- By CNI
- Category: နိုင်ငံရေး
- Hits: 933
CNI International News
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၆
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ နိုဝင်ဘာ ၁၅ ရက်က ရောက်ရှိလာခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ယခုသီတင်းပတ်အတွင်း ရှီနှင့် ပြုလုပ်မည့် ဆွေးနွေးမှုများအတွင်း နှစ်နိုင်ငံ စစ်တပ်အချင်းချင်း ဆက်သွယ်မှုများ အပါအဝင် တရုတ်နှင့် ပုံမှန်ဆက်သွယ်ရေးများ ပြန်လည်ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ပြောကြားခဲ့ပြီးနောက် ရှီသည် အမေရိကန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ရှီသည် အဖွဲ့ဝင် ၂၁ နိုင်ငံပါဝင်သည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ညီလာခံကို မတက်ရောက်မီ ဘိုင်ဒန်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး ထောက်ခံနေကြစဉ်
ထိုအစည်းအဝေးသည် ၎င်းတို့နှစ်ဦးအကြား တစ်နှစ်အတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှု ဖြစ်လာမည် ဖြစ်သည်။
အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးမှအစ လူ့အခွင့်အရေးအဆုံး အရေးကိစ္စ အများအပြားတွင် တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ထိပ်သီးအဆင့် အစည်းအဝေးများကို လနှင့်ချီပြုလုပ်ခဲ့ကာ ရှီနှင့် ဘိုင်ဒန်တို့၏ အစည်းအဝေး ဖြစ်မြောက်ရေးကို စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဝါရှင်တန်မှ ဆန်ဖရန်စစ္စကိုသို့ မထွက်ခွာမီ ဘိုင်ဒန်က ၎င်း၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ဆက်ဆံရေးများကို မြှင့်တင်ရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘိုင်ဒန်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
"ကျနော်တို့ဟာ တရုတ်နဲ့ အဆက်ဖြတ်ဖို့ ကြိုးစားမှာမဟုတ်ပါဘူး။ ဆက်ဆံရေးတွေ ပိုကောင်းလာဖို့အတွက်ပဲ ကြိုးပမ်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်" ဟု ဘိုင်ဒန်က ဆန်ဖရန်စစ္စကိုသို့ မသွားရောက်မီ အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
ရှီသည် ဆန်ဖရန်စစ္စကိုသို့ ၎င်း၏ Air China လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လေဆိပ်သို့ ရောက်ရှိချိန် တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလန် (Janet Yellen) နှင့် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် နီကိုလက်စ် ဘန်းစ် (Nicholas Burns) အပါအဝင် အမေရိကန် အရာရှိများနှင့် တွေ့ဆုံခဲ့သည်။
ရှီသည် ယခင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဖလော်ရီဒါ (Florida)တွင် တွေ့ဆုံခဲ့သည့် ၂၀၁၇ ခုနှစ်နောက်ပိုင်း ယခုခရီးစဉ်သည့် ၎င်း၏ ပထမဆုံး အမေရိကန်ခရီးစဉ် ဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1031
CNI International News
ဂါဇာ၊ နိုဝင်ဘာ ၁၆
အစ္စရေးစစ်သားများသည် နိုဝင်ဘာ ၁၅ ရက်က ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ အယ်လ် ရှီဖာ (Al Shifa) ဆေးရုံ ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဟားမာ့စ် တိုက်ခိုက်ရေးသမားအချို့ကို သတ်ဖြတ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုဆေးရုံအတွင်း လူနာများ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများနှင့် ကျန်းမာရေးဝန်ထမ်းများ ထောင်ချီရှိနေပြီး တိုက်ခိုက်မှု များ ဖြစ်ပွားနေသည့် သီတင်းပတ်များအတွင်း ထိုဆေးရုံအတွင်း၌ ပိတ်မိနေခဲ့သည်။
