- By CNI
- Category: နိုင်ငံရေး
- Hits: 723
CNI International News
ဆော်ပေါ်လို၊ ဧပြီ ၂၇
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်က မြို့တော် ဘရာဆီးလီးယား (Brasilia) ရှိ အစိုးရ အဆောက်အဦများကို တိုက်ခိုက်မှုမတိုင်ခင် ၎င်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သက်သေ ထွက်ဆိုချက်ပေးရန်အတွက် ဘရာဇီးလ် သမ္မတဟောင်း ဂျဲလ်ဘော်ဆိုနာရို(Jair Bolsonaro) သည် ဗုဒ္ဓဟူးနေ့တွင် ဖက်ဒရယ်ရဲတပ်ဖွဲ့ရုံးချုပ်သို့ ရောက် ရှိခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။
လက်ဝဲသမ္မတသစ် လူလာဒါဆေးလ်ဗား အာဏာလွှဲပြောင်း ရယူခဲ့ပြီး တစ်ပတ်အကြာတွင် ဘော်ဆိုနာရိုအား ထောက်ခံ သူများက ဗဟိုတရားရုံးချုပ်၊ လွှတ်တော်နှင့် သမ္မတနန်းတော်တို့ကို ဝင်ရောက် စီးနင်းကာ ဖျက်ဆီး မှုများ လုပ်ဆောင်ခဲ့ကြသည်။
ထိုသူ ရာပေါင်း များစွာသည်လည်း တရားရင်ဆိုင် ရမည်ဟု ယူဆရသည်။ ဘော်ဆိုနာရိုသည် တရားဥပဒေ စိုးမိုးမှုအပေါ် ချိုးဖောက်သည့် ရာဇဝတ်မှုများ လုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်မှုများတွင် ပါဝင်ကူညီခဲ့သည်ဟု ဘရာဇီးလ်အစိုးရရှေ့နေချုပ်က ဧပြီ ၁၄ ရက်တွင် ပြောခဲ့သည်။
ဘော်ဆိုနာရိုသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အမေရိကန်သို့ ထွက်ခွာသွားခဲ့ကာ တိုက်ခိုက်မှုများ ဖြစ်ပေါ် နေချိန်မှာတော့ အော်လန်ဒို၌ ရှိနေခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
၎င်းသည် လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံကြောင်း ထုတ်ဖော်ပြော ဆိုခြင်း မရှိသေးပေ။
ထိုအစား ဘရာဇီးလ် မဲပေးမှုစနစ်၏ ယုံကြည်ရနိုင်မှုနှင့် ပတ်သက်၍သာ စဉ်ဆက်မပြတ် မေးခွန်း ထုတ်လျက် ရှိသည်။
၎င်းအား ထောက်ခံသူ အများစုသည်လည်း ရွေးကောက်ပွဲတွင် မသမာမှုများ ရှိနေသည်ဟု ယုံကြည်နေကြဆဲ ဖြစ်သော်လည်း လက်ရှိအထိ သက်သေ တစ်စုံတစ်ရာ မပြနိုင်သေးပေ။
ယခု သက်သေ ထွက်ဆိုမှုသည် ၎င်းအပေါ် ပစ်မှတ်ထားသည့် စုံစမ်းစစ်ဆေးမှုများမှ တစ်ခုသာဖြစ်ပြီး ယင်းက ၎င်းအား လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ခွင့် ပိတ်ခံရခြင်း သို့မဟုတ် ထောင်ဒဏ် ပေးခံရခြင်းတို့အထိ ဖြစ်လာနိုင်သည်။
ဘော်ဆိုနာရို ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲ ဝင်ရောက်ခွင့် ပိတ်ခံရခြင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဝန်ခံထားကာ မတရားသဖြင့် အမိန့်ချမှသာ ထောင်ဒဏ် အပြစ်ပေးခံရမည်ဟု ပြောသည်။
သမ္မတဟောင်းက ၎င်းအနေဖြင့် စွပ်စွဲခံထားရသည့် အမှုများတွင် အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ခဲ့ကြောင်း သို့မဟုတ် ဇန်နဝါရီ ၈ ရက် တိုက်ခိုက်မှုများတွင် ပါဝင်မှုမရှိကြောင်း ငြင်းဆိုထားသည်။

ဘော်ဆိုနာရို ထောက်ခံသူများက တိုက်ခိုက်မှုများလုပ်နေစဉ်
ဘရာဇီးလ် ဗဟိုတရားရုံး တရားသူကြီး အလက်ဇန်းဒရီ ဒီမိုးရတ်စ် (Alexandre de Moraes) သည် ဆူပူမှုများ အပြီး နှစ်ရက်အကြာတွင် သမ္မတဟောင်း၏ လူမှုကွန်ယက်ပေါ် တင်ခဲ့သော ဗွီဒီယိုဖိုင်တစ်ခုကို ကိုးကား၍ ၎င်း အား စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် အစိုးရရှေ့နေများရုံး၏ တောင်းဆိုမှုကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းတွင် လူလာသည် ရွေးကောက်ပွဲတွင် မဲပေးမှုကြောင့် အနိုင်ရရှိခဲ့ခြင်း မဟုတ်ကြောင်းနှင့် ၎င်းကို ဗဟို တရားရုံး တရားသူကြီး ဒီမိုးရတ်စ်၏ ဦးဆောင်မှုဖြင့် ဗဟိုတရားရုံး ရွေးကောက်ပွဲအဖွဲ့တို့က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ထိုဗွီဒီယိုကို နောက်တစ်နေ့ မနက်တွင် ပြန်ဖြုတ်ချ သွားခဲ့သော်လည်း ယင်းသည် တိုက်ခိုက်မှုများ နောက်ကွယ် တွင် ဘော်ဆိုနာရို ရှိနေသည်ကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန်အတွက် လုံလောက်မှုရှိသည်ဟု အစိုးရရှေ့နေ များက ယူဆထားသည်။
