CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် မတိုင်မီ ရီးရယ်လ်ကစားသမား ၄ ဦးကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ရီးရယ်လ်အသင်းက အသလက်တီကိုအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်အပြီးမှာ ဘတ်ပီ၊ ဗီနီစီးယက်စ်၊ ရူဒီဂါနဲ့ ဆီဘယ်လော့စ်တို့ဟာ မဖွယ်မရာ ပြုလုပ်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ UEFA က စုံစမ်းစစ်ဆေးမှုတွေ စတင်နေခဲ့တာပါ။ 

သူတို့တွေအနေနဲ့ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

စုံစမ်းစစ်ဆေးမှုအတွက် အချိန်ကန့်သတ်ချက် မရှိပေမယ့် အသလက်တီကိုအသင်းဟာ သူတို့စွပ်စွဲထားတဲ့ အရာတွေအတွက် UEFA ထံ သီးခြားဗွီဒီယို ၄ ခုပေးပို့ခဲ့တယ်လို့ သိရပါတယ်။ 

ရီးရယ်လ်အသင်း နောက်ခံလူ ရူဒီဂါဟာ ပင်နယ်တီ အဆုံးအဖြတ် အနိုင်ဂိုးသွင်းယူအပြီးမှာ သူ့ရဲ့လည်ပင်းကို လှီးဖြတ်တဲ့ပုံစံ ပြုလုပ်ခဲ့ပြီး ဘတ်ပီဟာ သူ့ရဲ့လိင်အင်္ဂါကို ကိုင်ပြခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ 

ရီးရယ်လ်နဲ့ အသလက်တီကိုအသင်း ယှဉ်ပြိုင်နေစဉ်

ဗီနီစီးယက်စ်ကတော့ ပွဲချိန်အတွင်းမှာရော ပွဲအပြီးမှာပါ အသလက်တီကိုအသင်း ပရိသတ်တွေနဲ့ အကြိမ်ကြိမ် ပြဿနာဖြစ်ခဲ့ကြပါတယ်။ 

ဆီဘယ်လော့စ်ဟာ ဒီပွဲမှာ မပါဝင်ခဲ့ပေမယ့် စော်ကားတဲ့ အမူအရာ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဘတ်ပီ၊ ဗီနီစီးယက်စ်၊ ရူဒီဂါနဲ့ ဆီဘယ်လော့စ်တို့ဟာ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်ပွဲစဉ်ကို လွဲချော်လာနိုင်တာပါ။

UEFA က ဒီစုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး နောက်ထပ် အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အာဆင်နယ်နဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ဧပြီ ၈ ရက်၊ ဒုတိယ အကျော့ပွဲစဉ်ကို ဧပြီ ၁၆ ရက်မှာ ယှဉ်ပြိုင်သွားမှာပါ။

အာဆင်နယ်အသင်းဟာ လာမယ့်ဧပြီ ၁ ရက်မှ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ရီးရယ်လ်အသင်းကတော့ မတ် ၂၉ ရက်မှာ လီဂါနက်စ်အသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Dailymail