CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
ပရီးမီးယားလိဂ်ဟာ လာမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်ခင် မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ ကစားသမား တွေ ခေါ်ယူနိုင်ဖို့အတွက် နွေရာသီ အပြောင်းအရွှေ့ကာလ ၂ ခုရှိမယ်လို့ ကြေညာခဲ့ပါတယ်။
ပထမ အပြောင်းအရွှေ့ ကာလကို ဇွန်လ ၁ ရက်ကနေ ၁၀ ရက်အထိ ဖွင့်သွားမှာဖြစ်ပြီး ဒုတိယအပြောင်းအရွှေ့ ကာလကို ဇွန်လ ၁၆ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ဖွင့်လှစ်သွားမှာပါ။
လာမယ့် နွေရာသီမှာ အသင်းပေါင်း ၃၂ သင်းနဲ့ ပထမဆုံးအကြိမ် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ် အသင်းတွေပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ဇွန်လ ၁ ရက်ကနေ ၁၀ ရက်အထိ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ကစားသမားသစ်တွေကို စာရင်းသွင်း မှတ်ပုံတင်ခွင့် ပြုထားတာဖြစ်ပါတယ်။
ရှုံးထွက်အဆင့်တွေအတွက် ဇွန်လ ၂၇ ရက်နေ ဇူလိုင် ၃ ရက်အထိ နောက်ထပ် စာရင်းသွင်း မှတ်ပုံတင်ခွင့် ပြုသွားမှာပါ။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်ဇယားကိုတွေ့ရစဉ်
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို မန်စီးတီး၊ ချယ်လ်ဆီးအသင်းအပြင် ဥရောပထိပ်သီးတွေဖြစ်တဲ့ ရီးရယ်လ်၊ အသလက်တီကို၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်အသင်းတို့လည်း ပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု G မှာ ဝိုင်ဒတ်၊ အယ်လ်အိန်း၊ ဂျူဗင်တပ်စ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
ချယ်လ်ဆီးအသင်းကတော့ အုပ်စု D မှာ ဖလာမင်ဂို၊ တူနစ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး နောက်ထပ် အသင်းတစ်သင်းကို အစားမထိုးရသေးတာပါ။
အမေရိကန်နိုင်ငံက အိမ်ရှင် ပြုလုပ်မယ့် ဒီပြိုင်ပွဲကို ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC