- By CNI
- Category: အားကစား
- Hits: 808
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆
အဲဗာတန် အသင်းနည်းပြ လမ်းပတ်ဟာ လီဗာပူးလ်နဲ့ မာဆေးဆိုဒ် ဒါဘီပွဲအပြီးမှာ ကွင်းလယ်ဒိုင်လူကြီး အက်ဒ်ဝဲလ် အပေါ် ပြောခဲ့တဲ့ မှတ်ချက်ကြောင့် အက်ဖ်အေရဲ့ စွဲချက်တင်တာကို ခံရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
လီဗာပူးလ် အသင်းက ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန်(၅၃)မိနစ်မှာ အဲဗာတန် ကစားသမား ဂေါ်ဒွန်ကို လီဗာပူးလ် နောက်ခံလူ မာတစ်ပ်က ဂိုးဧရိယာအတွင်းမှာ တွန်းတိုက်မိခဲ့တာပါ။
ဒီဖြစ်ရပ်အပေါ် ပင်နယ်တီ မပေးခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို အဲဗာတန် အသင်းက ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန် အသင်းဟာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘာကြောင့် အသေးစိတ် မကြည့်ခဲ့တာလဲဆိုတာကို ရှင်းလင်းပေးဖို့ တာဝန် ရှိသူ ဒိုင်လူကြီးတွေကို ဆက်သွယ်ခဲ့တာပါ။
အဲဗာတန်နဲ့ ဒိုင်လူကြီး တာဝန်ရှိသူတွေရဲ့ ဆက်ဆံရေးဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကတည်းက အဆင်မပြေခဲ့တာ ဖြစ်ပါတယ်။
လမ်းပတ်ကတော့ သူတို့အသင်း ပင်နယ်တီမရခဲ့လို့ အလွန်စိတ်ပျက်နေခဲ့ပြီး “အဲ့ဒီနေရာမှာ ဆာလတ်သာ ဖြစ်ခဲ့ရင် ခင်ဗျားတို့ ပင်နယ်တီ ရပါလိမ့်မယ်။ ကျနော်ဟာ လိဂ်ရဲ့ ထိပ်တန်းအသင်းတွေမှာ ကစားခဲ့ပါတယ်။ သူတို့ဆိုရင် ပင်နယ်တီ ရပါလိမ့် မယ်”လို့ ပြောခဲ့တာပါ။
အဲဗာတန်ကစားသမားကို လီဗာပူးလ်ကစားသမားက တားဆီးနေစဉ်(Sky Sports)
အဲဗာတန် အသင်းဟာ ဒီပွဲရလဒ်ကြောင့် တန်းဆင်းဇုန်ထဲကို ရောက်ရှိသွားခဲ့ပါတယ်။
အက်ဖ်အေ စည်းကမ်း ထိန်းသိမ်းရေးကော်မတီက လမ်းပတ်ရဲ့ မှတ်ချက်စကားကို မှတ်သားထားပြီး ဒီလိုပြောခဲ့တဲ့ အပေါ် သဘောထား မှတ်ချက်ပေးဖို့ တောင်းဆိုထားခဲ့တာပါ။
လီဗာပူးလ်နဲ့ အဲဗာတန် အသင်းတို့ဟာ ဒီပွဲဖြစ်ခဲ့တဲ့ အမူအကျင့်တွေနဲ့ ပတ်သက်ပြီး သတိပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲ မှာ အဲဗာတန် ကွင်းလယ်လူ ဒိုကိုရေးဟာ လီဗာပူးလ် ကွင်းလယ်လူ ဖာဘင်ဟို ကန်ခဲ့လို့ ရန်ပွဲ ဖြစ်ပွဲခဲ့သေးတာပါ။ ရစ်ချာလီ ဆန် ဒဏ်ရာရနေပြီး ကွင်းထဲမှာ လဲကျနေတဲ့အချိန်မှာ လီဗာပူးလ် အသင်းက ပွဲဆက်ကစားနေတဲ့ အချိန်မှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ် အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက မန်စီးတီး အသင်းကို ဒုတိယနေရာကနေ ၁ မှတ်အကွာနဲ့ ဆက်လက် ဖိအားပေးနေခဲ့ပြီး အဲဗာတန် အသင်းကတော့ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1054
CNI Sport News
၂၀၂၂ ခုနှစ်၊ ၂၆
အီတလီလက်ရွေးစင် အသင်းခေါင်းဆောင် ချီလီနီက ဝင်ဘာလေမှာ ကစားမယ့် အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ ပွဲအပြီးမှာ နိုင်ငံတကာ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ အတည်ပြု လိုက်ပါတယ်။
ချီလီနီဟာ ပြီးခဲ့တဲ့ နွေရာသီက ကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်း ချန်ပီယံဆု ဆွတ်ခူးခဲ့တာမှာ ခြေစွမ်းပြသ နိုင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် နောက်ခံလူဟာ ဒီအောင်မြင်မှုတွေကို ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အထိ သယ်ဆောင်သွားနိုင်ဖို့ ပစ်မှတ်ထားခဲ့တာပါ။
ဒါပေမယ့် အီတလီ အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရဖို့ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။
ချီလီနီဟာ ဂျူဗင်တပ်စ်အသင်းက ဆက်ဆူအိုလို အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်အပြီးမှာ လက်ရွေးစင် အသင်းက အနားယူမယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့တာပါ။
ချီလီနီက “ကျနော့်အနေနဲ့ အဆင်ပြေမယ်ဆိုရင် ကစားသမားဘဝ အထွတ်အထိပ် ရောက်ခဲ့တဲ့ ဝင်ဘာလေမှာ ကစားပြီး နိုင်ငံ အသင်းကို နှုတ်ဆက်ချင်ပါတယ်။ အာဂျင်တီးနားလို အထိမ်းအမှတ်ပွဲတစ်ခုနဲ့ အဇူရီဂျာစီကို နှုတ်ဆက်လိုက်တာက အလွန် ကောင်းပါတယ်။ လက်ရွေးစင်အတွက် ဒီပွဲဟာ ကျနော့်ရဲ့ နောက်ဆုံးပွဲပါ”လို့ DAZN ကို ပြောခဲ့တာ ဖြစ်ပါတယ်။
ချီလီနီကို တွေ့ရစဉ်(Football365)
ချီလီနီဟာ ဖီအိုရင်တီးနား အသင်းမှာ ကစားနေတဲ့အချိန် အသက်(၂၀)အရွယ်မှာ အီတလီလက်ရွေးစင် အသင်းအတွက် စတင် ပွဲထွက်ခွင့် ရရှိခဲ့တာပါ။ ချီလီနီဟာ ၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲမှာ ကြေးတံဆိပ်ရခဲ့တဲ့ အီတလီ အိုလံပစ် အသင်းမှာလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အသင်းခေါင်းဆောင်ဟာ အီတလီ အသင်းအတွက် ပွဲပေါင်း ၁၁၆ ပွဲ ပါဝင်ကစားခဲ့ကာ နှစ်ပေါင်း ၂၀ နီးပါး ကစားခဲ့တာပါ။
အသက်(၃၇)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ချီလီနီဟာ ဂျူဗင်တပ်စ် အသင်းနဲ့လည်း ဆုဖလားအောင်မြင်မှု အများအပြား ရယူထား တာဖြစ်ပြီး ၂၀၂၃ ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။
“ဂျူဗင်တပ်စ်နဲ့ ကျနော့်ရဲ့ ချစ်ခြင်းမေတ္တာတွေက ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ အခုအချိန်ကနေ ရာသီ အကုန်ထိ အရာအားလုံးကို အကဲဖြတ်ရမှာဖြစ်ပြီး အကောင်းဆုံးက မိသားစုနဲ့ စကားပြောရမှာ ဖြစ်ပါတယ်”လို့ ချီလီနီက ပြောခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 625
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆
ပေါ့ဘာ ဟာ နွေရာသီ အပြောင်းအရွှေ့မတိုင်ခင်မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ WhatsApp ဂရုထဲကနေ ထွက်ခွာလိုက်ပြီလို့ နောက်ဆုံးရ အားကစားသတင်းတွေမှာ ဖော်ပြထားပါတယ်။
ပေါ့ဘာ ဟာ လီဗာပူးလ် အသင်း ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ဒီပွဲဟာ မန်ချက်စတာယူနိုက်တက် ဂျာစီနဲ့ သူနောက်ဆုံးကစားခဲ့တဲ့ ပွဲဖြစ်တယ်လို့ သတ်မှတ်ထားကြတာပါ။ ပေါ့ဘာ နဲ့ မန်ချက်စတာယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဇွန်လအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းတဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချထားတာဖြစ်ပါတယ်။
ပေါ့ဘာ ဟာ အခုနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတာကို အသင်းဖော်တွေကို ပြောခဲ့ပြီး ဖြစ်တယ်လို့ မေရာသတင်းမှာ ဖော်ပြထားတာပါ။ပြင်သစ်ကစားသမားဟာ အသင်းသားတွေရဲ့ WhatsApp ဂရုထဲကနေ ထွက်ခွာလိုက်တာက မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာမယ့် လုပ်ငန်းစဉ်တွေကို စတင် လိုက်တာဖြစ်တယ်လို့ သိရပါတယ်။မန်ချက်စတာကလပ်ကနေ ထွက်ခွာမယ့် ပေါ့ဘာကို ရီးရယ်လ်နဲ့ ပီအက်စ်ဂျီ အသင်းတို့က ကမ်းလှမ်းမှုတွေပြုလုပ်ထားတာပါ။
ရီးရယ်လ် အသင်းဟာ ပေါ့ဘာ အပါအဝင် ချယ်လ်ဆီး နောက်ခံလူ ရူဒီဂါ၊ပီအက်စ်ဂျီ တိုက်စစ်မှူး ဘတ်ပီ တို့ကို လည်း အလွတ်နဲ့ခေါ်ယူဖို့ သူတို့ရဲ့ စာရင်းထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ပေါ့ဘာနဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ ဆက်ဆံရေးဟာ နောဝစ်ချ် ကို အနိုင်ရခဲ့တဲ့ ပွဲမှာကတည်းက အဆင်မပြေမှုတွေ ရှိခဲ့တာပါ။အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ သူ့ရဲ့နောက်ဆုံးပွဲစဉ်မှာ လူစားလဲခံရချိန် ပရိသတ်တွေက သူ့ကို လှောင်ပြောင်တဲ့အခါမှာ နားရွက်ပေါ်မှာ လက်တင်တဲ့ အမူအရာကို လုပ်ပြသွားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရက်ဂ်နစ်ကလည်း ပေါ့ဘာ ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘဲ ထွက်ခွာတော့မှာဖြစ်တယ်လို့ အာဆင်နယ် အသင်းနဲ့ ပွဲမတိုင်ခင်မှာ ပြောခဲ့တာပါ။ဒါပေမယ့် ပေါ့ဘာ ကတော့ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ ကြိုစားနေကြောင်း ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ပြီး ပြန်လည် တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ပေါ့ဘာ ဟာ အသင်းအတွက်(၂၂၆)ပွဲ ပါဝင်ကစားပြီး (၃၉)ဂိုးသွင်းယူကာ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1053
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆
နေမာ ဦးဆောင်တဲ့ ပီအက်စ်ဂျီ အသင်း ကစားသမားတွေဟာ လီဂူးဝမ်းဆုဖလားကို စံချိန်တင်(၁၀)ကြိမ်မြောက် ရယူပြီးနောက် သီးသန့်ဆုဖလား အောင်ပွဲခံအခမ်းအနားကျင်းပသွားခဲ့ပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ က ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ လန်းစ် အသင်းနဲ့ ၁ ဂိုးစီ သရေကျပြီး နောက် အမှတ်ပေးချန်ပီယံဆုကို ရယူဖို့ သေချာသွားခဲ့တာပါ။ကစားသမားတွေစုရုံးခဲ့တဲ့ ကြီးမားတဲ့ ပါတီကို ပီအက်စ်ဂျီ အသင်းရဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမား နေမာ က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။နေမာ ဟာ စင်မြင့်ပေါ်မှာ မိုက်ခရိုဖုန်းကိုင်ပြီး သီချင်းဆိုနေခဲ့တာကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တာပါ။ဘရာဇီးလ် ကစားသမားဟာ သီချင်းကို လိုက်ဆိုရင်းနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အသံအချို့ကို ပြသခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
နေမာ ဟာ ဒီအောင်ပွံခံပါတီမှာ ချစ်သူ ဘီယန်ကာဒီကို ပွေ့ဖက်ထားခဲ့တာပါ။နေမာနဲ့ ဘီယန်ကာဒီ တို့ဟာ လပေါင်းများစွာ ထင်ကြေးပေးခံရပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ လူသိရှင်ကြား ထွက်ပြခဲ့တာဖြစ်ပါတယ်။ နေမာ ဟာ မာကွင်ဟို၊ကင်မ်ပန်ဘီ၊ပါရဲရား၊ဂွီယီ တို့အပါအဝင် ကစားသမားအချို့နဲ့အတူတွဲဓါတ်ပုံရိုက်ကာ အင်စတာဂရမ်မှာ တင်ထားခဲ့တာပါ။ရီးရယ်လ် ပစ်မှတ် ဘတ်ပီ ကိုတော့ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ပုံတွေထဲ မှာ မတွေ့ခဲ့ရဘူးလို့သိရပါတယ်။ဘတ်ပီ ဟာ အခုရာသီအကုန်မှာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
ဘတ်ပီအနေနဲ့ အသင်းမှာ ဆက်ရှိ၊မရှိဆိုတာကို အခုအချိန်ထိ အတည်ပြုပြောထားခြင်းမရှိသေးပါဘူး။လန်းစ် နဲ့ ပွဲမှာ ပီအက်စ်ဂျီ အတွက် ဂိုးသွင်းပေးခဲ့တဲ့ မက်ဆီကိုလည်း ပုံတွေထဲမှာ တွေ့မြင်ရခြင်းမရှိတာကြောင့် အောင်ပွဲခံ အခမ်းအနားမှာ အာဂျင်တီးနား ကစားသမားရှိနေတာဟာ လျှို့ဝှက်ဆန်းကြယ်မှုလည်း ဖြစ်နိုင်တယ်လို့ သတင်း မှာ ဖော်ပြထားတာဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ရာသီက လီဂူးဝမ်းဖလားကို လိုင်လီ အသင်းထံ ပေးခဲ့ရပြီး တစ်ရာသီအကြာမှာ ပြန်လည်ရယူနိုင်ခဲ့တာပါ။
ပီအက်စ်ဂျီ အသင်းဟာ (၁၀)ရာသီအတွင်းမှာ လီဂူးဝမ်းဖလားကို (၈)ကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ပီအက်စ်ဂျီ ပရိသတ်တွေကတော့ အသင်း ချန်ပီယံလိဂ်က ထွက်ခဲ့ရတာကိူ အလွန်စိတ်ပျက်နေပြီး လန်းစ်နဲ့ပွဲစဉ်မှာ အသင်းသားတွေနဲ့ အောင်ပွဲမခံဘဲ ကွင်းပြင်ပမှာ အောင်ပွဲခံခဲ့ကြတာပါ။ဒါ့အပြင် နေမာနဲ့ မက်ဆီ ကိုလည်း ဆက်လက်လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနို ကတော့ မက်ဆီကို လှောင်ပြောင်နေတာဟာ မယုံနိုင်စရာဖြစ်ပြီး လက်ခံဖို့ ခက်ခဲတဲ့အရာဖြစ်တယ်လို့ ပြောထားတာပါ။ပီအက်စ်ဂျီ အသင်းဟာ ပိုချက်တီနို ကို နည်းပြရာထူးကနေ ထုတ်ပယ် တော့မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
Source:TheSun
- By CNI
- Category: အားကစား
- Hits: 688
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅
လီဝန်ဒေါစကီး ဟာ အခု နွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ် က အတည်ပြုလိုက်ပါတယ်။
လီဝန်ဒေါစကီး ဟာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေခံနေရတာပါ။ လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် သူဟာ ဂျာမန်ကလပ်မှာ နောက်ထပ်တစ်ရာသီသာ ရှိတော့မှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာ အသင်းအပါအဝင် အသင်းအချို့က လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ဒါပေမယ့် လီဝန်ဒေါစကီး ဟာ ဘာစီလိုနာ အသင်းကို ဈေးနည်းနည်းနဲ့ ရောက်ရှိဖွယ်ရှိတဲ့ ဖြစ်နိုင်ခြေနဲ့ ပတ်သက် ပြီး မေးခဲ့ရာမှာ ဆာလီဟာမစ်ဇစ် က ပယ်ချခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းက ယူရိုသန်း(၄၀)နဲ့ (၅၀)ကြား မှာ လီဝန်ဒေါစကီးကို ရောင်းမလားလို့ ကမ်းလှမ်းရင် မရောင်းဘူးလို့ပဲ ဖြေရမှာပါ။ သူနဲ့ အသင်းချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)အထိ ရှိနေပါတယ်”လို့ ပြောခဲ့တာပါ။ လီဝန်ဒေါစကီး ဟာ ဒီရာသီ ဂျာမန်ကလပ်အတွက် (၄၃)ပွဲ ပါဝင်ကစားထားပြီး (၄၈)ဂိုးသွင်းယူထားတာပါ။
လီဝန်ဒေါစကီး ဟာ ဒေါ့မွန် ကနေရောက်ရှိလာတဲ့ (၂၀၁၄-၁၅)ရာသီကတည်းက ဘိုင်ယန်မြူးနစ် အသင်းအတွက် (၃၇၂)ပွဲ ပါဝင်ကစားထားပြီး (၃၄၂)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ် အသင်းဟာ လီဝန်ဒေါစကီး ကို စာချုပ်သက်တမ်းတိုးနိုင်အောင် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့ စီစဉ်နေပြီး မကြာခင် သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေတာပါ။
ဆာလီဟာမစ်ဇစ် က “လီဝန်ဒေါစကီးကို အလွန်တန်ဖိုးထားပြီး ပရိသတ်တွေကလည်း သူ့ကို ချစ်မြတ်နိုး ကြပါတယ်။ သူဟာ အသင်းမှာ ဝင်ငွေအများဆုံးရတဲ့ ကစားသမားပါ။ ကျနော်တို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အလား အလာနဲ့ ငွေကြေးဘယ်လောက်ရှိတယ်ဆိုတာကိုလည်း ကြည့်ရှုဖို့လိုပါတယ်။ ကျနော် လီဝန်နဲ့ စကားပြောခဲ့သလို သူ့အေးဂျင့်နဲ့လည်း စကားပြောခဲ့ပါတယ်။ သူ့မှာ (၂၀၂၃)အထိ စာချုပ်ရှိပါတယ်။ ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ အချိန်တိုင်းရှိပါတယ်။ ကျနော်တို့မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးရှိတဲ့အတွက် ဂုဏ်ယူရပါတယ်။ စာချုပ်သစ် အတွက် မညှိနှိုင်းရသေးပေမယ့် မကြာခင်မှာ ဒါကို လုပ်ဆောင်သွားပါမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
Source:TheSun
- By CNI
- Category: အားကစား
- Hits: 1009
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅
တိုင်ဆန်ဗျူရီနဲ့ အန်ဂါနူ တို့ဟာ လက်ဝှေ့နဲ့ UFC တို့ ပေါင်းစပ်ထားတဲ့ စည်းမျဉ်းများနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ သဘောတူထားတယ်လို့ ပြောလိုက်ပါတယ်။
တိုင်ဆန်ဗျူရီ ဟာ စနေနေ့ညပိုင်းက WBC ချန်ပီယံဆု ကာကွယ်တဲ့ပွဲစဉ်မှာ ဒီလီယန်ဝှိုက် ကို အလဲထိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တာပါ။တိုင်ဆန်ဗျူရီ ဟာ ဒီပွဲထိုးသတ်တဲ့ သီတင်းပတ်တစ်လျှောက်လုံး သူ့ရဲ့ နောက်ဆုံးပွဲလို့ ပြောခဲ့သလို ပွဲအပြီးမှာလည်း ဇနီးသည်ဖြစ်သူကို ကတိပေးထားတာကြောင့် ပရော်ဖက်ရှင် လက်ဝှေ့လောက ကနေအနားယူမယ်လို့ ထပ်မံပြောခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် တိုင်ဆန်ဗျူရီ ဟာ အမြတ် အစွန်းအများအပြားရမယ့်ပွဲအတွက် အန်ဂါနူနဲ့အတူ ကြိုးဝိုင်းထဲ ဝင်ရောက်ဖို့ ရှိနေခဲ့တာပါ။
သူတို့နှစ်ဦးစလုံးဟာ ESPN နဲ့ စကားပြောတဲ့အချိန်မှာ သူရုပ်ပြပွဲထိုးသတ်မယ့် အစီအစဉ်ကို အတည်ပြုခဲ့တာပါ။ တိုင်ဆန်ဗျုရီ က “ဒါဟာ ကျနော်တို့ အားကစားပွဲတွေမှာ အရင်က မြင်ခဲ့ဖူးသမျှနဲ့မတူဘဲ အလွန်ထူးခြား ကောင်းမွန်တဲ့ တိုက်ပွဲတစ်ပွဲဖြစ်လာမှာပါ။ဒီပွဲဖြစ်တဲ့အချိန်မှာ အလွန်ပေါက်ကွဲတဲ့ ပွဲဖြစ်လာမှာပါ”လို့ ပြောခဲ့ ပါတယ်။
အန်ဂါနူ ကတော့ “ဒါဟာ လက်ဝှေ့ကြိုးဝိုင်းထဲမှာ MMA လက်အိတ်တွေနဲ့ ထိုးသတ်ကြမှာဖြစ်ပြီး မတူညီတဲ့ စည်းမျဉ်းတွေကို ပေါင်းစပ်ကြမှာပါ။သေချာတာကတော့ (၂၀၂၃)မှာ ဒီထိုးသတ်ပွဲဖြစ်လာမှာပါ။ဒီနှစ်မကုန်ခင်မှာ ဒါကို ပြေလည်သွားအောင်လုပ်ဖို့ စီစဉ်ထားရမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
တိုင်ဆန်ဗျူရီ ဟာ လက်ဝှေ့လောက ကနေ ထွက်ခွာချင်တဲ့ သူ့ရဲ့ဆန္ဒတွေကို ထပ်မံပြောခဲ့ပေမယ့် အန်ဂါနူနဲ့ ထိုးသတ်မယ့် သရုပ်ပြပွဲလို ပွဲမျိုးတွေကိုတော့ ထိုးသတ်ဖို့ လမ်းဖွင့်ထားတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
"သရုပ်ပြပွဲတွေနဲ့ပတ်သက်ပြီး ကျနော်မငြင်းချင်ပါဘူး။အဲဒီမှာ မေဝယ်လ်သာ ရဲ့ ပိုက်ဆံတချို့ကိုယူချင်တယ်။ ပြီးရင် ပျော်ရွှင်ချင်ပါတယ်။ကျနော်ဟာ ဖျော်ဖြေရေးသမားဆိုတော့ ပျော်ရွှင်ချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အသက်(၃၃)နှစ်အရွယ်ရှိ တိုင်ဆန်ဗျူရီ ဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း(၃၃)ပွဲ ထိုး သတ်ခဲ့ပြီး (၃၂)ပွဲအနိုင်ရကာ (၁)ပွဲသရေကျခဲ့တာပါ။ဗြိတိန်လက်ဝှေ့သမားဟာ IBF,WBO,WBAနဲ့ WBC စတဲ့ အဓိက ချန်ပီယံဆု(၄)ခုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 833
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅
ရီးရယ်လ် အသင်းဟာ ဘာစီလိုနာအသင်းက ဗယ်လ်လက်ကာနို အသင်းကို အရေးနိမ့်ခဲ့တာကြောင့် လက်ကျန် လာလီဂါ ပွဲစဉ်တွေမှာ ရမှတ်(၁)မှတ်ရတာနဲ့ အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်တော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ နူးကမ့်ပ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဗယ်လ်လက်ကာနို အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ ဘာစီလိုနာ အသင်းဟာ ဒီပွဲ အပါအဝင် နူးကမ့်ပ်မှာ ကစားခဲ့တဲ့ နောက်ဆုံးပြိုင်ပွဲ (၃)ပွဲဆက် အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါ တယ်။
စပိန်ကလပ်အတွက်တော့ တစ်ရာသီအတွင်း အခုလို ရှုံးပွဲကြုံတွေ့တာဟာ ပထမဆုံးအကြိမ် ဖြစ်ခဲ့တယ်လို့လည်း အချက် အလက်တွေအရ သိရပါတယ်။ ဘာစီလိုနာ အသင်းဟာ အရင်ကလည်း အိမ်ကွင်း(၃)ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ဖူးပေမယ့် အဲ့ဒီ တုန်းကတော့ (၁၉၉၇-၉၈) ရာသီအကုန်နဲ့ (၁၉၉၈-၉၉) ရာသီအစမှာ ကြုံတွေ့ခဲ့ရတာပါ။
ဘာစီလိုနာ အသင်းဟာ ဗယ်လ်လက်ကာနို အသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် တတိယနေရာက ဆီဗီလာ အသင်းနဲ့ ရမှတ် တူညီသွားခဲ့ပြီး ထိပ်ဆုံးနေရာက ရီးရယ်လ် အသင်းနဲ့ ၁၅ မှတ် ကွာဟသွားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရီးရယ်လ် အသင်း ဟာ စနေနေ့မှာ ကစားမယ့် အက်စပန်ညို အသင်းနဲ့ လာလီဂါ ပွဲစဉ်မှာ အရေးမနိမ့်ခဲ့ဘူးဆိုရင် လာလီဂါချန်ပီယံဆုကို စံချိန် တင် (၃၅)ကြိမ် မြောက်အဖြစ် ရယူနိုင်တော့မှာပါ။
ဘာစီလိုနာဘက်ကို ဗယ်လ်လက်ကာနိုအသင်းက ဂိုးသွင်းပြီးအောင်ပွဲခံနေစဉ်(FotMob)
ဇာဗီကတော့ ဘာစီလိုနာ အသင်းဟာ ဒီပွဲမှာ အနည်းဆုံး ၁ မှတ်ရသင့်ပေမယ့် နှေးကွေးစွာ စတင်ခဲ့တာကြောင့် ရှုံးပွဲကြုံတွေ့ ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
“ကျနော်တို့ ဒီရလဒ်ထက်ပိုပြီး ထိုက်တန်ပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ ကိုယ်တိုင် မဟုတ်တာတော့ အမှန်ပါပဲ၊ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ တိုးတက်လာခဲ့ပါတယ်။ ကျနော်တို့ဟာ ကာဒစ်ဇ် အသင်းနဲ့ ကစားခဲ့ရတဲ့ပွဲနဲ့ ပုံစံချင်းတူတာကို ကစားခဲ့ ရတာပါ။ တခြားအသင်းတွေက သူတို့ဘဝအတွက် ကစားနေကြတာဖြစ်ပြီး ကျနော်တို့ဟာ ပြိုင်ဘက်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီဖို့ လိုပါတယ်”လို့ ပြောခဲ့တာပါ။
ဘာစီလိုနာ အသင်းဟာ ဒီပွဲမှာ ဗယ်လ်လက်ကာနို အသင်းကို ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော် ဂိုးပေါက် ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှု အများအပြား ပြုလုပ်နိုင်ခဲ့ပေမယ့် သွင်းဂိုး မရယူနိုင်ခဲ့တာပါ။ ပြိုင်ဘက် အသင်းကတော့ ဂိုးပေါက်တည့်မှု (၁)ကြိမ်တည်းနဲ့ ဂိုးအဖြစ် ပြောင်းလဲခဲ့ပြီး အနိုင် ၃ မှတ် ရယူသွားခဲ့တာ ဖြစ်ပါတယ်။
Source: BBC/Daily Mail
- By CNI News
- Category: အားကစား
- Hits: 912
- By CNI
- Category: အားကစား
- Hits: 779
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃
လီဗာပူးလ် အသင်းနည်းပြ ကလောပ့် က အသင်းအနေနဲ့ ဆုဖလား(၄)လုံးအောင်မြင်မှုကိုရယူနိုင်ဖို့အတွက် ဘယ်တုန်းကမှ မမျှော်လင့်ထားဘူးလို့ ပြောလိုက်ပါတယ်။
လီဗာပူးလ် အသင်းဟာ တစ်ရာသီအတွင်း ဆုဖလား(၄)လုံး ကိုင်မြှောက်နိုင်တဲ့ ပထမဆုံး အင်္ဂလန်ဘောလုံး အသင်း ဖြစ်လာနိုင်ဖို့ အခွင့်အရေးတွေရှိနေတာပါ။လီဗာပူးလ် အသင်းဟာ ကာရာဘောင်းဖလားကို ရယူထားပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီး အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ဒါ့အပြင် မာဆေးဆိုဒ်ကလပ် ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ထိပ်ဆုံးနေရာက မန်စီးတီး အသင်းနဲ့ (၁)မှတ်အကွာ၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲကို ရောက်ရှိနေတာဖြစ်ပါတယ်။
ကလောပ့် က “ဒါဟာ ကျနော်တို့ မမျှော်လင့်ထားတဲ့ အခြေအနေဖြစ်ပြီး ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မရောက်ဖူးပါဘူး။ဒါက မယုံကြည်နိုင်လောက်အောင်ခက်ခဲပါတယ်။ကျနော်တို့ အချိန်တိုင်း တော်တော်လေး ကောင်းမွန်အောင် ကစားခဲ့ရပါတယ်။လိဂ်ဖလားရဖို့လည်း ကျနော်တို့ မမျှော်လင့်ခဲ့တာပါ။အခု အက်ဖ်အေဖလား ဗိုလ်လုပွဲ၊ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲနဲ့ ပရီးမီးယားလိဂ်မှာ (၁)မှတ်သာ ကွာဟနေဖို့ကို တကယ်ကို မမျှော်လင့် ခဲ့တာပါ။ဒီအခြေအနေကို ကျနော်သဘောကျပါတယ်။ကျနော်တို့ သိထားတဲ့အရာက အခုထိ ဘာမှမအာင်မြင် သေးဘူးဆိုတာပါပဲ”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ မန်စီးတီး အသင်းနဲ့ (၁၄)မှတ်အကွာကနေ (၁)မှတ်သာ ကွဟတော့တဲ့အထိ ဒုတိယရာသီဝက်မှာ အံအားသင့်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ဒါနဲ့ ပတ်သက်ပြီး ကလောပ့် က “ကောင်လေးတွေလုပ်ခဲ့တဲ့အရာက တကယ်ကိုထူးခြားနေခဲ့ပါတယ်။ကျနော်တို့ ပိုကောင်းလာမယ် ဆိုတာကို သိပါတယ်။ဒါပေမယ့် ကျနော်တို့ ဒီလိုအနေအထားမျိုးရောက်လာမယ်ဆိုတာတော့ မတွေးခဲ့ပါဘူး”လို့ ပြောခဲ့တာပါ။
လီဗာပူးလ် အသင်းဟာ တနင်္ဂနွေနေ့မှာ မာဆေးဆိုဒ်ဒါဘီ ပွဲစဉ်အဖြစ် အဲဗာတန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။အဲဗာတန် အသင်းဟာ တန်းဆင်းဇုန်အထက်(၁)မှတ်အကွာနဲ့ ရပ်တည်နေပြီး တန်းမဆင်းရဖို့အတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 678
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃
ချယ်လ်ဆီး အသင်းမှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေရဲ့ အစိတ်အပိုင်းဖြစ်ဖို့က အိပ်မက်ပဲလို့ ဟာမီလ်တန် က ပြောလိုက်ပါတယ်။ဟာမီလ်တန် ဟာ ချယ်လ်ဆီး ကို ဝယ်ယူဖို့ ကမ်းလှမ်းထားတဲ့ ဆာမာတင်ဘရော်တန်ရဲ့ အစုအဖွဲ့ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။
ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို (၇)ကြိမ်ရရှိထားတဲ့ ဟာမီလ်တန် ဟာ နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလျံနဲ့အတူ ချယ်လ်ဆီး ကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှုမှာ ရင်းနှီးမြုပ်နှံဖို့ ကတိပြုထားကြတာပါ။
ဟာမီလ်တန် က “ချယ်လ်ဆီး အသင်းဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး အသင်းတွေထဲက တစ်သင်းပါ။ဒီလို အခွင့်အရေးအကြောင်းကို ကြားသိရချိန်မှာ အံ့သြသွားခဲ့ပါတယ်။ဒါဟာ အလွန်ကြီးကျယ်တဲ့ အရာတစ်ခုရဲ့ ကြီးမားတဲ့အစိတ်အပိုင်းဖြစ်ဖို့ အခွင့်အရေးကောင်းပါပဲ။ဆာမာတင် က ကျနော်နဲ့ ဖုန်းပြောခဲ့ပြီး သူ့ရဲ့ ရည်မှန်းချက်တွေကို ရှင်းပြခဲ့ပါတယ်။ ဒါဟာ မယုံနိုင်စရာကောင်းလောက်အောင် စိတ်လှုပ်ရှားဖို့ကောင်း တယ်”လို့ ပြောခဲ့ပါတယ်။
ဘရော်တန်လုပ်ငန်းစုမှာ ကမ္ဘာ့ပြေးခုန်ပစ် ဥက္ကဌနဲ့ ချယ်လ်ဆီး ပရိသတ် လောဒ့်ကိုးလည်း ပါဝင်ပြီး လန်ဒန် ကလပ်ကို ပေါင်(၂.၅)ဘီလီယံနဲ့ ဝယ်ယူဖို့ ပြိုင်ဆိုင်နေတဲ့ အဖွဲ့(၃)ဖွဲ့ထဲက တစ်ဖွဲ့လည်း ဖြစ်တာပါ။ ချယ်လ်ဆီး အသင်းဟာ ပိုင်ရှင် အေဘရာမိုဗစ်ချ် ဒဏ်ခတ်ပိတ်ဆို့ခံရပြီးကတည်းက ဗြိတိန်အစိုးရက ချမှတ်ထားတဲ့ အထူး လိုင်စင်နဲ့ လည်ပတ်နေရတာပါ။ဟာမီလ်တန် ဟာ အာဆင်နယ် ပရိသတ်ဖြစ်ပေမယ့် ချယ်လ်ဆီး ကို ဝယ်ယူမှုမှာ ပါဝင်နေလို့ ဝေဖန်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဟာမီလ်တန် က “ကျနော်ဟာ ကလေးဘဝကတည်းက ဘောလုံးပရိသတ်ဖြစ်ခဲ့တာပါ။ကျောင်းအသင်းမှာလည်း နှစ်တိုင်းကစားခဲ့ပြီး ဂိမ်းပေါင်းများစွာလည်း ကစားခဲ့ဖူးပါတယ်။ကျနော့် အစ်မက ကျနော့်ကို လက်သီးနဲ့ထိုးပြီး အာဆင်နယ်အသင်းကို အားပေးရမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ကျနော်လည်း အာဆင်နယ် ပရိသတ်ဖြစ်လာခဲ့ပါတယ်။ ကျနော့်ဦးလေးကတော့ ချယ်လ်ဆီး အမာခံပရိသတ်ဖြစ်ပြီး အာဆင်နယ်နဲ့ ချယ်လ်ဆီး ကစားခဲ့တဲ့ပွဲကို သူနဲ့အများကြီးကြည့်ခဲ့ဖူးပါတယ်”လို့ ပြောခဲ့ပါတယ်။
Source:BBC