
- By CNI News
- Category: အားကစား
- Hits: 677
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀
ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူပြီးနောက် ကလပ်ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုရဲ့ အနိုင်ဂိုးနဲ့အတူ ဒီပွဲမှာ အဲဗာတန်အသင်းကို ၂ ဂိုး - ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ တာပါ။ ရော်နယ်ဒိုဟာ ဒီပွဲမှာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့် မရခဲ့ပေမယ့် မာရှယ် ဒဏ်ရာရသွားတာကြောင့် ပထမပိုင်းမှာတင် လူစားဝင်ခွင့် ရရှိခဲ့တာပါ။
ရော်နယ်ဒိုဟာ ပွဲချိန် ၄၄ မိနစ်မှာ ကတ်စမဲရိုး ပေးပို့လိုက်တဲ့ ဘောလုံးကို အကောင်းဆုံး အဆုံးသတ်ပြီး ကလပ် ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်မှာကတည်းက ဒီမှတ်တမ်းကို ရယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အဲဗာတန်နဲ့ ပွဲမှသာ ရယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ဒီဂိုး ၇၀၀ ကို ယူနိုက်တက်အတွက် ၁၄၄ ဂိုး၊ ရီးရယ်လ်အတွက် ၄၅၀ ဂိုး၊ ဂျူဗင်တပ်စ်အတွက် ၁၀၁ ဂိုးနဲ့ စပို့တင်းလစ္စဘွန်းအတွက် ၅ ဂိုးသွင်းယူပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီဂိုးဟာ ရော်နယ်ဒိုအတွက် ဒီရာသီ ယူနိုက်တက်အတွက် သွင်းယူတဲ့ ဒုတိယမြောက် ဂိုးဖြစ်ခဲ့ပြီး အသင်းကလည်း ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ပွဲက ရှုံးပွဲပြီးနောက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 636
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇
အာဂျင်တီးနား လိဂ်ပွဲစဉ်ဖြစ်တဲ့ ဂျင်မ်နာဆီယာနဲ့ ဘိုကာဂျူနီယာတို့ ပွဲစဉ်မှာ ပရိသတ်တစ်ဦး သေဆုံးခဲ့ပြီး ပွဲကို ဖျက်သိမ်းခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနာက ဖော်ပြထားပါတယ်။
ကွင်းအပြင်ဘက်မှာ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာမှာ အားကစားကွင်းအထဲကို ပျံလွင့်လာခဲ့ပြီး ကစားသမားတွေနဲ့ ပရိသတ်တွေကို အသက်ရှူရ ခက်ခဲစေခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
သေဆုံးမှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဗျူနိုအေရိစ် ပြည်နယ် လုံခြုံရေးဝန်ကြီး ဆာဂျီယိုဘာနီက ပရိသတ်ဟာ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းရုပ်သံကို ပြောခဲ့ပါတယ်။
မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံမှာ ဘောလုံးပွဲတစ်ပွဲအတွင်း လူအုပ်ပြိုပြီး အနည်းဆုံးလူ ၁၃၁ ဦး သေဆုံးခဲ့ ပြီးနောက် ၅ ရက်အကြာမှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာပါ။
အာဂျင်တီးနား အာဏာပိုင်တွေက ဂျင်မ်နာဆီယာ ပရိသတ်တွေဟာ လူပြည့်နေတဲ့ အားကစားကွင်းထဲကို အတင်း ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ချိန်မှာ ရဲတွေက သူတို့ကို ရော်ဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေ အသုံးပြုကာ တားဆီးခဲ့တယ်လို့ ပြောပါတယ်။
အာဂျင်တီးနားလိဂ်ပွဲစဉ် ဖျက်သိမ်းခဲ့စဉ် (Reuters)
ကစားသမားတွေဟာ မျက်နှာတွေကို မထိခိုက်အောင် အကာအကွယ်တွေ ပြုလုပ်ထားကြပြီး ပရိသတ်တွေက လည်း ကွင်းထဲကို ဝင်ရောက်ကာ မျက်ရည်ယိုဗုံးကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဒီပွဲစဉ်ဟာ ပွဲအစ ၉ မိနစ်မှာပဲ ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။
ဂျင်မ်နာဆီယာ ကစားသမား မိုရာလတ်စ်က “ ကျနော့်ရဲ့ ၂ နှစ်အရွယ် သားငယ်လေးဟာ အသက်ရှူမဝ ဖြစ်နေခဲ့ ပါတယ်။ ကျနော်တို့ဟာ ဒီအဖြစ်အပျက်ကို စိတ်ပျက်နေပြီး ပွဲကြည့်စင်ပေါ်မှာရှိတဲ့ လူတွေအားလုံးကို စိတ်ပူနေ ကြတယ်”လို့ ပြောပါတယ်။
ဆာဂျီယိုဘာနီက သူ့ရဲ့ ဝန်ကြီးဌာနဟာ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောထားပါတယ်။
ဒီပွဲမှာ လက်မှတ် အလွန်အကျွံ ရောင်းချမှုတွေ ရှိခဲ့ပြီး အိမ်ရှင်အသင်းဖြစ်တဲ့ ဂျင်မ်နာဆီယာ ကတော့ သူတို့ဟာ ဒီလိုမလုပ်ခဲ့ကြောင်းနဲ့ လုံခြုံရေးစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခဲ့တယ်လို့ ပြောခဲ့ပါတယ်။
“ဒီလို ဝမ်းနည်းစရာ ကောင်းတဲ့နေ့အတွက် တာဝန်ရှိတဲ့သူတွေ မသိမချင်း ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုသွားမှာပါ”လို့ ကလပ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source: Reuters

- By CNI
- Category: အားကစား
- Hits: 781
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇
ပရီးမီးယားလိဂ် ဘောလုံးသမားတွေဟာ No Room For Rasim လှုပ်ရှားမှု အစိတ်အပိုင်းဖြစ်တဲ့ ဒူးထောက်တဲ့ အစီအစဉ်ကို အခုတစ်ပတ်ကစားမယ့် ပွဲစဉ်တွေမှာ ပြန်လည် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ ခွဲခြားဆန့်ကျင့်မှုကို ဆန့်ကျင်တဲ့ ပဏာမခြေလှမ်းကို အခုရက်သတ္တပတ်မှာ စတင်မှာဖြစ်ပြီး အနည်းဆုံး လာမယ့်ပွဲစဉ် ၂ ပွဲအထိ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
ကစားသမားတွေ အားလုံးကလည်း ပွဲမစတင်ခင်မှာ ဒူးထောင်တဲ့ အစီအစဉ်ကို ပွဲစဉ်တိုင်း ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ ဂျော့ဖလွိုက် သေဆုံးပြီးနောက် ကစားသမားတွေဟာ တန်းတူညီမျှမှု ရရှိဖို့အတွက် ဒီလိုလှုပ်ရှားမှုကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ပြုလုပ်လာခဲ့တာပါ။
ဒါပေမယ့် အခုနွေရာသီ ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာ ကစားသမားတွေဟာ ပွဲမတိုင်ခင် ဒူးထောက်တဲ့ အစီအစဉ်ကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပြီး အဲ့ဒီအစား ပွဲစဉ်တချို့မှာသာ ပြုလုပ်သွားဖို့ သဘောတူခဲ့တာ ဖြစ်ပါ တယ်။
ပရီးမီးယားလိဂ်အသင်းများ ဒူးထောက်တဲ့ပုံရိပ်ကိုတွေ့ရစဉ်
အခုအချိန်မှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်း ၂၀ ရဲ့ ခေါင်းဆောင်တွေက ဒီအစီအစဉ်ကို ပြန်လည်ပြုလုပ်ဖို့ သဘောတူညီခဲ့တာကြောင့် ဒူးထောက်တဲ့ အစီအစဉ်ကို ပြန်လည်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီအစီအစဉ်ဟာ ထိရောက်မှု မရှိဘူးဆိုပြီး ပြီးခဲ့တဲ့ရာသီက ကစားသမား အများအပြားက ဒီအစီအစဉ်ကို ရပ်တန့်ခဲ့ကြတာ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းဟာ ချန်ပီယံရှစ်မှာ ရှိနေချိန် ပြီးခဲ့တဲ့ ရာသီကတည်းက ဒူးထောက်တဲ့ အစီအစဉ်ကို ရပ်တန့်ခဲ့ ပေမယ့် သဘောတူထားတဲ့ နေ့ရက်တွေမှာ လူမျိုးရေးခွဲခြားတဲ့ အစီအစဉ်ကို ပြုလုပ်သွားဖို့ အခုနှစ် ရာသီ အစ ကတည်းက အတည်ပြုထားတာပါ။
ကစားသမားတွေဟာ သြဂုတ်လ ပထမပွဲစဉ်ပြီးကတည်းက ရပ်တန့်ခဲ့တဲ့ ဒီအစီအစဉ်ကို ဒီတစ်ပတ်မှာ ပြန်လည် ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင် အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဒီအစီအစဉ်ကို ပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ စပေါ့မေးလ်က ဇူလိုင်လမှာ ဖော်ပြခဲ့တာပါ။
အဓိကကစားသမားတွေက ဒီအစီအစဉ်ဟာ အားကောင်းပြီး သက်ရောက်မှုရှိတဲ့ အမူအရာတစ်ခုအဖြစ် ရှိနေ သေးတယ်လို့ ယုံကြည်နေကာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ရဲ့ သတင်းစကားတွေကို ကြားစေချင်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 1333
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇
ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အသင်းဖော် မာရှယ်နဲ့ တွဲကစားရတာကို ပျော်ရွှင်တယ်လို့ အိုမိုနီးယား နီကိုရှား အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲအပြီးမှာ ပြောလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်က “ သူဟာ အချိန်အတော်ကြာအောင် ကြီးကျယ်တဲ့ ကစားသမားတစ်ယောက်ပါ၊ သူပျော်ရွှင်နေတဲ့ အချိန်မှာဆို မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ကစားသမားပါ။ ကျနော် သူနဲ့ ကစားရတာကို အမြဲတမ်း ပျော်ရွှင်ပါတယ်။ ဒီနေ့ သူနဲ့ တွဲကစားရတာ အလွန်ကောင်းပါတယ်။ ဒါကို ဒီထက်ပိုပြီး ကောင်းမွန်အောင် ကျနော် တို့ လုပ်သွားမှာပါ။ ကျနော်တို့ ၂ ဦးစလုံးဟာ ဒဏ်ရာတွေ ရခဲ့ပါတယ်။ သူဆို ကျနော့်ထက်ပိုပြီး ကြာရှည်ခဲ့ပါ တယ်။ ဒါကြောင့် သူ့အတွက် ကစားချိန် မိနစ်လိုအပ်ပြီး ၂ ပွဲဆက်တိုက် သူဂိုးသွင်းနိုင်ခဲ့ပါတယ်”လို့ BT Sport ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဆိုက်ပရပ်စ်ကလပ် အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမ ပိုင်းမှာ ယူနိုက်တက်အသင်း အရေးနိမ့်နေချိန် နည်းပြ အဲရစ်တန်ဟတ်ဟာ ဒုတိယပိုင်း အစမှာ ရက်ရှ်ဖို့ဒ်ကို လူစားလဲ အသုံးပြုခဲ့ပြီး သိပ်မကြာခင်မှာ မာရှယ်ကိုပါ လူစားလဲ အသုံးပြုခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို ရက်ရှ်ဖို့ဒ်က ၂ ဂိုးနဲ့ မာရှယ်က ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ အိုမိုနီးယားနီကိုရှား ယှဉ်ပြိုင်နေစဉ် (New Straits Times)
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က လူစားဝင် ကစားသမားတွေက သက်ရောက်မှု ရှိစေတယ်ဆိုပြီး မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်ကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ ကျနော်တို့ လူစားလဲမှု ၂ ခုပြုလုပ်လိုက်တဲ့ အချိန်မှာ တကယ်ကို သက်ရောက်မှု ရှိခဲ့ပါတယ်။ လုပ်ခ်ရှောနဲ့ ရက်ရှ်ဖို့ဒ်တို့က ဒါကို အကူအညီ ပေးခဲ့တယ်ဆိုတာ အသေအချာပါပဲ။ မာရှယ် ဝင်ရောက်လာချိန်မှာ တော့ ၂ ဂိုး- ၁ ဂိုး ဖြစ်သွားပါတယ်။ ဒီနေ့ လူစားဝင် ကစားသမားတွေက တကယ်ကို သက်ရောက်မှုရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါက တကယ်ကို ကောင်းမွန်ပြီး အသင်းကို အင်အားတောင့်တင်းစေပါတယ်”လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ဟာ ယူနိုက်တက်အသင်းမှာ ကာလကြာရှည် တွဲကစားနေခဲ့တာဖြစ်ပြီး ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ ခြေစွမ်းပိုင်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ တန်ဟတ်က ဒီကစား သမား ၂ ဦးစလုံးအပေါ်မှာ ယုံကြည်မှု အပြည့်အဝ ရှိနေပြီး အသင်းရဲ့ အဓိက ကစားသမားအဖြစ် သတ်မှတ်ခဲ့ တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ဒီလိုယုံကြည်မှုတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်း ဆုံး ကစားသမားဆု ရရှိခဲ့ပြီး၊ မာရှယ်က မန်စီးတီးနဲ့ ပွဲမှာ လူစားဝင် ကစားသမားအဖြစ်နဲ့ ပါဝင်ကစားကာ ၂ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။
Source: Goal/Daily Mail

- By CNI
- Category: အားကစား
- Hits: 972
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆
ဘိုင်ယန်မြူးနစ်အသင်းဟာ နွေရာသီက ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် အကျဉ်းချုံး ဆွေးနွေးခဲ့တယ်လို့ ဘိုင်ယန် မြူးနစ်အသင်းရဲ့ စီအီးအို အိုလီဗာခန်းက ပြောပါတယ်။
အိုလီဗာခန်းက “ ဘိုင်ယန်က ရော်နယ်ဒိုအတွက် အကျဉ်းချုံး ဆွေးနွေးခဲ့ပါတယ်။ဒေါ့မွန်လည်း ဒီလိုဖြစ်နိုင်ပါ တယ်။ ဘွန်ဒစ်လီဂါရဲ့ ကြီးမားတဲ့ ရုပ်ပုံကိုလည်း ကျနော်တို့ မြင်တွေ့ရပါမယ်။ ရော်နယ်ဒိုလို စူပါစတားတွေက လိဂ်ပြိုင်ပွဲကို အာရုံစိုက်နိုင်ဖို့အတွက် အရေးပါတဲ့ အချက်ပါ။ သူဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အကြီးကျယ် ဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ ဒါပေမယ့် ကျနော်တို့ ဒီဆွေးနွေးမှုကို အမြန်ဆုံး ပယ်ချခဲ့ပါတယ်”လို့ Bild ကို ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီက အသင်းကထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီး ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ အသင်းရဲ့ ရာသီကြိုခရီးစဉ်ကို ပူးပေါင်းခြင်း မရှိခဲ့ပါဘူး။
ရော်နယ်ဒိကို တွေ့ရစဉ်
ဒါပေမယ့် အပြောင်းအရွှေ့ ပိတ်တဲ့အချိန်ထိ အပြောင်းအရွှေ့ မဖြစ်ခဲ့တာကြောင့် အသက် ၃၇ နှစ်အရွယ်ရှိ ကစားသမားဟာ ယူနိုက်တက်မှာပဲ ဆက်ရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင် ပေါ်တူဂီအသင်းရဲ့ အသင်း ခေါင်းဆောင်ဟာ ဘရန်ဖို့ဒ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲသာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ မှာ ယူနိုက်တက်အတွက် ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာပါ။
ရော်နယ်ဒိုဟာ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာသာ ပွဲထွက်ခွင့်ရနေပြီး မန်စီးတီးအသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပွဲမှာ လူစားဝင် ကစားသမားအဖြစ်တောင် ပါဝင်ခွင့်မရခဲ့လို့ စိတ်ပျက်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကလည်း ရော်နယ်ဒိုဟာ ဒီပွဲကို ပါဝင်ခွင့်မရတာကြောင့် စိတ်ပျက်နေတယ်လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဈေးကွက်ထဲမှာ တိုက်စစ်မှူးအသစ် ခေါ်ယူဖို့ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ဂျာမန်ကလပ်ဟာ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့သာ အဓိကပစ်မှတ်ထား လှုပ်ရှား နေတာဖြစ်ပြီး အင်္ဂလန်အသင်း ခေါင်းဆောင်ရဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
Source: The Sun

- By CNI
- Category: အားကစား
- Hits: 893
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆
နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ရုရှားလူမျိုး အူမာကရမ်မလဗ်က ရုရှားနဲ့ ဘယ်လာရုစ်ပြိုင်ပွဲဝင်တွေအပေါ် ပိတ်ပင်ထားတာကို ရုပ်သိမ်းတဲ့ သူတို့အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ဟာ အခြားအဖွဲ့ချုပ်တွေအတွက် စံနမူနာ ဖြစ်စေတယ်လို့ ပြောလိုက်ပါတယ်။
အူမာကရမ်မလဗ်က “ ဒီနေ့မှာ အားကစားက နိုင်ငံရေးထက်ပိုပြီး သာလွန်နေတာကို လက်ဝှေ့က ပြသခဲ့ပါတယ်။ အားကစားပွဲတွေစတင်တဲ့အချိန်မှာ နိုင်ငံရေးပွဲတွေပြီးဆုံးသွားပါတယ်။ကျနော်တို့ဟာ အားကစားသမားတွေကို ကာကွယ်ဖို့၊ အားကစားသမားတိုင်းကို တန်းတူညီတူအခွင့်အရေးတွေပေးရပါမယ်။ ဘာကြောင့်လဲဆိုရင် အားကစားသမားတွေအတွက် သူတို့ရဲ့ သီချင်းကိုဖွင့်ပြီး သူတို့ရဲ့ အလံကိုလွှင့်တင်တဲ့အချိန်မှာ အရေးကြီးပါတယ်။ နိုင်ငံတကာအဖွဲ့ချုပ်အားလုံးကိုလည်း ဒီလိုမျိုးဆုံးဖြတ်ချက်ချဖို့ တောင်းဆိုပါတယ်။ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ” လို့ Match TV ကို ပြောခဲ့တာပါ။
အပျော်တမ်းလက်ဝှေ့ကိုအုပ်ချုပ်တဲ့ နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်(IBA) ဟာ မတ်လက ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ကနဦးပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းဖို့ မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။IBA က ၂ နိုင်ငံရဲ့ တိုက်ခိုက်ရေးသမားတွေကို သူတို့ရဲ့ အလံနဲ့ နိုင်ငံတော်သီချင်းကို အသုံးပြုပြီး ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင် ခွင့်ပြုမယ်လို့ ပြောခဲ့တာပါ။
IBA က “နိုင်ငံရေးဟာ အားကစားအပေါ်မှာ လွှမ်းမိုးမှုတစ်စုံတစ်ရာမရှိသင့်ဘူးလို့ အခိုင်အမာယုံကြည်ထား ပါတယ်။ဒါကြောင့် အားကစားသမားတိုင်းကို တန်းတူညီတူ အခြေအနေ ပေးသင့်ပါတယ်။နိုင်ငံရေးအရ ဘက်လိုက်မှုမရှိဘဲ အမှီအခိုကင်းစွာ ရှိနေရမယ်လို့” ပိတ်ပင်မှုကို ရုပ်သိမ်းတဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
IBA ဟာ ရုရှားနဲ့ ဘယ်လာရုစ်အားကစားသမားတွေကို ပြိုင်ပွဲဝင်ခွင့်အပြင် နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်း အသုံးပြုခွင့်ပေးတာက ကမ္ဘာ့အားကစားအဖွဲ့ချုပ်တွေကြားမှာ သာလွန်ထူးခြားတဲ့ အရာဖြစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။တချို့အားကစားအဖွဲ့ချုပ်တွေက ရုရှားနဲ့ ဘယ်လာရုစ်အားကစားသမားတွေကို ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ထားပြီး၊ တချို့ကတော့ ကြားနေနိုင်ငံအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုထားတာဖြစ်ပါတယ်။
Source:RT

- By CNI
- Category: အားကစား
- Hits: 887
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆
မက်ဆီဟာ ဘင်ဖီကာအသင်းကို သရေကျ ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပီအက်စ်ဂျီ အသင်းအတွက် ဂိုးသွင်း ယူပြီးနောက် ဒီပြိုင်ပွဲမှာ သူကိုယ်တိုင် တင်ရှိထားတဲ့ စံချိန်တွေထဲက တစ်ခုကို ချိုးဖျက်ပြီး စံချိန်သစ် တင်ခဲ့ပါတယ်။
ဒီပွဲမှာ ပီအက်စ်ဂျီအသင်းက ဘင်ဖီကာအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပြီး မက်ဆီဟာ နေမာ၊ ဘတ်ပီတို့နဲ့ တွဲဖက်မှုနဲ့ လှပတဲ့ ဂိုးကို သွင်းယူခဲ့တာပါ။
အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီပွဲမှာ ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ အသင်း ၄၀ ကို ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ မက်ဆီဟာ အရင်က ၃၉ သင်းကို ဂိုးသွင်းပြီး စံချိန်တင် ထားကို ပြန်ချိုးဖျက်ပြီး စံချိန်သစ် ထပ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မပါဝင်တဲ့ ရော်နယ်ဒိုဟာ မတူညီတဲ့ ၃၈ သင်းကို ဂိုးသွင်းပြီး မက်ဆီရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဂျင်တီးနား ကစားသမားဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရော်နယ်ဒိုရဲ့ နောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာပါ။ ရော်နယ်ဒိုက ၁၄၀ ဂိုးသွင်းယူထားပြီး မက်ဆီက ၁၂၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
မက်ဆီ အသင်းဖော်တွေနဲ့ အောင်ပွဲခံနေစဉ် (Sports)
မက်ဆီဟာ ပြီးခဲ့တဲ့ မက္ကာဘီဟိုင်ဖာအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းယူပြီးနောက် ဒီပြိုင်ပွဲမှာ ၁၈ ရာသီ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း စံချိန်သစ် တင်ထားတာပါ။
ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ မက်ဆီဟာ ဒီရာသီမှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်လည်ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုး သွင်းယူထားတာပါ။
ပီအက်စ်ဂျီအသင်းဟာ ဘင်ဖီကာအသင်းနဲ့ သရေကျခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စုတွင်း ၃ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်ရရှိထားပြီး အုပ်စုတွင်းကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီနောက်မှာ ဘင်ဖီကာက ၇ မှတ်နဲ့ ဒုတိယ၊ ဂျူဗင်တပ်စ်က ၃ မှတ်နဲ့ တတိယ၊ မက္ကာဘီဟိုင်ဖာ အသင်း ကတော့ ရမှတ်မရသေးပဲ အုပ်စုတွင်း နောက်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အခုလာမယ့် အပတ်မှာ ဘင်ဖီကာအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် အိမ်ကွင်းပွဲစဉ် အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: The Athletic

- By CNI
- Category: အားကစား
- Hits: 782
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆
မန်စီးတီးတိုက်စစ်မှူး ဟာလန်းက လူသားမဟုတ်ဘူးဆိုပြီး ကိုပေဟေဂင်အသင်းဂိုးသမားက ပြောခဲ့တယ်လို့ အသင်းဖော် ဂရီလစ်ရှ်က ပြောလိုက်ပါတယ်။
ဂရီလစ်ရှ်က “ ရိုးရိုးသားသားပြောရရင် သူက မယုံကြည်နိုင်စရာကောင်းပါတယ်။ကျနော့်ဘဝမှာ ဒီလိုမျိုးတစ်ခါ မှမမြင်တွေ့ဖူးပါဘူး။ပထမဂိုးနဲ့ ဒုတိယဂိုးမှာဆို ကျနော်ရယ်မောနေခဲ့ပါတယ်။သူဟာ အမြဲတမ်းဂိုးသွင်းမယ့် နေရာမှာရှိနေတာပါ။ကျနော်ပြန်ထွက်လာချိန်မှာ သူတို့ဂိုးသမားက တစ်ခုခုပြောခဲ့ပါတယ်။အဆိုပါဂိုးသမားက ဟာလန်းက လူသားမဟုတ်ဘူးဆိုပြီးပြောခဲ့တာပါ။ခင်ဗျား ကျနော့်ကိုပြောတာလားဆိုပြီး ကျနော့်က ပြန်ပြော လိုက်ပါသေးတယ်။ဟာလန်းအနေနဲ့ ဒီပုံစံအတိုင်းပဲ ဆက်သွားပြီး ကျနော်တို့ကို အောင်မြင်မှုရအောင်ယူပေးဖို့ မျှော်လင့်တယ်” လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းက ကိုပေဟေဂင်အသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု အဆင့်ပွဲစဉ်မှာ ဟာလန်းက ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။နော်ဝေတိုက်စစ်မှူးဟာ ဒေါ့မွန်ကနေ ရောက်ရှိလာပြီးကတည်းက မန်စီးတီးအတွက် ၁၂ ပွဲကစားထားပြီး ၁၉ ဂိုးအထိ သွင်းယူထားတာပါ။ဒီပွဲမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဟာလန်းကို ဒုတိယပိုင်းအစမှာပဲ လူစားလဲပြီး အနားပေးခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာက “ဟာလန်းက မိနစ်တွေအများကြီးကစားခဲ့ပါတယ်။ကျနော်တို့ဟာ ဒီပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပွဲက ခက်ခဲနေတယ်ဆိုရင်တော့ ဟာလန်းက ကွင်းထဲမှာ ဆက်ရှိနေမှာဖြစ်ပေမယ့် စနေနေ့ ဆောက်သမ်တန်နဲ့ ကစားမယ့်ပွဲအတွက် အနားပေးလိုက်တာက ပိုပြီးကောင်းပါတယ်” လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဟာလန်းဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၂ ပွဲကစားထားအပြီး ၂၈ ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။အသက် ၂၂ နှစ်အရွယ်ရှိ ဟာလန်းရဲ့အထက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံးကစားသမားဆိုလို့ ၂၇ ဦးသာ ရှိတော့တာလည်းဖြစ်တာပါ။မန်စီးတီးအသင်းဟာ ကိုပေဟေဂင်အသင်း ကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ပွဲကစား ၃ ပွဲနိုင်နဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်း သွားခဲ့ပြီ ဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 875
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅
ဆစ်ဒနီမှာ ကျင်းပတဲ့ ၂၀၂၂ သြစတြေးလျဖလား ဗိုလ်လုပွဲမှာ နာဇီပုံစံ အလေးပြုတဲ့ ပရိသတ်တစ်ဦးကို သြစတြေးလျ အက်ဖ်အေက ကျင်းပတဲ့ ဘယ်ဘောလုံးပြိုင်ပွဲမဆို ဝင်ရောက်ကြည့်ရှုခွင့် တစ်သက်တာ ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ မက်ကာသာအသင်းက ဆီမီးပရိုအသင်းဖြစ်တဲ့ ဆစ်ဒနီယူနိုက်တက် 58 အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
သြစတြေးလျအက်ဖ်အေက ဒီပွဲကို ကြည့်ရှုသူ ပရိတ်သတ် ၁၆,၀၀၀ ဦးထဲက ပရိသတ်အချို့ရဲ့ အပြုအမူကို တုံ့ပြန်တဲ့အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ် လာတဲ့ ဓါတ်ပုံတွေအရ ဆစ်ဒနီအသင်းကို အားပေးတဲ့ ပရိသတ်အချို့ဟာ ပွဲချိန်အတွင်း နာဇီပုံစံ အလေးပြုနေ တာကို မြင်တွေ့ခဲ့ရတာပါ။
သြစတြေးလျ ဂျူးအုပ်စုက ဒါကို ပြစ်တင်ရှုတ်ချခဲ့ပြီး အချို့ပရိသတ်တွေက ပွဲမစတင်ခင်မှာ အော်ဟစ် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပရိသတ်များကိုတွေ့ရစဉ် (FTBL)
“သြစတြေးလျ ဘောလုံးအဖွဲ့ချုပ်က ဒီပွဲကို တက်ရောက်ကြည့်ရှုတဲ့ ပရိသတ်တစ်ဦးရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို အဆုံးသတ်လိုက်ပါပြီ။ ဒီပရိသတ်ကို သြစတြေးလျနဲ့ သက်ဆိုင်တဲ့ ဘောလုံးပြိုင်ပွဲတွေမှာ ဝင်ရောက်ကြည့်ရှုခွင့် တစ်သက်တာ ပိတ်ပင်လိုက်ပါပြီ။ ဒီပိတ်ပင်မှုဟာ ချက်ချင်း အသက်ဝင်တယ်”လို့ သြစတြေးလျအက်ဖ်အေက ထုတ်ပြန်ခဲ့ပါတယ်။
ဒီကြေညာချက်မှာ ပိတ်ပင်ခံရတဲ့သူ ဘယ်သူလဲဆိုတာကို ဖော်ပြထားခြင်း မရှိပါဘူး။ ဆစ်ဒနီယူနိုက်တက် 58 ကို ၁၉၅၈ မှာ ဆစ်ဒနီခရိုအေးရှားအဖြစ် တည်ထောင်ခဲ့တာပါ။ ပရိသတ်အချို့ဟာ ၁၉၃၀ နဲ့ ၁၉၄၀ နှစ်တွေမှာ ခရိုအေးရှားရှိ လက်ယာစွန်း Ustase လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ သီချင်းတွေကိုလည်း သိဆိုခဲ့ကြတာ ဖြစ်ပါတယ်။
NPL NSW လိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဆစ်ဒနီယူနိုက်တက် 58 ဟာ ပြီးခဲ့တဲ့ သြစတြေးလျ ဖလားပြိုင်ပွဲမှာ သြစတြေးလျ ထိပ်သီး အသင်းတွေဖြစ်တဲ့ ဘရစ်စဘိန်းရိုအာ၊ ဝက်စ်တန်ယူနိုက်တက် တို့ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲအထိ တက်လာခဲ့တာပါ။
ဒါပေမယ့် ဗိုလ်လုပွဲမှာ သြစတြေးလျ ထိပ်သီးကလပ် မက်ကာသာအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 962
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅
မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၉ နှစ်ကျခံစေဖို့အတွက် ရော်ဘင်ဟိုကို အီတလီထံ လွှဲပြောင်းပေးစေလို ကြောင်း ဘရာဇီးလ်အာဏာပိုင်တွေကို အီတလီတရားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာ ဇန်နဝါရီလအတွင်းက အုပ်စုဖွဲ့မုဒိမ်းကျင့်မှုအတွက် ပြစ်မှု ထင်ရှားစီရင်ခြင်းအပေါ် နောက်ဆုံးအယူခံဝင်ခဲ့ရာမှာ အရေးနိမ့်ထားတာပါ။အယ်လ်ဘေးနီးယား အမျိုးသမီးဟာ ၂၀၁၃ က မီလန်နိုက်ကလပ်မှာ သူမရဲ့ အသက် ၂၃ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပချိန် မုဒိမ်းကျင့်ခံရမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။အဆိုပါအချိန်တုန်းက ရော်ဘင်ဟိုဟာ အေစီမီလန်အသင်းမှာ ကစားနေတာပါ။
ရော်ဘင်ဟိုနဲ့ အခြား ၅ ဦးတို့ဟာ ၂၀၁၇ မှာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ဒီစီရင်ချက်ကို ၂၀၂၀ မှာ အယူခံတရားရုံးက အတည်ပြုခဲ့ပြီး ရောမမြို့ရှိ တရားရုံးချုပ်က အသက် ၃၈ နှစ်အရွယ်ရှိ ရော်ဘင်ဟိုကို ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့တာပါ။ ရီးရယ်လ်နဲ့ မန်စီးတီးတိုက်စစ်မှူးဟောင်းဟာ လက်ရှိအချိန် ဘရာဇီးလ်မှာ နေထိုင်နေတာလည်း ဖြစ်ပါတယ်။
အခုအချိန်မှာတော့ အီတလီတရားရေးဝန်ကြီးဌာနက ရော်ဘင်ဟိုကို ဘရာဇီးလ်ကနေ လွှဲပြောင်းပေးဖို့ တောင်းဆိုထားတယ်လို့ ESPN သတင်းဌာနက ဖော်ပြထားပါတယ်။ဒါ့အပြင် ဒီအဖြစ်အပျက်မှာ ပါဝင်တဲ့သူ တစ်ဦးဖြစ်တဲ့ ရော်ဘင်ဟိုရဲ့ သူငယ်ချင်း ရီကာဒိုဖယ်လ်ကိုကိုလည်း လွှဲပြောင်းပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။အခြား ၄ ဦးကို အီတလီအာဏာပိုင်တွေက ခြေရာခံမတွေ့ရှိတာကြောင့် တရားစွဲဆိုခြင်း မပြုရသေးပါဘူး။
ဒါပေမယ့် ဘရာဇီးလ်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘရာဇီးလ်နိုင်ငံသားတွေကို သူတို့မွေးရပ်မြေကနေ လွှဲပြောင်းခွင့်မပြုထားဘူးလို့ သတင်းဖော်ပြချက်အရ သိရပါတယ်။ရော်ဘင်ဟိုဟာ ဘရာဇီးလ်လက်ရွေးစင် အတွက် ပွဲပေါင်း ၁၀၀ ပါဝင်ကစားခဲ့ပြီး ၂၈ ဂိုးသွင်းယူနိုင်ခဲ့ကာ ၂၀၂၀ မှာတော့ ကစားသမားဘ၀တွင် ပထမဆုံး ကစားခဲ့တဲ့ ဆန်းတို့စ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ဒါပေမယ့် စပွန်ဆာတွေက မုဒိမ်းမှုကြောင့် ပြစ်ဒဏ်ကျခံ ရမယ့် ကစားသမားကို ခေါ်ယူခဲ့လို့ အသင်းနဲ့ ဆက်ဆံမှုကို ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် သဘောတူညီမှုဟာ ချက်ချင်းပျက်ပြယ်သွားခဲ့တာပါ။အယူခံဝင်တာမှာ ရော်ဘင်ဟိုဟာ အဆိုပါ အမျိုးသမီးနဲ့ အဆက်အသွယ်ရှိခဲ့ကြောင်းနဲ့ လိင်ဆက်ဆံတာမှာ နှစ်ဦးသဘောတူ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
Source:The Sun