
- By CNI
- Category: နိုင်ငံရေး
- Hits: 135
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ နယ်မြေအတွင်းက တစ်နေရာမှာ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)က အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်ဆန်းဆင်းပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက်က ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ဥက္ကဋ္ဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူး တစ်ဦးတို့ တက်ရောက်ခဲ့ကြကြောင်း BPLA က ထုတ်ပြန်ခဲ့သည်။
ထို့နောက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) စစ်ဦးစီးချုပ်နှင့်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဒုဥက္ကဋ္ဌနှင့် BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခတို့ လည်း တက်ရောက်ခဲ့သည်။
BPLA ကို ၂၀၂၁ ခုနှစ်၊ ဧပြီလက စတင်ဖွဲ့စည်းခဲ့ပြီး ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဖြန့်ခွဲ၍ လှုပ်ရှားနေကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 197
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀
ပညာရေးနှင့်ကျန်းမာရေးကဏ္ဍမှ တာဝန်ထမ်းဆောင်သူများ၏ ရွေးချယ်မှုအပေါ် ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်(BNRA)မှ အနှောင့်အယှက်၊ အဟန့်အတား ပြုလုပ်သွားမည်မဟုတ်ဘဲ နားလည်မှုပေးသွားမည်ဟု BNRA က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုအဖြစ် အစိုးရဝန်ထမ်းများ CDM လုပ်ကြရန် မလုပ်ပါက အရေးယူသွားမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်က ဥပဒေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား (ညောင်ပင်ကန်)ကျေးရွာမှာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူကို လက်နက်ကိုင်ထားသော လူတစ်စုက ပစ်သတ်မှု ဖြစ်ပွားခဲ့သည်။
BNRA က “ယခင်ထက် ပိုမိုကောင်းမွန်သော တိုင်းပြည်၏ သမိုင်းကောင်းတခေတ်ကို ဖန်တီးနိုင်ရေး ကြိုးပမ်း အားထုတ်နေချိန်တွင် ကျောင်းသားလူငယ်များ၏ ပညာရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုသည် အခက်အခဲများစွာကြားမှ “ရှိတာနှင့်လှအောင်ဝတ်”ဆိုသကဲ့သို့ ဖြတ်သန်းနေကြရသည်မှာ စစ်ဘေးဒဏ်သင့် ဒေသများမှ ပြည်သူများအသိပင်ဖြစ်ပါသည်”ဟု ပြောသည်။
ထို့နောက် “ကျောင်းသားလူငယ်များ၏ ပညာရေးနှင့် ပြည်သူလူထု ကျန်းမာရေးကဏ္ဍ”သည် တိုင်းပြည်၏ “ပစ္စုပ္ပန်နှင့် အနာဂတ်”ဖြစ်သည်ဟု BNRA က ထုတ်ပြန်ခဲ့သည်။
BNRA ရဲ့ထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းက “ ပိုမိုကောင်းမွန်သော တိုင်းပြည်၏ အနာဂတ် ကြိုးစားဖန်တီးရာတွင် အရေးပါသော ကျောင်းသားလူငယ် များ၏ ရှေ့ရေးကို မျှော်တွေး၍ “ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ”မှ တာဝန်ထမ်းဆောင်သူများ၏ ရွေးချယ်မှုအပေါ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)မှ အနှောင့်အယှက်၊ အဟန့်အတား ပြုလုပ်သွားမည်မဟုတ်ဘဲ နားလည်မှုပေးသွားမည်။ “ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ”မှ တာဝန်ထမ်းဆောင် သူများအနေဖြင့် အခက်အခဲ များ၊ ထိခိုက်မှုများ ကြုံရလျှင်လည်း လက်လှမ်းမီသမျှ၊ တတ်စွမ်းသမျှကြိုးပမ်း အားထုတ်ဖေးမသွားမည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။
BNRA သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေး အကျပ်အတည်း နှင့်အတူ မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရန် လက်နက်ကိုင်လာသော အဖွဲ့အစည်းဖြစ်သည်။
ထိုအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ကနေ အစပြု ပေါ်ပေါက်လာသော လက်နက်ကိုင်ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 260
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀
မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် နစက သွားနေသည့် နိုင်ငံရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သော သက်ရောက်မှုရှိကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်က စတင်၍ အသက်ဝင်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်သည့် နောက်ဆက်တွဲအနေဖြင့် လုပ်သားအင်အားရှားပါးခြင်း၊ လူထု၏ အကြောက်တရား ကြီးမားလာခြင်း၊ နိုင်ငံတော်နှင့် ပြည်သူကြား ယုံကြည်မှု ကျဆင်းလာခြင်း စသည့် အခြေအနေ များသည် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုများဖြစ်ကြောင်း နိုင်ငံရေးနှင့် စီးပွားရေးလေ့လာ သုံးသပ်သူများက ထောက်ပြကြသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန်ဆင့်ခေါ်သည့် ကိစ္စများတွင် အောက်ခြေ၌ အကျင့်ပျက်ခြစားမှုများ ရှိနေသဖြင့် အမြန်ဆုံးရပ်ဆိုင်းရမည့် ဥပဒေတစ်ခုဖြစ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပသို့ ထွက်ခွာကြမည့်သူများကို တွေ့ရစဉ်
