CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၃

စပိန်နာမည်ကြီး တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်လ် ဟာ နံရိုးကျိုးတဲ့ဒဏ်ရာကြောင့် (၄)ပတ်ကနေ (၆)ပတ်ကြာအထိ အနားယူရမှာဖြစ်တယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

ရာဖေးလ်နာဒယ်လ် ဟာ စပိန်တင်းနစ်ကစားသမား အယ်လ်ကာရေ့စ် ကို အနိုင်ရခဲ့တဲ့ အင်ဒီးယန်းဝဲလ် အကြို ဗိုလ်လုပွဲမှာ ဒဏ်ရာရရှိခဲ့တာပါ။ ဂရမ်းဆလမ်းချန်ပီယံဆုကို (၂၁)ကြိမ် ရရှိထားတဲ့ ရာဖေးလ်နာဒယ်လ် ဟာ တေလာဖရစ်ဇ် ကို အရေးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲမှာ မူးဝေတဲ့ဝေဒနာကို ခံစားရပြီး အသက်ရှုကြပ်ကာ နာကျင်နေတယ် လို့ ပြောခဲ့ပါတယ်။ အသက်(၃၅)နှစ်အရွယ်ရှိ နာဒယ်လ် ဟာ ဒဏ်ရာကြောင့် လာမယ့်လမှာကစားမယ့် မွန်တီကာလိုနဲ့ ဘာစီလိုနာ မြေစေးကွင်း(၂)ပွဲကို လွဲချော်တော့မှာပါ။

ဒါပေမယ့် မေလမှာ ကစားရမယ့် ပြင်သစ်အိုးပန်းပြိုင်ပွဲမှာတော့ ရာဖေးလ်နာဒယ်လ် ဟာ ပြန်လည်ကစားနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။စပိန်ကစားသမားဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို စံချိန်တင်(၁၃)ကြိမ် ရရှိထား တာပါ။ ရာဖေးလ်နာဒယ်လ် ဟာ အင်ဒီးယန်းဝဲလ်ပြိုင်ပွဲကစားအပြီးမှာ စပိန်နိုင်ငံကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်လ် က “ဗိုလ်လုပွဲမှာ အဆင်မပြေမှုတွေနဲ့ ကစားခဲ့ရပြီးနောက် ဆေးစစ်မှုတွေပြုလုပ်ဖို့ ချက်ချင်းပဲ ကျနော့်ရဲ့ ဆေးအဖွဲ့ဆီကို သွားရောက်ခဲ့ရပါတယ်။ ကျနော့်နံရိုးမှာ ပြဿနာဖြစ်နေပါတယ်။ ဒါဟာ သတင်း ကောင်းမဟုတ်သလို ကျနော်မျှော်လင့်ထားတဲ့ အရာလည်းမဟုတ်ပါဘူး”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသား ခဲ့တာဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်လ် ဟာ အခုနှစ်အစပိုင်းကတည်းက အကောင်းဆုံးပုံစံတွေပြသနေခဲ့ပြီး ရာသီအစ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ တေလာဖရစ်ဇ် ကို အရေးနိမ့်တဲ့ ပွဲကတော့ ဒီရာသီမှာ သူ့ရဲ့ ပထမဆုံး ရှုံးပွဲဖြစ်ပြီး ပွဲ(၂၀)နိုင်ပွဲဆက်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုလည်း ရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။

Source:BBC