- By CNI
- Category: နိုင်ငံရေး
- Hits: 2786
CNI International News
ဘေရွတ်၊ စက်တင်ဘာ ၁၉
အစ္စရေး၏ မော့ဆက် (Mossad) ထောက်လှမ်းရေးအေဂျင်စီသည် လက်ဘနွန်နိုင်ငံအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ ဝယ်ယူသည့် ပေဂျာဟု ခေါ်သော ရေဒီယိုလှိုင်းဖြင့် ဆက်သွယ်မှုကို ဖမ်းယူအသိပေးသည့် ကိရိယာများထဲတွင် အသေးစား ဖောက်ခွဲရေးပစ္စည်းများ ထည့်သွင်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့သည် ယခုနှစ် နွေဦးရာသီက လက်ဘနွန်နိုင်ငံအတွင်းသို့ ပေဂျာ ၅၀၀၀ ခန့် အော်ဒါမှာယူ တင်သွင်းခဲ့ကြောင်း လက်ဘနွန်လုံခြုံရေး သတင်းအရင်းအမြစ်တစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုပေဂျာများကို အစ္စရေးထောက်လှမ်းရေးအဖွဲ့က ထုတ်လုပ်မှုအဆင့်တွင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
ဒုတိယမြောက် လုံခြုံရေး သတင်းရင်းမြစ် တစ်ခုကလည်း ထိုပေဂျာများထဲတွင် ဖောက်ခွဲရေးပစ္စည်း ၃ ဂရမ်မျှ ထည့်သွင်းထားခဲ့ပြီး ထိုအချက်ကို ဟစ်ဇ်ဘိုလာအဖွဲ့က ထောက်လှမ်းသိရှိခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ရိုက်တာသတင်းဌာနက လေ့လာခဲ့သည့် ပျက်စီးနေသော ပေဂျာများ၏ ဓာတ်ပုံများတွင် ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီ Gold Apollo က ထုတ်လုပ်သည့် AR-924 မော်ဒယ် ပေဂျာများကို မြင်တွေ့ရသည်။

Gold Apollo ကုမ္ပဏီကို တည်ထောင်သူဖြစ်သည့် စုချင်းကွမ်ကို တွေ့ရစဉ်
ထိုပေဂျာများသည် မက်ဆေ့ချ်များ ပေးပို့နိုင်သော်လည်း ဖုန်းခေါ်ဆိုနိုင်ခြင်းမရှိကြောင်း သိရသည်။
ထိုပေဂျာများကို Gold Apollo အမှတ်တံဆိပ်ဖြင့် ဥရောပ၏ BAC ကုမ္ပဏီ၏ လိုင်စင်ဖြင့် ထုတ်လုပ်ခြင်း ဖြစ် ကြောင်း Gold Apollo ကုမ္ပဏီကို တည်ထောင်သူဖြစ်သည့် စုချင်းကွမ် (Hsu Ching-Kuang) က ပြောကြားခဲ့ သည်။
ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ် (Budapest) မြို့တော်တွင် အခြေစိုက်သည့် BAC ကုမ္ပဏီကမူ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
စက်တင်ဘာ ၁၈ ရက်က လက်ဘနွန်နိုင်ငံ၏ အချို့နေရာ ဒေသများတွင် ပေဂျာများ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၉ ဦးသေဆုံးကာ လူပေါင်းထောင်ချီ ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။
လူပေါင်း ၂၇၅၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂၀၀ ခန့်သည် ဒဏ်ရာပြင်းထန်ကြောင်း ကျန်းမာရေးဝန်ကြီး ဖီရက်စ် အဘီအက် (Firas Abiad) က ပြောကြားခဲ့သည်။
ထိုသို့ ပေဂျာများ ပေါက်ကွဲမှုအတွက် လက်ဘနွန်အရာရှိများက အစ္စရေးကို အပြစ်တင်ခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့က လည်း အစ္စရေးကို လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1757
CNI International News
ကာရာကက်စ်၊ စက်တင်ဘာ ၁၈
ဗင်နီဇွဲလားအစိုးရသည် ဇူလိုင်လက ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲအပြီး ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြ သူများကို ပြင်းထန်စွာ ဖြိုခွင်းခဲ့သလို အတိုက်အခံများအား ဖိနှိပ်မှုကို အရှိန်မြှင့်တင်ခဲ့သည်ဟု ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအထူးတာဝန်အဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဗင်နီဇွဲလား အာဏာပိုင်များသည် အတိုက်အခံများကို ဖြိုဖျက်ရန်၊ လွတ်လပ်သည့် သတင်းအချက်အလက်များ စီးဆင်းမှုနှင့် ဝေဖန်ရေး အတွေးအမြင်များကို ပိတ်ပင်ရန်၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို တားဆီးရန် လုပ်ဆောင်ခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
"ဝေဖန်ရေး အယူအဆတွေ၊ အတိုက်အခံတွေ ဒါမှမဟုတ် အစိုးရနဲ့ သဘောထား မတိုက်ဆိုင်သူတွေကို တုန့်ပြန်တဲ့ အနေနဲ့ ဗင်နီဇွဲလားအစိုးရရဲ့ ဖိနှိပ်ရေးယန္တရားဟာ အရမ်းပြင်းထန်နေတာကို ကျမတို့ တွေ့ရှိခဲ့ပါတယ်" ဟု ကုလ သမဂ္ဂ၏ အချက်အလက် ရှာဖွေရေးအထူးတာဝန်အဖွဲ့၏ဥက္ကဋ္ဌ မာတာ ဗာလီနက်စ် (Marta Valinas) က ပြော ကြားခဲ့သည်။
ဗင်နီဇွဲလား ရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့နှင့် ထိပ်သီး တရားရုံးတစ်ခုက ရွေးကောက်ပွဲ မဲရေတွက်မှုအားလုံးကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မာဒူရို (Nicolas Maduro) အနိုင်ရကြောင်း ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေရေးအထူးတာဝန်အဖွဲ့၏ဥက္ကဋ္ဌ မာတာဗာလီနက်စ်ကို တွေ့ရစဉ်
ထို့ကြောင့် အတိုက်အခံများဘက်မှ ကိုယ်စားလှယ်လောင်း အက်မန်ဒို ဂွန်ဇာလက် (Edmundo Gonzalez) ကို ထောက်ခံသူများက အာဏာရပါတီကို မဲလိမ်ကြောင်းစွပ်စွဲခဲ့ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။
အတိုက်အခံများကမူ ၎င်းတို့၏ မဲရေတွက်မှုများအရ ဂွန်ဇာလက် အနိုင်ရကြောင်း ပြောကြားခဲ့သည်။
ဂွန်ဇာလက်သည် ဗင်နီဇွဲလားတွင် ဖမ်းဝရမ်း ထုတ်ခံခဲ့ရပြီးနောက် ယခုလအတွင်း နိုင်ငံအတွင်းမှ ထွက်ပြေး တိမ်းရှောင်ကာ စပိန်နိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့်နှင့် နေထိုင်လျက်ရှိသည်။
ရွေးကောက်ပွဲအပြီး ဖြစ်ပွားသည့် ဆန္ဒပြမှုများအတွင်း လူ ၂၅ ဦးခန့် သေဆုံးကာ ၂၄၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ထိုဆန္ဒပြမှုကို ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုသည် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို မီးမောင်း ထိုးပြသနေပြီး ဗင်နီဇွဲလားအာဏာပိုင်များသည် လွတ်လပ်ပွင့်လင်းသည့် ပုံရိပ်ကို စွန့်လွှတ်ခဲ့ကြောင်း ကုလသမဂ္ဂ ၏ အချက်အလက် ရှာဖွေရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 3300
CNI International News
မော်စကို၊ စက်တင်ဘာ ၁၈
ရုရှားသမ္မတ ပူတင် ( Vladimir Putin ) သည် ရုရှားစစ်တပ်အတွင်း စစ်သားအရေအတွက် ၁၈၀,၀၀၀ ခန့် ထပ်မံ စုဆောင်းပြီး စစ်သားအင်အားကို ၁ ဒသမ ၅ သန်းအထိ ရှိလာအောင်မြှင့်တင်ရန် စက်တင်ဘာ ၁၇ ရက်က အမိန့် ထုတ်ပြန်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ယခု ထုတ်ပြန်ချက်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် တတိယ အကြိမ်မြောက် ရုရှားစစ်သားအင်အားကို မြှင့်တင်မှုဖြစ်သည်။
ကရင်မလင် (Kremlin) နန်းတော်၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် အမိန့်ပြန်တမ်း၌ ပူတင်သည် အရန်တပ်ဖွဲ့ ဝင်များနှင့် တန်းပြည့်စစ်မှုထမ်းအင်အား စုစုပေါင်းကို ၂ ဒသမ ၃၈ သန်းအထိ တိုးမြှင့်ရန်နှင့် ၎င်းတို့အနက် ၁ ဒသမ ၅ သန်းကို တန်းပြည့်စစ်မှုထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရန် ညွှန်ကြားထားသည်။
၂၀၂၂ ခုနှစ် နောက်ပိုင်း ထုတ်ပြန်ခဲ့သည့် ယခင် စစ်အင်အားမြှင့်တင်မှု အမိန့်များတွင် စစ်သားအင်အားကို ၁၃၇,၀၀၀ နှင့် ၁၇၀,၀၀၀ စီ အသီးသီး မြှင့်တင်ရန် ညွှန်ကြားခဲ့သည်။\

ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ထို့ပြင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း ရုရှားသည် စစ်သားအင်အား ၃၀၀,၀၀၀ ကျော်ကို စုဆောင်းခဲ့သည်။
ထိုအစီအစဉ်ကြောင့် စစ်မှုထမ်းရန် အကျုံးဝင်သည့် သောင်းနှင့်ချီသော အမျိုးသားများသည် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ရုရှားအစိုးရကမူ လက်ရှိတွင် စစ်သား စုဆောင်းခြင်းကို ထပ်မံကြေညာရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ သော်လည်း ထိုအခြေအနေသည် ယူကရိန်းကို တိုက်ခိုက်ရန် ကန်ထရိုက်ပေးပြီး စစ်သားများ စုဆောင်းနေသည့် အစီအစဉ်အား ဆက်လက်ကျင့်သုံးမည် ဟုတ်/မဟုတ်အပေါ်တွင် မူတည်နေသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 2238
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၁၈
ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှု ဖြစ်ပွားနေသည့် ပြည်နယ်များရှိ ရေဘေးသင့် အိမ်ထောင်စုတိုင်းကို ဘဏ္ဍာရေး အထောက်အပံ့အဖြစ် အများဆုံး ဘတ် ၂၃၀,၀၀၀ စီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) က ပြောကြားခဲ့သည်။
ထို့ပြင် သေဆုံးမှုများကဲ့သို့ အခြားထိခိုက် နစ်နာမှုများအတွက်လည်း ဘတ် ၄၀,၀၀၀ မှ ဘတ် ၅၀,၀၀၀ နစ်နာ ကြေး ပေးသွားမည်ဟုလည်း ဝန်ကြီးချုပ်၏ အတွင်းရေးမှူးချုပ် ပရွမ်မင် လတ်ဆူရီဒက်ဂျ် (Prommin Lertsuridej) က ထပ်လောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ရေဘေးကယ်ဆယ်ရေးအတွက် ဗဟို ဘတ်ဂျက်ထဲမှ ဘတ် ၃ ဘီလျံကို ထုတ်ပေးရန် အဆိုပြုသွားမည်ဟု ပေတုန်တန်က ပြောသည်။
စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ရေဘေး၊ မုန်တိုင်းဘေးနှင့် မြေပြိုမှု ဘေးအန္တရာယ်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အပြီးတွင် ပေတုန်တန်က ရေလွှမ်းမိုးမှုပြဿနာနှင့် ကယ်ဆယ်ရေး အစီ အစဉ်များကို ကြီးကြပ်ကွပ်ကဲရန် အစိုးရအဖွဲ့သည် ရေလွှမ်းမိုးမှုဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး အထောက် အကူပြု စင်တာတစ်ခု ထူထောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးကို တွေ့ရစဉ်