၎င်းက “အောက်ခြေမှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ခြစားမှုတွေ အကျင့်ပျက်မှု တွေ များနေတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒါက အရင်းနှီးဆုံးအချက် ဘာကိုဖြစ်စေလဲဆိုတော့ လူထုနဲ့ သက်ဆိုင်ရာ ဒေသန္တယအစိုးရ အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အစိုးရတွေကြားထဲမှာ နားလည်မှု လွဲမှားစရာ ဖြစ်တယ်။ အင်မတန်မှကို တစ်ယောက်နဲ့တစ်ယောက် အယုံအကြည် ပျက်စရာအကြောင်းတွေ ပေါ်လာတယ် ပေါ့။ လူထုရဲ့ မကျေနပ်မှုတွေ မကျေချမ်းမှုတွေ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ကိစ္စမှာ အများကြီး ပေါ်လာတယ်။ ဒါကြောင့်မို့လို့ ဒီစစ်မှုထမ်းဥပဒေဟာ ရည်ရွယ်ချက် ကောင်းမွန်သော်လည်းပဲ ဦးသိန်းစိန် ခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပဲပေါ့။ ရည်ရွယ်ချက် ကောင်းမွန်သော်လည်းပဲ အောက်ခြေမှ ဘယ်လိုမှ တားဆီးထိန်းချုပ်လို့ မရတဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် နိုင်ငံတော်ရဲ့ အခုလက်ရှိ SAC သွားနေတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ထိခိုက်စေတဲ့အထိ impact ပေါ့ သက်ရောက်မှု အားကြီးတယ်ပေါ့။ ဒါကြောင့်မို့ စစ်မှုထမ်းဥပဒေက အမြန်ဆုံး ရပ်ဆိုင်းရမယ့် ဥပဒေတစ်ခုဖြစ်တယ်ပေါ့” ဟု ပြောသည်။
နစကမှ ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေထဲတွင် အသက်အရွယ် ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမည်ဟု ပါရှိပြီး အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်း ကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း ဆိုလိုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် စစ်မှုထမ်းရန် ရပ်ကွက်၊ ကျေးရွာများတွင် လူစာရင်းကောက်ကာ မဲနှိုက်၍ ရွေးချယ်ခြင်းဖြစ်သည့်အတွက် စစ်မှုထမ်းရမည့် အသက်အရွယ်ထဲ အကျုံးဝင်သည့် လူငယ်များမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာတိမ်းရှောင်လျက်ရှိသည်။
ထိုသို့ ပြည်ပထွက်ခွာသူ များပြားလာသဖြင့် ပြည်တွင်း၌ ကျွမ်းကျင်လုပ်သားသာမက အခြေခံလုပ်သား ရှားပါးမှု များပါ ဖြစ်ပေါ်နေကြောင်း၊ စီးပွားရေးသည် နိုင်ငံရေးအပေါ် များစွာမှီခိုနေသဖြင့် ငြိမ်းချမ်းရေး မရသရွေ့ စီးပွားရေး တိုးတက်ရန် မလွယ်ကူကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
၎င်းက “အခုဟာကတော့ စီးပွားရေးထက် နိုင်ငံရေးက ပိုနွယ်နေတာကို။ ငြိမ်းချမ်းရေးမှ မရရင် မလွယ်ဘူး။ စီးပွားရေးက နိုင်ငံရေးအပေါ်မှာ အများကြီး ၇၅ ရာခိုင်နှုန်းတောင် မကဘူး မှီနေတာ။ အခုလည်း သူလုပ်ပေးနေ တာပဲ loan တွေ ချေးပေးတာတို့၊ တခြားလိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်ပေးတာလေ။ လျှပ်စစ်မီးတောင် အခု အတော် ပြန်မှန်လာပြီလို့ ပြောလို့ရတယ်။ ဒါတွေတော့ လုပ်ပေးနေတာပဲ။ ဒါပေမယ့် အဲဒီအပေါ်မူတည်ပြီး တက်လာမယ့် အခြေအနေက သိပ်မမြင်ဘူး။ နောက်သူကိုယ်တိုင် လုပ်ထားတဲ့ စစ်မှုထမ်းဥပဒေဆိုတာလည်း တော်တော် negative effect သွားဖြစ်တာကို ဒီလုပ်ငန်းတွေအပေါ်မှာ။ အလုပ်သမားရှားသွားပြီ။ ကျွမ်းကျင်လုပ်သား မဟုတ် ဘူး။ ရိုးရိုး general worker တောင် ရှာမရတဲ့ အခြေအနေမှာရှိနေပြီ။ အဲဒီ effect တွေလည်းရှိနေတာကို။ ဆိုတော့ SAC အနေနဲ့ကတော့ ငြိမ်းချမ်းရအောင် မလုပ်နိုင်သေးသရွေ့ စီးပွားရေးမှာ အတော်မလွယ်ဘူး” ဟု ပြောသည်။
ပြည်ပထွက်ခွာသည့် လူငယ်လူရွယ်ဦးရေ များပြားလာသည့်အတွက် တားဆီးရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ပြဋ္ဌာန်းထားသည်။
ထိုဥပဒေထဲတွင် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်သူများ၏ စာရင်းကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးက ပြုစု၍ မြို့နယ်အဖွဲ့သို့ ပေးပို့မည်ဖြစ်ပြီး မြို့နယ်အဖွဲ့က စစ်မှုထမ်းရန် အသက်အရွယ်ရောက်သူများ စာရင်း တွင် ပါဝင်သူများကို မှတ်ပုံတင်ရန် ဆင့်ခေါ်စာ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အဖွဲ့က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှတဆင့် ဗဟိုအဖွဲ့သို့ ပြည်သူ့စစ်မှုထမ်းရန် ပါဝင်သူစာရင်းအား ပေးပို့မည်ဖြစ်ပြီး ဗဟိုအဖွဲ့သည် ဆေးစစ်ဆေးရန် ဆင့်ခေါ်ရမည့်သူ အရေအတွက်ကို သတ်မှတ်၍ မြို့နယ်အဖွဲ့သို့ စာရင်းပြန်လည် ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းရန် မြို့နယ်အဖွဲ့မှ အမိန့်စာ ရရှိသူသည် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရဘဲ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်မရှိကြောင်းလည်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 164
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀
လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူများအကြား စည်းလုံးညီညွတ်မှု အားနည်းလာခြင်းတို့သည် မိမိတို့ ပြည်သူ့တော်လှန်ရေးခရီးအား နှောင့်နှေးမှေးမှိန်သွားစေနိုင်သည့်အပြင် မိမိတို့ ချင်းလူမျိုးများ၏ တော်လှန်ရေး ရည်မှန်းချက် ပန်းတိုင်လည်း ကျရှုံးသွားနိုင်ကြောင်း ချင်းလက်နက်ကိုင် ၁၈ ဖွဲ့ ပူးတွဲ၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။
လက်ရှိ ချင်းပြည်အတွင်း ချင်းတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများအကြား မကြာခဏ အချင်းချင်း ပွတ်တိုက်မှုဖြစ်ခြင်း၊ အငြင်းပွားမှုများတွင် လက်နက်ဖြင့် ဖြေရှင်းအဖြေရှာရန် ကြိုးပမ်းခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူများအကြား စည်းလုံးညီညွတ်မှု အားနည်းလာခြင်းတို့သည် ပြည်သူ့တော်လှန်ရေး ခရီး အား နှောင့်နှေးမှေးမှိန်သွားစေနိုင်သည့်အပြင် မိမိတို့ ချင်းလူမျိုးများ၏ တော်လှန်ရေး ရည်မှန်းချက် ပန်းတိုင် လည်း ကျရှုံးသွားနိုင်ကြောင်း ချင်းလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့က ပူးတွဲထုတ်ပြန်ခဲ့သည်။
မိမိတို့ ချင်းနွေဦးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့အနေဖြင့် နွေဦးတော်လှန်ရေး လက်နက်ကိုင် အချင်း ချင်းများအကြား လေးစားမှုရှိပြီး ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် အမြဲတမ်း မျှော်လင့်လျှက်ရှိ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းလက်နက်ကိုင် ၁၈ ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့ကြောင့် အချင်းချင်းအကြား နားလည်မှုလွဲမှားစေသော အပြောအဆိုနှင့် အပြုအမူများအားလုံးကို ရှောင်ရှား၍ ဘုံရန်သူကိုသာ ပထမဦးစားပေး တော်လှန်တိုက်ပွဲဆင်ကြရန်နှင့် မိမိတို့ချင်းပြည်အတွင်းရှိ နယ်မြေဒေသ/မျိုးနွယ် စု အရေးများကို တော်လှန်ရေး ကာလအလွန်တွင် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာကြရန် ဖိတ်ခေါ်လိုပါသည် ဟု ချင်းလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ ထုတ်ပြန်ခဲ့သည်။
ချင်းတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တော်လှန် တိုက်ထုတ်ရန်၊ မိမိတို့ချင်းလူမျိုးနှင့် ပိုင်နက်နယ်မြေများကို ခုခံကာကွယ်စောင့်ရှောက်ကြရန်နှင့် မိမိတို့ ၁၈ ဖွဲ့ အနေဖြင့် ချင်းအမျိုးသားစည်းလုံး ညီညွတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းပြည်သူလူထုနှင့်အတူ ကြိုးပမ်းဆောင်ရွက်ကြရန် အဆင်သင့်ရှိကြောင်း ထုတ်ပြန်ထားသည်။
ချင်းလက်နက်ကိုင် ၁၈ ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်ကို တွေ့ရစဉ်
အဆိုပါ ချင်းလက်နက်ကိုင် ၁၈ ဖွဲ့မှာ Zotung Federal Council(CDF-Zotung)၊ CDF(Matupi)၊ CDF(Kalya-Gabaw-Gangaw)၊ CDF(Hakha Central Council)၊ CDF(Thantlang)၊ Lautu Region People Administration (CDF-Lautu)၊ Zopheiram Council(CDF-Zophei)၊ Maraland Council(CDF-Mara)၊ Paletwa Council(CDF-Paletwa)၊ Mindat Council၊ Senthang Central Council(SRF)၊ Tedim Township Council(PDA)၊ Thado Council(CDF-Thado)၊ Tonzang Township Council(CDF-Tonzang)၊ Siyin Regional Council(CDF-CDM-Siyin)၊ Kanpetlet Council၊ Zanniatland People’s Organization(CDF-Zanniatram)၊ Hualngoram People’s Organizationl(CDF-Hualngoram) တို့ဖြစ်ကြသည်။
လက်ရှိ ချင်းပြည်နယ်အတွင်းမှာ အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်ဖြစ်သည့် Chin Brother(CB)နှင့် ချင်းအမျိုး သားတပ်ဦး(CNF)ဦးဆောင်သည့် ချင်းလက်နက်ကိုင်အဖွဲ့များကြား နယ်မြေအငြင်းပွား၍ တိုက်ပွဲများဖြစ်ပွားနေ သည်။
အလားတူ ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA/ZRO)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)ကြားမှာလည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 221
CNI New
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀
CDM လုပ်ခြင်း၊ မလုပ်ခြင်းက ရာဇဝတ်မှု မဟုတ်သောကြောင့် ဥပဒေကို တရားမျှတစွာ ကျင့်သုံးရမည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO- NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
CDM လုပ်ခြင်း၊မလုပ်ခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ဝန်ထမ်းတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် Self-determination Right ဖြစ်ကြောင်း၊ CDM လုပ်ခြင်းက ရာဇဝတ်မှုမဟုတ်သလို CDM မလုပ်ခြင်းကလည်း ရာဇဝတ်မှုမဟုတ်ကြောင်း၊ ဥပဒေသည် တရားမျှတမှုရှိရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။
CDM လုပ်ဖို့ အစိုးရဝန်ထမ်းတွေ ဆန္ဒပြနေကြစဉ်
၎င်းက “ဥပမာ တချို့ဝန်ထမ်းတွေက public service တွေလေ မူလတန်းကျောင်းဆရာမတို့၊ ဆေးဆရာမတို့ ဆရာဝန်တို့၊ လူနာကြည့်ပေးရတဲ့ လူတွေ ဒီလူတွေက public ကို service လုပ်နေတာ အုပ်ချုပ်တဲ့လူ အစိုးရက ဘယ်လိုပဲပြောင်းပြောင်း ဘယ်လိုပဲသွားသွား institutions တွေကခိုင်ရင် public service လုပ်နေတဲ့လူတွေက CDM လုပ်ဖို့မလိုဘူး။ လူထုအကျိုးဆောင်မယ့် အလုပ်ပဲလုပ်မှာပေါ့။ ဒါကြောင့် CDM လုပ်ခြင်း CDM မလုပ်ခြင်းက ရာဇဝတ်မှု မဟုတ်ဘူး။ ပြစ်မှုလည်းမဟုတ်ဘူး ဒီဥပဒေက ပြစ်မှုမြောက်မှ ရာဇဝတ်မှုဖြစ်မှာ အခုက ရာဇဝတ်မှု မဟုတ်ဘူး CDM လုပ်လိုက်တယ်။ အဲဒါလည်း သူ့ဆုံးဖြတ်ချက်နဲ့သူ ရာဇဝတ်မှု မဟုတ်ဘူးပေါ့။ CDM လုပ်တာကို အာဏာပိုင်တွေက သွားရန်ရှာတယ် ဘာညာ အဲဒါလည်းမှားတယ်။ ပြည်သူလူထု နစ်နာမယ် ကလေးသူငယ်တွေ နစ်နာမှာကြောက်လို့ CDM မလုပ်ဘဲနေတဲ့ လူထုဝန်ထမ်းတွေရှိတယ်။ ပြည်သူ့ဝန်ထမ်းတွေရှိတယ် အဲလူတွေက လည်း သူ့ဆုံးဖြတ်ချက် မှန်တာပဲ။ CDM မလုပ်တဲ့အတွက် ဒီလူတွေက ရာဇဝတ်မှု အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် လည်း အဲ့ ဆုံးဖြတ်ချက်က မှားတာပဲ။ ဒီတရားမျှတမှုမရှိတဲ့ ဥပဒေပြဋ္ဌာန်းချက်ပေါ့။ ဥပဒေဆိုတာ တရားမျှတမှု ရှိရမယ် မှန်ကန်ရမယ် လိုက်နာကျင့်သုံးဖို့ လိုအပ်မယ်။ အခု ဥပဒေတွေက ပြဋ္ဌာန်းတာက သူ့ဘက်ကိုယ့်ဘက်ပေါ့ ဘက်လိုက်ပြီးတော့ ကိုယ့်ဘက်မပါရင် ကိုယ်ဘက်မလာရင် ကိုယ်နဲ့မတူရင် ဒီရန်သူဘက်ကို တွန်းပို့တဲ့ ပြဋ္ဌာန်း ချက်တွေဖြစ်နေတယ်။ အဲဒါကြောင့်ဒီ CDM နဲ့ပတ်သက်ရင် ကင်းလွတ်ခွင့်ပေးပါ။ အားလုံးက ဝန်ထမ်းတွေဖြစ်တဲ့ အတွက် ပြည်သူလူထုကို သူကအကျိုးပြုမှာပဲ ဦးဆောင်မယ့် လူကိုအကျိုးမပြုပါဘူး။ အုပ်ချုပ်တဲ့သူကသာ ပြောင်း သွားမယ် public service က ဘာမှမဖြစ်ဘူးပေါ့”ဟု ပြောသည်။
နစက လက်အောက်တွင် အလုပ်လုပ်နေသည့် နိုင်ငံ့ဝန်ထမ်းများကို တရားစွဲသည့်အထိ အရေးယူနိုင်သည့် အကြမ်းမဖက်၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဇွန်လ ၁၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေ၏ အခန်း (၄) တွင်ပါဝင်သည့် အရေးယူခြင်းအပိုင်း၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်ကြား CDM ပြုလုပ်ခဲ့သည့် ဝန်ထမ်းများကိုသာ CDM အဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး ထို ကာလနောက်ပိုင်း CDM ပြုလုပ်သူများကမှု အကြောင်းပြချက်ပေးမှ စိစစ်ပြီး CDM အဖြစ် သတ်မှတ်မည်ဟု ဆိုထားသည်။
CDM လုပ်ဖို့ ဆန္ဒပြနေကြစဉ်
ထိုဥပဒေထဲတွင် CDM များအတွက် ဆုပေးစနစ်ပါပြီး Non-CDM များအတွက် ဒဏ်ပေးစနစ်ကို ထည့်သွင်းထား ကြောင်း၊ CDM ဥပဒေအရ စစ်သားနှင့်ရဲသည် အကျုံးမဝင်ဟု ဆိုထားသည်။
CRPH က ပြဋ္ဌာန်းလိုက်သည့် CDM နိုင်ငံ့ဝန်ထမ်း ဥပဒေသည် တော်လှန်ရေး လိုအပ်ချက် ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းနှင့်လွဲချော်နေသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ)၊ လူမျိုးပေါင်းစုံ မျိုးဆက်များ သွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစု(GSCN)၊ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)နှင့် တက္ကသိုလ်ဆရာများသမဂ္ဂကိုယ်စားပြုကော်မတီတို့က အသီးသီး ထုတ်ပြန် ပြောကြားခဲ့ကြသည်။
ထို့နောက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)ကလည်း တိုင်းပြည်၏အနာဂတ်ကို ဖန်တီးရာတွင် အရေးပါသည့် ကျောင်းသားလူငယ်များ၏ ရှေ့ရေးကို မျှော်တွေးပြီး "ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ"မှ တာဝန် ထမ်းဆောင်သူများ၏ ရွေးချယ်မှုအပေါ် အနှောင့်အယှက်၊ အဟန့်အတား ပြုလုပ်သွားမှာ မဟုတ်သလို လိုအပ် သည်များကို ဖေးမကူညီသွားမည်ဟု ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 294
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉
မြန်မာနိုင်ငံအနေဖြင့် အင်အားကြီး အိမ်နီးချင်းနှစ်နိုင်ငံကြားထဲတွင် ရှိနေသည့်အတွက် တိုင်းရင်းသား အင်အားစု အချို့ကိုဖယ်၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသွားရန် မဖြစ်နိုင်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း အင်အားကြီး နှစ်နိုင်ငံမှာ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်သည်။
ဒေါက်တာညိုညိုသင်းက “မြန်မာနိုင်ငံမှာက တိုင်းရင်းသားပေါင်းစုံရဲ့ ညီညွတ်ရေးကို မရဘူးဆိုရင် မြန်မာ့နိုင်ငံရေး အခြေအနေက ကောင်းမွန်လာဖို့ခက်ခဲတယ်။ ဒါကြောင့် တိုင်းရင်းသားပေါင်းစုံက စည်းလုံးညီညွတ်ရေးရဖို့ သိပ် အရေးကြီးတယ် ဒီနိုင်ငံအတွက်လေ။ တိုင်းရင်းသားတွေကို ချန်ထားပြီးတော့ တကယ့် အိမ်နီးချင်းနိုင်ငံ ၂ နိုင်ငံက အင်မတန် အားကောင်းတဲ့ အင်အားကြီးတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြားထဲမှာ နေရတာဖြစ်တဲ့ အတွက်ကြောင့် တိုင်းရင်းသား အင်အားစုအချို့ကို ဖယ်ထားပြီးတော့ ဒီနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသွားဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့က တော်တော်ကို စိတ်ရှည်သည်းခံ ပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခုထက်ပိုပြီး အားစိုက်လုပ်ဆောင်သင့်တယ်။ အင်မတန်လည်း အရေးကြီးတယ်” ဟု ပြောသည်။
တိုင်းရင်းသား မျိုးနွယ်စုကိုတွေ့ရစဉ်
မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပြဋ္ဌာန်းထားကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား လူမျိုးကြီး ၈ မျိုးနှင့် မျိုးနွယ်စုကွဲပေါင်း အပါအဝင် စုစုပေါင်း ၁၃၅ မျိုးဖြင့် စုဖွဲ့ထူထောင်ထားခြင်း ဖြစ်သည်။
ထိုသို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်း၍ ထူထောင်ထားသော နိုင်ငံဖြစ်သည့်အတွက် အားလုံးက တန်းတူညီတူ ဖြစ်ရမည် ဖြစ်သော်လည်း နိုင်ငံကို အုပ်ချုပ်နေသူများနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ကြောင့် တိုင်းရင်းသားများကြား စိတ်ဝမ်းကွဲကာ မညီညွတ်မှုဘက်ကို ဦးတည်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ခေတ်အဆက်ဆက် အစိုးရလက်ထက်များတွင် တိုင်းရင်းသားအင်အားစုများ၏ ရသင့်ရထိုက်သော အခွင့်အရေး များကို မရခဲ့ကြသဖြင့် တိုင်းရင်းသားလက်နက်ကိုင်များမှ လက်နက်ကိုင်ကာ တိုက်ပွဲဝင်၍ ၎င်းတို့၏ အခွင့်အရေး များအား ရယူနေကြခြင်းဖြစ်ကြောင်းလည်း သုံးသပ်မှုများရှိသည်။
