- By CNI
- Category: နိုင်ငံရေး
- Hits: 1175
CNI International News
နယူးဒေလီ၊ သြဂုတ် ၉
အိန္ဒိယနိုင်ငံသည် စစ်ဘက်သုံး ဒရုန်းများထုတ်လုပ်သည့် ပြည်တွင်းကုမ္ပဏီများအား တရုတ်လုပ် ပစ္စည်းများကို အသုံးမပြုရန် မကြာသေးမီ လများအတွင်းက တားမြစ်ပိတ်ပင်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထောက်လှမ်းရေး အချက်အလက်များ ကျိုးပေါက်မည့် အန္တရာယ်ကို စိုးရိမ်ခြင်းကြောင့် ထိုကဲ့သို့ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် ကာကွယ်ရေးနှင့် စက်မှုအရာရှိ လေးဦးက ပြောကြားခဲ့သည်။
အိန္ဒိယသည် quadcopter ကဲ့သို့ မောင်းသူမဲ့ယာဉ်များအား ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရန် စစ်တပ်ကို အဆင့် မြှင့်တင်နေချိန်နှင့် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် တရုတ် ပစ္စည်းများကို ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အိန္ဒိယ၏ အခြေတည်စ စက်မှုကဏ္ဍသည် စစ်တပ်၏ လိုအပ်ချက်ကို ပြည့်မီစေရန် ကြိုးပမ်းနေရချိန်တွင် ဒရုန်းများ၌ အသုံးပြုသည့် တရုတ်နိုင်ငံလုပ် ဆက်သွယ်ရေးပစ္စည်းများ၊ ကင်မရာများ၊ ရေဒီယို ထုတ်လွှင့်မှု စနစ် များနှင့် ဆော့ဖ်ဝဲများကြောင့် ထောက်လှမ်းရေးသတင်း ကျိုးပေါက်မည့်အရေးအား အိန္ဒိယ၏ ကာကွယ်ရေးနှင့် စက်မှုကဏ္ဍမှ အရာရှိများက စိုးရိမ်နေသည်။

အိန္ဒိယစစ်တပ်က ဒရုန်းအသုံးပြုနေစဉ်
အိန္ဒိယအစိုးရနှင့် စက်မှုလုပ်ငန်းကဏ္ဍမှ အမည်မဖော်လိုသည့် အရာရှိအချို့သည် ရိုက်တာသတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်ခဲ့ချိန်တွင် ထိုအကြောင်းအရာသည် သိမ်မွေ့နက်နဲသဖြင့် မီဒီယာများသို့ ထုတ်ဖော် ပြောဆိုခွင့် မရှိကြောင်း ဖြေကြားခဲ့သည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကလည်း ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက် ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။
အမည်မဖော်လိုသည့် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်သီးအရာရှိ တစ်ဦးကမူ အိန္ဒိယစက်မှု လုပ်ငန်းကဏ္ဍ သည် ဆိုက်ဘာတိုက်ခိုက်မှုများကို စိုးရိမ်နေရသည့်တိုင် ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီး တရုတ်၏ စက်ပစ္စည်း အစိတ်အပိုင်းများအပေါ် မှီခိုနေရကြောင်း ရိုက်တာကို ပြောကြားခဲ့သည်။
တရုတ်ကမူ ဆိုက်ဘာတိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

အိန္ဒိယစစ်တပ်က ဒရုန်းအသုံးပြုနေစဉ်
တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနကလည်း ဒရုန်းများနှင့် ဆက်စပ်ပစ္စည်း ကိရိယာအချို့ကို ပို့ကုန် ထိန်းချုပ်မှု ပြုလုပ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။
၂၀၁၉ ခုနှစ်တွင် အမေရိကန် လွှတ်တော်က တရုတ်နိုင်ငံ၌ ပြုလုပ်သည့် ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများကို ဝယ်ယူခြင်း သို့မဟုတ် အသုံးပြုခြင်းကို ပင်တဂွန်အား ပိတ်ပင်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 980
CNI International News
မနီလာ၊ သြဂုတ် ၈
ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့မှ သင်္ဘောတစ်စင်းက ဖိလစ်ပိုင်သင်္ဘောများကို ပိတ်ဆို့ပြီး ရေအမြောက် (water cannon)ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်အတွက် ဖိလစ်ပိုင် အစိုးရက တရုတ်သံအမတ်ကို ဆင့်ခေါ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
"ကျနော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်သံအမတ် ဟွမ် (Huang) ကို ဒီနေ့မှာ ဆင့်ခေါ်ခဲ့ပြီး ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အပါအဝင် အသိပေး ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်" ဟု ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) က သြဂုတ် ၇ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
သြဂုတ် ၅ ရက်က တရုတ်၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် စပရက်တလေ (Spratly) ကျွန်းစု၏ Second Thomas Shoal သောင်အနီးတွင် ဖိလစ်ပိုင် စစ်တပ်၏ အစားအစာ၊ သောက်သုံးရေ၊ လောင်စာနှင့် အခြားလိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးသည့်် ထောက်ပို့သင်္ဘောများကို ပိတ်ဆို့ခဲ့ကြောင်း ဖိလစ်ပိုင်က စွပ်စွဲခဲ့သည်။
အဆိုပါ လုပ်ရပ်များသည် လွန်လွန်ကျူးကျူးဖြစ်ပြီး အန္တရာယ်များသည့် တရားမဝင် လုပ်ရပ်များဟု ဖိလစ်ပိုင်က ရှုတ်ချခဲ့သည်။

ဖိလစ်ပိုင် ကာကွယ်ရေး၀န်ကြီးကို တွေ့ရစဉ်
ဖိလစ်ပိုင်အနေနှင့် မိမိတို့၏ ပါလာဝမ် (Palawan) ကျွန်းနှင့် ကီလိုမီတာ ၂၀၀ ( ၁၂၄ မိုင်) အကွာအဝေးရှိ Second Thomas သောင်ကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ကြောင်း ဖိလစ်ပိုင် ထိပ်သီးအရာရှိ တစ်ဦးက သြဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်သည် နှစ်စဉ် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ထရီလျံချီရှိသည့် သင်္ဘောလမ်းကြောင်းများ ဖြတ်သန်းသွားလာ လေ့ရှိသည့် တောင်တရုတ် ပင်လယ်အတွင်းရှိ ရေပြင်နယ်နိမိတ် အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထား ပြီး ၎င်း၏ ကြေညာချက်ကို တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာ ခုံရုံး၏ စီရင်ချက်ကို မျက်ကွယ်ပြုခဲ့သည်။
ထို့ပြင် ဖိလစ်ပိုင်သင်္ဘောများသည် တရုတ်၏ ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သဖြင့် လိုအပ်သည့် ထိန်းချုပ်ရေး အစီအစဉ်များကို လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်ဟု တရုတ်အစိုးရက တုံ့ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး တရုတ်၏ လုပ်ရပ်ကို သြဂုတ် ၇ ရက်တွင် ရှုတ်ချခဲ့သည်။ အမေရိကန်နည်းတူ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့ကလည်း တရုတ်၏ လုပ်ရပ်များကို ဝေဖန်ရှုတ်ချခဲ့သည်။
ဖိလစ်ပိုင်နှင့် တရုတ်သည် တောင်တရုတ်ပင်လယ်တွင် ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ကာလ ကြာရှည် အငြင်းပွားခဲ့သည့် သမိုင်းကြောင်းရှိခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1012
CNI Interntaional News
နယူးဒေလီ၊ သြဂုတ် ၈
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)သည် မဏိပူရပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး လွှတ်တော်၌ အယုံအကြည် မရှိအဆို မဲခွဲဆုံးဖြတ်မှုနှင့် ရင်ဆိုင်ရမည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အိန္ဒိယ၏ ဝေးလံခေါင်သီသည့် အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်တွင် ပြည်တွင်းစစ် ဖြစ်ပွားမည့် အခြေအနေသို့ ရောက်ရှိနေချိန်၌ မိုဒီ၏ နှုတ်ဆိတ်နေမှုအပေါ် အတိုက်အခံများက ဝေဖန်ခဲ့ကြပြီး မိုဒီအား အယုံအကြည်မရှိအဆို ကို မဲခွဲရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
သြဂုတ် ၈ ရက်မှစပြီး အိန္ဒိယ၏ အောက်လွှတ်တော်တွင် မိုဒီအစိုးရအား ဆန့်ကျင်သည့် အယုံအကြည်မရှိအဆို မဲခွဲရေးအတွက် အချေအတင် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သလို သြဂုတ် ၁၀ ရက်နေ့၌ မိုဒီသည် လွှတ်တော်မှာ ဖြေရှင်းရမည် ဖြစ်သည်။
မိုဒီ၏ ဟိန္ဒူမျိုးချစ်ပါတီဖြစ်သည့် BJP ပါတီ လွှမ်းမိုးထားသော မဏိပူရပြည်နယ်တွင် လူမျိုးစု အကြမ်းဖက်မှုများ အဆိုးရွားဆုံး အခြေအနေအထိ ရောက်ရှိခဲ့သည်မှာ သုံးလခန့် ကြာမြင့်လာခဲ့သော်လည်း မိုဒီသည် ထိုအကြောင်း အရာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

မဏိပူရပြည်နယ်အတွင်းကို နေရပ်စွန့်ခွာ တိမ်းရှောင်နေကြစဉ်
ထို့ကြောင့် ၎င်း၏ ပျက်ကွက်မှုနှင့်ပတ်သက်ပြီး လွှတ်တော်တွင် အယုံအကြည်မရှိအဆိုကို တင်သွင်းရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
BJP ပါတီက နေရာအများစု ချုပ်ကိုင်ထားသည့် လွှတ်တော်တွင် အယုံအကြည်မရှိအဆို မဲခွဲမှုကို မိုဒီသည် သေချာပေါက် ကျော်လွှားနိုင်မည် ဖြစ်သော်လည်း ယခုဖြစ်ပျက်နေသည့် နိုင်ငံရေး အခင်းအကျင်းကြောင့် မိုဒီ သည် လွှတ်တော်ရှေ့မှောက်တွင် မဏိပူရ အကျပ်အတည်းကို ဖြေရှင်းရဖွယ် ရှိနေသည်။

မဏိပူရပြည်နယ်အတွင်းက လူမျိုးစု အဓိကရုန်းကြောင့် ပျက်စီးမှုများကိုတွေ့ရစဉ်
မေလ အစောပိုင်းကတည်းက မဏိပူရပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးစု ပဋိပက္ခများကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ကာ လူပေါင်း ၅၀,၀၀၀ ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
"ဝန်ကြီးချုပ်ကတော့ ဒီအရေးကိစ္စမှာ နှုတ်ဆိတ်နေတာဟာ သူ့ကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ယူဆထား ပါလိမ့်မယ်။ သူ့အစိုးရအဖွဲ့ လုပ်နေတဲ့ အလုပ်တွေကနေတစ်ဆင့် အိန္ဒိယပြည်သူတွေနဲ့ အဆက်အသွယ် မပြတ် ဘူးလို့ ထင်ချင်လည်း ထင်နေပါလိမ့်မယ်"ဟု လွတ်လပ်သည့် ဂျာနယ်လစ် တစ်ဦးဖြစ်သည့် အာရာတီ အာရ် ဂျာရက်သ် (Arati R. Jerath) က ပြောကြားခဲ့သည်။
မိုဒီသည် သူ၏အာဏာရပါတီ BJP ထက် ပိုမိုကျော်ကြားနေသဖြင့် လာမည့်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ မဏိပူရအရေးတွင် နှုတ်ဆိတ်နေခြင်းသည်။
သူ၏ နိုင်ငံရေးပုံရိပ်ကို အကာကွယ်ယူခြင်း ဖြစ်နိုင်သည်ဟုလည်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 911
CNI International News
နီယာမေ၊ သြဂုတ် ၈
နိုက်ဂျာ၏ အာဏာသိမ်းခေါင်းဆောင်များသည် လေပိုင်နက်ကို ပိတ်ခဲ့ပြီး ဒေသတွင်း နိုင်ငံများသည် နိုက်ဂျာအား ကျူးကျော်ဝင်ရောက်ရန် စီစဉ်နေသည်ဟု စွပ်စွဲခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
