CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်က ဒါဟာဘောလုံးသမိုင်းမှာ အကြီးမားဆုံးမတရားမှုလို့ ပြောခဲ့ပါတယ်။ 

စတိဗ်ပါရစ်က “ကျနော်တို့ အလွန်ဝမ်းနည်းရပါတယ်။ ဒါဟာ ဘောလုံးအတွက် ဆိုးရွားတဲ့နေ့နဲ့ ဆိုးရွားလွန်းတဲ့ မတရားမှုပါ။ ဒါကိုဘယ်သူမှ မမြင်ချင်ဘူးဆိုတာ ကျနော်ယုံကြည်ပါတယ်။ UEFA ကတော့ ဒါကိုမြင်တယ်လို့ ကျနော် မထင်ပါဘူး။ ကလပ်အသင်းတွေ အားလုံးရဲ့ ပရိသတ်တွေဟာ ကျနော်တို့အတွက် ဝမ်းနည်းသင့်ပါတယ်။ ဂျွန်တက်စ်တာဟာ ကျနော်တို့ရဲ့ ကလပ်အပေါ်မှာ လွှမ်းမိုးမှု မရှိဘူးဆိုတာ ကျနော်တို့ ပြသပြီးပါပြီ။ ဒါကို နားထောင်ပေးဖို့ အယူခံတရားရုံးကို တောင်းဆိုသွားမယ်”လို့ ပြောခဲ့တာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပိုင်ရှင်တစ်ဦးတည်းက ကလပ်အသင်း ပေါင်းများစွာကို ပိုင်ဆိုင်တဲ့ စည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုပြီး UEFA က သူတို့ကို ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မပြုဘဲ ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ဆင်းပြီးယှဉ်ပြိုင်ဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းကို တွေ့ရစဉ်

အမေရိကန်စီးပွားရေး လုပ်ငန်းရှင် ဂျွန်တက်စ်တာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ရှယ်ယာပိုင်ဆိုင်ထားသလို ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ လိုင်ယွန်အသင်းမှာလည်း ရှယ်ယာအများစု ပိုင်ဆိုင်ထားတာပါ။ 

အဲဒါကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ဆင်းပြီးယှဉ်ပြိုင်ရမှာဖြစ်ကာ သူ့ရဲ့နေရာမှာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၇ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းက အစားထိုး ဝင်ရောက်မှာဖြစ်ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ် အသင်းအနေနဲ့ ဒီဆုံးဖြတ်ချက်ကို အားကစားဆိုင်ရာ ခုံရုံးကနေ အယူခံဝင်နိုင်တယ်လို့ UEFA က ပြောထားပြီး အသင်းဘက်ကလည်း အယူခံဝင်ဖို့ လုပ်ဆောင်သွားမှာပါ။ 

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လိုင်ယွန်အသင်းရဲ့ တန်းဆင်းတဲ့ ပြစ်ဒဏ်ကြောင့် ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ သေချာ နေခဲ့ပေမယ့် လိုင်ယွန်အသင်း အယူခံအောင်မြင်ခဲ့တဲ့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။ 

Source:BBC