ထို့ပြင် ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ၎င်းတို့၏ သဘောဆန္ဒအတိုင်းသာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြကာ ထိုသို့ တစ်ဖက်သတ် လုပ်နေမည်ဆိုပါက မြန်မာနိုင်ငံသည် ဘယ်သောအခါမှ ငြိမ်းချမ်းမှာ မဟုတ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြော သည်။
NCA လက်မှတ်ထိုးပွဲ အခမ်းအနားကိုတွေ့ရစဉ်
၎င်းက “လူဦးရေများတာ နည်းတာက အဓိက မဟုတ်ပါဘူး။ အဓိက,ကတော့ ကျနော်တို့က ဗမာပြည်အားလုံးရဲ့ တစ်ဝက်ကျော်ကျော် ဧရိယာမှာရှိနေတာကို။ အရေးကြီးတာပေါ့။ လွတ်လပ်ရေး ရပြီးကတည်းက အခုထိက ကျနော်တို့က သဘောတူညီချက် လုပ်ထားတာတွေကို အကောင်အထည် မဖော်ခဲ့ဘူး။ ကျနော်တို့က ဖက်ဒရယ်ကို လုပ်မယ်ပြောခဲ့ပေမယ့် တကယ်လုပ်တဲ့ အခါမှာတော့ လုပ်တာဟာ တစ်ပြည်ထောင်ပဲလုပ်ခဲ့တယ်။ အခုဆိုရင် လည်း တစ်ပြည်ထောင် မလုပ်တော့ဘူး ဖက်ဒရယ်လုပ်မယ်ဆိုပြန်တော့လည်း ဗဟိုက ပိုပြီးတော့မှ အာဏာရှိရ မယ်ဆိုပြီး လုပ်တယ်။ အဲဒီလို တစ်ဖက်သတ် လုပ်မယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ ဘယ်နည်းနဲ့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး” ဟု ပြောသည်။
ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြပြီး မြန်မာအစိုးရက အစောပိုင်း၌ ပင်လုံစာချုပ်ပါ အချက်ကို လိုက်နာခဲ့သော်လည်း နောက်ပိုင်းမှာတော့ ပင်လုံစာချုပ်၏ အခြေခံမူ လမ်းစဉ်ကို သွေဖယ်လာကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော်လည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို NCA လက်မှတ်ရေးထားသည့် အဖွဲ့များနှင့်သာ ပြုလုပ်နေသဖြင့် မြန်မာ့နိုင်ငံရေးသည် တစ်စုံတစ်ရာ ထူးခြားပြောင်းလဲသွားမည် မဟုတ်ကြောင်း စစ်ရေးနှင့်နိုင်ငံ ရေးအကဲခတ်များက ထောက်ပြကြသည်။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု လုပ်ရာတွင် လက်ရှိ မြေပြင်၌ တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက် ကိုင် အင်အားစုများ ပါဝင်လာနိုင်အောင် ဖိတ်ခေါ်ပြီး ဆွေးနွေးဆောင်ရွက်မှသာလျှင် ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံ ရေးအတွက် အရွေ့တစ်ခု ရောက်မည်ဖြစ်ကြောင်းလည်း ၎င်းတို့က သုံးသပ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 333
CNI New
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာ၌ ကြားခံ တတိယအင်အားစု မပါဘဲ တွေ့ဆုံဆွေးနွေးပါက ပြေလည်ရန် မလွယ်ကူဘူးဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO- NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြရန် တရုတ်၊ အိန္ဒိယ၊ အာဆီယံ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က တိုက်တွန်းထားသလို ပြည်တွင်းရှိ ဒီမိုကရေစီ အင်အားစုများနှင့် NCA ထိုးထား သော လက်နက်ကိုင် ၇ ဖွဲ့ကလည်း တိုက်တွန်းလျက်ရှိနေသည်။
မြန်မာ့အရေးကို မြန်မာနိုင်ငံသားများကသာ ဦးဆောင် ဖြေရှင်းရမည်ဟု နိုင်ငံတကာက ပြောနေသည့်တိုင် မြန်မာနိုင်ငံသားများပဲ သီးသန့် ဖြေရှင်းလျှင် အဖြေမထွက်နိုင်ကြောင်း၊ ကြားခံတတိယ အင်အားစုတစ်ခု ပါဝင်မှ အဖြေထွက်နိုင်မည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲတာက အာဆီယံက ပြောနေကြစကားပဲလေ အာဆီယံ အခုလက်ရှိ မလေးရှားက ပြောတာက Myanmar Lead Myanmar Own မြန်မာနိုင်ငံသားတွေပဲ ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံသားတွေပဲ ပိုင်ဆိုင်တဲ့ ပြဿနာ ဖြေရှင်းရေးပေါ့လေ။ အဲတာကို လုပ်ရမယ်လို့ သူတို့က ပြောနေတယ်။ သို့သော် ဒီပွဲမှာ ထိပ်တိုက်တွေ ဖြစ်နေတဲ့ အခါကျတော့ ကြား တတိယအင်အားစု မပါဘဲနဲ့တွေ့ဆုံဖို့၊ ဆွေးနွေးဖို့၊ ပြေလည်ဖို့ဆိုတာတော့ မလွယ် ဘူး။ ဒီမြန်မာပြည်ရဲ့ အနေအထားပေါ့။ မြောက်ပိုင်းမှာတောင်မှ တရုတ်နိုင်ငံက ကြားဝင်ပြီးတော့ ညှိနှိုင်းဖြေရှင်း ပေးတဲ့အတွက် မြောက်ပိုင်းအဖွဲ့ တချို့နဲ့ လက်ရှိ စစ်ကောင်စီနဲ့က ပြေလည်ရာပြေလည်ကြောင်း ဖြစ်သွားတာ လေးတွေရှိတယ်။ ထို့အတူပဲ တခြား ပဋိပက္ခတွေမှာလည်း ဒီလိုပါပဲ အခု မလေးရှားကိုယ်စားလှယ်လည်း ချင်းမိုင် ရောက်ပြီးတော့ နယ်စပ်က အဖွဲ့တွေနဲ့ တွေ့တယ်လို့ ကြားပါတယ်၊ ဒီတွေ့ဆုံဆွေးနွေးရေးကို အဖြေရှာနိုင်ရေးကို ဦးတည်စေချင်တဲ့ သဘောနဲ့ မလေးရှား အထူးကိုယ်စားလှယ်လည်း လာတယ်လို့ သိရပါတယ်၊ သို့သော် မြန်မာ ကြီးပဲ သက်သက်တော့ ပြေလည်ဖို့ မလွယ်ဘူး တွေ့ဖို့တောင် မလွယ်ဘူး ယုံကြည်မှုက မရကြဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုမရှိဘဲ တွေ့ဆုံတယ်ဆိုတာက ဘာမှအဖြေရမှာ မဟုတ်ဘူး။ ဒါကြောင့် ယုံကြည်မှုရဖို့က အာမခံပေးတဲ့ ကြားခံပေါ့။ နိုင်ငံကြီးတစ်ခုခု သော်လည်းကောင်း၊ နိုင်ငံအစုအဖွဲ့ပေါ့ ဒီအာဆီယံသော်လည်းကောင်း၊ ဒီကုလသမဂ္ဂ သော်လည်းကောင်း အဲလို ပါဝင်ပတ်သက်ပြီးတော့ ထိန်းကျောင်းပေးမှ သက်သေလုပ်ပေးမှ ဆွေးနွေးပွဲတွေက အောင်မြင်မယ့် သဘောရှိပါတယ်”ဟု ပြောသည်။
လက်နက်ကိုင် အင်အားစုကိုတွေ့ရစဉ်
