CNI International News

ကိုပင်ဟေဂင်၊ မတ်လ ၈

ဆွီဒင်၏ နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့် လျှောက်ထားမှုကို ထောက်ခံကြောင်း ဟန်ဂေရီလွှတ်တော် ကိုယ်စားလှယ် အဖွဲ့ တစ်ခုက အင်္ဂါနေ့တွင် ပြောခဲ့သည်ဟု အေပီသတင်းမှ ဖော်ပြခဲ့သည်။

ဟန်ဂေရီ အာဏာရပါတီက နိုင်ငံရေး အငြင်းပွားမှုဟု သတ်မှတ်ထားသော ကိစ္စရပ်များကို ဖြေရှင်းရေး ဆွီဒင် လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ နေတိုးအဖွဲ့တွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းမှုနှင့်ပတ်သက်၍ ဟန်ဂေရီ လွှတ်တော် အမတ်များသည် အစောပိုင်းတွင် သံသယရှိခဲ့သည်။

သို့သော် ဟန်ဂေရီ လွှတ်တော်အနေဖြင့် ဆွီဒင်၏ နေတိုးအဖွဲ့တွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းမှုကို အတည်ပြု ပေးသွားမည်ဟု ဟန်ဂေရီလွှတ်တော် ကိုယ်စားလှယ်အဖွဲ့က အင်္ဂါနေ့တွင် ပြောခဲ့သည်။

ဆွီဒင်၏ နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်းကို ထောက်ခံပါသည်ဟု ဟန်ဂေရီလွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ ဆာဘာ ဟန်ဒီ (Csaba Hende)က ဆွီဒင်သတင်းသို့ ပြောသည်။

ဟန်ဂေရီအစိုးရ၊ သမ္မတ၊ ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ် အများစုသည် ဆွီဒင်၏ ကြိုးပမ်းမှုကို ပြတ်ပြတ်သားသား ထောက်ခံသည်ကို သေချာအောင် ပြသခဲ့ပြီး ဖြစ်သည်ဟု ၎င်းက ပြောကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

 ဟန်ဂေရီလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်(AP)

ဘရပ်ဆဲလ် (Brussels) မြို့ရှိ နေတိုး အထွေထွေအတွင်းရေးမှူး ဂျန်းစ် စတိုတန်ဘာ့ဂျ်(Jens Stoltenberg) ကလည်း ဟန်ဂေရီလွှတ်တော်အမတ်များ၏ ထုတ်ပြန်ချက်ကို ကြိုဆိုသည်ဟု ပြောသည်။

၎င်းတို့သည် အပြုသဘောဆောင်သည့် မက်ဆေ့စ်နှင့် အတည်ပြု လက်မှတ် ရေးထိုးရန် ထောက်ခံချက်ကို ပေးခဲ့ကြောင်း၊ အဖွဲ့ဝင်ဖြစ်ရန် ကြာမြှင့်မည်ဖြစ်သည့်တိုင် ယင်းက တိုးတက်မှုများကို ဖြစ်စေကြောင်းလည်း ၎င်း က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး တိုဘီရက်စ် ဘီလ်စတောင်း (Tobias Billstrom) နှင့်တွေ့ဆုံခဲ့သည်။ အတည်ပြု လက်မှတ် ရေးထိုးခြင်းသည် မကြာခင် ပေါ်ပေါက်လာဖွယ်ရှိသည်ဟု ၎င်းက ပြော သည်။

တူရကီပြီးနောက် ဟန်ဂေရီနိုင်ငံသည် ဆွီဒင်နှင့်ဖင်လန်တို့၏ နေတိုးအဖွဲ့သို့ ဝင်ရောက်ရေး ပူးတွဲတောင်းဆိုမှုအား အတည်မပြုပေးသည့် တစ်ခုတည်းသော နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။

ထို့နောက် ဥရောပနှစ်နိုင်ငံသည် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုကို တုန့်ပြန်ရေးအတွက် မေလတွင် နေတိုးအဖွဲ့သို့ ဝင်ရောက်ရေး ကြိုးပမ်းခဲ့သည်။

နေတိုးအထွေထွေအတွင်းရေးမှူးကိုတွေ့ရစဉ်(AP)

ကာလရှည်ကျင့်သုံးခဲ့သော စစ်ရေးကြားနေဝါဒမှ စွန့်ခွာလာခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) အစိုးရလက်ထက် ဟန်ဂေရီ၏ ဒီမိုကရေစီ အခြေအနေအပေါ် စိုးရိမ်မိကြောင်း အီးယူအဖွဲ့က အကြိမ်ကြိမ် ပြောခဲ့ဖူးသည်။

အော်ဘန်သည် ဟန်ဂေရီ၏ နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ အလိမ်အညာများ ပြောဆိုခဲ့သော ဆွီဒင်နှင့် ဖင်လန်တို့၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုတွင် ပါဝင်ကူညီဆောင်ရွက်လိုခြင်း မရှိဟုလည်း ကနဦးတွင် ပြောဆိုခဲ့ဖူးသည်။

ဟန်ဂေရီ ကိုယ်စားလှယ်အဖွဲ့သည် ဆွီဒင်ပြီးနောက် ဖင်လန်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

Source: AP