- By CNI
- Category: နိုင်ငံရေး
- Hits: 2806
CNI International News
ကိုင်ရို၊ ဇွန်လ ၁၁
ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် အစ္စရေးအား ဖိအားပေးဖို့ ဟားမာ့စ်အဖွဲ့၏ ထိပ်သီး အရာရှိတစ်ဦးက အမေရိကန်ကို ဇွန်လ ၁၀ ရက်တွင် တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး အားထုတ်ကြိုးပမ်းမှုများကို တွန်းအားပေးလုပ်ဆောင်ရန် ဇွန်လ ၁၀ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) အရှေ့အလယ်ပိုင်းဒေသသို့ လာရောက် မည့် ခရီးစဉ်မတိုင်မီ ဟားမာ့စ်ထိပ်သီးအရာရှိ ဆာမီ အဘူ ဇူဟရီ (Sami Abu Zuhri) က တိုက်တွန်းခဲ့ခြင်း ဖြစ် သည်။
ဘလင်ကင်သည် အီဂျစ်နှင့် အစ္စရေးသို့ သွားရောက်မည်ဖြစ်ပြီး ဂါဇာစစ်ပွဲကို လက်ဘနွန်နိုင်ငံအထိ ပျံ့နှံ့မသွားစေ ရန် စိတ်ချသေချာစေရေးအတွက် ရည်ရွယ်ပြီး သက်ဆိုင်ရာ အရာရှိများနှင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။
“ဂါဇာစစ်ပွဲ အဆုံးသတ်စေဖို့အတွက် အစ္စရေးကို ဖိအားပေးဖို့ အမေရိကန်အစိုးရကို ကျနော်တို့ တိုက်တွန်းပါ တယ်။ ဟားမာ့စ်အဖွဲ့ဟာလည်း စစ်ပွဲအဆုံးသတ်ဖို့အတွက် ဘယ်လိုအစီအစဉ်နဲ့ပဲဖြစ်ဖြစ် အပြုသဘောဆောင်စွာ ဖြေရှင်းဖို့ အဆင်သင့်ပါပဲ" ဟု ဇာဟရီက ပြောသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက် စတင်ခဲ့သည့် အစ္စရေး-ဟားမာ့စ် စစ်ပွဲ ဖြစ်ပွားချိန်ကတည်းက အရှေ့ အလယ်ပိုင်းဒေသသို့ လာရောက်ခဲ့သည့် ၈ ကြိမ်မြောက် ခရီးစဉ်တွင် ဘလင်ကင်သည် ဂျော်ဒန်နှင့် ကာတာ နိုင်ငံများသို့လည်း သွားရောက်ရန် စီစဉ်ထားသည်။

ဟားမာ့စ်ထိပ်သီးအရာရှိ ဆာမီ အဘူ ဇူဟရီကိုတွေ့ရစဉ်
ဘလင်ကင်သည် ကိုင်ရို (Cairo) မြို့တော်တွင် အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်စီစီ (Abdel Fattah al-Sisi) နှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ ထို့နောက် အစ္စရေးသို့သွားကာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ၊ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့် (Yoav Gallant) တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။
ဇွန်လ ၁၀ ရက် နံနက်အစောပိုင်းက ဂါဇာရှိ လူဦးရေ ထူထပ်သိပ်သည်းပြီး စစ်သွေးကြွများရှိသည့် ရှာဘူရာ (Shaboura) မြို့သို့ အစ္စရေးတင့်ကားများ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။
အစ္စရေးတင့်ကားတပ်ဖွဲ့သည် ဂါဇာနှင့် အီဂျစ်နယ်စပ် ဒေသတစ်ခုလုံးကို ပိတ်ဆို့ထားကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် လူပေါင်းသန်းချီ ခိုလှုံနေသည့် ရာဖာ (Rafah) မြို့ကို ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လူပေါင်းသိန်းချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မေလ ၃၁ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အစ္စရေးက အဆိုပြုထားသည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် ဘလင်ကင်၏ အရှေ့အလယ်ပိုင်းခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1753
CNI International News
နယူးဒေလီ၊ ဇွန်လ ၁၁