ထိုစင်တာကို ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ် ( Anutin Charnvirakul ) က ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရေလွှမ်းမိုးမှု မြင့်တက်နေပြီး မြောက်ပိုင်းရှိ နေရာဒေသအချို့တွင် မိုးသည်းထန် စွာ ရွာသွန်းမှုများရှိနေသည့်တိုင် ရေများပြန်ကျလာပြီဖြစ်ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
ပြည်နယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့များသည် ရေများစီးဆင်းနေသည့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး နောက်ထပ် ဖြစ်နိုင်ခြေရှိသော ရေလွှမ်းမိုးမှု အခြေအနေများအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် သတိပေး နှိုးဆော်ချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
ယခုနှစ်တွင် ဖြစ်ပွားသည့် ရေလွှမ်းမိုမှု အခြေအနေသည် ယခင်နှစ်များက ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများထက် ပိုမိုဆိုးရွားလိမ့်မည် မဟုတ်ဟု အရာရှိများက မျှော်မှန်းထားသည်။
ကျောက်ဘုရားမြစ် (Chao Phraya River) သည် ရေများ ဝင်ဆံ့နိုင်သည့် အခြေအနေတွင် ရှိနေသဖြင့် ရေလွှမ်း မိုးမှုကြောင့် စီးဆင်းနေသည့် ရေများသည် ဘန်ကောက်မြို့တော် နယ်နိမိတ်ကို သက်ရောက်မှုရှိလိမ့်မည် မဟုတ် ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 1789
CNI International News
ပေကျင်း၊ စက်တင်ဘာ ၁၈
ထိုင်ဝမ်အရေးသည် အမေရိကန်နှင့်တရုတ် ဆက်ဆံရေးကို လျော့ကျစေသည့် အဓိကအကြောင်းရင်းဖြစ်နေ ကြောင်း စက်တင်ဘာ ၁၂ ရက်က ဘေကျင်း (Beijing) မြို့တော်တွင် ပြုလုပ်သော ကာကွယ်ရေးဖိုရမ် ပထမနေ့၌ တရုတ်လေ့လာသူများက ပြောကြားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
"အမေရိကန်ဟာ ကမ္ဘာကို စိုးမိုးချင်ပြီး တရုတ်ကို ဖိနှိပ်ချင်နေပါတယ်။ တရုတ်နိုင်ငံ စည်းလုံးညီညွတ်မှာကို မဖြစ် စေချင်ပါဘူး။ ဒါဟာ နှစ်နိုင်ငံအကြား သဘောထားကွဲလွဲရတဲ့ အခြေခံ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်" ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ စစ်ရေးသိပ္ပံအကယ်ဒမီ၏ ဒုဥက္ကဋ္ဌဟောင်း ဒုတိယဗိုလ်ချုပ် ကြီး ဟီလိုင် (He Lei) က ပြောကြားခဲ့သည်။
ထိုင်ဝမ်အရေးသည် အမေရိကန်-တရုတ် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲအတွက် အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်နေပြီး အမေရိကန်၏ သဘောထား မည်သို့ရှိသည်ဖြစ်စေ မိမိတို့အနေနှင့် မိမိတို့၏ အဓိကအကျိုးစီးပွား အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟီက နှစ်စဉ်ပြုလုပ်နေကျ Xiangshan ဖိုရမ်တွင် ပြောကြားခဲ့သည်။
ထိုဖိုရမ်တွင် ဆွေးနွေးမှု တစ်ခုအတွင်း ရှန်ဟိုင်း (Shanghai) တက္ကသိုလ်မှ အမေရိကန်ရေးရာ လေ့လာရေးစင်တာ ညွှန်ကြားရေးမှူး ဝူရှင်ဘို (Wu Xinbo) ကလည်း ဟီ၏ သဘောထားနှင့် တူညီသည့် မှတ်ချက်စကားကို ပြောကြား ခဲ့သည်။

ထိုင်ဝမ်စစ်သားများကို တွေ့ရစဉ်
အမေရိကန်သည် ထိုင်ဝမ်ကို ဖဲချပ်တစ်ချပ်ကဲ့သို့ ကစားနေကြောင်း၊ အမေရိကန်၏ ရပ်တည်ချက်ကြောင့် အမေရိကန်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အသိအမှတ် မပြုတော့ကြောင်း၊ တရုတ်က ခံစားလာရပြီး အမေရိကန်သည် ထိုင်ဝမ်လွတ်လပ်ရေးအတွက် ပေါ်တင်တစ်မျိုး၊ နောက်ကွယ်မှတစ်မျိုး အားပေးလှုံ့ဆော်နေ ကြောင်း ဝူက ပြောကြားခဲ့သည်။