သမ္မတဟောင်းသည် မကြာသေးခင်ကလည်း နိုင်ငံခြားမှ လက်ခံရရှိသော လက်ဝတ်ရတနာများနှင့် ပတ်သက်၍ သက်သေ ထွက်ဆိုမှု လုပ်ဆောင်ခဲ့ရကာ သမ္မတသက်တမ်းအတွင်း ၎င်းလုပ်ဆောင်ခဲ့သည့် အကြောင်းအရာများ အတွက် နောက်ထပ် ထွက်ဆိုမှုများစွာ ထပ်မံ လုပ်ဆောင်ရမည်ဟုလည်း ယူဆရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 861
CNI International News
ဘေဂျင်း၊ ဧပြီ ၂၇
တရုတ်အစိုးရအနေဖြင့် ယူကရိန်းနှင့် တခြားသော နိုင်ငံများသို့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ စေလွှတ်သွား မည်ဟု တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် (Xi Jinping) က ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် ဗုဒ္ဓဟူးနေ့မှာ တယ်လီဖုန်း ပြောဆိုမှုတွင် ပြောခဲ့သည်ဟု အေပီသတင်း၌ ဖော်ပြထားသည်။
ယူကရိန်းနှင့် ရုရှားစစ်ပွဲတွင် တရုတ်အနေဖြင့် ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးလိုကြောင်း ပြောဆိုခဲ့ပြီး နောက် ယခုကဲ့သို့ သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
တရုတ်နိုင်ငံပိုင် ရုပ်သံမှ ဖော်ပြသော အစိုးရ၏ ထုတ်ပြန်ချက်တွင် တရုတ် ကိုယ်စားလှယ် အဖွဲ့သည် ရုရှားသို့ သွားရောက်ခြင်း ရှိ/မရှိကိုတော့ မဖော်ပြထားပေ။
တရုတ်နိုင်ငံအနေဖြင့် ယူကရိန်း ပဋိပက္ခအတွက် နိုင်ငံရေးအရ အဖြေရှာရန်အတွက် ဘက်ပေါင်းစုံကနေ နက်ရှိုင်း စွာ ပြောဆိုဆက်ဆံနိုင်စေရန် ဥရောပ-အာရှရေးရာ တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့တစ်ခုကို ယူကရိန်းနှင့် တခြားသော နိုင်ငံများသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို ကြေညာချက်တွင် ရုရှားနိုင်ငံအကြောင်း သို့မဟုတ် ရုရှားသမ္မတ ပူတင်၏ ပြီးခဲ့သည့်နှစ်က ယူကရိန်းအား ကျူးကျော်စစ် ဆင်နွဲခဲ့သည့် အကြောင်း စသည်တို့ကိုတော့ ဖော်ပြထားခြင်း မရှိပေ။

ပူတင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်
နျူကလီးယားစစ်ပွဲတွင် အနိုင်ရရှိသူ မရှိဟူ၍လည်း ထိုကြေညာချက်တွင် သတိပေးထားသည်။
တရုတ်နိုင်ငံသည် ယူကရိန်းပဋိပက္ခတွင် ကြားနေနိုင်ငံ တစ်ခုအဖြစ် ရပ်တည်ရန် ကြိုးပမ်းလျက် ရှိသော်လည်း ရုရှား၏ ကျူးကျော်မှုကို ဝေဖန်ရန် ငြင်းဆိုထားသည်။
နှစ်နိုင်ငံကြား ဆက်ဆံရေးသည် အကန့်အသတ် မရှိကြောင်းလည်း ယူကရိန်း ကျူးကျော်စစ် မတိုင်ခင် တရုတ်နှင့် ရုရှားသမ္မတများက ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ဖူးသည်။
တွေ့ဆုံ ဆွေးနွေးမှုသည်သာ ဖြေရှင်းနိုင်မည့် နည်းလမ်းဖြစ်သည်ဟု ဇာလန်းစကီးနှင့် ဖုန်းပြောဆိုမှုတွင် ရှီက ပြောခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းတွင် ကိုးကားဖော်ပြသည်။
နျူကလီးယားစစ်ပွဲတွင် အနိုင်ရရှိသူ မရှိကြောင်း၊ သက်ဆိုင်ရာ နိုင်ငံအသီးသီး အနေဖြင့် နျူကလီးယား အရေး ကိုင်တွယ် ဆောင်ရွက်ရာ၌ တည်ငြိမ်ကာ ချုပ်တီးမှုရှိသင့်ကြောင်း၊ အနာဂတ်နှင့် ၎င်းတို့ ကိုယ်တိုင် အတွက် သာမက လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ရှေးရှုကာ ယခုပဋိပက္ခကို ကိုင်တွယ် ဆောင်ရွက်ရန် အတူတကွ ပူးပေါင်း လုပ်ဆောင်သင့်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 945
CNI International News
ဝါရှင်တန်၊ ဧပြီ ၂၇
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် တောင်ကိုရီးယားသမ္မတ ယွန်ဆောရွဲ့ (Yoon Suk Yeol) တို့သည် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအဖြစ် အမေရိကန်၏ နျူကလီးယား လက်နက်တပ် ရေငုပ်သင်္ဘောများ တောင်ကိုရီးယားတွင် လာရောက် ဆိုက်ကပ်မည့် အစီအစဉ်များပါဝင်သော သဘောတူညီချက်ကို လက်မှတ် ရေးထိုးသွားမည်ဟု အမေရိကန်အရာရှိများက ပြောကြောင်း အေပီသတင်းမှာ ဖော်ပြထားသည်။
ထိုသဘောတူညီချက်က မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများ မြင့်တက်လာချိန်တွင် အမေရိကန် က သိသိသာသာ ထောက်ပံ့ပေးခြင်းလည်း ဖြစ်သည်။
တောင်ကိုရီးယားသို့ ဆိုက်ကပ်ရန် အစီအစဉ်သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တားဆီးရေးရန် အဓိက အကြောင်းအရာတစ်ခု ဖြစ်သည်။
ထိုအစီအစဉ် လုပ်ဆောင်ရခြင်းကို တောင်ကိုရီးယားသမ္မတ၏ အမေရိကန်ခရီးစဉ်တွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ရေငုပ်သင်္ဘောကိုတွေ့ရစဉ်
ထိုသဘောတူညီချက်သည် မြောက်ကိုရီးယား၏ ရန်လိုသော နျူကလီးယား လက်နက် အစီအစဉ်များ အပြီး တောင်ကိုရီးယား၏ စိုးရိမ်မှုကို လျှော့ချပေးရန်၊ တောင်ကိုရီးယားဘက်မှ ၎င်းတို့၏ ကိုယ်ပိုင် နျူကလီးယား အစီအစဉ်ကို ပြန်လည် စတင်ခြင်းမှ တားဆီးရန် ရည်ရွယ်သည်။
တောင်ကိုရီးယားနိုင်ငံသည် နျူကလီးယား မပျံ့ပွားရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည့် လွန်ခဲ့ သော နှစ် ၅၀ ခန့်တွင် ယင်း၏ကိုယ်ပိုင် နျူကလီးယား စီမံကိန်းအား စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားဘက်ကသာ တိုက်ခိုက်လာမည် ဆိုသည့် အခြေအနေ တွင် နျူကလီးယား တုံ့ပြန်မှု မဟာဗျူဟာအား ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်သည်။
သို့သော် ထိုလက်နက်များအား ထိန်းချုပ်ခွင့်ကို အမေရိကန်ဘက်က ဆက်လက် ရယူသွားမည်ဖြစ်ကာ တောင်ကိုရီးယား ကမ်းခြေတွင် မည်သည့် နျူကလီးယား လက်နက်ကိုမှ တပ်ဆင်သွားမည် မဟုတ်ပေ။

ဘိုင်ဒန်နဲ့ ယွန်ဆောရွဲ့ကိုတွေ့ရစဉ်
သဘောတူညီချက်တွင် အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်တို့အကြား ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်ရန်နှင့် မဟာဗျူဟာမြောက် ပူးတွဲတားဆီး ကာကွယ်ရေးတွင် တောင်ကိုရီးယား စစ်တပ်၏ ပါဝင်မှုကို ပိုမိုမြှင့်တင်သွားရန်လည်း တောင်ဆိုထားသည်။
ကြေညာချက်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် တောင်ကိုရီးယားသည် နျူကလီးယား လက်နက်မပျံ့ပွားရေး သဘောတူညီချက်နှင့် ပတ်သက်၍ ၎င်းတို့ပေးထားသော ကတိကို ပိုမိုခိုင်မာ စေရမည်လည်း ဖြစ်သည်။
ထိုသဘောတူညီချက်ကို နျူကလီးယားပိုင်သော၊ မပိုင်သော ကမ္ဘာ့နိုင်ငံများက လက်မှတ်ရေးထိုးထားကာ နျူကလီးယား နည်းပညာ မပျံ့ပွားမှုကို ထိန်းသိမ်းရေး ပူးပေါင်း ဆောင်ရွက်သွားရန် ကတိပြုထားသည်ဟု အမေရိကန်အရာရှိများက ပြောသည်။
ပြီးခဲ့သည့် သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ရှိနေချိန်တွင် တောင်ကိုရီးယား သမ္မတ ယွန်သည် ယခင် သမ္မတဟောင်းထက် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ပိုမိုတုံ့ပြန်နိုင်ရေး အမေရိကန် ဗုံးကြဲ လေယာဉ် များ၊ လေယာဉ်တင် သင်္ဘောများနှင့် နျူကလီးယား ရေငုပ်သင်္ဘောများ တပ်ဖြန့်ထားမှုကို မြှင့်တင် ဆောင်ရွက်ရေး တောင်းဆိုသွားမည်ဟု ပြောခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 727
CNI International News
အင်ဖာလ်၊ ဧပြီ - ၂၆
အိန္ဒိယ အစိုးရကို တော်လှန်နေသည့် မတရားအသင်းဟု သတ်မှတ်ခံထားရသော ကသည်းသူပုန်(Kanglei Yaol Kan-na Lup/KYKL) အဖွဲ့သည် အဖွဲ့အစည်း တည်ထောင်ခြင်း ၂၉ နှစ်ပြည့် အခမ်းအနားကို အင်္ဂါနေ့တွင် ကျင်းပ ခဲ့သည်ဟု NORTHEAST NOW သတင်းက ဖော်ပြသည်။
နှစ်စဉ် ကျင်းပနေကျအတိုင်း အခမ်းအနားကို အဖွဲ့၏ ဗဟိုဌာနချုပ် (CHQ) တွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနား သို့ Kangleipak (Manipur) နှင့် အတွင်းအပြင်တို့မှ တပ်ရင်းများ၊ ယူနစ်များနှင့် ဌာနစိတ်များ ပါဝင် တက်ရောက် ခဲ့သည်ဟု အဖွဲ့၏ ပြည်သူ့ဆက်ဆံရေးနှင့် သုတေသနဝန်ကြီးက ကြေညာချက် တစ်စောင် ထုတ်ပြန်ပြောကြား ခဲ့သည်။
ထိုအခမ်းအနားသို့ အရေးပါသော ခေါင်းဆောင်များစွာလည်း တက်ရောက်ခဲ့သည်။

မဏိပူရ်ပြည်နယ် တက္ကသိုလ်ကိုတွေ့ရစဉ်
အခမ်းအနားတွင် ပါတီအလံအား လွှင့်ထူခြင်း၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအတွင်း အသက်ပေးခဲ့ရသည့် တော်လှန်ရေး ရဲဘော်များကို ဂါရဝပြုခြင်းတို့အပြင် ပါတီဥက္ကဋ္ဌထံမှ သတင်းစကားကို ဖတ်ကြားခြင်းတို့ လုပ် ဆောင်ခဲ့သည်။
ခေါင်းဆောင်အများစုက လွတ်လပ်စွာ ရွေးချယ်ခွင့်မရှိဘဲ နေထိုင်ရသူ တစ်ဦးထက်စာလျှင် ပြုလုပ်သူ တစ်ဦးအဖြစ် ရှင်သန်ရခြင်း၏ အရေးကြီးမှုကို အလေးအနက်အထား ပြောဆိုခဲ့သည်။
ထိုစကားသည် တစ်စုံတစ်ဦး၏ စရိုက်လက္ခဏာကို ကာကွယ်ပေးသည့် စစ်မှန်သော ဖြစ်တည်မှုရှိရန် လိုအပ်ကြောင်း ဥက္ကဋ္ဌ၏ ပြောစကားနှင့်လည်း တူညီနေသည်။