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်မည်ဆိုလျှင် လက်နက်ကိုင်ပဋိပက္ခ အားလုံး ချုပ်ငြိမ်းအောင် အပေးအယူ လုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေး ပြဿနာကို မြန်မာနိုင်ငံသားများ ကိုယ်တိုင် ဖြေရှင်းမှရမည်ဟု ရခိုင့် ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိ အကျဉ်းအကျပ်ကို ဘယ်လိုကျော်ဖြတ်မှာလဲ၊ နစကသည် ထပ်ပြီးတော့ ဘယ်လောက်ထိ ထပ်ပြီးတော့ တာဝန်ယူစေချင်သလဲ။ လူထုရဲ့ အကျဉ်းအကျပ်ပေါ့ဗျာ။ စစ်ဘေးဒဏ် လချီရှိနေကြပြီ အများကြီးပဲ။ အဓိက နိုင်ငံပြန်လည်ထူထောင်မှု ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးပေါ့ဗျာ။ နိုင်ငံရေးအရ နောက်လုံခြုံရေးအရ တည်ငြိမ်မှု အဲဒီဥစ္စာမရရင် ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူး။ အမျိုးသားပြန်လည်ရင်ကြားစေ့အောင် ဘယ်လိုပြန်လုပ်မှာလဲ လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေအားလုံး ချုပ်ငြိမ်းအောင် အပေးအယူတွေနဲ့ဘယ်လို ညှိနှိုင်းကြမှာလဲ အိမ်နီးနားချင်း ကျောချင်းနံကပ် ချိတ်ဆက်နေတဲ့ နိုင်ငံတွေက ဘယ်လိုပံ့ပိုးကူညီကြမှာလဲ ကျနော်တို့နိုင်ငံနဲ့ ပတ်သက်မှုမှာ အိန္ဒိယရှိမယ်၊ ဘင်္ဂလားဒေ့ရှ်ရှိမယ်၊ ထိုင်းရှိမယ်၊ လာအိုရှိမယ်၊ တရုတ်ရှိမယ် အဲဒီနိုင်ငံတွေလောက် အမေရိကားက ကိုယ်ချင်းမစာနိုင်ဘူး ဩစတြေးလျ ကိုယ်ချင်းမစာနိုင်ဘူး။ အဝေးမှာဘာမှ လုပ်နိုင်ကိုင်နိုင်တာ မဟုတ်တဲ့ ကုလသမဂ္ဂ ဘာမှမသိဘူး၊ ဘာမှမလုပ်နိုင်ဘူး။ အာဆီယံလည်း ဘာမှမလုပ်နိုင်ဘူး အဲတော့ မြန်မာလူထုရဲ့အနေအထားက မြန်မာနိုင်ငံရေးပြဿနာကို မြန်မာလူထုက ကိုယ်တိုင် ဖြေရှင်းမှရမယ်။ တစ်ဖက်က အာဆီယံရဲ့ လက်ရှိ ဘာခေါ်မလဲ ဟိုတုန်းက သွားနေတဲ့ high point consistent နဲ့ လက်ရှိသွားတဲ့ ရွေးကောက်ပွဲ နောက်ဆုတ်ပါဆိုတဲ့ဥစ္စာသည် အလွန်တရာ လက်ရှိနိုင်ငံရေး လိုအပ်ချက်နဲ့ ပြောင်းပြန်ဖြစ်တယ် ဒီလိုပဲ သုံးသပ်လို့ရမယ်ထင်တယ်”ဟု ပြောသည်။
လက်နက်ကိုင် ပဋိပက္ခကြောင့် နေအိမ်များ မီးလောင်နေစဉ်
အာဆီယံနှင့် ကုလသမဂ္ဂသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များကို သီးသန့်စီ ခန့်အပ်၍ မြန်မာ့နိုင်ငံ ရေး အကျပ်အတည်းကို ကျော်လွှားနိုင်မည့် နည်းလမ်းများ ရှာဖွေလျက်ရှိနေသည်။
ထို့နောက် ပြည်တွင်း/ပြည်ပရှိ အတိုက်အခံ အင်အားစုများဖြင့်လည်းကောင်း၊ နစကဥက္ကဋ္ဌ အပါအဝင် နစက၏ လက်အောက်ခံ ကိုယ်စားလှယ်များဖြင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးလျက်ရှိနေသည်။
သို့သော်လည်း မြန်မာနိုင်ငံ အနှံ့အပြားတွင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများကြား လက်နက် ကိုင် ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားနေပြီး လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြ ရသည်။
အလားတူ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ ရွေးကောက်ပွဲ ကျင်းပမည် ဟု နစကဥက္ကဋ္ဌက ပြောကြားထားသလို အတိုက်အခံ အင်အားစုများကလည်း နစက ကျင်းပမည့် ရွေးကောက်ပွဲ ကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 424
CNI New
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် အဖြေရှာရမည်ဟု ပြည်တွင်း/ပြည်ပ ပြောဆိုနေသည့်တိုင် မြန်မာ့တပ်မတော်ဘက်က နစကကိုယ်စားပြုထားသော်လည်း ၎င်း၏ ဆွေးနွေးဘက်က မည်သူဖြစ်သလဲဟု မေးခွန်းထုတ်မှုများရှိလာခဲ့သည်။
ဆွေးနွေးညှိနှိုင်းရာတွင် ကိုယ်စားပြုမှု မရှင်းလင်းလျှင် ပို၍ရှုပ်ထွေးသွားနိုင်သည်ဟု NCA ထိုးထားသည့် ပအိုဝ်း အမျိုသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO- NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အဲတာကတော့ ကျနော်တို့ NCA လက်မှတ် ထိုးကတည်းကိုက ပေါ်လစီရှိပြီးသားပါ။ ပါဝင်သင့် ပါဝင်ထိုက် သူများ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကသာ သဘောတူချက်ကသာလျှင် တိုင်းပြည်ကို တွေ့ဆုံဆွေးနွေး နိုင်မယ် ယုံကြည်မှု တည်ဆောက်နိုင်မယ်၊ အဲဒီနိုင်ငံရေး ဆွေးနွေးပွဲကလည်း တစ်ပြိုင်နက်ထဲနဲ့ အားလုံး စုပြုံပြီး တော့ ရည်ရွယ်ချက် မတူဘူး၊ နောက်ခံ background မတူတဲ့ အဖွဲ့တွေပါဖို့က မလွယ်ဘူး။ ဥပမာ တိုင်းရင်းသား တွေက လက်နက်ကိုင်တော်လှန်လာတာ နှစ် ၇၀ ရှိပြီ အဖွဲ့အစည်းတွေရဲ့ သဘောထားနဲ့ လိုချင်နေတာကိုလည်း အားလုံးသိတယ်။ ဒါကြောင့် တိုင်းရင်းသားအဖွဲ့တွေကို ပဏာမညှိနှိုင်းဆွေးနွေးမလား၊ ဥပမာမြောက်ပိုင်း ၇ ဖွဲ့ရှိ တယ်၊ တောင်ပိုင်းမှာလည်း ၇ ဖွဲ့ရှိတယ်၊ အဲလိုအဖွဲ့တွေနဲ့ ဆန့်ကျင်နေတဲ့ အဖွဲ့တွေရှိတယ် မဟာမိတ်ပြုထားတဲ့ အဖွဲ့တွေရှိတယ်။ အဲလိုအဖွဲ့တွေနဲ့ အရင်ညှိမလား ညှိပြီးတော့ ရတဲ့အဆင့် တစ်ခုပေါ်မှာမှ တခြားသော လက်နက် ကိုင် တော်လှန်ရေး အင်အားစုတွေပေါ့။ ဥပမာ NUG အပါအဝင် ကျနော်တို့ PDF အင်အားစုတွေ နာမည်ပေါင်းစုံနဲ့ ပြန့်ကျဲနေတဲ့ လက်နက်ကိုင်တွေ အဲတာတွေ အားလုံးကလည်း တစ်စုတစ်စည်းထဲ မဟုတ်နေတဲ့ အခါကြတော့ ဒီကိုယ်စားပြုမှုမှာ ကျနော်တို့ ပြဿနာရှိနိုင်တယ်။ ကိုယ်စားပြုမှု မရှင်းလင်းရင် ဘယ်သူက ကိုယ်စားပြုတယ် ဘယ်နယ်မြေ၊ ဘယ်အင်အားစုကို ကိုယ်စားပြုတာကို မရှင်းလင်းရင် ပိုပြီးတော့ ရှုပ်ထွေးတာပဲ ဖြစ်တတ်ပါတယ်။ ဝင်ဆွေးနွေးတဲ့ဘက်ကလည်း ကိုယ်စားပြုမှု ခိုင်လုံရမယ်၊ တစ်ဖက်ကလည်း အာမခံချက်ရှိရမယ်။ သဘောတူ ထားပြီးပြီဆိုရင် ကိုယ်သဘောတူထားတဲ့အတိုင်း လိုက်လုပ်နိုင်တဲ့ စွမ်းရည်လည်း ရှိရမယ်ပေါ့လေ။ အဲလိုရှိမှ ကိုယ်စားပြုမှု အားကောင်းကောင်းနဲ့ ဆွေးနွေးပွဲထဲ ပါလာနိုင်မယ်ဆိုတော့ ကိုယ်စားပြုမှု မခိုင်မာရင်တော့ ထည့်လို့တော့ မရသေးဘူး။ ဒီဆွေးနွေးပွဲမှာ အဲလို ကျနော်တွက်ပါတယ်”ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံကို တွေ့ရစဉ်
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံ ဆွေးနွေးကြရန် အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂတို့က တိုက်တွန်းလျက်ရှိသည်။
သို့သော်လည်း ယနေ့ထိတိုင် မြန်မာ့တပ်မတော်/နစကနှင့် အတိုက်အခံ အင်အားစုများကြား တွေ့ဆုံ ဆွေးနွေးနိုင် ခြင်းမရှိသေးသလို တွေ့ဆုံဆွေးနွေးကြမည့် ကိုယ်စားပြုမှုများကလည်း မရှင်းလင်းဘဲ ဖြစ်နေကြသည်။
၂၀၂၂ ခုနှစ်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ မြန်မာ့အရေး ဖြေရှင်းနိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း ကန့်ကွက်မှုများရှိခဲ့ကြသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်လာရောက်၍ မြန်မာ့အရေး ဆွေးနွေးခဲ့မှု ရှိသော်လည်း အာဆီယံသည် နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေးမှုကို မျက်ကွယ်ပြုနေကြောင်း ရခိုင့်ဦးဆောင်ပါ တီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
Peace Talk 2025 ဆွေးနွေးပွဲကို တွေ့ရစဉ်
၎င်းက “နစက,ကတော့ သူသွားတဲ့လမ်းကြောင်းကို သူသွားမှာပေါ့လေ၊ အဲတော့ ကြောင်နေတာက အာဆီယံဗျ ကမ္ဘောဒီးယားလက်ထက်မှာ အဲလို ထည်ထည်ဝင်ဝင် လာရောက်ပြီး တွေ့ဆုံတာရှိတယ်။ ပရတ်ဆိုခွန်တို့ပေါ့ဗျာ။ ဒုတိယဝန်ကြီးချုပ် သူဦးဆောင်တာ အဲလိုထည်ထည်ဝင်ဝင် တွေ့မှဖြစ်မယ်ဆိုတဲ့ နိုင်ငံရေးအားဖြင့် ဆွေးနွေးမှုဆို တာကို အာဆီယံက မျက်ကွယ်ပြုပါတယ် ။ပထမအကြိမ် တွေ့တယ် အဲဒီမှာ 5 point Consensus ကို ရှာတယ်။ သူတို့ဘက်က အမေရိကန်ရဲ့ ဖိအားအများကြီးပါမှာပေါ့။ ဒါဘက်နှစ်ဘက်ကို စဥ်းစားတဲ့အခါကျတော့ နစကသည် သူသွားမဲ့လမ်းကြောင်းအတိုင်း သွားမှာဘဲ အာဆီယံဘယ်လိုပဲပြောပြော သူလက်ခံတာရှိမယ်၊ သူလက်မခံတာ ရှိမယ် တွေ့ဆုံဆွေးနွေးပွဲကို သူဖွင့်ထားမှာဘဲ အာဆီယံရဲ့ သူကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်ကလာတွေ့ပေါ့ဗျာ။ ဒါပဲရှိမှာ ပေါ့။ အာဆီယံ လုပ်ရမဲ့ဟာတွေ အာဆီယံလုပ် အာဆီယံမလုပ်နိုင်ရင် ASEAN+3 ဒါမျိုးနဲ့ ချဥ်းကပ်ပေါ့ဗျာ။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘာမှလုပ်ပေးတဲ့ပုံ မပေါက်ဘူး။ တနည်းအားဖြင့် Burma Act နဲ့ မြန်မာ့နိုင်ငံရေး ထဲမှာ proxy ဖြစ်အောင်ပဲ သွေးမြေကျအောင်ပဲ အများကြီးလုပ်ခဲ့တယ်။ ညှိနှိုင်းတာမရှိခဲ့ဘူး။ အဲသလိုပဲ ကုလသမဂ္ဂ ဘာလုပ်ပေးလဲ၊ ဘာလုပ်နိုင်လဲ ဘာမှမလုပ်နိုင်ဘူး ဖြစ်နေတယ်(တဲ့)။ ကမ္ဘာစစ်တွေမှာလည်း ဘာမှ မလုပ်နိုင်ဘူး အသံပဲရှိတာ ပြည်တွင်း အချုပ်အခြာ အာဏာကို ထိဖို့လောက်ပဲ ကုလသမဂ္ဂသည် အာဏာလေး ပြရုံပဲရှိတာ တကယ့်တကယ် နိုင်ငံကြီးတွေနဲ့ ပတ်သက်လို့ ဘာမှလုပ်နိုင်စွမ်းမရှိဘူး။ တစ်ဖက်နိုင်ငံကြီးများရဲ့ စိုးမိုးမှု တိုက်ရိုက်ပတ်သက်နေတယ်၊ အဲဒီ လွှမ်းမိုးမှုကို လျှော့နိုင်မှ ဒီအာဆီယံသည် ပုံမှန်ပေါ့ဗျာ ကျနော်တို့ ဟိုးတုန်းက သွားခဲ့တဲ့လမ်းကြောင်းပေါ့ဗျာ။ အဲဒီ ဥစ္စာကို ပြန်ရောက်မယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာ၍ နစကမှ အုပ်ချုပ်လျက်ရှိနေသည်။
ဒီမိုကရေစီ တောင်းဆို ဆန္ဒပြနေကြစဉ်
ထို့နောက် NLD ခေါင်းဆောင်တချို့နှင့် လွှတ်တော်အမတ်များ အပါအဝင် ဒီမိုကရေစီအင်အားစုများ၊ လက်နက် ကိုင် တပ်ဖွဲ့များ၊ တခြားသော နိုင်ငံရေးပါတီများ ပူးပေါင်း၍ မြန်မာ့တပ်မတော်နှင့် နစက ဖြုတ်ချရေး လက်နက် ကိုင် တော်လှန်လျက်ရှိနေသည်။
အဆိုပါ လက်နက်ကိုင် တော်လှန်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ PDFs၊ LPDFs၊ KIA၊ AA၊ MNDAA၊ TNLA၊ CNF၊ KNU၊ KNPP၊ KNDF တို့ အပါအဝင် တခြားသော လက်နက်ကိုင် အင်အားစုများ စုပေါင်း၍ ဖော်ဆောင်နေကြသည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးကို တွေ့ဆုံ ဆွေးနွေး၍ အဖြေရှာရမည်ဆိုပါက မြန်မာ့တပ်မတော်ကို နစက,က ကိုယ်စားပြုနိုင်သော်လည်း နစကနှင့် ဆွေးနွေးမည့် အတိုက်အခံများဘက်က မည်သူက ကိုယ်စားပြုနိုင်ပါသလဲ မေးခွန်းထုတ်လျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 398
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈
မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လူနည်းစုဖြစ်ကြသည့် တိုင်းရင်းသားများ၏ကဏ္ဍကို ဆက်လက်၍ သေးသိမ် အောင် လုပ်နေမည်ဆိုပါက တိုင်းပြည်သည် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဖက်ဒရယ်စနစ်ကို သွားမည်ဟု သဘောတူခဲ့ကြသော်လည်း လက်တွေ့တွင် တစ်ပြည်ထောင်စနစ် လုပ်ခဲ့ကြ ကြောင်း၊ လက်ရှိတွင် တစ်ပြည်ထောင်စနစ်အစား ဖက်ဒရယ်စနစ်ကို ပြန်လည်တည်ဆောက်မည်ဆိုသော်လည်း ဗဟိုတွင် ပို၍အာဏာရှိရမည်ဟုဆိုကာ လုပ်ဆောင်နေကြောင်း၊ ယခုကဲ့သို့ တစ်ဖက်သတ် လုပ်နေမည်ဆိုပါက မြန်မာနိုင်ငံသည် မည်သည့်အခါမှ ငြိမ်းချမ်းမှာမဟုတ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကိုသာ သီးသန့်ထားကာ ပင်လုံကို လျစ်လျူရှုပြီး အမည်ပဲ ယူထား မည်ဆိုပါက နိုင်ငံရေးသည် ယခုထက် ပို၍ရှုပ်ထွေးသွားမည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေ သူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရင်တုန်းက ကျနော်တို့နိုင်ငံက ရောဂါမရှိတဲ့ နိုင်ငံဖြစ်တယ်။ ရောဂါမရှိတဲ့ဟာကို တစ်ခါတည်း ဆေး လာပေးတာက မှားတဲ့ဆေးကြီး လာပေးတော့ အနာတခြား၊ ဆေးတခြား။ ကျနော်တို့လိုတာ ဖက်ဒရယ်ဆေးကြီး၊ လာပေးတာက တစ်ပြည်ထောင်ဆေးဖြစ်တဲ့ အခါကြတော့ အနာက မပျောက်ဘဲ ပိုဆိုးလာတယ်။ ပိုဆိုးလာလေ တစ်ပြည်ထောင်ဆေးကို ပေးလေဆိုတဲ့ အခါကြတော့ ရောဂါက ဆိုးသထက်ပိုဆိုးလာတာ အခုထိပေါ့။ အခု အခြေအနေမှာတော့ ပင်လုံလောက်နဲ့ပဲ ကုစားလို့ မရတော့ဘူး။ ခွဲစိတ်ကုသတဲ့ အဆင့်ထိတောင် ရောက်လာနိုင် တယ်။ ဒါကို ကျနော်တို့အားလုံးက သဘောထားကြီးကြီးနဲ့ မလုပ်ဘူးဆိုရင် ကျနော်တို့က အနာတခြား၊ ဆေး တခြား ဆက်လုပ်မယ်ဆိုရင် ဒီလူနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေကဏ္ဍကို ဆက်လက်ပြီးတော့မှ သေးသိမ်အောင် လုပ်မယ်ဆိုရင် တိုင်းပြည်ဟာ နောက်ဆုံးတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမယ်။ သူများနိုင်ငံအောက် ရောက်သွား မယ်။ ဒီလိုရောက်သွားမယ်ဆိုရင် ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ ကျနော်တို့ အားလုံးရဲ့ အပြစ်ပဲ။ အနာတခြား၊ ဆေး တခြားလုပ်ခဲ့တဲ့အပြစ်ပဲ” ဟု ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ-၂၀၂၅ ကို ကျင်းပခဲ့ကြစဉ်
ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြပြီး မြန်မာအစိုးရက အစောပိုင်း၌ ပင်လုံစာချုပ်ပါအချက်ကို လိုက်နာခဲ့သော်လည်း နောက်ပိုင်းမှာတော့ ပင်လုံစာချုပ်၏ အခြေခံမူ လမ်းစဉ်ကို သွေဖယ်လာကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တိုင်းရင်းသားများသည် လူနည်းစုများဖြစ်ကြသော်လည်း မြန်မာနိုင်ငံ၏ ဧရိယာထက်ဝက်ကျော်တွင် နေထိုင် လျက် ရှိကြသည်။
တိုင်းရင်းသားများ၏ အခန်းကဏ္ဍသည် လွတ်လပ်ရေး မရခင်ကာလကတည်းက မြန်မာ့နိုင်ငံရေးတွင် အရေးပါခဲ့ ကြခြင်းဖြစ်ကာ လက်ရှိ ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေးတွင်လည်း စစ်ရေးအရသာမက နိုင်ငံရေးတွင်လည်း အရေးပါကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တိုင်းရင်းသားပါတီများထဲမှ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ထဲ ပိုမို ဝင်ရောက်နိုင်ပါက တိုင်းရင်းသားအရေးကို ပိုမိုဆွေးနွေး၍ ရမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားလူမျိုးစုများကိုတွေ့ရစဉ်
၎င်းက “ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပေါ့။ တကယ်လို့ တိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ် ရောက်သွားရင် တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ပြောကြဆိုကြလို့ လွှတ်တော်မှာ အောင်မြင်ခဲ့ပြီဆိုရင်တော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း သူတို့စဉ်းစားလာပါလိမ့်မယ်။ လက်နက်ကိုင် ပြီးတော်လှန်တာ ထိရောက်သလား၊ လွှတ်တော်နိုင်ငံရေးက ထိရောက်သလားဆိုတဲ့ဟာမျိုးပေါ့။ လွှတ်တော် နိုင်ငံရေးအရ ပုဒ်မ ၂၆၁ လိုမျိုး နိုင်ငံတော်အစိုးရနေပြီးမှ ဖြေလျှော့ပေးလိုက်မယ်၊ ပြည်ထောင်စုအစိုးရ ဖြေလျှော့ ပေး လိုက်မယ်၊ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ရွေးချယ်ရမယ်၊ သမ္မတက အတည်ပြုရမယ်။ အဲဒါ မျိုးလေးတွေနဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေကအစ အားကောင်းမောင်းသန်နဲ့ ပြင်ကြမယ် ဆိုကြမယ်ဆိုရင် ပြင်လည်းပြင်ခဲ့ကြပြီဆိုရင် မြန်မာ့နိုင်ငံရေးကတော့ တော်တော်လေး ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသားတွေက သူတို့အခွင့်အရေးအတွက် သူတို့ စစ်တိုက်နေကြတာလေ” ဟု ပြော သည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော်လည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို NCA လက်မှတ်ရေးထားသည့် အဖွဲ့များနှင့်သာ ပြုလုပ်နေသည်ကို တွေ့ရသည်။
သို့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် ဟန်ပြသက်သက်သာဖြစ်နေပြီး မြန်မာ့နိုင်ငံရေးကို ဖြေရှင်းနိုင်မည့် သဘောတူညီချက်များကို ရအောင် မယူနိုင်ကြောင်း၊ ပါဝင်သင့် ပါဝင်ထိုက်သူ များ ပါဝင်မှုမရှိသည့်အတွက် ဆွေးနွေးမှုများသည် ကိုယ်စားပြုမှုမရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်များသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး တောင်းဆို ဆွေးနွေးခဲ့ကြသော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာသည့်အခါမှာတော့ ကွန်ဖက်ဒရေးရှင်း သို့မဟုတ် နိုင်ငံထူထောင်ရေး ဆိုသော အဆင့်အတန်းထိ မျှော်မှန်း၍ တောင်းဆိုတိုက်ပွဲဝင်လာနေကြသည်။
လက်ရှိတွင် နစကဥက္ကဋ္ဌ အနေဖြင့် ၄ နှစ်ကျော်ကြပြီးနောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တို့တွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည်။