CNI Sport News

 ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃

ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာခဲ့တဲ့ မူလာကိုခေါ်ယူဖို့ မေဂျာလိဂ် ကလပ်အသင်းတွေက ဦးဆောင် နေပေမယ့် သြစတြီးယားကလပ် ရက်ပစ်ဗီယန်နာအသင်းက အံ့အားသင့်ဖွယ် ချဉ်းကပ်မှု ပြုလုပ်လာခဲ့ပါတယ်။

ရက်ပစ်ဗီယန်နာအသင်းဟာ မူလာကို မေဂျာလိဂ် ကလပ်အသင်းတွေကပေးတဲ့ လစာထက် ပိုများပြားတဲ့ လစာနဲ့ ချဉ်းကပ်ကမ်းလှမ်းမှု ပြုလုပ်ထားတာပါ။

သြစတြီးယား သတင်းရင်းမြစ်တွေက ရက်ပစ်ဗီယန်နာအသင်းဟာ ဂျာမန်လက်ရွေးစင်ဟောင်း မူလာကို တစ်နှစ် ယူရို ၃ သန်းအထိပေးဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။ 

မေဂျာလိဂ် ကလပ်အသင်းတွေက မူလာကို တစ်နှစ် ယူရို ၁.၇ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတာပါ။ 

မူလာကို တွေ့ရစဉ်

ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက်လုံး ဘိုင်ယန်မြူးနစ်အသင်းမှာ ဖြတ်သန်းခဲ့တဲ့ မူလာဟာ လက်ရှိအချိန်ထိ သူ့ရဲ့အနာဂတ်ကို အတည်ပြုထားခြင်း မရှိသေးပါဘူး။

မူလာနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စာချုပ်ဟာ ဒီလကုန်ရင် ကုန်ဆုံးပြီဖြစ်ပြီး သူ့ကိုခေါ်ယူမယ့် အသင်းတွေဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမှာပါ။ 

သတင်းတွေမှာ မူလာဟာ မေဂျာလိဂ်ကလပ် အသင်းတွေထံ ပြောင်းရွှေ့ဖို့ ပိုပြီးများတယ်လို့ ဖော်ပြထားပါတယ်။

မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းကြီးအတွက် ပွဲပေါင်း ၇၅၆ ပွဲ ပါဝင်ကစားထားပြီး ၂၅၀ ဂိုးသွင်းယူကာ ဘွန်ဒက်လီဂါဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၃၃ ခုရယူနိုင်ခဲ့တာပါ။ 

မူလာဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၈ ဂိုးသွင်းယူကာ ၈ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် ပွဲကစားချိန် မိနစ်အနည်းငယ်သာ ပါဝင်ခဲ့ရပါတယ်။

မူလာဟာ PSG အသင်းကို အရေးနိမ့်ခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် နောက်ဆုံးပွဲစဉ် ပါဝင်ကစားခဲ့တာပါ။

လက်ရှိအချိန်မှာ အနားယူမှု ပြုလုပ်နေတဲ့ မူလာဟာ လာမယ့် ရက်ပိုင်းအတွင်း သူ့ရဲ့အသင်းသစ်ကို ရွေးချယ်ပြီး ကြေညာသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

Source: Goal