"သုံးဘက်စလုံး (အမေရိကန်၊ တရုတ်၊ ထိုင်ဝမ်) က အဆိုးရွားဆုံး အနာဂါတ် စိတ်မှတ်ဖြစ်နိုင်ခြေအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ဒါက တော်တော်အန္တရာယ်များပါတယ်" ဟု ဝူက ပြောကြားခဲ့သည်။
တရုတ်နှင့် ထိုင်ဝမ်ရေးရာ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရစ်ခ် ဝါတားစ် (Rick Waters) နှင့် ဆွေးနွေးချိန်တွင် ဝူက အမေရိကန်အနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို ဟန့်တားရာ၌ တရုတ်နှင့် အရင်ဆုံး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
"ဒုတိယအချက်အနေနဲ့ တရုတ်၊ အမေရိကန်နဲ့ ထိုင်ဝမ်တို့ဟာ ငြိမ်းချမ်းတဲ့ ပြန်လည်ပေါင်းစည်းရေးကို ဦးစား ပေးတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးဖို့ လုပ်ဆောင်ရမှာပါ" ဟု ဝူက ပြောကြားခဲ့သည်။
တတိယအချက်အနေဖြင့် တရုတ်နှင့် ထိုင်ဝမ်အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်ဖြစ်ကြောင်း၊ အမေရိကန် သည် တရုတ်နှင့် ထိုင်ဝမ် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ပုံဖော်ရာတွင် အလွန်အရေးကြီးကြောင်း ဝူက ပြောကြားခဲ့သည်။
Source: SCMP
- By CNI
- Category: နိုင်ငံရေး
- Hits: 3547
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၁၇
အမေရိကန်နိုင်ငံ အိုဟိုင်းယိုး (Ohio) ပြည်နယ်၊ စပရင်းဖီးလ် (Springfield) မြို့ရှိ တက္ကသိုလ်တစ်ခုတွင် ဟေတီ နိုင်ငံသားများကို ဆန့်ကျင်သည့် ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေးဗျူရို(FBI)က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မကြာသေးမီက ပြုလုပ်သည့် စကားစစ်ထိုးပွဲတွင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) က စပရင်းဖီးလ်မြို့၌ ရွှေ့ပြောင်းနေထိုင်သူများသည် မြို့ခံများ မွေးထားသည့် ကြောင်များ၊ ခွေးများကို စားနေသည်ဆိုသည့် အခြေအမြစ်မရှိသော စကားများကို ပြောကြားခဲ့ပြီးနောက် ဟေတီနိုင်ငံသားများ အပေါ် ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် စပရင်းဖီးလ်မြို့ရှိ Wittenberg တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေသည့် ဟေတီ ရွှေ့ပြောင်း နေထိုင်သူများအပေါ် ခြိမ်းခြောက်မှုများ မြင့်တက်လာသဖြင့် ကျောင်းဝင်းကို တစ်ရက်ကြာ ပိတ်ထား ခဲ့ရသည်။
Wittenberg တက္ကသိုလ်က စက်တင်ဘာ ၁၅ ရက်တွင် စီစဉ်ထားသည့် စာသင်တန်းများ၊ ပွဲအခမ်းအနားများ အားလုံးကို ပိတ်ပင်ကြောင်း စက်တင်ဘာ ၁၄ ရက်က ကြေညာခဲ့သည်။

အမေရိကန်ရဲတပ်ဖွဲ့ကားကို တွေ့ရစဉ်
ထိုတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသားများ၊ ဆရာများနှင့် ဝန်ထမ်းများထံ အီးမေးလ်မှတစ်ဆင့် ခြိမ်းခြောက်စာများ ပေးပို့ခံခဲ့ရပြီးနောက် FBI က ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
"FBI ဟာ ခြိမ်းခြောက်မှုရဲ့ အရင်းအမြစ်ကို သိရဖို့၊ အချက်လက်တွေ မျှဝေဖို့နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ စပရင်းဖီးလ်ရဲတပ်ဖွဲ့၊ Wittenberg တက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု FBI ၏ စင်စင်နတီ (Cincinnati) မြို့ ရုံးခွဲက ထုတ်ပြန်ခဲ့သည်။
လက်ရှိ စပရင်းဖီးလ်မြို့ထဲတွင် နေထိုင်နေသည့် ဟေတီနိုင်ငံသားများသည် ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်လျက်ရှိသည်။
ထို့ပြင် စပရင်းဖီးလ်မြို့ရှိ Clark State ကောလိပ်တွင်လည်း အလားတူ ခြိမ်းခြောက်မှုများ ရှိခဲ့သဖြင့် စက်တင်ဘာ ၁၂ ရက်နှင့် စက်တင်ဘာ ၁၃ ရက်များက လုံခြုံရေးအရ ကောလိပ်ကို ပိတ်ထားခဲ့ရကြောင်း X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 3422
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇
ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် အလှူငွေများနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများ မျှမျှတတရရှိစေရေး လုပ်ရန် နစကဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၂/၂၀၂၄)တွင် နစကဒုဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ဆည်မြောင်းတာတမံများနှင့်စပ်လျဉ်း၍ ပြည်သူများအား စိုးရိမ်ပူပန်မှု မရှိစေရန် အသိပေး ထုတ်ပြန်ချက်များကို ထုတ်ပြန်ပေးရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ရာတွင် သန့်ရှင်းသော သောက် သုံးရေရရှိရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အဟာရဖြစ်စေမည့် အစားအသောက်များ ရရှိရေးအတွက် ဆောင် ရွက်ပေးသွားရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
ထို့နောက် ရေဘေးဖြစ်ပွားခဲ့သည့် ဒေသများတွင် ယာယီပိတ် ထားရသည့် ရုံးဌာနများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသည့် အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင် ရွက်သွားရန် ၎င်းက ပြောသည်။

ရေဘေးသင့် အခြေအနေကို တွေ့ရစဉ်
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် အလှူငွေများနှင့် ပစ္စည်းများကို စနစ်တကျ စီမံဆောင်ရွက်ထားရမည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူများကို မျှမျှတ တ ရရှိစေရေး ဖြန့်ခွဲပေးရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အလှူရှင်များ မရောက်နိုင်သည့် အချို့ရေဘေးသင့် ယာယီ ကယ်ဆယ်ရေးစခန်းများ အပါအဝင် ယာယီသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်းများသို့လည်း ကျန်းမာရေးနှင့်ညီညွတ်သည့် အခြေခံအစားအစာ ၅ မျိုးနှင့် သောက်သုံးရေရရှိရေးအတွက် ပို့ဆောင်ပေးလျက် ရှိတယ်”ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ရေဘေး ကယ်ဆယ်ရေးအတွက် တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ ၁၃ ဘီလီယံ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးက ထုတ်ပြန်ခဲ့သလို ကမ္ဘောဇ ဘဏ်ကလည်း ကျပ်ငွေ ၁၀ ဘီလီယံ မတည်လှူဒါန်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အလားတူ ဧရာဝတီဘဏ်ကလည်း ကျပ်ငွေ သိန်း ၁ သောင်း မတည်လှူဒါန်းသွားမည်ဖြစ်သလို မြန်မာနိုင်ငံရှိ အနုပညာရှင် တချို့၊ ပရဟိတသမားများနှင့် သူဋ္ဌေးများကလည်း အသီးသီး လှူဒါန်းမှုများရှိနေသည်။