အစ္စရေးကမူ ဟားမာ့စ်အဖွဲ့သည် အယ်လ်ရှီဖာ ဆေးရုံ၏ အောက်တွင် စစ်စခန်းတစ်ခု ဖွင့်ထားကာ စစ်ရေး လှုပ်ရှားမှုများကို ဖုံးကွယ်ရန်နှင့် ဓားစာခံများအား ထိန်းသိမ်းထားရန် မြေအောက်လိုဏ်ခေါင်းများကို အသုံးပြု နေသည်ဟု ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့ကမူ အစ္စရေး၏ ပြောကြားချက်ကို ငြင်းဆိုထားသည်။
"ဆေးရုံထဲကို မဝင်ခင်မှာ ကျနော်တို့ တပ်ဖွဲ့တွေဟာ အကြမ်းဖက်သမားတွေရဲ့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်မှု၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက် သမားတွေ သေဆုံးခဲ့ပါတယ်" ဟု အစ္စရေးစစ်တပ်က တိုက်ပွဲဖြစ်ပွားသည့် တည်နေရာ အသေးစိတ်ကို ထုတ်ဖော် ခြင်းမပြုဘဲ ပြောကြားခဲ့သည်။

ဂါဇာဒေသကို တွေ့ရစဉ်
အယ်လ်ရှီဖာ ဆေးရုံဝန်းအတွင်း စစ်သွေးကြွ ၅ ဦး အသတ်ခံခဲ့ရပြီး လက်နက်များကိုလည်း တွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ် ရေဒီယိုက ထုတ်လွှင့်ခဲ့သည်။
အယ်လ်ရှီဖာ ဆေးရုံသည် ဟားမာ့စ်အဖွဲ့အပေါ် စစ်ပွဲဆင်နွှဲနေသည့် အစ္စရေးစစ်တပ်၏ အာရုံစိုက်သည့် နေရာ ဖြစ်လာခဲ့သဖြင့် မကြာသေးမီ ရက်ပိုင်းများအတွင်း အပစ်အခတ်ရပ်စဲရန် နိုင်ငံတကာ၏ တောင်းဆိုမှုများ ပေါ်ထွက်လာခဲ့သည်။
နိုဝင်ဘာ ၁၅ ရက်က အစ္စရေးစစ်သားများသည် ဆေးရုံ၏ အနောက်ဘက်ခြမ်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံဝန်း အတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မူနီယာ အယ် ဘာရက်ရှ် (Munir al-Bursh) က ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ထောက်လှမ်းရေး သတင်းများအပေါ် အခြေခံပြီး စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်အရ အစ္စရေးတပ်ဖွဲ့များသည် အယ်လ်ရှီဖာဆေးရုံဝန်း၏ နေရာတစ်ခု၌ ဟားမာ့စ်အဖွဲ့ကို ပစ်မှတ် ထားသည့် စစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 783
CNI International News
အိုင်ဇောလ်၊ နိုဝင်ဘာ ၁၅
မြန်မာနိုင်ငံတွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေသဖြင့် အိန္ဒိယ၏ မီဇိုရမ် (Mizoram) ပြည်နယ်၌ မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသတစ်လျောက် တပ်လှန့်နှိုးဆော်မှုကို မြှင့်တင်ထားကြောင်း Northeast Now မှ ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၁၂ ရက်ကစပြီး မီဇိုရမ်ပြည်နယ်နှင့် ထိစပ်နေသည့် မြန်မာနိုင်ငံနယ်စပ် တစ်လျှောက်တွင် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင် (Champhai) ခရိုင်ရှိ အာဏာပိုင်များက တပ်လှန့်နှိုးဆော်မှုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သည့် ရာနှင့်ချီသော မြန်မာနိုင်ငံသားများသည် အိန္ဒိယ-မြန်မာ နယ်စပ်ကို ဖြတ်သန်းပြီး မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလှုံရန် ကြိုးပမ်းခဲ့ကြသည်။

အိန္ဒိယဘက် ရောက်သွားတဲ့ မြန်မာ့တပ်မတော်သားတွေကို ရဟတ်ယာဉ်နဲ့ပြန်ပို့နေစဉ်
ထွက်ပေါ်နေသည့် သတင်းများအရ မြန်မာ့တပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ကေဒါများ အကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေသည်ဟု သိရသည်။
ဒီမိုကရေစီလိုလားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် CDF သည် ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို ရယူခဲ့ချိန်၌ တပ်မတော်ကို ခုခံတိုက်ခိုက်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မြန်မာလေတပ်သည် အိန္ဒိယနှင့် နယ်စပ်ချင်း ထိစပ်နေသည့် နေရာဒေသများအနီးတွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟုလည်း သတင်းများ၌ ဖော်ပြခဲ့သည်။
သို့သော် မြန်မာ့တပ်မတော်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မီဇိုရမ်ပြည်နယ်၏ ချမ်ဖိုင်ခရိုင်တွင် သေဆုံး၊ ဒဏ်ရာ ရသူများနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်ခဲ့ခြင်းမရှိကြောင်း Northeast Now မှ ဖော်ပြခဲ့သည်။
Source: Northeast Now
- By CNI
- Category: နိုင်ငံရေး
- Hits: 1054
CNI International News
လန်ဒန်၊ နိုဝင်ဘာ ၁၅
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်း (David Cameroon) သည် ဗြိတိန်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက် (Rishi Sunak)၏ ရုံးက ထုတ်ပြန်ခဲ့ကြောင်း တာ့စ် သတင်းဌာနမှ ဖော်ပြခဲ့သည်။
"ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းအား နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်" ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
ကင်မရွန်းသည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလီဗာလေ (James Cleverly) ၏ နေရာတွင် အစားထိုး တာဝန် ထမ်းဆောင်မည်ဖြစ်ပြီး ကလီဗာလေသည် ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်မည် ဖြစ်သည်။
ကင်မရွန်းသည် အသက် ၄၄ နှစ်အရွယ် ၂၀၁၀ ပြည့်နှစ်က ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၁၈၁၂ ခုနှစ် နောက်ပိုင်း ဗြိတိန်၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ကင်မရွန်းသည် ၂၀၀၅ ခုနှစ်ကတည်းက ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
သူသည် ၂၀၁၆ ခုနှစ် မတိုင်မီအထိ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲတာ၀န်ယူမည့် ကလီဗာလေကို တွေ့ရစဉ်
ကင်မရွန်းက သူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုပါက ဥရောပသမဂ္ဂနှင့် ဗြိတိန် ခွဲရေး၊ တွဲရေး(Brexit) အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပပေးမည်ဟု ကတိပြုခဲ့သူ ဖြစ်သည်။
ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ အနိုင်ရရှိခဲ့ပြီးနောက် ကင်မရွန်းသည် သူ့ကတိအတိုင်း ဆန္ဒခံယူပွဲကို ကျင်းပပေးခဲ့သည်။
ထိုဆန္ဒခံယူပွဲတွင် ဥရောပသမဂ္ဂထဲမှ ဗြိတိန် နုတ်ထွက်လိုသည့် ထောက်ခံမဲများက အနိုင်ရရှိခဲ့သည်။
ထို့နောက် ဥရောပသမဂ္ဂနှင့် ဆက်လက် လက်တွဲလိုသည့် ကင်မရွန်းသည် ၂၀၁၆ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။
ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ကင်မရွန်းသည် နိုင်ငံရေးလောကနှင့် ခပ်ကင်းကင်းနေခဲ့ကာ ပရဟိတ အလုပ်များကိုသာ လုပ်ဆောင်ခဲ့သည်။
ယခုတွင်မူ ကင်မရွန်းသည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် နိုင်ငံရေးလောကထဲကို တစ်ဖန်ပြန်လည် ဝင်ရောက် လာတော့မည် ဖြစ်သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1580
CNI International News
