတွင် တရုတ်စစ်တပ်၏ လှုပ်ရှားမှုများ မြင့်တက်ခဲ့သဖြင့် ဂျပန်ကို စိုးရိမ်မှုများ ဖြစ်စေခဲ့သည်။
စက်တင်ဘာ ၁၈ ရက် နံနက်အစောပိုင်းတွင် တရုတ်၏ လေယာဉ်တင်သင်္ဘောအုပ်စုသည် ထိုင်ဝမ်အရှေ့ဘက် ဂျပန်၏ ယိုနာဂူနီ (Yonaguni) ၏ ကမ်းလွန်ရေပြင်များ၌ မောင်းနှင်နေသည်ကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 3364
CNI International News
နယူးဒေလီ၊ စက်တင်ဘာ ၁၉
အိန္ဒိယနိုင်ငံက အုပ်ချုပ်ထားသည့် ကက်ရှ်မီးယားဒေသဘက်ခြမ်းတွင် ဒေသတွင်း ရွေးကောက်ပွဲများကို စက်တင်ဘာ ၁၈ ရက်က စတင်ပြုလုပ်ခဲ့ပြီး မဲဆန္ဒရှင်များသည် မဲရုံများသို့လာရောက်ပြီး မဲပေးခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ကက်ရှ်မီးယားဒေသတွင် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၂၀၁၉ ခုနှစ်က ရုပ်သိမ်းခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် ဒေသန္တရအစိုးရအဖွဲ့ ရွေးကောက်ပွဲအား မဲထည့်ရန် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းကတည်းက မဲရုံများအပြင်ဘက်၌ မဲပေးသူများတန်းစီခဲ့ကြသည်။
ကက်ရှ်မီးယားဒေသ၏ နေရာ ၉၀ ရှိသည့် လွှတ်တော်အတွက် ကိုယ်စားလှယ်များကို ရွေးချယ်ရန် မဲပေးဖို့ စာရင်းသွင်းခဲ့သော မဲဆန္ဒရှင်ပေါင်း ၉ သန်းခန့်ရှိခဲ့သည်။
စက်တင်ဘာ ၁၈ ရက်တွင် မဲပေးမှု ပထမအဆင့်ကို ပြုလုပ်ပြီးနောက် ဒုတိယနှင့် တတိယအဆင့် မဲပေးမှုများအား စက်တင်ဘာ ၂၅ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။
ထို့နောက် အောက်တိုဘာ ၈ ရက်တွင် မဲများကို ရေတွက်မည်ဖြစ်ပြီး ရလဒ်ကို ကြေညာမည်ဖြစ်သည်။

ကက်ရှ်မီးယား ရွေးကောက်ပွဲ မဲပေးမည့်သူများကို တွေ့ရစဉ်
ကက်ရှ်မီးယားနိုင်ငံရေး လေ့လာသုံးသပ်သူ ရှိတ်ရှိုးကက် ဟူစိန် (Sheikh Showkat Hussain) ကမူ ယခု ပြုလုပ် သည့် ရွေးကောက်ပွဲသည် ကက်ရှ်မီးယားဒေသ၏ သမိုင်းဝင် အုပ်ချုပ်ခွင့်ရ အခြေအနေအတွက် ဆန္ဒခံယူပွဲတစ်ခု ကဲ့သို့ ဖြစ်နေသဖြင့် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်က အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi)သည် ကက်ရှ်မီးယားဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည် ရုပ်သိမ်းခဲ့ပြီး ထိုရုပ်သိမ်းမှုကို ပြီးခဲ့သည့်နှစ်တွင် တရားရုံးချုပ်က ထောက်ခံအတည်ပြုခဲ့သဖြင့် ကက်ရှ်မီးယား ဒေသခံများကို ဒေါသထွက်စေခဲ့သည်။
မိုဒီ၏ အာဏာရပါတီ BJP ဦးဆောင်သည့် အစိုးရအဖွဲ့ကမူ ကက်ရှ်မီးယားဒေသတွင် ပုံမှန်အခြေအနေ ပြန်ဖြစ် အောင် ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုများရှိစေရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အတိတ်ကာလက ကက်ရှ်မီးယားဒေသတွင် လွတ်လပ်ရေး လိုလားသည့် လက်နက်ကိုင်အဖွဲ့များသည် ကက်ရှ်မီးယားဒေသ၌ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသဖြင့် မဲပေးသူ အရေအတွက် နည်းပါးခဲ့သည်။
သို့သော် ဧပြီလနှင့် မေလများတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင်မူ ပါဝင်မဲပေးသူ ၅၈ ဒသမ ၄၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ၃၅ နှစ်အတွင်း အမြင့်ဆုံး နှုန်းထားဖြစ်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 2979
CNI International News
ကိုလံဘို၊ စက်တင်ဘာ ၁၉
သီရိလင်္ကာနိုင်ငံတွင် စက်တင်ဘာ ၂၁ ရက်၌ သမ္မတရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ထိုရွေးကောက်ပွဲ၌ သောင်းနှင့်ချီသော စိုက်ခင်းလုပ်သားများ၏ မဲများက အရေးကြီးသည့် အခန်းကဏ္ဍကနေ ပါဝင်နေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကမူ စိုက်ခင်းလုပ်သားများအတွက် မြေများ ပိုပေးမည်ဟု ကတိပြုခဲ့ကြသော်လည်း စိုက်ခင်းလုပ်သား အများစုကမူ အများကြီး မျှော်လင့်မထားကြောင်း စိုက်ခင်းလုပ်သားတစ်ဦးဖြစ်သည့် မူသူသီဗာကီတန် မာနိုဟာရီ (Muthuthevarkittan Manohari)က ပြောကြား ခဲ့သည်။
ယခင် ရွေးကောက်ပွဲများတုန်းကလည်း ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများသည် စိုက်ခင်းလုပ်သားများ အတွက် အခွင့်အလမ်းများ ဖန်တီးပေးမည်ဟု ကတိပေးခဲ့ကြသော်လည်း လက်တွေ့တွင် အကောင်အထည် ဖော်ခြင်း မရှိကြောင်း မာနိုဟာရီက ပြောသည်။

