CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၃

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက မိမိရဲ့ နေအိမ်ဖောက်ထွင်းခံရမှုမှာ ကမ္ဘာ့ဖလားဆုတံဆိပ် ခိုးယူခံလိုက်ရတယ်လို့ ပြောလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အသလက်တီကိုအသင်းတို့ ချန်ပီယံလိဂ်ပွဲစဉ် အနေနဲ့ကစားနေတဲ့အချိန်မှာ ပေါ့ဘာရဲ့ နေအိမ် ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး သူ့မိသားစုအတွက် အဆိုးရွားဆုံး အိမ်မက်ဆိုးဖြစ်တယ်လို့ ပေါ့ဘာက ပြောပါတယ်။

အဲဒီအချိန် အိမ်ထဲမှာ သူ့ကလေး(၂)ဦးနဲ့ ကလေးထိန်းတို့ပဲ ရှိတာဖြစ်ပါတယ်။ အဓိက ကတော့ သူ့ကလေးတွေ ကောင်းကောင်းမွန်မွန် ရှိနေဖို့ပါပဲလို့ ပေါ့ဘာက ပြောခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းက ခရိုအေးရှား အသင်းကို အနိုင်ရပြီး ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ပေါ့ဘာ ဟာ အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာက “ကျနော့် အမေရဲ့ လက်ဝတ်ရတနာတွေ၊ ကျနော့်ရဲ့ ကမ္ဘာ့ဖလားဆုတံဆိပ်လည်း ခိုးယူခံလိုက်ရပါတယ်။ ကျနော် အကြောက်ဆုံးကတော့ ဒီဖြစ်ရပ်ဖြစ်နေချိန် အိမ်မှာ ကျနော့်ကလေး(၂)ဦးနဲ့ ကလေးထိန်းပဲ ရှိတာပါ။ သူက အရာအားလုံးကို ကြားနေရပြီး ကျနော့်ဇနီးနဲ့ လုံခြုံရေးတွေကို ဖုန်းခေါ်ဆိုခဲ့ပါတယ်။ ပြီးတော့ သူဟာ ကလေး(၂)ဦးနဲ့အတူ အခန်းကို လော့ခ်ချ ပြီး နေခဲ့ပါတယ်။ ရက်အတော်ကြာတဲ့အထိ သူမ တုန်လှုပ်နေပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာမိသားစုကို တွေ့ရစဉ်(India Today)

ပေါ့ဘာဟာ ၂၀၁၆ က ဂျူဗင်တပ်စ် အသင်းကနေ ပေါင် ၈၉ သန်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လည် ပြောင်းရွှေ့လာခဲ့တာပါ။ ပေါ့ဘာနဲ့ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အခုအထိ စာချုပ်သစ်အတွက် သဘောတူညီမှု မရသေးတာကြောင့် ပေါ့ဘာဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မန်ချက်စတာယူ နိုက်တက် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ လက်ရှိအချိန်မှာ အိုင်ဗရီကို့စ်၊ တောင်အာဖရိက တို့နဲ့ ခြေစမ်းမယ့် ပြင်သစ်လက်ရွေးစင်နဲ့ အတူ ရှိနေတာပါ။

Source: BBC