
- By CNI
- Category: နိုင်ငံရေး
- Hits: 712
CNI International News
ဂါဇာ၊ နိုဝင်ဘာ ၂၃
အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့အကြား နိုဝင်ဘာ ၂၂ ရက်နေ့က ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေးတွင် အကျဉ်းချခံထားရသည့် ပါလက်စတိုင်း အကျဉ်းသား ၁၅၀ နှင့် ဂါဇာတွင် ဖမ်းဆီးခံထားရသည့် ဓားစာခံ ၅၀ ကို လဲလှယ်ရန်၊ ဂါဇာဒေသအတွင်းသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ခွင့်ရစေရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို လျှို့ဝှက်ပြုလုပ်ခဲ့ရကြောင်း အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးသည့် ကာတာနိုင်ငံမှ အရာရှိများက ပြောကြားခဲ့သည်။
အဆိုပါ သဘောတူညီချက် ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းကတည်းက အမေရိကန်၊ အစ္စရေးနှင့် ဟားမာ့စ်အရာရှိများက ပြောကြားခဲ့ကြသည်။
ဟားမာ့စ်က ဖမ်းထားတဲ့ ဓားစားခံတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြစဉ်
ဟားမာ့စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်တွင် လူပေါင်း ၁၂၀၀ ခန့်ကို သတ်ဖြတ်ခဲ့သလို ဓားစာခံ ၂၀၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု ယူဆရကြောင်း အစ္စရေး အရာရှိများက ထုတ်ပြန်ခဲ့သည်။
၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ဂါဇာ၌ ဖမ်းဆီးခံထားရသည့် ဓားစာခံများအနက် အမျိုးသမီး များနှင့် ကလေးများ စုစုပေါင်း ၅၀ ခန့် လွတ်မြောက်လာလိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ၏ ရုံးက ထုတ်ပြန်ခဲ့သည်။
နောက်ထပ် ဓားစာခံ ၁၀ ဦးစီ ပြန်လွတ်လာတိုင်း အပစ်အခတ်ရပ်စဲရေးကို တစ်ရက်စီ ထပ်တိုးသွားမည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစ္စရေးဘက်က ပါလက်စတိုင်း အကျဉ်းသားမည်မျှကို ပြန်လွှတ်ရမည်ဆိုခြင်းကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ဟားမာ့စ်က ဖမ်းထားတဲ့ ဓားစားခံတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြစဉ်
"အစ္စရေးအစိုးရဟာ ဓားစာခံအားလုံး ပြန်လည်လွတ်မြောက်လာစေဖို့ ကြိုးပမ်း လုပ်ဆောင်နေပါတယ်။ ဒီနေ့ည မှာတော့ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ပထမအဆင့်အဖြစ် အပစ်အခတ်ရပ်စဲရေး အဆိုပြု ချက်ကို အတည်ပြုခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ ဆေးဝါးနှင့် လောင်စာများ တင်ဆောင်ထားသော ရာနှင့်ချီသည့် ထရပ်ကားများကို ဂါဇာဒေသအတွင်းသို့ ဝင်ခွင့်ပြုရန် သဘောတူညီချက်လည်း ပါဝင်ခဲ့သည်။
အစ္စရေးစစ်တပ်ကလည်း အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ဂါဇာဒေသအတွင်း တိုက်ခိုက်မှုများ သို့မဟုတ် ဖမ်းဆီးမှုများကို လုပ်ဆောင်မည် မဟုတ်ကြောင်း ကတိပြုခဲ့သည်။
ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လည်း ကြိုဆိုခဲ့ သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 526
CNI International News
ဂူဝါဟတီ၊ နိုဝင်ဘာ ၂၃
အိန္ဒိယနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန် ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက နိုဝင်ဘာ ၂၁ ရက်က တိုက်တွန်းခဲ့သည်ဟု Northeast Now မှ ဖော်ပြခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ရှိနေသည့် အိန္ဒိယနိုင်ငံသားများအနေနှင့်လည်း ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးတွင် အမည်စာရင်း ပေးသွင်းရန် အိန္ဒိယအစိုးရက အကြံပြုခဲ့သည်။
မြန်မာ(တမူး)နဲ့ အိန္ဒိယ(မိုရေး)နယ်စပ်ကို တွေ့ရစဉ်
မကြာသေးမီက မြန်မာနိုင်ငံတွင် တပ်မတော်နှင့် လက်နက်ကိုင်များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ပြီးခဲ့သည့်လက စတင်ဖြစ်ပွားခဲ့သည့်် ပြင်းထန်သော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၉၀,၀၀၀ ခန့်ရှိခဲ့သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
"မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုရှိနေတဲ့ လုံခြုံရေးအခြေအနေကြောင့် မလိုအပ်ဘဲ မြန်မာနိုင်ငံကို သွားရောက်ခြင်း မပြုဖို့ အိန္ဒိယနိုင်ငံသား အားလုံးကို အကြံပြုချင်ပါတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေ အနေနဲ့ လည်း ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေကို သွားရောက်ခြင်းကနေ ရှောင်ကြဉ်ဖို့နဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားဖို့ အကြုံပြုပါတယ်။ မြန်မာနဲ့ အိန္ဒိယအကြား ကုန်းလမ်းခရီးက သွားရောက်မှုတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်" ဟု အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သည်။
မြန်မာ(တမူး)နဲ့ အိန္ဒိယ(မိုရေး)နယ်စပ်ကို တွေ့ရစဉ်
ထိုအချိန် အတောအတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံတွင် ရှိနေသည့် အိန္ဒိယနိုင်ငံ သားများကို ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးတွင် အမည်စာရင်း ပေးသွင်းရန် တိုက်တွန်းထားသည်။
Source: Northeast Now
- By CNI
- Category: နိုင်ငံရေး
- Hits: 745
CNI International News
ကိယက်ဗ်၊ နိုဝင်ဘာ ၂၂
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) သည် ယူကရိန်းနိုင်ငံ ကိယက်ဗ် (Kyiv) မြို့တော်သို့ ကြိုတင်ကြေညာခြင်းမရှိဘဲ သွားရောက်ခဲ့သည်။
ထို့နောက် ယူကရိန်းအတွက် ဒေါ်လာ သန်း ၁၀၀ တန်ကြေးရှိ စစ်ရေးအကူအညီများ ပေးမည်ဟု ပြောကြားခဲ့ ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အော်စတင်သည် နိုဝင်ဘာ ၂၁ ရက်က ယူကရိန်းသမ္မတ ဇာလန်စကီး၊ ကာကွယ်ရေးဝန်ကြီး ရုစ်တမ် အူမာရော့ဗ် (Rustem Umerov) ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလူဇညီ (Valerii Zaluzhnyi) နှင့် တွေ့ဆုံခဲ့သည်။
ထိုတွေ့ဆုံမှုများအတွင်း အမေရိကန်က ယူကရိန်းအား ဆက်လက်ပြီး ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း အော်စတင်က ကတိပြုခဲ့သည်။
"ဒီနေ့ သင့်ဆီကို ယူဆောင်လာတဲ့ သတင်းစကားကတော့ အမေရိကန်ဟာ သင်နဲ့အတူ ရှိနေတယ်ဆိုတဲ့ သတင်းစကား ဖြစ်ပါတယ်။ ကျနော်တို့ဟာ သင်နဲ့အတူ အချိန်အကြာကြီး ဆက်ရှိနေမှာပါ" ဟု အော်စတင်က ဇယ်လန်စကီးကို ပြောကြားခဲ့သည်။
လွိုက်အော်စတင်နဲ့ ဇာလန်းစကီးကို တွေ့ရစဉ်
ရုရှားတပ်ဖွဲ့များကို အနိုင်တိုက်ခိုက်ရန် ယူကရိန်း၏ အားထုတ်ကြိုးပမ်းမှုသည် တစ်ကမ္ဘာလုံးအတွက် အရေးကြီး သည့်ကိစ္စဖြစ်ပြီး အမေရိကန်သည် ယူကရိန်းကို ရေရှည် ဆက်လက်ထောက်ပံ့ ပေးသွားမည်ဟုလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောသည်။
ထို့ပြင် ရုရှား၏ တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာလိမ့်မည်ဟု မျှော်လင့်ရကြောင်း အော်စတင်က ယူကရိန်း ခေါင်းဆောင်များနှင့် အစည်းအဝေး ပြုလုပ်အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီသစ်တွင် တင့်ကားဖျက်လက်နက်များ၊ လေကြောင်း ကာကွယ်ရေး စနစ်များနှင့် HIMARS လက်နက်ကြီးစနစ်များလည်း ပါဝင်ခဲ့သည်။
ဇာလန်းစကီးကလည်း အော်စတင်၏ ခရီးစဉ်သည် ယူကရိန်းအတွက် အလွန်အရေးကြီးသည့် အချက်ပြမှု တစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။
"သင်တို့ရဲ့ ကူညီထောက်ပံ့မှုကို ကျနော်တို့ အားကိုးပါတယ်" ဟု ဇာလန်းစကီးက ပြောသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက် ခဲ့ချိန်ကတည်းက အမေရိကန်သည် ယူကရိန်းကို ဒေါ်လာ ၄၄ ဘီလျံ ကျော် ထောက်ပံ့ပေးခဲ့ပြီး အမေရိကန်၏ မဟာမိတ်များကလည်း ယူကရိန်းကို ဒေါ်လာ ၃၅ ဘီလျံ ထောက်ပံ့ပေးခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 642
CNI International News
တိုင်ပေ၊ နိုဝင်ဘာ ၂၂
အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်ဝမ်သံတမန်ဟောင်း ရှောင်ပိုင်ခင် (Hsiao Bi-khim) သည် ၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ လက်ရှိ ဒုတိယသမ္မတဖြစ်သည့် ဝီလျှံလိုင် (William Lai) ၏ တွဲဖက် ကိုယ်စားလှယ် လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်ရန် တရားဝင် မှတ်ပုံတင်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အသက် ၅၂ နှစ်အရွယ် ရှောင်သည် အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ(DPP)၏ လွှတ်တော်အမတ် ဟောင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှ ယခုသီတင်းပတ်အတွင်း ရာထူးမှ မနုတ်ထွက်မီ အချိန်အထိ အမေရိကန်နိုင်ငံ ဆိုင်ရာ ထိုင်ဝမ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဝါရှင်တန်တွင် ထိုင်ဝမ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေး တင်းမာမှုများ မြင့်တက်နေချိန်နှင့် တိုက်ဆိုင်နေသည်။
အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်ဝမ်သံတမန်ဟောင်း ရှောင်ပိုင်ခင်ကို တွေ့ရစဉ်
ထို့ပြင် ထိုင်ဝမ်သည် COVID-19 ကပ်ရောဂါကို လျင်မြန်စွာ တိုက်ဖျက်နိုင်ခဲ့သဖြင့် အမေရိကန်က ထိုင်ဝမ်တွင် ၎င်း၏အကျိုးစီးပွားများကို အသစ်ပြုပြင် ပြောင်းလဲခဲ့ချိန်နှင့်လည်း တိုက်ဆိုင်ခဲ့သည်။
သူမွေးထားသည့် ကြောင်များ၏ ဓာတ်ပုံများကို လူမှုမီဒီယာတွင် မကြာခဏ တင်လေ့ရှိပြီး "ကြောင် သူရဲကောင်း" ဟု သူ့ကိုယ်သူ သုံးနှုန်းဖော်ပြခဲ့သော ရှောင်သည် X လူမှုမီဒီယာ၌ ဖော်လိုဝါ ၁၃၃,၀၀၀ အထိရှိသည်။
DPP ပါတီ၏ ထိုင်ဝမ်လိုလားသည့် သဘောထားကို အသားပေး ဖော်ပြလျက်ရှိသည်။
ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိဒုသမ္မတ ဝီလျှံလိုင်နှင့်အတူ ဒုတိယ သမ္မတ နေရာအတွက် တွဲဖက်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ထိုင်ဝမ်၏ ဒီမိုကရေစီကို ထိန်းသိမ်းရန် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှောင်က X လူမှုမီဒီယာမှာ ရေးသားဖော်ပြခဲ့သည်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နဲ့ ရှောင်ပိုင်ခင်ကို တွေ့ရစဉ်
ရှောင်သည် ဝီလျှံလိုင်ကဲ့သို့ ထိုင်ဝမ်အပေါ် ထားရှိသည့်် နိုင်ငံရေး ရပ်တည်ချက်ကြောင့် တရုတ်၏ အမြင်မကြည် မှုကို ခံခဲ့ရသူဖြစ်သည်။
သို့သော်လည်း ရှောင်သည် ထိုင်ဝမ်တွင် လူငယ်မဲဆန္ဒရှင်များအကြား ရေပန်းစားနေသည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။
ဧပြီလအတွင်းကလည်း ရှောင်သည် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) နှင့် အမေရိကန်သို့ သွားရောက် ခဲ့သဖြင့် တရုတ်အစိုးရက ရှောင်ကို တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် မက္ကာအိုတို့ကို သွားရောက်ခွင့် ပိတ်ပင် ခံခဲ့ရသည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူ သွားမည်ဟု သတိပေးခဲ့သည်။
DPP ပါတီကမူ ထိုင်ဝမ်ကျွန်း၏ အနာဂါတ်ကို ထိုင်ဝမ်လူထုကသာ ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 557
CNI International News
မနီလာ၊ နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)အတွက် ဖြေရှင်း ရန် ခက်ခဲသည့် ပြဿနာတစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားခဲ့ကြာင်း CNA မှ ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၂၀ ရက်က အမေရိကန်နိုင်ငံ ဟာဝိုင်အီ (Hawaii) တွင် ပြုလုပ်သည့် ဖိုရမ်တစ်ခု၌ ဗွီဒီယို ဆက်သွယ်မှုမှ တစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ရာမှာ အာဆီယံအဖွဲ့၏ လုပ်ဆောင်မှုများ ရှိခဲ့သော်လည်း လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ သက်ရောက်မှု အပါအဝင် မြန်မာ့အရေးသည် ခက်ခဲသည့် ပြဿနာတစ်ခုဖြစ်ကြောင်း မားကို့စ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က တပ်မတော်မှ အာဏာကို ရယူပြီးချိန်ကတည်းက လူပေါင်း ၁ သန်းကျော် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို တွေ့ရစဉ်
"အာဆီယံအတွက် ဒီပြဿနာကို ဖြေရှင်းဖို့ ကြီးမားတဲ့ တွန်းအားရှိနေပါတယ်။ ဒါပေမယ့် ဒါဟာ အရမ်း၊ အရမ်းကို ခက်ခဲတဲ့ ပြဿနာဖြစ်ပါတယ်" ဟု မားကို့စ်က ပြောသည်။
ဖိလစ်ပိုင်သည် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ နေရာအတွက် မြန်မာနိုင်ငံနေရာတွင် အစားထိုး တာဝန်ယူ မည် ဖြစ်သည်။
ပြီးခဲ့သည့်လက တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးကတည်းက လူပေါင်းများစွာ အိမ်မဲ့ရာမဲ့ ဖြစ်ခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း ပဋိပက္ခများကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများ မြင့်တက်လာခဲ့ပြီး ထိုအခြေအနေ၏ သက်ရောက်မှုကို ဖိလစ်ပိုင်နိုင်ငံလည်း ခံစားခဲ့ရကာ ဖိလစ်ပိုင်နိုင်ငံသား များသည်လည်း လူမှောင်ခို ကူးခံခဲ့ရသည်ဟု မားကို့စ်က ပြောကြားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 594
CNI International News
ဂါဇာ၊ နိုဝင်ဘာ ၂၁
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ အယ်လ်ရှီဖာ (al-Shifa) ဆေးရုံ အောက်ဘက်တွင် ၅၅ မီတာ (ပေ ၁၈၀) အရှည်ရှိသည့် မြေအောက်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အစ္စရေးစစ်သားများ၏ စီးနင်းတိုက်ခိုက်မှု ခံနေရသည့် ဂါဇာ၏ အကြီးဆုံး ထိုဆေးရုံအောက်တွင် မြေအောက် လိုဏ်ခေါင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။
အစ္စရေးစစ်တပ်က ၎င်း၏ တရားဝင် Telegram ချန်နယ်တွင် တင်ခဲ့သည့် ဗွီဒီယိုတစ်ခု၌ အစ္စရေးစစ်သားတစ်ဦး သည် မြေအောက်လိုဏ်ခေါင်းအတွင်းသို့ ဆင်းနေသော မြင်ကွင်းကို မြင်တွေ့ရပြီး ထိုဗွီဒီယိုကို နိုဝင်ဘာ ၁၇ ရက် က ကင်မရာနှစ်လုံးဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ထိုဗွီဒီယိုများတွင် ကွန်ကရစ် လမ်းချိုးတစ်ခုကို ဦးတည်နေသည့် လှေကားတစ်ခုနှင့် တံခါးဟု ယူဆရသော အရာ တစ်ခုကို မြင်တွေ့ခဲ့ရသည်။
ဟားမာ့စ်အဖွဲ့ အသုံးပြုနေတဲ့ မြေအောက်လှိုဏ်ခေါင် တစ်ခုကိုတွေ့ရစဉ်
ထိုလိုဏ်ခေါင်းသည် လေကြောင်းတိုက်ခိုက်မှုများကို အကာအကွယ်ယူရန်နှင့် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် တူးထားသည့် လိုဏ်ခေါင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။
အဆိုပါ လိုဏ်ခေါင်းကို RPG များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ရိုင်ဖယ်များ အပါအဝင် လက်နက် အများအပြား တင်ဆောင်ထားသည့် မော်တော်ယာဉ်တစ်စင်းကို တွေ့ရှိခဲ့ရသည့် အယ်လ်ရှီဖာဆေးရုံ၏ မြေအောက်ခန်း အနီး တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။
အစ္စရေးစစ်တပ်သည် ဆေးရုံဝင်း၏ အပြင်ဘက်နံရံကို ဘူဒိုဇာဖြင့် ဖြိုချခဲ့ချိန်တွင် ထိုလိုဏ်ခေါင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၁၀ မီတာ အနက်ရှိသည့် ကြောင်လိမ်လှေကား တစ်ခုနှင့်အတူ ထူထပ်ခိုင်မာသည့် နံရံများအား တွေ့ရှိခဲ့ သည်ဟု အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီ (Daniel Hagari)က သတင်းထောက်များကို ပြောကြားခဲ့သည်။
"ဒီလိုဏ်ခေါင်းမှာ ကြီးမားတဲ့ သတ္တုကြောင်လိမ်လှေကား ပါဝင်ပြီး ၅၅ မီတာ အရှည်ရှိပါတယ်။ တံခါးတစ်ချပ်ကို လည်း တွေ့ခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ မိုင်းတွေနဲ့ ထောင်ချောက်ဆင်မှာကို စိုးရိမ်ရတဲ့အတွက် စစ်သား တွေဟာ ဒီတံခါးကို မဖွင့်သေးပါဘူး" ဟု ဟာဂါရီက ပြောသည်။
အစ္စရေးစစ်တပ်က မြေအောက်လှိုဏ်ခေါင်တစ်ခုကို ရှာတွေ့စဉ်
ထိုတံခါး၏ တစ်ဖက်ခန်းတွင် နောက်ထပ် လိုဏ်ခေါင်းတစ်ခု သို့မဟုတ် စစ်ဆင်ရေး ထိန်းချုပ်မှုနှင့် အမိန့်ပေး သည့် ကြီးမားသည့် အခန်းတစ်ခု ရှိနေနိုင်ကြောင်း ထောက်လှမ်းရေး အဖွဲ့များက သုံးသပ်ခဲ့ကြောင်းနှင့် စစ်သားများသည် နီးစပ်ရာ အဆောက်အအုံများတွင် နောက်ထပ် လိုဏ်ခေါင်းများ ရှိနိုင်ခြေ ရှိ၊ မရှိ ဆက်လက် ရှာဖွေလျက်ရှိသည်။
အစ္စရေးသည် အယ်လ်ရှီဖာ ဆေးရုံကို နိုဝင်ဘာ ၁၅ ရက်က စတင်ဝင်ရောက်ခဲ့ပြီးနောက် ထိုဆေးရုံဝန်းအတွင်း အဓိကအာရုံစိုက်ပြီး စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။
ဟားမာ့စ်အဖွဲ့သည် ထိုဆေးရုံကို ထိန်းချုပ်ရေးစင်တာ တစ်ခုအဖြစ် အသုံးချနေသည်ဟု အစ္စရေးက စွပ်စွဲထား သော်လည်း ဟားမာ့စ်အဖွဲ့နှင့် ဆေးရုံတာဝန်ရှိသူများကမူ အစ္စရေး၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 423
CNI International News
ဘေကျင်း၊ နိုဝင်ဘာ ၂၁
ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန်နှင့် ချက်ချင်း အပစ်အခတ်ရပ်စဲရန် တရုတ်၊ အာရပ်နှင့် မွတ်စလင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက နိုဝင်ဘာ ၂၁ ရက်တွင် တိုက်တွန်းခဲ့သည်ဟု ရိုက်တာ မှ ဖော်ပြခဲ့သည်။
အာရပ်နှင့် မွတ်စလင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ဘေကျင်းမြို့တော်သို့ လာရောက်သည့် ခရီးစဉ်အတွင်း ဂါဇာကမ်းမြောင် ဒေသအတွင်းသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်အရာ အကူအညီများ ပေးပို့ခွင့်ပြုရန်နှင့် ရန်လိုမှုများကို အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။
ထိုကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် တစ်လှည့်စီ တွေ့ဆုံ မည်ဖြစ်ပြီး ပါလက်စတိုင်းများအပေါ် တိုက်ခိုက်နေမှုများကို မိမိကိုယ်ကို ကာကွယ်မှုအဖြစ် သတ်မှတ်ဖော်ပြ နေသည့် အနောက်နိုင်ငံများအပေါ် ဖိအားပေးလျက်ရှိသည်။
ဂါဇာစစ်ပွဲကို တွေ့ရစဉ်
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် ဘေကျင်းမြို့တော်သို့ ရောက်ရှိလာသည့် ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (IOC) အကြီးအကဲများနှင့် အခြားအရာရှိများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ သည်။
"ကျနော်တို့ ပေးပို့ချင်တဲ့ ရှင်းလင်းပြတ်သားတဲ့ အမှာစကားကတော့ ကျနော်တို့တွေဟာ တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဂါဇာကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ချက်ချင်း ပေးပို့ဖို့ ဖြစ်ပါတယ်"ဟု ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး တော်ဝင်မင်းသား ဖိုင်ဆယ် ဘင် ဖာဟန် အယ်ဆွတ် (Farhan Al Saud) က ပြောကြားခဲ့သည်။
ယခုလအတွင်း ပြုလုပ်ခဲ့သည့် အစ္စလာမ်မစ်-အာရပ် ပူးတွဲညီလာခံတွင်လည်း ပါလက်စတိုင်း နယ်မြေများတွင် အစ္စရေးက ကျူးလွန်နေသည့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) ကို တိုက်တွန်းခဲ့သည်။
ဆော်ဒီကို အုပ်ချုပ်နေသည့် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ကို တွေ့ရစဉ်
ဆော်ဒီအာရေဗျကမူ ဂါဇာဒေသတွင် ရန်လိုမှုများကို အဆုံးသတ်စေရေးအတွက် အမေရိကန်နှင့် အစ္စရေးကို ဖိအားပေးရန် ကြိုးပမ်းနေပြီး ဆော်ဒီကို အုပ်ချုပ်နေသည့် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် (Mohammed bin Salman) သည် အာရပ်နှင့် မွတ်စလင်ခေါင်းဆောင်များကို စုစည်းပြီး အင်အားတောင့်တင်းရန် ကြိုးပမ်းနေသည်။
အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂၀၀ ခန့်ကို သတ်ဖြတ်ခဲ့ကာ ၂၄၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို လက်တုန့်ပြန်သည့် အနေဖြင့် အစ္စရေးက ဂါဇာဒေသတွင် လေကြောင်း တိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများ ပြုလုပ်ခဲ့သဖြင့် ကလေးငယ် ၅၅၀၀ ခန့် အပါအဝင် လူပေါင်း ၁၃,၀၀၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 764
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၂၀
ထိုင်းနိုင်ငံတွင် အာဏာရ ဖြူးထိုင်းပါတီသည် မျိုးဆက်အလိုက် အာဏာပြောင်းလဲမှုနှင့်အတူ ပါတီသမိုင်း တစ်လျှောက် အသက်အငယ်ဆုံး ခေါင်းဆောင်ဖြစ်သည့် ၃၇ နှစ်အရွယ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Sinawatra) ကို ရွေးချယ်ခဲ့မှုနှင့်အတူ အသက် ၃၀ မှ ၄၀ အရွယ်ကြား ခေါင်းဆောင်သစ်များကို ရွေးချယ်ခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ဖြူးထိုင်းပါတီ၏ အလုပ်အမှုဆောင် ဘုတ်အဖွဲ့မှ ဝါရင့် ခေါင်းဆောင်များကလည်း ယခုအချိန်သည် လူငယ်နိုင်ငံ ရေးသမားများကို တာဝန်များ လက်လွှဲပေးသင့်သည့် အချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ဖြူးထိုင်းပါတီသည် မေလအတွင်းက လူငယ်မဲဆန္ဒရှင်များ၏ ထောက်ခံမှုဖြင့် ရွေးကောက်ပွဲ အနိုင်ရခဲ့ သည့် Move Forward (MFP)ပါတီကို ယှဉ်ပြိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ သည်။
ယခုနှစ် မေလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမတိုင်မီ ၂၀၀၁ ခုနှစ်ကစပြီး ရှင်နာဝပ် မိသားစုနှင့် ဆက်နွှယ်မှုရှိ သည့် ပါတီများသည် ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့သည်။
Move Forward ပါတီခေါင်းဆောင်နဲ့ ဖြူးထိုင်းပါတီ ခေါင်းဆောင်ဖြစ်လာမည့် ပေတုန်တန်ကို တွေ့ရစဉ်
လက်ရှိအချိန်သည် လူငယ်နိုင်ငံရေး မျိုးဆက်သစ်များကို ဦးဆောင်ခွင့် ပေးရတော့မည့် အချိန်ဖြစ်ကြောင်း ဖြူးထိုင်းပါတီ အတွင်းရေးမှူးချုပ် ပရာဆတ် ချန်တာရာရွန်သောင် (Prasert Chantararuangthong) က ပြောကြားခဲ့သည်။
ဖြူးထိုင်းပါတီ၏ အလုပ်အမှုဆောင် ဘုတ်အဖွဲ့သစ် ရွေးချယ်ရန် အောက်တိုဘာ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ပါတီအစည်းအဝေးမတိုင်မီ ရက်အနည်းငယ်အလိုတွင် ရာထူးမှ ထွက်ခွာတော့မည်ဟု ၎င်းက ပြောသည်။
ဖြူးထိုင်းပါတီ၏ လက်ထောက် ခေါင်းဆောင်ဟောင်းဖြစ်သည့် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) ကလည်း ဖြူးထိုင်းပါတီသည် လူငယ်နိုင်ငံရေးသမားများကို နိုင်ငံရေးတာဝန် လက်ဆင့်ကမ်းရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
ဖြူးထိုင်းပါတီ အတွင်းရေးမှူးချုပ် ပရာဆတ် ချန်တာရာရွန်သောင်ကို တွေ့ရစဉ်
ပေတုန်တန်သည် ရှင်နာဝပ် မိသားစု၏ အရှိန်အဝါကြောင့် ပါတီခေါင်းဆောင်သစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည် ဆိုသော ဝေဖန်မှုများကိုလည်း ဖွမ်သမ်က ငြင်းဆိုခဲ့ပြီး ပေတုန်တန်အား ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း သည် ၎င်း၏ လုပ်ရည်ကိုင်ရည်ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ သမီးဖြစ်သူ ပေတုန်တန်ကမူ လူငယ်မျိုးဆက်သစ်များ၏ ဦးဆောင်မှုဖြင့် ဖြူးထိုင်းပါတီသည် လာမည့်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များ၏ ထောက်ခံမှုများဖြင့် အနိုင်ရရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် ဖြူးထိုင်းပါတီသည် လူငယ်မျိုးဆက်သစ်များနှင့် လူငယ်နိုင်ငံရေးသမားအများစု ပါဝင်သည့် MFP ပါတီကို ပြိုင်ဆိုင်ရန် ရည်ရွယ်ထားသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 687
CNI International News
ကိယက်ဗ်၊ နိုဝင်ဘာ ၂၀
ရုရှားသည် ယူကရိန်း၏ ကိယက်ဗ် (Kyiv) ၊ ပိုလ်တာဗာ (Poltava) နှင့် ချာကက်စီ (Cherkasy) ဒေသများကို ဒရုန်းများဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်းအရာရှိများက ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ရုရှားသည် ကိယက်ဗ်မြို့တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို သီတင်းပတ် အနည်းငယ်ကြာ ရပ်နားထားခဲ့ ပြီးနောက် ယခုကဲ့သို့ ဒရုန်းတိုက်ခိုက်မှု အသစ်များကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယူကရိန်း အရာရှိ များက ပြောသည်။
"ရန်သူတွေဟာ ဒရုန်းတွေကို နေရာပေါင်းစုံက လွှတ်တင်ပြီး ကိယက်ဗ်မြို့တော်ကို တစ်လှိုင်းပြီး တစ်လှိုင်း တိုက်ခိုက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒရုန်းတွေလွှတ်တင်တဲ့ လမ်းကြောင်းတွေကိုလည်း ပြောင်းလဲခဲ့ပါတယ်" ဟု ကိယက်ဗ် စစ်အုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆာဟီ ပေါ့ပ်ကို (Serhiy Popko) က Telegram လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
ကိယက်ဗ် စစ်အုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆာဟီပေါ့ပ်ကိုအား တွေ့ရစဉ်
"အဲဒါကြောင့် ကိယက်ဗ်မြို့တော်မှာ လေကြောင်းစီးနင်းတိုက်ခိုက်မှု တပ်လှန့်နှိုးဆော်ချက်တွေကို ထုတ်ပြန်ခဲ့ ရပါတယ်" ဟု ၎င်းက ပြောသည်။
ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်များသည် ရုရှားက အသုံးပြုသည့် အီရန်လုပ် Shahad ဒရုန်း ၁၀ စင်းကို ကိယက်ဗ်မြို့တော်နှင့် ဆင်ခြေဖုံး ဒေသများတွင် ပစ်ချနိုင်ခဲ့သည်ဟုလည်း ပေါ့ပ်ကိုက ပြောသည်။
ထိုတိုက်ခိုက်မှုများကြောင့် ယူကရိန်းဘက်တွင် အကြီးအကျယ် ထိခိုက်ပျက်စီးမှု သို့မဟုတ် ထိခိုက်၊ သေဆုံးမှုများ ရှိသည့် သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။
ယူကရိန်းနိုင်ငံအတွင်းက ရုရှားတိုက်ခိုက်မှုခံရသော အဆောက်အဦးကိုတွေ့ရစဉ်
ထို့ပြင် ရုရှားသည် ယူကရိန်း၏ ကာ့စ် (Kursk) ဒေသရှိ နယ်မြေများကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလေတပ်က နိုဝင်ဘာ ၁၉ ရက်တွင် ၎င်း၏ Facebook page တွင် ဖော်ပြခဲ့သည်။
ယူကရိန်းလေကြောင်း ကာကွယ်ရေး တပ်ဖွဲ့များသည် ရုရှား၏ ဒရုန်းအစင်း ၂၀ ထဲမှ ၁၅ စင်းကို ပစ်ချနိုင်ခဲ့သည် ဟုလည်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား