CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၃

အီဘရာဟီမိုဗစ် ဟာ ကစားသမားဘဝကနေ သူ အနားယူဖို့ တွေးလိုက်ချိန်တိုင်း ထိတ်လန့်မိသွားတယ်လို့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။
အသက်(၄၀)အရွယ်ရှိ အီဘရာဟီမိုဗစ် ဟာ အခုနွေရာသီမှာ ကစားသမားဘဝက အနားယူဖို့ မမျှော်လင့်ထားဘဲ အေစီမီလန် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတာပါ။ ဒါပေမယ့် သူ့ရဲ့ ကစားသမားဘဝ အနားယူရတော့မယ့် နေရက်ရောက်လာတော့မှာကို သတိပြုမိတယ်လို့လည်း ပြောခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ် က “အနားယူရမယ့် အလားအလာအတွက် ကျနော် အနည်းငယ်ထိတ်လန့်မိပါတယ်။ ရလဒ်တွေ ရနိုင်ပြီး ဒုက္ခမပေးဘူးဆိုရင်တော့ အတတ်နိုင်ဆုံး ဆက်ပြီး ကစားသွားမယ်ဆိုတာ သေချာပါတယ်။ ဘာနောင်တမှ မရဘဲ ကစားသမားဘဝကို ကုန်ဆုံးချင်ပါတယ်။ ဒါကြောင့် ကျနော့်ရဲ့အချိန်တွေကို အမြင့်ဆုံးဖြစ်အောင် လုပ်ရ မယ်”လို့ ပြောခဲ့တာပါ။

အီဘရာဟီမိုဗစ် ဟာ ချက်အသင်းနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် ပွဲစဉ်အတွက် လက်ရှိအချိန် မှာ ဆွီဒင်လက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ် က “ကျနော် ဟာ နိုးထပြီး လေ့ကျင့်ခန်းသွားမယ်၊ ပြီးရင် အိမ်ပြန်မယ် အနားယူမယ်ဆိုပြီး အစီ အစဉ်တွေဆွဲထားပါတယ်။ ဒါဟာ အနှစ်(၂၀)ကနေ (၂၅)နှစ်လောက်ရှိပြီဖြစ်ပေမယ့် တစ်နေ့ကျရင်တော့ နိုးထလာ ပြီး ဘာအစီအစဉ်မှ မရှိတာကိုတွေ့ရမှာပါ။ ဒါက တကယ်ကို ထူးဆန်းနေပါလိမ့်မယ်။ ခင်ဗျားတို့အနေနဲ့ ကျနော် ကစားတာကို မကြည့်ရတဲ့အခါမှာ အကြီးအကျယ်ဆုံး ဝမ်းနည်းမှုက ခင်ဗျားတို့အတွက်ပဲဖြစ်မယ်ထင်ပါတယ်” လို့လည်း ပြောခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ် ဟာ ဒဏ်ရာတွေကြောင့် ဒီရာသီမှာ အေစီမီလန်အသင်းအတွက် စီးရီးအေပြိုင်ပွဲမှာ (၁၈)ပွဲပါဝင် ကစားထားပြီး (၈)ဂိုးသွင်းယူထားတာပါ။ ဒါပေမယ့် အီဘရာဟီမိုဗစ် ဟာ ကလပ်အသင်းအတွက် နောက်ဆုံး ကစားခဲ့တဲ့ (၄)ပွဲလုံး လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။

Source:Goal