CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃

ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမားဟောင်း ရာဖေးလ်နာဒယ်လ်ဟာ ဇန်နဝါရီလမှာ ကျင်းပမယ့် သြစတြေးလျ အိုးပန်းပြိုင်ပွဲမတိုင်ခင် ဘရစ်စဘိန်းပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်သွားမယ်လို့ ပြောလိုက်ပါတယ်။

ရာဖေးလ်နာဒယ်လ်က “ပြိုင်ပွဲနဲ့ တစ်နှစ်ကျော်ကြာ ဝေးကွာပြီးနောက် ပြန်လာရမယ့် အချိန်ရောက်ပါပြီ။ ဇန်နဝါရီ ပထမအပတ်မှာ ယှဉ်ပြိုင်မယ့် ဘရစ်စဘိန်းမှာ ရှိပါမယ်၊ ဒီပြိုင်ပွဲမှာ တွေ့ကြမယ်”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်မှာ ပြောထားပါတယ်။

ဂရမ်းဆလမ်းချန်ပီယံဆု ၂၂ ကြိမ် ရရှိထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ တင်ပါးဆုံဒဏ်ရာကြောင့် အခုနှစ် သြစတြးလျ အိုးပန်းပြိုင်ပွဲရဲ့ ဒုတိယအဆင့်ကနေ နုတ်ထွက်ပြီးကတည်းက ဘယ်ပြိုင်ပွဲမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့ပါဘူး။ 

အစောပိုင်းက ရာဖေးလ်နာဒယ်လ်ဟာ ဒဏ်ရာကြောင့် ၈ ပတ်ကြာ အနားယူရဖွယ်ရှိတယ်လို့ မျှော်လင့်ထား ကြပေမယ့် ဇွန်လမှာ တင်ပါးကြွက်သားကို ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့လက သြစတြေးလျအိုးပန်း ဒါရိုက်တာက ရာဖေးလ်နာဒယ်လ်ဟာ ၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး ဂရမ်းဆလမ်း ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ အတည်ပြုထားတာပါ။

ရာဖေးလ်နာဒယ်လ်ဟာ ဒဏ်ရာတွေကြောင့် အခုနှစ် အစောပိုင်းက ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၁၀၀ ပြင်ပကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့ပြီး အခုအချိန်မှာ ကမ္ဘာ့အဆင့် ၆၆၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ရာဖေးလ်နာဒယ်လ်ဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။ 

စပိန်တင်းနစ်သမားဟာ နိုင်ငံအသင်းအတွက် ကိုယ်စားပြုပြီး ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ချင်သလို ပြင်သစ် အိုးပန်းပြိုင်ပွဲမှာလည်း ပါဝင် ကစားချင်သေးတယ်လို့ ပြောထားခဲ့ပါတယ်။

ဘရစ်စဘိန်းပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်ကနေ ဇန်နဝါရီ ၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး သြစတြေးလျ အိုးပန်း ပြိုင်ပွဲကိုတော့ ဇန်နဝါရီ ၁၄ ရက်နေ ၂၈ ရက်အထိ ကျင်းပသွားမှာပါ။ ရာဖေးလ်နာဒယ်လ်ဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ 

Source: CNA