
- By CNI
- Category: နိုင်ငံရေး
- Hits: 1657
အိန္ဒိယ၊ မဏိပူရ-မြန်မာ တိုက်ရိုက်လေကြောင်း စတင်မည်
CNI International News
ဂူဝါဟာတီ (အာသံ)၊ နိုဝင်ဘာ ၂၉
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ၌ လေကြောင်းသွားလာရေး အဆင့်မြှင့်တင်မှုအနေဖြင့် မဏိပူရပြည်နယ်ရှိ အင်ဖာလေဆိပ်နှင့် ထရွိုင်ပူရရှိ အာဂါတာလာလေဆိပ်တို့မှ နိုင်ငံတကာလေကြောင်း ခရီးစဉ်များ မကြာမီ စတင် တော့မည်ဖြစ်သည်။
ထို့နောက် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့နှင့် လေကြောင်းလိုင်း ပြေးဆွဲပျံသန်း သွားမည်ဖြစ်ကြောင်း Northeast Now သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
မဏိပူရပြည်နယ်၊ အင်ဖာလေဆိပ်အ၀င်ကိုတွေ့ရစဉ်
အာရူနာချာပရာဒေ့ရှ်ပြည်နယ်ရှိ ဂရင်းဖီးလ်လေဆိပ်၊ ဒိုနီပိုလိုလေဆိပ်တို့မှ ပထမဆုံး လေကြောင်း ပျံသန်းသည့် အခမ်းအနားတွင် အိန္ဒိယအစိုးရ၊ အရပ်ဘက် လေကြောင်းဆိုင်ရာဝန်ကြီး Jyotiraditya Scindia က အိန္ဒိယ အရှေ့မြောက် ပြည်နယ်နှစ်ခုမှ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်သို့ လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲ ပျံသန်းသွား မည်ဟု နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
၎င်းအစိုးရအနေဖြင့် အရှေ့မြောက်ဒေသတွင် လေကြောင်း ဆက်သွယ် သွားလာနိုင်ရေး တိုးချဲ့လုပ်ဆောင်နေ ကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။
ဒိုနီပိုလီလေဆိပ်ကိုတွေ့ရစဉ် (GETTY IMAGES)
အိန္ဒိယနိုင်ငံ၊ အင်ဖာလေဆိပ်မှ မြန်မာနိုင်ငံ၊ မန္တလေးလေဆိပ်သို့ လေကြောင်းခရီးစဉ်များနှင့် အာဂါတာလာ လေဆိပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း လေဆိပ်မြို့များသို့ ဒေသတွင်း နိုင်ငံတကာ လေကြောင်း ချိတ်ဆက်မှု တိုးချဲ့သည့် တစိတ်တပိုင်းအဖြစ် မကြာမီ စတင် ပျံသန်းသွားတော့မည်ဟု ဝန်ကြီး Scindia က ထပ်လောင်း ပြောကြားခဲ့သည်။
ယခုနှစ် အခြေအနေကို ၂၀၁၃-၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အိန္ဒိယအရှေ့မြောက်ဒေသအတွက် လေဆိပ် ၁၆ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီဟု ၎င်းက ရှင်းပြသည်။
အာရူနာချာပရာဒေ့ရှ်ပြည်နယ်၊ အီတန်နာဂါဒေသ၊ ဟိုလိုနဂီမြို့ရှိ ဒိုနီပိုလိုလေဆိပ် ဖွင့်လှစ်သည့် အခမ်းအနားကို ယခုလ နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့ရာ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
Source: Northeast Now

ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ကူကီးတပ်ဖွဲ့ တိုက်ပွဲကြောင့် ကူကီးလူမျိုး ၃၀၀ နီးပါး အိန္ဒိယသို့ထွက်ပြေးလာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1222
CNI International News
အိုက်ဇော (မီဇိုရမ်)၊ နိုဝင်ဘာ ၂၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ကူကီးအမျိုးသားတပ်မတော်(KNA-ချင်း)တို့ တိုက်ပွဲများ ဖြစ်ပွား၍ ကူကီးလူမျိုးဒုက္ခသည် ၂၉၃ ဦးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာခဲ့ကြ ကြောင်း အိန္ဒိယသတင်းဌာနများက ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းလမ်းကြောင်းမှ ကလေးသူငယ် ၁၄၈ ဦး အပါအဝင် ဒုက္ခသည် အနည်းဆုံး ၂၉၃ ဦးတို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်ကတည်းက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်း (Lawngtlai) ခရိုင်တွင် ခိုလှုံနေကြကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၈ ရက်တွင် ပြော ကြားခဲ့သည်ဟု အိန္ဒိယအခြေစိုက် Northeast Now သတင်းမှာ ဖော်ပြထားသည်။
၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ကူကီးတပ်ဖွဲ့(KNA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ စစ်တကောင်း တောင်တန်း လမ်းကြောင်းမှ ထွက်ပြေးလာကြသည့် ကူကီး-ချင်း (သို့မဟုတ်) မီဇိုဒုက္ခသည်များ ဖြစ်ကြသည်ဟု လောင်တလိုင်းခရိုင် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ တီတီဘန်ခိုင်ဇိုင် (TT Beikhaizi) က ရှင်းပြသည်။
ကူကီးအမျိုးသားတပ်မတော်(KNA)ကိုတွေ့ရစဉ် (GETTY IMAGES)
ပါဗာအမှတ် (၃) ကျေးရွာတွင် ခိုလှုံနေကြသည့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ထွက်ပြေးလာသူများအနက် အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၆၁ ဦးအထိ ရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
အဆိုပါ ဒုက္ခသည်များသည် ပါဗာအမှတ် (၃) ကျေးရွာရှိ စာသင်ကျောင်းများ၊ ကျန်းမာရေးဌာနခွဲနှင့် အန်ဂန်ဝတီ ဌာနတို့၌ အသီးသီး ဖြန့်ကြက် နေထိုင်လျက် ရှိသည်။
ဒုက္ခသည်များ၏ အခြေအနေကို ခရိုင်အုပ်ချုပ်ရေးမှူးက အနီးကပ် စောင့်ကြည့်နေကြောင်း ဌာနခွဲအရာရှိ ဘန်ခိုင်ဇိုင်က ပြောကြားခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့အပြင် လောင်တလိုင်းခရိုင်အခြေစိုက် ဗဟိုလူငယ်လိုင် (Lai) အသင်း (CYLA) အပါအဝင် စေတနာရှင်များ၊ ခရစ်ယာန်အသင်းတော်များနှင့် NGO အဖွဲ့အစည်းများက ဒုက္ခသည်များအတွက် အစား အသောက်နှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကိုတွေ့ရစဉ်(GETTY IMAGES)
လတ်တလော ကာလအတွင်း လောင်တလိုင်းခရိုင် လက်ထောက်မင်းကြီး အေမောသီရိဗာစတာဗာက နိုဝင်ဘာ ၂၈ ရက်တွင် တာဝန်ရှိသူများ၊ NGO များနှင့် အခြားသက်ဆိုင်ရာ အာဏာပိုင်များကို တွေ့ဆုံခဲ့သည်။
၎င်းက အခြေအနေများကို သုံးသပ်ဆွေးနွေးပြီး ဘင်္ဂလားဒေ့ရှ်မှလာသည့် ဒုက္ခသည်များအား လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ဖို့ ပြောကြားခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အေမောသီရိဗာစတာဗာက ဒုက္ခသည်များ ဝင်ရောက်လာကြောင်း သိရှိပြီးသည်နှင့် ခရိုင်အုပ်ချုပ်ရေးအပိုင်းက အဆောတလျင် ကိုင်တွယ်ဆောင်ရွက်ပေးခဲ့ကြောင်း မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနှင့်လူထုဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသော ဒုက္ခသည်များသည် လူမှုအသိုင်းအဝိုင်းများတွင် သာမက လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ နယ်ပယ်တွင်ပါ အကူအညီ ပေးသင့်ကြောင်း လက်ထောက်မင်းကြီးက ဖြည့်စွက် ပြောကြားခဲ့ သည်။
မီဇိုရမ်ပြည်နယ်သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ၃၁၈ ကီလိုမီတာ ရှည်လျားစွာ ထိစပ်နေသည့် နယ်စပ် ဖြစ်သည်။
Source: Northeast Now

- By CNI
- Category: နိုင်ငံရေး
- Hits: 736
CNI International News
နိုရိုဘီ(ကင်ညာ)၊ နိုဝင်ဘာ ၂၉
အိမ်နီးချင်း ကင်ညာနိုင်ငံ၊ မြို့တော်နိုင်ရိုဘီတွင် စက်တင်ဘာ ၂၈ ရက်က စတင်ကျင်းပသည့် တတိယအကြိမ် ကွန်ဂိုပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ သူပုန်အဖွဲ့များ၏ လက်နက်ဖျက်သိမ်းရေးဆိုင်ရာကိစ္စကို ဆွေးနွေး ခဲ့ကြကြောင်း အေပီမှ ဖော်ပြထားသည်။
အဆိုပါ ဆွေးနွေးပွဲကို အရှေ့အာဖရိကဒေသဆိုင်ရာ အစုအဖွဲ့၏ ပံ့ပိုးမှုဖြင့် စတင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ စတင်ဖွင့်လှစ်သည့်နေ့ နိုဝင်ဘာ ၂၈ ရက်၌ ကင်ညာနိုင်ငံ၏သမ္မတ ဝီလျံရူတို (William Ruto) နှင့် ဘူရန်ဒီနိုင်ငံ၏သမ္မတ အီဗာရိုစတီနဒါယီရှီမိုင်ယီ (Évariste Ndayishimiye) တို့ လူကိုယ်တိုင် တက်ရောက်ခဲ့ကြသည်။
ထို့နောက် ကွန်ဂို၊ ရဝမ်ဒါနှင့် ယူဂန်ဒါတို့မှ သမ္မတများကတော့ ဗွီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ကင်ညာနိုင်ငံ၏သမ္မတ ဝီလျံရူတိုကိုတွေ့ရစဉ် (AP)
ပါဝင်ဆွေးနွေးကြသည့် ခေါင်းဆောင်များက ကွန်ဂိုထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် ပံ့ပိုးကူညီသွားကြဖို့ ၎င်းတို့ ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့ကြသည်။
ဆွေးနွေးပွဲကို ဦးဆောင်သူ ကင်ညာသမ္မတဟောင်း အူဟူရူကန်ယက်တာ (Uhuru Kenyatta) က “မိမိတို့ ရည်ရွယ်ချက်မှာ နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ညှိနှိုင်း အဖြေရှာ ကြရန် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထိုသို့ အဖြေရှာကြရာတွင် လက်နက်ဖျက်သိမ်းရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကွန်ဂိုပြည်တွင်းရှိ လက်နက်ကိုင် အဖွဲ့များ ပြန်လည်ပေါင်းစည်းရေးတို့ ဖြစ်ထွန်းလာအောင် အထောက်အကူပေးမည့် ပတ်ဝန်းကျင်တစ်ခု သေချာ ရေရာစွာ ဖန်တီးဖို့ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အင်ဂိုလာနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်၌ ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ခေါင်းဆောင်များသည် ကွန်ဂိုပြည်တွင်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ကြပြီးနောက် M-23 သူပုန်အဖွဲ့၏ ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများမှ သူပုန်တပ်များ ဆုတ်ခွာသွားခဲ့သည်။
M-23 သူပုန်ကိုတွေ့ရစဉ် (AFP)
M-23 သူပုန်အဖွဲ့သည် အင်ဂိုလာ အစည်းအဝေးသို့ တရားဝင် အစိတ်အပိုင်းအဖြစ် တက်ရောက်ခဲ့ခြင်း မဟုတ် သော်လည်း အပစ်အခတ်ရပ်စဲရေးကို လက်ခံသွားမည်ဟု သတင်းထုတ်ပြန်လာခဲ့သည်။
သို့သော် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လေးစားပြီး ရန်လိုမှုများ အဆုံးသတ်ဖို့အရေး လက်ရှိကွန်ဂိုအစိုးရကို မိမိတို့ အယုံအကြည် မရှိကြောင်း M-23 က ပြောကြာထားသည်။
ယခု နိုဝင်ဘာ ၂၈ ရက် ကင်ညာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် ကွန်ဂိုလက်နက်ကိုင် အဖွဲ့များမှာ မည်သည့် အဖွဲ့များ ဖြစ်ကြောင်းကိုတော့ အရှေ့အာဖရိကဒေသဆိုင်ရာအစုအဖွဲ့၊ အထွေထွေအတွင်းရေးမှူး ပီတာမာတူးကီ (Peter Mathuki) က အတိအကျ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။
ကင်ညာဆွေးနွေးပွဲ၌ ဦးဆောင်သူသည် ကွန်ဂို၏ပြည်နယ် ၅ ခု၌ ပဋိပက္ခများ၏ မူလဇစ်မြစ်ကို ဖော်ထုတ်ရန် စီစဉ်နေပြီး ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ပေါ်ထွန်းလာအောင် ပြည်နယ်အလိုက် ခေါင်းဆောင်များ၏ အခန်းကဏ္ဍ ပြန်လည်ထားရှိရေး ညှိနှိုင်းကြရန် ဦးတည်ထားသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 704
CNI International News
တီဟီရန်၊ နိုဝင်ဘာ ၂၉
နိုင်ငံတဝန်း ဆူပူအုံကြွ၍ မတည်ငြိမ်မှုများကြောင့် ၂ လအတွင်း သေဆုံးသူ ၃၀၀ ကျော် သွားခဲ့ပြီဖြစ်ကြောင်း အီရန် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက နိုဝင်ဘာ ၂၈ ရက်တွင် တရားဝင် ဝန်ခံပြောကြားခဲ့သည်ဟု အေပီသတင်းအရ သိရသည်။
ထိုအရေအတွက်သည် ဆန္ဒပြပွဲ စတင်ချိန်ကတည်းက အနီးကပ် ခြေရာခံ စောင့်ကြည့်နေသည့် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့၏ ခန့်မှန်းချက်ထက် လျော့နည်းနေသည်။
အီရန်နိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်၌ အကျင့်စာရိတ္တပြုပြင်ရေးအဖြစ် ရဲတပ်ဖွဲ့က ခေါ်ယူ ထိန်းသိမ်း ထားသော အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် နိုင်ငံတဝန်း ဆူပူအုံကြွမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံစဉ်(ဓါတ်ပုံ-amnesty international)
စတင်အုံကြွခဲ့ပြီးနောက် ဆန္ဒပြသူ ၄၅၁ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၆၀ သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၈,၀၀၀ ကျော်ရှိကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောသည်။
အစ္စလာမ္မစ်သမ္မတနိုင်ငံဖြစ်သော အီရန်တွင် ဝတ်စားဆင်ယင်မှုဆိုင်ရာ တင်းကျပ်မှုကို ချိုးဖောက်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ အသက် ၂၂ နှစ်အရွယ်ရှိ မာရှားအေမီနီ သေဆုံးခဲ့ရသဖြင့် ဆန္ဒပြမှုများ စတင်ခဲ့သည်။
အဆိုပါဖြစ်စဉ်သည် ၁၉၇၉ ခုနှစ် တော်လှန်ရေးနောက်ပိုင်း တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်ခဲ့သည့် ဘာသာရေးခေါင်းဆောင်များအတွက် အဆိုးရွားဆုံးစိန်ခေါ်များထဲမှ တစ်ခုဖြစ်လာခဲ့သည်။
ရုန်းရင်းဆန်ခတ်မှုများကြောင့် လူ ၃၀၀ ကျော်သေဆုံးခဲ့ရသည်ဟု အီရန်အရံတော်လှန်ရေးအစောင့်တပ်၊ အာကာသဆိုင်ရာဌာနခွဲမှ ဗိုလ်ချုပ်ကြီး အေမီယာအလီဟာဂျီဇာဒက် (Amir Ali Hajizadeh) က ပြောကြားကြောင်း အဆိုပါအစောင့်တပ်နှင့်နီးစပ်သော ဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြခဲ့သည်။
အောက်တိုဘာတွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးအခွင့်အရေး ဆန္ဒပြပွဲများ(ဓါတ်ပုံ-Getty Images)
သေဆုံးသူအများစုသည် ဆန္ဒပြပွဲများတွင် ပါဝင်မိခဲ့ကြသော သာမန်အီရန်နိုင်ငံသားများဖြစ်ကြောင်း ၎င်းဗိုလ်ချုပ်ကြီးက ဝန်ခံခဲ့သည်။
၎င်းခန့်မှန်းသည့် အသေအပျောက်အရေအတွက်မှာ မည်သည့်သတင်းရင်းမြစ်ထံမှ လာကြောင်း အတိအကျတော့ ထည့်မပြောခဲ့ပေ။
အီရန်အာဏာပိုင်များသည် ပြည်တွင်းဆန္ဒပြပွဲများအခြေအနေကို မီဒီယာများ၌ ရေးသားဖော်ပြမှုများကို ပြင်းထန်စွာ ကန့်သတ်ထားခဲ့သည်။
အစိုးရမီဒီယာများက သေဆုံးသူဦးရေကို အပြည့်အဝ သတင်းထုတ်ပြန်ခြင်းမရှိသေးသလို လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ဖြိုခွင်းမှုများအစား စစ်သွေးကြွများနှင့် ခွဲထွက်ရေးအုပ်စုများကို အပြစ်တင်သည့်ဖော်ပြချက်မျိုးကိုသာ ဦးစားပေးရေးသားနေကြသည်။
အဆိုပါဆန္ဒပြပွဲများသည် အီရန်၏ရန်ဘက်များဖြစ်ကြသော အနောက်အုပ်စုနှင့်ဆော်ဒီအာရေဗျတို့ကြောင့် ပေါ်ပေါက်လာရကြောင်း ဗိုလ်ချုပ်ကြီး ဟာဂျီဇာဒက်က အထောက်အထားမပြသဘဲ ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1005
CNI International News
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၈
ကာတာနိုင်ငံ၌ ကျင်းပနေဆဲ ကမ္ဘာ့ဖလားပွဲ၌ မော်ရိုကိုအား ဘယ်လ်ဂျီယံက နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့လယ်ခေါင်၌ ဘောလုံးပရိတ်သတ်များ အဓိကရုဏ်းဖြစ်ပွားခဲ့၍ ရဲက မီးသတ် ပိုက်နှင့် မျက်ရည်ယိုဗုံးများသုံး၍ ဖြိုခွင်းခဲ့ရကြောင်း AFP သတင်းကို ကိုးကား၍ ဘန်ကောက်ပို့စ်က ရေးသား ဖော်ပြသည်။
ဆယ်ဂဏန်းမျှရှိသော ဘောလုံးပရိသတ်များသည် အရောင်းဆိုင်ပြတင်းပေါက်များကို ရိုက်ခွဲကြပြီး မော်တော် ယာဉ်များကို မီးတင်ရှို့ခဲ့ကြသည်။ အဓိကရုဏ်းများကြောင့် လူ ၁၁ ဦးကို ဖမ်းဆီးထားပြီး ကျန် ၁ ဦးကို အချုပ်ချ ထားခဲ့သည်။
ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်မှု မပြီးဆုံးခင်မှာပင် ခေါင်းစွပ်အင်္ကျီဝတ်ဆင်ထားသူအချို့အပါအဝင် လူဆယ် ဂဏန်းမျှ လမ်းပေါ်ထွက်လာပြီး အများပြည်သူလုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးဖြစ်အောင် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရန် ကြိုးစားခဲ့ကြောင်း ဘရပ်ဆဲလ်မြို့တော်ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မော်ရိုကိုက ဘယ်လ်ဂျီယံကို အနိုင်ရပြီးနောက် ဘရပ်ဆဲလ်တွင် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့စဉ်(ဓါတ်ပုံ-အေအပ်ဖ်ပီ)
ဆူပူမှုအချို့သည် တုတ်များကိုင်ဆောင်ထားပြီး မီးကျည်ပစ်ခတ်ခဲ့မှုကြောင့် သတင်းထောက်တစ်ဦး၏မျက်နှာတွင် ဒဏ်ရာရခဲ့သည်။
မြို့လယ်ခေါင်ရှိ အချို့နေရာများသို့ သွားလာခြင်းမှ ရှောင်ရှားကြရန် မြို့ခံများကို သတိပေးချက်ထုတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့် တာဝန်ချထားခဲ့သည်။
အကြမ်းဖက်မှု မပြန့်ပွားစေရန် မြေအောက်ဘူတာရုံများကို ယာယီပိတ်ခဲ့ပြီး လမ်းများပေါ် အတားအဆီးများ ကာရံခဲ့သည်။
ဒေသစံတော်ချိန် ည ၇ နာရီ (ဂရင်းနစ်စံတော်ချိန် ညနေ ၆ နာရီ) ဝန်းကျင်တွင် အခြေအနေ ပြန်လည် ငြိမ်သက်ခြင်းရှိ/မရှိ ထောက်လှမ်းရေးရဟတ်ယာဉ်တစ်စင်း ပျံသန်းလာချိန်မှာတော့ ဆန္ဒပြသူများသည် မော်တော်ယာဉ်၊ အမှိုက်ပုံးများနှင့် လျှပ်စစ်စကူတာ(အသေးစားယာဉ်)တို့ကို မီးတင်ရှို့နေကြောင်း AFP သတင်းထောက်က မြင်တွေ့ခဲ့ရသည်။
“ဒီနေ့မွန်းလွဲပိုင်း အဖြစ်အပျက်တွေကို အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ရဲတပ်ဖွဲ့က တင်းတင်းကြပ်ကြပ် အရေးယူကိုင်တွယ်နေပြီဖြစ်လို့ မြို့လယ်ခေါင်ကို လောလောဆယ် မလာကြပါနဲ့လို့ အကြံပြု တိုက်တွန်း ချင်ပါတယ်။ ရဲတပ်ဖွဲ့ကလည်း အများပြည်သူ စည်းကမ်းထိန်းသိမ်းရေး တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်” ဟု ဘရပ်ဆဲလ်မြို့တော်ဝန် ဖီလစ်ပီကလို့စ် (Philippe Close) က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
Source: AFP, Bangkok Post

- By CNI
- Category: နိုင်ငံရေး
- Hits: 963
CNI International News
ရှန်ဟိုင်း၊ နိုဝင်ဘာ ၂၈
ကိုဗစ်ကပ်ရောဂါ နှိမ်နင်းရေးအတွက် တင်းကျပ်မှုများကြောင့် ဒေါသထွက်နေသော လူအုပ်ကြီးက ဩဇာကြီးမား လှသော တရုတ်သမ္မတ ရှီကျင့်ဖျင် ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြကြောင်း အေပီသတင်းတွင် တွေ့ရ သည်။
တရုတ်ပြည်တွင်း မြို့ကြီး ၈ မြို့ရှိ အာဏာပိုင်များသည် အာဏာရကွန်မြူနစ်ပါတီအတွက် ရှားရှားပါးပါး တိုက်ရိုက် စိန်ခေါ်မှုကို ကိုယ်စားပြုသည့် ဆန္ဒပြပွဲများအား နိုဝင်ဘာ ၂၇ ရက်တွင် နှိမ်နင်းရန် ကြိုးစားခဲ့ကြသည်။
ရှီကျင့်ဖျင် ရာထူးမှ နုတ်ထွက်ရန်နှင့် တစ်ပါတီစနစ် အုပ်ချုပ်ရေး အဆုံးသတ်ဖို့ တောင်းဆိုသည့် ရှန်ဟိုင်းမြို့မှ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ငရုတ်ကောင်းဖျန်းဆေးဖြင့် ဖြိုခွင်းရှင်းလင်းခဲ့သော်လည်း နောက်ထပ် နာရီပိုင်း အကြာတွင် ယင်းနေရာများ၌ပင် လူစုလူဝေး တဖန်ဖြစ်ပေါ်လာခဲ့သည်။
ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ထပ်မံနှိမ်နင်းခဲ့ပြီး ဖမ်းဆီးခံရသူများကို ဘတ်စ်ကားတစ်စင်းဖြင့် ခေါ်ထုတ်သွားခဲ့ ကြောင်း သတင်းထောက်တစ်ဦးက မြင်တွေ့ခဲ့ရသည်။
ရှီကျင့်ဖျင် ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြ (AP)
နိုဝင်ဘာ ၂၅ ရက်နေ့ ကတည်းက စတင်ခဲ့သော ဆန္ဒပြမှုများသည် မြို့တော်ဘေဂျင်းနှင့် ဆယ်ဂဏန်းမျှ ရှိသော တက္ကသိုလ်ကျောင်းများသို့ ပျံ့နှံ့သွားခဲ့ရာ ဆယ်စုနှစ်များစွာအတွင်း အာဏာရကွန်မြူနစ်ပါတီ (CCP) ကို အကျယ် ပြန့်ဆုံး ဆန့်ကျင်မှုအဖြစ်သို့ ရောက်ရှိလာခဲ့သည်။
အေပီမှ အတည်ပြုနိုင်ခဲ့သည့် ရှန်ဟိုင်းမြို့ ဆန္ဒပြပွဲ သတင်းမှတ်တမ်း ဗွီဒီယိုဖိုင် တစ်ဖိုင်တွင် ၁၉၈၀ ပြည့်လွန် နောက်ပိုင်း ဩဇာအာဏာအကြီးဆုံး ရှီကျင့်ဖျင်၏ အမည်နှင့် တရုတ်ကွန်မြူနစ်ပါတီတို့ကို ထုတ်ဖော်အော်ဟစ်၍ “ရှီကျင့်ဖျင် ဆင်းပေး၊ CCP ဆင်းပေး”ဟု တောင်းဆိုခဲ့ကြကြောင်း တွေ့ရှိရသည်။
ကိုဗစ် ကပ်ရောဂါ စတင်ဖြစ်ပွားပြီး ၃ နှစ် အကြာအထိ တရုတ်နိုင်ငံသည် ရောဂါကူးစက်မှု ရပ်တန့်ရန် အပြင်း အထန် ကြိုးစားနေဆဲ တစ်ခုတည်းသော နိုင်ငံအဖြစ် ကျန်ရှိနေခဲ့သည်။
Zero Covid မဟာဗျူဟာအရ လူနေရပ်ကွက်များထဲသို့ ရက်သတ္တပတ် များစွာအတွင်း တစ်ကြိမ်သာ ထွက်ခွင့် ခွင့်ပြုထားသည်။
တရုတ်အာဏာပိုင်များ ဆန္ဒပြသူများကို တားဆီးနေစဉ်(AP)
မြို့ကြီးအချို့တွင် နေထိုင်သူပေါင်း သန်းနှင့်ချီ၍ နေ့စဉ် ဗိုင်းရပ်စ်စစ်ဆေးမှု ခံယူကြရသည်။
ထို့ကြောင့် တရုတ်ပြည်တွင်း၌ ကူးစက်ခံရသူ အရေအတွက်မှာ အမေရိကန်နှင့် အခြားနိုင်ငံကြီးများထက် လျော့ကျသွားသော်လည်း အများပြည်သူ သည်းခံနိုင်စွမ်းမှာ အားနည်းသွားခဲ့သည်။
အချို့နေရာများတွင် အိမ်တွင်း သီးခြားခွဲထား၍ နေထိုင်ရသူများအတွက် အစားအသောက်နှင့်ဆေးဝါးများ ချို့တဲ့နေခဲ့သည်။
ဗိုင်းရပ်စ် နှိမ်နင်းရေး ထိန်းချုပ်မှုများသည် ဆေးဝါးကုသမှုဆိုင်ရာ အကူအညီ ရယူရေး ကြိုးစားမှုများကို အဟန့်အတား ဖြစ်စေကြောင်း ကလေးနှစ်ဦး သေဆုံးခဲ့ရသည့် မိဘများက ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် အာဏာရတရုတ်ကွန်မြူနစ်ပါတီမှာ လူထုဒေါသနှင့် ရင်ဆိုင်ခဲ့ရသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 1421
CNI Intetnational News
တီဟီရန်၊ နိုဝင်ဘာ ၂၈
အမေရိကန်ဘောလုံးအသင်းနှင့် အမေရိကန်နိုင်ငံရှိ လူမှုကွန်ရက် မီဒီယာပို့စ်များတွင် ၎င်းတို့၏ အစ္စလာမ္မစ် သမ္မတနိုင်ငံ(အီရန်)အလံပုံထဲမှ အလ္လာဟ်ဟူသော စကားလုံး အဖယ်ရှားခံရခြင်းနှင့် ပတ်သက်၍ အီရန်ဘောလုံး အဖွဲ့ချုပ်က ဖီဖာထံသို့ ကန့်ကွက်ကြောင်း တိုင်ကြားထားသည်ဟု သိရသည်။
လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နိုဝင်ဘာ ၃၀ ရက်၌ အီရန်အသင်းနှင့် အမေရိကန်အသင်း ယှဉ်ပြိုင်ကစားကြမည့် ပွဲ မတိုင်မီ အထက်ပါအတိုင်း အီရန်ဘက်မှ ကန့်ကွက်မှု ပေါ်ပေါက်လာခဲ့သည်။
“အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အင်စတာဂရမ်(Instagram)မှာ အီရန်အသင်း အလံထဲကနေ အလ္လာဟ်ရှင်မြတ် ရဲ့ အမှတ်လက္ခဏာကို ဖြုတ်ချ ဖယ်ရှားခဲ့ပါတယ်။ ဒါဟာ စံချိန်စံညွှန်း မညီတဲ့လုပ်ရပ်ပါ” ဟု အီရန်အစိုးရမီဒီယာ IRNA က နိုဝင်ဘာ ၂၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။
“အမေရိကန်ဘောလုံးအဖွဲ့ချုပ်ကို ပြင်းထန်တဲ့ သတိပေးချက် ထုတ်ပေးဖို့ အီရန်ဘောလုံးအဖွဲ့ချုပ်ကနေ ဖီဖာထံ သို့ အီးမေးလ်တစ်စောင် ပေးပို့ခဲ့ပါတယ်” ဟု အဆိုပါသတင်းတွင် ရေးသားထားသည်။
ထိုတိုင်ကြားချက်အပေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်သည့် ဖီဖာထံမှ အများသိအောင် တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။
အမေရိကန်နှင့် အီရန်တို့သည် ၁၉၈၀ ပြည့်နှစ်မှစ၍ သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့သည်။
အီရန်အလံကို ပြောင်းလဲ ထားတဲ့ အုပ်စုတွင်း ဖော်ပြမှုကိုတွေ့ရစဉ် (GETTY IMAGES)
အမေရိကန်ဘောလုံးအဖွဲ့ချုပ် (USSF) က နိုဝင်ဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ ရာတွင် ရဲများလက်ထဲ ဖမ်းဆီးခံရသူ အသက် ၂၂ နှစ်အရွယ် အီရန်အမျိုးသမီး မာရှားအေမီနီ သေဆုံးမှုကို ထည့် သွင်း ရေးသားခဲ့သည်။
၎င်းသေဆုံးမှုကို အကြောင်းပြု၍ အခြေခံလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် အီရန်အမျိုးသမီးများနှင့် အတူ USSF ကလည်း ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် မိမိတို့လူမှုကွန်ရက်ပေါ် လွှင့်တင်ထားသည့် အီရန် အလံကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်ဟု ကြေညာချက်ထဲတွင် ဆက်လက်ရေးသားထားသည်။
အီရန်အလံတွင် အနီ၊ အဖြူနှင့် အစိမ်းရောင်ဖြင့် အလျားလိုက်အစင်း ၃ ကြောင်း၏ အလယ်ခေါင်တွင် အလ္လာဟ်ဟူ သော စကားလုံးကို ခတ်နှိပ်ထားသည်။
ထို့ပြင် အမေရိကန်အမျိုးသား ဘောလုံးအသင်း၏ တွစ်တာ account တွင် အုပ်စုအဆင့် ပွဲစဉ်များကို ဖော်ပြရာ၌ အီရန်အလံကို အနီ၊ အဖြူ၊ အစိမ်းရောင် အစင်းများသာ ပါရှိပြီး အလ္လာဟ်ဟူသော စကားလုံးကို ဖြုတ်ချထား ကြောင်း တွေ့ရှိရသည်။
အလားတူ အမေရိကန်အသင်း၏ ဖေ့စ်ဘွတ်နှင့် အင်တာဂရမ်များတွင် အုပ်စုအတွင်း ရမှတ် စုစုပေါင်း ဖော်ပြရာ၌ အီရန်အလံကို ထိုကဲ့သို့ ပြောင်းလဲ ပြင်ဆင်ထားသည်။
Source: Aljazeera

- By CNI
- Category: နိုင်ငံရေး
- Hits: 833
CNI International News
လန်ဒန်၊ နိုဝင်ဘာ ၂၈
ယူကရိန်းသို့ ဗြိတိန်၏ စစ်ရေးအကူအညီကို ၂၀၂၃ ခုနှစ်တွင် တိုးမြှင့်သွားရန် ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆန်းနက် (Rishi Sunak) ၏ရုံးက နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကြေညာနိုင်ဖွယ်ရှိကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော် ပြသည်။
“ယူကရိန်းပြည်သူတွေကို ကျနော်တို့က သံသယကင်းကင်းနဲ့ အချိန်ကြာကြာ ရပ်တည်ပေးသွားမယ်။ လာမယ့်နှစ် မှာ ကျနော်တို့ရဲ့ စစ်ရေးအကူအညီ ဆက်ပေးမယ် (ဒါမှမဟုတ်) တိုးမြှင့်ပေးသွားမယ်။ ပြီးတော့ ယူကရိန်းပြည်သူ တွေကို အကာအကွယ်ပေးဖို့ လေကြောင်းရန်ကာကွယ်ရေး အထောက်အပံ့သစ်တွေ ပို့ပေးသွားမယ်။ ယူကရိန်းကို ကာကွယ်ခြင်းဟာ ကျနော်တို့ကိုယ်ကို ကာကွယ်ရာလည်း ရောက်ပါတယ်” ဟု ၎င်း၏ရုံးက ပြောကြားခဲ့သည်။
လန်ဒန်မြို့ရှိ ဂီးလ်ခန်းမ (Guildhall) တွင် ကျင်းပသည့် အခမ်းအနားတစ်ခု၌ ဝန်ကြီးချုပ် ဆန်းနက်က အထက်ပါ ကိစ္စကို အတည်ပြု ကြေညာသွားနိုင်မည်ဟု မျှော်လင့်ရသည်။
ရီရှီဆန်းနက်နဲ့ ဇာလန်းစကီးကိုတွေ့ရစဉ် (AP)
ထို့ပြင် ၎င်း၏ ပထမဆုံး နိုင်ငံခြားရေးမူဝါဒ မိန့်ခွန်းတွင် ဆန်းနက်က ဗြိတိန်နိုင်ငံအတွက် ရေရှည်ကျင့်သုံးမည့် မဟာဗျူဟာ တစ်ရပ်လိုကြောင်း ချပြသွားရန် ပြင်ဆင်ထားသည်။
“ကျနော်တို့ ဦးဆောင်မှုအောက်မှာ လက်ရှိအနေအထား ရပ်တည်ချက်ကို ဆက်ရွေးမှာ မဟုတ်ဘူး။ ကွဲပြားခြား နားတဲ့ အသွင်အပြင်နဲ့ ကျနော်တို့ လုပ်မယ်။ လွတ်လပ်မှု၊ ပွင့်လင်းမှုနဲ့ တရားဥပဒေစိုးမိုးရေးတို့မှာ ကျနော်တို့က ခိုင်မာယုံကြည်ချက်နဲ့ ဆက်လက် ရပ်တည်သွားမယ်။ ဒီလို စိန်ခေါ်မှုနဲ့ ပြိုင်ဆိုင်မှုရှိနေတဲ့ အခိုက်အတန့်မှာ ကျနော်တို့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ ကျနော်တို့ရဲ့ တန်ဖိုးတွေကို အလေးပေး လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်” ဟု ဝန်ကြီးချုပ်ရုံးက ဆက်လက် ပြောကြားခဲ့သည်။
“ကျနော်တို့ရဲ့ရန်သူတွေနဲ့ ပြိုင်ဖက်တွေကို ရေရှည်ရင်ဆိုင်သွားနိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲထားပါတယ်။ ဒီလို ရင်ဆိုင်နိုင်ဖို့ ရေတိုတွေးခေါ်မှုမျိုးနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ ချဉ်းကပ်မှုမှာ ဆင့်ကဲဖြစ်စဉ် တွေကို ကျော်လွှားသွားမယ်။ ဆိုလိုချင်တာကတော့ ကျနော်တို့ရဲ့ တန်ဖိုးတွေကို အကာအကွယ်ပေးတဲ့ နေရာမှာ ပိုအားကောင်းဖို့နဲ့ ပွင့်လင်းမြင်သာမှု ဖြစ်ပါတယ်” ဟု ရီရှီဆန်းနက်က ၎င်း၏မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောကြား မည်ဟု ဝန်ကြီးချုပ်ရုံး၏ အဆိုအရ သိရသည်။
လက်နက်ခဲယမ်းများကို တွေ့ရစဉ် (AP)
ဆန်းနက် ဦးဆောင်သော အစိုးရသစ်သည် ကြီးမားသော ပထဝီဝင်နိုင်ငံရေး ပြောင်းလဲမှုများကို ထည့်သွင်းစဉ်းစား ရန်၊ ဗြိတိန်၏ လက်ရှိ လုံခြုံရေး၊ ကာကွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ တို့ကို ပြန်လည် သုံးသပ်ရန်နှင့် အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေသည်ဟု ဝန်ကြီးချုပ်ရုံးက ထပ်လောင်း ပြောကြားခဲ့သည်။
ယူကရိန်းသို့ ဗြိတိန်၏ စစ်ရေးအကူအညီ ပမာဏမှာ ပေါင် ၃ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ) ကျော်သွား ပြီဟု နိုဝင်ဘာ ၁၉ ရက်၌ ၎င်း၏ယူကရိန်း ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
ဗြိတိန်သည် ယူကရိန်းသို့ NLAW တင့်ကား ချေမှုန်းရေးစနစ်ပေါင်း ၇ဝဝဝ နီးပါး၊ သံချပ်ကာယာဉ် အစင်း ၁၀၀ ကျော်၊ Starstreak ဒုံးကျည်များ အပါအဝင် Stormer မောင်းသူမဲ့ လေကြောင်းရန် ကာကွယ်ရေး (ဒရုန်း ချေမှုန်း ရေး) စက်သေနတ်များ၊ M109 ဟောင်ဝပ်ဇာများနှင့် L119 လက်နက်များ ၊ M270 MLRS အမျိုးအစား လက်နက် များ၊ အမြောက်ကျည်ဆန် ၁၆ဝဝဝ ကျော်၊ ခဲယမ်းမီးကျောက်များနှင့် ပလတ်စတစ် ဖောက်ခွဲရေးပစ္စည်းများ ၄ ဒသမ ၅ တန်တို့ကို ပေးအပ်ခဲ့ပြီး ဖြစ်သည်။
Source: တာ့စ်သတင်းဌာန

- By CNI
- Category: နိုင်ငံရေး
- Hits: 856
CNI International News
ရွိုင်ယိုဒီဂျနီးရိုး၊ နိုဝင်ဘာ ၂၆
ပြီးခဲ့သည့် အောက်တိုဘာလ အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့မှုကို လက်ခံရန် အပြင်းအထန် ငြင်းဆန်နေသည့် လက်ရှိသမ္မတ ဂျိုင်ယာဘော်ဆိုနာရိုကို ထောက်ခံအားပေးသူများက လမ်းများပိတ်ဆို့ပြီး ဘရာဇီးလ်နိုင်ငံ၊ မက်တိုဂရော်ဆိုပြည်နယ်ရှိ စစ်ဘက် အဆောက်အအုံ အပြင်ဘက်၌ စခန်းချ၍ ဆန္ဒပြနေခဲ့ကြသည်။
ဆန္ဒပြသူများသည် အကြမ်းဖက်မှုများလည်း ကျူးလွန်ကြပြီး ၎င်းတို့အကြောင်းပြချက်မှာ ရွေးကောက်ပွဲရလဒ် အပေါ် မကျေလည်မှုနှင့် ဒီမိုကရေစီမဆန်ဘဲ အသွင်ကူးပြောင်းရေးကြောင့် ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များကို ကြိုတင်ထိန်းသိမ်းရန်အတွက် ဖက်ဒရယ်တရားသူကြီးက အမိန့်တစ်ရပ် ထုတ်ပေးခဲ့သည်။
ရွေးကောက်ပွဲရလဒ် မကျေနပ်တဲ့ ဘော်ဆိုနာရို ထောက်ခံသူများ ဆန္ဒပြနေကြစဉ် (AP)
အပူဒဏ်မှ သက်သာရန် ဘားတစ်ခု၌ ထိုင်၍ အဖျော်ယမကာ သောက်စားနေသူ အမျိုးသားနှစ်ဦးကို ရဲက နိုဝင်ဘာ ၂၁ ရက်၌ ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် ကုန်တင်ယာဉ်နှင့် လူနာတင်ယာဉ်များကို မိုလိုတော့ဗ် (ဓာတ်ဆီ ပုလင်းဗုံး)ဖြင့် မီးရှို့ကြောင်း စွပ်စွဲချက်ဖြင့် ရဲက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဘော်ဆိုနာရိုကို ထောက်ခံသူများသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ ကြားဝင်စွက်ဖက်မှု (သို့မဟုတ်) တပ်မှူးများ ချီတက်ကြရန် တောင်းဆိုနေကြပြီး နိုင်ငံတဝန်း အခြားပြည်နယ်များတွင် ဆူပူဆန္ဒပြခဲ့ကြသည်။
ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးကတည်းက ဘော်ဆိုနာရိုသည် ယခုဆန္ဒပြမှုများ တရားဝင်ကြောင်းနှင့် ပြည်သူများ အသွားအလာ အဟန့်အတားမဖြစ်မချင်း ဆက်လက်ဆန္ဒပြကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
ရွေးကောက်ပွဲရလဒ် မကျေနပ်တဲ့ ဘော်ဆိုနာရို ထောက်ခံသူများ ဆန္ဒပြနေကြစဉ် (AP)
ထို့ပြင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကိုလည်း ဘော်ဆိုနာရိုက ကန့်ကွက်ရှုတ်ချခြင်း မပြုခဲ့ပေ။
ဆန္ဒပြပွဲ အများစုသည် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဖြစ်ကြသော်လည်း နောက်ပိုင်းတွင် အာဏာပိုင်များ အပေါ် သဘောထား တင်းမာသူများ ပါဝင်လာကြပြီး နည်းဗျူဟာအချို့ကို စတင်သုံးစွဲလာခဲ့သည်။
၎င်းတို့၏ လှုပ်ရှားမှုများသည် ပြောက်ကျားတိုက်ခိုက်ရေးသမားများ၊ ပြည်သူ့စစ်များနှင့် ပြည်တွင်း အကြမ်းဖက် သမားများနှင့် နှိုင်းယှဉ်၍ရကြောင်း ပြည်နယ်အစိုးရရှေ့နေချုပ် ဂျိုစီအန်တိုနီယိုဘော်ဂက်က ပြောကြားခဲ့သည်။
မက်တိုဂရော်ဆိုပြည်နယ်သည် ဘရာဇီးလ်ပြည်တွင်း ဆူပူအုံကြွမှုများအနက် အဓိကတစ်နေရာဖြစ်နေပြီး ဆန္ဒပြ သူများက လက်လုပ်ဗုံးများ၊ မီးရှူးမီးပန်းများ၊ သံတုတ်များ၊ ကျောက်တုံးများ၊ မော်တော်ကား တာယာများဖြင့် အဝေးပြေးလမ်းမများကို ပိတ်ဆို့ခဲ့ကြကြောင်း အဝေးပြေးလမ်း တာဝန်ကျရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Source: AP