CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

စပိန်နာမည်ကျော် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်လ်ဟာ အမေရိကန်အိုးပန်း စတုတ္ထအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် ဘယ်အချိန်မှာ ပြန်လည် ကစားနိုင်မလဲဆိုတာ မသိဘူးလို့ ပြောလိုက်ပါတယ်။

ရာဖေးလ်နာဒယ်လ်က “ ကျနော်ပြန်သွားဖို့လိုပါတယ်။ ဘဝ အပါအဝင် အရာရာကို ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ရမှာ ဖြစ်တာကြောင့် ဘယ်အချိန်မှာ ဒီကိုပြန်လာနိုင်မလဲဆိုတာ ကျနော်မသိပါဘူး။ ကျနော် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်အောင် ကြိုးစားရပါမယ်။ နောက်တစ်ကြိမ် ပြန်ကစားဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ခံစားမိရင်တော့ ကျနော်အဲ့ဒီနေရာမှာ ရောက်ရှိနေမှာပါ”လို့ ပြောခဲ့ပါတယ်။

ရာဖေးလ်နာဒယ်လ်ဟာ စတုတ္ထအဆင့်မှာ အမေရိကန်တင်းနစ်သမား တီယာဖိုးကို ၄-၆၊ ၆-၄၊ ၄-၆၊ ၃-၆ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီရှုံးပွဲဟာ နာဒယ်လ် အတွက်တော့ ၂၀၂၂ ဂရမ်းဆလမ်းပြိုင်ပွဲမှာ ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ ရှုံးပွဲလည်း ဖြစ်ပါ တယ်။

ရာဖေးလ်နာဒယ်လ်နဲ့ တီယာဖိုးကို တွေ့ရစဉ် (CBS Sport)

နာဒယ်လ်ဟာ အခုနှစ် ကျင်းပခဲ့တဲ့ ဂရမ်းဆလမ်းပြိုင်ပွဲတွေထဲမှာ သြစတြေးလျအိုးပန်းနဲ့ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ဗိုလ်စွဲထားပြီး ဂရမ်းဆလမ်းဆုဖလား ၂၂ ကြိမ်အထိ ရယူထားနိုင်တာ ဖြစ်ပါတယ်။

နာဒယ်လ်ကို အနိုင်ရခဲ့တဲ့ တီယာဖိုးကတော့ “ ဒီနေ့ကတော့ ထူးထူးခြားခြား အရာတစ်ခု ဖြစ်သွားခဲ့တာပါ။ ကျနော် ဘာပြောရမလဲဆိုတာ မသိပါဘူး။ ကျနော် အလွန်ပျော်ရွှင်နေပါတယ်။ သူက အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမား တွေထဲက တစ်ယောက်ဖြစ်ပြီး မယုံနိုင်လောက်အောင်ကို ကစားခဲ့ရတာပါ”လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

တီယာဖိုးဟာ အမေရိကန်အိုးပန်း ကွာတားဖိုင်နယ်အဆင့်မှာ ရုရှားတင်းနစ်သမား ရူဘလက်ဗ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရာဖေးလ်နာဒယ်လ်ဟာ တင်းနစ်ပြိုင်ပွဲတွေ ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲဆိုတာ မသိဘူးလို့ ပြောထားပေမယ့် လန်ဒန်မှာ စက်တင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ Laver Cup ပြိုင်ပွဲမှာ ပါဝင်ဖို့ ရှိနေပါတယ်။

ဒီပြိုင်ပွဲမှာတော့ နာဒယ်လ်အပြင် တင်းနစ်လောကရဲ့ နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ ရော်ဂျာဖက်ဒဲရား၊ ဂျိုကိုဗစ်နဲ့ အန်ဒီမာရေးတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

Source: BBC