- By CNI
- Category: နိုင်ငံရေး
- Hits: 863
CNI International News
ဘေကျင်း၊ နိုဝင်ဘာ ၉
အက်စတိုးနီးယားနိုင်ငံအတွင်း ထိုင်ဝမ်၏ မည်သည့် တရားဝင် အဖွဲ့အစည်းများ၏ ရုံးခန်းကိုမှ ဖွင့်ခွင့်မပြုရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အက်စတိုးနီးယားကို တိုက်တွန်းခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်အနေနှင့် ဘော်လ်တစ် (Baltic) နိုင်ငံဖြစ်သည့် အက်စတိုးနီးယားတွင် ကိုယ်စားလှယ်ရုံးခန်း ဖွင့်လှစ်မည် ဆိုပါက အက်စတိုးနီးယားနိုင်ငံမှ ထွက်ခွာမည်ဟု တရုတ်သံအမတ်က ခြိမ်းခြောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန၏ တိုက်တွန်းချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အက်စတိုးနီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကွမ်ရှောင်မေ (Guo Xiaomei) သည် အက်စတိုးနီးယား-တရုတ် လွှတ်တော်ဆိုင်ရာအဖွဲ့ အကြီးအကဲ တူးမက်စ် ကီဗီမက်ဂီ (Toomas Kivimagi) နှင့် အစည်အဝေး ပြုလုပ်ခဲ့ချိန်က အက်စတိုးနီးယားတွင် ထိုင်ဝမ်က ရုံးခန်းဖွင့်မည်ဆိုပါက နိုင်ငံအတွင်းမှ ထွက်ခွာမည်ဟု ကွမ်က ပြောကြားခဲ့ သည်။

အက်စတိုးနီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကွမ်ရှောင်မေကို တွေ့ရစဉ်
"အက်စတိုးနီးယားအနေနဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လေးစားလိုက်နာမှုကို ဆက်လက် ထိန်းသိမ်းထားပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိရောက်စွာ ကာကွယ်ဖို့နဲ့ ထိုင်ဝမ်ကို တရားဝင် ရုံးခန်းတွေ ဖွင့်လှစ်ခွင့်ပေးမှုကို ရှောင်ကြဉ်ဖို့ တရုတ်က တိုက်တွန်းပါတယ်" ဟု ကွမ်က ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင် (Wang Wenbin) က ပြောကြားခဲ့သည်။
ထိုင်ဝမ်သည် အက်စတိုးနီးယားတွင် ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း၊ ထိုအကြောင်းချင်းရာနှင့် ပတ်သက်ပြီး သဘောတူညီမှု မရသေးကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက် ဝူ (Joseph Wu) သည် ယခုသီတင်းပတ်အတွင်း ဘော်လ်တစ် ၃ နိုင်ငံဖြစ် သည့် အက်စတိုးနီးယား၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားနိုင်ငံတို့ကို သွားရောက်ခဲ့သည်။
ထိုင်ဝမ်သည် လစ်သူယေးနီးယားနှင့် လတ်ဗီးယားနိုင်ငံတို့တွင် ကိုယ်စားလှယ်ရုံးခန်း ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး ထိုင်ဝမ်အစိုးရကမူ တရုတ်၏ ကြေညာ ချက်ကို ငြင်းဆိုခဲ့သည်။
Source: CNA
- By CNI
- Category: နိုင်ငံရေး
- Hits: 932
CNI International News
မော်စကို၊ နိုဝင်ဘာ ၈
နိုဝင်ဘာ ၇ ရက်က ရုရှားနိုင်ငံသည် စစ်အေးကာလအလွန် ဥရောပ၏ သမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့များ၏ အမျိုးအစားများကို ကန့်သတ်ထားသည့် အထင်ကရ လုံခြုံရေးစာချုပ်မှ တရားဝင် နုတ်ထွက်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သည် နေတိုးမဟာမိတ်အဖွဲ့ဝင် အင်အားကို ချဲ့ထွင်မှုနှင့်အတူ စစ်အေးကာလ အလွန်ဖြစ်သည့် ၁၉၉၀ ပြည့်နှစ် ဥရောပသမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့များစာချုပ် (1990 Treaty on Conventional Armed Forces - CFE) ၏ သက်ရောက်မှုကို လျော့ပါးစေရန် လုပ်ဆောင်နေသည်ဟု ရုရှားက စွပ်စွဲခဲ့ကာ ထိုစာချုပ်မှ နုတ်ထွက်ခဲ့ ခြင်း ဖြစ်သည်။
ဘာလင်တံတိုင်း ပြိုကျခဲ့ပြီးနောက် တစ်နှစ်အကြာတွင် လက်မှတ်ရေးထိုးခဲ့သည့် ထိုစာချုပ်အရ နေတိုးနှင့် ဝါဆောစာချုပ် (Warsaw Pact) အရ ဖြန့်ကြက်ချထားနိုင်မည့် သမားရိုးကျ စစ်လက်နက်ပစ္စည်းများ၏ အမျိုးအစားကို ကန့်သတ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုစာချုပ်သည် ဥရောပနိုင်ငံများအကြား စစ်အေးကာလအတွင်း သဘောထား ကွဲလွဲမှုများမှတစ်ဆင့် ထိပ်တိုက် တွေ့မည့်အရေးကို တားဆီးရန် ချုပ်ဆိုခဲ့ခြင်းဖြစ်သော်လည်း သမားရိုးကျ လက်နက်များအရ အသာစီးရနေသည့် ဆိုဗီယက်ယူနီယံတွင်မူ ထိုစာချုပ် ချုပ်ဆိုမှုအပေါ် ထောက်ခံမှုနည်းပါးခဲ့သည်။

ကရင်မလင် နန်းတော် ပြောခွင့်ရကို တွေ့ရစဉ်
၂၀၀၇ ခုနှစ်တွင် ရုရှားသည် ထိုစာချုပ်တွင် ပါဝင်ခြင်းမှ ဆိုင်းငံ့ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်လည်း ထိုစာချုပ်၌ တန်းပြည့် ပါဝင်မှုအဆင့်မှ ရပ်ဆိုင်းခဲ့သည်။
ယူကရိန်းကို ကျူးကျော်ခဲ့ပြီး တစ်နှစ်ကျော် အကြာဖြစ်သည့် ယခုနှစ် မေလတွင်မူ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ထိုစာချုပ်ကို ရှုတ်ချကြောင်း အမိန့်ပြန်တမ်း တစ်စောင်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ သည်။
ရုရှားသည် ထိုစာချုပ်မှ တရားဝင် နုတ်ထွက်လိုက်ပြီဖြစ်သဖြင့် ထိုစာချုပ်သည် သမိုင်းတွင်သာ ကျန်နေရစ်ခဲ့ ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
"ပူးပေါင်းဆောင်ရွက်မှုနဲ့ သင့်တော်တဲ့ စီမံဆောင်ရွက်မှုတွေအပေါ် အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ ဥရောပ လုံခြုံရေးကို ပုံဖော်ပေးနိုင်စေဖို့အတွက် CFE စာချုပ်ကို စစ်အေးကာလ အဆုံးသတ်မှာ ချုပ်ဆိုခဲ့တာပါ" ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
သို့သော် အမေရိကန်သည် ထိုစာချုပ်၏ တားမြစ်ကန့်သတ်ချက်များကို မလိမ့်တစ်ပတ်လုပ်ပြီး ရှောင်တိမ်းကာ နေတိုးအဖွဲ့အင်အားကို ချဲ့ထွင်ခဲ့သည်ဟုလည်း ရုရှားက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 922
CNI International News
အစ္စလာမ်မာဘက်၊ နိုဝင်ဘာ ၈
ပါကစ္စတန်တွင် လေတပ်စခန်းတစ်ခုကို စစ်သွေးကြွများက တိုက်ခိုက်ခဲ့ပြီးနောက် အာဏာပိုင်များသည် စစ်စခန်း များနှင့် အခြား အရေးကြီးသည့် အဆောက်အအုံများတွင် လုံခြုံရေးကို တိုးမြှင့်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၄ ရက်က စစ်သွေးကြွများသည် ပါကစ္စတန်၏ လေတပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့သဖြင့်် လေယာဉ် ၃ စင်း ထိခိုက်ပျက်စီးခဲ့ကာ လောင်စာကန်တစ်ခုလည်း ဖျက်ဆီးခံခဲ့ရသည်ဟု လုံခြုံရေး အရာရှိများက နိုဝင်ဘာ ၆ ရက်က ပြောကြားခဲ့သည်။
ပန်ဂျပ် (Punjab) ပြည်နယ်၊ မီယန်ဝါလီ (Mianwali) မြို့တွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုကို မကြာသေးမီကမှ ဖွဲ့စည်းခဲ့သည့် တာရက် အီး ဂျီဟတ် ပါကစ္စတန် (Tehreek-e-Jihad Pakistan) စစ်သွေးကြွအဖွဲ့က ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

တာရက် အီး ဂျီဟတ် ပါကစ္စတန် အမှတ်အသားကို တွေ့ရစဉ်
ပန်ဂျပ်ပြည်နယ်တွင် မကြာသေးမီ လများအတွင်းက စစ်သွေးကြွအဖွဲ့များသည် ရဲတပ်ဖွဲ့ကို မကြာခဏ တိုက်ခိုက် ခဲ့သည်။
တာရက် အီး ဂျီဟတ် ပါကစ္စတန် အဖွဲ့သည် ယခုနှစ် အစောပိုင်းက စတင်ပေါ်ပေါက်ခဲ့သည့် စစ်သွေးကြွအဖွဲ့ ဖြစ်သည်။
ထိုအဖွဲ့သည် ဇူလိုင် ၁၂ ရက်က ပါကစ္စတန် အနောက်တောင်ပိုင်းတွင် ရဲအရာရှိ ၉ ဦးနှင့် အရပ်သား အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည့် လုံခြုံရေးစခန်းတစ်ခု တိုက်ခိုက်ခံရမှု အပါအဝင် တိုက်ခိုက်မှု အများအပြားသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း တာဝန်ခံထွက်ဆိုခဲ့သည်။
နိုဝင်ဘာ ၄ ရက်က မီယန်ဝါလီ လေ့ကျင့်ရေး လေတပ်စခန်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု၌ လုံခြုံရေးတပ်ဖွဲ့ များက စစ်သွေးကြွများ၏ ခြိမ်းခြောက်တိုက်ခိုက်မှုများကို လျင်မြန်ထိရောက်စွာ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ပြောကြားခဲ့သည်။

ပါကစ္စတန်က လက်နက်ကိုင်တပ်ဖွဲ့ကိုတွေ့ရစဉ်
ထိုတိုက်ခိုက်မှုတွင် စစ်သွေးကြွ ၉ ဦးစလုံး သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
ဂြိုဟ်တုဓာတ်ပုံများအရ နိုဝင်ဘာ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လေတပ် စခန်းတွင် ရပ်နားထားသော လေယာဉ်တစ်စင်း မီးလောင်ကျွမ်းခဲ့ကာ အခြား အဆောက်အအုံများ ထိခိုက်ခဲ့သည့် ပုံရိပ်အချို့ကို မြင်တွေ့ခဲ့ရသည်။
ပါကစ္စတန် အာဏာပိုင်များသည် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားလာ နိုင်သည်ဆိုသည့် ထောက်လှမ်းရေး သတင်းများ ရရှိထားသဖြင့် စစ်စခန်းများနှင့် အခြား အဓိက အဆောက်အအုံများတွင် လုံခြုံရေးကို တိုးမြှင့် ချထားခဲ့သည်ဟု အမည်မဖော်လိုသည့် ပါကစ္စတန် အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 996
CNI International News
တိုကျို၊ နိုဝင်ဘာ ၈
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) သည် အစ္စရေး-ဟားမာ့စ် စစ်ပွဲနှင့် ပတ်သက်ပြီး စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အဖွဲ့ဝင်များအကြား စည်းလုံးညီညွတ်မှုရှိစေရန် ကြိုးပမ်းနေကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဘလင်ကင်သည် အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အစ္စရေး-ဟားမာ့စ် ပဋိပက္ခအပေါ် သံတမန်ရေးအရ အားကြိုးမာန်တက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဂျပန်တွင် G-7 မဟာမိတ် ခေါင်းဆောင်များနှင့် ၂ ရက်ကြာ ဆွေးနွေးမှုများ ပြုလုပ်နေချိန်၌ ဘလင်ကင်က ရုရှား-ယူကရိန်းစစ်ပွဲနှင့် ဂါဇာတွင်ဖြစ်ပွားနေသည့် စစ်ပွဲကို တားဆီးရေးမှာ စည်းလုံးညီညွတ်မှုရှိရန် အလွန်အရေးကြီး ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါနဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ကို တွေ့ရစဉ်
