- By CNI
- Category: နိုင်ငံရေး
- Hits: 1132
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၁
အရှေ့အလယ်ပိုင်းဒေသတွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့များသည် ဒေသခံလက်နက်ကိုင်အဖွဲ့များ၏ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံနေရပြီး ဒေသ၌ ပဋိပက္ခ ပိုမိုကြီးမား ကျယ်ပြန့်မည့် အခြေအနေနှင့် ရင်ဆိုင်နေရ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အောက်တိုဘာ ၂၇ ရက်က အီရတ်နိုင်ငံရှိ Erbil လေတပ်စခန်းကို အီရန်က ထောက်ခံပေးထားသည့် ပြည်သူ့စစ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ချိန်တွင် ထိုဒရုန်းသည် အမေရိကန်၏ လေကြောင်းကာကွယ်ရေးစနစ်ကို ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး အမေရိကန် စစ်သားများ တပ်စွဲထားသည့် စစ်တန်းလျား၏ ဒုတိယထပ်၌ ပျက်ကျခဲ့သည်ဟု အမည်မဖော်လိုသော အမေရိကန်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
သို့သော် ထိုဒရုန်းတွင် တင်ဆောင်လာသည့် ဖောက်ခွဲရေးပစ္စည်းများသည် ချို့ယွင်းချက် တစ်ခုခုကြောင့် ပေါက်ကွဲ ခဲ့ခြင်း မရှိသဖြင့် အမေရိကန်စစ်မှုထမ်းတစ်ဦးသာ ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်ဟု ဆိုသည်။
အကယ်၍ ထိုဒရုန်းသာ ပေါက်ကွဲခဲ့မည်ဆိုပါက ထိခိုက်ပျက်စီးမှု ကြီးမားနိုင်သဖြင့် အမေရိကန်တပ်ဖွဲ့များအတွက် ကံကောင်းခဲ့သည်ဟု ထိုအရာရှိများက ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ မြေပုံကိုတွေ့ရစဉ်
ဂါဇာစစ်ပွဲအတွင်း အစ္စရေးကို ထောက်ပံ့သည့် အမေရိကန်ကို တုန့်ပြန်သည့်အနေဖြင့် ပြီးခဲ့သည့် သီတင်းသုံးပတ် အတွင်း အီရတ်နှင့် ဆီးရီးယားရှိ အီရန်က ထောက်ပံ့ပေးထားသော ပြည်သူ့စစ်များသည် အမေရိကန်တပ်ဖွဲ့များကို ဒရုန်းများနှင့် ဒုံးကျည်တိုက်ခိုက်မှုများ အကြိမ် ၄၀ ထက်မနည်း ပြုလုပ်ခဲ့သည်ဟု အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များနှင့် အမေရိကန်အရာရှိနှစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ထိုတိုက်ခိုက်မှုများသည် အမေရိကန် တပ်ဖွဲ့များအတွက် ဒဏ်ရာအနည်းငယ်သာ ရရှိစေခဲ့ပြီး ဒရုန်းများနှင့် ဒုံးကျည်အများစုကို အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန် လေကြောင်း ကာကွယ်ရေးစနစ်များက ကြားဖြတ် ပစ်ချနိုင်ခဲ့သည်။
အီရတ်နှင့် ဆီးရီးယားတွင် အမေရိကန်စစ်သား ၃၄၀၀ ခန့် တပ်စွဲထားသည်။
အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်နေသဖြင့် အီရန်နှင့် ၎င်း၏ မဟာမိတ်လက်နက်ကိုင် အဖွဲ့များ သာမက အမေရိကန်ကလည်း တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင် မတွေ့လိုကြောင်း၊ သို့သော် အမေရိကန်တပ်ဖွဲ့များ အတွက် ဆုံးရှုံးမှုကြီးမားသည့် အကြီးစား တိုက်ခိုက်မှု ဖြစ်ပွားလာပါက အလွန်စိုးရိမ်စရာကောင်းသည့် ပဋိပက္ခ ဖြစ်လာလိမ့်မည်ဟု အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သည့် ဒေးဗစ် ရှချန်ကာ (David Schenker) က ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ကို တွေ့ရစဉ်
"အီရတ်နဲ့ ဆီးရီးယား ပြည်သူ့စစ်တွေဟာ အမေရိကန်စစ်သား အများအပြားကို သတ်ဖြတ်ဖို့ထက် အနှောင့် အယှက် ပေးဖို့အတွက်သာ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ (အီရတ်နှင့် ဆီးရီးယားပြည်သူ့စစ်များ) တွေဟာ အခုထက်ပိုပြီး အများကြီး လုပ်ဆောင်နိုင်ပါတယ်" ဟု ရှချန်ကာက ပြော သည်။
အမေရိကန်စစ်သား အများအပြား သေဆုံးနိုင်မည့် အကြီးစား တိုက်ခိုက်မှု ဖြစ်ပွားလာပါက သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အနေဖြင့် မည်သို့ တုန့်ပြန်ဆောင်ရွက်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။
သို့သော် လာမည့်နှစ် သမ္မတ ရွေးကောက်ပွဲ မတိုင်မီတွင် ဘိုင်ဒန်သည် ပဋိပက္ခအတွင်း အမေရိကန်၏ ပါဝင် ပတ်သက်မှုကို ကန့်သတ်ထားပြီး အစ္စရေးကို စစ်ရေးအထောက်အပံ့များ ပေးရန်သာ စိတ်အားထက်သန် နေသည်ဟု မကြာသေးမီက ပြုလုပ်သည့် လူထုသဘောဆန္ဒ စစ်တမ်းများတွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1211
CNI International News
နယူးဒေလီ၊ နိုဝင်ဘာ ၁၁
အိန္ဒိယနိုင်ငံတွင် ပြုလုပ်မည့် ၂၀၂၄ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် မိုဒီ (Narendra Modi)၏ အာဏာရ BJP ပါတီသည် မွတ်ဆလင်မဲဆန္ဒရှင်များ၏ ထောက်ခံမဲများရရှိရန် ကြိုးပမ်းနေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
BJP ပါတီထဲတွင် မွတ်ဆလင် အသိုင်းအဝိုင်းမှ ခေါင်းဆောင် ၂၅၀,၀၀၀ ခန့် ပါဝင် စာရင်းပေးထားသည်။
ထိုမွတ်ဆလင် ခေါင်းဆောင်များကို မိုဒီ၏ မိတ်ဆွေ (Modi Mitr)အဖြစ် သတ်မှတ်ဖော်ပြခဲ့ ကြသည်။
လာမည့်နှစ် မေလတွင် ကျင်းပမည့်် ရွေးကောက်ပွဲတွင် မိုဒီအား တတိယသက်တမ်း အနိုင်ရစေရန် ကူညီပေး နေကြသည့် မွတ်ဆလင်ခေါင်းဆောင်ပေါင်း ၂၅,၀၀၀ ကျော်ရှိသည်ဟု BJP ပါတီ၏ အရာရှိများက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
BJP ပါတီသည် ပညာရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် အစိုးရဝန်ထမ်းဟောင်းများကဲ့သို့ အဓိက နယ်ပယ်များမှ ခေါင်းဆောင်များ၏ အကူအညီကို ရယူရန် ကြိုးပမ်းနေသည်ဟုလည်း BJP ပါတီ၏ လူနည်းစုခေါင်းဆောင် ဂျမဲလ် ဆစ်ဒီကွီ (Jamal Siddiqui) က ပြောကြားခဲ့သည်။
BJP ပါတီတွင် ပါဝင်စာရင်းသွင်းခဲ့သည့် မွတ်ဆလင် ခေါင်းဆောင်များနှင့် အခြား ပါတီဝင်များကမူ မိုဒီသည် နိုင်ငံ၏ ကောင်းမွန်သည့် စီးပွားရေးအင်အားကို အသုံးပြုပြီး အမွေဆက်ခံမှုတွင် ဘာသာရေးခွဲခြားမှုကို ဆန့်ကျင် သည့် ဥပဒေများ၊ ကျား/မ တန်းတူညီမျှမှု အခွင့်အရေးများနှင့် မွတ်ဆလင် မဲဆန္ဒရှင်များ၏ အခွင့်အရေးများအား တိုးတက်အောင် လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

မွတ်ဆလင် အမျိုးသမီးများကို မဲပေးအပြီးတွေ့ရစဉ်
မွတ်ဆလင် ဘာသာဝင်များအား စည်းရုံးသည့်် မဟာဗျူဟာကို BJP ပါတီက ယခင်ကတည်းက အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
BJP ပါတီ၏ လက်ရှိ ကြိုးပမ်းမှုများသည် BJP ပါတီ၊ မိုဒီနှင့် ကာလကြာရှည် အစေးမကပ်ခဲ့သည့် အိန္ဒိယ၏ မွတ်ဆလင်ဘာသာဝင် သန်း ၂၀၀ ၏ ထောက်ခံမှုကို ရရှိရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
မိုဒီကမူ အိန္ဒိယနိုင်ငံအတွင်း ဘာသာရေး ခွဲခြားဆက်ဆံမှု မရှိကြောင်း ငြင်းဆိုထားသည်။
အိန္ဒိယတွင် လူနည်းစုဖြစ်သည့် မွတ်ဆလင်များနှင့် လူများစုဖြစ်သည့် ဟိန္ဒူများအကြား အကြမ်းဖက်မှုများ ရှိခဲ့သော်လည်း အလွန်ဆိုးရွားသည့် ဖြစ်စဉ် အနည်းငယ်သာ ရှိခဲ့သည်ဟု BJP ပါတီဝင်များက ပြောသည်။
လက်ရှိတွင် BJP ပါတီ၏ နိုင်ငံရေး ပြိုင်ဘက်များသည် မွတ်ဆလင်-ဟိန္ဒူ ပဋိပက္ခကို အသုံးချပြီး BJP ပါတီကို ပစ်မှတ်ထား တိုက်ခိုက်ရန် ကြိုးပမ်းနေသည်ဟု BJP ပါတီခေါင်းဆောင် တစ်ဦးဖြစ်သည့် မွတ်ဆလင်ဘာသာဝင် ဆေးယက် ဇက်ဖာ (Syed Zafer) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 952
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁၀
မြန်မာနိုင်ငံ၏ တိုက်ပွဲများဖြစ်ပွားနေသည့် နေရာဒေသတွင် ရောက်ရှိနေထိုင်နေသော ထိုင်းနိုင်ငံသား ၂၀၀ ကျော် ကို မြန်မာအာဏာပိုင်များက ထိုင်းသို့ ပြန်ခွင့်ပြုမည်ဆိုပါက ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ဒုတိယအကြီးအကဲ ရဲချုပ် ဆူရချာတီ ဟက်ပန်း (Surachate Hakparn) က နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့မှ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၁၆၂ ဦးကို မြန်မာအာဏာပိုင်များက လောက်ကိုင်မြို့ရှိ ဟော်တယ်တစ်ခု၌ ကယ်ဆယ်နေရာ ချထားခဲ့ပြီးနောက် ဒေသခံ စစ်စခန်းတစ်ခုမှာ ခိုလှုံခွင့်ပေးထားကြောင်း ဆူရချာတီက ပြောသည်။
မည်သို့ပင်ဆိုစေ ထိုထိုင်းနိုင်ငံသားများထဲမှ ၇၄ ဦးသည် call center လိမ်ညာသူများ၏ ရိုက်နှက်မှုများကြောင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ထိုဖြစ်စဉ်ကြောင့် မြန်မာ့တပ်မတော်နှင့် အတိုက်အခံ လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ပွားနေချိန်တွင် ထိုင်းပြည်သူများအား ထိုင်းသို့ ပြန်ခေါ်ယူရမည့် လုပ်ငန်းစဉ်ကို ခက်ခဲစေခဲ့သည်ဟု ဆူရချာတီက ပြောကြားခဲ့သည်။

လောက်ကိုင်ဒေသက တိုက်ပွဲရှောင်စခန်းကိုတွေ့ရစဉ်
နှစ်နိုင်ငံ အာဏာပိုင်များသည် မြန်မာနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး အရာရှိများနှင့်အတူ ထိုင်းနိုင်ငံသားများအား ဘေးကင်းလုံခြုံစွာ ပြန်လည်ခေါ်ယူရေးအတွက် ဆွေးနွေးညှိနှိုင်းနေသည်ဟု ဆူရချာတီက ပြောသည်။
မြန်မာအာဏာပိုင်များအနေဖြင့် ခွင့်ပြုချက် ပေးမည်ဆိုပါက ဒဏ်ရာရရှိထားသည့် ထိုင်းနိုင်ငံသား ၇၄ ဦး အပါအဝင် ထိုင်းနိုင်ငံသား ၂၀၀ ခန့်ကို ယခုသီတင်းပတ်ကုန်ပိုင်းတွင် ပြန်လည်ခေါ်ဆောင်နိုင်မည်ဟု မျှော်လင့် ထားသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံသားများအား ပြန်လည်ခေါ်ယူရေးအတွက် ဘေကင်းလုံခြုံသည့် တည်နေရာများကို သွားရောက် ကြည့်ရှုမည်ဟုလည်း ဆူရချာတီက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ထိုင်းသို့ ပြန်လည်ခေါ်ဆောင်မည့် ထိုင်းနိုင်ငံသားများ၏ အမည်စာရင်းကို ရရှိထားသည် ဟုလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် call center မှတစ်ဆင့် ရည်ရွယ်ချက်ရှိရှိ လိမ်ညာသည့် ထိုင်းနိုင်ငံသားများကို တရားစွဲဆို သွားမည်ဖြစ်ပြီး လိမ်လည်လှည့်ဖျား၍ ခေါ်ဆောင်ခံရသည့် ထိုင်းနိုင်ငံသားများကိုမူ ဥပဒေအရ နစ်နာကြေးများ ရရှိစေရန် လုပ်ဆောင်ပေးသွားမည်ဟု ဆူရချာတီက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1367
CNI International News
သီရိနာဂါ၊ နိုဝင်ဘာ ၁၀
အနောက်နိုင်ငံများ၏ မြို့ကြီးပြကြီးများမှအစ မွတ်ဆလင်နိုင်ငံများအဆုံး အစ္စရေး-ဟားမာ့စ် စစ်ပွဲနှင့်ပတ်သက်ပြီး ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသော်လည်း အိန္ဒိယက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင်မူ ပါလက်စတိုင်း ထောက်ခံသော ဆန္ဒပြမှုများကို တားမြစ်ပိတ်ပင်ထားသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အိန္ဒိယ အာဏာပိုင်များသည် မွတ်ဆလင်အများစု နေထိုင်သည့် ကက်ရှ်မီးယားဒေသတွင် ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်မှုရှိကြောင်း ပြသသော ဆန္ဒပြမှုများကို တားမြစ်ပိတ်ပင်ခဲ့သည်။
ထို့နောက် မွတ်ဆလင် ဘာသာရေး ဆရာများကိုလည်း တရားဟောချိန်အတွင်း အစ္စရေး-ဟားမာ့စ် ပဋိပက္ခအား ထည့်သွင်းဟောပြောခြင်း မပြုရန် တိုက်တွန်းခဲ့သည်ဟု ဒေသခံများနှင့် ဘာသာရေးခေါင်းဆောင်များက အေပီ သတင်းဌာနကို ပြောကြားခဲ့သည်။

အိန္ဒိယ မွတ်စလင်များကိုတွေ့ရစဉ်
ထိုကဲ့သို့ တားမြစ် ကန့်သတ်ချက်များသည် ကက်ရှ်မီးယားဒေသတွင် အိန္ဒိယအစိုးရ၏ ဗဟိုအုပ်ချုပ်မှုကို အဆုံး သတ်ရန် တောင်းဆိုလာမည့် ဆန္ဒပြမှုများအဖြစ်သို့ ပြောင်းလဲလာသည့် အခြေအနေကို ဟန့်တားရန်အတွက် အိန္ဒိယအာဏာပိုင်များ၏ အားထုတ်ကြိုးပမ်းမှုများထဲက တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
ထို့ပြင် ဝန်ကြီးချုပ်မိုဒီ (Narendra Modi) ၏ အုပ်ချုပ်မှုအောက်တွင် ပါလက်စတိုင်းတို့ကို ကာလကြာရှည် ထောက်ခံလာခဲ့သည့် အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲမှုတစ်ရပ်ကို ထင်ဟပ်စေခဲ့သည်။
အိန္ဒိယသည် စစ်ပွဲဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမာ့စ်အကြား ဆက်ဆံရေးကို ဟန်ချက်ညီစွာ ထိန်းညှိခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အိန္ဒိယသည် အစ္စရေးနှင့်ရော ဟားမာ့စ်နှင့်ပါ နီးစပ်သည့် သမိုင်းဝင် ဆက်ဆံရေး ရှိခဲ့သောကြောင့် ဖြစ်သည်။
သို့သော် အိန္ဒိယသည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ့ကို ရှုတ်ချခဲ့ပြီး အရပ်သားများ သေဆုံးမှုမြင့်တက်နေချိန် ဂါဇာ၌ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းရန် တိုက်တွန်းခဲ့သည်။

အိန္ဒိယမှာ ဆန္ဒပြနေကြစဉ်
ကက်ရှ်မီးယားဒေသသည် ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်စွာရှိကြောင်း ကာလကြာရှည် ပြသခဲ့ပြီး ဂါဇာ တွင် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲမတိုင်မီကတည်းက အစ္စရေးဆန့်ကျင်သော ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ကက်ရှ်မီးယားတွင် အစ္စရေးဆန့်ကျင်သည့် ဆန္ဒပြမှုများသည် တစ်ခါတစ်ရံ၌ လမ်းများပေါ်မှာ ဆူပူအုံကြွမှုများ ဖြစ်ပွားလေ့ရှိပြီး အိန္ဒိယ၏ ဗဟိုချုပ်ကိုင်မှုကို အဆုံးသတ်ရန် တောင်းဆိုမှုများနှင့်အတူ သေဆုံး၊ ဒဏ်ရာရမှုများ နှင့်် အဆုံးသတ်ခဲ့သည်။
မည်သို့ပင်ဆိုစေ အောက်တိုဘာ ၁၂ ရက်ကမူ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပါလက်စတိုင်းနှင့် အစ္စရေးတို့ တူယှဉ်တွဲနေထိုင်ရန်၊ လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် ထောက်ခံကြောင်း အစီရင်ခံစာ ထုတ်ပြန် ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1015
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၀
ယီမင်နိုင်ငံမှ ဟူရ်သီသူပုန်များသည် အမေရိကန်စစ်တပ်၏ ဒရုန်းတစ်စင်းကို ပစ်ချခဲ့သည်ဟု အမေရိကန်အရာရှိ များနှင့် ဟူရ်သီအဖွဲ့က ပြောကြားခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ ဖော်ပြခဲ့သည်။
အမေရိကန်၏ MQ9 ဒရုန်းတစ်စင်းသည် ယီမင်ကမ်းလွန်တွင် ဟူရ်သီ တပ်ဖွဲ့များ၏ ပစ်ချမှုကို ခံခဲ့ရကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောသည်။
ထိုပြောကြားချက်ကို ဟူရ်သီစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးသည် ဟားမာ့စ်အဖွဲ့နှင့် စစ်ပွဲဖြစ်ပွားနေချိန်၌ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်က ထောက်ပံ့ပေးထားသည့် လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများကို အမေရိကန်က တပ်လှန့် နှိုးဆော် ထားချိန်တွင် ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လက ယီမင်နိုင်ငံမှ ဟူရ်သီအဖွဲ့က အစ္စရေးကို ပစ်လွှတ်ခဲ့သည့် ခရုစ်ဒုံးကျည်များနှင့် ဒရုန်းများကို အမေရိကန် ရေတပ်၏ စစ်သင်္ဘောတစ်စင်းက ကြားဖြတ်ပစ်ချခဲ့သည်။

ယီမင်နိုင်ငံက ဟူရ်သီသူပုန်အဖွဲ့ကို တွေ့ရစဉ်
အစ္စရေး-ဂါဇာစစ်ပွဲကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန် သည် လေယာဉ်တင်သင်္ဘောများ၊ မရိန်းတပ်သားများနှင့် ထောက်ပို့သင်္ဘောများ အပါအဝင် စစ်အင်အားကို တိုးမြှင့်ဖြန့်ကြက်ချထားခဲ့သည်။
ထို့ပြင် ယီမင်နှင့် အစ္စရေးကြားတွင် တည်ရှိသည့် ပင်လယ်နီ၌ စစ်သင်္ဘောများပေါ်မှာ စစ်သားများ စေလွှတ်ထားခဲ့ သည်။
အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ဟူရ်သီသူပုန်များသည် ယီမင်၏ တရားဝင် အစိုးရနှင့် ပြည်တွင်း စစ် ဖြစ်ပွားနေပြီး မတိုးသာမဆုတ်သာ အခြေအနေသို့ ရောက်ရှိနေသည်။
ယီမင်အစိုးရကို အီရန်၏ ပြိုင်ဘက် ဆော်ဒီအာရေဗျနိုင်ငံက ၂၀၁၄ ခုနှစ်ကတည်းက ထောက်ပံ့ပေးထားသည်။
ဂါဇာဒေသတွင် အရပ်သားများကို အစ္စရေးက သတ်ဖြတ်နေမှုသည် အရှေ့အလယ်ပိုင်းဒေသ၌ ပိုမိုကြီးမား ကျယ်ပြန်သည့် စစ်ပွဲကြီး ဖြစ်ပွားလာနိုင်ကြောင်း အီရန်က ထောက်ပံ့ပေးထားသည့် အခြား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် လက်ဘနွန်နိုင်ငံ၏ ဟစ်ဇ်ဘိုလာ (Hezbollah)အဖွဲ့ ဒုခေါင်းဆောင်က ယခု သီတင်းပတ်အတွင်း သတိပေးခဲ့သည်။
Source: ဘီဘီစီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1019
CNI International News
မိုင်ယာမီ၊ နိုဝင်ဘာ ၁၀
အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နေရာအတွက် တတိယအကြိမ်မြောက် စကားစစ်ထိုးပွဲကို နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အဆိုပါ စကားစစ်ထိုးပွဲတွင် ကိုယ်စားလှယ်လောင်းများသည် အစ္စရေးလိုလားသည့် သဘောထား၊ အီရန်အပေါ် တင်းမာသည့် ရပ်တည်ချက်၊ ယူကရိန်းစစ်ပွဲ၊ တရုတ်ကို အာရုံစိုက်ရေးနှင့် ထရမ့်ကို ဝေဖန်ရေး အစရှိသည့် အဓိက အကြောင်းအရာ ၅ ချက်ကို အချေအတင် ပြောကြားခဲ့ကြသည်။
ဖလော်ရီဒါ (Florida) ပြည်နယ်၊ မိုင်ယာမီ (Miami) မြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စကားစစ်ထိုးပွဲတွင် ဖလော်ရီ ဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ် (Ron DeSantis) ၊ ကုလသမဂ္ဂဆိုင်ရာ အမေရိသန် သံတမန်ဟောင်း နစ်ကီ ဟာလေး (Nikki Haley) ၊ နယူးဂျာစီ (New Jersey) ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ခရစ် ခရစ္စတီး (Chris Christie)၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် ဗီဗက် ရာမဆွာမီ (Vivek Ramaswamy) နှင့် အထက်လွှတ်တော် အမတ် တင်စကောက် (Tim Scott) တို့ ပါဝင်ခဲ့ကြသည်။

စကားစစ်ထိုးပွဲမှာ နစ်ကီဟာလေးကို တွေ့ရစဉ်
စကားစစ်ထိုးပွဲအတွင်း ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ၅ ဦးသည် ဂါဇာစစ်ပွဲ၊ ရွှေ့ပြောင်းနေထိုင်သူ အရေးနှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ကို ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ရေး အပါအဝင် အကြောင်းအရာ အများအပြားကို အချေအတင် ပြောကြားခဲ့ကြသည်။
တရားရေးဆိုင်ရာ အမှုအခင်းများနှင့် ရင်ဆိုင်နေရသည့် ထရမ့်သည် ရွေးကောက်ပွဲတွင် ရေပန်းစားနေသည့် ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် ယူဆခံထားရပြီး ယခုအကြိမ်တွင်လည်း ရီပတ်ဘလစ်ကန် စကားစစ်ထိုး ပွဲကို တက်ရောက်ခဲ့ခြင်း မရှိပေ။
ထိုစကားစစ်ထိုးပွဲ၏ ပထမပိုင်းတွင် ဂါဇာစစ်ပွဲ အကြောင်းနှင့် ပြည်တွင်း/ပြည်ပ ဂယက်ရိုက်ခတ်မှုများကို အချေအတင် ပြောကြားခဲ့သော်လည်း အစ္စရေးကို ထောက်ခံရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကသာ လွှမ်းမိုးခဲ့သည်။

စကားစစ်ထိုးပွဲမှာ ပါ၀င်ခဲ့တဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်များကိုတွေ့ရစဉ်
ဟာလေနှင့် ရာမဆွာမီ တို့သည် ၎င်းတို့၏ ပြင်းထန်သည့် ပြိုင်ဆိုင်မှုကို ပိုမိုနက်ရှိုင်းစေခဲ့ပြီး တစ်ဦးနှင့်တစ်ဦး အရှိုက်ထိစေမည့် စကားလုံးများနှင့် အကြောင်းအရာများကို ရွေးချယ်ပြီး အပြန်အလှန် စကားစစ်ထိုးခဲ့ကြသည်။
ယခင် စကားစစ်ထိုးပွဲများတွင် စကားသိပ် မပြောခဲ့သည့် စကော့ကမူ ယခုတစ်ကြိမ် စကားစစ်ထိုးပွဲမှာတော့ ၎င်း၏ နှုတ်ရေးကြွယ်မှုကို ပြသခဲ့ပြီး စကားပြောချိန်ကို ပိုယူခဲ့သည်။
ဒီဆန်းတစ်ကမူ ထရမ့်၏ အရှိန်အဝါသည် ရီပတ်ဘလစ်ကန်ပါတီ၏ ကိုယ်စားလှယ်လောင်း နေရာအတွက် လွှမ်းမိုးထားဆဲဖြစ်ကြောင်း ယူဆခဲ့သလို ဖလော်ရီဒါပြည်နယ်တွင် ၎င်း၏ ကွန်ဆာဗေးတစ်လှုပ်ရှားမှု မှတ်တမ်းကို အသားပေးပြောကြားခဲ့ကာ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ မူဝါဒများကို ဝေဖန်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 850
CNI International News
မော်စကို၊ နိုဝင်ဘာ ၉
တရုတ်နှင့် ရုရှားအကြား ဆက်ဆံရေးသည် အမြင့်ဆုံး အဆင့်အထိ ရောက်ရှိနေကြောင်း တရုတ်၏ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်း ယူရှား (Zhang Youxia) က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ကျန်းသည် နိုဝင်ဘာ ၈ ရက်က ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျေရွိူင်ဂူ (Sergey Shoigu) နှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နဲ့ ရုရှား စစ်တပ် ပူးတွဲစစ်ရေး လေ့ကျင့်နေစဉ်
"တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping) နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) တို့ရဲ့ မဟာဗျူဟာ မြောက် ခေါင်းဆောင်မှုရဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုတွေဟာ တရုတ်-ရုရှား ဆက်ဆံရေးရဲ့ ပြည့််စုံကျယ်ပြန့်တဲ့ မိတ်ဖက် ဆက်ဆံရေးနဲ့ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုတွေကို အမြင့်ဆုံးအဆင့်အထိ ရောက်ရှိစေပါ တယ်" ဟု ကျန်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံစလုံးသည် နိုင်ငံတကာရေးရာနှင့် ဒေသတွင်းရေးရာများကို အနီးကပ် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ပြီး အဓိကကျသည့် အကျိုးစီးပွားများနှင့် သက်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို တစ်ဖက်နှင့်တစ်ဖက် အမြဲတစေ အကျိုးပြုပေးနေကြောင်း ကျန်းက ပြောကြားခဲ့သည်။

တရုတ်နဲ့ရုရှား ဆက်ဆံရေးကို ထောက်ခံနေစဉ်
"အင်အားကြီးနိုင်ငံတွေကြားမှာ မဟာဗျူဟာမြောက် ယုံကြည်မှုနဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်" ဟု တရုတ် ထိပ်သီးသံတမန် ကျန်းက ပြောကြား ခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1557
CNI International News
ပေကျင်း၊ နိုဝင်ဘာ ၉
တရုတ်အနေဖြင့် အမေရိကန်နှင့် ဆက်ဆံရေးများ တိုးမြှင့်ရန် အသင့်ရှိကြောင်း တရုတ် ဒုတိယသမ္မတ ဟန်ကျန်း (Han Zheng) က နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီမှ ဖော်ပြခဲ့သည်။
လာမည့် သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို (San Francisco) မြို့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့အကြား အစည်းအဝေး မပြုလုပ်မီ အချိန် တွင် ဟန်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် ဘလွန်းဘတ် နယူး စီးပွားရေး ဖိုရမ် (Bloomberg New Economy Forum) တွင် အဖွင့် မိန့်ခွန်းပြောကြားခဲ့ချိန်က တရုတ်နှင့် အမေရိကန်အကြား မကြာသေးမီက ထိပ်သီးအဆင့် အစည်းအဝေး များ ပြုလုပ်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေးများ မြင့်တက်မှုသည် အပြုသဘောဆောင်သည့် လက္ခဏာများ ဖြစ်သည် ဟု ပြောကြားခဲ့သည်။

တရုတ်နဲ့အမေရိကန် တွေ့ဆုံ ဆွေးနွေးနေစဉ်
"ကျနော်တို့ဟာ အမေရိကန်နဲ့ အလွှာပေါင်းစုံ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ဆက်ဆံရေးတွေကို တိုးတက်ခိုင်မာစေဖို့၊ နှစ်နိုင်ငံစလုံးအတွက် အကျိုးအမြတ်ရစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု တွေကို ပူးပေါင်း ဖြေရှင်းဖို့ အဆင်သင့်ရှိပါတယ်"ဟု ဟန်က ပြောကြားခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသားလုံခြုံ ရေး အပါအဝင် မတူကွဲပြားသည့် အရေးကိစ္စ အများအပြားကြောင့် နှစ်နိုင်ငံဆက်ဆံရေးများ ကျဆင်းခဲ့သည်။

ဘိုင်ဒန်နဲ့ ရှီကျင့်ဖျင် တွေ့ဆုံ ဆွေးနွေးနေစဉ်
သို့သော် ယခုနှစ်အတွင်း အမေရိကန်က တရုတ်သို့ ထိပ်သီးအရာရှိများ စေလွှတ်မှုနှင့်အတူ နှစ်နိုင်ငံအာဏာပိုင် များအကြား ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။
အမေရိကန်သမ္မတ ဘိုင်ဒန်ကမူ လာမည့် သီတင်းပတ်အတွင်း ရှီနှင့် ဆန်ဖရန်စစ္စကိုတွင် အစည်းအဝေး ပြုလုပ်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဘိုင်ဒန်နှင့်် ရှီအကြား တွေ့ဆုံရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
Source: အေအက်ဖ်ပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 857
CNI International News
ဆိုးလ်၊ နိုဝင်ဘာ ၉
မြောက်ကိုရီးယားအား ဆန့်ကျင်သည့် ဝါဒဖြန့်စာစောင်များကို နိုင်ငံအတွင်းသို့ ကြဲချသည့် လုပ်ဆောင်မှုများအား အမြောက်များဖြင့် ပစ်ခတ်တုန့်ပြန်သွားမည်ဟု မြောက်ကိုရီးယားက တောင်ကိုရီးယားကို သတိပေးခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယား ဆန့်ကျင်သည့် ဝါဒဖြန့်စာစောင်များကို မိုးပျံပူဖောင်းများ အသုံးပြုပြီး မြောက်ကိုရီးယား နိုင်ငံအတွင်း ကြဲချမှုအား တားမြစ်ပိတ်ပင်ထားသော ဥပဒေကို ပြန်လည်ရုပ်သိမ်းခဲ့သည့် တောင်ကိုရီးယားကို မြောက်ကိုရီးယားက ဝေဖန်ခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံအတွင်းသို့ လက်ကမ်းစာစောင်များ ကြဲချမှုသည် ရာဇဝတ်မှုမြောက်ကြောင်း တောင်ကိုရီးယားက ၂၀၂၀ ပြည့်နှစ်တွင် ဥပဒေထုတ်ပြန်ပြီး တားမြစ်ခဲ့သည်။
သို့သော် ယခုနှစ် စက်တင်ဘာလတွင် တောင်ကိုရီးယား၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုဥပဒေသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားမြစ်ကန့်သတ်ခြင်း ဖြစ်သည်ဟုဆိုကာ ပြန်လည် ဖယ်ရှားခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ကိုတွေ့ရစဉ်
တောင်ကိုရီးယားသို့ ဘက်ပြောင်း ခိုလှုံလာခဲ့သည့် မြောက်ကိုရီးယား ပြည်ပြေး တက်ကြွလှုပ်ရှားသူများသည် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှတဆင့် မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့်စာစောင်များ၊ ကမ္ဘာ့သတင်းများ ပါဝင်သည့် USB များ၊ အမေရိကန် ဒေါ်လာများကို မိုးပျံပူဖောင်းများ အသုံးပြုပြီး မြောက်ကိုရီးယားနိုင်ငံအတွင်း ကြဲချလေ့ရှိသည်။
မြောက်ကိုရီးယား အာဏာပိုင်များကမူ ခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un)၏ အုပ်ချုပ်မှုစနစ်ကို လျော့ပါး စေမည့် ပြည်ပ၏ မည်သည့် လုပ်ဆောင်ချက်မျိုးကိုမဆို သည်းခံလေ့မရှိဘဲ ပြင်းထန်စွာ တုန့်ပြန်လေ့ရှိသည်။
တောင်ကိုရီးယား၏ ဝါဒဖြန့် စာစောင်များ ကြဲချမှုသည် စိတ်ပိုင်းဆိုင်ရာ မြင့်မားသည့် စစ်ဆင်ရေးဖြစ်ကြောင်းနှင့် စစ်ပွဲ မစတင်မီအချိန်တွင် ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်ရန် မြောက်ကိုရီးယားက ပြင်ဆင်ထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ယခုနှစ်အတွင်း မြောက်ကိုရီးယားသည် စံချိန်တင် လက်နက်စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားက လည်း အမေရိကန်နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ သဖြင့် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးများ တင်းမာခဲ့သည်။
