- By CNI
- Category: နိုင်ငံရေး
- Hits: 1189
CNI International News
ဟောင်ကောင်၊ နိုဝင်ဘာ ၃၀
ဟောင်ကောင်၏ အကြီးမားဆုံး အမျိုးသားလုံခြုံရေးဆိုင်ရာ တရားရေးအရ စစ်ဆေးမှုတွင် နောက်ဆုံးအကြိမ် အချေအတင် ဆွေးနွေးမှုများကို နိုဝင်ဘာ ၂၉ ရက်တွင် စတင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဟောင်ကောင်အာဏာပိုင်များသည် အတိုက်အခံများကို နှိမ်နင်းရန် ချမှတ်ထားသည့် တရုတ်၏ အမျိုးသား လုံခြုံရေးဥပဒေဖြင့် ဒီမိုကရေစီလိုလားသူ ၄၇ ဦးကို စွဲချက်များတင်ခဲ့ပြီးနောက် ရက်ပေါင်း ၁၀၀၀ ကျော်အကြာ တွင် အချေအတင် ဆွေးနွေးမှုများကို စတင်ခဲ့ခြင်းဖြစ်သည်။
တရားစွဲဆို ခံထားရသူများသည့် ၂၀၂၀ ပြည့််နှစ်က တရုတ်အစိုးရသည် ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း ဖိနှိပ်ခံခဲ့ရသော ဟောင်ကောင်၏ အတိုက်အခံ အင်အားစု၏ စံနမူနာတစ်ခု ဖြစ်လာခဲ့သည်။
ထိုအတိုက်အခံ အင်အားစုတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသည့် လွှတ်တော်အမတ်များမှအစ သမဂ္ဂများနှင့် ပညာရှင်များ ပါဝင်သည်။

ဒီမိုကရေစီအရေး တောင်းဆိုသူ ၄၇ ဦးဖမ်းဆီးခံထားရမှုကို ပြသနေစဉ်
ကျွမ်းကျင်သူများကမူ တရုတ်၏ အမျိုးသားလုံခြုံရေး ဥပဒေသည် ဗြိတိန်က ဟောင်ကောင်ကို တရုတ်ထံ လွှဲပြောင်းအပ်နှံခဲ့သည့် ၁၉၉၇ ခုနှစ် သဘောတူညီချက်ပါ အများပြည်သူလွတ်လပ်ခွင့်များကို လျော့ပါးစေကြောင်း ပြောကြားခဲ့သည်။
သို့သော် ဟောင်ကောင်အစိုးရကမူ ၂၀၁၉ ခုနှစ်က ဒီမိုကရေစီလိုလားသည့်် ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများ ဖြစ်ပွားပြီးနောက်ပိုင်း ဟောင်ကောင်တွင် ခွဲထွက်ရေးနှင့် ပူးပေါင်းကြံစည်မှုများကဲ့သို့ အကြီးစား ရာဇဝတ်မှုများကို နှိမ်နင်းရန် ထိုဥပဒေကို လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဟောင်ကောင်၏ အာဏာတည်မြဲမှုကို လျော့ပါးစေရန် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုခံထားရသူ ၄၇ ဦးသည် ဟောင်ကောင်၏ နိုင်ငံရေးအခင်းအကျင်းတွင် စံနမူနာပြ အရေးယူမှုတစ်ခုအဖြစ် ရှုမြင်ခံထားရပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။

ဒီမိုကရေစီအရေး တောင်းဆိုသူတစ်ဦးကိုတွေ့ရစဉ်
ထိုတက်ကြွလှုပ်ရှားသူများသည် ဟောင်ကောင်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းများနှင့် ညှိနှိုင်းဆောင် ရွက်ရန် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် တရားမဝင် ရွေးကောက်ပွဲ တစ်ခုကို ပါဝင်မှု၊ ထောက်ခံအားပေးမှုတို့ဖြင့် လည်း စွပ်စွဲခံထားရသည်။
ဟောင်ကောင်တွင် Grandma Wong ဟု လူသိများထင်ရှားသည့် တက်ကြွလှုပ်ရှားသူ အလက်ဇန္ဒား ဝေါင် (Alexandra Wong)သည် နိုဝင်ဘာ ၂၉ ရက်က တရားရုံး၏ အပြင်ဘက်တွင် ဗြိတိန်၏ အလံကို ဝှေ့ယမ်းပြီး တရားစွဲခံထားရသည့် တက်ကြွလှုပ်ရှားသူ ၄၇ ဦးစလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသော လက်ကိုင်ပို စတာကို ကိုင်ဆောင်ခဲ့သည်။
"သူတို့တွေ (တရားစွဲဆို ခံထားရသူများ) ချက်ချင်း ပြန်လွတ်လာဖို့ ကျမ မျှော်လင့်ပါတယ်။ တရားစွဲခံထားရတဲ့ ၄၇ ဦးဟာ ကျမတို့အတွက် မဲပေးပိုင်ခွင့်ကို တိုက်ပွဲဝင်ပေးခဲ့သူတွေပါ။ သူတို့မှာ တစ်ခြားရည်ရွယ်ချက် မရှိပါဘူး။ အာဏာကို ရယူချင်တဲ့ ဆန္ဒတွေလည်း မရှိကြပါဘူး" ဟု ဝေါင်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 970
CNI International News
ဆိုးလ်၊ နိုဝင်ဘာ ၂၉
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် မကြာသေးမီက လွှတ်တင်ခဲ့သည့် စစ်ဘက် သုံး စပိုင်ဂြိဟ်တုက ရိုက်ကူးခဲ့သည့် အမေရိကန်သမ္မတ၏ အိမ်ဖြူတော်၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်) နှင့် နော်ဖော့်ခ် (Norfolk) မြို့ရှိ ရေတပ်စခန်းမှ အမေရိကန် လေယာဉ်တင်သင်္ဘောများ၏ ဓာတ်ပုံ များကို စစ်ဆေးကြည့်ရှုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်က ၎င်း၏ ပထမဆုံး စစ်ဘက်သုံးဂြိုဟ်တုကို ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
ထိုဂြိဟ်တုသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် အိမ်ဖြူတော်ကို တွေ့ရစဉ်
ထိုဂြိုဟ်တု လွှတ်တင်ခဲ့ပြီးချိန်ကတည်းက မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီသည် တောင်ကိုရီး ယား၊ ဂူအမ် (Guam) နှင့် အီတလီရှိ မြို့များနှင့် စစ်စခန်းများအပြင် အမေရိကန်၏ မြို့တော်ဝါရှင်တန်ကို ဂြိုဟ်တု ဓာတ်ပုံများ ရိုက်ကူးနိုင်ခဲ့သည့် သတင်းများကို ဆက်တိုက် ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်များသည် ခရစ္စမတ်ကာလတွင် ကိုယ်လိုချင်နေသည့် လက်ဆောင်တစ်ခုကို ရရှိချိန်၌ ထိုလက်ဆောင်ရရှိကြောင်း လူတိုင်းကို လိုက်ပြောပြချင်နေသည့် ပုံစံမျိုးဖြစ်နေသည်ဟု မြောက်ကိုရီး ယား အရေးကို စောင့်ကြည့်သည့် NK News ဝက်ဘ်ဆိုက်တည်ထောင်သူ ချက် အို ကာရိုးလ် (Chad O'Carroll) က ပြောကြားခဲ့သည်။
သို့သော် လက်ရှိအချိန်အထိ မြောက်ကိုရီးယားသည် ၎င်း၏ ဂြိုဟ်တုမှ ရိုက်ကူးခဲ့သည်ဆိုသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ သတင်းများကိုသာ ထုတ်ပြန်ခဲ့သဖြင့် မြောက်ကိုရီးယား ဂြိုဟ်တု၏ စွမ်းဆောင်ရည်အပေါ် ကျွမ်းကျင်သူများက မေးခွန်းထုတ်လျက်ရှိသည်။
တောင်ကိုရီးယားနိုင်ငံကလည်း နိုဝင်ဘာ ၃၀ ရက်တွင် အမေရိကန်၏ Falcon 9 ဒုံးပျံကို အသုံးပြုပြီး ၎င်း၏ ပထမဆုံး စစ်ဘက်သုံး စပိုင်ဂြိုဟ်တုတစ်လုံး လွှတ်တင်မည်ဟု ပြောကြားခဲ့သော်လည်း ထိုဂြိုဟ်တုလွှတ်တင်မည့် အစီအစဉ်သည် မိုးလေဝသ အခြေအနေကြောင့် နှောင့်နှေးကြန့်ကြာနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်ရဲ့ ပင်တဂွန်ဌာနချုပ်ကိုတွေ့ရစဉ်
နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနိုင်ငံသည် နိုဝင်ဘာ ၂၁ ရက်က စစ်ဘက်သုံး စပိုင် ဂြိုဟ်တု တစ်လုံးကို ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း တောင်ကိုရီးယား ကာကွယ်ရေးအရာရှိများနှင့် ကျွမ်းကျင်သူများကမူ မြောက်ကိုရီးယားဂြိုဟ်တု၏ စွမ်းဆောင်ရည်ကို အတည်ပြုခဲ့ခြင်း မရှိပေ။
မြောက်ကိုရီးယား၏ စစ်ဘက်သုံး စပိုင်ဂြိုဟ်တု လွှတ်တင်မှုကို တုန့်ပြန်သည့်အနေဖြင့် တောင်ကိုရီးယားသည် ၂၀၁၈ ခုနှစ်က မြောက်ကိုရီးယားနှင့် ချုပ်ဆိုခဲ့သည့် ပူးတွဲစစ်ရေး သဘောတူညီချက်၏ အချို့အချက်များကို ဆိုင်းငံ့ခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်းကို ထိုစာချုပ်တွင် ပါဝင်မှုကို ဆိုင်းငံ့ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1115
CNI International News
ဘရပ်ဆဲလ်၊ နိုဝင်ဘာ၂၉
ယူကရိန်းနှင့် ရုရှား စစ်ပွဲ ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း နေတိုးအဖွဲ့၏ အတွင်းရေးမှူးချုပ် ဂျန်းစ် စတိုတန်ဘာ့ချ် (Jens Stoltenberg) က နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
"ကျနော်တို့ဟာ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ယူကရိန်းရဲ့ ရှေ့တန်း စစ်မြေပြင်တွေမှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာကို ကျနော်တို့ သိနေပါတယ်။ ယူကရိန်းကို တိုက် ခိုက်တဲ့ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေဟာလည်း ပိုမိုမြင့်တက်လာတာကို တွေ့ရပါတယ်။ ကျနော်တို့ အနေနဲ့ ယူကရိန်းရဲ့ မြို့တွေကို ပစ်မှတ်ထားတဲ့ (ရုရှားရဲ့) လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒုံးကျည်တိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒါဟာ ယူကရိန်းကို နေတိုးမဟာမိတ်တွေရဲ့ ထောက်ပံ့ပေးမှုတွေထက်ပိုပြီး အရေးကြီးပါတယ်" ဟု စတိုတန်ဘာ့ချ်က ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်း ပစ်ခတ်မှုကိုတွေ့ရစဉ်
စစ်ပွဲများ၏ သဘောသဘာဝသည် ကြိုတင်ခန့်မှန်း နိုင်စွမ်း မရှိသည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင် တစ်လျှောက် ဖြစ်ပွားနေသည့် အခြေအနေများကို သတိထားပြီး ကြိုတင် ခန့်မှန်းရမည်ဟုလည်း စတိုတန်ဘာ့ချ်က ပြောသည်။
ယူကရိန်းကို လေကြောင်း ကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးရန် နေတိုးအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု များအတွက် ညွန့်ပေါင်းအဖွဲ့ ထူထောင်ရန် အဖွဲ့ဝင်နိုင်ငံများ၏ ဆုံးဖြတ်ချက် အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း ယူကရိန်းကို ယူရို ဘီလျံချီ ထောက်ပံ့ပေးမည့် ဂျာမနီနှင့် နယ်သာလန်၏ အစီအစဉ်များကို ကြိုဆိုကြောင်းလည်း စတိုတန်ဘာ့ချ်က ပြောကြားခဲ့သည်။
အမေရိကန်သည် ဘတ်ဂျက်ပြဿနာများ ကြုံတွေ့နေရသည့်တိုင် ယူကရိန်းကို ဆက်လက်ပြီး ကူညီထောက်ပံ့ ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း စတိုတန်ဘာ့ချ်က ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1192
CNI International News
တဲလ်အဗစ်၊ နိုဝင်ဘာ ၂၉
အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နိုဝင်ဘာ ၂၈ ရက်တွင် ထပ်မံ သက်တမ်းတိုးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဟားမာ့စ်အဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသည့် ဓားစာခံများကို ပြန်လည်လွှတ်ပေးမည်ဟု ကတိပေးခဲ့သဖြင့် နိုဝင်ဘာ ၂၇ ရက်တွင် သက်တမ်းကုန်ဆုံးမည့် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကာလအား သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။
အစ္စရေးဘက်ကလည်း ၎င်းတို့ ဖမ်းဆီး အကျဉ်းချထားသည့် ပါလက်စတိုင်း အကျဉ်းသားများကို အကျဉ်းသား လဲလှယ်သည့် အနေနှင့် ပြန်လွှတ်ပေးမည်ဟု ကတိပြုခဲ့မှုနှင့်အတူ အပစ်အခတ်ရပ်စဲရေး ကာလအား နိုဝင်ဘာ ၂၉ ရက်အထိ သက်တမ်းတိုးရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ခြင်း ဖြစ်သည်။

အစ္စရေးစစ်တပ်ကိုတွေ့ရစဉ်
သို့သော် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဟားမာ့စ်အဖွဲ့၏ အုပ်ချုပ်မှုကို အဆုံးသတ်ရန်နှင့် ဟားမာ့စ်အဖွဲ့၏ စစ်ရေးစွမ်းဆောင်ရည်များအား ချေမှုန်းရန် ကတိကဝတ်အတိုင်း ဆက်လက် လုပ်ဆောင်မည်ဟုလည်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) သည် ယခုသီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်မည်ဖြစ်ပြီး ထိုခရီးစဉ်သည် အစ္စရေး-ဟားမာ့စ် စစ်ပွဲစတင် ဖြစ်ပွားချိန်မှ စပြီး တတိယအကြိမ်မြောက် အရှေ့အလယ်ပိုင်းခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။
ဘလင်ကင်၏ ခရီးစဉ်အတွင်း သူသည် အပစ်အခတ်ရပ်စဲရေး ကာလကို သက်တမ်းတိုးရန်နှင့် ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများကို ပိုမိုလွှတ်ပေးရန် တိုက်တွန်းလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်လျက် ရှိသည်။

စစ်ပွဲဒဏ်ရာလိုက်ခံရသော ဒေသကိုတွေ့ရစဉ်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့ကမူ အစ်အခတ်ရပ်စဲရေးကာလ ပြီးဆုံးသည့်အချိန်တွင် အစ္စရေးအနေနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း အရပ်သား အများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်နေနိုင်သည့် စစ်ဆင်ရေးများကို ရှောင်ကြဉ်ရန် တိုက်တွန်းထားကြောင်း အိမ်ဖြူတော်၏ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထိုအချိန်အတောအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ကလည်း အစ္စရေးနှင့် ဟားမာ့စ်အကြား ကာလကြာရှည် တည်မြဲနိုင်မည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လုပ်ဆောင်ရန်နှင့် ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများအားလုံးကို ပြန်လည်လွှတ်ပေးရန် တောင်းဆို ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1071
CNI International News
မနီလာ၊ နိုဝင်ဘာ ၂၉
ဖိလစ်ပိုင်နိုင်ငံတွင် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်ရန် ရည်ရွယ် ချက်ဖြင့် ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်များအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြန်လည်စတင်ရန် သဘောတူညီမှု ရရှိခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ဖိလစ်ပိုင်အစိုးရနှင့် သူပုန်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများသည် (၆)နှစ်ကြာ ရပ်ဆိုင်းခဲ့ပြီး နောက် ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်ဟု ဆွေးနွေးပွဲများအတွက် ကြားဝင်စေ့စပ် ပေးသည့် နော်ဝေနိုင်ငံက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ (CPP) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ပြည်သူ့တပ်မတော်သစ် (NPA) နှင့် ဖိလစ်ပိုင် အစိုးရတပ်ဖွဲ့များအကြား နှစ်ပေါင်း ၅၀ ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံး ခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်က ဖိလစ်ပိုင်အစိုးရနှင့် သူပုန်တပ်ဖွဲ့၏ ထိပ်သီးအဆင့် ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အဓိက အတားအဆီးများကို ဖြေရှင်းရန် ဘုံသဘောထားတစ်ရပ် ရရှိစေရေး ဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြသည်ဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင် သူပုန်အဖွဲ့ဖြစ်တဲ့ ပြည်သူ့တပ်မတော်သစ်(NPA)ခေါင်းဆောင်ကိုတွေ့ရစဉ်
ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်ခဲ့မည်ဆိုပါက သူပုန်များသည် ၎င်းတို့၏ လက်နက်ကိုင်တော်လှန်မှုကို အဆုံး သတ်မည်၍ နိုင်ငံရေးအင်အားစုအဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းသွားမည်ဟု ဖိလစ်ပိုင်၏ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အတွက် နှစ်ပေါင်း ၂၀ ကြာ ကြားဝင်စေ့စပ်ပေးခဲ့သည့် နော်ဝေနိုင်ငံက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်အစိုးရနှင့် သူပုန်များအကြား တရားဝင် ဆွေးနွေးမှုများသည် ၂၀၁၇ ခုနှစ်အထိ ရှိခဲ့သော်လည်း ယခင် သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) လက်ထက်တွင် ဆွေးနွေးညှိနှိုင်းမှုများသည် အငြင်းပွားမှုများနှင့် ရပ်တန့်သွားခဲ့သည်။
ဒူတာတေးသည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက သက်တမ်းကုန်ဆုံးသွားခဲ့ပြီး ၎င်း၏ နေရာတွင် ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ရွေးကောက်ပွဲတွင် အနိုင်ရပြီး ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ကို လွှဲပြောင်း ရယူခဲ့သည်။
မားကို့စ် ဂျူနီယာသည် ကွန်မြူနစ်လှုပ်ရှားမှု အဖွဲ့ဝင်ဟောင်းများ အပါအဝင် သူပုန်အဖွဲ့အချို့ကို လွတ်ငြိမ်းချမ်း သာခွင့် ပေးမည်ဆိုသည့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီးနောက် သီတင်းတစ်ပတ် မပြည့််မီအချိန်တွင် အစိုးရနှင့် သူပုန် များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်ရန် သဘောတူညီမှုရရှိသည့် ကြေညာချက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 1277
CNI International News
ဆိုးလ်၊ နိုဝင်ဘာ ၂၈
ဂြိုဟ်တုလွှတ်တင်မှုများ အပါအဝင် မိမိတို့၏ အချုပ်အခြာအာဏာပိုင် အခွင့်အရေးများကို ကာကွယ်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယားက နိုဝင်ဘာ၂၇ ရက်တွင် သတိပေးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြထားသည်။
ထို့အပြင် မြောက်ကိုရီးယားသည် တောင်ကိုရီးယား နယ်စပ်တစ်လျှောက်တွင် ယခင်က ဖျက်သိမ်းခဲ့သည့် ကင်းစခန်းများကို ပြန်လည်တည်ဆောက်နေသည်ဟုလည်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက်တွင် ကင်းစခန်း ၁၆၀ ခန့်ကို တည်ဆောက် ထားကြောင်း တောင်ကိုရီးယားက ခန့်မှန်းခဲ့ပြီး တောင်ကိုရီးယားသည် နှစ်နိုင်ငံနယ်စပ်ဒေသတွင် ကင်းစခန်း ၆၀ ကို တည်ဆောက်ထားသည်။

ဆိုးလ်မြို့ ဘူတာတစ်ခုမှာ မြောက်ကိုရီးယားက ဂြိုလ်တုလွှတ်တင်တဲ့ သတင်း (Reuters)
ပြီးခဲ့သည့်် သီတင်းပတ်က စစ်ဘက်သုံး စပိုင်ဂြိုဟ်တုလွှတ်တင်မှုသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
"မြောက်ကိုရီးယားအနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်မယ့် လုပ်ရပ်တွေကို တရားဝင် ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပြီး အမေရိကန်နဲ့ သူ့ရဲ့ နောက်လိုက်တွေရဲ့ စိုးရိမ်ဖွယ် စစ်ရေးလှုပ်ရှားမှုတွေကို စေ့စေ့စပ်စပ် စောင့်ကြည့််သွားမှာပါ" ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
နျူကလီးယား လက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားနိုင်ငံသည် နိုဝင်ဘာ ၂၁ ရက်က စစ်ဘက်သုံး စပိုင် ဂြိုဟ်တုတစ်လုံးကို ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် တောင်ကိုးရီးယား စစ်သားတို့ ၂၀၁၈ ခုနှစ်က နှုတ်ဆက်ခဲ့ကြစဉ် (gettyimages)
ထို့အပြင် ၎င်း ဂြိုဟ်တုမှ ရိုက်ကူးခဲ့သည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သော်လည်း တောင်ကိုရီးယား ကာကွယ်ရေး အရာရှိများနှင့် ကျွမ်းကျင်သူများကမူ မြောက်ကိုရီးယားဂြိုဟ်တု၏ စွမ်းဆောင်ရည်ကို အတည်ပြုခဲ့ခြင်းမရှိပေ။
မြောက်ကိုရီးယား၏ စစ်ဘက်သုံး စပိုင်ဂြိုဟ်တုလွှတ်တင်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားသည် ၂၀၁၈ ခုနှစ်က မြောက်ကိုရီးယားနှင့် ချုပ်ဆိုခဲ့သည့် ပူးတွဲ စစ်ရေးသဘောတူညီချက်၏ အချို့ အချက်များကို ဆိုင်းငံ့ခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ထိုစာချုပ်တွင် ပါဝင်မှုကို ဆိုင်းငံ့ခဲ့သည်။
ထို့အပြင်မြောက်ကိုရီးယားသည် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ရှိ စစ်မဲ့ဇုန်အနီးတွင် စစ်သားများနှင့် လက်နက်ကြီးများ ပိုမိုဖြန့်ကြက်ချထားခဲ့ကြောင်းလည်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1060
CNI International News
မော်စကို၊ နိုဝင်ဘာ ၂၈
အနောက်နိုင်ငံများသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတစ်ရပ်ကို ဖန်တီးလုပ်ဆောင်နေမှုမှာ အသုံးမဝင်တော့ဘဲ ခေတ်နောက်ကျ ကျန်နေခဲ့ပြီဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က Primakov Readings နိုင်ငံတကာဖိုရမ်၌ မိန့်ခွန်းပြောကြားခဲ့သည်ဟု တာ့စ် သတင်းဌာနမှ ဖော်ပြခဲ့သည်။
"အခုနှစ် ဖိုရမ်ရဲ့ အဓိကဆိုလိုရင်းကိုတော့ 'ဂလိုဘယ်လိုက်ဇေးရှင်း အလွန် (post-globalization) အသိအမြင်များ' လို့ အမည်ပေးထားပါတယ်" ဟု ပူတင်က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်အားတွေ့ရစဉ်
ဂလိုဘယ်လိုက်ဇေးရှင်းဟူသည့် ဝေါဟာရသည် ကမ္ဘာကြီးကို ဖြန့်ကျက်လွှမ်းခြုံထားသော ဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကွန်ယက်မှတစ်ဆင့် ဒေသတွင်းဆိုင်ရာ စီးပွားရေးများ၊ လူ့အဖွဲ့အစည်းများနှင့် ယဉ်ကျေးမှုများ စတင်ပေါင်းစည်းလာသည့် ဖြစ်စဉ်တစ်ရပ်ကို ဖော်ပြခြင်းဖြစ်သည်။
"အနောက်နိုင်ငံတွေ ဖန်တီးထူထောင်ခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းပုံစံဟာ တဖြည်းဖြည်းနဲ့ အသုံးမဝင်တော့ဘဲ ခေတ်နောက်ကျလာခဲ့တာ သိသားထင်ရှားလာပါပြီ။ နိုင်ငံတကာ ဆက်ဆံရေးမှာ မျှတမှုရှိပြီး ဒီမိုကရေစီစနစ် ပိုဆန်တဲ့ အခင်းအကျင်းအသစ်တစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။ အဲဒီအခင်းအကျင်းအသစ်ဟာ ကမ္ဘာလုံးဆိုင်ရာ လူအများစုရဲ့ လိုအပ်ချက်တွေကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်" ဟု ပူတင်က ပြောသည်။

ပူတင်၊ ဇာလန်းစကီးနှင့် ဘိုင်ဒန်တို့ကိုတွေ့ရစဉ် (AFP)
ကမ္ဘာ့အရေးကိစ္စများတွင် သြဇာလွှမ်းမိုးမှုရရှိရန် ကြိုးပမ်းနေသည့် လူသိများသော နိုင်ငံများသည် ၎င်းတို့၏ ယိမ်းယိုင်လာသည့် သြဇာလွှမ်းမိုးမှုကို ပြန်လည်ထိန်းသိမ်းရန် ခြိမ်းခြောက်မှုများ၊ အကြပ်ကိုင်မှုများ ပြုလုပ်နေပြီး စည်းမျဉ်းအခြေပြု နိုင်ငံတကာအခင်းအကျင်းတစ်ရပ်ကို အစားထိုးနေကြောင်း ပူတင်က ဆက်လက်ပြောကြားခဲ့သည်။
"အဲဒီလို တည်ငြိမ်မှုကို ပျက်ယွင်းစေတဲ့ မူဝါဒဟာ ယူကရိန်း ပဋိပက္ခနဲ့ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲကို ပိုမို အရှိန်မြင့်တက်စေပါတယ်" ဟုလည်း ရုရှား သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။
Source: TASS
- By CNI
- Category: နိုင်ငံရေး
- Hits: 1171
CNI International News
တဲလ်အဗစ်၊ နိုဝင်ဘာ ၂၈
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေးကာလကို သက်တမ်းတိုးရန် နိုင်ငံတကာမှ ကြားဝင်စေ့စပ်သူများက တိုက်တွန်းခဲ့ကြသည်ဟု အေပီမှဖော်ပြခဲ့သည် ။
အစ္စရေးနှင့် ဟားမာ့စ်အကြား လေးရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် နိုဝင်ဘာ ၂၄ ရက်က စတင်ခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
အစ္စရေးကမူ ဟားမာ့စ်တို့ဘက်မှ ဖမ်းဆီးထားသည့် ဓားစာခံအား ၁၀ ဦးစီ ပြန်လွှတ်ပေးမည်ဆိုပါက အပစ်အခတ်ရပ်စဲရေးကာလကို တစ်ရက်စီ သက်တမ်းတိုးသွားမည်ဟု ပြောကြားခဲ့သည်။

Khuzaa ရွာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသားများ ဖျက်ဆီးခံရမှု AFP
ဟားမာ့စ်တို့ကလည်း အမေရိကန်၊ ကာတာနှင့် အီဂျစ်နိုင်ငံတို့က ကြားဝင်စေ့စပ်မှုကြောင့် ရရှိခဲ့သည့် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သက်တမ်းတိုးရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
သို့သော်အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဟားမာ့စ်အဖွဲ့၏ အုပ်ချုပ်မှုကို အဆုံးသတ်ရန်နှင့် ဟားမာ့စ်အဖွဲ့၏ စစ်ရေးစွမ်းဆောင်ရည်များကို ချေမှုန်းရန် ကတိကဝတ်အတိုင်း ဆက်လက် လုပ်ဆောင်မည်ဟုလည်း ပြောကြားထားသည်။
အစ္စရေး၏ ပြောကြားချက်အရ ၎င်း၏ မြေပြင်ထိုးစစ်ကို ဂါဇာမြောက်ပိုင်းမှ တောင်ပိုင်းအထိ ချဲ့ထွင်သွားမည့် သဘောသက်ရောက်နေပြီး လက်ရှိတွင် ဂါဇာတောင်ပိုင်း၌ သောင်းနှင့်ချီသည့် ပါလက်စတိုင်း ဒုက္ခသည်များ သည် ကုလသမဂ္ဂ၏ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရသည်။

ဂျုံမှုန့်အိတ်များကို လက်ခံရယူရန် ပါလက်စတိုင်းသားများ စုဝေးနေကြစဉ် Reuters
ထို့အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်တိုင် ၎င်းဒုက္ခသည်စခန်းများရှိ ပါလက်စတိုင်းတို့၏ နေထိုင် စားသောက်ရေးသည် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
အပစ်အခတ်ရပ်စဲရေးကာလ၏ တတိယမြောက်ရက်ဖြစ်သည့် နိုဝင်ဘာ ၂၆ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံသား ၁၄ ဦးအပါအဝင် ဓားစာခံ ၁၇ ဦးကို တတိယအသုတ်အဖြစ် ပြန်လွှတ်ပေးခဲ့သည်။
အပြန်အလှန်အနေဖြင့် အစ္စရေးကလည်း ၎င်းတို့ အကျဉ်းထောင်များထဲတွင် ဖမ်းဆီးထိန်သိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသား ၃၉ ဦးကို ပြန်လွှတ်ပေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 778
CNI International News
အေသင်၊ နိုဝင်ဘာ ၂၄
တရုတ်၏ အမျက်ဒေါသကို ရှောင်လွှဲရန်အတွက် ထိုင်ဝမ်က ပြုလုပ်သည့် ပွဲအခမ်းအနားများကို တက်ရောက်ခြင်း မပြုရန် ဂရိအစိုးရက ပြည်တွင်းနှင့် ပြည်ပရှိ ၎င်း၏ အစိုးရအရာရှိများအား သတိပေးခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ဂရိ၏ သတိပေးချက် ထုတ်ပြန်မှုသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ၏ မူဝါဒတွင် သဘောထား ကွဲလွဲမှုများ မြင့်တက်နေသည်ကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။
ပြီးခဲ့သည့်လက ဂရိနိုင်ငံ၊ အေသင်မြို့တော်တွင် ထိုင်ဝမ်၏ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနား မကျင်းပမီ ရက်ပိုင်းအလို၌ ဂရိနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုအခမ်းအနားသို့ တက်ရောက်ခြင်း မပြုရန် ဂရိ သံတမန်များနှင့် ဂရိအစိုးရဝန်ထမ်းများကို အီးမေးလ်မှတဆင့် စာများပို့ခဲ့သည်။

ဂရိနိုင်ငံသားများကိုတွေ့ရစဉ်
ဂရိအစိုးရ ဝန်ထမ်များသည် ထိုင်ဝမ်ကပြုလုပ်သည့် ပွဲအခမ်းအနားများကို တက်ရောက်မည်ဆိုပါက တရုတ်၏ ပိတ်ဆို့မှုများကို ချမှတ်ခံရနိုင်ခြေရှိကြောင်းလည်း ဂရိနိုင်ငံခြားရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နို့တစ်စာတွင် သတိပေးခဲ့သည်။
ထိုနို့တစ်စာကို ဂရိလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား ပါပါဒိုပူလူ (Alexandra Papadopoulu) က လက်မှတ်ရေးထိုးခဲ့ပြီး ဂရိအစိုးရ အဆောက်အအုံများ သို့မဟုတ် ထိုင်ဝမ်၏ သံရုံးအမည်ခံဖြစ်သည့် တိုင်ပေ ကိုယ်စားလှယ်ရုံးများတွင် ထိုင်ဝမ်အရာရှိများနှင့် အစည်းအဝေးများ ပြုလုပ်ခြင်းမပြုရန် သတိပေးခဲ့သည်။
ထိုမူဝါဒ အပြောင်းအလဲနှင့် ထိုသို့ သတိပေးချက် ထုတ်ပြန်ခြင်းသည် တရုတ်၏ ဖိအားကြောင့် ဟုတ်/မဟုတ် မေးမြန်းထားသည့် မေးခွန်းများကို ဂရိနိုင်ငံခြားရေးဝန်ကြီးဌာနက ဖြေကြားခြင်းမရှိခဲ့ပေ။
အဆိုပါ အကြောင်းအရာနှင့်ပတ်သက်ပြီး အေသင်မြို့တော်ရှိ တိုင်ပေ ကိုယ်စားလှယ် ရုံးကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ထိုင်ဝမ်ပြည်သူများကို တွေ့ရစဉ်
တရုတ်သည် ဂရိနိုင်ငံတွင် ကြီးမားသည့် စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နေပြီး ဥရောပသမဂ္ဂ အပြင် ဘက်တွင် ဂရိ၏ အကြီးများဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်သည်။
ဂရိဝန်ကြီးချုပ် ကရီယာကို့စ် မစ်ဆိုတာကစ် (Kyriakos Mitsotakis) သည် နိုဝင်ဘာ ၃ ရက်က တရုတ်နိုင်ငံ ဘေကျင်းမြို့တော်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် မတွေ့ဆုံမီ သီတင်းပတ် အနည်းငယ်အလို၌ ထိုင်ဝမ်၏ ပွဲအခမ်းအနားများကို တက်ရောက်ခြင်းမပြုရန် ဂရိနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတိပေးချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
Source: Nikkei Asia