အိန္ဒိယသည် တိဘက်ဒေသရှိ နေရာဒေသပေါင်း ၃၀ ကျော်ကို အမည်များ ပြောင်းလဲသတ်မှတ်ရန် စီစဉ်နေသည် ဟု Tibetan Review သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မကြာသေးမီနှစ်များအတွင်း အိန္ဒိယ၏ အာရုနာချယ်ပရာဒေ့ရှ်(Arunachal Pradesh) ပြည်နယ်ကို ပိုင်ဆိုင် ကြောင်းကြေညာခဲ့သည့် တရုတ်၏ ကြေညာချက်များအား အိန္ဒိယက ငြင်းဆိုခဲ့ပြီးနောက် တရုတ်၏ နယ်နိမိတ် ပိုင်ဆိုင်ကြောင်း ထွက်ဆိုချက်များကို တုန့်ပြန်သည့်အနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
တရုတ်က အုပ်ချုပ်ထားသည့် တိဘက်ဒေသရှိ နေရာများကို အမည်ပြောင်းလဲ သတ်မှတ်မည့် စာရင်းကို အိန္ဒိယစစ်တပ်က သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် လာမည့်သီတင်းပတ်တွင် အစိုးရအဖွဲ့သစ် စတင် တာဝန်ထမ်းဆောင်ပြီးနောက် မကြာမီအချိန်အတွင်း ထုတ်ပြန်ကြေညာလိမ့်မည်ဟု thediplomat.com သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

တိဘက်ဒေသကိုတွေ့ရစဉ်
"ဝန်ကြီးချုပ် မိုဒီ (Modi)ဟာ သူ့ရဲ့ပုံရိပ်ကို ပိုမိုခိုင်မာစေဖို့အတွက် အဲဒီသုတေသန စစ်တမ်းတွေနဲ့ အနိုင်ယူဖို့ ကြိုပမ်းခဲ့ပါတယ်။ သူ့ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့အတွက် တိဘက်ဒေသက နေရာတွေကို အမည်ပြောင်းလဲဖို့ အမိန့်ပေး တာဟာ သဘာဝကျပါတယ်" ဟု အိန္ဒိယထောက်လှမ်းရေးဗျူရို အရာရှိဟောင်း ဘီနူဂို့ရှ် (Benu Ghosh) က ပြောကြားခဲ့သည်။
အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်နှင့် အငြင်းပွားနေသည့် နယ်စပ်ဒေသမှ အခြားနယ်မြေများကို တရုတ်က ပိုင်ဆိုင် ကြောင်း ကြေညာမှုကို တုန့်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထိုစာရင်းအား မီဒီယာမှတစ်ဆင့် လူသိရှင်ကြား ထုတ်ပြန်မည်ဖြစ်သည်။
ထိုသို့ အမည်သစ်များ ပြောင်းလဲသတ်မှတ်မှုကို သမိုင်းကြောင်းအရ ကျယ်ပြန့်သည့် သုတေသနများဖြင့် သတ်မှတ် ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အိန္ဒိယအရာရှိများက ပြောကြားခဲ့သည်။

တိဘက်ဒေသကိုတွေ့ရစဉ်
"အဲဒီနေရာဒေသတွေကို အမည်သစ်ပြောင်းလဲမှုဟာ တိဘက်ဒေသနဲ့ပတ်သက်ပြီး အိန္ဒိယက မေးခွန်းထုတ် လိုက်တဲ့ သဘောသက်ရောက်ပါတယ်။ တရုတ်က တိဘက်ဒေသကို အင်အားသုံး သိမ်းပိုက်ခဲ့ပြီးကတည်းက တိဘက်ဟာ တရုတ်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ အိန္ဒိယက လက်ခံခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာ မိုဒီအစိုးရအဖွဲ့က တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ ရန်လိုမှုတွေကို လမ်းကြောင်းပြောင်းပစ်ဖို့ ပြင်ဆင်နေပုံ ပေါ်ပါတယ်"ဟု ဂို့ရှ်က ပြောကြားခဲ့သည်။
တရုတ်သည် မတ်လအတွင်းက အိန္ဒိယ၏ အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်အတွင်းရှိ နေရာဒေသပေါင်း ၃၀ ခန့်ကို အမည်များ ပြောင်းလဲခဲ့ပြီး အာရုနာချယ်ပရာဒေ့ရှ်အား တရုတ်က ကျန်းနန် (တိဘက်တောင်ပိုင်း) ဒေသအဖြစ် သတ်မှတ်ခေါ်ဆိုခဲ့သည်။
အိန္ဒိယအစိုးရကမူ အာရုနာချယ်ပရာဒေ့ရှ်သည် အိန္ဒိယ၏ အစိတ်အပိုင်းဖြစ်ပြီး တရုတ်၏ ပိုင်ဆိုင်ကြောင်း ထွက်ဆိုချက်များကို ထပ်တလဲလဲ ငြင်းဆိုခဲ့သည်။
Source: Tibetan Review
- By CNI
- Category: နိုင်ငံရေး
- Hits: 1697
CNI International News
ပရပ်၊ ဇွန်လ ၁၀
တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဥရောပရွေးကောက်ပွဲများကို ဩဇာလွှမ်းမိုးရန်အတွက် ဆန်းပြားရှုပ်ထွေး သည့် လုပ်ဆောင်ချက်များဖြင့် ကြိုးပမ်းလာကြောင်း ချက်နိုင်ငံ၊ ပရပ် (Prague) မြို့တော်အခြေစိုက် နိုင်ငံတကာ ရေးရာအသင်း၏ မကြာသေးမီက ထုတ်ပြန်သည့် လေ့လာချက်ကို ကိုးကားပြီး EPARDAFAS သတင်းဝက်ဘ်ဆိုက် မှ ဖော်ပြခဲ့သည်။
