- By CNI
- Category: အားကစား
- Hits: 834
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ မက်ဆီကို ကျော်ဖြတ်ပြီး ကမ္ဘာ့လစာအများဆုံး အားကစားသမား အဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ Forbes ရဲ့ ကမ္ဘာ့လစာအများဆုံးအားကစားသမားစာရင်းမှာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ပြီးကတည်းက ရော်နယ်ဒို ဟာ ဒေါ်လာ ၁၃၆ သန်း ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အတွက် ဝင်ငွေအများဆုံးအားကစားသမားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် ကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကိန်းဂဏန်းတွေကို ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်အထိ တစ်နှစ်စာ တွက်ချက်ခဲ့တာလို့ သိရပါတယ်။ ရော်နယ်ဒိုရဲ့ ဝင်ငွေတွေကို ကွင်းတွင်းနဲ့ကွင်းပြင်ပ ခွဲခြားထားတာမှာ ကွင်းတွင်းဝင်ငွေ ဒေါ်လာ ၄၆ သန်း၊ ကွင်းပြင်ပ ဝင်ငွေ ကတော့ ဒေါ်လာသန်း ၉၀ ရရှိခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့လာချိန်မှာ သူ့ရဲ့လစာဟာ ၂ ဆနီးပါးတိုးလာခဲ့တာဖြစ်ပေမယ့် Nike နဲ့ CR7 အမှတ်တံဆိပ်ကုန်ပစ္စည်းတွေ၊ စပွန်ဆာ သဘော တူညီမှုတွေကြောင့် သူ့ရဲ့ဝင်ငွေဟာ အများအပြားရရှိခဲ့တာပါ။
၂၀၂၂ ခုနှစ်က ဒီလိုမျိုးစံချိန်တင်နိုင်ခဲ့တဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တုန်းက တစ်နှစ်ပတ်လုံးဝင်ငွေ ဒေါ်လာသန်း ၁၃၀ ရရှိခဲ့တာပါ။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ကွင်းတွင်းဝင်ငွေ ဒေါ်လာ ၆၅ သန်းနဲ့ ကွင်းပြင်ပဝင်ငွေ ဒေါ်လာ ၆၅ သန်းရရှိခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ ဘတ်ပီကတော့ ဒေါ်လာ သန်း ၁၂၀ နဲ့ ရော်နယ်ဒို၊ မက်ဆီတို့ရဲ့ နောက်မှာ ရပ်တည်ခဲ့တာပါ။

နာမည်ကြီးဘတ်စကတ်ဘောကြယ်ပွင့် လီဘရွန်ဂျိမ်းစ်က ဒေါ်လာ ၁၁၉ သန်းနဲ့ စတုတ္တနေရာမှာ ရပ်တည်ခဲ့ ပေမယ့် ဘတ်စကတ်ဘော အားကစားသမားတွေထဲမှာတော့ ဝင်ငွေအကောင်းဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ပဉ္စမနေရာမှာတော့ လက်ဝှေ့အားကစားသမား ကာနီလိုအယ်လ်ဗားရတ်ဇ်က ဒေါ်လာသန်း ၁၁၀ နဲ့ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 802
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄
ဘာမင်ဂမ်အသင်းကနေ လူတန်တောင်းအသင်းကို ပေါင် ၄ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ တာဟစ်ချောင်ရဲ့ ယူနိုက်တက်အသင်းဟာ ပေါင် ၁ သန်း ရရှိသွားခဲ့ပါတယ်။
တန်းတက်ခွင့် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ အနိုင်ရပြီး ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ် တန်းတက်နိုင်ခဲ့တဲ့ လူတန်တောင်းအသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ အားဖြည့်ဖို့ လုပ်ဆောင်နေ တာပါ။
လူတန်တောင်းအသင်းဟာ ထိပ်တန်းလိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ့် ခက်ခဲတဲ့ ရာသီအတွက် ပြင်ဆင်နေပြီး ယူနိုက်တက် လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ တာဟစ်ချောင်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ တာဟစ်ချောင်ဟာ ယူနိုက်တက် အသင်းကြီးအတွက် ပွဲအနည်းငယ်သာ ပါဝင်ကစားခဲ့ ရပေမယ့် ဘာမင်ဂမ်အသင်းကို ရောင်းချခဲ့တုန်းက ချုပ်ဆိုခဲ့တုန်းစဉ် စာချုပ်အရ ရောင်းချမယ်ဆိုရင် ၂၅ ရာခိုင်နှုန်း ပေးချေရမယ်လို့ ပါဝင်ခဲ့တာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ တာဟစ်ချောင်အတွက် ဘာမင်ဂမ်အသင်း ရောင်းချခဲ့တဲ့ ပေါင် ၄ သန်း ထဲက ပေါင် ၁ သန်းကို ရရှိခဲ့တာ ဖြစ်ပါတယ်။

တာဟစ်ချောင်ကို တွေ့ရစဉ်
တာဟစ်ချောင်ဟာ ပြီးခဲ့တဲ့ရာသီက ဘာမင်ဂမ်အသင်းအတွက် ၄၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၄ ဂိုး သွင်းယူကာ အသင်း ကို အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါ တယ်။
နယ်သာလန် ယူ-၂၁ ကစားသမားဟာ ယူနိုက်တက် အသင်းအတွက် ၁၆ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ဝါဒါဘရီမင်နဲ့ ကလပ်ဘရုဂျ်အသင်းတွေမှာလည်း အငှားကစားခဲ့တာ ဖြစ်ပါတယ်။
တာဟစ်ချောင်က “ကျနော်ဒီကို ရောက်ရှိလာပြီး နာရီအနည်းငယ်အကြာမှာ ဒီအသင်းကို မိသားစုကလပ်တစ်ခုလို ခံစားမိခဲ့ပါတယ်။ သူတို့ကစားပုံကို ကျနော်မြင်တွေ့ဖူးပြီး စည်းလုံးညီညွှတ်မှုကို ပြသပါတယ်။ မိသားစုအသင်း ဖြစ်မှသာ ဒါကို ခင်ဗျားတို့ ရနိုင်မှာပါ။ အသင်းတိုင်းဟာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး အမြဲတမ်း ကောင်းမွန် မှာ မဟုတ်ပေမယ့် မိသားစုအသင်း ဖြစ်ရင်တော့ အတူတူလက်တွဲပြီး လုပ်ဆောင်ရတာက ပိုပြီးလွယ်ကူပါတယ်” လို့ ပြောခဲ့ပါတယ်။
လူတန်တောင်းအသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းမှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 855
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄
အယ်လ်အီတီဖတ်အသင်း နည်းပြသစ် ဂျရတ်ဟာ သူနဲ့ ကစားသမားတွေ အကြားမှာ သာသာစကား အခက်အခဲ တွေ ရှိနေတာကြောင့် နည်းစနစ်ပိုင်း ညွှန်ကြားတာမှာ အခက်တွေ့နေတယ်လို့ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုမှာ မြင်တွေ့ခဲ့ရပါတယ်။
ဇူလိုင်လ အစပိုင်းကမှ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အီတီဖတ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံထားရ တဲ့ ဂျရတ်ဟာ ဘာသာစကား အခက်အခဲကို စတင်ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ရိုးရှင်းတဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ကစားသမားတွေဟာ သူတို့လုပ်ဆောင်ရမယ့် အရာကို နားမလည်တာ ကြောင့် စိတ်ရှုပ်ထွေးနေတဲ့ ပုံတွေ ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ဂျရတ်အနေနဲ့ ဒီလိုအခြေအနေတွေကို ထပ်ပြီးကြုံတွေ့လာရမှာကို ရှောင်ရှားနိုင်ဖို့အတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ လိုအပ်နေပါတယ်။
တွစ်တာမှာ တင်ထားခဲ့တဲ့ ဗွီဒီယိုမှာ အယ်လ်အီတီဖတ် ကစားသမားတွေဟာ ဂျရတ်ရဲ့ နည်းစနစ်ပိုင်း ညွှန်ကြား မှုတွေကို နားလည်နိုင်ဖို့ ကြိုးစားနေကြသလို သူကိုယ်တိုင်လည်း ကစားသမားတွေနဲ့ ဆက်သွယ်ဖို့ ရုန်းကန်နေ ရတာ ဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိ နည်းပြဟာ သြဂုတ်လမှာ စတင်မယ့် ရာသီသစ် မတိုင်ခင်မှာ အသင်းကို အားစိုက်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
ဂျရတ်ရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ကစားသမားအချို့ဟာ အပြေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြပြီး အချို့က တော့ ဆော်ဒီရဲ့ နေရောင်အောက်မှာ ကြံ့ခိုင်မှုအပိုင်းတွေနဲ့ ဘောလုံး လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါ တယ်။
အက်စတွန်ဗီလာနဲ့ ရိန်းဂျားစ်အသင်း နည်းပြဟောင်းဟာ အသင်းလူစာရင်းကို အားကောင်းလာစေဖို့အတွက် လီဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆန် အပါအဝင် ကစားသမားအချို့ကို အသင်းထံ ခေါ်ယူနိုင်ဖို့ လုပ်ဆောင် နေပါတယ်။
အယ်လ်အီတီဖတ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၇ နေရာ ရပ်တည်ပြီး ရာသီအဆုံးသတ် နိုင်ခဲ့တာကြောင့် ရာသီသစ်မှာ ဒီထက်ပိုမိုကောင်းမွန်တဲ့ အဆင့်ရပ်တည်နိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 666
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄
ဂျူဗင်တပ်စ်အသင်းဟာ ဥရောပစူပါလိဂ်(ESL) ကနေ ထွက်ခွာဖို့အတွက် လုပ်ငန်းစဉ်တွေကို စတင်ပြီး လုပ်ဆောင်နေပြီလို့ အီတလီကလပ်က ဇူလိုင် ၁၃ ရက်က ပြောခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ စူပါလိဂ်ကနေ ထွက်ခွာဖို့အတွက် ဒီအဖွဲ့ထဲမှာ ကျန်ရှိနေတဲ့ ရီးရယ်လ်၊ ဘာစီလိုနာ၊ အခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့တာပါ။ အီတလီကလပ်အနေနဲ့ ရီးရယ်လ်၊ ဘာစီလိုနာ အသင်းတို့က ခွင့်ပြုမှသာ သူတို့ရဲ့ ဒီလိဂ်ကနေ ထွက်ခွာမှုဟာ ပြီးမြောက်ပြီး ထိရောက်မှုရှိလိမ့်မယ်လို့ ပြော ခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းက “ဆွေးနွေးမှုတွေ အပြီးမှာတော့ စူပါလိဂ်အတွက် သက်ဆိုင်တဲ့အချက်အလက်တွေကို အဓိပ္ပါယ်ဖွင့်ဆိုတာနဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေရှိနေပါတယ်။ အဲဒါကြောင့် အသင်းဟာ ဒီလိဂ်ကနေ ထွက်ခွာဖို့ အတွက် လုပ်ငန်းစဉ်တွေကို စတင်ပြီးလုပ်ဆောင်ခဲ့တယ်ဆိုတာ အတည်ပြုတယ်”လို့ ပြောခဲ့တာပါ။

ဥရောပစူပါလိဂ်ပြိုင်ပွဲရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌဟောင်း အက်ဂ်နယ်လီဟာ ကစားသမားတွေကို ကလပ်ရဲ့ငွေပေးချေမှုမှာ မှားယွင်းခဲ့တာတွေကြောင့် ဘောလုံးနဲ့ ပတ်သက်ခွင့် ၁၆ လ ပိတ်ပင်ခြင်းခံထားရတာဖြစ်ပါတယ်။ အက်ဂ်နယ်လီနဲ့ ဘုတ်အဖွဲ့တစ်ခုလုံးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက တူရင် ကလပ်ကနေ နုတ်ထွက်ကြောင်း ကြေညာထားတာပါ။
ဥရောပစူပါလိဂ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ဥရောပထိပ်သီး ၁၂ သင်းက ပွဲတွေကို ထိန်းချုပ်နိုင်ဖို့၊ ယူအီးအက်ဖ်အေနဲ့ ဝေးကွာတဲ့ အကျိုးအမြတ်အများအပြားကို ရယူဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကစား သမားတွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကြောင့် ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူးလ်၊ စပါး၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ အေစီမီလန်၊ အင်တာမီလန်နဲ့ အသလက်တီကိုတို့က ထွက်ခွာသွားတာကြောင့် ၄၈ နာရီအတွင်းမှာ ဒီအစီအစဉ်ဟာ ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 967
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄
ယူနိုက်တက်အသင်းဟာ အင်တာမီလန် အသင်းဂိုးသမား အိုနာနာကို ယူရို ၅၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေ အများအပြားက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ အိုနာနာကို ယူရိုသန်း ၅၀ ၊ ထပ်တိုးပေးချေမှု ယူရို ၅ သန်းနဲ့ အပြောင်းအရွှေ့ အပြီးသတ် တော့မယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ရေးသားထားပါတယ်။
မန်ချက်စတာကလပ်ဟာ အိုနာနာအတွက် ဇူလိုင် ၁၃ ရက်က အင်တာမီလန်အသင်း လက်ခံနိုင်မယ့် နောက်ဆုံး ကမ်းလှမ်းမှုကို နှုတ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ကလပ် ၂ သင်းဟာ ငွေပေးချေမှု ပုံစံအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်းမှာ ကာလကြာရှည်ရှိခဲ့တဲ့ ဂိုးသမား ဒီဂီယာ အသင်းက ထွက်ခွာသွားပြီးနောက် ဂိုးသမားသစ် ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
အဲဒါကြောင့် မန်ချက်စတာကလပ်ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ အိုနာနာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ပြီး ကစားသမားသစ်အဖြစ် ကြေညာနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ အိုနာနာဟာ မကြာသေးခင် လပိုင်းအတွင်းမှာ ဥရောပရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲ က တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

အိုနာနာနဲ့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
ကင်မရွန်း ဂိုးသမားဟောင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှ အင်တာမီလန်အသင်းထံ ရောက်ရှိလာခဲ့ပြီး အသင်း အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲ ပေးဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အိုနာနာဟာ အေဂျတ်စ်အသင်းမှာ ကစားခဲ့ချိန်က ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ ကစားခဲ့ရတာဖြစ်လို့ ဒတ်ချ်လူမျိုးနည်းပြဟာ ကင်မရွန်းဂိုးသမားဟောင်းရဲ့ အရည်အသွေးကို သိရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ အိုနာနာကို ၄ နှစ် စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး အမေရိကန်နိုင်ငံကို သွားရောက်မယ့် အသင်း ရဲ့ ရာသီကြိုခရီးစဉ်ကို ခေါ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။
မန်ချက်စတာကလပ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ မေဆန်မောင့် တစ်ဦးထဲကိုသာ ခေါ်ယူထားတာဖြစ်ပြီး အိုနာနာရဲ့ အပြောင်းအရွှေ့ပြီးရင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူနိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါ တယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 702
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းခေါင်းဆောင်ရာထူးကို ဆုံးဖြတ်တာမှာ အသင်းသားတွေ ကို မဲပေးရွေးချယ်ခိုင်းမှာ မဟုတ်ဘဲ သူဆုံးဖြတ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်း ခေါင်းဆောင်ရာထူးကို ဆုံးဖြတ်ဖို့ အသင်းသားတွေကို မဲပေးရွေးချယ်ခိုင်းမှာလားလို့ မေးမြန်းခံခဲ့ရတာမှာ အဲရစ်တန်ဟတ်က “မပေးပါဘူး။ အဝတ်လဲခန်းကို မဲပေးဖို့ ကျနော်ခွင့်မပေးပါဘူး။ ဒါက ကျနော့်အပေါ်မှာပဲ မူတည်တယ်”လို့ ဖြေသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီသစ် မစတင်ခင်မှာ အသင်းခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
မက်ဂွဲယားဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလကတည်းက ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပေမယ့် မနှစ်ကရာသီက သူ့ရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့တာတွေကြောင့် ဗာရန်း၊ လီဆန်ဒရိုမာတီးနတ်ဇ်၊ လင်ဒီလော့ဖ်နဲ့ လုပ်ခ်ရှောတို့ရဲ့ နောက်မှာသာ ပွဲကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းရဲ့ ပွဲအများအပြားကို ဘရူနိုဖာနန်ဒက်စ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာပါ။
မန်ချက်စတာကလပ်ဟာ အခုအပြောင်းအရွှေ့မှာ မက်ဂွဲယားကို ရောင်းချဖို့ စီစဉ်နေပြီး အင်္ဂလန် နောက်ခံလူ အတွက် ပေါင်သန်း ၅၀ ဈေးနှုန်း သတ်မှတ်ထားပါတယ်။

ဘရူနိုဖာနန်ဒက်စ်နဲ့မက်ဂွဲယားကို တွေ့ရစဉ်
အဲဒါကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းရဲ့ တရားဝင် အသင်းခေါင်းဆောင် ဖြစ်လာတော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။
ကလပ်အသင်းတချို့ဟာ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ရွေးချယ်တာမှာ နည်းပြက ဆုံးဖြတ်တာမဟုတ်ဘဲ အသင်းဖော်တွေက မဲပေးရွေးချယ်ပြီး ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒတ်ချ်လူမျိုး နည်းပြကတော့ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို သူပဲ ဆုံးဖြတ်မယ် လို့ အတည်ပြုခဲ့တာပါ။
ရာသီသစ်အတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ယူနိုက်တက်အသင်းဟာ ကစားသမားတွေ အစုံအလင် မပါဝင် သေးပေမယ့် ရာသီကြို ခြေစမ်းပွဲတွေ စတင်ပြီး ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပထမဆုံးပွဲစဉ်အဖြစ် လိဒ်စ်အသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဇူလိုင် ၁၉ ရက်မှာ ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 663
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
ပြီးခဲ့တဲ့နှစ်က ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမားတွေ စေလွှတ်ပေးခဲ့တာမှာ မန်စီးတီးအသင်းဟာ အခြားအသင်းတွေထက် ဖီဖာဆီကနေ ငွေပေးမှု အများဆုံး ရရှိခဲ့ပါတယ်။
ဖီဖာဟာ ကလပ်အသင်းတွေထံ စုစုပေါင်း ငွေပေးချေမှု ပေါင် ၁၆၀.၉၁ သန်းရှိခဲ့တာမှာ မန်စီးတီးအသင်းက ပေါင် ၃.၅၄ သန်းနဲ့ အများဆုံး ရရှိခဲ့ပါတယ်။
ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီနဲ့ ရီးရယ်လ်အသင်းတို့ဟာ မန်စီးတီးအသင်းရဲ့ နောက်မှာ ငွေပေးချေမှု အများဆုံး ရရှိတဲ့ အသင်းတွေအဖြစ် ရပ်တည်ခဲ့ပါတယ်။
ဒီငွေပေးချေမှုမှာ အင်္ဂလိပ်ကလပ် အသင်းတွေဟာ ပေါင် ၂၉ သန်းရရှိခဲ့ပြီး အခြားနိုင်ငံက အသင်းတွေထက် ပိုပြီးတော့ ရရှိခဲ့တာပါ။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ ကစားသမား ၈၃၇ ဦးရဲ့ ဒီပြိုင်ပွဲမှာရှိခဲ့တဲ့ ရက်အရေအတွက်အတိုင်း ဖီဖာက ငွေပေးချေခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကို အာဂျင်တီးနားရရှိခဲ့စဉ်
ကစားသမား တစ်ဦးချင်းစီဟာ တစ်ရက်ကို ပေါင် ၉,၃၃၈ ရရှိခဲ့တာပါ။ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ နိုင်ငံပေါင်း ၃၂ သင်းကနေ ၄၈ သင်းအထိ အသင်းအရေအတွက် တိုးပြီးကျင်းပမယ့် ၂၀၂၆ နဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီထက်ပိုပြီးပေးမယ်လို့ အတည်ပြုထားပါတယ်။
ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ မန်စီးတီးအသင်းပြီးရင် ယူနိုက်တက်အသင်းက ပေါင် ၂.၈၅ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ချယ်လ်ဆီးအသင်းက ပေါင် ၂.၇၉ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေတာပါ။
အင်္ဂလန်ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်အသင်းက ပေါင် ၄၉၆,၀၀၀ ၊ ဆွမ်ဆီးအသင်းက ပေါင် ၄၄၆,၀၀၀ ရရှိခဲ့တာ ဖြစ်ပြီး စကော့တလန် အသင်းတွေထဲမှာ ဆဲလ်တစ်အသင်းက ပေါင် ၅၁၁,၀၀၀ နဲ့ အများဆုံး ရရှိခဲ့တာဖြစ်ပါ တယ်။
ဘရာဇီးလ်ကလပ် ဆန်းတို့စ် အပါအဝင် ကလပ်အသင်း ၅ သင်းဟာ အနည်းဆုံး ငွေပေးချေမှုဖြစ်တဲ့ ပေါင် ၁၁,၉၄၀ သာ ရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1092
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
ဘိုင်ယန်မြူးနစ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ မာနေးကို ရောင်းချဖို့ စီစဉ်နေပြီး ဈေးနှုန်းပါ သတ်မှတ်ခဲ့တယ်လို့ Sky Germany က ဖော်ပြခဲ့ပါတယ်။
ဆီနီဂေါလက်ရွေးစင် မာနေးဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာ ပြဿနာ၊ခြေစွမ်းမတည်ငြိမ်မှု၊ ဆာနေးနဲ့ အချင်းများ ခဲ့တာတွေကြောင့် အခုအပြောင်းအရွှေ့မှာ ဂျာမန်ကလပ်ကနေ ထွက်ခွာဖို့ နီးစပ်နေတာပါ။ ဂျာမန်သတင်းစာတွေ မှာ မာနေးဟာ လာမယ့်ရာသီအတွက် နည်းပြ တူချယ်လ်ရဲ့ အစီအစဉ်မှာ မပါဝင်တော့တာကြောင့် အပြောင်း အရွှေ့ဈေးကွက်ထဲမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ မာနေးဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ လီဗာပူးလ်အသင်းကနေ ယူရို ၃၂ သန်းနဲ့ ဘိုင်ယန် မြူးနစ်အသင်းထံ ပြောင်းရွှေ့လာပြီး ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ လီဗာပူးလ်အသင်းမှာ ကစားခဲ့တုန်းက ခြေစွမ်း ပြသနိုင်ခဲ့တဲ့ မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲဦးထွက်ရာသီမှာ ပွဲပေါင်း ၃၈ ပွဲပါဝင်ကစားကာ ၁၂ ဂိုး သွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘွန်ဒစ်လီဂါ လက်ရှိချန်ပီယံအသင်းဟာ မာနေးအတွက် အနည်းဆုံး ယူရိုသန်း ၂၀ ရရှိရင် ရောင်းချသွားဖို့ မျှော်လင့်နေပြီး လီဗာပူးလ်ကစားသမားဟောင်းကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတွေက စိတ်ဝင်စားနေတာပါ။ အခု အပြောင်းအရွှေ့မှာ ထိပ်တန်းကစားသမားအများအပြားကို ခေါ်ယူနေတဲ့ ဆော်ဒီလိဂ်ဟာ မာနေးကို ခေါ်ယူ နိုင်ဖို့ ကြိုးစားနေပြီး ကစားသမားက ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်ရှိချင်တာကြောင့် ဒီကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို ရောင်းချချင်နေတဲ့အတွက် ဆော်ဒီလိဂ်ရဲ့ ကမ်းလှမ်းမှုတွေကို ပြန်ပြီး စဉ်းစားလာဖို့ ရှိနေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် မာနေးကို ရောင်းချပြီး ရတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အင်္ဂလန် ကစားသမားကို ပြောင်းရွှေ့ကြေးပိုပေးပြီး ကမ်းလှမ်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 956
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
ကစားသမားသစ် မေဆန်မောင့်ဟာ ယူနိုက်တက်ရဲ့ အောင်မြင်မှုကို အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က လိဒ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “သူက ကျနော်တို့ရဲ့ ပွဲတွေမှာ တက်ကြွမှုတွေကို ယူဆောင်လာမှာဖြစ်ပြီး အဲဒီအရာက ပြီးခဲ့တဲ့ရာသီက ကျနော်တို့ရဲ့ သုံးသပ်ချက်တွေထဲက တစ်ခုပါ။ သူ့ရဲ့ အားသာချက်က တိုက်စစ်ဆင်တာပါ။ ဒါပေမယ့် သူက နေရာစုံမှာ ကစားနိုင်တဲ့သူနဲ့ ပြီးပြည့်စုံတဲ့သူဖြစ်ချင်နေပါတယ်။ ကွင်းလယ်မှာ ကစားတဲ့ အချိန်မှာ တိုက်စစ်အတွက်ရော ခံစစ်အတွက်ပါ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ သူက အရည်အသွေးရှိတဲ့သူဖြစ်လို့ အသင်းရဲ့ အောင်မြင်မှုကို အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်”လို့ MUTV ကို ပြောခဲ့တာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ မေဆန်မောင့်ဟာ ချယ်လ်ဆီးအသင်းကနေ ယူနိုက်တက်အသင်းကို ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လိဒ်စ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ မေဆန်မောင့်ဟာ ဒီပွဲမှာ ပထမပိုင်းသာ ကစားခဲ့ရပေမယ့် ခြေစွမ်းပြသ နိုင်ခဲ့ပြီး အသင်းဖော်တွေနဲ့ အတွဲညီစွာ ကစားနိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ နည်းပြ အဲရစ်တန်ဟတ်ဟာ ပွဲထွက်ကစားသမား ၁၁ ဦးစလုံးကို လူစားလဲခဲ့ပြီး လူငယ် ကစားသမားတွေကို အသုံးပြုသွားခဲ့တာပါ။ ယူနိုက်တက်အတွက် ဂိုးတွေကို အီမရန်နဲ့ ဟူဂေးလ်တို့က သွင်းယူ ခဲ့တာဖြစ်ပါတယ်။
မေဆန်မောင့်ကတော့ လိဒ်စ်အသင်းနဲ့ပွဲမှာ ကစားသွားခဲ့တဲ့ သူ့ရဲ့ အခန်းကဏ္ဍကို နှစ်သက်တယ်လို့ ပြောခဲ့ ပါတယ်။
မေဆန်မောင့်က “ကွင်းထဲမှာ ရှိရတာ အလွန်ကောင်းမွန်တဲ့ ခံစားမှုပါ။ လေ့ကျင့်ရေးကွင်းမှာ ကျနော်တို့ ကြိုးစား ခဲ့တဲ့ အရာတွေကို ဒီပွဲမှာ ပြသခွင့်ရတာက အလွန်ကောင်းပါတယ်။ မတူညီတဲ့ နည်းဗျူဟာတချို့နဲ့ ကျနော်တို့ အလုပ်လုပ်နေကြပါတယ်။ ဒီပွဲမှာ ကျနော်ပါဝင်ကစားခဲ့ရတဲ့ အခန်းကဏ္ဍကို နှစ်သက်ပါတယ်” လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဇူလိုင်လ ၁၉ ရက်မှာ နောက်ထပ်ရာသီကြိုခြေစမ်းပွဲအဖြစ် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင် မှာဖြစ်ပြီး ဒီပွဲအပြီးမှာတော့ အာဆင်နယ်၊ ရက်စ်ဟမ်း၊ ရီးရယ်လ်၊ ဒေါ့မွန်တို့နဲ့ အမေရိကန်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 881
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
အင်တာမိုင်ယာမီ ကစားသမားသစ် မက်ဆီက သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး မကြာခင်မှာ အာဂျင်တီးနား လက်ရွေးစင်ကနေ အနားယူတော့မယ်လို့ ပြောလိုက်ပါတယ်။
မက်ဆီက “ရိုးရိုးသားသားပြောရရင် ဘယ်အချိန်မှာ အနားယူမလဲဆိုတာ ကျနော်မသိပါဘူး။ အနားယူချင်စိတ် ဖြစ်ပေါ်လာတဲ့ အချိန်မှာ အနားယူဖို့ ဖြစ်လာမှာပါ။ မကြာသေးခင်က အရာရာ အောင်မြင်ခဲ့ပြီးနောက် လုပ်ဖို့ ကျန်ရှိနေတဲ့အရာက ပျော်ရွှင်ဖို့ပါ။ အနားယူမယ့်အချိန်က ဘယ်အချိန် လာမလဲဆိုတာ ဘုရားသခင်က ပြောပါ လိမ့်မယ်။ ကျနော့်ရဲ့ အသက်အရွယ်ကြောင့် မကြာခင်မှာ အနားယူရမယ်ဆိုတာတော့ သေချာပါတယ်။ နိုင်ငံ အသင်းအတွက် အလွန်ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပေမယ့် ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိက ချန်ပီယံ ဖြစ်ခွင့်ရတာ ကံကောင်းပါတယ်”လို့ ပြောပါတယ်။
မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို တတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ချန်ပီယံတစ်ဦးအဖြစ် ဆက်လက် ကစားသွားမယ်လို့ ပြောထားပါတယ်။

မက်ဆီကို တွေ့ရစဉ်
ဒါပေမယ့် မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ပါဝင်ကစားတော့မှာ မဟုတ်ဘဲ ကမ္ဘာ့ ဖလား ခြေစစ်ပွဲတွေနဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာသာ ပါဝင်ကစားသွားဖို့ ရှိနေတာပါ။
မက်ဆီဟာ TV Publica နဲ့ အင်တာဗျူးမှာ အာဂျင်တီးနား အသင်းဖော်တွေရဲ့ မေးခွန်းထုတ်ခြင်း ခံခဲ့ရပြီးနောက် သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ လက်ရွေးစင် ကစားသမားဘဝကနေ မကြာခင် အချိန်အတွင်းမှာ အနားယူသွားတော့မယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဘယ်အချိန်မှာ အနားယူသွားမလဲဆိုတာတော့ မက်ဆီဟာ ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။
အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ လက်ရှိအချိန်မှာ ဖလော်ရီဒါကို ရောက်ရှိနေပြီး ဇူလိုင် ၁၆ ရက်မှာ အင်တာမိုင်ယာမီအသင်း ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်သွားဖို့ ရှိနေတာပါ။
မိတ်ဆက်ပွဲ ပြီးရင်တော့ မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းအတွက် မေဂျာလိဂ်နဲ့ လိဂ်ဖလားပွဲတွေမှာ စတင်ပြီး ယှဉ်ပြိုင်သွားတော့မှာ ဖြစ်ပါတယ်။
Source: Goal
