CNI International News

ဝါရှင်တန်၊ဖေဖော်ဝါရီ ၂၅

၂၀၂၁ ခုနှစ်အတွင်း အမေရိကန်သမ္မတ ဘိုင်ဒန်နှင့် မိသားစုအား လက်ဆောင်ပေးခဲ့သူများစာရင်းတွင် ရုရှား သမ္မတ ပူတင်နှင့် အာဖဂန်ပြည်ပြေး သမ္မတဂါနီတို့က ထိပ်ဆုံးမှာ ရှိနေကြောင်း ကြာသပတေးနေ့၌ ထုတ်ပြန် ခဲ့သည့် ဖက်ဒရယ်စာရွက်စာတမ်းများတွင် ဖော်ပြထားသည်ဟု အေပီသတင်းက ဖော်ပြခဲ့သည်။

ဆက်ဆံရေး ကောင်းမွန်နေချိန်တွင် ပူတင်သည် ဘိုင်ဒန်အား ဒေါ်လာ ၁၂၀၀၀ တန်ဖိုးရှိ သစ်စေးသုတ် သေတ္တာနှင့် ဘောပင်တို့ကို လက်ဆောင်ပေးခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇွန်လ ဂျီနီဗာညီလာခံတွင် ပေးခဲ့ခြင်း ဖြစ်သည်။

နောက်တစ်လအကြာတွင် ထိုစဉ်က အာဖဂန်သမ္မတဟောင်း မိုဟာမက် အာရှရဖ် ဂါနီ (Mohammed Ashraf Ghani) နှင့် ဇနီးဖြစ်သူတို့သည် အမေရိကန်သမ္မတနှင့် သမ္မတကတော်တို့အား ခန့်မှန်းခြေ ဒေါ်လာ ၂၈၈၀၀ တန်ဖိုးရှိ ခြေသုတ်ခုံ လက်ဆောင်ပေးခဲ့သည်။

အာဖဂန်သမ္မတ မိုဟာမက် အာရှရဖ် ဂါနီနဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်(AP)

သို့သော် ဂျီနီဗာ အစည်းအဝေး ပြီးဆုံးချိန်မှ စတင်ခဲ့သော အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေး အဆင်မပြေမှုသည် ယူကရိန်းအရေးတွင် ပို၍ ဆိုးရွားခဲ့သည်။

တစ်ဖက်တွင်လည်း ဂါနီသည် အာဖဂန်နိုင်ငံတွင်းမှ အမေရိကန်တပ်များ ထွက်ခွာခဲ့သည့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ နောက်ပိုင်း အာဖဂန်နိုင်ငံကို တာလီဘန်များ ထိန်းချုပ်လိုက်ခြင်းကြောင့် ထွက်ပြေးခဲ့ရသည်။

ဘိုင်ဒန်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ထိုစဉ်က အာဖဂန်အစိုးရ၌ ဒုတိယရာထူးအကြီးဆုံးဟု သတ်မှတ်ခံထားရသည့် အဗ္ဗဒူလာ အဗ္ဗဒူလာ(Abdullah Abdullah) ထံမှ ခန့်မှန်းခြေ ဒေါ်လာ ၁၁၅၀ တန်ဖိုးရှိ ကျောက်မျက်သေတ္တာ တစ်ခုကိုလည်း ရရှိခဲ့သည်။

ထို့နောက် ဂါနီသည် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) အား ဒေါ်လာ ၂၆၅၀ တန်ဖိုးရှိ ကော်ဇောတစ်ခု လက်ဆောင်ပေးခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်များထံမှ အမေရိကန်အရာရှိများ လက်ဆောင် ရရှိမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို နိုင်ငံခြားရေးဌာနမှ ထုတ်ပြန်ခဲ့ပြီး Federal Register ဝဘ်ဆိုဒ်၌ ကြာသပတေးနေ့တွင် ဖော်ပြခဲ့ သည်။

အဲလိဇဘတ် ဘုရင်မကြီးနဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်

၂၀၂၁ ခုနှစ်အတွက် လက်ဆောင်စာရင်းဆိုင်ရာ တရားဝင် ထုတ်ပြန်ချက်ကို သောကြာနေ့တွင် ပြုလုပ်သည်။

ပူတင်နှင့်ဂါနီတို့ထံမှ ရရှိသော လက်ဆောင်များကို အမျိုးသားမော်ကွန်းတိုက်တွင် ထိန်းသိမ်းထားသည်။

၄၁၅ ဒေါ်လာထက် ပို၍ တန်ဖိုးရှိသော လက်ဆောင်ပစ္စည်းများကို အမေရိကန်အရာရှိများအနေဖြင့် မော်ကွန်း တိုက်သို့ လွဲပြောင်းပေးရမည်ဆိုသည့် သတ်မှတ်ချက်ကြောင့် ဖြစ်သည်။

သို့သော် လက်ခံရရှိသူမှ ပစ္စည်းတန်ဖိုးအတိုင်း ပေးမည်ဆိုလျှင် ယင်းကို ရယူခွင့်ရှိသည်။ ဘိုင်ဒန်သည် အင်္ဂလန် တွင် ကျင်းပခဲ့သော G-7 အစည်းအဝေး၌ လက်ဆောင်ရရှိခဲ့သော ခန့်မှန်းခြေ ဒေါ်လာ ၂၂၀၀ တန် အဲလိဇဘတ် ဘုရင်မကြီး၏ ငွေဘောင်ကွပ် ဓာတ်ပုံကို ရယူထားရန် ဆုံးဖြတ်ခဲ့သည်ဟုလည်း သိရသည်။

Source: AP