ဥရောပပါလီမန် ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ထုတ်ပြန်ခဲ့သည့် ထိုလေ့လာချက်၌ ရွေးကောက်ပွဲ ဆိုင်ရာ ဝင်ရောက်စွက်ဖက်မှုတွင် တရုတ်၏ ပါဝင်မှု မြင့်တက်နေသော အခြေအနေကို အလေးထားဖော်ပြခဲ့သည်။
တရုတ်သည် ဥရောပရွေးကောက်ပွဲများကို စိုးမိုးခြယ်လှယ်ရန် နိုင်ငံရေး ဩဇာလွှမ်းမိုးမှု၊ သတင်းအချက်အလက် ကြိုးကိုင်ခြယ်လှယ်မှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် သူလျှိုလုပ်မှု အပါအဝင် များပြားသည့် နည်းစနစ်များကို အသုံးပြု ခဲ့ကြောင်း သုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။

ဥရောပရွေးကောက်ပွဲကို တွေ့ရစဉ်
ဥရောပပါလီမန်တွင် လာမည့် သက်တမ်း ၅ နှစ်အတွက် လွှတ်တော်အမတ်များကို ရွေးကောက်ရန် ဇွန်လ ၆ ရက်မှ ၉ ရက်အထိ ပြုလုပ်သည့် ရွေးကောက်ပွဲ၌ လူပေါင်း သန်း ၄၀၀ နီးပါးက မဲပေးရန် ပြင်ဆင်ခဲ့ချိန် ရွေးကောက်ပွဲ အပေါ် လွှမ်းမိုးရန် တရုတ်၏ ကြိုးပမ်းမှုသတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ထိုရွေးကောက်ပွဲ ရလဒ်များသည် နိုင်ငံရေး အခင်းအကျင်းကို ပြန်လည်ပုံဖော်စေနိုင်ပြီး တရုတ်အပေါ်ထားရှိသည့် မူဝါဒကို ပြောင်းလဲစေမည်ဖြစ်ကာ ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် ပြည်ပ၏ လွှမ်းမိုးမှုနှင့်ပတ်သက်၍ ဥရောပ သမဂ္ဂ၏ ရပ်တည်ချက်အပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။
ထိုလေ့လာချက်တွင် တရုတ်သည် ၎င်း၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ရန်နှင့် ခေတ်မီ နည်းပညာများ ကို ရရှိပိုင်ဆိုင်ရန် စေ့ဆော်မှုဖြင့် ထိုကဲ့သို့ ကြားဝင် စွက်ဖက်မှုများကို လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဥရောပရွေးကောက်ပွဲကို တွေ့ရစဉ်
တရုတ်သည် အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ကုန်သွယ်ရေးကဏ္ဍ၌ အမေရိကန်အပေါ် မှီခိုမှု လျှော့ချမည်ဆိုပါက ဥရောပသမဂ္ဂကို အလားအလာရှိသည့် ကုန်သွယ်မိတ်ဖက်အဖြစ် CCP က ရှုမြင်ထားသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း CCP သည် နိုင်ငံပေါင်း ၇ နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ၁၀ ခုကို ဆိုက်ဘာ နှင့် ဆက်နွှယ်သော ကြားဝင်စွက်ဖက်မှုများ ပြုလုပ်ခဲ့သည်။
ထိုရွေးကောက်ပွဲ အများစုမှာ အာရှ-ပစိဖိတ်ဒေသမှ ဖြစ်သည်ဟု လေ့လာချက်တွင် ဖော်ပြခဲ့သည်။
ထိုကြားဝင်စွက် ဖက်မှုများတွင် မဲဆန္ဒရှင်များ၏ အချက်အလက်များကို ခိုးယူခြင်း၊ လွှတ်တော်ဆိုင်ရာ ဆာဗာများ အား ချိုးဖောက်ဝင်ရောက်ခြင်း၊ ထောက်လှမ်းရေး အချက်အလက်များ ရယူရန် ဆိုက်ဘာတိုက်ခိုက်ခြင်းတို့ ပါဝင် ကြောင်း လေ့လာမှုတွင် ဖော်ပြခဲ့သည်။
Source: EPARDAFAS
- By CNI
- Category: နိုင်ငံရေး
- Hits: 1958
CNI International News
ကိယက်ဗ်၊ ဇွန်လ ၁၀
ရှေ့တန်းစစ်မြေပြင်နှင့် ကီလိုမီတာ ၆၀၀ (မိုင် ၃၇၀) အကွာအဝေးရှိ ရုရှား၏ လေတပ်စခန်းတွင် ရပ်နားထားသည့် ခေတ်အမီဆုံး စစ်လေယာဉ်များထဲမှ တစ်စင်းကို ယူကရိန်းတပ်ဖွဲ့များမှ ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု ယူကရိန်းအာဏာပိုင်များက ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ယူကရိန်း၏ စစ်ထောက်လှမ်းရေးအဖွဲ့သည် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံ များကို ထုတ်ပြန်ခဲ့ပြီး ထိုဖြစ်စဉ်သာ အတည်ပြုနိုင်မည်ဆိုပါက ရုရှား၏ ခေတ်အမီဆုံးဖြစ်သော အင်ဂျင်နှစ်လုံး တပ် Su-57 ကိုယ်ပျောက် တိုက်လေယာဉ်ကို ယူကရိန်းက ပထမဆုံး အောင်မြင်စွာ တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်လာ မည် ဖြစ်သည်။