တမီလ်လူမျိုးများကို တွေ့ရစဉ်
သီရိလင်္ကာ၏ စိုက်ခင်းလုပ်သားများသည် ကာလကြာရှည် လျစ်လျူရှုခံထားရသည့် အုပ်စုဖြစ်ပြီး အလွန်ဆင်းရဲ မွဲတေစွာ နေထိုင်နေရသော်လည်း စိုက်ခင်းလုပ်သားများသည် ရွေးကောက်ပွဲတွင် အနိုင်အရှုံးကို ပြောင်းလဲနိုင် သော မဲယိမ်းအင်အားစုဖြစ်သည်။
အိန္ဒိယနှင့် သဘောတူညီချက်အရ သီရိလင်္ကာ စိုက်ခင်းလုပ်သား ၄၀၀,၀၀၀ ခန့် အိန္ဒိယသို့ ပို့ဆောင်ခံခဲ့ရပြီး မိသားစုများ တကွဲတပြားဖြစ်ခဲ့ကာ စိုက်ခင်းလုပ်သားများသည် ၎င်းတို့၏ အခွင့်အရေးအတွက် တိုက်ပွဲဝင် နေရသည်။
သီရိလင်္ကာတွင် စိုက်ခင်းလုပ်သား မိသားစုများမှ ဆင်းသက်လာသည့် သားစဉ်မြေးဆက် ၁ ဒသမ ၅ သန်းခန့်ရှိပြီး ထိုအရေအတွက်သည် မဲဆန္ဒနယ် စုစုပေါင်း၏ ၃ ဒသမ ၅ ရာခိုင်နှုန်းရှိကာ လူပေါင်း ၄၇၀,၀၀၀ သည် စိုက်ခင်းများ လုပ်ကိုင်နေဆဲ ဖြစ်သည်။

တမီလ်လူမျိုးများကို တွေ့ရစဉ်
စိုက်ခင်းလုပ်သား အသိုင်းအဝိုင်းသည် အလွန်ဆင်းရဲမွဲတေပြီး၊ အာဟာရချို့တဲ့မှု၊ အမျိုးသမီးများအကြား သွေးအား နည်းသည့် ရောဂါနှင့်ရင်ဆိုင်နေရကာ ပညာရေးလည်း ချို့တဲ့လျက်ရှိသော်လည်း စိုက်ခင်းလုပ်သား အသိုင်းအဝိုင်း သည် အရေးကြီးသည့် မဲအင်အားစုတစ်ခုဖြစ်သည်။
စိုက်ခင်းလုပ်သားများသည် တမီလ် ( Tamil ) ဘာသာစကားကို ပြောဆိုကြသည်တိုင် ၎င်းတို့သည် နိုင်ငံမြောက် ပိုင်းနှင့် အရှေ့ပိုင်းတွင် နေထိုင်လျက်ရှိသည့် သီရိလင်္ကာ၏ ဌာနေတမီလ်လူမျိုးများနှင့် တန်းတူဆက်ဆံ မခံရဘဲ ခွဲခြားဆက်ဆံခဲ့ခဲ့ရသည်။
သီရိလင်္ကာတွင် အစိုးရတပ်ဖွဲ့များနှင့် တမီလ်ကျားသူပုန်များအကြား ၂၆ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ချိန် အတွင်း စိုက်ခင်းလုပ်သားများသည် အကြမ်းဖက်မှု၊ ဖမ်းဆီးမှုနှင့် အကျဉ်းချခံရမှုတို့နှင့် ကြုံတွေ့ခံစားခဲ့ရသည်။
Source: အေပီ