နိုက်ဂျာတွင် သြဂုတ် ၆ ရက်နေ့ နောက်ဆုံးထားပြီး သမ္မတကို အာဏာပြန်အပ်ရန် တောင်းဆိုချက်ကို နိုက်ဂျာ စစ်ခေါင်းဆောင်များက ဖီဆန်ခဲ့ပြီးနောက် နိုက်ဂျာလေပိုင်နက်အပေါ်မှ လေယာဉ်များ ပျံသန်းမည့် ကြိုးပမ်းမှု များကို ချက်ချင်းတုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် သမ္မတ မိုဟာမက် ဘာဇုမ်း (Mohamed Bazoum) ကို သြဂုတ် ၆ ရက် နောက်ဆုံးထားပြီး အာဏာပြန်မအပ်ပါက စစ်အင်အား အသုံးပြုပြီး ဝင်ရောက်မည်ဟု အနောက်အာဖရိက နိုင်ငံများ စီးပွားရေး အဖွဲ့အစည်း (ECOWAS) က သတိပေးခဲ့သည်။

ECOWAS မှ ခေါင်းဆောင်များကို တွေ့ရစဉ်
ထိုသတိပေးချက်အရ အာဏာပြန်အပ်ရန် နောက်ဆုံးအချိန် သတ်မှတ်ထားသည့် သြဂုတ် ၆ ရက် ည သန်းခေါင် အချိန်မတိုင်မီ နာရီပိုင်းအလိုတွင် နိုက်ဂျာစစ်ခေါင်းဆောင်များက နိုင်ငံပိုင်ရုပ်သံမှ ကြေညာခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်း ခေါင်းဆောင်များ၏ ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှူးကြီး အာမန်ဒူ အဗ္ဗဒရာမာနီ (Amadou Abdramane) က အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံသည် နိုက်ဂျာအား ကျူးကျော်ရန် ပြင်ဆင်နေကြောင်းနှင့် နောက်ထပ် သတင်း မထုတ်ပြန်မီ အချိန်အထိ နိုက်ဂျာလေပိုက်နက်ကို ပိတ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗဟိုအာဖရိကမှ နိုင်ငံနှစ်နိုင်ငံသည် နိုက်ဂျာကို ကျူးကျော်ရန် ပြင်ဆင်နေကြောင်း နိုက်ဂျာ စစ်ခေါင်းဆောင်များ က ပြောကြားခဲ့သော်လည်း မည်သည့် နိုင်ငံများဖြစ်သည်ကိုတော့ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ ပြည်သူများ အနေနှင့် နိုင်ငံကို ကာကွယ်ရန် တိုက်တွန်းခဲ့သည်။
လတ်တလောတွင် နိုက်ဂျာ လေပိုင်နက်အနီး တစ်ဝိုက်တွင် ပြေးဆွဲရန် ပြင်ဆင်ထားသည့် နိုင်ငံတကာ လေကြောင်းလိုင်းများသည် ပျံသန်းမည့် လမ်းကြောင်းများကို ပြောင်းလဲခဲ့ရပြီး နိုက်ဂျာတွင်ရှိနေသော အမေရိကန် စစ်မှုထမ်း ၁၁၀၀ ၏ အနာဂတ်ကိုလည်း ရှင်းလင်းစွာ မသိရသေးပေ။

မာလီနဲ့ ဘာကီနာဖာဆို အာဏာသိမ်းခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်
နိုက်ဂျာ၏ အိမ်နီးချင်း မာလီနှင့် ဘာကီနာဖာဆို စစ်အစိုးရများကမူ နိုက်ဂျာအား ထောက်ခံကြောင်း ပြသရန် နိုက်ဂျာသို့ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ကြောင်း ကြေညာခဲ့သည်။
ထို့ပြင် နိုက်ဂျာအား ကျူးကျော်ဝင်ရောက်ခြင်းသည် မိမိတို့အား စစ်ကြေညာခြင်း ဖြစ်သည်ဟုလည်း မာလီနှင့် ဘာကီနာဖာဆို စစ်ခေါင်းဆောင်များက သတိပေးခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 914
CNI International News
ဖနွမ်ပင် ၊ သြဂုတ် ၈
ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် သီဟမုဏိ (Norodom Sihamoni) သည် ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) ၏ သားဖြစ်သူ ဟွန်မာနက် (Hun Manet) ကို ဝန်ကြီးချုပ်သစ်အဖြစ် အမည်စာရင်း တင်သွင်းမှုအား သြဂုတ် ၇ ရက် တွင် အတည်ပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ်ရာထူးအတွက် ဘုရင်၏ အတည်ပြုချက်ကို ရရှိခဲ့သည့် ဟွန်မာနက်သည် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ကို ရရှိရန် လိုအပ်ဦးမည် ဖြစ်သည်။