ယူကရိန်းထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံတစ်ပုံတွင် ရပ်နားထားသော လေယာဉ်တစ်စင်းအနီး တွင် အမည်းရောင် မီးခိုးများနှင့် အသေးစား ချိုင့်ခွက်တစ်ခုကို မြင်တွေ့ရသည်။
ယူကရိန်း ထောက်လှမ်းရေးဌာန၏ ထုတ်ပြန်ချက်အရ ထိုတိုက်ခိုက်မှုသည် ဇွန်လ ၉ ရက်က ရုရှားတောင်ပိုင်း အက်ခ်တူဘင့်စ် (Akhtubinsk) လေတပ်စခန်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ရုရှားစစ်သားကိုတွေ့ရစဉ်
ထိုတိုက်ခိုက်မှုကို မည်သည့် လက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဆိုခြင်းကို ရှင်းလင်းစွာ မသိရသေးသော်လည်း လေဆိပ်၏ တည်နေရာ အကွာအဝေးအရ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဂျာမနီတို့က ယူကရိန်းအား ၎င်းတို့ ထောက်ပံ့ပေးထားသည့် လက်နက်များကို အသုံးပြုပြီး ရုရှား နယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခွင့် ပြုခဲ့ပြီးနောက် အထက်ပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းတို့ တိုက်ခိုက်ခဲ့သည့် လေယာဉ်သည် ရေဒါကို ရှောင်လွှဲနိုင်သည့် ဒုံးကျည်များကို သယ်ဆောင်နိုင်ပြီး ရုရှား၏ လက်နက်တိုင်းတွင် ထိုအမျိုးအစား လေယာဉ် အနည်းငယ်သာရှိသည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့ခြင်းမရှိပေ။
ရုရှားအေဂျင်စီများက ထုတ်ပြန်သည့် သတင်းများတွင်မူ ရုရှားစစ်တပ်သည် Su-57 လေယာဉ်အသစ် ၁၀ စင်းကို ရရှိခဲ့ပြီး နောက်ထပ် ၇၆ စင်းကို ၂၀၂၈ ခုနှစ်တွင် အပြီးသတ် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 3776
CNI International News
ဘန်ကောက်၊ ဇွန်လ ၁၀
ထိုင်းဘုရင်စနစ်အား ဝေဖန်ခဲ့သည်ဆိုသည့် စွဲချက်များကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သက်ဆင်၏ ညီမဖြစ်သူ ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra)ဦးဆောင်သည့် အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ သော ဘုရင်စနစ်သစ္စာခံ ထိုင်းစစ်တပ်က ၂၀၁၅ ခုနှစ်တွင် ပြည်ပမီဒီယာတစ်ခုနှင့် အင်တာဗျူး ပြုလုပ်ချိန်အတွင်း သက်ဆင်၏ မှတ်ချက်စကားများနှင့်ပတ်သက်ပြီး တိုင်ကြားစာ တင်ခဲ့ခြင်းဖြစ်သည်။
သက်ဆင်ကို တရားစွဲဆိုထားသည့် အခြားစွဲချက်များတွင် ကွန်ပျူတာ ရာဇဝတ်မှုဥပဒေကို ချိုးဖောက်သည့် စွဲချက် များလည်း ပါဝင်ခဲ့သည်။

ထိုင်းဘုရင်ကို ဆန့်ကျင်နေကြစဉ်
သက်ဆင်ကမူ သူသည် ဇွန်လ ၁၈ ရက်တွင် အစိုးရရှေ့နေများနှင့် တွေ့ဆုံမည်ဖြစ်ပြီး အမှုနှင့်ပတ်သက်၍ မစိုးရိမ် ကြောင်း၊ ၎င်းအနေဖြင့် အမှုကို ဖြေရှင်းရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
“အဲဒီအမှုက ဘာမှမဟုတ်ဘူး အခြေအမြစ် မရှိပါဘူး” ဟု သက်ဆင်က သတင်းထောက်များကို ပြောသည်။
သက်ဆင် (၇၄ နှစ်)က သူသည် မည်သည့် အမှားအယွင်းမှ လုပ်ထားခြင်း မရှိကြောင်း ငြင်းပယ်ခဲ့ပြီး ကမ္ဘာ့ အတင်းကျပ်ဆုံး တော်ဝင်အသရေဖျက်မှုဥပဒေဖြင့် ကာကွယ်ပေးခံထားရသည့် ဘုရင့်မိသားစုအပေါ် သစ္စာခံ ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။
သက်ဆင်၏ အမှုသည် တော်ဝင်အသရေဖျက်မှုဥပဒေဖြင့် တရားစွဲဆိုခံရသည့် အမှုပေါင်း ၂၇၀ ကျော်တွင် လူသိများ အထင်ရှားဆုံးအမှု ဖြစ်သည်။
ထိုဥပဒေအရ စွဲချက် တစ်ခုချင်းစီအတွက် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရမည် ဖြစ်သည်။

သက်ဆင်ညီမ ယင်းလပ်ကို တွေ့ရစဉ်
သက်ဆင်သည် ဖြူးထိုင်းပါတီကို ထူထောင်ခဲ့သူဖြစ်ပြီး ၎င်းတို့မိသားစုသည် ၂၀၀၁ ခုနှစ်ကတည်းက ရွေးကောက်ပွဲတစ်ပွဲမှလွဲပြီး ကျန်ရွေးကောက်ပွဲအားလုံးတွင် အနိုင်ရခဲ့သည်။
သို့သော် သက်ဆင်မိသားစု၏ အစိုးရအဖွဲ့ ၃ ဖွဲ့(အစိုးရအဖြစ် ၃ ကြိမ် တာဝန်ယူ)သည် အာဏာသိမ်းခံရမှု သို့မဟုတ် တရားရုံးဆုံးဖြတ်ချက်များကြောင့် ဖြုတ်ချခံခဲ့ရသည်။
သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ပြည်ပတွင် ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ထိုင်းသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။
သူသည် အာဏာအလွဲသုံးစားမှု အပါဝင် အခြားအမှုများဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသော်လည်း ထိုင်းဘုရင် က ၎င်း၏ ထောင်ဒဏ်ကို ၁ နှစ်အထိ လျှော့ပေါ့ပေးခဲ့ကာ ယခုနှစ် ဖေဖော်ဝါရီလတွင် ခံဝန်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1284
CNI International News
ဘေကျင်း၊ ဇွန်လ ၁၀
ဇမ်ဘီယာ၊ စင်္ကာပူ၊ ပီရူးနှင့် ယူအေအီးနိုင်ငံများတွင် နေထိုင်သူများကို ပြစ်မှတ်ထားပြီး အွန်လိုင်းပေါ်မှ ငွေကြေး လိမ်လည်မှုများ အပါအဝင် အခြား ဆိုက်ဘာရာဇဝတ်မှုများဖြင့် တရုတ်နိုင်ငံသား ၂၂ ဦးကို ဇမ်ဘီယာတရားရုံးက ဇွန်လ ၇ ရက်၌ ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
လူဆာကာ (Lusaka) မြို့တော်ရှိ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက ထိုတရုတ်နိုင်ငံသားများအား ထောင်ဒဏ် ၇ နှစ်မှ ၁၁ နှစ်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။
ထို့ပြင် တရားခံများသည် ကွန်ပြူတာနှင့် ဆက်နွှယ်သည့် လိမ်လည်မှုများကို ပြုလုပ်ခဲ့သော စွဲချက်များအား အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် တရားရုံးက ၎င်းတို့ကို ဒဏ်ငွေ ဒေါ်လာ ၁၅၀၀ မှ ဒေါ်လာ ၃၀၀၀ အထိ အသီးသီး ချမှတ်ခဲ့သည်။

ဇမ်ဘီယာမှာ ငွေလိမ်တဲ့လူတွေကို ဖမ်းမိစဉ်
ထို့ပြင် ကင်မရွန်းနိုင်ငံမှ အမျိုးသားတစ်ဦးသည်လည်း အလားတူ စွဲချက်များဖြင့် ထောင်ဒဏ်နှင့် ငွေဒဏ်မှား ချမှတ်ခံခဲ့ရသည်။
ပြစ်ဒဏ်ချမှတ် ခံရသူများသည် ဧပြီလအတွင်းက ဇမ်ဘီယာနိုင်ငံသား အများစု အပါအဝင် လူပေါင်း ၇၇ ဦးအား အွန်လိုင်းမှ ငွေလိမ်သည့် ကွန်ရက်ကို တည်ထောင်မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သော အုပ်စုထဲတွင် ပါဝင်ခဲ့သူများဖြစ်သည်။
ဆိုက်ဘာနှင့်ဆက်နွှယ်သည့် လိမ်လည်မှုများ၊ မိုဘိုင်းဖုန်းများနှင့် ဘဏ်အကောင့်များမှ ငွေများထူးဆန်းစွာ ဆုံးရှုံး ခဲ့ရသူများ၏ တိုင်ကြားချက်များ မြင့်တက်လာခဲ့ပြီးနောက် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်ဟု မူးယစ်ဆေးဝါး တရားဥပဒေစိုးမိုးရေးကော်မရှင်၏ ညွှန်ကြားရေးမှူးချုပ် နာဆန်ဘန်ဒါ (Nason Banda) က ပြောကြားခဲ့သည်။
ထိုကော်မရှင်မှ အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိများနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့ဝင်များသည် ဧပြီလအတွင်းက လူဆာကာမြို့တော် ဆင်ခြေဖုံးရှိ တရုတ်နိုင်ငံသားများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုကို ဝင်ရောက်စီးနင်းပြီး ယခုပြစ်ဒဏ်ချမှတ်ခံရသူများ အပါအဝင် လူပေါင်း ၇၇ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဇမ်ဘီယာမှ ငွေလိမ်သူတွေ သုံးတဲ့ ကွန်ပျူတာတွေကိုတွေ့ရစဉ်
ထိုဝင်ရောက် စီးနင်းမှုအတွင်း အာဏာပိုင်များသည် ပြည်တွင်း/ပြည်ပ မိုဘိုင်းဖုန်း ဆင်းကဒ် ၁၃,၀၀၀ ကျော်၊ လက်နက် ၂ လက် ၊ ကျည်ဆန် ၇၈ တောင့်ကို သိမ်းဆည်းရမိခဲ့သည်။
Golden Top Support Services ဟု အမည်ပေးထားသည့် ထိုစီးပွားရေး လုပ်ငန်းသည် အသက် ၂၀ မှ ၂၅ နှစ် ကြား ဇမ်ဘီယာလူငယ်များကို အလုပ်ခန့်ထားပြီး WhatsApp ၊ Telegram ကဲ့သို့ လူမှုမီဒီယာများကို အသုံးပြုကာ ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဖော်ပြခဲ့သည်။
ထိုဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သည့် ဒေသခံများကိုမူ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
Source: SCMP
- By CNI
- Category: နိုင်ငံရေး
- Hits: 1663
CNI International News
ဝါရှင်တန်၊ ဇွန်လ ၈
ထိုင်ဝမ်အပေါ် စစ်ပွဲဆင်နွှဲမှုသည် ဒုတိယကမ္ဘာစစ်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကဲ့သို့ ကြီးမားသည့် ကမ္ဘာလုံးဆိုင်ရာ နောက်ဆက်တွဲ အခြေအနေများကို ဖြစ်စေလိမ့်မည်ဟု အမေရိကန်ဆိုင်ရာ သြစတြေးလျ သံအမတ် ကီဗင် ရုဒ် (Kevin Rudd) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ယခုလထဲတွင် အသက် ၇၁ နှစ်ပြည့်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) အနေဖြင့် ထိုင်ဝမ်ကို တရုတ်နှင့် အပြီးသတ် ပြန်လည်ပေါင်းစည်းလိုပါက အသက် ၈၀ မပြည့်မီ လာမည့် ဆယ်စုနှစ်အတွင်း လုပ်ဆောင်လိမ့်မည်ဟု ရုဒ်က ဟိုနိုလူလူ (Honolulu) မြို့တွင် ဇွန်လ ၆ ရက်နေ့မှာပဲ မိန့်ခွန်းပြောကြားခဲ့သည်။
"မကြာသေးခင်က တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေ အပါအဝင် တရုတ်စစ်တပ်ရဲ့ ရှင်းလင်းပြတ်သားတဲ့ အချက်ပြမှုတွေကို လျစ်လျူရှုမယ်ဆိုရင် ကျနော်တို့ ရူးမိုက်ရာကျပါလိမ့်မယ်" ဟု ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း သြစတြေးလျဝန်ကြီးချုပ်အဖြစ် သက်တမ်း ၂ ကြိမ် ထမ်းဆောင်ခဲ့ဖူးသည့် ရုဒ်က ပြောသည်။
တရုတ်က ထိုကဲ့သို့ လုပ်ဆောင်မည် ဟုတ်/မဟုတ် ဆိုခြင်းသည် အမေရိကန်၏ အခြိမ်းအခြောက် အဟန့်အတား ခိုင်မာမှု ရှိ/မရှိ အပေါ်တွင် မူတည်သည်ဟုလည်း ၎င်းက ဆိုသည်။
"စစ်ပွဲဖြစ်ပွားလာမယ်ဆိုရင် စီးပွားရေး ထိခိုက်မှုတွေ၊ ပြည်တွင်းနိုင်ငံရေး ဂယက်ရိုက်မှုတွေနဲ့ မခန့်မှန်းနိုင်တဲ့ ပထဝီ-မဟာဗျူဟာ အကျိုးသက်ရောက်မှုတွေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကျနော်တို့ တစ်ခါမှ မမြင်ဖူးတဲ့ အခြေအနေအထိ ဖြစ်စေနိုင်ပါတယ်" ဟု ရုဒ်က ပြောသည်။

ထိုင်ဝမ်အလံများလွှင့်ထူထားစဉ်
"အဲဒီလို အခြေအနေမှာ အမေရိကန်ကပဲ နိုင်နိုင်၊ တရုတ်ကပဲနိုင်နိုင်၊ ဒါမှမဟုတ် သွေးစွန်းတဲ့ မတိုးသာ မဆုတ်သာ အခြေအနေမျိုးတွေဟာ ကမ္ဘာကြီးဟာ အရင်ကနဲ့မတူတော့တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါလိမ့်မယ်" ဟု သြစတြေးလျသံအမတ်က ပြောသည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး၍ ထိန်းချုပ် သွားမည်ဟု ပြောကြားခဲ့သော်လည်း ထိုင်ဝမ်ကမူ တရုတ်၏ အချုပ်အခြာ အာဏာပိုင်ကြောင်း ထွက်ဆိုချက်များ ကို ငြင်းပယ်ထားသည်။