ဥက္ကဋ္ဌ၏ ပြောဆိုမှုသည် စီးပွားရေးအရ တွက်ခြေကိုက်မှုနှင့် နိုင်ငံတစ်ခု၏ ကျဆုံးခြင်းတို့အကြား ဆက်စပ်မှုကို ရှင်းလင်းပြသမှု ဖြစ်သည်ဟုလည်း ခေါင်းဆောင်အများစုက အလေးထား ဖော်ပြခဲ့သည်။
ဥက္ကဋ္ဌ၏ ထုတ်ပြချက်ကို ဖတ်ရှုပြီးနောက် ခိုင်မာသော စရိုက်လက္ခဏာရှိသည့် လူ့အဖွဲ့အစည်း တစ်ခုသည် ယင်း၏ စုပေါင်း သတိရှိမှုကို မြှင့်တင်နိုင်သည်ဟု အဖွဲ့၏ အရေးပါသော ခေါင်းဆောင်များက စူးစမ်းမိကြသည်။

KYKL တပ်ဖွဲ့ကိုတွေ့ရစဉ်
လူသားတစ်ဦးအဖြစ် ဆက်လက် ရှင်သန်ရန် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်ခြင်းကြောင့် အိန္ဒိယ၏ ကိုလိုနီဝါဒကို ဆက်လက် တော်လှန်ရန်လည်း ဥက္ကဋ္ဌက သတိပေးသည်။
KYKL အဖွဲ့ တည်ထောင်ခြင်း ၂၉ နှစ်ပြည့် နေ့၏ အဓိကအချက်များမှာ တော်လှန်လေး မီးတောက်အား ဆက်လက် အဓွန့်ရှည်စေရန်၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကို မဆုတ်မနစ် ဆက်လက် ကြိုးပမ်းသွားရန် နှင့် အမျိုးသား စရိုက်လက္ခဏာကို ဆက်လက် ကာကွယ်သွားရန် ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
တော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူများ အပါအဝင် အရှေ့မြောက်အိန္ဒိယ၊ ဘူတန်၊ မြောက်ဘင်္ဂလား၊ မြန်မာ အပါအဝင် WESEA ဒေသရှိ အရပ်ဘက် အဖွဲ့အစည်းများ၊ အရပ်ဘက် ခေါင်းဆောင်များ၊ ပညာတတ်များနှင့် မီဒီယာများဖြင့် တော်လှန်ရေး တွေ့ဆုံမှုကို တိုးချဲ့ခြင်းဖြင့် KYKL ခေါင်းဆောင် N Oken က WESEA ဒေသရှိ တော်လှန်ရေးလှုပ်ရှားမှုသည် ဖြစ်တည်မှု ဝါဒဆိုင်ရာ ပြသာနာတစ်ခုဖြစ်လာပြီး လက်ရှိတွင် ပို၍ နက်ရှိုင်းလာ သည်ဟု ပြောသည်။
KYKL သည် အချုပ်အခြာအာဏာပိုင် မဏိပူရဒေသကို ရရှိရေး တောင်းဆိုထားသည်။ လွတ်လပ်သော မဏိပူရပြည်နယ်သည် ၁၉၄၉ ခုနှစ်တွင် အိန္ဒိယယူနီယံနှင့် ပေါင်းစည်းခဲ့သည်။
Source: NORTHEAST NOW
- By CNI
- Category: နိုင်ငံရေး
- Hits: 1102
CNI International News
မော်စကို၊ ဧပြီ ၂၆
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်များ ပြိုကွဲမှုဖြစ်နိုင်ရန် အလားအလာ များစွာရှိသည်ဟု ရုရှားလုံခြုံရေး ကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က အင်္ဂါနေ့တွင် ပြောသည်။
လွတ်လပ်ရေးအတွက် ဆုံးဖြတ်လျှင် ၎င်းအနေဖြင့် တက္ကဆက် (Texas) ပြည်နယ်အား အားပေးသွားမည်ဟု လည်း ပြောသည်။
နိုင်ငံရေး အထက်တန်းလွှာများနှင့် စီးပွားရေး အုပ်စုများ၏ ပျက်သုဉ်းခြင်း တိုက်ပွဲသည် ပြည်နယ်များ ပြိုကွဲ သွားခြင်းကို ဖြစ်စေမည်။
ထိုအခြေအနေသည် ဖြစ်လာရန် အလားအလာများသည်ဟု မက်ဗီဒက်ဗ်က ပြောသည်။
ထိုပြည်နယ်များသည် ရာဇဝတ်ကောင်များကို ကွပ်မျက်ရန် သေဒဏ်ပေးခွင့်နှင့် တခြားသော စီပွားရေး အကြောင်း အရာများကဲ့သို့ ကိစ္စများကို ၎င်းတို့ လွတ်လပ်ရေးအတွက် ထိလွယ်ရှလွယ်သော ကိစ္စများအဖြစ် ကြွားလုံးထုတ် ထားသည်ဟု ရုရှားအရာရှိက ပြောသည်။

တက္ကဆက်ပြည်နယ်အ၀င်ကိုတွေ့ရစဉ်
ကယ်လီဖိုးနီးယားနှင့် တက္ကဆက်တို့သည် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို တောင်းဆိုခဲ့ပြီးဖြစ်ကာ ယခင်က ထိုသို့သော ကိစ္စများကို မဖြစ်နိုင် သို့မဟုတ် ထူးဆန်းသော အကြောင်းအရာများအဖြစ် သတ်မှတ်ထားသည်ဟု ၎င်းက ပြောသည်။
သို့သော် တက္ကဆက်ပြည်နယ် လွတ်လပ်ရေးအတွက် မူကြမ်းတစ်ခုနှင့် ဆန္ဒခံယူပွဲ ကျင်းပခွင့်တို့အတွက် မူကြမ်း တို့ကို ရီပတ်ပလီကန်များက ရေးဆွဲခဲ့သကဲ့သို့ ပြည်နယ်တွင်း ဆန္ဒခံယူပွဲ ကျင်းပရန် အခြေခံ အကြောင်းအရာများ စတင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းတို့သည် တက္ကဆက်ပြည်နယ် ဖွဲ့စည်းပုံဥပဒေ၏ ပုဒ်မ ၁ အား ချိုးဖောက်ခြင်းကို အခြေခံကာ တရားဝင် အကြောင်းပြချက်ဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
မူကြမ်း အသစ်များ ပေါ်ထွက်လာခြင်းကြောင့် အမေရိကန်တွင် စိတ်ဝင်စားစရာ ကိစ္စများ စတင်လာကြောင်း၊ သင်တို့ မည်သို့ ခံစားရမည်ကို မသိသော်လည်း တစ်ဦးတည်း အမြင်အရ တက္ကဆက်ပြည်နယ်ကို ထောက်ခံ ကြောင်းနှင့် ၎င်းတို့ ဖော်ထုတ်လာမည့် စိတ်ဝင်စားဖွယ် အဖြေများကို မြင်ရဖို့ရှိနေကြောင်းလည်း မက်ဗီဒက်ဗ်က ပြောသည်။
အမေရိကန်နိုင်ငံတွင်းရှိ အာဏာအမှန်သည် အုပ်စုတစ်စု၏ လက်တွင်း၌ ကျရောက်နေချိန်၊ တိုင်းပြည်သည် သြဇာ ကြီးမားသော်လည်း အသုံးမကျသည့် လူများက ဦးဆောင်နေချိန်တွင် ကမ္ဘာကြီးအနေဖြင့် အမေရိကန် နိုင်ငံရေး အထက်တန်းလွှာ၏ တစ်စစ ပြိုကျမှုကို စောင့်ကြည့်လျက်ရှိသည်ဟု မက်ဗီဒက်ဗ်က ပြောသည်။

ဘီလျံနာသူဌေးကြီး အီလွန်မက်စ်ကိုတွေ့ရစဉ်
ထိုအယူအဆအရ လာမည့် ရွေးကောက်ပွဲတွင် အီလွန်မက်ခ် (Elon Musk) သည် အနိုင်ရရှိရန် အလားအလာ ကောင်းကြောင်းလည်း ၎င်းက သုံးသပ်သည်။
သို့သော် အီလွန်မက်ခ်သည် တောင်အာဖရိကတွင် မွေးဖွားခဲ့ခြင်းကြောင့် အမေရိကန် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။
အီလွန်မက်ခ်သည် လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ အသစ်အတွက် နာမည်အကြီးဆုံး မျက်နှာသစ်ဖြစ် ကြောင်း၊ လာမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်၊ ဘိုင်ဒန်တို့ ထက်ပို၍ အနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်လျှင် အမေရိကန် နိုင်ငံရေးအတွက် အလွန်စိတ်ဝင်စားဖွယ် ကောင်းသော အလှည့်အပြောင်း ဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
ရုရှားအနေဖြင့် အမေရိကန်၏ ခေါင်းဆောင်ကို လုံးဝ စိတ်မဝင်စားကြောင်း သို့သော် အမေရိကန်နိုင်ငံရေး အလွှာများ၏ ကာလရှည် ပူပန်မှုသည် လူ့ယဉ်ကျေးမှု၏ နောက်ထပ် တိုးတက်ပြောင်းလဲမှုများကို ပျက်စီးစေ ကြောင်းနှင့် ယင်းကို လျှော့တွက်၍ မရကြောင်းလည်း ရုရှားလုံခြုံရေးကောင်စီ အကြီးအကဲက ပြောခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 714
CNI International News
ဝါရှင်တန်၊ ဧပြီ ၂၆
လအတန်ကြာ သို့လောသို့လော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် သမ္မတရာထူး ဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မှုနှင့်ပတ်သက်၍ အင်္ဂါနေ့တွင် ထုတ်ပြန် ကြေညာသွားမည်ဟု ယူဆရကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။
စစ်တမ်းရလဒ်များ ကောင်းမွန်မှုမရှိခြင်း၊ ကမ္ဘာပေါ်တွင် ဖိအားအများဆုံးအလုပ်များမှတစ်ခုအတွက် အသက် အရွယ်အကန့်အသတ်ရှိနေခြင်း စသည့် အခြေအနေများကိုအာခံကာ ဒုတိယသက်တမ်းအတွက် ဝင်ရောက် ယှဉ်ပြိုင်မှုပြုလုပ်သွားမည့် အနေအထားဖြစ်သည်။
“မကြာခင်သိရတော့မှာပါ” ဟု ဘိုင်ဒန်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောခဲ့သည်။ လက်ရှိအချိန် အထိ သမ္မတကိုယ်တိုင်သာမက အိမ်ဖြူတော်နှင့် ဒီမိုကရတ်တစ်ပါတီတို့ဘက်မှ ဒုတိယသက်တမ်းနှင့် ပတ်သက် ၍ တစုံတရာအတည်ပြု ပြောဆိုမှု မရှိသေးသော်ငြားလည်း သမ္မတသည် အင်္ဂါနေ့အစောပိုင်း ဗီဒီယိုမိန့်ခွန်းတစ်ခု တွင် ဒုတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှုအတွက် အတည်ပြု ပြောဆိုသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသော သတင်းအရင်းအမြစ်များကို ကိုးကား၍ အမေရိကန်မီဒီယာများတွင် ဖော်ပြသည်။
အဆိုပါ ကြေညာချက်နှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် မကြာခင် အသိပေးသွားမည်ဟု ဘိုင်ဒန်က ဖြေကြားခဲ့သည်။ ကြေညာချက်ထုတ်ပြန်မည့်နေ့သည် ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပြီးခဲ့သည့်လေးနှစ်က ဘိုင်ဒန်ကြေညာခဲ့သည့်နေ့နှင့်လည်း တစ်ထပ်တည်းကျနေသည်။

ရွေးကောက်ပွဲတွင် မဲပေးနေကြသူများ(ဓါတ်ပုံ-Getty Images)
ထိုစဉ်တုန်းက ကြေညာချက်ကိုလည်း မထင်မရှား ဗီဒီယိုမိန့်ခွန်းတစ်ခုမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဘိုင်ဒန်နှင့်မတူညီသည်က ၎င်း၏ပြိုင်ဘက် ထရမ့်သည် သူ၏ ဒုတိယမြောက်သက်တမ်းအတွက် ဝင်ရောက် ယှဉ်ပြိုင်မည်ဆိုသော အသိပေးချက်ကို အထင်ကရ လူထုစုဝေးပွဲများမှ တစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အသက် ၇၆ နှစ်အရွယ် ထရမ့်သည် လက်ရှိအချိန်တွင် တရားစွဲဆိုမှု၊ စုံစမ်းစစ်ဆေးမှုများစွာနှင့် ရင်ဆိုင်နေရသော်လည်း ၂၀၂၄ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကာ ရီပတ်ပလီကန်အမတ်လောင်းအဖြစ်လည်း တစ်ပြေးနေသည်။
ဘိုင်ဒန်သည် အင်္ဂါနေ့တွင် ဝါရှင်တန်ဟိုတယ် အစည်းအဝေးခန်းမ၌ စီးပွားရေးဆိုင်ရာ မိန့်ခွန်းပြောဆိုမှုတစ်ခုကို လုပ်ဆောင်သွားရန် စီစဉ်ထားသည်။ ယင်းသည် မဲဆွယ်မှုနှင့်သက်ဆိုင်ခြင်းမရှိသော်ငြား မိန့်ခွန်း၏ နောက်ခံ အကြောင်းအရာသည် ဒီမိုကရတ်တစ်များ၏ ၂၀၂၄ ရွေးကောက်ပွဲသတင်းစကားနှင့်ပတ်သက်၍ အဓိက အကြောင်းအရာဖြစ်သည်။
အင်္ဂါနေ့တွင် ဘိုင်ဒန်နှင့်သမ္မတကတော်တို့သည် အမေရိကန်သို့ရောက်ရှိလာမည့် တောင်ကိုရီးယားသမ္မတ၊ သမ္မတကတော်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ယင်းတွင် သူ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မှတ်တမ်းကို ထုတ်ဖော် ပြောဆိုရန်လည်း အခွင့်အရေးဖြစ်စေမည်။
Source:Bangkok Post
- By CNI
- Category: နိုင်ငံရေး
- Hits: 785
CNI International News
အန်ကာရာ၊ ဧပြီ ၂၆
တရားမဝင်ဟု သတ်မှတ်ထားသော ကာ့ဒ်အလုပ်သမားပါတီ (PKK) နှင့် ဆက်သွယ်မှုဖြင့် တူရကီရဲတပ်ဖွဲ့က လူ ၁၁၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု Al Jazeera သတင်းတွင် ဖော်ပြသည်။
လွှတ်တော်နှင့် သမ္မတ ရွေးကောက်ပွဲများ မတိုင်ခင် သီတင်းပတ်များအလိုတွင် ထိုသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီးနင်းဖမ်းဆီးမှုများအတွင်း နိုင်ငံရေးသမားများ၊ ရှေ့နေများနှင့် သတင်းသမားများပါ ပါဝင်သည်ဟု ဖော်ပြသည်။
PKK အား တူရကီအစိုးရနှင့် အနောက်နိုင်ငံ တချို့က အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည်။
အင်္ဂါနေ့တွင် PKK အား ဘဏ္ဍာရေးအရသာမက လူသစ်စုဆောင်းရန်နှင့် ဝါဒဖြန့် လုပ်ငန်းများ၌ ပါဝင်ကူညီ နေသူများကို ဖမ်းဆီးခဲ့ သည်ဟု တူရကီအာဏာပိုင်များက ပြောသည်။

တူရကီသမ္မတ အာဒိုဂန်ကို တွေ့ရစဉ်
PKK သည် ၁၉၈၄ ခုနှစ်မှ စတင်ကာ တူရကီအစိုးရနှင့် စစ်ပွဲဆင်နွှဲလျက် ရှိသည်။ အင်္ဂါနေ့က စီးနင်းမှုများကို ကာ့ဒ် (Kurd) လူမျိုး အများစုနေထိုင်ရာ ဒီယာဘာကီ (Kiyarkakir) အပါအဝင် ပြည်နယ် ၂၁ ခုတွင် လုပ်ဆောင်ခဲ့သည် ဟု တူရကီမီဒီယာများက ဖော်ပြခဲ့ကြသည်။
စီးနင်းမှုများကို မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲများ မတိုင်ခင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲများ တွင် တူရကီသမ္မတ အာဒိုဂန် (Erdogan)သည် သက်တမ်း ၂၀ ကြာ အုပ်စိုးမှုတစ်လျှောက် အပြင်းထန်ဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ယခု ဖမ်းဆီးမှုများသည် အာဒိုဂန်၏ သမ္မတရာထူး တတိယသက်တမ်းနှင့် တိုက်ရိုက် ဆက်စပ်နေသည်ဟု ကာ့ဒ် လိုလားသော HDP ပါတီ ခေါင်းဆောင်က ပြောသည်။
နိုင်ငံရေးသမားများ၊ ရှေ့နေများ၊ သတင်းသမားများနှင့် လူ့အခွင့်အရေးသမားများကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ပြီး စီးနင်းမှုများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များအား ဖုံးကွယ်ထားသည်ဟု နိုင်ငံရေးသမားများက ပြောသည်။
ဖမ်းဆီးခံထားရသူများကို ရှေ့နေများနှင့် တွေ့ဆုံခွင့် ၂၄ နာရီ ပိတ်ပင်ထားကာ အဖမ်းခံရသူ အရေအတွက်မှာ လည်း မြင့်တက်လာဖွယ် ရှိသည်ဟု တူရကီရှေ့နေ အဖွဲ့တစ်ခုက ပြောသည်။
NGO ခေါင်းဆောင်များ၏ နေအိမ်များသည်လည်း စီးနင်းရှာဖွေခံခဲ့ရသည်ဟု တူရကီမီဒီယာ အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်သည်။

PKK ထောက်ခံသည့် ကာ့ဒ်ထောက်ခံသူများကိုတွေ့ရစဉ်
အာဒိုဂန်သည် နှစ် ၂၀ ကြာ အုပ်စိုးမှုအတွင်း အပြင်ထန်ဆုံး ရွေးကောက်ပွဲ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကာ ၎င်း၏ ပြိုင်ဘက်ဖြစ်သော အတိုက်အခံ အမတ်လောင်း ကီမယ်လ်ကီလစ်ဒါရိုဂလူသည် ၎င်းထက်ပို၍ ရေပန်းစား နေသည်။
HDP သည် ကီလစ်ဒါရိုဂလူအား ထောက်ခံရန်အတွက် ၎င်းတို့ ကိုယ်ပိုင် အမတ်လောင်းပင် ရွေးချယ်တင်မြောက် ခြင်း မရှိပေ။ HDP သည် ပင်မ အတိုက်အခံ အင်အားစု အဖွဲ့ဝင် မဟုတ်သော်လည်း အာဒိုဂန်၏ ပါတီနှင့် PKK တို့အပေါ် မူဝါဒများကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။