ဇူလိုင် ၂၃ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)က သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့သဖြင့် ဟွန်မာနက်သည် လွှတ်တော်၌ ဝန်ကြီးချုပ်ရာထူး နေရာအတွက် အတည်ပြုချက်ကို လွယ်လင့်တကူ ရရှိလိမ့်မည် ဖြစ်သည်။

ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် သီဟမုဏိကိုတွေ့ရစဉ်
ဘုရင်၏ အတည်ပြု အမိန့်ကို ခမာနီပြောက်ကျားဟောင်း တစ်ဦးဖြစ်ပြီး နိုင်ငံကို ဆယ်စုနှစ် လေးစုနီးပါးကြာ အုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ် ဟွန်ဆန်က ၎င်း၏လူမှုမီဒီယာတွင် အရင်ဆုံး တင်ခဲ့ခြင်း ဖြစ်သည်။
သြဂုတ် ၅ ရက်က အသက် ၇၁ နှစ်ပြည့်ခဲ့သည့် ဟွန်ဆန်သည် ၎င်း၏ သားဖြစ်သူအား ပါတီတွင်း အာဏာယှဉ် ပြိုင်မှုမှ ကာကွယ်ရန် လူသိရှင်ကြား အာဏာလွှဲပြောင်းကြောင်း ကြေညာခဲ့သည်။

ဟွန်မာနက်နဲ့ ဟွန်ဆန်ကိုတွေ့ရစဉ်
သို့သော် ဟွန်ဆန်သည် CPP ၏ အဓိက နေရာကို ဆက်လက် ရယူထားလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဟွန်ဆန်ကလည်း သြဂုတ် ၆ ရက်တွင် သူတာဝန် ထမ်းဆောင်ခဲ့ရသည့် အခြေအနေများကို အသေးစိတ် ပြောကြားခဲ့ပြီး သူ့အနေနှင့် ခေါင်းဆောင်မှု နေရာတွင် ဆက်လက် တာဝန်ယူသွားဦးမည်ဟု ကြေညာခဲ့သည်။
"၂၀၂၃ ခုနှစ် မကုန်ခင်အချိန်အထိ အခြားရာထူးနေရာတွေမှာ ကျနော် ဆက်လက် တာဝန်ထမ်းဆောင်သွားမှာပါ။ အရမ်းခက်ခဲခဲ့တဲ့ အချိန်တွေမှာ ကျနော့်သားကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျနော့် ဇနီးကိုလည်း ကျနော် ကျေးဇူး တင် ပါတယ်"ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။
သြဂုတ် ၂၂ ရက်တွင် ကမ္ဘောဒီးယားလွှတ်တော်သည် ဟွန်မာနက်ကို ဝန်ကြီးချုပ်ရာထူး နေရာအတွက် အတည်ပြု ရန် မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 857
CNI International News
ဘန်ကောက် ၊ သြဂုတ် ၇
ထိုင်းတွင် ဒီမိုကရက်တစ်ပါတီ (Democrat Party) သည် ခေါင်းဆောင်သစ်တစ်ဦး ရွေးကောက်ရန်နှင့် အုပ်ချုပ် ရေး ဘုတ်အဖွဲ့ ဖွဲ့စည်းရန် ပါတီညီလာခံ ပြုလုပ်နိုင်ခဲ့ခြင်း မရှိသဖြင့် ပါတီတွင်း သဘောထား ကွဲလွဲမှုများ ပိုမို နက်ရှိုင်းလာဖွယ်ရှိသည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ပါတီ၏ ပဋိညာဉ်စာတမ်းအရ ပါတီညီလာခံ ပြုလုပ်ပြီး မဲပေးရွေးချယ်ရန် ပါတီဝင် ၂၅၀ ဦး လိုအပ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် မဲပေးမည့် ပါတီဝင် ၂၂၃ ဦးသာ ရှိခဲ့သဖြင့် သြဂုတ် ၆ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ပါတီအထွေထွေညီလာခံကို ရွှေ့ဆိုင်းခဲ့ရသည်။
မဲပေးမည့် ပါတီဝင် လုံလောက်မှုမရှိသဖြင့် ပါတီညီလာခံကို ရွှေ့ဆိုင်းရမှုသည် ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။ ပထမအကြိမ် ပါတီညီလာခံကို ဇူလိုင် ၉ ရက်တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ညီလာခံ တက်ရောက် မည့် ပါတီဝင် ၂၅၀ ဦး မပြည့်သဖြင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ဒီမိုကရက်တစ်ပါတီ ပါတီအတွင်းရေးမှူးချုပ် ချာလမ်ချိုင်း သီရိအွန်ကို တွေ့ရစဉ်
