
- By CNI
- Category: အားကစား
- Hits: 717
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂
မန်စီးတီးအသင်း တိုက်စစ်မှူးဟာလန်းဟာ ကမ္ဘာပေါ်မှာ ပေါင် ၁ ဘီလီယံ တန်ကြေးရှိတဲ့ ပထမဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ အေးဂျင့်ဖြစ်သူ ရာဖေလာပီမန်တာက ပြောလိုက်ပါတယ်။
ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရာဖေလာပီမန်တာက “ အာလင်းက ဈေးကွက်မှာ ပေါင် ၁ ဘီလီယံ တန်ကြေးရှိ ပြောင်းရွှေ့ကြေးကို ရနိုင်မယ့် ပထမဆုံး ကစားသမားလို့ ထင်ပါတယ်။ သူ့ရဲ့ ဘောလုံးတန်ဖိုး၊ ပုံရိပ်တန်ဖိုးနဲ့ စပွန်ဆာ တန်ဖိုးတွေကို ပေါင်းလိုက်မယ်ဆိုရင် ပေါင် ၁ ဘီလီယံဆိုတာ အသေအချာပါပဲ။ ဘတ်ပီနဲ့ ဟာလန်းကို နှိုင်းယှဉ်နေတယ်ဆိုတာက ပုံမှန်လိုပါပဲ”လို့ ပြောခဲ့တာကို ဒေးလီးမေးလ်က ဖော်ပြထားတာပါ။
မန်စီးတီးအသင်းဟာ နော်ဝေတိုက်စစ်မှူး ဟာလန်းကို ပြီးခဲ့တဲ့ နွေရာသီက ပေါင် ၅၁.၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူဟာ လက်ရှိအချိန်မှာ မန်စီးတီးအတွက် ဂိုးသွင်းခြေစွမ်းပြနေတာ ဖြစ်ပါတယ်။
ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားထားပြီး ဂိုး ၂၀ သွင်းယူထားကာ စံချိန်သစ် တွေလည်း အများအပြား ရယူထားနိုင်ခဲ့တာပါ။
အေးဂျင့်ဖြစ်သူ ရာဖေလာပီမန်တာကိုတွေ့ရစဉ်
ဟာလန်းရဲ့ အေးဂျင့်ဟောင်းဖြစ်သူ ရွိုင်အိုလာ ကွယ်လွန်ပြီး သူ့ရဲ့ ကစားသမားတွေကို ပီမန်တာက အေးဂျင့်သစ် အဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဟာလန်းကို ဖခင်ဖြစ်သူကလည်း အကြံပေးအဖြစ် ဆောင်ရွက်နေတာပါ။ ဟာလန်းဟာ မန်စီးတီးအသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုထားပေမယ့် ဖခင်ဖြစ်သူကတော့ သားဖြစ်သူဟာ နောက်ထပ် ဥရောပလိဂ် စိန်ခေါ်မှုတွေဆီ မသွားခင် မန်စီးတီးအသင်းမှာ အနည်းဆုံး ၃၊ ၄ နှစ်လောက်တော့ ရှိနိုင်တယ်လို့ ပြောခဲ့ပါတယ်။
မကြာသေးခင် ရက်ပိုင်းတုန်းက ဟာလန်းနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ထင်ကြေးတွေဟာလည်း ထွက်ပေါ်လာခဲ့ ပါသေးတယ်။
The Athletic သတင်းဌာနကတော့ ဟာလန်းနဲ့ မန်စီးတီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ စာချုပ်ဖျက်သိမ်း ကြေး ယူရိုသန်း ၂၀၀ ပါဝင်နေပြီး ၂၀၂၄ က စတင်ကာ အသက်ဝင်မယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အချိန် တွေ ကြာလာရင်တော့ ဒီတန်ဖိုးဟာ လျော့ကျလာမှာ ဖြစ်တယ်လို့ သိရပါတယ်။
Source: Daily Mail/Sportbible

- By CNI
- Category: အားကစား
- Hits: 697
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁
အန်သိုနီဂျိုရွှာရဲ့ အဖွဲ့နဲ့ အလုပ်လုပ်ရတာ အလွန်ခက်ခဲတာကြောင့် သူတို့နှစ်ဦးရဲ့ ထိုးသတ်ပွဲဟာ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ တိုင်ဆန်ဗျူရီက ပြောပါတယ်။
တိုင်ဆန်ဗျူရီက “အန်သိုနီဂျိုရွှာနဲ့ ပွဲဖြစ်လာမယ်လို့ ကျနော် မထင်ပါဘူး။ သူတို့နဲ့ တွဲအလုပ်လုပ်ရတာ အလွန် ခက်ခဲပါတယ်။ တစ်စုံတစ်ဦးကို သူတို့ မလုပ်ချင်တဲ့အရာ ခင်ဗျား သွားပြီးလုပ်ခိုင်းလို့ မရပါဘူး။ တခြားသူတွေ မတိုက်ချင်တဲ့ပွဲကို ဖြစ်လာအောင် ခင်ဗျားတို့ လုပ်လို့ မရပါဘူး။ ကျနော့်ဘက်က ဘယ်လောက်ပဲ ထိုးသတ်ချင် စိတ်ရှိပါစေ သူတို့ဘက်က မပါဝင်ရင် ပွဲဖြစ်မှာ မဟုတ်ပါဘူး။ ဒီပွဲကို တကယ် ထိုးသတ်ချင်တဲ့ စိတ်ရှိတယ်ဆိုရင် အဖွဲ့ကို ပြောလိုက်လို့ ရပါတယ်။ မလုပ်ချင်ရင်တော့ အကြောင်းပြချက် သန်းပေါင်းများစွာ ရှာနေမှာပါ”လို့ TalkSPORT ကို ပြောခဲ့ပါတယ်။
တိုင်ဆန်ဗျူရီနဲ့ အန်သိုနီဂျိူရွှာကိုတွေ့ရစဉ် (MMA Fighting)
သူတို့နှစ်ဦးဟာ ဒီဇင်ဘာလ ၃ ရက်မှာ ထိုးသတ်မယ့် ပွဲအတွက် ဆွေးနွေးမှုတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ပေမယ့် ဂျိူရွှာဟာ နောက်ဆုံး သတ်မှတ်ထားတဲ့အချိန်မှာ လက်မှတ်မထိုးလို့ ပွဲပျက်ပြယ်သွားခဲ့ပြီလို့ တိုင်ဆန်ဗျူရီက ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့် တိုင်ဆန်ဗျူရီဟာ ချီဆိုရာနဲ့ ဒီဇင်ဘာလ ၃ ရက် စပါးအသင်းရဲ့ ကွင်းမှာ ထိုးသတ် သွားတော့မှာပါ။ ဗြိတိန် ဟဲဗီးဝိတ်ချန်ပီယံဟာ ၂၀၂၃ အစောပိုင်းမှာ အူဆက်ခ်နဲ့ ထိုးသတ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
လက်ဝှေ့ ပရိသတ်တွေဟာ ဗြိတိန်လက်ဝှေ့သမား ၂ ဦး ထိုးသတ်မယ့် ဟဲဗီးဝိတ်ပွဲကို ကြည့်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပွဲမဖြစ်ခဲ့လို့ စိတ်ပျက်နေကြပါတယ်။
တိုင်ဆန်ဗျူရီကတော့ ဒီပွဲဟာ အနာဂတ်မှာလည်း ဖြစ်ဖို့ မရှိနိုင်တော့ဘူးလို့ သူ့ရဲ့ ခံစားချက်ကို ပြောပါတယ်။ ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်ကလည်း တိုင်ဆန်ဗျူရီနဲ့ အန်သိုနီဂျိူရွှာတို့ ပွဲဟာ ဖြစ်လာနိုင်ဖို့ မရှိတော့ဘူးလို့ ပြောပါ တယ်။
တိုင်ဆန်ဗျူရီဟာ ၂၀၂၃ ထဲမှာ အူဆက်ခ်အပြင် ဂျိုးဂျွိုက်စ်နဲ့လည်း ထိုးသတ်ဖို့ စီစဉ်နေပြီး သူ့ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 773
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁
ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်လက်ရွေးစင်အသင်းကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ တောင်းဆိုမှုတွေ ရှိနေပါတယ်။
အီရန်ဘောလုံးနဲ့ အားကစားဆိုင်ရာ အဖွဲ့အစည်းတစ်ခုဟာ အီရန်ဘောလုံးအသင်းကို ပိတ်ပင်ဖို့ ဖီဖာထံ တရားဝင် တောင်းဆိုစာ ပေးပို့ခဲ့ပါတယ်။
အီရန်မှာ အမျိုးသမီးတွေ ကွင်းအတွင်း ဝင်ရောက်တာကို ရပ်တန့်ဖို့ အစိုးရက ဝင်ရောက် စွက်ဖက်နေပြီး ဖီဖာရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတယ်လို့ ပြောခဲ့ပါတယ်။ အဆိုပါ အဖွဲ့အစည်းက “ ဖီဖာရဲ့ ကြားနေရေးဟာ ရွေးချယ်စရာ မဟုတ်ဘူး”လို့ ပြောပါတယ်။
အီရန်နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပြင်းထန်စွာ နှိပ်နင်းနေချိန် အခုလို တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကလည်း Open Stadiums အမည်ရှိ လူ့အခွင့်အရေးအဖွဲ့အစည်းက ဒီလိုပဲ အလားတူ တောင်းဆိုမှုကို ပြုလုပ်ခဲ့ပါသေးတယ်။
အီရန် အမျိုးသမီးပရိသတ်များကိုတွေ့ရစဉ် (DW)
အီရန်မှာ အမျိုးသားတွေ ယှဉ်ပြိုင်နေတဲ့ အားကစားကွင်းတွေမှာ အမျိုးသမီးတွေ ဝင်ရောက်တာကို တရားဝင် တားမြစ် ထားခြင်းမရှိပေမယ့် မကြာခဏ ဝင်ခွင့် ငြင်းပယ်ခံရတယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဖီဖာကလည်း အခုနှစ် အစောပိုင်းမှာ အမျိုးသမီးတွေကို အားကစားကွင်းထဲဝင်ဖို့ အီရန်အာဏာပိုင်တွေထံ စာရေး သား တောင်းဆိုခဲ့ပြီးနောက် အီရန်လိဂ် ပွဲစဉ်တွေမှာ အမျိုးသမီးအချို့ဟာ ရွေးချယ်ထားတဲ့ ပွဲစဉ်တွေကို တက် ရောက် ကြည့်ရှုခွင့် ရခဲ့ပါတယ်။
စပိန်ဥပဒေကုမ္ပဏီတစ်ခုက ပံ့ပိုးကူညီပေးထားတဲ့ အဖွဲ့ဟာ ဒီလိုတူညီတဲ့ ချိုးဖောက်မှုတွေကြောင့် အခြား နိုင်ငံ တွေကိုလည်း အရင်က ဆိုင်းငံ့ပိတ်ပင်မှုတွေ ရှိတယ်လို့ ပြောပါတယ်။
“ဖီဖာကောင်စီက အီရန်ကို အခုချက်ချင်း ပိတ်ပင်ရမှာပါ။ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးကို ကျင့်သုံးဖို့ အမျိုးသမီးတွေ၊ အားကစားသမားတွေနဲ့ ကလေးတွေကို နှိပ်စက်ညှင်းပန်းနေတဲ့ နိုင်ငံကို ဖီဖာက ပါဝင်ယှဉ်ပြိုင်ခွင့် မပြုသင့်ပါဘူး”လို့ အဆိုပါအဖွဲ့အစည်းက ပြောခဲ့တာပါ။
အီရန်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်၊ အမေရိကန်၊ ဝေးလ်စ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 796
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁
ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုက ပေါက်ကွဲစေတတ်တဲ့ အခိုက်အတန့်တွေဟာ သူတို့ကို အနိုင်ယူသွား တယ်လို့ ချယ်လ်ဆီးနဲ့ပွဲမှာ သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး တုံ့ပြန်လိုက်ပါတယ်။
ရော်နယ်ဒိုက “ကျနော့်ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ အသင်းဖော်တွေ၊ နည်းပြတွေနဲ့ ပြိုင်ဘက်တွေ အပေါ်မှာ လေးစားစွာဆက်ဆံပြီး ကစားဖို့ အမြဲတမ်းကြိုးစားခဲ့ပါတယ်။ဒါကို ကျနော်ဘယ်တော့မှ မပြောင်း လဲပါဘူး။လေးစားမှုဆိုတာ ကျနော်ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်မှာ အမြဲတမ်းအရေးကြီးတဲ့ အခန်းကဏ္ဍ ကနေပါဝင်ခဲ့ပါတယ်။အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားတွေက ကျနော့်အတွက် အမြဲတမ်းအရေးပါသလို ကျနော်ကလည်း လူငယ်ကစားသမားတွေအတွက် စံနမူနာဖြစ်အောင် အမြဲတမ်းကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ကံမကောင်းစွာနဲ့ ပေါက်ကွဲစေတတ်တဲ့ အခိုက်အတန့်တွေက ကျနော်တို့ကို အနိုင်ယူသွားခဲ့ပါတယ်” လို့ အင်စတာ ဂရမ်မှာ ရေးသားခဲ့တာပါ။
ရော်နယ်ဒိုဟာ စပါးအသင်းကို ယူနိုက်တက်က ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားခွင့် မရခဲ့သလို လူစားလဲဝင်ခွင့်လည်း မရခဲ့ပါဘူး။အဲဒါကြောင့် ရော်နယ်ဒိုဟာ ပွဲမပြီးသေးခင် ပွဲချိန် ၈၉ မိနစ်အရောက်မှာ ကွင်းအတွင်းကနေ ထွက်ခွာပြီး ဥမင်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုအဖြစ် ချယ်လ်ဆီးအသင်းနဲ့ကစားမယ့် ပွဲစဉ်ရဲ့ အသင်းလူ စာရင်းကနေ ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒါကြောင့် ရော်နယ်ဒိုဟာ ချယ်လ်ဆီးအသင်းနဲ့ ကစားမယ့်ပွဲစဉ်ကို ပါဝင်ခွင့်မရတော့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက “ကာရင်တန်မှာ အလုပ်ကို ကြိုးကြိုးစားစားဆက်လုပ်ဆောင်ပြီး အသင်းဖော်တွေကို ပံ့ပိုး ပေးသွားမှာပါ။ဖိအားဆိုတာက ရွေးချယ်စရာမဟုတ်ပါဘူး။ဒါဟာ မန်ချက်စတာယူနိုက်တက်၊ ကျနော်တို့ စည်းစည်းလုံးလုံးရှိနေရပါမယ်။မကြာခင် ကျနော်တို့ ပြန်တွေ့ကြမယ်”လို့ ရေးသားထားခဲ့တာပါ။
ရော်နယ်ဒိုဟာ စပါးအသင်းနဲ့ ပွဲမှာ နောက်ကျပြီးမှ လူစားလဲတာကို ပါဝင်ဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သတင်း တွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။လက်ရှိအချိန်မှာ ရော်နယ်ဒိုနဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ရဲ့ ဆက်ဆံရေးဟာ အဆင်ပြေမှုမရှိတော့တာကြောင့် ကစားသမားဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ ရှိနေပြီလို့ သိရပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အတွက် ၂ ဂိုးသာသွင်းယူထားတဲ့ ရော်နယ်ဒိုနဲ့ အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနှစ်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 1155
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀
သြစတြေးလျ ရပ်ဘီလိဂ် ကစားသမားတစ်ဦးဟာ သူငယ်ချင်း ဖြစ်သူတွေနဲ့ ညဘက် အပြင်ထွက်တာမှာ ပျောက်ဆုံးပြီးနောက် စပိန်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။
လီယန်ဟမ်ဆန်လို့ အမည်ရတဲ့ သူ့ရဲ့ ရုပ်အလောင်းကို ဘာစီလိုနာ နိုက်ကလပ်ရဲ့ ကြမ်းပြင်ပေါ်မှာ တွေ့ခဲ့ရတာလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လီယန်ဟမ်ဆန်ဟာ အမျိုးသားရပ်ဘီလိဂ်(NRL) ကစားသမားတွေ အပါအဝင် အဖွဲ့တစ်ဖွဲ့နဲ့ ဥရောပကို ခရီးထွက် ခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ လီယန်ဟမ်ဆန် ပျောက်ဆုံးနေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မတော်တဆမှုအဖြစ် ဖော်ပြခဲ့တဲ့ လီယန်ဟမ်ဆန်ရဲ့ သေဆုံးမှုကြောင့် မိသားစုတွေဟာ ထိခိုက်ကြေကွဲ နေရတယ်လို့ ဆိုပါတယ်။
လီယန်ဟမ်ဆန်ဟာ လာမယ့်ရာသီ သြစတြေးလျထိပ်တန်း NRL မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် Redcliffe Dolphins အတွက် Queensland Cup ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။
လီယန်ဟမ်ဆန် သေဆုံးမှုအပေါ် မိသားစုက ရေးသားထားသော ၀မ်းနည်းကြောင်းကိုတွေ့ရစဉ်
သူဟာ အင်္ဂါနေ့ ဒေသစံတော်ချိန် အစောပိုင်းက ဆယ်လ်လာအပိုလို နိုက်ကလပ်ကနေ ထွက်ခွာသွားချိန်မှာ သူငယ်ချင်းဖြစ်သူတွေနဲ့ ကွဲကွာသွားခဲ့တာလို့ မိသားစုက ဆိုရှယ်မီဒီယာမှာ ပြောထားတာပါ။
သူ့ကို ၂၄ နာရီကျော်ကြာအောင် မတွေ့ရပြီးနောက် ဆွေမျိုးတွေက ရှာဖွေမှုတွေ ပြုလုပ်ပေးဖို့ အကူအညီ တောင်းခဲ့တာ ဖြစ်ပါတယ်။
လီယန်ဟမ်ဆန်ရဲ့ ရုပ်အလောင်းကို ဝန်ထမ်းတွေက ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းလောက်မှာ တွေ့ရှိခဲ့တယ်ဆိုပြီး ဘာစီလိုနာရဲတပ်ဖွဲ့က ပြောခဲ့ကြောင်း ဘရစ်စဘိန်းတိုင်းမ်စ်က ဖော်ပြထားပါတယ်။
လီယန်ဟမ်ဆန်ဟာ အမြင့် ၁၀ မီတာခန့် အတွင်းကနေ မတော်တဆ ပြုတ်ကျခဲ့တယ်လို့ ရဲအရာရှိတွေက ယုံကြည်နေကြောင်း အဆိုပါသတင်းက ဆက်လက် ဖော်ပြထားပါတယ်။
လီယန်ဟမ်ဆန်ရဲ့ ဖခင်ဖြစ်သူ ဘရတ်က “ စကားလုံးတွေက ငါတို့ရဲ့ ဝမ်းနည်းမှုကို ဖော်ပြလို့ မရပါဘူး”လို့ ရေးသားခဲ့သလို အစ်မဖြစ်သူ တီယာနာဟမ်ဆန်က “ သူ့ရဲ့ နောက်ဆုံး နေ့ရက်တွေက သူ့ဘဝရဲ့ အကောင်းဆုံး အချိန် ဖြစ်တယ်ဆိုတာ သေချာစေခဲ့တယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ကြတာပါ။
လီယန်ဟမ်ဆန်ဟာ ဆီမီးပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် Tweed Seagulls အသင်းမှာ ကစားခဲ့ပြီး အခုနှစ်မှာ Redcliffe Dolphins အသင်းထံ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 821
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀
ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၅၀ သုံးစွဲထားပေမယ့် ဆုဖလားအောင်မြင်မှုမရခဲ့ရင် ထုတ်ပယ်ခံရဖို့ မျှော်လင့်ထားတယ်လို့ ဝန်ခံလိုက်ပါတယ်။
ဇာဗီက “ဥက္ကဋ္ဌပြောခဲ့သလို ကျနော်တို့ နိုင်ပွဲတွေမရဘူးဆိုရင် ကျနော်ကနေ စတင်ပြီး အကျိုးဆက်တွေ ရှိလာပါ လိမ့်မယ်။ကျနော်တို့ အနိုင်မရခဲ့ရင် နောက်ထပ်နည်းပြတစ်ဦး ရောက်လာပါလိမ့်မယ်။ဒါပေမယ့် ကျနော်ကတော့ ဒါကိုအောင်မြင်မှုရအောင် အရာအားလုံးကို ပေးသွားမှာပါ။အသင်းရဲ့အခြေအနေက လက်ရှိအချိန်မှာ သိပ်မကောင်းပါဘူး။ဒါပေမယ့် ကျနော်တို့ရပ်တန့်မှာမဟုတ်ပါဘူး။တစ်ဆင့်ချင်းစီသွားနေမှာပါ။လာလီဂါပြိုင်ပွဲက ရှည်လျားတာကြောင့် ရပ်တန့်လို့မရပါဘူး” လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ရလဒ်တွေဆိုးနေတာကြောင့် ထွက်ခွာရဖို့ နီးစပ်နေသလို လာလီဂါ မှာလည်း အဓိကပြိုင်ဘက် ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့ပါတယ်။အသက် ၄၂ နှစ်အရွယ်ရှိ ဇာဗီဟာ ဘာစီလိုနာအသင်းမှာ ကစားသမားဘဝအဖြစ်ရှိခဲ့တဲ့ ၁၇ နှစ်အတွင်းမှာ ဆုဖလားပေါင်း ၂၅ ခု ရယူနိုင်ခဲ့ပြီး မနှစ်က နိုဝင်ဘာလမှာ နည်းပြအဖြစ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ပြီးခဲ့တဲ့ရာသီက အောင်မြင်မှုမရခဲ့တာကြောင့် ဒီရာသီမှာ ငွေကြေးအများအပြားသုံးပြီး အသင်းကို ပြင်ဆင်ထားတာဖြစ်ပါတယ်။
စပိန်ကလပ်ဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး၊ ချယ်လ်ဆီးပစ်မှတ် ကွန်ဒီ၊ လိဒ်စ်တောင်ပံ ကစားသမား ရာဖင်ဟာ၊ ချယ်လ်ဆီးဗဟိုနောက်ခံလူ ခရစ်တန်ဆန်၊ အေစီမီလန်ကွင်းလယ်လူ ကတ်ဆီတို့ကို အားဖြည့်ခဲ့တာပါ။အဲဒါကြောင့် ဒီရာသီအသင်း ဆုဖလားလက်မဲ့ဖြစ်ခဲ့ရင် ဇာဗီဟာ ထုတ်ပယ်ခံရနိုင်တယ်လို့ မျှော်လင့်ထားတာဖြစ်ပါတယ်။
ဇာဗီဟာ ဘာစီလိုနာအသင်းကို ပွဲပေါင်း ၅၀ ကိုင်တွယ်ထားခဲ့တာမှာ ၂၈ ပွဲအနိုင်ရပြီး ၁၂ ပွဲသရေကျကာ ၁၀ ပွဲ ရှုံးနိမ့်ထားတာပါ။ဘာစီလိုနာအသင်းဟာ လာလီဂါပြိုင်ပွဲမှာ ၂၀၁၈-၁၉ ရာသီနောက်ပိုင်းကတည်းက ဆုဖလားနဲ့ ဝေးကွာနေခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲ ၂၀၁၄-၁၅ ရာသီက နောက်ဆုံးဆုဖလား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source:The Sun

- By CNI
- Category: အားကစား
- Hits: 967
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀
မက္ကဆီကိုမှာ ကျင်းပခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ အနောက်ဂျာမနီအသင်းကို အနိုင်ရပြီး အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်ခဲ့စဉ် မာရာဒိုနာဝတ်ဆင်ခဲ့တဲ့ ဂျာစီဟာ သူ့မွေးရပ်မြေကို ပြန်လည် ရောက်ရှိ လာပြီ ဖြစ်ပါတယ်။
အဲ့ဒီတုန်းက မာရာဒိုနာနဲ့ ဂျာစီချင်းလဲလှယ်ခဲ့တဲ့ ဂျာမနီကစားသမား လိုသာမာသီးယက်စ်ဟာ သြဂုတ်လက မက်ဒရစ်ရှိ အာဂျင်တီးနားသံရုံးကို ဂျာစီလှူဒါန်းခဲ့တာပါ။ဒါကို စုဆောင်းသူတစ်ဦးဖြစ်တဲ့ မာဆယ်လို အောဒက်စ် က အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကလော်ဒီယိုတာပီတာက “ဒီဂျာစီကို ယူဆောင်လာပေးတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ဒီဂျာစီဟာ အာဂျင်တီးနားဘောလုံးလောကအတွက် အရေးကြီးပါတယ်။ ဒီ ဂျာစီကြောင့်ပဲ မက္ကဆီကိုမှာ ချန်ပီယံဆုရယူချိန်တစ်ဦးကို တစ်ဦးပွေ့ဖက်နိုင်ခဲ့တာပါ။ဒီတန်ဖိုးက ကျနော်တို့ နိုင်ငံနဲ့ ကျနော်တို့သမိုင်းအတွက် အများကြီး အဓိပ္ပါယ်ရှိပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
အာဂျင်တီးနားအသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနောက်ဂျာမနီကို အနိုင်ရခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ မာရာဒိုနာက အနိုင်ဂိုးဖြစ်စေမယ့် ဘူရီချာခါရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ဒီဆုဖလားဟာ အာဂျင်တီးနားအတွက် ဒုတိယမြောက် ကမ္ဘာ့ဖလားဆုဖလားလည်း ဖြစ်ခဲ့တာပါ။ဒီပြိုင်ပွဲရဲ့ ကွာတား ဖိုင်နယ် အဆင့်မှာ အင်္ဂလန်ဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကလည်း ဘောလုံးသမိုင်းမှာ အကျော်ကြားဆုံး သွင်းဂိုးဖြစ်ခဲ့ပါတယ်။
ဘုရားပေးတဲ့ လက်တစ်စုံဆိုပြီး နာမည်ကြီးခဲ့တဲ့ မာရာဒိုနာရဲ့ ဒီပွဲမှာ ဝတ်ခဲ့တဲ့ ဂျာစီကို မေလက လေလံပွဲမှာ စံချိန်တင် ပေါင် ၇.၁၄ သန်းနဲ့ ရောင်းချခဲ့ရတာပါ။ဒီဂျာစီကို နိုဝင်ဘာလ ၂၀ ရက်မှာစတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင် ကာတာနိုင်ငံရဲ့ အားကစားပြတိုက်ထဲမှာ ယာယီထားရှိထားတယ်လို့ သိရပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 1185
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က စပါးအသင်းနဲ့ ပွဲမပြီးသေးခင်မှာ ဥမင်ထဲကို ဝင်သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ လုပ်ရပ်ကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။
အဲရစ်တန်ဟတ်က “ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ ကိုင်တွယ်ဖြေရှင်းသွားပါမယ်၊ ဒီနေ့တော့ မဟုတ်ပါ ဘူး။ အခုတော့ ဒီနိုင်ပွဲအတွက် အောင်ပွဲခံနေပါတယ်။ သူထွက်သွားတာ ကျနော်မြင်ပါတယ်။ ဒါပေမယ့် ဘာစကား မှတော့ မပြောဖြစ်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ သုံးခဲ့တဲ့ ပွဲထွက် ၁၁ ယောက်နဲ့ လူစားဝင်တွေရဲ့ စွမ်းဆောင်ရည်ဟာ တကယ် ကောင်းမွန်ပါတယ်။ ဒါက အသင်းလိုက် စွမ်းဆောင်ရည်ပါ”လို့ ပြောပါတယ်။
စပါးအသင်းနဲ့ပွဲမှာ ယူနိုက်တက်အသင်းဟာ ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဖရက်ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာပါ။
ရော်နယ်ဒိုဟာ နည်းပြ အဲရစ်တန်ဟတ်က အဲရစ်ဆန်နဲ့ အီလန်ဂါတို့ကို လူစားလဲမှု ပြုလုပ်ပြီး မိနစ် အနည်းငယ် ကြာ ပွဲချိန် ၈၉ မိနစ်မှာ ဥမင်ထဲကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းနဲ့ ပွဲမှာ ရော်နယ်ဒိုဟာ ပွဲထွက်ခွင့်လည်း မရခဲ့သလို လူစားလဲအဖြစ်ပါ အသုံးပြုခြင်း မခံရတာကြောင့် စိတ်ပျက်ပြီး အရန်ခုံတန်းကနေ စောစီးစွာ ထွက်ခွာခဲ့တာပါ။ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း က နယူးကာဆယ်နဲ့ပွဲမှာလည်း လူစားလဲခံရလို့ ဒေါသထွက်နေတဲ့ အပြုအမူတွေကို ပြုလုပ်ခဲ့သေးတာ ဖြစ်ပါ တယ်။
စပါးအသင်းနဲ့ပွဲမှာ ယူနိုက်တက် ဂိုးသွင်းအောင်ပွဲခံနေစဉ် (United In Focus)
အင်္ဂလန်အသင်း တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာနဲ့ နောက်ခံလူဟောင်း မီကာရစ်ချတ်တို့ကလည်း ရော်နယ်ဒို ရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဂယ်ရီလိုင်နီကာက “ ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး။ အလွန်ညံ့ဖျင်းပါတယ်”လို့ Match of Day မှာ ပြောခဲ့ပါ တယ်။
မီကာရစ်ချတ်ကလည်း “ ကမ္ဘာအကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်တဲ့ သူ့အတွက် အသင်းအနိုင်ရနေတဲ့ အချိန်မှာ သူ့အကြောင်းကို ပြောနေရတာက စိတ်ပျက်စရာပါပဲ”လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အတွက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ယူရိုပါလိဂ် မှာသာ ပွဲထွက်ခွင့် ရနေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ဒီအခြေအနေတွေကို စိတ်ပျက်နေပြီး ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ နောက်တစ်ကြိမ် ကြိုးပမ်းဖွယ်ရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်သွားဖို့ ရှိနေပါ တယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 949
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉
ပေါ့ဘာရဲ့ အေးဂျင့်အသစ်ဖြစ်သူ ရာဖေလာပီမန်တာက ယူနိုက်တက်အသင်းမှာ ကုန်ဆုံးခဲ့တဲ့ ပေါ့ဘာရဲ့ အချိန် တွေကို ကာကွယ်လိုက်ပြီး အသင်းဟောင်း အနေနဲ့ ပူးပေါင်းတာဝန်ယူဖို့ လိုတယ်လို့ ပြောပါတယ်။
ပီမန်တာက “ပေါလ်ဟာ ၂၀၁၆ မှာ ယူနိုက်တက်ကို အမှန်တကယ် ပြန်သွားချင်တဲ့ သူ့ရဲ့ နှလုံးသားအတိုင်း ရွေးချယ်ခဲ့ပါတယ်။ သူပြန်သွားချင်တဲ့ ပျော်ရွှင်မှုက အိမ်လိုခံစားခဲ့ရပါတယ်။ အဲ့ဒါကြောင့် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မယ်ဆိုတာ သေချာခဲ့ပါတယ်။ ဆုဖလားနဲ့ နောက်ထပ် အောင်မြင်မှုတွေအတွက် မျှော်လင့်ချက် ရှိလားဆိုတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေက ဖြစ်မလာခဲ့ပါဘူး။ အဆင်မပြေတဲ့ အချိန်မှာ ပူးပေါင်းတာဝန်ယူတာက အကောင်း ဆုံးပဲလို့ ထင်ပါတယ်။ ဒါကို အသိအမှတ် ပြုရပါမယ်”လို့ The Telegraph ကို ပြောခဲ့ပါတယ်။
ပေါ့ဘာဟာ ၂၀၁၆ မှာ ဂျူဗင်တပ်စ် အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်အသင်းထံ ပြန်ရောက်လာခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ဖို့နဲ့ ကြံ့ခိုင်မှုပိုင်းတွေမှာ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းမှာ ပေါ့ဘာ လေ့ကျင့်ခန်း ဆင်းနေစဉ်(FotMob)
ပေါ့ဘာဟာ ယူနိုက်တက်အသင်းကို ၂၀၁၆-၁၇ ရာသီမှာ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ် ဆုဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းမှာ အသင်းဟာ ဆုဖလားလက်မဲ့ ရာသီတွေကိုသာ ဖြတ်သန်းခဲ့ရတာပါ။ ပေါ့ဘာဟာလည်း အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်အတွက် ၆ ရာသီကြာ ကစားအပြီး မနှစ်က ရာသီအကုန်မှာ အသင်းဟောင်း ဂျူဗင်တပ်စ် အသင်းထံ အလွတ်နဲ့ ပြန်လည် ရောက်ရှိသွားခဲ့တာပါ။
ပြင်သစ် လက်ရွေးစင်ဟာ ဂျူဗင်တပ်စ်အတွက် တစ်ပွဲမှ မကစားရသေးဘဲ ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး မကြာသေးခင် ရက်ပိုင်းကမှ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ဂျူဗင်တပ်စ်အတွက် ပွဲထွက်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ပေါ့ဘာဟာ ပြင်သစ် လက်ရွေးစင်အသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ချင်တာကြောင့် ကြံ့ခိုင်မှုပိုင်း ပိုမိုတိုးတက်မှု ရရှိနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 862
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉
အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ဘရာဇီးလ် အသင်းတို့ဟာ လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။
မက်ဆီက “ကျနော်ရွေးချယ် ရမယ်ဆိုရင် ဘရာဇီးလ်နဲ့ ပြင်သစ်တို့က ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ၂ သင်းပါ။ သူတို့မှာ တူညီတဲ့ ကစားသမားတွေ ရှိနေတာ ကာလကြာရှည်ရှိနေပြီဖြစ်ပြီး ကောင်းမွန်စွာလည်း အလုပ်လုပ်နိုင်ပါတယ်။ ပြင်သစ်ဆိုရင် ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ၁၆ သင်းအဆင့်က ထွက်ခဲ့ ရတာသာ ဆိုးရွားခဲ့တာဖြစ်ပြီး သူတို့မှာ အထင်ကြီး စရာကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ သူတို့ရဲ့ အတွေးအခေါ်တွေက အလွန်ရှင်းလင်းပြီး တူညီတဲ့ နည်းပြတွေရဲ့ လက်အောက်မှာ လုပ်ဆောင်နေတာပါ”လို့ DIRECTV Sports ကို ပြောခဲ့တာပါ။
မက်ဆီဟာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အထဲမှာ သူ့နိုင်ငံ အာဂျင်တီးနားကိုတော့ ထည့်သွင်းပြီး ပြောမသွားခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၃၅ ပွဲ ဆက်တိုက် ရှုံးပွဲမရှိသလို ပြီးခဲ့တဲ့နှစ်က ဘရာဇီးလ်ကို အနိုင်ရပြီး ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံ ပြင်သစ် အသင်းကိုတွေ့ရစဉ် (Goal)
အဲ့ဒါကြောင့် အာဂျင်တီးနားအသင်းကို ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။
မက်ဆီ ကိုယ်တိုင်ကလည်း သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်တဲ့ ဒီပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့ ပစ်မှတ်ထား နေတာပါ။ မက်ဆီဟာ ကစားသမားဘဝမှာ ကလပ်အသင်းနဲ့ ဆုဖလားတွေ အများကြီး ရယူထားသလို နိုင်ငံ အသင်းနဲ့လည်း ဆုဖလားရယူခဲ့ပြီးဖြစ်ကာ တစ်ဦးချင်း ဆုတံဆိပ်တွေလည်း အများအပြား ရရှိထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် မက်ဆီဟာ ကမ္ဘာ့ဖလား မရရှိသေးတာကြောင့် ဒီဆုဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ ကစားသမား ဘဝဟာ ပြီးပြည့်စုံသွားပြီ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ နောက်ဆုံး ခြေစမ်းပွဲအဖြစ် ယူအေအီး အသင်းနဲ့ နိုဝင်ဘာလ ၁၆ ရက်တွင် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဒီပွဲပြီးရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဆော်ဒီအသင်းနဲ့ နိုဝင်ဘာလ ၂၂ ရက်မှာ ယှဉ်ပြိုင်မှာပါ။ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂ ကြိမ် ရယူထားနိုင်ခဲ့ပြီး နောက်ဆုံး ရယူခဲ့တာက ၁၉၈၆ ခုနှစ်က ဖြစ်ပါတယ်။
Source: ESPN