ဝါရှင်တန် ၊ နိုဝင်ဘာ ၁၄
အမေရိကန်သည် ဆီးရီးယားနိုင်ငံအတွင်းရှိ အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် ၎င်း၏ မဟာမိတ်အဖွဲ့များ အသုံးပြုသည့် စခန်းများကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဆီးရီးယား၏ အယ်လ်ဘူ ကာမယ် (Albu Kamal) မြို့အနီးရှိ စစ်ရေး လေ့ကျင့်ရေး စခန်းတစ်ခုနှင့် မာယာဒင်း (Mayadeen) မြို့အနီးရှိ လျှို့ဝှက်စခန်းတစ်ခုကို ပစ်မှတ်ထားပြီး တိကျသေချာသည့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ပြောကြားခဲ့သည်။
အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များ အဆက်မပြတ် တိုက်ခိုက်ခံနေရမှုကို တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လွိုက်အော်စတင်က ပြောသည်။

အီရန် ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့ကို တွေ့ရစဉ်
"သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ဟာ အမေရိကန်စစ်မှုထမ်းတွေရဲ့ လုံခြုံရေးထက်ပိုပြီး ဘာကိုမှ ဦးစား မပေးပါဘူး။ အမေရိကန်ဟာ ကိုယ်ကိုယ်ကို ကာကွယ်သွားမယ်ဆိုတာကို ပြသတဲ့အနေနဲ့ ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုကို သမ္မတကိုယ်တိုင်က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်" ဟု အော်စတင်က ပြောကြားခဲ့သည်။
အမေရိကန်၏ တိုက်ခိုက်မှုများထဲမှ တစ်ခုသည် ဒိုင်ယာ အယ်လ်ဇော (Dier al Zor) ပြည်နယ်၏ အယ်လ်ဘူ ကာမယ်မြို့ အနောက်ပိုင်းရှိ အီရန်လိုလားသည့် လက်နက်ကိုင်အဖွဲ့များ အသုံးပြုသည့် စခန်းတစ်ခုကို ပစ်မှတ် ထားခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
နောက်ထပ် တိုက်ခိုက်မှု တစ်ခုသည် အီရတ်နယ်စပ်အနီး မာယာဒင်းမြို့ရှိ အီရန်လိုလားသည့် လက်နက်ကိုင်အဖွဲ့ များ အသုံးပြုသော ခြေကုပ်စခန်းတစ်ခုကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှ ဖော်ပြခဲ့သည်။
ထိုပစ်မှတ်နှစ်ခုထဲမှ တစ်ခုသည် လက်နက်သိုလှောင်ရုံလည်း ပါဝင်ခဲ့သည်ဟု အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကိုတွေ့ရစဉ်
အောက်တိုဘာ ၇ ရက်က အစ္စရေး-ဟားမာ့စ် စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များကို ဒေသခံလက်နက်ကိုင်အဖွဲ့များက ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုကို အဆုံးသတ်စေရန် အမေရိကန်သည် သီတင်းနှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို တတိယအကြိမ် မြောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီ သီတင်းပတ်များအတွင်း အီရန်က ကျောထောက်နောက်ခံ ပြုထားသည့် လက်နက်ကိုင်များသည် အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်နှင့် ညွန့်ပေါင်းတပ်ဖွဲ့များကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် အကြိမ် ၄၀ ထက် မနည်း တိုက်ခိုက်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 818
CNI International News
ခါဆန်၊ နိုဝင်ဘာ ၁၃
ယူကရိန်းတပ်ဖွဲ့များသည် ခါဆွန် (Kherson) ဆိပ်ကမ်းမြို့ကို ရုရှားတပ်ဖွဲ့များထံမှ ပြန်လည်သိမ်းယူနိုင်ခဲ့သည်မှာ တစ်နှစ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း ရုရှားတပ်ဖွဲ့များသည် ခါဆွန်မြို့ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် တိုက်ခိုက်နေဆဲဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဒီနီပါ (Dnieper) မြစ်၏ ဘယ်ဘက် မြစ်ကမ်းပါးတွင် တပ်စွဲထားသည့် ရုရှားတပ်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကို ဒေသခံများက နေ့စဉ်နှင့်အမျှ ကြားနေရပြီး စိုးရိမ်ထိတ်လန့်နေရသည်။
လက်ရှိတွင် ခါဆွန်မြို့ထဲ၌ မရှိမဖြစ်ကုန်ပစ္စည်းများ ရောင်းချသည့် ဈေးဝယ်ကုန်တိုက်အချို့သာ ဖွင့်ထားကာ ဈေးဆိုင်အများစုမှာ ပိတ်ထားခဲ့သည်။

ခါဆွန်မြို့က ဒေသခံ တစ်ဦးကိုတွေ့ရစဉ်
ထို့ပြင် စည်ပင်သာယာရေး ဝန်ထမ်းများသည်လည်း အမှိုက်များကို လှည်းကျင်းသိမ်းဆည်းရာတွင် ကျည်ကာ အင်္ကျီများကို ဝတ်ဆင်ထားရသည်။
ခါဆွန်မြို့ခံများသည်လည်း အစားအစာများကို အရဲစွန့် ထွက်ဝယ်နေရပြီး အကြောက်အလန့်မရှိသည့် စားသောက်ဆိုင် အနည်းငယ်သာ ဖွင့်ထားသည်ဟု အေပီသတင်းတွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၁ ရက်က ယူကရိန်းတပ်ဖွဲ့များသည် ခါဆွန်မြို့ကို ရုရှားတပ်များထံမှ ပြန်လည် သိမ်းယူနိုင်ခဲ့သော်လည်း လက်ရှိအချိန်အထိ လွတ်မြောက်နယ်မြေတစ်ခုအဖြစ် မခံစားရသေးဘဲ ရုရှားတပ်များ၏ တိုက်ခိုက်ခြိမ်းခြောက်မှုကို ခံစားနေရဆဲဖြစ်သည်ဟု ခါဆွန်မြို့ခံများက ပြောသည်။

ခါဆွန်မြို့က စည်ပင်၀န်ထမ်းများကိုတွေ့ရစဉ်
သို့သော် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပုံမှန်နေထိုင်မှု ဘဝပုံစံကို ပြန်လည်ရောက်ရှိလာမည်ဟု ယုံကြည်ထားကြ သည့် ခါဆွန်မြို့ခံများလည်း ရှိနေသည်။
"သိမ်းပိုက်ခံထားရတဲ့ အခြေအနေအောက်မှာ နေထိုင်ရချိန်မှာ လွတ်လပ်မှုရဲ့ တန်ဖိုးကို ခင်ဗျားတို့ နားလည် လာပါလိမ့်မယ်။ ဒါပေမယ့် အခြေအနေ ဘယ်လောက်ပဲဆိုးဆိုး ကျနော်တို့ တောင့်ခံနိုင်ပါလိမ့်မယ်" ဟု ခါဆွန်မြို့ ခံတစ်ဦးဖြစ်သူ ဂရီဂိုရီ မာလော့ဗ် (Grigori Malov) က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 993
CNI International News
တိုကျို၊ နိုဝင်ဘာ ၁၃
မြောက်ကိုရီးယား၏ ဒုံးကျည် စီမံကိန်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များကို ဒီဇင်ဘာလအတွင်း မျှဝေအသုံးပြုရန် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား ကာကွယ်ရေး အကြီးအကဲများက သဘောတူခဲ့ကြသည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) သည် နိုဝင်ဘာ ၁၂ ရက်က တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝမ်ဆစ် (Shin Won-sik) ၊ ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူ ကီဟာရာ (Minoru Kihara) တို့နှင့် အွန်လိုင်းမှတစ်ဆင့် အစည်းအဝေး ပြုလုပ်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးများသည် ဆိုးရွားသည့် လုံခြုံရေး အခြေအနေများကို ရင်ဆိုင်ရာတွင် သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုများအား တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်ဟု ကီဟာရာက သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းတို့ ၃ ဦးအကြား ယခုကဲ့သို့ အစည်းအဝေး ပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားက ဒုံးကျည် တစ်စင်းပစ်လွှတ်နေစဉ်
" ကျနော်တို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့် သဘောတူညီချက်ကို ရရှိခဲ့ပါတယ်" ဟု ကီဟာရာက ထပ်လောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် သြဂုတ် ၁၈ ရက်က တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ (Yoon Suk Yeol) ၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida)တို့နှင့် တွေ့ဆုံခဲ့ချိန်ကလည်း ယခုနှစ် ကုန်ပိုင်းတွင် မိမိတို့ ၃ နိုင်ငံအကြား မြောက်ကိုရီးယား ဒုံးကျည်များနှင့် ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ သတိပေးချက်များကို မျှဝေရန် သဘောတူခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားနှင့် ရုရှားအကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်နေခြင်းသည် ကုလသမဂ္ဂ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာ ရောက်ကြောင်းလည်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန် ကာကွယ်ရေး ဝန်ကြီးများက ရှုတ်ချခဲ့ကြသည်။
သီးခြားအနေဖြင့် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ချားလ်စ် ဘရောင်း (Charles Q. Brown) သည် နိုဝင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်၌ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ကင်မ် ဆောင်ကွမ် (Kim Seung-kyum) နှင့်လည်း တွေ့ဆုံခဲ့သည်ဟု တောင်ကိုရီး ယား စစ်တပ်က ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 853
CNI International News
ဝါဆော၊ နိုဝင်ဘာ ၁၃
ပိုလန်နိုင်ငံ၊ ဝါဆော (Warsaw) မြို့တော်တွင် နိုဝင်ဘာ ၁၁ ရက်က မျိုးချစ်အုပ်စုများ၏ ချီတက်ဆန္ဒပြမှု၌ လူပေါင်းထောင်ချီ ပါဝင်ခဲ့ပြီး ထိုဆန္ဒပြမှုသည် ဥရောပမှာ အကြီးမားဆုံး မျိုးချစ်များ၏ ဆန္ဒပြမှုဖြစ်သည်ဟု ဆန္ဒပြပွဲကို စီစဉ်သူများက ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ချီတက်ဆန္ဒပြမှုတွင် ပါဝင်သည့် ဆန္ဒပြသူများသည် ပိုလန်၏ အဖြူရောင်နှင့် အနီရောင် နိုင်ငံတော်အလံနှင့် မီးရှူးမီးပန်းများကို ကိုင်ဆောင်ခဲ့ကြပြီး မြို့တော်ခန်းမမှ အမျိုးသား အားကစားရုံသို့ ချီတက်ခဲ့ကြသည်။
နှစ်စဉ်နှစ်တိုင်း ပိုလန်လွတ်လပ်ရေးနေ့တွင် ပြုလုပ်လေ့ရှိသည့် ထိုဆန္ဒပြမှုကို လွှတ်တော်ရွေးကောက်ပွဲ၌ ဥရောပလိုလားသည့် အတိုက်အခံများက နေရာအများစုကို အနိုင်ရခဲ့ပြီးနောက် တစ်လမပြည့်မီ အချိန်မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဝါဆောမြို့တော်ဝန် ရာဖယ်လ် တာဇက်စကောစကီးကို တွေ့ရစဉ်
လူဦးရေ ၃၈ သန်းခန့် နေထိုင်သည့်် ပိုလန်တွင် ထိုကဲ့သို့ မျိုးချစ်များ၏ ပွဲအခမ်းအနားများ ပြုလုပ်လေ့ရှိပြီး ထိုအခမ်းအနာများကို အီတလီနှင့် ဟန်ဂေရီ အပါအဝင် ဥရောပနိုင်ငံများမှ အခြား လက်ယာယိမ်း မျိုးချစ်အုပ်စု များက ထောက်ခံကြောင်း ဖော်ပြခဲ့ကြသည်။
ချီတက်ဆန္ဒပြသူများထဲတွင် ဘောလုံးပရိသတ်များသည် လူသိများထင်ရှားပြီး ၎င်းတို့ထဲမှ တစ်ချို့သည် လက်ယာအစွန်းရောက်သော ဆောင်ပုဒ်များ ရေးသားထားသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။
ထို့ပြင် ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သည့် အဖွဲ့များကလည်း ခရစ်ယာန်ဘာသာ၏ သင်္ကေတများကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြသည်။
ထိုချီတက်ဆန္ဒပြမှုတွင် ပူးပေါင်းပါဝင်ခဲ့သည့် ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူများကို ရဲတပ်ဖွဲ့က ဖယ်ရှားခဲ့ ရသည်။
ယခုနှစ်တွင် ပြုလုပ်သည့် ချီတက်ဆန္ဒပြမှုကို လူပေါင်း ၄၀,၀၀၀ ခန့် ပါဝင်ခဲ့ပြီး ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့သည်ဟု ဝါဆောမြို့တော်ဝန် ရာဖယ်လ် တာဇက်စကောစကီး (Rafal Trzaskowski) က ပြောကြားခဲ့သည်။
မကြာသေးမီ နှစ်များအတွင်းက နှစ်စဉ်ပြုလုပ်လေ့ရှိသည့် လွတ်လပ်ရေးနေ့ ချီတက်ဆန္ဒပြမှုများတွင် လူပေါင်း ၂၅၀,၀၀၀ အထိ ပါဝင်ခဲ့သည်ဟုလည်း အယ်လ်ဂျာဇီးယားသတင်း၌ ဖော်ပြခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 780
CNI International News
လန်ဒန်၊ နိုဝင်ဘာ ၁၃
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် ပါလက်စတိုင်းလိုလားသည့် ဆန္ဒပြသူများက ငြိမ်းချမ်းစွာ လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြသော်လည်း တန်ပြန်သပိတ်ဖြစ်သော လက်ယာယိမ်း ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်် သီတင်းပတ်အစောပိုင်းက ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆူအယ်လာ ဘရေဗာမန်း (Suella Braverman) က ပါလက်စတိုင်းလိုလားသည့်် ဆန္ဒပြမှုများကို အမုန်းတရားအတွက် ချီတက်ဆန္ဒပြမှုများအဖြစ် သတ်မှတ် ဖော်ပြခဲ့သဖြင့် ပါလက်စတိုင်းထောက်ခံသူများအကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၁၁ ရက် ချီတက်ဆန္ဒပြမှုသည် ပထမကမ္ဘာစစ်အပြီး စစ်ရပ်ဆိုင်းရေးနေ့ (Armistice Day) ကို အကြည်ညို ပျက်စေနိုင်သဖြင့် ထိုချီတက်ဆန္ဒပြမှုကို တားမြစ်ပိတ်ပင်ရန် ဘရေဗာမန်းက ပြောကြားခဲ့ဖူးသဖြင့် ပါလက်စတိုင်း ထောက်ခံသူများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

ပါလက်စတိုင်း ထောက်ခံသူများကိုတွေ့ရစဉ်
ဘရေဗာမန်း၏ မှတ်ချက်စကားများသည် ပါလက်စတိုင်း ထောက်ခံသည့် ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့ရန် ကြိုးပမ်းနေသည့် လက်ယာယိမ်းအုပ်စုများကို ဆွဲဆောင်နိုင်ခဲ့ဖွယ် ရှိသည်။
ထိုအချက်ကို လက်ယာယိမ်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်က မီးမောင်းထိုး ပြသရာ ရောက်ခဲ့သည်။
ဗြိတိန်တွင် တရားဥပဒေစိုးမိုးရေးကို ကြီးကြပ်ရသည့် ဘရေဗာမန်းအနေဖြင့် လက်ရှိ၌ ရာထူးမှ နုတ်ထွက်ရမည် ဖြစ်ကြောင်း စကော့တလန် ဝန်ကြီးတစ်ဦးဖြစ်သူ ဟမ်ဇာ ယူဆက် (Humza Yousaf)က ပြောကြားခဲ့သည်။
"လက်ယာယိမ်းဝါဒီတွေကို ပြည်ထဲရေးဝန်ကြီးက ရဲဆေးတင်ပေးခဲ့ပါတယ်။ သူ (ဘရောဗာမန်း)ဟာ သဘော ထား ကွဲလွဲမှုတွေကို မီးလောင်ရာ လေပင့်ခဲ့ပါတယ်။ အခုဆိုရင် လက်ယာယိမ်းဝါဒီတွေဟာ စစ်ရပ်ဆိုင်းရေးနေ့မှာ တောင် ရဲတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ပါတယ်။ သူဟာ ပြည်ထဲရေးဝန်ကြီးအဖြစ် ရပ်တည်နိုင်စွမ်း မရှိတော့ပါဘူး" ဟု ယူဆက်က ပြောကြားခဲ့သည်။

ပါလက်စတိုင်းအရေး ဆန္ဒပြနေကြစဉ်
ငြိမ်းချမ်းရေးကို ချိုးဖောက်ခံရမည့် အရေးကို ဟန့်တားရန် ဆန္ဒပြသူ ၈၂ ဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ဖမ်းဆီးခံရ သူများသည် ပါလက်စတိုင်း ထောက်ခံသည့် ဆန္ဒပြသူများအား တန်ပြန် သပိတ်ဆင်နွှဲမည့် လက်ယာယိမ်းအုပ်စုမှ ဖြစ်သည်ဟု လန်ဒန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တန်ပြန်သပိတ် ဆင်နွှဲသူအများစုသည် ဗြိတိန်နိုင်ငံတစ်ဝန်းမှ ဆိုးသွမ်း ဘောလုံးပရိသတ်များဖြစ်ပြီး ခိုက်ရန် ဖြစ်ပွားမှုများအတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာရခဲ့ကာ ၂ ဦးကို ဆေးရုံတင်ထားရကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Source: အေပီ