ရေဘေးသင့် အခြေအနေ နစက ထုတ်ပြန်ချက်ကို တွေ့ရစဉ်
တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် မြန်မာနိုင်ငံတွင် မိုးအဆက်မပြတ် ရွာသွန်းကာ မြစ်/ချောင်းများ မြင့်တက်လာပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် လူနေအိမ် ၂၁၁၆ လုံး ပျက်စီးပြီး ၁၅၈၃၇၃ လုံး ရေနစ်မြှုပ်ခဲ့၍ အစိုးရက ရေဘေးကယ်ဆယ်ရေး စခန်း ၄၃၈ ခုဖွင့်လှစ်ကာ အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၈၀ ဦးကို ရွှေ့ပြောင်းပေးခဲ့သည်။
ထို့နောက် ရေဘေးကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စက်တင်ဘာ ၁၆ ရက်နေ ညနေ ၄ နာရီထိ ကောက်ယူရရှိသော စာရင်းအရ ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးနေသည်။
အလားတူ ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ပျက်စီးခဲ့ကြောင်း နစက-က သတင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင်သေဆုံးပြီး စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ရေနစ်မြှုပ်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2301
CNI International News
ဒါကာ၊ စက်တင်ဘာ ၁၇
အမေရိကန်ထိပ်သီး ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ အကြီးအကဲဖြစ်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မူဟာမက် ယူနွတ် (Muhammad Yunu) နှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဘက်မှ အကူအညီများ နှင့်ပတ်သက်ပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့က အခိုင်အမာ ပြောဆိုခဲ့သည်ဟု ဒါကာ (Dhaka) မြို့တော်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) သည် ရာထူးမှနုတ်ထွက်ပြီး နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့နောက် ယူနွတ်သည် ကြားဖြတ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။
ဟာစီနာ အုပ်ချုပ်ခဲ့သည့် ၁၅ နှစ်ကြာ ကာလအတွင်း ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယ၊ တရုတ်၊ ရုရှားတို့နှင့် နီးကပ် သည့် ဆက်ဆံရေးများရှိခဲ့ပြီး ထိုနိုင်ငံများကလည်း ဘင်္ဂလားဒေ့ရှ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ ယူနွတ်တွေ့ဆုံ ဆွေးနွေးစဉ်
ထို့ပြင် အမေရိကန်သည်လည်း ဟာစီနာ လက်ထက်က ဘင်္ဂလားဒေ့ရှ်တွင် အကြီးဆုံး ပြည်ပရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ဖြစ်လာခဲ့သည်။
ယူနွတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှု၊ ပြန်လည်ထူထောင်ရေးနှင့် ခိုးယူခံခဲ့ရသည့် နိုင်ငံပိုင် ပစ္စည်းများကို ပြန်လည်ရရှိရေးတို့အတွက် အမေရိကန်၏ အကူအညီကို တောင်းခံခဲ့ကြောင်း ၎င်း၏ ရုံးက ထုတ်ပြန်ခဲ့သည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုင်ငံတကာ ဘဏ္ဍာရေးဒုဝန်ကြီး ဘရန့် နီးမန်း (Brent Neiman) ဦးဆောင်ခဲ့ပြီး အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကိုယ်စားလှယ် များ၊ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့သည်။
ထို့ပြင် အမေရိကန်၏ တောင်အာရှနှင့် ဗဟိုအာရှရေးရာ ဒုနိုင်ငံခြားရေးဝန်ကြီး ဒေါ်နယ်လူ (Donald Lu)လည်း အိန္ဒိယသို့ သွားရောက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်းပါဝင်လာခဲ့ သည်။
ဒါကာမြို့တော်ရှိ အမေရိကန်သံရုံးကလည်း ဘင်္ဂလားဒေ့ရှ်တွင် အမေရိကန်ကုမ္ပဏီများ ခိုင်မာစွာ အခြေတည် နေပြီး လုပ်ငန်းများ လည်ပတ်နေသည့် အကြောင်းအရာများကို X လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 1129
CNI International News
မော်စကို၊ စက်တင်ဘာ ၁၇
မြန်မာနိုင်ငံသည် BRICS အဖွဲ့တွင် လေ့လာသူနိုင်ငံ (observer country) အဖြစ် ပါဝင်လိုကြောင်း မြန်မာနိုင်ငံ၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက BRICS မီဒီယာညီလာခံ၌ တာ့စ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံချိန် ပြောကြားခဲ့သည်။
"ကျနော်တို့ဟာ အလုံးစုံ အဖွဲ့ဝင်နိုင်ငံမဟုတ်ဘဲ လေ့လာသူနိုင်ငံအဖြစ် ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ချင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
"အနာဂတ်မှာတော့ ကျနော်တို့ဟာ အလုံးစုံအဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားသွားမှာပါ။ ကျနော်တို့ အရှေ့တောင် အာရှဒေသမှာ နိုင်ငံအများစုက BRICS အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့ကြပြီးပါပြီ။ ကျနော်တို့လည်း လျှောက်ထား ချင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
သတ္တမအကြိမ်မြောက် BRICS မီဒီယာညီလာခံကို မော်စကို (Moscow) မြို့တော်တွင် စက်တင်ဘာ ၁၃ ရက်မှ ၁၇ ရက်အတွင်း ပြုလုပ်လျက်ရှိပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံမှ မီဒီယာ ၆၀ ကျော်၏ အကြီးအကဲများ၊ ထိပ်သီးပညာရှင်များ တက်ရောက်ခဲ့သည်။

BRICS ကို သရုပ်ဖော်ထားစဉ်
ထိုညီလာခံကို ရုရှားနိုင်ငံပိုင် တာ့စ်သတင်းအေဂျင်စီက စက်တင်ဘာ ၁ ရက်တွင် ကျရောက်ခဲ့သည့် သတင်း အေဂျင်စီ ထူထောင်သော နှစ်ပေါင်း ၁၂၀ ပြည့် အထိမ်းအမှတ်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် မီဒီယာညီလာခံကို BRICS အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာများ ဦးဆောင်သည့် အစိုးရမဟုတ်၊ စီးပွားဖြစ် မဟုတ်သည့် ပလက်ဖောင်းတစ်ခုဖြစ်သော BRICS မီဒီယာဖိုရမ်၏ ပုံစံသစ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ် သည်။
BRICS မီဒီယာဖိုရမ်ကို တရုတ်၏ ဆင်ဟွာ သတင်းအေဂျင်စီ၏ အစီအစဉ်ဖြင့် ၂၀၁၅ ခုနှစ်တွင် စတင် ထူထောင်ခဲ့ ခြင်းဖြစ်ပြီး BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် နိုင်ငံများ၌ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့သည်။
ရုရှားသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ရုရှား၌ ပြုလုပ်သည့် BRICS ပွဲ အခမ်းအနားများအားလုံးကို Roscongress ဖောင်ဒေးရှင်းက စီစဉ်ကျင်းပခဲ့သည်။
Source: တာ့စ်