HDP သည် PKK နှင့်ဆက်နွယ်မှုရှိ သည်ဟု တူရကီအစိုးရဘက်က စွပ်စွဲထားကာ ခေါင်းဆောင်ဟောင်း ဖြစ်သူကိုလည်း စွပ်စွဲချက်များစွာဖြင့် ထောင်ချခဲ့သည်။
စီးပွားရေးတွင် ရုန်းကန်နေရမှု၊ အာဏာရှင်ဆန်သည်ဟူသော စွပ်စွဲမှုများကြောင့် ပြီးခဲ့သည့် နှစ်များအတွင်း အာဒို ဂန်အား လူထုထောက်ခံမှု သိသိသာသာ ကျဆင်းလာခဲ့ကာ လူပေါင်း ၅၀၀၀၀ ကျော် သေဆုံးခဲ့သည့် ဖေဖော်ဝါရီ လက ငလျင်လှုပ်မှုအပေါ် တုံ့ပြန်မှုအတွက်လည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည်။
သို့သော် တူရကီခေါင်းဆောင် ရာထူးကို ၂၀၀၃ ခုနှစ်ကတည်းက သိမ်းပိုက်ကာ သမ္မတအဖြစ် ၂၀၁၄ ခုနှစ်မှ စတင် တာဝန် ယူခဲ့သည့် အာဒိုဂန်သည် ခိုင်မာသော ထောက်ခံမှုကို ရရှိထားဆဲဖြစ်ကာ AK ပါတီနှင့်အတူ သမ္မတရာထူး ကို ရရှိနိုင်ဆဲ အနေအထားတွင် ရှိနေသည်။
Source: Al Jazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1234
CNI International News
ပဲရစ်၊ ဧပြီ ၂၅
နာမည်ကျော် ဟင်းလျာများဖြင့် ထင်ရှားသော ပြင်သစ်နိုင်ငံတွင် ပြည်သူများသည် မီးခိုးချောင်သုံး အိုးခွက်များကို အသုံးပြုကာ အစိုးရ၏ ပင်စင်ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဆန့်ကျင် ကန့်ကွက်လျက် ရှိသည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။
ပင်စင်ယူရမည့် အသက်အရွယ်ကို အသက် ၆၂ နှစ်မှ ၆၄ နှစ်အထိ မြှင့်တင်လိုက်ခြင်းအပေါ် ပြင်သစ်နိုင်ငံသားများ က ကန့်ကွက်လျက်ရှိသည်။
ထိုသို့ ကန့်ကွက်ရာတွင် ကျောက်တုံးများဖြင့် ပစ်ပေါက်ခြင်း၊ မျက်ရည်ယို ဗုံးများသုံးခြင်း၊ စာတန်းများ ဝှေ့ယမ်း ခြင်းမှသည် အိုးခွက်များကို တီးခတ်ထုရိုက်ကာ ဆူညံသံပြုလုပ် ဆန္ဒပြခြင်းသို့ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
အိုးခွက်များကို ထုရိုက်ခြင်းဖြင့် ဆန္ဒပြမှုကို သမ္မတ မက်ခရွန် (Macron) ၏ ပြီးခဲ့သည့် သီတင်းပတ် ရုပ်သံမိန့်ခွန်း တွင် စတင်လုပ်ဆောင်ခဲ့သည်။

ပြင်သစ် သမ္မတ မက်ခရွန်ကိုတွေ့ရစဉ်
ပဲရစ်၊ မာဆေးလ်၊ တူးလော့စ်၊ စတာဘော့ဂျ် အပါအဝင် ပြင်သစ်နိုင်ငံရှိ မြို့ကြီးများမှ နေရာ ၄၀၀ ကျော်တွင် အိုးခွက်ပန်းကန်များကို တီးခေါက်ခြင်းဖြင့် ဆူညံသံပြုလုပ်ကာ မက်ခရွန်၏ အသံကို ဖုံးလွှမ်းသွားရန် ကြိုးပမ်း ခဲ့ကြသည်။
အရင်းရှင်ဝါဒ ဆန့်ကျင်ရေးအဖွဲ့ (ATTAC) ၏ တောင်းဆိုချက်ကြောင့် တနင်္လာနေ့ ညနေပိုင်းတွင်လည်း ပြင်သစ် နိုင်ငံတစ်လွှား ထိုသို့ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သေးသည်။
မြောက်ဘက် လိုင်လီမှ အရှေ့တောင်ဘက် လိုင်ယွန် သို့မဟုတ် အနောက်ဘက် ဘာယွန်းမြို့တို့အထိ အစိုးရ အပေါ် မကျေနပ်သော ပြည်သူများသည် မီးဖိုချောင်သုံး ပစ္စည်းများဖြင့် ၎င်းတို့၏ ကန့်ကွက်မှုကို ထုတ်ဖော် ခဲ့ကြသည်။
ထိုကန့်ကွက်မှု မတိုင်ခင် အစောပိုင်း နေ့များတွင်လည်း အစိုးရအဖွဲ့ ဝန်ကြီးများအား ကန့်ကွက်ဆန္ဒပြရန် အိုးများ နှင့်ခွက်များကို အသုံးပြုခဲ့ကြသေးသည်။
ထိုသို့ ဆန္ဒပြနေမှုနှင့် ပတ်သက်၍ ပြင်သစ်သမ္မတက ပြင်သစ်နိုင်ငံကို ရှေ့သို့ ခေါ်ဆောင်သွားမည်မှာ မီးဖိုချောင် သုံး ပစ္စည်းများမဟုတ်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

ပြင်သစ်ပြည်သူများ ဆန္ဒပြနေကြစဉ်
ထိုပြောဆိုမှုကိုလည်း ပြည်သူများဘက်က ပြန်လည် တုံ့ပြန်ခဲ့ကာ ပြင်သစ် မီးဖိုချောင်သုံး ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သော Cristel က ပြင်သစ်နိုင်ငံကြီး ရှေ့သို့ ရောက်ရှိစေရန် စတိန်းလက်စ်စတီး ဒယ်အိုးများကို ထုတ်လုပ်နေသည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။
ယခုကဲ့သို့သော ဆူညံသံဖြင့် ဆန္ဒပြမှုသည် ထူးဆန်းသည်ဟု ယူဆရသော်လည်း ပြင်သစ်တွင် လွန်ခဲ့သော နှစ် ရာချီ ကတည်းက ထိုသို့သော နည်းလမ်းဖြင့် ကန့်ကွက်ဆန္ဒပြသည့် အလေ့အထ ရှိခဲ့ဖူးသည်။
ပြင်သစ်ပြည်သူများသည် ထူးခြားသော နည်းလမ်းများဖြင့် ပင်စင်ကိစ္စ ပြုပြင်ပြောင်းလဲမှုများကို ကန့်ကွက် ဆန္ဒပြ မှုများဖြင့် အာရုံစိုက်မှုကို ရရှိထားခဲ့ပြီး ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ် စွမ်းအင်လုပ်သားများ၏ သပိတ်မှောက်မှုတွင် မသုံးတော့သော ဂတ်စ်အိုးများနှင့် လျှပ်စစ် မီတာများကို မာဆေးလ်မြို့ အုပ်ချုပ်ရေးရုံး အပြင်ဘက်သို့ စုပုံထားခဲ့ပြီး ပဲရစ်မြို့ရှိ အနုပညာရှင် တစ်ဦးကလည်း မသိမ်းရသေးသော အမှိုက်များဖြင့် ရုပ်ထုပြုလုပ် ဆန္ဒပြခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 763
CNI International News
လူဇင်ဘတ်၊ ဧပြီ ၂၅
တရုတ်အစိုးရသည် ဆိုဗီယက်နိုင်ငံဟောင်းများအား အချုပ်အခြာပိုင် နိုင်ငံများအဖြစ် လေးစားမှုရှိကြောင်း တရုတ်နိုင်ငံခြားရေးဌာနက တနင်္လာနေ့တွင် ထုတ်ဖော် ပြောကြားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြ ထားသည်။
ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံတမန်၏ ပြောစကားတစ်ခုကြောင့် ဥရောပနိုင်ငံများမှ ဝေဖန်မှုများ ရှိလာချိန်တွင် တရုတ်နိုင်ငံခြားရေးဌာနက ယခုကဲ့သို့ ထုတ်ဖော်ရှ င်းလင်းခဲ့ခြင်း ဖြစ်သည်။
တရုတ်သံတမန် လူရှေး (Lu Shaye) က ယူကရိန်းနှင့် တခြားသော ဆိုဗီယက်နိုင်ငံဟောင်းများ၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့သည်။
ထို ပြောစကားနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး တချို့က ယင်းကို လက်မခံနိုင်ကြောင်း ပြောကာ တရုတ်အစိုးရအား ၎င်းတို့၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ရှင်းလင်းရန် တောင်းဆိုခဲ့သည်။
လူ၏ ပြောစကားက တရုတ်နိုင်ငံ၏ တရားဝင် ရပ်တည်ချက်အပေါ် ကိုယ်စားပြုခြင်း ရှိ/မရှိ နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မောင်းနင် (Mao Ning)က အစိုးရအနေဖြင့် ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် နိုင်ငံများ၏ အချုပ်အခြာ အာဏာကို လေးစားမှုရှိ သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လူရှေးကိုတွေ့ရစဉ်
ထိုစကားသည် တရုတ်အစိုးရ၏ ရပ်တည်ချက် ဖြစ်ကြောင်းလည်း သူမက ပြောသည်။
သံအမတ်၏ ပြောစကားနှင့် ပတ်သက်၍ ပဲရစ်ရှိ တရုတ်သံရုံးကလည်း တနင်္လာနေ့ နှောင်းပိုင်းတွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယူကရိန်းနှင့် ပတ်သက်သည့် လူ၏ ပြောစကားသည် နိုင်ငံရေးကြေညာချက် မဟုတ် ကြောင်း၊ သူ၏ ကိုယ်ပိုင် အမြင်သာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။
သို့သော် ဝေဖန်မှုများ ပေါ်ပေါက်လာချိန်မှ ထွက်ပေါ်လာသော ထုတ်ပြန်ချက် နှစ်ခုစလုံးသည် အီးယူနှင့် တင်းမာမှု များ လျှော့ချရန် ကြိုးပမ်းမှု ဖြစ်နိုင်သည်။
တရုတ်အစိုးရ၏ ထုတ်ပြန် ရှင်းလင်းချက်ကို မှတ်သားထားကြောင်း၊ တာဝန်ရှိသူများက လူနှင့် တနင်္လာနေ့တွင် တွေ့ဆုံကာ ၎င်း၏ပြောစကားသည် လက်ခံနိုင်စရာ မရှိကြောင်း၊ တရုတ်အစိုးရ၏ တရားဝင် ရပ်တည်မှုနှင့်အညီ ပြောဆိုရန် ၎င်းကို တိုက်တွန်းခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည်။

တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောခွင့်ရ မောင်းနင်ကိုတွေ့ရစဉ်
ဝေဖန်ခံနေရသည့် စကားကို ပြောခဲ့သော လူသည် ၎င်း၏ တင်းမာသော သဘောထား ရပ်တည်ချက်ကြောင့် တရုတ်၏ wolf warrior သံတမန်များမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
ခရိုင်းမီးယားသည် ယူကရိန်းပိုင် ဟုတ်/မဟုတ်နှင့် ပတ်သက်သည့် ၎င်း၏ အမြင်ကို မေးမြန်းခဲ့ရာတွင် လူက ခရိုင်းမီးယားသည် သမိုင်းကြောင်းအရ ရုရှား၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ ယင်းကို ဆိုဗီယက် ခေါင်းဆောင် ဟောင်း နီကီတာ ခရုရှက်ဗ် (Nikita Khrushchev)က ယူကရိန်းသို့ ပေးခဲ့ခြင်းဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ သည်။
ပြင်သစ် ရုပ်သံမှ ထုတ်လွှင့်ခဲ့သော အင်တာဗျူး အစီအစဉ်တွင် လူက အချုပ်အခြာပိုင် နိုင်ငံများအဖြစ် သတ်မှတ် သည့် တရားဝင် နိုင်ငံတကာ သဘောတူညီချက် မရှိခြင်းကြောင့် ဆိုဗီယက်နိုင်ငံဟောင်းများသည် နိုင်ငံတကာ ဥပဒေအရ အချုပ်အခြာပိုင် နိုင်ငံဆိုသည့် အခြေအနေကို ပိုင်ဆိုင်ထားခြင်း မရှိဟု ပြန်လည် ဖြေကြားခဲ့သည်။
Source: Reuters