"ဒီပဋိပက္ခတွေကို အတူတကွ ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အရင်က ကျနော်တို့ လုပ်ဆောင်ခဲ့သလိုမျိုးပဲ G-7 အဖွဲ့ဝင်တွေအကြား စည်းလုံးညီညွတ်ဖို့ အရမ်းအရေးကြီးပါတယ်" ဟု ဘလင်ကင်က တိုကျိုတွင် ဂျပန်နိုင်ငံခြား ရေးဝန်ကြီး ယိုကို ကာမီကာဝါ (Yoko Kamikawa) နှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့ သည်။
ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည် တစ်လခန့် ကြာမြင့်လာချိန်၌ ဟားမာ့စ်အဖွဲ့၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများအပေါ် အစ္စရေး၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပြေလျော့စေရန် ကြိုးပမ်းဆောင်ရွက်ရေးသည် G-7 ဆွေးနွေးပွဲများ၏ အဓိကအကြောင်းအရာ တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ထို့ပြင် ရုရှား-ယူကရိန်းစစ်ပွဲ၊ တရုတ်၏ မြင့်တက်လာသည့် စစ်ရေးလှုပ်ရှားမှုများနှင့် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှု အလားအလာ အစရှိသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးမည်ဖြစ်သည်။

ဘလင်ကင်ကို တွေ့ရစဉ်
ဂျပန်တွင် ဘလင်ကင်သည် ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်နှင့် အီတလီ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး များနှင့်တွေ့ဆုံပြီး ဂါဇာစစ်ပွဲကို တားဆီးရန် အခြေခံသဘောထား တစ်ရပ်အား ရှာဖွေသွားမည်ဖြစ်သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါကမူ အစ္စရေးအပေါ် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို ဂျပန်က ရှုတ်ချ ကြောင်း၊ ထိုပဋိပက္ခကို အဖြေရှာရန် ကြိုးပမ်းနေသည့် အမေရိကန်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လက်ရှိအချိန်တွင် အမေရိကန်နှင့် ဂျပန်အကြား စည်းလုံးညီညွတ်မှုသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် အစ္စရေး-ဟားမာ့စ်စစ်ပွဲနှင့်ပတ်သက်ပြီး G-7 အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်နှင့် အီတလီနိုင်ငံများ၏ မြို့တော်များနှင့် အခြားမြို့များတွင် အစ္စရေးဆန့်ကျင်ရေးနှင့် ပါလက်စတိုင်းထောက်ခံရေး ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 978
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၇
အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပရန် တစ်နှစ်အလိုတွင် လက်ရှိ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ရီပတ်ဘလစ်ကန်ပါတီ၏ ရေပန်းစားနေသည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် နှိုင်းယှဉ်ပါက အဓိက ယှဉ်ပြိုင်ရမည့် ပြည်နယ် ၆ ခုအနက် ၅ ခုတွင် နောက်ကောက်ကျကျန် နေခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန် ပြည်သူများက ဘိုင်ဒန်၏ အသက်အရွယ်ကြောင့် ၎င်း၏ လုပ်ရည်ကိုင်ရည်အပေါ် သံသယရှိနေကြပြီး အမေရိကန်၏ စီးပွားရေးအပေါ် ဘိုင်ဒန်၏ စီမံကိုင်တွယ်မှုကို အားမလိုအားမရ ဖြစ်နေကြသည်ဟု နိုဝင်ဘာ ၅ ရက်က ထုတ်ပြန်သည့် လူထုသဘောထား စစ်တမ်းကောက်ယူမှုများတွင် ဖော်ပြခဲ့သည်။
New York Times သတင်းစာနှင့် နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်သည့် Siena College Polls စစ်တမ်းများတွင် ဖော်ပြထားချက်များအရ ထရမ့်သည် ပြစ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်နေရသည့်တိုင် မဲယိမ်းပြည်နယ် (swing states) အချို့၌ ဘိုင်ဒန်ထက် ၆ ရာခိုင်နှုန်း အသာစီးရနေကြောင်း သိရသည်။

ဘိုင်ဒန်နဲ့ ထရမ့်ကိုတွေ့ရစဉ်
၂၀၂၄ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ထရမ့် သည် အရီဇိုးနား (Arizona) ၊ ဂျော်ဂျီယာ (Georgia) ၊ မီချီဂန် (Michigan) ၊ နီဗားဒါး (Nevada) နှင့် ပင်ဆယ်ဗေး နီးယား (Pennsylvania) ပြည်နယ်များတွင် ဦးဆောင်လျက်ရှိသည်။
ဘိုင်ဒန်ကမူ ဝစ္စကွန်ဆင် (Wisconsin) ပြည်နယ်တွင်သာ အသာစီးရနေသည်ဟု နိုဝင်ဘာ ၆ ရက်က ထုတ်ပြန် သည့် စစ်တမ်းများတွင် ဖော်ပြခဲ့သည်။
ဘိုင်ဒန်သည် ၂၀၂၀ ပြည့်နှစ်က ထိုပြည်နယ် ၆ ခုစလုံးတွင် ထရမ့်ကို လူထုသဘောထား စစ်တမ်း၌ အနိုင်ရခဲ့သော် လည်း လက်ရှိမှာတော့ ထရမ့်သည် ထိုပြည်နယ်များတွင် ပျမ်းမျှ ၄၈ ရာခိုင်နှုန်း ထောက်ခံမှုရရှိနေပြီး ဘိုင်ဒန်သည် ၄၄ ရာခိုင်နှုန်းသာ ထောက်ခံမှု ရရှိထားသည်ဟု စစ်တမ်းတွင် ဖော်ပြခဲ့သည်။

ဘိုင်ဒန်နဲ့ ထရမ့်ကိုတွေ့ရစဉ်
၂၀၂၀ ရွေးကောက်ပွဲတုန်းက ဘိုင်ဒန်သည် အရီဇိုးနား၊ ဂျော်ဂျီယာ၊ မီချီဂန်၊ ပင်ဆယ်ဗေးနီးယားနှင့် ဝစ္စကွန်ဆင် ပြည်နယ်များတွင် ထရမ့်ကို အနိုင်ရခဲ့သဖြင့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ထိုအနိုင်ရလဒ်များကို ထိန်းသိမ်းထားရန် ကြိုးပမ်းရမည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ကြောင့် ဘိုင်ဒန် ဦးဆောင်သည့် ဒီမိုကရက် အစိုးရအနေနှင့် စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို တိုးတက်အောင် လုပ်ဆောင်ပြီး လူငယ်မဲဆန္ဒရှင်များ၏ ထောက်ခံမှုများကို ရယူရန် လိုအပ်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1210
CNI International News
တဲလ်အဗစ် ၊ နိုဝင်ဘာ ၇
ဂါဇာကမ်းမြောင်ဒေသကို နျူကလီးယားဖြင့် တိုက်ခိုက်မည်ဆိုသည့် မှတ်ချက်စကား ပြောကြားခဲ့သည့် အစ္စရေး ဝန်ကြီးတစ်ဦးကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu)က ရာထူးမှ ဆိုင်းငံ့ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေး အစိုးရအဖွဲ့ထဲမှ ရှေးဟောင်း အမွေအနှစ် ဝန်ကြီးဌာနမှ ဝန်ကြီးဖြစ်သူ အမီဟေး အီလီယာဟု (Amihai Eliyahu) သည် ရေဒီယိုသတင်းဌာန တစ်ခုနှင့် အင်တာဗျူး ပြုလုပ်ခဲ့ချိန်အတွင်း အစ္စရေးက ဂါဇာကို နျူကလီး ယားဖြင့် တိုက်ခိုက်မည်ဟု မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုမှတ်ချက်စကား ထွက်ပေါ်ခဲ့ပြီးနောက် နေတန်ယာဟု၏ ရုံးက အလီယာဟုကို အစိုးရအဖွဲ့အတွင်းမှ ဆိုင်းငံ့ ကြောင်းနှင့် နောက်ထပ် ကြေညာချက် မထုတ်ပြန်မီ အချိန်အထိ ရာထူးဆိုင်းငံ့မှုသည် တည်မြဲနေလိမ့်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အစ္စရေးဝန်ကြီး အမီဟေး အီလီယာဟုကို တွေ့ရစဉ်
ဂါဇာကို နျူကလီးယားဖြင့် တိုက်ခိုက်မည်ဆိုသည့် အလီယာဟု၏ မှတ်ချက်စကားကို အာရပ်ကမ္ဘာကလည်း ပြင်းထန်စွာ ရှုတ်ချခဲ့သည်။
နေတန်ယာဟုနှင့် ၎င်း၏ အာဏာရပါတီ ခေါင်းဆောင်များသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနအဆင့် ဆွေးနွေးမှုများကို ရေဒီယိုနှင့် သတင်းဌာနများတွင် လက်လွတ်စပယ် ပြောကြားခဲ့ခြင်း မရှိပေ။
ထို့ပြင် အစ္စရေးခေါင်းဆာင်များသည် အစ္စရေး၏ နျူကလီးယား လက်နက်အင်အားနှင့် ပတ်သက်ပြီးလည်း ထဲထဲဝင်ဝင် သိရှိနေသည့် သဘောထားများကို လူသိရှင်ကြား ပြောကြားခဲ့ခြင်း မရှိပေ။

အာရပ်နိုင်ငံများအဖွဲ့ချုပ်ကို တွေ့ရစဉ်
အာရပ်နိုင်ငံများအဖွဲ့ချုပ် (League of Arab States) ကမူ အစ္စရေးဝန်ကြီး အလီယာဟု၏ လူမျိုးရေးခွဲခြားသည့် မှတ်ချက်စကားများသည် နျူကလီးယား လက်နက်များကို ပိုင်ဆိုင်ထားကြောင်း ဝန်ခံရုံသာမက ပါလက်စတိုင်း များအပေါ် ရွံရှာသည့် လူမျိုးရေးခွဲခြားမှု သဘောထားရှိသော အစ္စရေး၏ လက်ရှိအမှန်တရားကိုလည်း အတည်ပြုရာ ရောက်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ဂါဇာဒေသ၌ အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၉၅၀၀ ခန့် သေဆုံးခဲ့ပြီး အစ္စရေး၏ တိုက်ခိုက်ရေး နည်းဗျူဟာများအပေါ် နိုင်ငံတကာ၏ စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1445
CNI International News
ဂူဝါဟတီ ၊ နိုဝင်ဘာ ၇
အမေရိကန် ၊ မြန်မာနှင့် အိန္ဒိယ စစ်တပ်တို့သည် ယခုနှစ်ကုန်နှင့် ဒီဇင်ဘာလထဲတွင် မက်ဂလာယာ (Meghalaya) ပြည်နယ်၊ အမ်ရိုအီ (Umroi JTN) တပ်ပိုင်မြေတွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု Northeast Now မှ ဖော်ပြခဲ့သည်။
လက်ရှိတွင် မလေးရှားစစ်တပ်သည် Umroi JTN တွင် အိန္ဒိယ စစ်တပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်နေပြီး ထိုနေရာ၌ ပင် အိန္ဒိယသည် ပြီးခဲ့သည့် ၃ လအတွင်း အခြားနိုင်ငံ ၃ နိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့သည်။
အိန္ဒိယ စစ်တပ်သည် ပြည်ပနိုင်ငံများမှ စစ်တပ်များနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများအတွက် ၂၀၁၆ ခုနှစ် ကတည်းက အမ်ရိုအီတွင် လေ့ကျင့်ရေးကွင်း နေရာအဖြစ် ရည်မှန်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အမ်ရိုအီဒေသရှိ လေဆိပ်ကိုတွေ့ရစဉ်
အမ်ရိုအီတပ်ပိုင်မြေသည် အူမီယမ် (Umiam) မြစ်တစ်လျှောက် ရှီလောင်း (Shillong) မြို့တော်၏ မြောက်ဘက် တောင်ခြေနေရာတွင် တည်ရှိသည်။
ထိုနေရာသည် ရာသီဥတုကောင်းမွန်ခြင်းနှင့် ပြေပြစ်သည့် မြေနေရာ အနေအထားတို့ကြောင့် စစ်ရေးလေ့ကျင့်ရန် သင့်တော်သော နေရာတစ်ခုအဖြစ် အိန္ဒိယ စစ်တပ်က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ နေရာကို ကမ္ဘာ့ထိပ်သီး စစ်တပ်များ၏ လေ့ကျင့်ရေး စင်တာများနှင့်အတူ တွဲဖက် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနဲ့ မလေးရှား စစ်တပ် စစ်ရေးပူးတွဲလေ့ကျင့်စဉ်
Umroi JTN သည် အိန္ဒိယစစ်တပ်၏ အရှေ့ပိုင်း စစ်ဌာနချုပ်အတွက် ပြည်ပနိုင်ငံများမှ စစ်တပ်များနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်မှုရန် ရွေးချယ်ထားခဲ့သည့် နေရာတစ်ခုဖြစ်သည်။
ပြီးခဲ့သည့် ၇ နှစ်အတွင်း ထိုနေရာသည် နိုင်ငံတကာစစ်တပ်များ၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုပြုလုပ်သည့် နေရာ တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့ပြီး စစ်ဘက်ဆိုင်ရာအဆင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သော နေရာတစ်ခု ဖြစ်လာခဲ့ သည်။
ထို့ပြင် ထိုနေရာသည် အိန္ဒိယနှင့် ရင်းနှီးမှုရှိသည့် ပြည်ပနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေး၊ စည်းလုံးညီညွတ်ရေး ကို ထူထောင်ရန် ရှေးရှုသော ကတိကဝတ်များကို အထောက်အကူ ဖြစ်စေခဲသည်။
Source: Northeast Now
- By CNI
- Category: နိုင်ငံရေး
- Hits: 1278
CNI International News
ပေကျင်း၊ နိုဝင်ဘာ ၆
တရုတ်အစိုးရသည် အနောက်နိုင်ငံများနှင့် တင်းမာမှု မြင့်တက်နေသည့်အချိန်တွင် အမျိုးသားလုံခြုံရေးကို အဓိက ထားပြီး လုပ်ဆောင်နေသကဲ့သို့ တရုတ်၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က နိုင်ငံခြားရေးအရာရှိများနှင့် ကွန်မြူနစ်ပါတီ ကေဒါများကို အကျင့်ပျက်ခြစားမှုနှင့် သူလျှိုလုပ်မှုဆိုင်ရာ သတိပေးချက်များကို ထုတ်ပြန်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
"သံတမန်ရေးနဲ့ နိုင်ငံခြားရေးဆိုင်ရာ ကေဒါတွေဟာ ပြည်ပဆက်ဆံရေး ကိစ္စတွေမှာ အဓိက အင်အားစုတွေ ဖြစ် တယ်။ အထူးသဖြင့် ရန်လိုတဲ့ အနောက်အင်အားစုတွေနဲ့ ရင်ဆိုင်တဲ့နေရာမှာ သူတို့ဟာ ပြည်ပရေးရာ ဆက်ဆံမှု တွေအတွက် ရှေ့တန်းနေရာက ရှိနေပါတယ်" ဟု တရုတ်၏ စည်းကမ်းပိုင်းဆိုင်ရာ စစ်ဆေးရေး ဗဟိုကော်မရှင် (CCID) မှ ထိပ်သီးအရာရှိတစ်ဦးဖြစ်သူ ကျန်းကျီဝမ် (Zhang Jiwen) က နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် CCID မဂ္ဂဇင်းတွင် ဆောင်းပါးရေးသား ဖော်ပြခဲ့သည်။
"သူတို့ (သံတမန်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ ကေဒါများ) တွေဟာ အကျင့်ပျက်ခြစားမှုတွေကတစ်ဆင့် ဘက်ပြောင်းခိုလှုံနိုင်ခြေ အများဆုံး အဆင့်မှာ ရှိနေပါတယ်" ဟု ကျန်းက ပြောကြားခဲ့သည်။

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ကျန်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေးကို ကြီးကြပ်ရသည့် ဗဟိုနိုင်ငံခြားရေးကော်မရှင်ရုံးမှ CCID ၏ အကြီးအကဲတစ်ဦး ဖြစ်သည်။
သူရေးသားခဲ့သည့် ဆောင်းပါးထဲတွင် လျှို့ဝှက်အဆင့် သတင်းအချက်အလက်များ ပေါက်ကြားမှု အပါအဝင် များပြားလှသည့် ဌာနများအကြား လုံခြုံရေးကျိုးပေါက်နိုင်သည့် အန္တရာယ်ကို စုံစမ်းစစ်ဆေးနေကြောင်း ရေးသား ဖော်ပြခဲ့သည်။
"ပြည်သူ့ဘဏ္ဍာကိုသုံးပြီး ခရီးသွားတဲ့ တာဝန်ရှိသူတွေရဲ့ ခရီးစဉ်တွေအတွင်း ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင် တွေဆီက တံစိုးလက်ဆောင်တွေကို တရားမဝင် လက်ခံရယူတဲ့ ကိစ္စမျိုးတွေ အပါအဝင် ပြဿနာတွေ အများကြီး ရှိနေပါသေးတယ်" ဟု ကျန်းက ပြောကြားခဲ့သည်။

ရာထူးက ဖြုတ်ခံလိုက်ရသော နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကို တွေ့ရစဉ်
တရုတ်နိုင်ငံတွင် ၂၀၁၂ ခုနှစ်က သမ္မတ ရှီကျင့်ဖျင် (Xi Jinping) အာဏာရလာခဲ့ချိန်ကတည်းက သောင်းနှင့်ချီ သည့် တရုတ်အရာရှိများသည် အရေးယူခံခဲ့ရသည်။
မကြာသေးမီ လများအတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang) နှင့် ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ (Li Shangfu) တို့ကဲ့သို့ ထိပ်သီးအရာရှိများ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 950
CNI International News
ရာမလာ၊ နိုဝင်ဘာ ၆
အစ္စရေး-ဟားမာ့စ် စစ်ပွဲဖြစ်ပွားနေချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken)သည် ပါလက်စတိုင်းသမ္မတ မာမွတ် အာဘက်စ် (Mahmoud Abbas) နှင့် တွေ့ဆုံပြီး ဆွေးနွေးခဲ့ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဘလင်ကင်သည် အစ္စရေး-ဟားမာ့စ် စစ်ပွဲနှင့်ပတ်သက်ပြီး အရှေ့အလယ်ပိုင်း ခရီးစဉ်၏ နောက်ဆုံး ခရီး တစ်ထောက် ရပ်နားမှုအဖြစ် အနောက်ဘက်ကမ်းဒေသ (West Bank) သို့ ရောက်ရှိခဲ့ချိန်တွင် အာဘက်စ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ကြိုတင် ကြေညာထားခြင်း မရှိသည့် အနောက်ဘက်ကမ်း ခရီးစဉ်အတွင်း ဘလင်ကင်သည် ကျည်ကာ မော်တော်ယာဉ်တန်းဖြင့် အနောက်ဘက်ကမ်းဒေသ၏ ရာမလာ (Ramallah) မြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ဘလင်ကင်ကို ကျည်ကာကားနဲ့တွေ့ရစဉ်
ဘလင်ကင်သည် အနောက်ဘက်ကမ်းဒေသသို့ သွားရောက်လိမ့်မည်ဟု အိမ်ဖြူတော်က ကြိုတင် ကြေညာချက် ထုတ်ပြန် မထားသည့််တိုင် ရာမလာမြို့တွင် ဘလင်ကင်၏ ခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ရာမလာမြို့တွင် ဘလင်ကင်သည် အာဘက်စ်နှင့် အစည်းအဝေး ပြုလုပ်ခဲ့သော်လည်း ၎င်းတို့နှစ်ဦးအကြား တွေ့ဆုံမှုကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ထံသို့ အခွန် လွှဲပြောင်းပေးပို့မှုများကို ပြန်ဖွင့်ပေးရန် အမေရိကန်က အစ္စရေးကို တွန်းအားပေးခဲ့ကြောင်း ဘလင်ကင်က အာဘက်စ်ကို ပြောကြားခဲ့သည်။

ဘလင်ကင်ကို ထွက်သွားရန် ဆန္ဒပြနေကြစဉ်
အာဘက်စ်ကမူ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့သည် နိုင်ငံရေး ဖြေရှင်းချက် တစ်ခုအနေနှင့် ဟားမာ့စ်တို့ ထိန်းချုပ်ထားသည့် ဂါဇာကမ်းမြောင်ဒေသတွင် အာဏာရယူလိုကြောင်းနှင့် ဂါဇာတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ဘလင်ကင်ကို ပြောကြားခဲ့သည်။
ထို့ပြင် အစ္စရေးနှင့် ဟားမာ့စ်အကြား ချက်ချင်း အပစ်အခတ်ရပ်စဲရန်လည်း အာဘက်စ်က တောင်းဆိုခဲ့ပြီး ဂါဇာ ကမ်းမြောင် ဒေသအတွင်းသို့ အစားအစာ၊ သောက်သုံးရေ၊ လောင်စာ၊ ဆေးဝါးနှင့် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့် ပြုသင့်ကြောင်းလည်း ပြောကြားခဲ့သည်။
Source: အေပီ