ထိုင်ဝမ် လူထုသည် ၎င်းတို့၏ အနာဂတ်ကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်သည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲနှင့် သမ္မတ လိုင်ချင်တေ (LaiChing-te)၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အပြီးတွင် ထိုင်ဝမ်ကျွန်းအနီး တရုတ်၏ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အမေရိကန်က စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
တရုတ်ကမူ အမေရိကန်အား တရုတ်နှင့်ထိုင်ဝမ် အရေးကို ဝင်ရောက် မစွက်ဖက်သင့်ကြောင်း သတိပေးထား သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 7475
CNI International News
ပဲရစ်၊ ဇွန်လ ၈
ပြင်သစ်နိုင်ငံ၊ ပဲရစ် (Paris) မြို့တော်တွင် ဇွန်လ ၇ ရက်တွင် ပြုလုပ်မည့် D-Day နှစ်ပတ်လည် အခမ်းအနားများ၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် စစ်ရေးအကူအညီ ဒေါ်လာ ၂၂၅ သန်းနှင့်အတူ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskiy) နှင့် တွေ့ဆုံမည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဝါရှင်တန် (Washington) သို့ ဇာလန်းစကီး လာရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ယခုအကြိမ် တွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦးအကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်။
ထို့ပြင် ဘိုင်ဒန်နှင့် ဇာလန်းစကီးတို့သည် လာမည့် သတင်းပတ်၌ အီတလီနိုင်ငံတွင် ပြုလုပ်မည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G 7) ညီလာခံတွင်လည်း ထပ်မံတွေ့ဆုံမည်ဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် ချမ်းသာသည့်နိုင်ငံများသည် ရုရှား၏ ပိုင်ဆိုင်မှုများကို ပိတ်ပင်ရေး၊ ယူကရိန်းအား ဒေါ်လာ ဘီလျံ ၅၀ ထောက်ပံ့ရေးတို့ကို ဆွေးနွေးကြမည်ဖြစ်သည်။
အနောက်နိုင်ငံများသည် ယူကရိန်းကို ကူညီထောက်ပံ့ရေးအတွက် ဆုံးဖြတ်ချက် ချမှတ်မှုများသည် အလွန် အချိန်ကြာမြင့်သည်ဟု ဇာလန်းစကီးက ပြီးခဲ့သည့်လတွင် ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဘိုင်ဒန်နဲ့ ဇာလန်းစကီးကို တွေ့ရစဉ်
ဘိုင်ဒင်သည် ဇွန်လ ၆ ရက်က ပြင်သစ်နိုင်ငံ၏ နောမန်ဒီ (Normandy) ဒေသသို့ ရောက်ရှိလာချိန် ဒုတိယကမ္ဘာစစ်က ဖြစ်စဉ်များနှင့် ယူကရိန်း-ရုရှားစစ်ပွဲကို နှိုင်းယှဉ်ပြောကြားခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ကို အာဏာရှင်ဟု ခေါ်ဆိုခဲ့သည်။
အမေရိကန်က ယူကရိန်းကို ထောက်ပံ့မည့် ဒေါ်လာ ၂၂၅ သန်းတန် စစ်ရေးအကူအညီတွင် အမြောက်ကျည်များ၊ လေကြောင်းကာကွယ်ရေးစနစ်များနှင့် အခြားလက်နက်ပစ္စည်းများ ပါဝင်သည်ဟု သတင်းရင်းမြစ်များက ဖော်ပြခဲ့ သည်။
ရုရှားတပ်ဖွဲ့များသည် မေလ ၁၀ ရက်စပြီး ထိုးစစ် အသစ်တစ်ခုကို စတင်ခဲ့ပြီးနောက် ယူကရိန်း၏ ကျေးရွာများကို သိမ်းပိုက်ခဲ့ကာ ယူကရိန်းသည် ခါကိဗ် (Kharkiv) ဒေသတွင် ခံစစ်ဆင်နွှဲရန် ရုန်းကန်းနေရသည်။
ဘိုင်ဒင်သည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း ယူကရိန်းအား အမေရိကန်က ထောက်ပံ့ပေးသော လက်နက်များ ကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်များအား တိုက်ခိုက်ခွင့်ပြုခဲ့သည်။
လက်ရှိအချိန်တွင် အမေရိကန်သည် ယူကရိန်း၏ လက်နက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်း နေရကြောင်း ဝါရှင်တန်ရှိ လက်ထောက်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဂျွန် ဖိုင်နာ (Jon Finer) က ဇွန်လ ၆ ရက်တွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1929
CNI International News
နယူးဒေလီ၊ ဇွန်လ ၈
တရုတ်သည် လူမှုမီဒီယာများတွင် နိုင်ငံတကာရှိ ဆစ်ခ်ဆန္ဒပြမှု သတင်းအမှားများကို ဖြန့်ပြီး သွေးထိုးလှုံ့ဆော် မှုများ ပြုလုပ်နေသည့် Bitter Winter အွန်လိုင်းမဂ္ဂဇင်းမှ ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်က ကနေဒါတွင် ဆစ်ခ်ခွဲထွက်ရေး တက်ကြွလှုပ်ရှားမှု ခေါင်းဆောင် ဟာဒိပ် ဆင်း နစ်ဂျား (Hardeep Singh Nijjar) သည် ဗြိတိသျှ ကိုလံဘီယာ (British Comumbia) ပြည်နယ် ဆာရေး (Surrey) မြို့တွင် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။
နစ်ဂျားသည် ခါလစ္စတန် (Khalistan) အမည်ရှိ အိန္ဒိယမှ ခွဲထွက်ပြီး ဆစ်ခ်နိုင်ငံ ထူထောင်ရေးအတွက် အားကြိုး မာန်တက် လှုပ်ရှားခဲ့သူဖြစ်ပြီး ၎င်း သတ်ဖြတ်ခံရမှုတွင် အိန္ဒိယထောက်လှမ်းရေးအဖွဲ့များ ပါဝင်ပတ်သက်ဖွယ်ရှိ သည်ဟု ကနေဒါအာဏာပိုင်များက ပြောကြားခဲ့သဖြင့် ကနေဒါနှင့် အိန္ဒိယအကြား သံတမန်ဆက်ဆံရေး တင်းမာ ခဲ့ရသည်။
နစ်ဂျားကို မည်သူက သတ်ဖြတ်ခဲ့သည်ဆိုခြင်းမှာ ရှင်းလင်းစွာ မသိခဲ့ရသော်လည်း လက်ရှိတွင် တရုတ်သည် ထိုဖြစ်စဉ်ကို အသုံးချပြီး နိုင်ငံတကာသို့ ပြန့်ကြဲထွက်ခွာခဲ့သည့် ဆစ်ခ်များအား သွေးထိုးလှုံ့ဆော်လျက်ရှိသည်။

ဆစ်ခ်လူမျိုးများ ဆန္ဒပြနေကြစဉ်
ထို့နောက် သြစတြေးလျ၊ နယူးဇီလန်နှင့် အခြားနိုင်ငံများတွင်လည်း အိန္ဒိယဆန့်ကျင်သည့် ဆန္ဒပြမှုအတုများကို ဖန်တီးနေသည့် အချက်မှာ သိသာထင်ရှားလာခဲ့သည်ဟု Bitter Winter မှ ဖော်ပြခဲ့သည်။
Facebook ၊ Instagram နှင့် WhatsApp တို့ကို ပိုင်ဆိုင်သည့် Meta ကုမ္ပဏီ၏ မေလအတွင်းက ထုတ်ပြန်ချက် တစ်ခုတွင် တရုတ်က ဖန်တီးခဲ့သော လူမှုမီဒီယာ အကောင့်တုများနှင့်ပတ်သက်ပြီး သတိပေးခဲ့သည်။
ထိုသတိပေးစာတွင် တရုတ်နိုင်ငံအတွင်း ဖန်တီးခဲ့သည့် ကွန်ရက်သည် သြစတြေးလျ၊ ကနေဒါ၊ အိန္ဒိယ၊ နယူးဇီလန်၊ ပါကစ္စတန်၊ ဗြိတိန်နှင့် နိုက်ဂျီးရီးယား အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ဆစ်ခ်အသိုင်းအဝိုင်းကို ပစ်မှတ်ထားခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်သည် ထိုလှုပ်ရှားမှုကို "Operation K" ဟုပင် နာမည် ပေးထားသည်ဟု ဆိုသည်။ Meta ကုမ္ပဏီက Facebook အကောင့် ၃၇ ခု၊ Page ၁၃ ခု၊ Group ၅ ခု၊ Instagram အကောင့် ၉ ခု တို့ကို ဖယ်ရှားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဆစ်ခ်လူမျိုးများ ဆန္ဒပြနေကြစဉ်
အဆိုပါ Facebook Page များတွင် follow လုပ်ထားသည့် အကောင့်ပေါင်း ၂၇,၀၀၀ ခန့်ရှိပြီး Facebook Group များထဲမှ Group တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော Group များတွင် အကောင့်ပေါင်း ၁၃၀၀ ပါဝင်သည်ဟု Meta က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် Instagram အကောင့်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် အကောင့်များတွင် follow လုပ်ထားသော အကောင့်ပေါင်း ၁၀၀ ခန့်ရှိသည်။
ထိုတွေ့ရှိချက်သည် ပမာဏ အနည်းငယ်သာဖြစ်နိုင်ပြီး နောက်ထပ် ထောက်လှမ်းတွေ့ရှိခြင်း မရှိသေးသည့် အကောင့်များနှင့် Page များ များစွာရှိနိုင်သည်ဟု Meta က ထုတ်ပြန်ခဲ့သည်။
Source: Bitter Winter
