CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉

မန်စီးတီးအသင်း ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ ကနေဒါရက်ပ် အဆိုတော် Darke ရဲ့ သီချင်းသစ် Wick Man မှာ သီချင်းပူးတွဲ ရေးသားသူအဖြစ် ဖော်ပြခြင်း ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ငြင်းဆန်လိုက်ပါတယ်။

Darke ရဲ့ သီချင်းအသစ်ဟာ သောကြာနေ့က ထွက်ရှိခဲ့တာဖြစ်ပြီး သီချင်းရေးသားသူတွေထဲက တစ်ဦးအဖြစ် ဒီဘရိုင်းရဲ့နာမည်ကို ဖော်ပြထားတာပါ။ 

ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားဟာ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ဂီတဘက်ကို ပြောင်းပြီး လုပ်ကိုင်နေတယ်လို့ ဘောလုံးပရိသတ်တွေက ထင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီဘရိုင်းကတော့ သူဟာ Darke ကို အကူအညီမပေးခဲ့ဘူးလို့ ဖြေရှင်းချက်ပေးခဲ့ရတာပါ။

ဒီဘရိုင်းဟာ အခုရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘန်လေအသင်းနဲ့ ပွဲမှာရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူထားရပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ပြုလုပ်နေရပါတယ်။ 

အသက် ၃၂ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် ပါဝင်ကစားထားတဲ့ အချိန်အတွင်း ဂိုးဖန်တီးမှု ၁၅၃ ဂိုး ပြုလုပ်ထားပြီး ဒီထဲက ပရီးမီးယားလိဂ်မှာ ၁၀၂ ဂိုး ဖန်တီးထားတာပါ။

အဲ့ဒါကြောင့် ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးဖန်တီးမှု အများဆုံး ပြုလုပ်ထားတဲ့ စာရင်းရဲ့ နံပတ် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဘယ်လ်ဂျီယံ ကစားသမားရဲ့ ဂိုးဖန်တီးမှုတွေကြောင့် ပြီးခဲ့တဲ့ရာသီက တိုက်စစ်မှူး ဟာလန်းဟာ ဂိုးအများအပြား သွင်းယူနိုင်ခဲ့သလို မန်စီးတီးအသင်းကလည်း ချန်ပီယံလိဂ် အပါအဝင် ဆုဖလား ၃ လုံးကို ရယူနိုင်ခဲ့တာပါ။

မန်စီးတီးအသင်းကတော့ ဒီဘရိုင်းကို အသင်းအတွက် အမြန်ဆုံး ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ဦးဆောင်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လည်း ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Source: CAN