ယခုကဲ့သို့ ပါတီညီလာခံကို နှစ်ကြိမ် ရွှေ့ဆိုင်းရခြင်းသည် ယခင်ပါတီ ခေါင်းဆောင်ဟောင်း အဘီဆစ် ဝိဇ္ဇာဇီဝ (Abhisit Vejjajiva) ကို ပြန်လည်တင်မြှောက်ပြီး ပါတီကို လက်ရှိဖြစ်ပွားနေသည့် အကျပ်အတည်းအတွင်းမှ ဆွဲထုတ်ရန် ဆန္ဒရှိနေသည့် ဒီမိုကရက်အချို့၏ နည်းပရိယာယ်ဟု ယူဆရသည်။
လွှတ်တော် ကိုယ်စားလှယ် မဟုတ်သည့်် ပါတီဝင်များသည် လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ပါတီဝင် များနှင့် ပါတီရွေးကောက်ပွဲတွင် နေရာရရှိမှုကို ၇၀/၃၀ အချိုးချထားသည့် ပဋိညာဉ်ကို ပြင်ဆင်ရန် သို့မဟုတ် ဖြေလျှော့ရန် တိုက်တွန်းခဲ့သည်။

ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် တစ်ဦးကိုတွေ့ရစဉ်
ထိုပဋိညာဉ်ကို ပြင်ဆင်ခြင်းမပြုပါက လက်ရှိ ပါတီအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ချာလမ်ချိုင်း သီရိအွန် (Chalermchai Sri-on) သည် ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံရလိမ့်မည်ဟု အဘီဆစ်ကို ထောက်ခံသည့် ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အများစုက ယူဆထားကြသည်။
ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးကမူ ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့အတွင်း ပါဝင်လိုသည့် အစီအစဉ်များကို ချပြခဲ့သည့် ချာလမ်ချိုင်းအား ထောက်ခံလျက်ရှိသည်။
မည်သို့ပင်ဆိုစေ ပါတီတွင်း မဲခွဲဆုံးဖြတ်မှုတွင် ပါဝင်မည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အများစုက ဖြူထိုင်းပါတီကို ၎င်းတို့၏ အကြီးမားဆုံး ရန်ဘက်အဖြစ် ယူဆထားပြီး ပါတီခေါင်းဆောင်ဟောင်း အဘီဆစ်ကို ပြန်လည်တင်မြှောက်ရန် ဆန္ဒရှိနေသည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 797
CNI International News
မော်စကို၊ သြဂုတ် ၇
ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ လေတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ ရည်ရွယ်ထားသည့် ပစ်မှတ်များအား ထိမှန်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ရော့ဗ်နို (Rovno) ဒေသရှိ ဒူဘနိုမြို့နှင့် ခါမယ်နစ်စကီး (Khmelnitsky) ဒေသရှိ စတာရိုကွန်စတန်တီနော့ဗ် (Starokonstantinov) မြို့များရှိ ယူကရိန်း၏ လေတပ်စခန်းများကို ညအချိန်တွင် ပစ်မှတ်တိကျမှုရှိသည့် လက်နက်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုတွင် ရည်ရွယ်ထားသည့် ပစ်မှတ်များကို ထိမှန် ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အိုင်ဂေါ် ကိုနာရှန်ကော့ဗ် (Igor Konashenkov) က အကျဉ်းချုံးပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စတာရိုကွန်စတန်တီနော့ဗ်မြို့က ယူကရိန်းလေတပ်စခန်းကို တွေ့ရစဉ်
"ပြီးခဲ့တဲ့ညက ရုရှားပြည်ထောင်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ တာဝေးပစ် ဝေဟင်နဲ့ ရေပြင်အခြေစိုက် တိကျမှု ရှိတဲ့ လက်နက်တွေကို အသုံးပြုပြီး ခါမယ်နစ်စကီးဒေသက စတာရိုကွန်စတန်တီနော့ဗ်မြို့နဲ့ ရော့ဗ်နို ဒေသက ဒူဘနိုမြို့အနီးမှာရှိတဲ့ ယူကရိန်း လေတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုရဲ့ ရည်မှန်းချက်ဟာ အောင်မြင်ခဲ့ပြီး သတ်မှတ်ထားတဲ့ ပစ်မှတ်အားလုံးကို ထိမှန်ခဲ့ပါတယ်" ဟု အိုင်ဂေါ်က ပြောသည်။
ပြီးခဲ့သည့် ရက်ကလည်း ရုရှားတပ်ဖွဲ့သည် အထူးစစ်ဆင်ရေးကို ဆက်လက်ပြုလုပ်ခဲ့ပြီး ဒွန်းနက်စ် (Donetsk)၊ ဇာပိုရိုရှား (Zaporozhye)၊ ကရက်စ်နီ လီမန် (Krasny Liman)၊ ကူးပန့် (Kupansk) နှင့် ဒွန်းနက်စ် တောင်ပိုင်း ဒေသများတွင် ယူကရိန်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို တွန်းလှန်ခဲ့ပြီး တိုက်ခိုက်အနိုင်ယူခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 931
CNI International News
ဘန်ကောက် ၊ သြဂုတ် ၇
ထိုင်းနိုင်ငံတွင် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ကြီးမားသည့် နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ဖြူးထိုင်း ပါတီက ဝန်ခံခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အဆိုပါ အကျပ်အတည်းကို ကျော်လွှားရန် ကြိုးပမ်းနေသည်ဟုလည်း ဖြူးထိုင်းပါတီက ပြောသည်။
အစိုးရဖွဲ့စည်းရေးအတွက် အချိန်ကန့်သတ်ထားသည့် ဖွဲ့စည်းပုံ၏ ကန့်သတ်ချက်ကြောင့် ထိုအကျပ်အတည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်း၏ ပြေပြစ်မှုမရှိသည့် အုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံနှင့် မတူ ကွဲပြားသည့် နိုင်ငံရေးအုပ်စုများအကြား ပဋိပက္ခများ ရှိနေကြောင်း ဖြူးထိုင်းပါတီ၏ လက်ထောက်ခေါင်းဆောင် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ပြောသည်။

ဖြူးထိုင်းပါတီ၏ လက်ထောက်ခေါင်းဆောင် ဖွမ်သမ် ဝီချာယာချိုကို တွေ့ရစဉ်
"လက်ရှိ အခြေအနေအရ အစိုးရဖွဲ့ဖို့ မလွယ်ကူပါဘူး။ ကျနော်တို့ပါတီဟာ ညွန့်ပေါင်းမဟာမိတ်ရဲ့ ခေါင်းဆောင် ပါတီ ဖြစ်တာကြောင့် ကျနော်တို့ရဲ့ ရပ်တည်ချက်နဲ့ ခေါင်းဆောင်မှုအပိုင်းကို ခိုင်မာနေစေဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ညွန့်ပေါင်း မဟာမိတ်ပါတီတွေအကြား မတူကွဲပြားမှုတွေကို ကိုယ်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်သလို နိုင်ငံကိုလည်း ဒီအကျပ်အတည်းကနေ ဆွဲထုတ်နိုင်မှာ မဟုတ်ပါဘူး"ဟု ဖွမ်သမ်က ပြောသည်။
ထိုင်းတွင် ပြည်တွင်း၊ ပြည်ပ အခြေအနေ အရပ်ရပ်ကြောင့် ပြီးခဲ့သည့် ၈ နှစ်မှ ၉ နှစ်အတွင်း ပြည်သူများနှင့် နိုင်ငံရေး အခင်းအကျင်းသည် သိသာထင်ရှားစွာ ပြောင်းလဲခဲ့သည်။
လက်ရှိ အခြေအနေအရ ဖြူးထိုင်းပါတီသည် အစိုးရအဖွဲ့သစ်ကို ဦးဆောင်ချိန်တွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက် ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင် ပြည်သူများကို ကတိပေးခဲ့သည့် မူဝါဒများကို အကောင်အထည်ဖော်ရန် လုပ် ဆောင်နေသည်ဟု ဖွမ်သမ်က ပြောသည်။

ထိုင်းပြည်သူလူထုကိုတွေ့ရစဉ်
"ကျနော်တို့ရဲ့ ပြဿနာကို နိုင်ငံ့ ပြဿနာမျိုး ဖြစ်လာအောင် မလုပ်ပါဘူး။ ဒါ့အပြင် ပြည်သူတွေရဲ့ အကျိုးစီးပွား ထက် ကျနော်တို့ အကျိုးစီးပွားကိုပဲ ကာကွယ်နေတာမျိုးလည်း မလုပ်ပါဘူး " ဟု ဖွမ်သမ်က ပြောသည်။
ဖြူးထိုင်းသည် နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာရန် လက်တွေ့ကျပြီး ညင်သာသည့် ချဉ်းကပ်မှုဖြင့် လုပ်ဆောင်နေသလို သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ပြီး အကောင်းဆုံး အခြေအနေကို မျှော်လင့်ထားသည်ဟု ၎င်းက ဆိုသည်။
သြဂုတ် ၄ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် လွှတ်တော်တွင်း ဝန်ကြီးချုပ်ရွေးချယ်မှုကို ရွှေ့ဆိုင်းခဲ့သည့်တိုင် မိမိတို့ပါတီမှ အဆိုပြုတင်သွင်းသော ဝန်ကြီးချုပ် ကိုယ်စားလှယ်အတွက် လုံလောက်သည့် ထောက်ခံမဲရရှိရန် ယုံကြည်ထားသည်ဟု ဖြူးထိုင်းပါတီအတွင်းရေးမှူးချုပ် ပရာဆတ် ချန်တာရာရွန်ထောင် (Prasert Chantara ruang thong) က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 945
CNI International News
အဒစ် အဘာဘာ၊ သြဂုတ် ၅
အီသီယိုပီယားနိုင်ငံ၏ အမ်ဟာရာ (Amhara) ဒေသတွင် စစ်တပ်နှင့် ဒေသခံ လက်နက်ကိုင်များအကြား တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီးနောက် အီသီယိုပီးယား ဗဟိုအစိုးရသည် သြဂုတ် ၄ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
"ထိန်းမနိုင်သိမ်းမရတဲ့ အခြေအနေကို ထိန်းချုပ်ဖို့ ခက်ခဲလာတာကြောင့် တရားရေးစနစ်အပေါ် အခြေခံပြီး အရေးပေါ်အခြေအနေကို ကြေညာခဲ့တာ ဖြစ်ပါတယ်"ဟု အီသီယိုပီးယား ဝန်ကြီးချုပ် အဘီ အာမက် (Abiy Ahmed) ၏ ရုံးက ထုတ်ပြန်ခဲ့သည်။
ထိုအရေးပေါ် အခြေအနေသည် အမ်ဟာရာ ဒေသတွင်သာ ကြေညာခြင်း သို့မဟုတ် တစ်နိုင်ငံလုံးတွင် ကြေညာ ခြင်း ဆိုသည်ကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

အီသီယိုပီးယားနိုင်ငံအတွင်းက လက်နက်ကိုင် တပ်ဖွဲ့ကိုတွေ့ရစဉ်
အီသီယိုပီးယား၏ ဒုတိယ လူဦးရေအများဆုံး ဒေသဖြစ်သည့် အမ်ဟာရာတွင် ယခုသီတင်းပတ် အစောပိုင်းက Fano ပြည်သူ့စစ်နှင့် အီသီယိုပီးယား အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ENDF) တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လုံခြုံရေး အကျပ်အတည်း ပေါ်ပေါက်ခဲ့သည်။
အမ်ဟာရာ၏ အိမ်နီးချင်း တီဂရေး (Tigray) ဒေသတွင် အစိုးရတပ်များနှင့် တီဂရေးလက်နက်ကိုင်များအကြား နှစ်နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ချိန်က Fano ပြည်သူ့စစ်သည် အစိုးရတပ်များကို ကူညီတိုက်ခိုက်ပေးခဲ့သည်။
တီဂရေးစစ်ပွဲသည် ပြီးခဲ့သည့် နိုဝင်ဘာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဖြင့် အဆုံးသတ်ခဲ့သည်။
သို့သော် အစိုးရတပ်များသည် အမ်ဟာရာဒေသ၏ လုံခြုံရေးကို လျစ်လျူရှုခဲ့ပြီးနောက် Fano ပြည်သူ့စစ်နှင့် အစိုးရတပ်များအကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့၀င် တစ်ဦးကိုတွေ့ရစဉ်
သြဂုတ် ၁ ရက်နှင့် ၂ ရက် တွင် Fano ပြည်သူ့စစ်နှင့် ENDF တပ်ဖွဲ့များသည် ဒီဘရီ တာဘော် (Debre Tabor) မြို့အနီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသည့် ဆရာဝန်တစ်ဦးနှင့် ရဲအရာရှိတစ်ဦးတို့က ပြောကြားခဲ့သည်။
သြဂုတ် ၃ ရက်တွင်မူ အမ်ဟာရာဒေသ အစိုးရက အရေးပေါ်အခြေအနေကို ကြေညာရန် ဗဟိုအစိုးရကို တောင်းဆိုခဲ့သည်။
အမ်ဟာရာ အာဏာပိုင်များသည် ဒေသအတွင်း စီးပွားရေး၊ လူမှုရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတို့ကို ဆိုးရွားခြင်းမရှိစေရန် သင့်လျော်သည့် စီမံချက်များ ချမှတ်လုပ်ဆောင်ရန် အီသီယိုပီးယား ဝန်ကြီးချုပ်ထံ စာတစ်စောင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား
