- By CNI
- Category: နိုင်ငံရေး
- Hits: 561
CNI International News
ဂျာကာတာ၊ ဖေဖော်ဝါရီ ၁၃
အင်ဒိုနီးရှားနိုင်ငံတွင် ရာထူးမှ ထွက်ခွာရတော့မည့် သမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo)သည် အာဏာအလွဲသုံးစား လုပ်ပြီး ယခုသီတင်းပတ်၌ ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရာနှင့်ချီသည့် ကျောင်းသားများက စုရုံးဆန္ဒပြခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ဖေဖော်ဝါရီ ၁၄ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲ၌ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto)က အနိုင်ရရှိရန် ရေပန်းစားနေပြီး ဝီဒိုဒို၏ အစိုးရအဖွဲ့သည် မဲဆန္ဒရှင်များကို လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းနေသည်ဟု ကျောင်းသားများက စွပ်စွဲခဲ့သည်။
ဝီဒိုဒိုသည် ထိုရွေးကောက်ပွဲတွင် ၎င်း၏ သားအကြီးဆုံးနှင့်အတူ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပရာဘိုဝို ဘက်မှ ထောက်ခံကြောင်း လူသိရှင်ကြား ဖော်ပြခဲ့ပြီး ကျန်သည့် ကိုယ်စားလှယ်လောင်းသုံးဦးကိုမူ ထောက်ခံ ကြောင်း ဖော်ပြခဲ့ခြင်း မရှိပေ။
ရွေးကောက်ပွဲစွက်ဖက်၍ သမ္မတဂျိုကိုဝီဒိုဒိုကို ဆန္ဒပြနေကြစဉ်
ဘရာဘိုဝိုသည် ရွေးကောက်ပွဲတွင် သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်း၏ တွဲဖက်ကိုယ်စားလှယ်လောင်းဖြစ်သည့် ဝီဒိုဒို၏ သားဖြစ်သူ ဂစ်ဘရန် ရာကာဘူမင် ရက်ကာ (Gibran Rakabuming Widodo) ကမူ ဒုတိယသမ္မတ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကျင်းပခဲ့သည့် ရွေးကောက်ပွဲအကြို လူထုသဘောထားဆန္ဒ ကောက်ယူမှု စစ်တမ်းနှစ်ခုတွင် ပရာဘိုဝိုသည် ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် မဲရလဒ် ၅၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး ပြိုင်ဘက် များဖြစ်သည့် အန်နိစ် ဘက်စ်ဝက်ဒန် (Anies Baswedan) နှင့် ဂန်ဂျာ ပရာနိုဝို (Ganjar Pranowo) တို့က မဲရလဒ် ၂၇ ရာခိုင်နှုန်းနှင့် ၃၁ ရာခိုင်နှုန်း အသီးသီးရရှိခဲ့သည်။
မဲဆန္ဒရှင်အချို့ကမူ ရွေးကောက်ပွဲတွင် သမ္မတဝီဒိုဒို၏ ကြားနေရပ်တည်မှု ယိမ်းယိုင်နေမှုကို ဝေဖန်နေပြီး ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ အသားပေး ထောက်ခံနေမှုသည် အင်ဒိုနီးရှား၏ ဒီမိုကရေစီကို လျော့ပါးစေကြောင်း ပြောကြားခဲ့သည်။
ရွေးကောက်ပွဲစွက်ဖက်၍ သမ္မတဂျိုကိုဝီဒိုဒိုကို ဆန္ဒပြနေကြစဉ်
ဆန့်ကျင်ဆန္ဒပြသူများသည် ဖေဖော်ဝါရီ ၁၂ ရက်က ဂျာဗား(Java)ကျွန်း၏ ယော့ဂ်ယာကာတာ (Yogyakarta) မြို့တွင် စုရုံးခဲ့ကြပြီး ဝါးဖြင့်ပြုလုပ်ထားသည့် တူရိယာများကို တီးခတ်ခဲ့ကာ ဝီဒိုဒိုကို ဆန့်ကျင်သော လက်ကိုင် ပိုစတာများအား ကိုင်ဆောင်ခဲ့ကြသည်။
"တစ်ချိန်တုန်းကတော့ ဝီဒိုဒိုကို မျှော်လင့်ချက် အသစ်တစ်ခုအဖြစ် ခေါ်ဆိုခဲ့ကြပါတယ်။ အခုတော့ သူ့ကို ကျနော် တို့က ဘေးအန္တရာယ်အသစ်လို့ ခေါ်ဆိုချင်ပါတယ်" ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုဆန္ဒပြမှုကို စီစဉ်ခဲ့သည့် အက်ခ်စီ ဂျီဂျာယန် မီမန်ဂျီလ် (Aksi Gejayan Memanggil) ကမူ ဝီဒိုဒို၏ ကျင့််ဝတ် သိက္ခာပိုင်းနှင့် စာရိတ္တပိုင်း ချိုးဖောက်မှုများက သူသည် ပြည်သူ့အသံများကို ဆန့်ကျင်သူဖြစ်ကြောင်း ပြသရာ ရောက်သည်ဟု Instagram လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 668
CNI International News
အင်ဖာ၊ ဖေဖော်ဝါရီ ၁၀
အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ မဏိပူရ်ပြည်နယ်၏ တောင်ဘက်ခြမ်းဒေသများကို ဗဟိုနှင့်ပြည်နယ် လုံခြုံရေး တပ်ဖွဲ့များက ရှာဖွေမှုစစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာတွင် ငွေစက္ကူအတုများ၊ စစ်ပွဲတွင်အသုံးပြုသည့် လက်နက်များ၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု Northeast Now မှ ဖော်ပြခဲ့သည်။
မဏိပူရ်ပြည်နယ်ရှိ ကူကီးလူမျိုးစုများ အများဆုံးနေထိုင်သည့် ချူရာချန်ပူရ (Churachandpur)ခရိုင်၏ ဒမ်ပီ (Dampi) ကျေးရွာရှိ စစ်သွေးကြွများ၏ စခန်းတစ်ခုကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ပူးပေါင်းရှာဖွေခဲ့ချိန်တွင် ၂၀၀ တန် ရင်းဂစ်ငွေစက္ကူ ခြောက်ရွက်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် မဏိပူရ်ပြည်နယ်၏ ကူကီးလူမျိုးစုများ ကြီးစိုးသည့် တန်နျူပယ်(Tengnoupal)ခရိုင်၏ ပီလိုင်ဂျန် (P Laijang) ကျေးရွာတွင် မိုရေး(Moreh) ရဲစခန်း၏ ညွှန်ကြားချက်ဖြင့် ထိုပူးပေါင်းတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်ခဲ့ သည်။
ထိုရှာဖွေမှု စစ်ဆင်ရေးများအတွင်း ၄၀ မမ လက်လုပ်ပိုက်သေနတ် အများအပြား၊ ပြည်တွင်းလုပ် လက်ပစ်ဗုံး ၅ လုံး၊ ပြောင်း ၂ ခုပါဝင်သည့် ၁၂ မမ သေနတ် ၂ လက်နှင့် ကျည်ဆန် ၃ တောင့်၊ ၉ မမ ပစ္စတိုတစ်လက်၊ PT 303 ရိုင်ဖယ်တစ်လက်၊ ၇ ဒသမ ၆၂ မမ ကျည်ဆန် ၂ တောင့်၊ ၆ ပေ အရှည်ရှိ လက်လုပ် တာဝေးပစ် မော်တာ တစ်လက်နှင့် မော်တာကျည် ၂ တောင့်၊ ရင်းဂစ် ၁၂၀၀ တန်ဖိုးရှိ ငွေစက္ကူအတုများ၊ ဖိနပ်တစ်စုံနှင့် အိတ်တစ်လုံး တို့ကို တွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Source: Northeast Now

- By CNI
- Category: နိုင်ငံရေး
- Hits: 687
CNI International News
မော်စကို၊ ဖေဖော်ဝါရီ ၁၀
ရုရှားနိုင်ငံအနေဖြင့် မိမိတို့၏ အကျိုးစီးပွားများအတွက် အဆုံးအထိ တိုက်ခိုက်သွားမည် ဖြစ်သော်လည်း ယူကရိန်း စစ်ပွဲကို ချဲ့ထွင်ပြီး ပိုလန်နှင့် လစ်ဗီးယားနိုင်ငံတို့ကို တိုက်ခိုက်ရန် စိတ်မဝင်စားကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပူတင်သည် ဖေဖော်ဝါရီ ၈ ရက်က ထုတ်လွှင့်ခဲ့သည့် အမေရိကန်သတင်းထောက် တပ်ကာ ကာလ်ဆန် (Tucker Carlson) နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုအင်တာဗျူးသည် ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ပြီးနောက်ပိုင်း ပူတင်အတွက် အမေရိကန် သတင်းထောက်တစ်ဦးနှင့် ပထမဆုံးပြုလုပ်သည့် အင်တာဗျူးဖြစ်သည်။
ရုရှားကို မဟာဗျူဟာမြောက် အနိုင်ရရှိရန် မဖြစ်နိုင်ကြောင်း အနောက်နိုင်ငံများမှ ခေါင်းဆောင်များက နားလည် သဘောပေါက်လာကြပြီး ရုရှား နောက်ထပ် လုပ်ဆောင်မည့် အစီအစဉ်များကို သိချင်နေကြကြောင်း ပူတင်က ပြောသည်။
"ကျနော်တို့ဘက်က ဆွေးနွေးဖို့ အသင့်ပါပဲ" ဟု ရုရှားသမ္မတက ပြောသည်။
ထို့ပြင် ရုရှားနိုင်ငံတွင် တစ်နှစ်နီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သူလျှိုမှုစွဲချက်များဖြင့် တရားရင်ဆိုင်ရန် စောင့်ဆိုင်းနေသည့် Wall Street Journal မှ အမေရိကန် သတင်းထောက် အီဗန် ဂျာရှ်ကိုဗစ် (Evan Gershkovich) ပြန်လွှတ်ပေးရန် သဘောတူညီမှု ရရှိရေးသည် ဖြစ်နိုင်သည်ဟု ယုံကြည်ကြောင်း ပူတင်က ပြောသည်။
ရုရှားအနေဖြင့် နေတိုးအဖွဲ့ဝင်ဖြစ်သည့် ပိုလန်နိုင်ငံကို ရုရှားစစ်သားများ စေလွှတ်မည့် စိတ်မှန်းဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် ပူတင်က "တစ်ခုတော့ ရှိပါတယ်။ ပိုလန်က ရုရှားကို တိုက်ခိုက်ခဲ့မယ်ဆိုရင်ပေါ့။ ကျနော်တို့ဟာ ပိုလန်၊ လစ်ဗီးယားနဲ့ အခြားနိုင်ငံတွေကို တိုက်ခိုက်ဖို့ စိတ်မဝင်စားပါဘူး။ ဘာလို့ တိုက်ရမှာလဲ။ စိတ်မဝင်စားပါဘူး" ဟု ပြန်လည် ဖြေကြားခဲ့သည်။
၂ နာရီခန့် ကြာမြင့်ခဲ့သည့် ထိုအင်တာဗျူးတွင် ပူတင်သည် ရုရှားဘာသာစကားဖြင့် ပြောကြားခဲ့ပြီး ၎င်း၏ ပြောကြားချက်များကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခဲ့သည်။
ထို့နောက် သူသည် ရုရှားနှင့် ယူကရိန်း၊ ပိုလန်၊ အခြားနိုင်ငံများအကြား ဆက်ဆံရေးများနှင့် ပတ်သက်ပြီး ရှည်လျားသည့် မှတ်ချက်များ ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဧပြီလက တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲများ၌ ရုရှားနှင့် ယူကရိန်းအကြား ရန်လိုမှုများ အဆုံးသတ်ရန် သဘောတူညီမှု ရလုနီးပါးရှိခဲ့ကြောင်း၊ သို့သော် ယူကရိန်း၏ မြို့တော် ကိယက်ဗ် (Kyiv) အနီးမှ ရုရှားတပ်ဖွဲ့များ ရုပ်သိမ်းသွားချိန်တွင် ယူကရိန်းဘက်မှ သဘောတူညီမှုကို ကျောခိုင်းသွားခဲ့ကြောင်း ပူတင်က ပြောသည်။
"အခုတော့ အခြေအနေတွေ ဘယ်လိုဖြစ်လာပြီလဲဆိုတာ သူတို့သိလာပါပြီ။ အဲဒီသဘောတူညီချက်ကို ကျနော်တို့ မဆန့်ကျင်ခဲ့ပါဘူး။ အဲဒီအခြေအနေ အတွက်လည်း ဝမ်းမနည်းပါဘူး။ ယူကရိန်းမှာ မဆုံးနိုင်တဲ့ စစ်စည်းရုံးမှုတွေ၊ ဆောက်တည်ရာမရဖြစ်မှုတွေ၊ ပြည်တွင်းရေး ပြဿနာတွေကြောင့်် အနှေးနဲ့အမြန်ဆိုသလို သဘောတူညီချက် တစ်ခု ရလာပါလိမ့်မယ်" ဟု ပူတင်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 456
CNI International News
ရီယိုဒီ ဂျနေးရိုး၊ ဖေဖော်ဝါရီ ၁၀
ဘရာဇီးလ်ရဲတပ်ဖွဲ့သည် အာဏာသိမ်းရန် ပူးပေါင်းကြံစည်မှု စွပ်စွဲချက်နှင့်ပတ်သက်ပြီး သမ္မတဟောင်း ဂျိုင်ယာ ဘော်ဆိုနာရို (Jair Bolsonaro) ၏ ထိပ်သီးလက်ထောက်များ၏ နေအိမ်များနှင့် ရုံးခန်းများကို ဖေဖော်ဝါရီ ၈ ရက် က ဝင်ရောက်ရှာဖွေခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဘော်ဆိုနာရို၏ လက်ထောက်များသည် အာဏာသိမ်းရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး ထိုအစီအစဉ်ကို ဘော်ဆိုနာရိုက သိရှိခဲ့ကြောင်း တရားရုံးမှတ်တမ်းများတွင်ဖော်ပြခဲ့သည်။
၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲက ဘော်ဆိုနာရို ရှုံးနိမ့်ခဲ့ချိန်တွင် ၎င်း၏ လက်ထောက်များသည် ၎င်းအား မဲလိမ်လည်မှုရှိကြောင်း ကြေညာသည့်အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ရန်နှင့် စစ်တပ်က ကြားဝင်ဖြေရှင်းပြီး ရွေးကောက်ပွဲအသစ်တစ်ခု ထပ်မံကျင်းပရန် အစီအစဉ်များကို ပူးပေါင်းကြံစည်ခဲ့ကြသည်ဟု ဆိုသည်။
သို့သော် ဘော်ဆိုနာရိုသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ထိုအမိန့်ကို ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။
ဖေဖော်ဝါရီ ၈ ရက်က ရဲတပ်ဖွဲ့၏ ဝင်ရောက် ရှာဖွေမှုများတွင် ဘော်ဆိုနာရိုနှင့် ၎င်း၏ လက်ထောက်များ၏ နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်းရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း တရားရုံးချုပ်တရားသူကြီး အလက်ဇန္ဒား ဒရီ ဒီမိုရက်စ် (Alexandre de Moraes) က ဖေဖော်ဝါရီ ၈ ရက်တွင် လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ရွေးကောက်ပွဲက လက်ဝဲယိမ်းခေါင်းဆောင် လူလာ ဒါ ဆေးလ်ဗား (Luiz Inacio Lula da Silva) ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဘော်လ်ဆိုနာရိုကို အာဏာဆက်လက် တည်မြဲစေရန် အာဏာသိမ်းရန် ကြိုးပမ်း မှုဖြင့် သံသယရှိသူများ၏ နေအိမ်များနှင့် ရုံးခန်းများကို ရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထိုအုပ်စုသည် စစ်တပ်က ကြားဝင်မည့် အခြေအနေအတွက် တရားဝင်မှုရှိစေရန် မဲလိမ်လည်မှုများရှိကြောင်း စွပ်စွဲရန် ပြင်ဆင်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေခဲ့သည့် နေရာပေါင်း ၃၃ နေရာတွင် ဘော်ဆိုနာရို၏ အထူးအကြံပေးပုဂ္ဂိုလ် ဖီးလစ် မာတင် (Filipe Martins) ၊ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲကတွဲဖက်ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီး ဝယ်လ်တာ ဘရာဂါ နက်တို (Walter Braga Netto)၊ အကြံပေးပုဂ္ဂိုဟ်ဟောင်း ဗိုလ်ချုပ်ကြီး သြဂတ်စတို ဟယ်လန်နို (Augusto Heleno)၊ တရားရေးဝန်ကြီးဟောင်း အန်ဒါဆင် တောရက်စ် (Anderson Torres) နှင့် ဘော်ဆိုနာရို၏ လစ်ဘရယ်ပါတီအကြီးအကဲ ဗယ်လ်ဒီမာ ကော်စတာ နက်တို (Valdemar Costa Neto)တို့၏ နေအိမ်များနှင့် ရုံးခန်းများပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 529
CNI International News
မနီလာ၊ ဖေဖော်ဝါရီ ၁၀
ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့များအကြား နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုများသည် ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲများအပေါ် အမေရိကန်၏ အာရုံစိုက်မှုကို သက်ရောက် စေလိမ့်မည် မဟုတ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဥိးက ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့သည် ထိုင်ဝမ်အရေးနှင့် တောင်တရုတ်ပင်လယ် အငြင်း ပွားမှုများ အပါအဝင် တရုတ်နှင့် အနာဂတ်တွင် ဖြစ်လာနိုင်ခြေရှိသည့် ထိတ်တိုက်တွေ့မှုများကို တန်ပြန်ရန် အာရှ-ပစိဖိတ်ဒေသ၌ စစ်ရေးမဟာမိတ်ဖွဲ့မှုကို မြှင့်တင်လျက်ရှိသည်။
သို့သော် ယူကရိန်းစစ်ပွဲနှင့် အစ္စရေး-ဟားမာ့စ် စစ်ပွဲတို့ကြောင့် အမေရိကန်၏ အာရှ-ပစိဖိတ်ဒေသကို ဗဟိုပြုသည့် အစီအစဉ်ကို ထိခိုက်စေနိုင်ပြီး ထိုဒေသအတွက် ရည်ရွယ်သည့် စစ်ရေးအရင်းအမြစ်များကို လမ်းလွဲသွားစေ နိုင်မည့် စိုးရိမ်မှုများ ရှိခဲ့သည်။
"သေချာတာကတော့ ကျနော်တို့ရဲ့ ရပ်တည်မှုအပေါ် သက်ရောက်မှု မရှိပါဘူး"ဟု အမေရိကန်စစ်တပ်၏ အမှတ် ၂၅ ခြေလျင်တပ်ရင်း၏ တပ်မှူးချုပ်ဖြစ်သည့် ဗိုလ်ချုပ် မားကပ်စ် အီဗန် (Marcus Evans) က ဖေဖော်ဝါရီ ၈ ရက်က အေပီသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
"တစ်ခုခု ရှိလာခဲ့မယ်ဆိုရင်တောင် ကျနော်တို့နဲ့ ဆယ်စုနှစ်များစွာကြာ ဆက်ဆံရေး ထူထောင်ခဲ့တဲ့ အရေးတကြီး အာရုံစိုက်ဖို့လိုအပ်တဲ့ မိတ်ဖက်တွေအတွက် ဦးစားပေးသွားမှာပါ" ဟု အမေရိကန်စစ်သား ၁၂၀၀၀ ကို စီမံ အုပ်ချုပ်ရသည့် အီဗန်က ပြောကြားခဲ့သည်။
ဟာဝိုင်အီ (Hawaii) တွင် ရုံးထိုင်သည့် အီဗန်သည် အမေရိကန်နှင့်် ဖိလစ်ပိုင် တပ်ဖွဲ့များအကြား အကြီးစား တိုက်ခိုက်ရေး၊ စစ်ရေး လေ့ကျင့်မှုများအတွက် ဖိလစ်ပိုင်စစ်တပ် ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် မနီလာ (Manila) မြို့တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်က ဖိလစ်ပိုင်တွင် ပထမဆုံး စတင်ပြုလုပ်ခဲ့သည့် စစ်တပ်အချင်းချင်း ပူးတွဲစစ်ရေး လေ့ကျင့််မှုဖြစ်သည့် Salaknib အမည်ရှိ စစ်ရေးလေ့ကျင့်မှု အပါအဝင် နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုသည် Balikatan အမည်ရှိ စစ်ရေးလေ့ကျင့််မှုထက် ပိုမိုကြီးမားသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလက ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအတွင်း နှစ်နိုင်ငံစလုံးမှ စစ်မှုထမ်းပေါင်း ၁၇,၆၀၀ ကျော် ပါဝင်ခဲ့ပြီး ဆယ်စုနှစ်များအတွင်း နှစ်နိုင်ငံအကြား အကြီးဆုံး တိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်မှု ဖြစ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က Balikatan စစ်ရေး လေ့ကျင့်မှုများထဲမှ အချို့ကို ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်အနီးရှိ ဖိလစ်ပိုင်၏ ကန်းရိုးတန်းဒေသများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တရုတ်ကမူ အမေရိကန်တပ်ဖွဲ့များ ပါဝင်သည့် ထိုစစ်ရေး လေ့ကျင့်မှုများသည် ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 512
CNI International News
အစ္စလာမ်မာဘက်၊ ဖေဖော်ဝါရီ ၉
ပါကစ္စတန်နိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် အာဏာပိုင်များက နိုင်ငံတစ်ဝန်းတွင် ဖုန်းလိုင်းများကို ယာယီဖြတ်တောက်ခဲ့ပြီး ကုန်းကြောင်းနယ်စပ် အချို့ကို ပိတ်ခဲ့ရသည်။
ဖေဖော်ဝါရီ ၇ ရက်က နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန် (Balochistan) ပြည်နယ်တွင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ ရုံးခန်းများအနီး၌ ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ပြီး လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ သည်။
ထို့နောက် ဖေဖော်ဝါရီ ၈ ရက်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက ပြောကြား ခဲ့သည်။
အိုင်အက်စ်(IS)အဖွဲ့ကမူ ထိုတိုက်ခိုက်မှုများကို ၎င်းတို့ လုပ်ဆောင်ကြောင်း ကြေညာခဲ့သည်။
ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
"မကြာသေးခင်က နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးခဲ့ရပါ တယ်။ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့နဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ လုံခြုံရေး အစီအစဉ်တွေဟာ မရှိမဖြစ် အရေးကြီးပါတယ်" ဟု ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။
ထို့ပြင် လမ်းများပေါ်နှင့် နိုင်ငံတစ်ဝန်းရှိ မဲရုံများတွင် စစ်သားများကို ဖြန့်ကြက်ချထားခဲ့ပြီး အီရန်၊ အာဖဂန်နစ္စတန် နိုင်ငံတို့နှင့် ထိစပ်နေသည့် နယ်စပ်များကို ယာယီပိတ်ခဲ့သည်။
ဖေဖော်ဝါရီ ၈ ရက်က နိုင်ငံအနောက်မြောက်ပိုင်း ဒီရာ အစ္စမေးလ် ခန်း (Dera Ismail Khan) ခရိုင်၏ ကူလာချီ (Kulachi) ဒေသတွင် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ကို စစ်သွေးကြွများက ဗုံးခွဲတိုက်ခိုက်ခြင်း ပစ်ခတ်တိုက်ခိုက် ခြင်းတို့ ပြုလုပ်ခဲ့သဖြင့် ရဲအရာရှိ ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ ရာအူဖ် ကာအီဆရာနီ (Rauf Waisrani) က ပြောကြားခဲ့သည်။
ထို့ပြင် ကူလာချီဒေသ၏ မြောက်ဘက် ကီလိုမီတာ ၄၀ အကွာရှိ တန့်ခ် (Tank) မြို့တွင် သေနတ်သမားများက လုံခြုံရေးတပ်ဖွဲ့၏ ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူတစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
အလားတူ ဘာလိုချီစတန်ပြည်နယ်၏ နေရာဒေသအချို့တွင်လည်း လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း မဲရုံများနှင့် လူများကို ထိခိုက်ခဲ့ခြင်း မရှိကြောင်း မာကရန် (Makran) ဒေသအကြီးအကဲ ဆာအိဒ် အာမက် အူမရာနီက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 623
CNI International News
ပေကျင်း၊ ဖေဖော်ဝါရီ ၉
တရုတ်သည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့်ပဋိပက္ခ ဖြစ်လာနိုင်ခြေရှိသည့် အခြေအနေ အပါအဝင် အနာဂါတ်စစ်ပွဲများ၏ စိတ်မှန်းဖြစ်နိုင်ခြေများတွင် ဒရုန်းများဦးဆောင်သည့် အထူးစစ်ဆင်ရေးကို မဟာဗျူဟာ မြောက် ပြောင်းလဲသည့် ရည်မှန်းချက်ကြီးမားသော အစီအစဉ်ကို ထုတ်ဖော်ခဲ့သည်ဟု Asia Times မှ ဖော်ပြခဲ့ သည်။
တရုတ်စစ်တပ်၏ အစီအစဉ်သည် အန္တရာယ်ကြီးမားပြီး စွန့်စားရသည့် ပြည်ပ အထူးစစ်ဆင်ရေးများတွင် ထိခိုက်မှု များကို လျှော့ချရန် လူသားများအစား စက်ကိရိယာများဖြင့် အစားထိုး အသုံးပြုရန် စီစဉ်ထားကြောင်း ယခုလ အတွင်း တရုတ်၏ SCMP သတင်းစာက ဖော်ပြခဲ့သည်။
သိပ္ပံပညာရှင်များသည် တာဝေးပျံသန်းနိုင်သည့် မောင်းသူမဲ့လေယာဉ်များ၊ ရေအောက်အနက်တွင် အချိန်ကြာမြင့် စွာနေနိုင်ပြီး လှုပ်ရှားသွားလာနိုင်သည့် မောင်းသူမဲ့ယာဉ်များကို ထုတ်လုပ်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် လက်တွဲ လုပ်ဆောင်နေသည်ဟု SCMP က ဖော်ပြခဲ့သည်။
တရုတ်စစ်တပ်သုံး ဒရုန်းကို တွေ့ရစဉ်
PLA ၏ အမှတ် ၇၈၀၉၂ တပ်ဖွဲ့က အနာဂါတ်တွင် ဖြစ်နိုင်ခြေရှိသည့် ပြည်ပအထူးစစ်ဆင်ရေးအစီအစဉ်များ၏ အသေးစိတ် အချက်အလက်များကို Fire Control & Command Control ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။
ထိုအစီအစဉ်သည် တရုတ်ကုမ္ပဏီများ၊ အင်ဂျင်နီယာများနှင့် သိပ္ပံပညာရှင်များအား စစ်တပ်၏ လိုအပ်ချက်များနှင့် မဟာဗျူဟာမြောက် ရည်မှန်းချက်များကို သိရှိနားလည်စေရန်ရည်ရွယ်သည်ဟု ပြောသည်။
PLA ၏ အစီအစဉ်အရ ၂၀၃၅ ခုနှစ်တွင် တရုတ်နှင့် အခြား အမည်ဖော်ပြထားခြင်း မရှိသည့် အိမ်နီးချင်းနိုင်ငံ အကြား အသေးစား ပဋိပက္ခဖြစ်ပွားမှု အခြေအနေကို စိတ်ကူးဖြင့် ပုံဖော်ထားပြီး နှစ်ဖက်စလုံးသည် အသေးစား သင်္ဘောများ၊ ဒရုန်းများနှင့် လေယာဉ်ပစ် သေနတ်များ အပါအဝင် လက်နက်ငယ်များ တပ်ဆင်ထားသည့် ကန့်သတ်တိုက်ပွဲဖြင့် တိုက်ခိုက်ရန် သဘောတူထားသည့် ပုံစံမျိုး ဖော်ပြခဲ့သည်။
၂၀၃၅ ခုနှစ် စိတ်မှန်းဖြစ်နိုင်ခြေတွင် PLA သည် ရန်သူ့နယ်မြေအတွင်းရှိ နက်ရှိုင်းသည့် နေရာများတွင်ရှိသော ထိန်းချုပ်ရေးနှင့် ထောက်ပံ့ရေး နေရာများ အပါအဝင် ရန်သူများ၏ အဓိက စခန်းများကို လျင်မြန်စွာနှင့် တိတ်ဆိတ်စွာ တိုက်ခိုက်ရန် တာဝန်ယူရမည် ဖြစ်သည်။
တရုတ်စစ်တပ်သုံး စစ်ဘက်လက်နက်ကိုတွေ့ရစဉ်
မောင်းသူမဲ့ လေယာဉ်များကို သီးခြား စစ်ဆင်ရေးနှင့် ပူးတွဲစစ်ဆင်ရေးများတွင်ပါ အသုံးပြုနိုင်ရန် ရည်ရွယ် တည်ဆောက်ခဲ့ပြီး အမြင့်ပေ နိမ့်သည့်နေရာတွင် ပျံသန်းခြင်း၊ လမ်းကြောင်းပြ အတားအဆီးများကို ရှာဖွေခြင်း၊ ရန်သူတပ်ဖွဲ့များကို ထိတွေ့တိုက်ပွဲဝင်ပြီး ချေမှုန်းခြင်းတို့အတွက် ရည်ရွယ်ထားကြောင်း SCMP က ဖော်ပြခဲ့ သည်။
ထို့ပြင် ခေတ်မီ ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ကင်းထောက်စနစ်များကိုလည်း တိုက်ခိုက်မှု၏ ကနဦး အဆင့်တွင် အသုံးပြုသွားမည်ဖြစ်ပြီး နောက်ထပ် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ရန် သင့်/မသင့်နှင့် ထိခိုက်ပျက်စီးမှုများ လေ့လာသုံးသပ်သွားမည်ဟု ဆိုသည်။
PLA သည် ထိုနည်းဗျူဟာကို အမေရိကန်စစ်တပ်၏ နည်းဗျူဟာများအပေါ် အခြေခံပြီး ဉာဏ်ကွန့်မြူးကာ အစီအစဉ်ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု SCMP က ဖော်ပြခဲ့သည်။
Source: Asia Times
- By CNI
- Category: နိုင်ငံရေး
- Hits: 567
CNI International News
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၉
ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲ ၂ နှစ်နီးပါး ကြာမြင့်လာချိန်တွင် ယူကရိန်းစစ်သားအင်အား လျော့နည်းလာသဖြင့် ယူကရိန်းသည် ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်များထဲ၌ တစ်ခု အပါအဝင်ဖြစ်သော ကိုလံဘီယာနိုင်ငံမှ အတွေ့အကြုံရင့် စစ်သားများ၏ အကူအညီကို ရယူနေရသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ရုရှားကို တိုက်ခိုက်နေရသည့် ယူကရိန်း၏ စစ်ပွဲတွင် ပြည်ပနိုင်ငံများမှ တိုက်ခိုက်ရေးသမားများကို ယူကရိန်း ဘက်ကနေ ပူးပေါင်းပါဝင်ရန် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy)က ပြည်ပနိုင်ငံများကို အကူအညီ တောင်းခံခဲ့သည်။
ထို့နောက် စစ်ရေးကျွမ်းကျင်သည့် ကိုလံဘီယာစစ်သားများသည် ယူကရိန်းနိုင်ငံကို လုပ်အားပေးအနေဖြင့် လာရောက်ခဲ့ကြသည်။
အဆိုပါ ကိုလံဘီယာ စစ်သားများထဲတွင် မက်ဒလင်း (Medellin) မြို့မှ အသက် ၃၂ နှစ်အရွယ် ချီချို (Checho) အမည်ရှိ စစ်သားတစ်ဦးလည်း ပါဝင်ခဲ့ပြီး သူသည် ရုရှားတပ်ဖွဲ့များနှင့် ၃ ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တစ်ခု၌ ဒဏ်ရာရရှိခဲ့သော ရဲဘော်ရဲဘက်များကို ကယ်တင်ရန် ကြိုးပမ်းခဲ့သည်။
ယူကရိန်းစစ်ဦးစီးချုပ်နဲ့ ကိုလံဘီယာစစ်သားတွေကို တွေ့ရစဉ်
ထိုအချိန်တွင် ၎င်းတို့တပ်ဖွဲ့သည် ရုရှား၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ချီချို၏ မေးရိုး၌ ဗုံးစထိမှန်ခဲ့သည်။
"ကျနော်ကတော့ ကိုယ့််ကိုယ်ကို သေပြီလို့ ထင်ခဲ့ပါတယ်" ဟုလုံခြုံရေးကြောင့် ချီချိုဟူသည့် အမည်လွှဲကို အသုံးပြုနေသော ကိုလံဘီယာစစ်သားက ပြောသည်။
"အဲဒီအချိန်က ကျနော်တို့ တိုက်ခိုက်ခံရပြီးတဲ့နောက် ကိုယ့်အသက် မသေစေဖို့ တပ်စွဲထားတဲ့နေရာက ထွက်ပြေး ခဲ့ရပါတယ်။ ပုန်းစရာနေရာ မရှိခဲ့ပါဘူး" ဟု ၎င်းက ဆက်ပြောသည်။
ကိုလံဘီယာစစ်တပ်သည် မူးယစ်ဆေးဝါး မှောင်ခိုကူးသည့် ဂိုဏ်းများနှင့် သူပုန်အဖွဲ့များကို ဆယ်စုနှစ်များစွာကြာ တိုက်ခိုက်ခဲ့သဖြင့် ကိုလံဘီယာစစ်သားများသည် ကမ္ဘာပေါ်တွင် တိုက်ပွဲအတွေ့အကြုံ အရင့်ကျက်ဆုံး စစ်သား များထဲတွင် ပါဝင်နေသည်။
ထို့ပြင် ကိုလံဘီယာစစ်တပ်သည် လက်တင်အမေရိကတွင် ဘရာဇီးလ်နိုင်ငံပြီးလျှင် ဒုတိယ စစ်အင်အား အကြီးဆုံးဖြစ်ပြီး စစ်သားအင်အား ၂၅၀,၀၀၀ ခန့်ရှိသည်။
ကိုလံဘီယာစစ်သားတွေကိုတွေ့ရစဉ်
ထို့ပြင် ကိုလံဘီယာ စစ်တပ်တွင် တစ်နှစ်လျှင် အငြိမ်းစားယူသည့် စစ်သားပေါင်း ၁၀၀၀၀ ကျော်ရှိသည်။
၂၀၂၂ ခုနှစ် အစောပိုင်းက ယူကရိန်းနိုင်ငံတွင် ပြည်ပနိုင်ငံ ၅၂ နိုင်ငံမှ လုပ်အားပေး တိုက်ခိုက်ရေးသမားပေါင်း ၂၀,၀၀၀ ခန့်ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
လက်ရှိတွင် ယူကရိန်းဘက်မှ ပါဝင်တိုက်ခိုက်ပေးနေသည့် ပြည်ပစစ်သား အရေအတွက်ကို လျှို့ဝှက်ထားပြီး စစ်မြေပြင်သို့ စေလွှတ်ထားသော ပြည်ပစစ်သား အရေအတွက်အား ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ပြည်ပ စစ်သားများ၏ အမည်များကို ပြောင်းလဲထားကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 656
CNI International News
ကိုင်ရိုင်၊ ဖေဖော်ဝါရီ ၈
၁၉၆၇ ခုနှစ်က အရှေ့ဂျေရုဆလင် (East Jerusalem) နှင့် ထိစပ်နေသည့် နယ်စပ်များကို အခြေခံပြီး အသိအမှတ် ပြုခံခဲ့ရသည့် လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာခြင်းမရှိပါက အစ္စရေးနှင့် သံတမန် ဆက်ဆံရေး များ ရှိလာလိမ့်မည် မဟုတ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများ မရပ်တန့်မချင်း သံတမန်ဆက်ဆံရေး ထူထောင် မည်မဟုတ်ကြောင်းလည်း ဆော်ဒီအစိုးရက အမေရိကန်ကို ပြောကြားခဲ့သည်ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန က ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဆော်ဒီအာရေဗျနှင့် အစ္စရေးအကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်ရန် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိနေသည့် အပြုသဘောဆောင်သော တုန့်ပြန်ချက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့က လက်ခံရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၆ ရက်က အိမ်ဖြူတော် အမျိုးသား လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့ပြီးနောက် ဆော်ဒီ၏ ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အရှေ့ဂျေရုဆလင်ကို တွေ့ရစဉ်
ကာဘီ၏ မှတ်ချက်စကားနှင့််ပတ်သက်ပြီး ဆော်ဒီအာရေဗျသည် ပါလက်စတိုင်း အရေးနှင့်ပတ်သက်ပြီး မိမိတို့၏ ခိုင်မာသည့် သဘောထားကို အမေရိကန်အား ထပ်လောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။
၂၀၂၀ ပြည့်နှစ်က ဆော်ဒီ၏ အိမ်နီးချင်းများဖြစ်သည့် ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့သည် အစ္စရေးနှင့် ဆက်ဆံရေး များ ပြန်လည်ထူထောင်ခဲ့ပြီးကတည်းက ဆော်ဒီနှင့် အစ္စရေးအကြား ဆက်ဆံရေးများ ပြန်လည်ထူထောင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် အစ္စရေးနှင့် ဟားမာ့စ် စစ်ပွဲဖြစ်ပွားလာချိန်တွင် အမေရိကန်က ထောက်ခံထားသည့် ထိုအစီအစဉ်ကို ဆော်ဒီအာရေဗျက ဆိုင်းငံ့ခဲ့သည်ဟု ဆော်ဒီအစိုးရနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက ရိုက်တာ သတင်းဌာန သို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက ပြောကြားခဲ့သည်။
အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂၀၀ ကို သတ်ဖြတ်ခဲ့ကာ လူပေါင်း ၂၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးနောက် အစ္စရေးက ဂါဇာ ကမ်းမြောင်ဒေသကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သဖြင့် ပါလက်စတိုင်း ၂၇,၀၀၀ ကျော် သေဆုံးခဲ့သည်။
Source: ရိုက်တာ